Chapter 66
လွန်ခဲ့တဲ့နှစ်ရာပေါင်းများစွာက ချုန်းချီ ၊ ထောင်ဝူ ၊ ထန်ထူ၊ ဟွင်းသွမ်း ဟူသည့် စွမ်းအားကြီး နတ်ဆိုးသားရဲလေးကောင် တစ်ချိန်တည်းပေါ်လာခဲ့၍ လောကသုံးပါး ပျက်သုဉ်းခြင်းဟုပင် ခေါ်နိုင်သော ကပ်ဘေးကြီး ဖြစ်ခဲ့သည်။ ထိုအကြောင်းကို တိယွင်ယွီ၏နှုတ်မှ ကြားရသောအခါကြောင်ရိုင်းလေးတစ်အုပ်စု ရန်ဖြစ်နေသည်ကို မြင်လိုက်ရသကဲ့သို့ပင် ဖြစ်သွားရသည်။
အဲ့ဒါကြောင့် သူ့ရဲ့ခံစားချက်လေး ပျက်စီးသွားမှာစိုးလို့ တစ်ကောင်ပြီးတစ်ကောင်ကို သယ်သွားတယ်ပေါ့...
ရှန်းလျိုရှန့် တစ်ဒင်္ဂမျှ တိတ်ဆိတ်ပြိးနောက် မေးလိုက်သည်။
" နတ်ဆိုးသားရဲတွေရဲ့ တိုက်ခိုက်ရေးစွမ်းအားက ကြီးလား..."
ကောလဟာလတွေက အမှန်များဖြစ်နေမလား...နတ်ဆိုးသားရဲတွေက ထင်ထားတာထက် အားနည်းကြတာများလား...
"ယျေဘုယျအားဖြင့်တော့လည်း ကြီးတယ်ပြောရမှာပေါ့..."
တိယွင်ယွီ ညင်သာစွာပြောလိုက်သည်။
" နတ်ဆိုးသားရဲသာ ထွက်လာခဲ့ရင် အခုနတ်ဆိုးလောကမှာရှိတဲ့ နတ်ဆိုးဘုရင်တွေ ပေါင်းတိုက်ရင်တောင်မှ လက်တစ်ချောင်းတောင် ဖျက်ဆီးနိုင်မှာ မဟုတ်ဘူး..."
ရှန်းလျိုရှန့် : "....."
နတ်ဆိုးလောကတွင် ရှင်းလင်းတိကျသော ကျင့်ကြံဆင့်များ မရှိသော်ငြား နတ်ဆိုးဘုရင် တစ်ပါးသည် ဝိညာဥ်ဖွဲ့စည်းအဆင့်နှင့် ညီမျှပေသည်။ ၎င်းတို့ထဲမှ မဟာနတ်ဆိုးဘုရင်က မဟာယနအဆင့် ကျင့်ကြံသူများနှင့် လွန်ခဲ့သော နှစ်တစ်ရာခန့်ကပင် လက်ရည်တူ တိုက်ခိုက်နိုင်ပေသည်။
တိယွင်ယွီက သူ့ကို ကြည့်လိုက်သည်။
"ကမ္ဘာဦးခေတ်က နတ်ဆိုးမျိုးနွယ်ရဲ့ဘုရင်ဆီမှာ ဒီလောက်စွမ်းအားရှိတယ်ဆိုတာ အံ့သြစရာမရှိပါဘူး..."
ရှန်းလျိုရှန့် မျက်ခုံးများကို ပင့်လိုက်သည်။
ဧကရာဇ်ယွင်ယွီရဲ့ စကားကို စုစည်းလိုက်ရင် နတ်ဆိုးသားရဲတွေက နောက်မျိုးဆက်တွေ မဟုတ်ပဲနဲ့ သမိုင်း မစတင်ခင်ထဲက ရှိခဲ့တာပေါ့...ဒါဆို ဘာလို့သူတို့က ပင်မကုန်းတိုက်မှာ တစ်ချိန်လုံး ပုန်းနေကြတာလား...နှစ်ထောင်ပေါင်းများစွာ တိတ်ဆိတ်နေ ပြီးမှ ဘာလို့ လွန်ခဲ့တဲ့နှစ်တစ်ရာတုန်းက ရုတ်တရက်ကြီးတိုက်ခိုက်တာလဲ...
