အပိုင်း ၆၅
Viewers 22k

Chapter 65




တိယွင်ယွီက နှလုံးကြေကွဲဖွယ် အသံ၏ အစကို ရှာဖွေရန်အတွက် စိတ်ဖြင့်အာရုံခံရန်ပြင်လိုက်သည်။


"လျိုရှန့်လေး...ကမ္ဘာကြီးက အဝါရောင်ပြောင်းတဲ့ သုံးလေးနှစ်မှာ...မိခင်လည်းမရှိပါ..."


"အဖေ့နောက်လိုက်ရတာ...ဘဝက မလွယ်ကူပါ..."


"လျိုရှန့်လေး...မျက်ရည်များပြည့်လာ..."


ညနက်ချိန် အင်ပါယာနန်းတော်တွင် မီးများပွင့်လာသည်။လူများက အခန်းကိုယ်စီမှ အံသြလျက် ထွက်လာကြသည်။


သွယ်လျသောပုံရိပ်လေးတစ်ခုက ဧကရာဇ် အိပ်ဆောင်၏ တံစက်မြိတ်တစ်နေရာတွင် အာ့ဟူကိုပိုက်၍ မရပ်မနားတီးခတ်နေသည်။


လှပသော မျက်လုံးမျက်ခုံးများက အောက်ချထားသည်။မှိန်ဖျော့သော လရောင်က သူ့ကို လွှမ်းခြုံလျက်ရှိသည်။အဆုံးမရှိသော အထီးကျန်မှုကို ဖော်ပြနေသည်။


"မင်းသားလေးရှန်း မဟုတ်ဘူးလား...ဘာတွေဖြစ်လို့လဲ မသိဘူး..."


"မင်းသားလေးရှန်းကို ကြည့်ရတာ သီချင်းဆိုရင်း ငိုတော့မဲ့ပုံနဲ့...ငါ မသက်မသာ ခံစားရတယ်..."


" မင်းသားလေးရှန်းက ကလေးဘဝထဲက အမေမရှိတော့ဘူးလို့ ကြားတယ်...မိသားစု မရှိပဲ ကြီးပြင်းလာရတာ သနားဖို့ကောင်းလိုက်တာ..."


" မင်းသားလေးရှန်းအတွက် နန်းတော်ကို ပြန်လာရတာက အိမ်ပြန်လာရသလိုပဲ နေမှာ...ဒါမဲ့ ငါတို့တွေ ခုနစ်နှစ်လုံး ဘာလုပ်ခဲ့လဲ...ငါတို့အားလုံး သူ့ကို ဖယ်ကြဥ်ထားကြတယ်..."


ရှန်းလျိုရှန့် တီးခတ်နေသည်နှင့် အနီးဆုံးတွင်ရှိသော တိယွင်ယွီမှာ အခန်းထဲတွင် တစ်ယောက်တည်းထိုင်နေလျက် မျက်နှာအမူအရာမျိုးစုံ ပြောင်းလဲနေသည်။ အံသြခြင်းမှ မယုံနိုင်မှုသို့၊ နောက်ဆုံးတွင် နဖူးကို လက်ဖြင့်အုပ်ကာ ညင်ညင်သာသာ ရယ်မောလိုက်သည်။


သူ ဝင်ရောက် မနှောင့်ယှက်ခဲ့ပေ။


ဧကရာဇ်က မတားသဖြင့် မည်သူမှ မနှောင့်ယှက်ရဲပေ။ ထိုကြောင့် ရှန်းလျိုရှန့်က ဝမ်းနည်းဖွယ်ကောင်းသော အာ့ဟူကို တစ်ညလုံး တီးခတ်ခဲ့သည်။


မနက်ခင်းတွင် ဧကရာဇ်ယွင်ယွီက ရှန်းလျိုရှန်ထံသို့ တစ်စုံတစ်ယောက်ကို လွှတ်ကာ လည်ချောင်းရှင်းဆေး ပေးစေ၍ အမှာတော် ပါးလိုက်သည်။


"နားထောင်လို့ ကောင်းတယ်...ဒီညလည်း ထပ်တီးနိုင်ပါတယ်..."