ရှန်းလျို့ရှန့်က မေးရန်ပြင်လိုက်သည်။
သူ ဧကရာဇ်အား ဆက်လက်မေးချင်နေသေးသည်ကို မြင်သောအခါ ရှုရှင်းချန်က မှုန်တေတေ မျက်နှာထားဖြင့် နှောင့်ယှက်လိုက်သည်။
"အဲ့တာတွေ အကုန်လုံး စာကြည့်ဆောင်မှာ မှတ်တမ်းတင်ထားတယ်...ခင်ဗျား အဲ့မှာ သွားဖတ်လို့ရတယ်... ခမည်းတော် ပိုပြီး အရေးကြီးတဲ့ကိစ္စကို ဆွေးနွေးနိုင်မလား..."
တိယွင်ယွီက ခေါင်းကိုလှည့်ကာ မြေပုံပေါ်ရှိ အလင်းတစ်ခုကို ညွှန်ပြလိုက်သည်။
"အဲ့တာက စွန့်ပစ်မြေရှစ်ပါး..."
ရှန်းလျိုရှန့်၏ အမူအရာက ထူးဆန်းလာသည်။
ရှုရှင်းချန်က သူ့ကိုတစ်ချက်မျှကြည့်လိုက်သည်။ကျောက်စိမ်းပြားကိစ္စ ပြီးဆုံးသည့်နောက် ရှန်းလျိုရှန့်၏ အတိတ်ကို သူ ရည်ရွယ်ချက်ရှိစွာ စစ်ဆေးခဲ့သည်။ သူ မမျှော်လင့်ထားသည်မှာ စွန့်ပစ်မြေကို အုပ်စိုးသော နဝမနတ်ဆိုးက ရှန်းလျိုရှန့်၏ တပည့်ဖြစ်နေခြင်းပင်။
ဧကရာဇ်က ထိုအကြောင်းကို ပြောလိုက်စဉ်တည်းက ကျိုးရွှမ်လန်ကသာ စာလိပ်ကို ရွှေ့လိုက်သူ ဖြစ်ပုံပေါ်သည်။
ရှုရှင်းချန်က ပြောလိုက်သည်။
" ကျိုးရွှမ်လန် ဆိုတာ ရှစ်ဆယ်ရာခိုင်နှုန်း သေချာတယ်..."
ရှန်းလျိုရှန့် : " သူ အဲ့လိုလုပ်မှာ မဟုတ်ဘူး..."
ချုန်းချီ ကို လွှတ်ပေးချင်သူများက ရည်မှန်းချက်ကြီးကြသည်။ သူတို့က ချုန်းချီ၏ အစွမ်းကို သုံး၍ နတ်ဆိုးလောကသာမက သုံးလောကကိုပါ ပေါင်းစည်းချင်ကြသည်။
ကျိုးရွှမ်လန်တွင် ထိုကဲ့သို့ ရည်မှန်းချက်မျိုး ရှိခဲ့သည် ဆိုလျှင်ပင် နတ်ဆိုးသားရဲတစ်ကောင်ကို လွှတ်ပေးခြင်းက ပျက်ဆီးကိန်းမှ လွဲ၍ မည်သည်မျှ အကျိုးမရှိချေ။ သူ ဤကဲ့သို့လုပ်ရပ်မျိုး မလုပ်လောက်ဟု ရှန်လျိုရှန့် ခံစားရသည်။
ရှုရှင်းချန်က သူ၏ အငြင်းစကားကို နားမထောင်ပဲ အေးစက်စွာ လှောင်ပြောင်လိုက်သည်။
" ခင်ဗျားက သူ့ကို အဲ့လောက်တောင် ယုံတယ်ပေါ့... နတ်ဆိုးလောကကို ရောက်ပြီးရင် ကျွန်တော်တို့ သူ့ကို ဘယ်လို စစ်ဆေးကြရတော့မှာလဲ...ခင်ဗျားက သေချာပေါက် ရသလောက် ကာကွယ်ပေးမှာ...သူလုပ်တယ်ဆိုတာ ပေါ်သွားရင်တောင် သူ့မှာ အကြောင်းပြချက် ရှိတယ်လို့ ဆင်ခြေပေးဦးမှာလား ... အာဏာလိုချင်တာ မဟုတ်ဘူးတို့... သုံးလောက သက်ရှိတွေ ခံစားရအောင် လုပ်ချင်တာ မဟုတ်ပါဘူးဆိုတဲ့ ဆင်ခြေတွေ..."