ရှန်းလျိုရှန့် "....."


သူနားလည်သွားပြီ...ဧကရာဇ်ယွင်ယွီရဲ့ နှလုံးသားက သံနဲ့ လုပ်ထားတာပဲ...


သူ လည်ချောင်းရှင်းဆေး သောက်လိုက်ပြီးနောက် နန်းတွင်းသူလေး ရှိနေသေးကြောင်းသတိထားမိသွားသည်။သူက အက်ကွဲနေသော အသံဖြင့်မေးလိုက်သည်။


"ကိစ္စတစ်ခုခု ရှိသေးလား..."


သူမက တုံ့ဆိုင်းနေကာ ဝိဉာာဥ်ကျောက်တုံး နှစ်တုံးကို ထုတ်ယူလိုက်သည်။


"ဧကရာဇ်က မင်းသားလေးကို ဆုချီးမြှင့်လိုက်ပါတယ်..."

ထိုတစ်ခဏတွင် အချို့သော အရာများက မပြောင်းလဲနိုင်ဟု ရှန်းလျိုရှန့် ခံစားလိုက်ရသည်။


သူ နောက်ထပ် စိန်မခေါ်တော့ရန် ဆုံးဖြတ်လိုက်သည်။


ပထမဆုံးအနေနှင့် သူ အနိုင်မယူနိုင်ပေ။ ဒုတိယအနေနှင့် နတ်ဆိုးနယ်မြေကို မသွားမီ နှစ်ရက် သုံးရက်သာ သည်းခံရန်လိုသည်။ ထိုအချိန်သို့ရောက်လျှင် ကျောက်စိမ်းပြားက သိပ်အရေးမကြီးတော့ပေ။


အရှုံးပေးသည်ဟု ပြောသော်လည်း စိတ်ထဲတွင် မကျေနပ်နိုင်ပေ။ သူ ဝိညာဉ်ကျောက်တုံး နှစ်တုံးကို ကိုင်ကာ အနည်းငယ် ယားယံလာသကဲ့သို့ပင် ခံစားရသည်။


.....


နတ်ဆိုးနယ်မြေသို့ ထွက်ခွာရန် နီးကပ်လာလေ၏။ ညအချိန်၌ ရှန်းလျိုရှန့် အိပ်ဆောင်သို့ ပြန်လာသောအခါ ရှုရှင်းလျန်တစ်ယောက်တည်း နားနေဆောင်တွင် ထိုင်နေသည်ကို တွေ့လိုက်ရသည်။ သူမ၏ မျက်နှာမှာ အနည်းငယ်ဖျော့တော့နေသည်။


ရှန်းလျိုရှန့်၏ မျက်ခုံးများ အနည်းငယ်တွန့်ချိုးသွားသည်။ဧကရာဇ်ယွင်ယွီက ရှုရှင်းလျန်အား နတ်ဆိုးနယ်မြေသို့ မသွားရန် ပြတ်ပြတ်သာသားပြောထားသည်။ မည်သူမျှ သူ့ကို မဖြောင်းဖျနိုင်ချေ။


"နတ်ဆိုးနယ်မြေက အန္တရာယ်တွေနဲ့ ပြည့်နေတာ...ဘာမှ ပျော်စရာရှိမှာ မဟုတ်ဘူး..."

ရှန်းလျိုရှန့်က ရှုရှင်းလျန်ကို လိမ္မော်သီးတစ်လုံး ကမ်းပေးလိုက်သည်။


"အစ်ကိုတော် ပြန်ရောက်တဲ့အခါကျရင် ကျင့်ကြံရေးလောကတစ်ခွင်ကို လိုက်ပြမယ်...အဲ့မှာ ဂိုဏ်းတွေ အများကြီးရှိတယ်...အစ်ကိုတော် ကြီးပြင်းခဲ့တဲ့ ချင်းလင်ဂိုဏ်းမှာ အရမ်းလှတဲ့ ရှုခင်းတွေရှိတယ်...ညီမတော် သဘောကျမှာပါ..."