ပထမဆုံးအနေနှင့် ရှန်းလျိုရှန့်တစ်ယောက်ဆွံ့အ သွားရသည်။
သူ မငြင်းဆန်နိုင်ဖြစ်သွားသည်။ ကျိုးရွှမ်လန်က မကောင်းသည့်ကိစ္စတစ်ခုခု လုပ်ခဲ့သည်ရှိသော် အမှန်တကယ်ပင် ရှုရှင်းချန် ပြောသလိုသာ သူတွေးမည်ဖြစ်သည်။
ရှုရှင်းလျန်က မျက်မှောင်ကြုတ်လိုက်ကာ ရှုရှင်းချန်၏ ဝတ်ရုံလက်ကို ဆွဲလိုက်သည်။
"အစ်ကိုတော် မပြောပါနဲ့တော့...ဆရာတစ်ယောက်အနေနဲ့ တပည့်ဖြစ်သူကို ယုံကြည်တာ ဖြစ်သင့်ပါတယ်..."
ရှုရှင်းချန်က မကျေမနပ်ဖြစ်သွားသည်။
"ဒါပေမဲ့ ကျိုးရွှမ်လန်က သူ့တပည့်မှမဟုတ်တာ... နတ်ဆိုးလောကရဲ့ နဝမမြောက် ဘုရင်လေ...သူ့ရဲ့ ခံစားချက်တွေကြောင့် အကုန်လုံးပျက်ဆီးသွားမှာ စိုးရိမ်တယ်..."
ထိုအချိန်တွင် တိယွင်ယွီက သူ၏ခါးမှ ကျောက်စိမ်းပြားကို ဖြုတ်ယူလိုက်သည်။ ထို့နောက် လက်ချောင်းများတွင် ရစ်ပတ်ကာ ရှန်းလျိုရှန့်၏ ရှေ၌ ညင်သာစွာ လှုပ်ယမ်းပြလိုက်သည်။
"မြေပုံမှာပြထားတဲ့ နေရာကို သွားတဲ့အခါ မင်းကို ကာကွယ်နိုင်ဖို့ ဒီကျောက်စိမ်းပြားကို ပြန်မပေးနိုင်ဘူး..."
ရှန်းလျိုရှန့် တဒင်္ဂမျှ ငြိမ်သက်သွားပြီးနောက် ခိုင်မာစွာပင် ပြန်ဖြေလိုက်သည်။
"ခမည်းတော် သူက ကျွန်တော့်ကို အန္တရာယ်ပြုမှာ မဟုတ်ပါဘူး..."
တိယွင်ယွီက အကူအညီမဲ့နေဟန်ဖြင့် သူ့ကိုကြည့်ကာ မြေပုံကို ညွှန်ပြလိုက်သည်။
"စွန့်ပစ်မြေရှစ်ပါးက နတ်ဆိုးလောကနဲ့ အခြားလောက နှစ်ခု ကြားမှာရှိနေတာ...နဂိုထဲက ပူပြင်းတဲ့ မြေနေရာမို့လို့ ဘာအပင်မှ မကြီးထွားဘူး...မရေတွက်နိုင်လောက်အောင် ဆိုးယုတ်တဲ့ နတ်ဆိုးသားရဲကောင်တွေ သောင်းကျန်းထကြွ နေတဲ့ နေရာပဲ...လွန်ခဲ့တဲ့နှစ် အနည်းငယ်ကမှ နတ်ဆိုးတွေ အတွက် နိဗ္ဗာန်ဆိုပြီး ဖြစ်လာတာ..."
သူက ရှန်းလျိုရှန့်ကို မေးလိုက်သည်။
"အဲ့ဒါ ဘာလို့လဲ သိထားလား..."
ရှန်းလျိုရှန့် ဖြေးညှင်းစွာ ခေါင်းညိတ်ပြသည်။
"သူက ဖုန်းရွှေ ရတနာတွေကို ဘာမှမလုပ်ပေမဲ့ ကျတ်တီးမြေကို ပြန်ပြီးတည်ဆောက်ထားတယ်လို့ ပြောပါတယ်..."
တိယွင်ယွီက ထပ်မေးသည်။
"သူ ဘယ်လိုလုပ်ခဲ့လဲ သိလား..."
ရှန်းလျိုရှန့် : "တိုက်ခိုက်ပြီးတော့လား..."
တိယွင်ယွီ : "မဟုတ်ဘူး...သတ်ဖြတ်ပြီးတော့..."
စွန့်ပစ်မြေရှစ်ပါးက နတ်ဆိုးများ လွတ်လပ်စွာ ကျက်စားသော နေရာဖြစ်သည်။ အသိစိတ်ရှိသော နတ်ဆိုးသားရဲများနှင့် အသိစိတ်မရှိသော မကောင်းဆိုးဝါးများ ရောယှက်နေသည်။ နတ်ဆိုးလောကသို့ ချိုးဖောက်ဝင်ရောက်လာသော ကျင့်ကြံသူများနှင့် နတ်ဆိုးကျင့်ကြံသူများလည်း ရှိ၍ ရှုပ်ထွေးကာ ပရမ်းပတာဖြစ်နေသည့် နယ်မြေဖြစ်သည်။
စွမ်းအားကြီးသော နတ်ဆိုးအများစုက စွန့်ပစ်မြေကို အုပ်စိုးနိုင်ရန် ကြိုးပမ်းသော်လည်း ချွင်းချက်မရှိ ကျရှုံးကြသည်ပင်။
ကျိုးရွှမ်လန်က စွန့်ပစ်မြေကို ဦးဆောင်နိုင်သည်က သူ၏ စွမ်းအားကြောင့်သာ မဟုတ်ပေ။ သူ၏ လူမဆန်သော နည်းလမ်းများ နှင့် အကြင်နာမဲ့သော လုပ်ရပ်များကြောင့်ဖြစ်သည်။
"စွန့်ပစ်မြေရှစ်ပါးမှာ လူနှစ်မျိုးပဲ ရှိတယ်...သေတဲ့သူနဲ့ နဝမမြောက် နတ်ဆိုးဘုရင်ကို နာခံတဲ့သူ..."
ရှန်းလျိုရှန့်၏ အမူအရာမှာ အနည်းငယ် တောင့်တင်းနေသည်။
သူက ဝေးကွာလှသော ရှန့်ချီတောင်တွင် ရှိနေ၍ နတ်ဆိုးလောက၏ အခြေအနေကို တကယ်ပင် သိမနေချေ။ သူ ကျောက်စိမ်းပြားရသည့် အချိန်တွင် ကျိုးရွှမ်လျန်က နတ်ဆိုးဘုရင် ဖြစ်နှင့်နေပြီးဖြစ်သည်။ စွန့်ပစ်မြေရှစ်ပါးကို မည်သို့သိမ်းပိုက်ခဲ့ကြောင်း မေးသည့်အခါ တစ်စုံတစ်ယောက်က သူ့အား တိုက်ခိုက်ရန် စိန်ခေါ်ခဲ့ကာ နယ်မြေကို လောင်းကြေးထပ်ခဲ့သည်ဟု ကျိုးရွှမ်လန်က ပြောပြခဲ့သည်။ သူက တိုက်ခိုက်သည့် အကြိမ်တိုင်းအနိုင်ရကာ စွန့်ပစ်မြေတစ်ခုလုံး သူ၏ အပိုင်ဖြစ်သွားခဲ့သည်ဟု ဆိုခဲ့သည်။
အတန်ငယ် စဉ်းစားပြီးနောက် ရှန်းလျိုရှန့်က ပြောလိုက်သည်။
"ဘုရင်အသစ် ထီးနန်းတက်တဲ့ အခါ သူရဲ့ လက်မှာ သွေးမစွန်းဘူး ဆိုတာဘယ်ဖြစ်နိုင်ပါ့မလဲ..."
တိယွင်ယွီ : "မှန်တယ်...နတ်ဆိုးဘုရင်တိုင်းက သူတို့ရဲ့ လမ်းကြောင်းကို ဒီလိုပဲစတင်ရတာ...ဒါက ဘာမှမမှားဘူး...ဒါပေမဲ့ သူက ဘာလို့ မင်းကို ဖုံးကွယ်ထားတာလဲ..."
ရှန်းလျိုရှန့်က မျက်လွှာထားပြီး နှုတ်ခမ်းလွှာများ ပွင့်ဟကာ တိတ်ဆိတ်နေသည်။
တိယွင်ယွီ : "အသိသာကြီးပါ သူက သူပြောင်းလဲ သွားပြီ ဆိုတာ မင်းကို မသိစေချင်ဘူး...ဒါပေမဲ့မင်းက နားလည်ရမယ်... ပြန်ဆုံတဲ့ အချိန်မှာ သူက မင်းရဲ့ တပည့် မဟုတ်တော့ဘူး နဝမမြောက် နတ်ဆိုးဘုရင်ဖြစ်နေပြီ...သူ့ကို အရင်က အတိုင်းပဲ ဆက်ဆံနေမယ်ဆိုရင် မင်းပဲ ဆုံးရှုံးမှုကို ခံစားရလိမ့်မယ်..."
ရှန်းလျိုရှန့် ခေါင်းငုံ့လိုက်ကာ အနည်းငယ်တုန့်ဆိုင်းနေပြီးနောက် အရှုံးပေးသော လက်ဟန်ပြကာ နွမ်းလျစွာ ပြောလိုက်သည်။
"ကောင်းပါပြီ...ကိုယ့်ကိုယ်ကို ဂရုစိုက်မယ်လို့ ကျွန်တော် ကတိပေးပါတယ်..."