ရှုရှင်းလျန်က နှုတ်ခမ်းကို ဖိကိုက်လိုက်သည်။

"ဒါပေမဲ့ ခမည်းတော် ပြောတာက ညီမလေး အပြင်ထွက်ရင် အရမ်းအန္တရာယ်များတယ်တဲ့..."


ရှန်းလျိုရှန့်က ရှုရှင်းလျန်၏ ခေါင်းကို ပုတ်လိုက်သည်။

"အစ်ကိုတော် ရှိနေတာပဲ...အန္တရာယ်မများပါဘူး...ခမည်းတော်က အကာအကွယ်လွန်နေတာ..."


ရှုရှင်းလျန်၏ အမူအရာ ပြောင်းလဲသွားကာ ဘေးပတ်လည်သို့ ဝေ့ကြည့်လိုက်သည်။

"အစ်ကိုတော် ...အဲ့လို မပြောပါနဲ့..."


"သာမန်မှတ်ချက်လေးပဲဟာ...ခမည်းတော် စိတ်မဆိုးလောက်ပါဘူး..."


ရှုရှင်းလျန် စိတ်ဓာတ်ကျနေသည်ကို မြင်သောအခါ ရှန်းလျိုရှန့် ခဏမျှစဉ်းစားလိုက်သည်။ ထို့နောက် နှုတ်ခမ်းများ ကွေးတက်သွားသည်။

"အစ်ကိုတော်က ကစားနည်းတစ်ခု သင်ပေးမယ်..."


ရှုရှင်းလျန်က ပဟေဋ္ဌိ ဖြစ်နေပုံပေါ်သည်။ရှန်းလျိုရှန့်က သူမအား မျက်လုံးတစ်ဖက် မှိတ်ပြလိုက်သည်။


"အနာဂတ်မှာ ခမည်းတော်က မပျော်မရွှင်ဖြစ်အောင်လုပ်ရင် ဒီကစားနည်းကို ဆော့ပြီး အာရုံပြောင်းလို့ရတယ်လေ...ဒါပေမဲ့ ကစားဖို့အတွက် လူသုံးယောက်လိုတယ်..."


ညအချိန် အိပ်နေစဥ်တွင် ရှုရှင်းချန်တစ်ယောက် တစ်စုံတစ်ယောက်ကြောင့် နိုးလာသည်။ ပထမတွင် သူ ဒေါသပေါက်ကွဲရန် အဆင်သင့် ဖြစ်နေသော်လည်း ရှုရှင်းလျန်ကို မြင်သောအခါ သူ၏ဒေါသမှာ ချက်ချင်းပင် ငြှိမ်းသက်သွားသည်။


"ရှင်းလျန်...ဘာဖြစ်လို့လဲ..."


ရှုရှင်းလျန်မွေးပြီး မကြာခင်မှာပင် သူတို့၏မိခင်မှာ ဆုံးပါးသွား၍ သူက ညီမဖြစ်သူကို အလွန်ချစ်ပေသည်။


"အစ်ကိုတော် ညီမလေးနဲ့ ခဏလောက် ကစားပါလား..."

ရှုရှင်းချန်က လေးလံနေသော ခေါင်းကိုမကာ အပေါ်ဝတ်ရုံ ဝတ်လျက်မေးသည်။


"ဘာကို ကစားမှာ..."


ရှုရှင်းလျန် : "အကြီးဆုံး အစ်ကိုတော်ရဲ့ နန်းဆောင်ကို သွားရအောင်...အဲ့ကျရင်ပြောပြမယ်..."


ရှုရှင်းချန်က စိတ်ထဲတွင် ရှန်းလျိုရှန့်အား အစမှအဆုံး ဒေါသထွက်ကာပြောဆိုနေသည်။

ဘယ်လိုနည်းလမ်း သုံးလိုက်လို့ ရှင်းလျန်က သူနဲ့ အရမ်းရင်းနှီးသွားရတာလဲ...


သူ့တွင် ပြင်းထန်သော မလိုလားချက်များရှိသော်ငြား ရှန်းလျိုရှန့်၏ အခန်းသို့ လျှောက်သွားသည်။


အခန်းအတွင်းသို့ရောက်သောအခါ ရှန်းလျိုရှန့် လက်ထဲတွင် စက္ကူအထပ်လိုက် ကိုင်ထားသည်ကို တွေ့ရသည်။


"ဒါတွေက ကစားရမဲ့ ကဒ်တွေပဲ..."


သုံးယောက်သား ဝိုင်းထိုင်လိုက်ကြသည်။ ရှန်းလျိုရှန့်က ကဒ်များကို ရောလျက်ပြောလာသည်။


"ဒီညတော့ ငါတို့အားလုံးက တောင်သူလယ်သမားတွေပဲ..."


သူ မော့ကြည့်လိုက်သောအခါ ပဟေဋ္ဌိ ဖြစ်နေသော မျက်နှာ နှစ်ခုကို မြင်လိုက်ရသည်။သူကရှင်းပြလိုက်သည်။


"ခမည်းတော်က နန်းတော်ရဲ့ အုပ်ချုပ်သူ...ဧကရာဇ်ပေါ့...ငါတို့က ဧကရာဇ်ကို ပုန်ကန်ရမှာ... အဲ့တော့ လယ်သမားတွေက ပုန်ကန်ဖို့ စုနေကြတယ်ပေါ့..."


ရှန်းလျိုရှန့်က ကဒ်များကို အလယ်မှာထားကာ ပြောလိုက်သည်။


"ဒီည ငါတို့ ဧကရာဇ်ကိုတိုက်ခိုက်ခြင်း ကစားကြမှာ..."


[ ဒီကတ်ကစားနည်းရဲ့ နာမည်အစစ်က 'မြေရှင်ကို တိုက်ခိုက်ခြင်း' ဆိုပေမယ့် Eng translatorက ဇာတ်လမ်းအသွားအလာအရ 'ဧကရာဇ်ကိုတိုက်ခိုက်ခြင်း' လို့ ပြောင်းလိုက်ပါတယ်တဲ့ ]


ရှုရှင်းချန်နှင့်ရှုရှင်းလျန်၏ အမူအရာမှာ ပြောင်းလဲသွားသည်။

"အစ်ကိုတော်... မလုပ်ပါနဲ့...အဲ့ဒါက မလေးစားရာကျတယ်လေ..."


"ရှန်းလျိုရှန့်... ခင်ဗျားရူးသွားပြီလား...ခမည်းတော်ကို စိန်ခေါ်ရဲတယ်ပေါ့...ဧကရာဇ်နေရာကို အစောကြီးတက်ချင်နေတာလား..."


ရှန်းလျိုရှန့်က ငြင်းဆန်သည်။

" ကောင်းပြီ...ငါပြန်ပြောပြမယ်...ဒါက ကစားနည်းတစ်ခုပဲ...ငါတို့သုံးယောက်မှာ တစ်ယောက်ယောက်က ဧကရာဇ်လုပ်ရမယ်..."


ရှန်းလျိုရှန့်က စည်းကမ်းများကို ရှင်းပြလိုက်သည်။ ရှုရှင်းလျန်က စိတ်ဝင်စားလာသော်လည်း ရှုရှင်းချန်က ကစားရန် ငြင်းဆန်သည်။ သူက ပြတ်ပြတ်သားသားပင်ပြောသည်။


"ခမည်းတော်က ဒီမှာရှိနေတာကို...ငါတို့က ဘယ်လိုလုပ် ဧကရာဇ်နေရာကို ယူမှာလဲ..."


ရှုရှင်းလျန်က သူ၏ ဝတ်ရုံလက်ကို ဆွဲလိုက်သည်။

"အစ်ကိုတော်..."


ရှုရှင်းချန်က နက်နက်ရှိုင်းရှိုင်း မျက်မှောင်ကြုတ်လိုက်သည်။ ခဏမျှ ရုန်းကန်ပြီးနောက် သူက သဘောတူညီချက် လုပ်လိုက်သည်။


" ငါတို့ ဒါကို လျှို့ဝှက်ထားရမယ်...ငါတို့ သုံးယောက်ပဲသိရမယ်...မဟုတ်ပဲ အခြားတစ်ယောက်ယောက်က သိသွားရင် ငါတို့က ထီးနန်းအတွက် ရည်ရွယ်ချက် ရှိနေတယ်လို့ ထင်သွားလိမ့်မယ်..."