ဧကရာဇ်ယွင်ယွီက အခြားနှစ်နေရာကို အကြည့်ရွှေ့လိုက်သည်။
"စွန့်ပစ်မြေရှစ်ပါးနဲ့ နည်းနည်းဝေးတဲ့နေရာမှာ မဟာနတ်ဆိုးဘုရင်နဲ့ သတ္တမမြောက် နတ်ဆိုးဘုရင်ရဲ့ ပိုင်နက်ရှိတယ်...ချီလင်မြို့ အပြင်ဘက်ကို ရောက်တာနဲ့ စာလိပ်ကိုရဖို့ သတ္တမမြောက် နတ်ဆိုးဘုရင်ကို စုံစမ်းရမယ်..."
ရှန်းလျိုရှန့် သတ္တမမြောက် နတ်ဆိုးဘုရင်ချီလင်၏ အမည် နာမကို သတိထားမိသွားသည်။ ထိုသူက လွန်ခဲ့သည့် နှစ်အနည်းငယ်မှစ၍ အများအာရုံစိုက်ခြင်းကို ခံခဲ့ရသည်။
တိယွင်ယွီက ထရပ်ပြီး မထွက်သွားခင်တွင် စကားလုံးအနည်းငယ်ရှင်းပြခဲ့သည်။ တံခါးဆီသို့ သွားနေသော လမ်းတစ်ဝက်တွင် ပြန်လှည့်ကာ ထပ်ပေါင်း ပြောလိုက်သည်။
"ဘုရင်ကိုတိုက်ခိုက်တဲ့ကစားနည်း ဆက်ဆော့လို့ရပြီ... ကိုယ်တော် မနှောင့်ယှက်တော့ဘူး..."
အခြားသုံးယောက်က ချက်ချင်းပင် ကဒ်များကို ကြေမွနေသော စက္ကူလုံးများအဖြစ် ဆုပ်ချေကာ သူတို့၏ ခိုင်မာမှုကို ပြသကြသည်။
မတိုက်ရဲပါဘူး...ထပ်ပြီး မတိုက်ရဲတော့ပါဘူး...
ရှန်းလျိုရှန့်က တိယွင်ယွီ၏ ထွက်ခွာသွားသော ပုံရိပ်ကိုကြည့်ကာ ရုတ်တရက် အသိဝင်လာသည်။ ပြတင်းပေါက်ဘောင်သို့ လျှောက်သွားကာ ရှန်းပုပု ရှိနေသော ကြွေအိုးကို ကောက်ကိုင်၍ တိယွင်ယွီ၏ နောက်သို့လိုက်လေသည်။
လမ်းခရီးတွင် ရှန်းပုပုကို မခေါ်ဆောင်သွားနိုင်သဖြင့် သူ့အားစောင့်ရှောက်ပေးရန် တစ်စုံတစ်ယောက် လိုအပ်ပေသည်။
ဧကရာဇ်ကိုမေးရင် ပိုကောင်းမယ်... သူ့ရဲ ကျင့်ကြံဆင့်နဲ့ဆို ရှန်းပုပုနဲ့ နီးကပ်နေရင် သူ့အတွက် အကျိုးရှိမှာ သေချာတယ်...
တိယွင်ယွီက မျက်လုံးများကို မှေးကျဉ်းကာ အိုးထဲရှိ ဂျင်ဆင်းပင်ကလေးအား ကြည့်လိုက်သည်။ ထို့နောက် မျက်ခွံများကို လှန်တင်၍ သူ့လမ်းတွင် ပိတ်ရပ်ရဲသည့် လူငယ်လေးအား စိုက်ကြည့်လိုက်သည်။
" မနက်နေထွက်ရင် သူ့ကိုနေပူဆာလှုံပေးရတယ်...နေဝင်ရင် အခန်းထဲ ပြန်ထည့်ပေးရတယ်...နာရီ အနည်းငယ်ကြာတိုင်း ရေလောင်းမြေဆွ ပေးရတယ်... ကျွန်တော့်မှာ အဲ့လိုလုပ်ဖို့ အချိန်ပိုမရှိလောက်ဘူး ထင်တယ်နော်..."
ရှန်းလျိုရှန့်က ဇာမဏီမျက်လုံးများကို ပုတ်ခတ်ပုတ်ခတ်လုပ်လိုက်သည်။ မျက်တောင်နက်နက်များ လှုပ်ခတ်သွားကာ ကျယ်လောင်စွာ ပြောလိုက်သည်။
" ဧကရာဇ် ဆိုတာ မလုပ်ချင်တာပဲရှိတယ် မလုပ်နိုင်တာမရှိဘူး ..."