"ကောင်းပြီ...အချိန်မဖြုန်းနဲ့တော့..."


ရှန်းလျိုရှန့်၏ အသံကို နားထောင်ရသောအခါ ရှုရှင်းချန်မှာ ဝတ်ရုံကို ခါ၍ ထသွားချင်စိတ်ပင် ပေါက်လာရသည်။သို့သော် ရှုရှင်းလျန်၏ မျက်နှာကိုကြည့်၍ စိတ်လိုက်မာန်ပါ လုပ်ချင်စိတ်ကို သည်းခံထားရလေသည်။


ရှန်းလျိုရှန့်က ကဒ်များကို ဝေလိုက်သည်။ ရှုရှင်းချန်က အေးစက်သော အမူအရာကို ချိတ်ဆွဲထားသည်။ သို့သော် သူ့အရှေ့ရှိ ကဒ်ကို မလှန်ခင်အထိသာဖြစ်သည်။ သူက ရတနာကဲ့သို့ပင် ကဒ်ကို ကိုင်ထားမိသည်။


"ငါ...ငါက အခု ဧကရာဇ်လား..."


ရှန်းလျိုရှန့်က ခေါင်းညိတ်ပြသည်။

"ဟုတ်တယ်...ငါနဲ့ ရှင်းလျန်က မင်းကို စိန်ခေါ်မယ်..."


သူက ဝိညာဥ်ကျောက်တုံးနှစ်တုံးကို ထုတ်ယူကာ ပြောလိုက်သည်။

"ဒီအတိုင်းပဲ ကစားရင် ပျော်ဖို့မကောင်းဘူး...တစ်လှည့်စီမှာ ဝိဉာာဥ်ကျောက်တုံးနှစ်တုံး လောင်းရအောင်..."


ရှုရှင်းချန်၏ နှလုံးသားမှာ ပြင်းပြင်းထန်ထန်ခုန်လှုပ်နေသည်။ ရှန်းလျိုရှန့်က သူ့အား 'ဧကရာဇ်' ဟုထပ်ကာထပ်ကာ ခေါ်နေသည်ကို ကြားသောအခါ သူ၏ပါးများက အချိန်မဆိုင်း နီရဲလာသည်။


" ကျွန်တော့်ကို အဲ့လိုခေါ်နေတာ ရပ်လိုက်တော့..."


သူ နောက်တစ်ခါ ထပ်ခေါ်ရင် မြောက်တက်သွားလိမ့်မယ်...


ရှန်းလျိုရှန့်က နောက်ဆုံးကဒ်ကို လှန်ပြီးသောအခါ ပြောလိုက်သည်။


"ဟုတ်ပြီ...မင်းတို့ရှုံးသွားပြီ...ဝိဉာာဥ်ကျောက်တုံးတွေ ပေးရမယ်လေ..."


ရှုရှင်းချန်က 'ဧကရာဇ်' နေရာတွင် မွေ့လျော်နေကာဝိညာဥ်ကျောက်တုံး အနည်းငယ် ပေးရခြင်းအပေါ် စိတ်မရှိ၍ သူက လွယ်လွယ်ကူကူပင် လွှဲပေးလိုက်သည်။


နောက်တစ်လှည့်တွင် ရှန်းလျိုရှန့်က ဧကရာဇ် ဖြစ်လာသည်။ ရှုရှင်းချန်၏ မျက်နှာမှာ အလွန်အမင်း မှောင်မဲသွားသည်။ သူ့လက်ထဲရှိ ကဒ်များကို အားမလိုအားမရဖြစ်ကာ ချိုးမိမတတ်ပင်။


" ကျွန်တော် ခင်ဗျားကို နိုင်စေရမယ်..."


ရှန်းလျိုရှန့်က ရယ်မောလိုက်ကာ ဝိညာဥ်ကျောက်တုံးများကို စုစည်းလိုက်သည်။ သူက တစ်လှည့်ပြီးတစ်လှည့်နိုင်နေသဖြင့် အတော်အသင့် စုဆောင်းမိနေပြီဖြစ်သည်။


ညနက်သည်အထိ ကစားပြီးနောက် ရှန်းလျိုရှန့်၏ အသံမှာ စကားပြောရသဖြင့် အက်ကွဲလာသည်။ ခဏရပ်နားသည့်အချိန်တွင် လည်ချောင်းရှင်းဆေးကို ထုတ်ကာသောက်လိုက်ရသည်။


ရှုရှင်းလျန်က စိတ်ပူစွာမေးသည်။

"နှစ်ရက်တောင်ရှိနေပြီကို...အခုထိလည်ချောင်း နာနေတုန်းလား...အစ်ကိုတော်..."


ရှုရှင်းချန်က အေးစက်စွာ နှာခေါင်းရှုတ်လိုက်သည်။

"ကိုယ်တိုင် ပြဿနာ သွားရှာတာလေ...ကျောက်စိမ်းပြားအတွက်နဲ့ ဧကရာဇ်ကိုတောင် ဆန့်ကျင်နေတာ..."


ရှန်းလျိုရှန့်က နှာခေါင်းရှုံလိုက်သည်။

"သူက ငါ့ကျောက်စိမ်းပြားကိုလည်း ယူသွားသေးတယ်...မဆင်မခြင်လည်း ပြုမူတယ်...သူရဲ့ မြင့်မားတဲ့ ကျင့်ကြံဆင့်ကို သုံးပြီး သူကြိုက်တာပဲလုပ်တယ်...အဲ့ဒီ့ အပြုအမူက အရမ်း..."


သူ၏ စကားမဆုံးခင်မှာပင် တံခါးဘက်မှ အေးစိမ့်စိမ့် ခံစားလိုက်ရသည်။ သူ၏ မျက်ခွံများ အနည်းငယ် တွန့်သွားသည်။ ရှုရှင်းချန်နှင့် ရှုရှင်းလျန် နှစ်ယောက်လုံး၏ မျက်နှာမှာလည်း တောင့်တင်းနေသည်။


ရှန်းလျိုရှန့်က သူ၏ လေသံကို မြန်မြန်ဆန်ဆန်ပင် ပြောင်းလဲလိုက်သည်။

"ခမည်းတော်ရဲ့ အပြုအမူကို လုံးဝနားလည်တာပေါ့..."


"ခမည်းတော်က ကောင်းကင်ကြီး...ခမည်းတော်က ကမ္ဘာကြီး...ခမည်းတော်လုပ်သမျှ အကုန်မှန်တယ်...ငါတို့က ခမည်းတော် ပြောသမျှ လိုက်နာဖို့ပဲ လိုတာ...မဟုတ်ဘူးလား...ဒုတိယညီတော်နဲ့ တတိယညီမတော်..."


ရှုရှင်းချန်နှင့် ရှုရှင်းလျန်က ပြင်းပြင်းထန်ထန်ပင် ခေါင်းညိတ်လိုက်ကြသည်။


"အစ်ကိုတော် မှန်တယ်..."


မြင်ကွင်းက လိုက်ဖက်ညီနေသည်။ မောင်နှမကြားက ရဲဘော်ရဲဘက်တမျှ ယုံကြည်မှုနှင့် သားသမီးတို့၏ သံယောဇဉ်ကို မြင်တွေ့နိုင်ပေသည်။


ဧကရာဇ်ယွင်ယွီက တံခါးနားတွင် လက်နောက်ပစ်၍ ရပ်နေပြီး မျက်ခုံးစွန်းများ အနည်းငယ်ပင့်တက်နေကာ အပြုံးတစ်စွန်းတစ်စကို ဖော်ပြထားသည်။


"အဲ့ဒါက ပျော်စရာကောင်းလား..."


တိယွင်ယွီက ရှန်းလျိုရှန့်၏ အနောက်မှ လျှောက်လာကာ ကြမ်းပြင်ပေါ်တွင် ပြန့်ကျဲနေသော ကဒ်များကို ကြည့်လိုက်သည်။


မောင်နှမ သုံးယောက်က သူတို့၏ ခေါင်းများကို တစ်ပြိုင်နက်တည်း ခါလိုက်ကြသည်။


"မကောင်းပါဘူး...အဲ့ဒါက လုံးဝ ပျော်ဖို့မကောင်းပါဘူး..."