တိယွင်ယွီက မျက်ခုံးများကို အသာအယာပင် ပင့်တင်ကာ ကြွေအိုးကို တစ်ဝက်ပြုံးဖြင့် လက်ခံလိုက်သည်။
" စာလိပ်ကို ယူလာပေး မဟုတ်ရင် မင်းရဲ့ ဓားစာခံ ကတော့..."
ရှန်းလျိုရှန့် "..."
ရှန်းလျိုရှန့်က ပြန်ဆွဲယူရန် လက်မြောက်လိုက်သော်လည်း တိယွင်ယွီက လက်ကို လှည့်၍ လွယ်လွယ်ကူကူပင် ရှောင်တိမ်းသွားကာ ရှန်းပုပုကိုသယ်ဆောင်လျက် ထွက်သွား သည်။
ရှန်းလျိုရှန့် "....."
...........
ထည်ဝါသော ခန်းမကြီးထဲ၌...
နေရာကူးပြောင်းခြင်းမှော်က ဘေးနားရှိ ဝိညာဥ်ကျောက်တုံး များ၏တောက်ပမှုအောက်တွင် ခပ်မှိန်မှိန် ပြန့်နေသည်။
လူတစ်စုက လေးနက်သော အမူအရာဖြင့် အစီအရင်၏ တစ်ဖက်တစ်ချက်တွင် ရပ်နေကြသည်။
" မင်းသားလေးနှစ်ပါး...အချိန်ကျလာပါပြီ... နေရာပြောင်း အစီအရင်ထဲကို ဝင်ပေးပါ..."
ရှုရှင်းလျန်က ရှန်းလျိုရှန့်၏ ဝတ်ရုံလက်ကို ဆွဲထားသည်။ ရှန်းလျိုရှန့်က ကောင်မလေး၏ နီရဲနေသော မျက်လုံးများကို တွေ့သောအခါ အခြားသူဆီသို့ အကြည့်မပို့ခင်တွင် သူမ၏ ခေါင်းကိုထိလိုက်ပြီး နှစ်သိမ့်စကား အနည်းငယ် ပြောလိုက်သည်။
ရှုရှင်းချန်၏ မျက်နှာက မထူးခြားလှပေ။ မှိန်ဖျော့နေသော မျက်လုံးများတွင် မည်သည့် ခံစားချက်မျှ မပေါ်လွင်ပေ။ ဧကရာဇ်နှင့် အကြည့်ဆုံသွားသောအခါ ညင်သာစွာ ခေါင်းညိတ်ပြလေသည်။
"ရှင်းလျန် မငိုနဲ့တော့...ဒီအစ်ကိုတော် ထွက်သွားတုန်းကကျ ဘာလို့ မငိုတာလဲ..."
ရှုရှင်းချန်တစ်ယောက် မပျော်မရွှင်နှင့် ရှန်းလျိုရှန့်၏ လက်ကိုဆွဲကာ နေရာပြောင်းအစီအရင် သို့ ဦးတည်လိုက်သည်။
" ခင်ဗျားက ကျွန်တော့်ကို နှေးတယ်လို့ ပြောနေသေးတယ်... ခင်ဗျားကမှ အနှေးဆုံးဖြစ်နတာ..."
လမ်းတစ်ဝက်အရောက်တွင် ရှန်းလျိုရှန့်က လက်ကိုရုန်းကာ နောက်သို့ ပြန်လှည့်သွားသည်။
"ခင်ဗျား ဘာလုပ်တာလဲ..."
ရှုရှင်းချန် အော်လိုက်ကာ ရှန်းလျိုရှန့်နောက်သို့ လိုက်ကြည့်လိုက်သည်။ နောက် တစ်ခဏတွင် သူ၏ မျက်လုံးများ ပြူးကျယ်သွားသည်။
ရှုရှင်းချန်သာမက ခန်းမအတွင်းရှိလူများအားလုံး ခေါင်းလောင်းကဲ့သိုပင် မျက်လုံးများပြူးကုန်ကြသည်။ အထိတ်တလန့်ဖြစ်ကာ တိတ်ဆိတ်မှုအောက် ကျရောက်သွားလေသည်။
လူငယ်လေး၏ ဇာမဏီမျက်လုံးလေးများက အနည်းငယ်စိုစွတ်နေသည်။ ရှန်းလျိုရှန့်က နောက်လှည့်ကာ ဧကရာဇ်ယွင်ယွီကို ပွေ့ဖက်လိုက်ပြီး သူ့မျက်နှာကို တိယွင်ယွီ၏ ဝတ်ရုံတွင် မြှုပ်ထားပြီး ငိုသံလေးဖြင့်ပြောလိုက်သည်။
"ခမည်းတော်ရဲ့ ကြင်နာမှုနဲ့ ခုနစ်နှစ်ကြာ ပြုစုစောင့်ရှောက်ပေးခဲ့လို့ တကယ့်ကို ကျေးဇူးတင်ပါတယ်..."
သူ ဆေးရည်စစိမ်သည့် အချိန်တွင် နာကျင်မှုကိုခံစားရကာ ဝင်ရောက်ရန်ငြင်းဆန်ခဲ့သည်။ တိယွင်ယွီက သူ့ကို ရေကန်ထဲ ပစ်ချသည့်အခါ ပြန်တက်နိုင်ရန် ပြင်းပြင်းထန်ထန်ပင် တွားသွားခဲ့သည်။ တိယွင်ယွီက သူ၏ ခေါင်းကို ဖိထားကာ ဆေးရည်ကန်ထဲတွင် လုံးဝ နစ်မြုပ်နေစေခဲ့သည်။
ထိုအချိန်တွင် ရှန်းလျိုရှန့်က ခုခံနိုင်ခြင်းမရှိပဲ ဒေါသထွက်ခဲ့သည်။ ညှာတာရန်တောင်းပန်ခဲ့ကာ နတ်ဆိုးအဆိပ်ကို မဖယ်ရှားချင်တော့ကြောင်း ပြောခဲ့သည်။ သူ့အား "ကျင့်ကြံရေးလောကမှာ အကြာကြီးပစ်ထားခဲ့ပြီး အခုမှ လူကောင်းယောင် မဆောင်နဲ့" ဟု ဆူပူဆဲဆိုခဲ့သည်။
ဆေးရည်၏ နာကျင်မှုကို ခံစားနေရစဉ်တွင် တိယွင်ယွီ၏ လက်ကို ဆွဲကိုင်ကာ လက်စားချေလိုမှု အပြည့်ဖြင့် ကိုက်ခဲ့သည်။ သွေးအရသာရသည်အထိ မရပ်တန့်ခဲ့ပေ။
သူ ဆူဆဲသည့် အချိန်၌ဖြစ်စေ ကိုက်သည့် အချိန်၌ဖြစ်စေ တိယွင်ယွီက မျက်မှောင်သာကြုတ်ထားကာ မလှုပ်ရှားပဲ လုပ်ချင်ရာလုပ်စေခဲ့သည်။ နာကျင်မှုကို သူကျင့်သားရသွားသည့် အချိန်တွင် သူတို့နှစ်ယောက်ကြားက ဆက်ဆံရေးမှာ တဖြည်းဖြည်းပြေလျော့လာခဲ့သည်။
ပြန်စဉ်းစားကြည့်လျှင် ရှန်းလျိုရှန့်တစ်ယောက် ကမ္ဘာတုန်လောက်သော ဖခင်မေတ္တာကို ခံစားရပေသည်။ အခြားတစ်ယောက်သာ တိယွင်ယွီအား ဤကဲ့သို့ ဆက်ဆံပါက ထိုလူ၏ အုတ်ဂူပေါ်မှ မြက်များ အတော်ပင်ရှည်လျားနေပေလိမ့်မည်။
သူ၏မျက်လုံးလေးများ မှေးကျဉ်းသွားကာ တွေးလိုက်သည်။
မွေးစားအဖေဖြစ်နေရင်တောင်မှ အဖေတစ်ယောက်ရှိနေတာ အရမ်းကောင်းတာပဲ...
ရုတ်တရက် အဖက်ခံရပြီးနောက် တိယွင်ယွီ၏ ခန္ဓာကိုယ် တောင့်တင်းသွားသည်။ သူက အခြားသူများနှင့် ရင်းရင်းနှီးနှီး ပြုမူသည်မှာ ရှားပါးဖြစ်စဉ်ဖြစ်သည်။ တိယွင်ယွီက အနည်းငယ် တုံးတုံးအအ ပုံဖြင့် ရပ်နေသည်။ သူ့ ဘေးပတ်လည်သို့ ကြည့်လိုက်သောအခါ လူတိုင်းက ကပ်ဘေးတစ်ခု ကြုံနေရသဖြင့် ထိတ်လန့်နေပုံရသည်။
အနည်းငယ်ကြာပြီးနောက်တိယွင်ယွီက သူ့ရင်ခွင်ထဲမှ ရှန်းလျိုရှန့်ကို ကြည့်လိုက်သည်။ သူက ရှန်းလျိုရှန့်၏ ရှင်းလျန်အား နှစ်သိမ့်ပေးသည့် အမူအရာကို အတုယူကာ သူ၏လက်ကို လူငယ်လေး၏ ခေါင်းပေါ်သို့ တင်၍ ခပ်ဖွဖွ ပုတ်လိုက်သည်။
" တွယ်ကပ်မနေနဲ့တော့...ကိုယ်တော်က ဒီလိုဟာမျိုးမှာ ကျရှုံးမှာ မဟုတ်ဘူး...ဓားစာခံက ဓားစာခံပဲ..."