တိယွင်ယွီက အလွန်ပင် ထိတ်လန့်ကြောက်ရွံနေသော ရှုရှင်းချန်နှင့် ရှုရှင်းလျန်တို့ကို့ကြည့်ကာ နောက်ဆုံးတွင် ရှန်းလျိုရှန့်၏ပုခုံးကို လက်ဖြင့် ဖြည်းညှင်းစွာ ပုတ်ကာပြောလိုက်သည်။


"ဒါပေမဲ့ မင်းကို ကြည့်ရတာ ပျော်နေသလိုပဲ..."


ရှန်းလျိုရှန့် "....."

ပစ်မှတ်ထားခံလိုက်ရသလိုပဲ...အားလုံးပျော်နေကြတာပဲကို... ငါ့ပဲ အပြစ်ပုံချချင်တယ်ပေါ့...


ရှန်းလျိုရှန့် လျှို့ဝှက်စွာ အံကြိတ်လိုက်ပြီး အပြုံးတစ်ပွင့်ဖြင့် ပြန်ဖြေလိုက်သည်။


"ခမည်းတော် အထင်လွဲနေတာပါ... ကျွန်တော်က တော်တော်လေး ယုံကြည်ချက်ပြင်းထန်တဲ့ သူပါ..."


တိယွင်ယွီက အဓိပ္ပါယ်ဖော်မရစွာ ရယ်မောလိုက်သည်။ ရှန်းလျိုရှန့်၏ ယုံကြည်မှုက တိယွင်ယွီ ထိုင်ချလိုက်သည့်နောက်တွင် ပျောက်ကွယ်သွားသည်။

ဧကရာဇ်လည်း ကစားချင်နေတာ ဖြစ်နိုင်ပါ့မလား...ကိုယ့်ကိုယ်ကို တိုက်ခိုက်တော့မှာများလား...


သို့သော်လည်း တိယွင်ယွီက သိသာစွာပင် ဂရုစိုက်မနေပေ။သူ၏ လက်ကို ညင်သာစွာ ဝေ့ရမ်းလိုက်ပြီးနောက် လေထဲတွင် ကြီးမားသော ပြတင်းတစ်ချပ်ပေါ်လာသည်။ ၎င်း၌ ပင်မ မြစ်တစ်စင်းသည် တစ်သွင်သွင်ရေစီးသံနှင့်အတူ မရေတွက်နိုင်သော တောင်နှင့်ပင်လယ်များကို ဖြတ်ကာ မြောက်မှတောင်သို့ စီးဆင်းနေသည်။


"ဒါက နတ်ဆိုးလောကရဲ့ မြေပုံပဲ..."


ရှန်းလျိုရှန့်က မြေပုံကိုကြည့်လိုက်ပြီးနောက် နတ်ဆိုးလောကဖြစ်ကြောင်းသိလိုက်သည်။ မရပ်မနားစီးဆင်းနေသော ပင်မမြစ်က ထျန်းဟယ်မြစ် ဖြစ်ပေလိမ့်မည်။ နတ်ဆိုးလောက၏ အသက်သွေးကြော တစ်ဖြစ်လဲ ထျန်းဟယ်မြစ်ဖျားတွင် အနက်ရောင်မြူခိုးများရစ်ဝဲနေသည်။ ထိုထဲတွင် နတ်ဆိုးများ အထွတ်အမြတ်ထားရာဖြစ်သော မဟာတောင်တန်းပင်လယ် ရှိပေသည်။


မရေတွက်နိုင်သော ကျင့်ကြံသူများက ထိုနေရာကို စူးစမ်းချင်ကြသော်ငြား လွန်ခဲ့သော နှစ်တစ်ထောင်ခန့်က တစ်ဦးသာလျှင် အသက်ရှင်လျက်ပြန်ထွက်လာနိုင်ခဲ့သည်။ ထိုသူမှာ တိယွင်ယွီပင်။


နေရာတွင်ရှိသော ရှန်းလျိုရှန့်တစ်ယောက် မတတ်နိုင်စွာပင် သိချင်စိတ်ပြင်းပြလာသည်။

"အဲ့ဒီမဟာတောင်တန်းပင်လယ် ထဲမှာ ဘာတွေ ရှိတာလဲ..."