ရှန်းလျိုရှန့်က သူ၏ ဝတ်ရုံပေါ်သို့ ပါးအပ်ထားကာ
ဆံနွယ်ထိပ်ကလေးများက သူ၏လက်ကို ညင်ညင်သာသာပွတ်သပ်နေသည်မှာ အံသြဖွယ် နူးညံနေလေသည်။
တိယွင်ယွီက ခဏမျှ တိတ်ဆိတ်နေကာ ပြောလိုက်သည်။
" မလုပ်နိုင်လည်း ဘာမှမဖြစ်ဘူး...ပြန်လာခဲ့လို့ရတယ်..."
ရှန်းလျိုရှန့် ခေါင်းညိတ်နေစဉ် အနောက်မှ ဆွဲယူခြင်းခံလိုက်ရသည်။ ရှုရှင်းချန်က ဒေါသကြောင့် ရူးသွပ်နေကာ သူ၏ဒေါသသံမှာ ရှန်းလျိုရှန့်၏ နားနောက်မှ ထွက်ပေါ်လာသည်။
" ခင်ဗျား ခမည်းတော်ကို တကယ်ကြီးဖက်လိုက်တယ်...လွှတ်လိုက်... လွှတ် ...ငါတောင် ကလေးဘဝထဲက ဒီလို မဖက်ရတော့တာ...မင်းက အရွယ်ရောက်နေပြီကို...အရှက်ကိုမရှိဘူး... လွှတ်လိုက် မြန်မြန်လွှတ်လိုက်..."
ရှုရှင်းချန်က မျက်လုံးများ ရဲလာကာ မနာလိုမှုကြောင့် ရူးသွားတော့မလိုပင်။ တိယွင်ယွီ၏ လက်ထဲမှ ရှန်းလျိုရှန့်ကို ဆွဲထုတ်ကာ နောက်ပြန်လှည့်ကြည့်ခြင်းမရှိပဲ နေရာကူးပြောင်းအစီအရင် ဆီသို့ ဆွဲခေါ်သွားသည်။
"ခင်ဗျားက အရမ်း စိတ်ရှုပ်ဖို့ကောင်းတယ်..."
ရှုရှန်းချန်၏ မခံချိမခံသာဖြစ်နေသော အသံနှင့်အတူ နှစ်ယောက်သား နေရာကူးပြောင်း အစီအရင်ထဲသို့ဝင်ကာ အလင်းတန်းတစ်ချက်တောက်ပပြီးနောက် ခန်းမထဲမှ ပျောက်ကွယ်သွားကြသည်။
ကျန်ခဲ့သောသူများက စိတ်မငြိမ်သက်သေးကာ ထိတ်လန့်နေကြဆဲဖြစ်ပြီး ဧကရာဇ်၏ မျက်နှာအား ကြည့်ချင်သော်လည်း မကြည့်ရဲပေ။ ခဏအကြာတွင်မှ ကပ်ဘေးကဲ့သို့ ဖြစ်စဉ်အားမြင်တွေ့လိုက်ရသည့်သဖွယ် ဧကရာဇ်အား အနည်းငယ် ခိုးကြည့်လိုက်ကြသည်။
တိယွင်ယွီ၏ မျက်နှာထားမှာ ပုံမှန်ပင်။ သူက ထွက်သွားရန်ပြင်ပြီးနောက် အမူအရာ အနည်းငယ်ပြောင်းသွားသည်။
လက်ကိုမြောက်ကာ
ကြည့်လိုက်သည့်အခါတွင် ခါးစည်းကြိုး၌ ချည်ထားသော ကျောက်စိမ်းပြား ပျောက်နေသည်ကို တွေ့လိုက်ရသည်။
ခဏမျှကြာပြီးနောက် တိယွင်ယွီ ကူကယ်ရာမဲ့စွာ ရယ်မောလိုက်သည်။
ထို့နောက်တွင် ဇာမဏီ ဝတ်ရုံလက်ကိုခါကာ ခန်းမထဲမှ ထွက်သွားလေသည်။