တိယွင်ယွီက အမှု မထားသလိုတုန့်ပြန်သည်။

 "မေ့သွားပြီ...ကမ္ဘာဦးအမွေ အနှစ်နဲ့ နတ်ဆိုးဂုဏ်းရဲ့ သမိုင်း တစ်ချို့တစ်လေပါပဲ...ဘာပဲဖြစ်ဖြစ် အဲ့လောက်စိတ်ဝင်စားဖို့လဲ မကောင်းပါဘူး..."


ရှန်းလျိုရှန့်က စိတ်ထဲတွင် ပြောလိုက်သည်။

အထင်ကြီးစရာပဲ... အထင်ကြီးစရာပဲ...ကမ္ဘာဦး အမွေအနှစ်တွေကတောင် ပျင်းဖို့ကောင်းတယ်တဲ့...အပြင်လောကမှာသာဆိုရင် မြေကြီး တစ်မှုန်စာ ရဖို့ သေတဲ့အထိ တိုက်ခိုက်ကြလိမ့်မယ်...


တိယွင်ယွီက လက်ချောင်းများကို တောက်လိုက်သည်။ မြေပုံပေါ်ရှိ နေရာသုံးနေရာက တောက်ပလာသည်။ 


"ကိုယ်တော်. ချုန်းချီသားရဲကို ချိတ်စည်းပိတ်ဖို့ မေ့သွားတယ်...အဲ့ဒီအချိန်တုန်းက စာလိပ်သုံးခုက ကျန်ခဲ့တယ်...အစစ်ကတော့ တစ်ခုတည်းပဲ...သိပ်မကြာသေးခင်က တစ်ယောက်ယောက်က အဲ့ဒါကို ရှာတွေ့သွားပြီး ဖွင့်ဖို့ကြိုးစားခဲ့တယ်... မှော်စွမ်းအားအကြွင်းအကျန်တွေ ကျန်နေသေးတာကြောင့် သူတို့ ကျရှုံးသွားကြတယ်...အဲ့တာကြောင့်လည်း ပြန့်ကျဲနေတဲ့ စာပိုက်သုံးခုရဲ့‌ အော်ရာကို ခံစားမိသွားတာ...သွားပြီးတော့ အဲ့ဒီစာလိပ်တွေကို ကိုယ်တော့်ဆီ ပြန်ယူလာခဲ့ပေး..."


ရှန်းလျိုရှန့် မျက်တောင်ခတ်လိုက်သည်။


မကောင်းဆိုးဝါးသားရဲတွေကို ချိတ်ပိတ်ရမယ်ဆိုတဲ့ ဒီလောက်အရေးကြီးတဲ့ ကိစ္စကို မေ့ခဲ့တယ်တဲ့လား...


တိယွင်ယွီက သူ့ကို တစ်ချက်ဝေ့ကြည့်လိုက်သည်။

"အဲ့ဒီမှာ တိရိစ္ဆာန်ငယ်လေးတစ်အုပ်ပဲ ရှိတာ...ကိုယ်တော်က သူတို့ကို တစ်ချိန်လုံးမှတ်မိဖို့ မလိုဘူးလေ...သူတို့ကို အသိုက်လုပ်ပြီးသာ အေးအေးဆေးဆေး ထားလိုက်တာ ...

သူတို့ဆီ သွားလည်ဖို့ အစီအစဉ်မှ မရှိတာ... ဘာလို့ အဲ့နေရာကို မှတ်ထားရမှာတုန်း..."


ရှန်းလျိုရှန့် ဧကရာဇ် ယွင်ယွီကို ကြည့်လိုက်မိသည်။ 'တိရိစ္ဆာန်ငယ်လေး' များ အပေါ် သာမန်ကာလျှံကာ သဘောထားကို တွေ့ရသောအခါ မယုံကြည်နိုင်မှုဖြင့် မျက်လုံးပြူးသွားသည်။