Chapter 67
ချီလင်မြို့ အပြင်ဘက်၌...
ညအချိန် လူသူကင်းမဲ့နေသော တောထဲတွင် နေရာကူးပြောင်း အစီအရင်က လင်းလက်လာသည်။ ရှန်းလျိုရှန့် မြေပြင်သို့ ဆင်းသောအခါ စိုစွတ်သော မြေမျက်နှာပြင်ကြောင့် ချော်လဲလုနီးပါးပင်။
ကောင်းကင်မှာ မိုးရွာပြီးစ ဖြစ်ပုံရသည်။ ရေငွေ့များကြောင့် မြေပြင်မှာ နူးညံ ပျော့ပြောင်းနေပြီး ထူးခြားဆန်းကြယ်သော အော်ရာတစ်ခု ပျံ့နံ့နေသည်။ သူ့ကိုယ်သူ ဟန်ချက်ထိန်းညှိ့ပြီးသည့်နောက်တွင် ယောကျာ်းသံတစ်သံကို ကြားလိုက်ရသည်။
"ကျန်းမြောင်မြောင် မင်းသားလေး နှစ်ယောက်ကို နှုတ်ဆက်ပါတယ်..."
ရှန်းလျိုရှန့် ကြည့်လိုက်ရာ အမည်းရောင်ဝတ် ယောကျာ်းတစ်ယောက်ကို မြင်လိုက်ရသည်။ သူ၏ ချောမောသော မျက်နှာတွင် အေးစက်ခက်ထန်သော အမူအရာကို ဖော်ပြထားသည်။ ရှန်းလျိုရှန့်က နန်းတော်ထဲ၌ ကျန်းမြောင်မြောင်နှင့် တွေ့ဆုံဖူးသဖြင့် အနည်းငယ်ခေါင်းညိတ်ပြလိုက်သည်။ ထို့နောက် သူ၏ အကြည့်မှာ လက်ထဲရှိ ကျောက်စိမ်းပြားသို့ ရောက်ရှိသွားကာ နှုတ်ခမ်းတွင် ခပ်ဖျော့ဖျော့ အပြုံးတစ်ခု ပေါ်လာသည်။
ရှုရှင်းချန်က သူ၏ အကြည့်ကို လိုက်ကြည့်ကာ အံသြ သွားရသည်။
"မင်းဘယ်တုန်းက ပြန်ယူလိုက်တာလဲ..."
"ခုဏလေးတင် ...ခမည်းတော်ကို ဖက်ထားတုန်းက...သူကြောင်နေတဲ့ အချိန်မှာ ငါယူလိုက်တာ..."
ရှန်းလျိုရှန့်က ပြောလိုက်ကာ သူ၏ အကြည့်များက ကျောက်စိမ်းပြားပေါ်တွင်သာ ရှိနေသည်။ သူက လေးလေးနက်နက် စဉ်းစားပြီးနောက် ကျောက်စိမ်းပြားကို သိုလှောင်အိတ်ထဲသို့ ထည့်လိုက်သည်။
ရှုရှင်းချန်၏ မျက်နှာမှာ ဖြူတစ်လှည့် နီတစ်လှည့် လျင်မြန်စွာ ပြောင်းသွားသည်။ ရှန်းလျိုရှန့်က ခွင့်မလွှတ်နိုင်ဖွယ် အပြုအမူကို ကျူးလွန်လိုက်သကဲ့သို့ လက်ညိုးထိုးကာ နောက်ဆုတ်လိုက်သည်။
" ခင်ဗျားက ခမည်းတော်ကို အရှက်ရစေရုံ မကပဲ မကောင်းတဲ့ ရည်ရွယ်ချက်တွေ ရှိနေခဲ့တာပဲ...ခင်ဗျား တစ်ကယ်ကို တစ်ခုခုပဲ..."
တစ်ဖက်တွင် ကျန်းမြောင်မြောင်က မျက်မှောင်ကြုတ်ကာ စကားဝိုင်းကို နှောင့်ယှက်သင့် မသင့်စဉ်းစားနေသည်။ မိမိ၏ နေရာမှာ ထိုသို့ပြုလုပ်ရန်မသင့်ပေ။
ထိုအချိန်တွင် သစ်ပင်ထိပ်မှာ ရေစက်တစ်စက်က ရှုရှင်းချန်၏ လက်ညိုးပေါ်သို့ အတိအကျပင် ကျဆင်းလာသည်။ ရေစက်မှာ အနီရင့်ရောင်ဖြစ်ကာ လက်ညိုးပေါ်တွင် စွန်းပေသွားသည်။
သစ်ပင်အောက်ရှိ လူနှစ်ယောက်မှာ တစ်ခဏမျှ ကြက်သေ သေသွားသည်။ အပေါ်သို့မော့ကြည့်သောအခါ သစ်ကိုင်းတွင် တွဲလောင်းကျနေသော အလောင်းတစ်လောင်းကို မြင်တွေ့လိုက်ကြရသည်။ သူ၏ပါးစပ်က ပွင့်ဟနေကာ မျက်လုံးများပြူးကျယ်လျက် စိုက်ကြည့်နေပြီး ကြက်သွေးရောင်လျှာက လေထဲတွင် တွဲကျနေကာ ထိုမှ သွေးစက်များ ကျဆင်းနေလေသည်။
ရှန်းလျိုရှန့်က လန့်ဖျပ်သွားပြီး ရှုရှင်းချန်ကို ဆွဲကာ အလောင်းနှင့် အနည်ငယ်ဝေးရာသို့ ခုန်ဆုတ်သွားသည်။
အနေအထားကို ထိန်းညှိပြီးသောအခါ ရှန်းလျိုရှန့်က ခြေထောက်အောက်မှ မြေကြီးမှာ အနည်းငယ်စေးကပ်နေသည်ဟု ခံစားလိုက်ရသည်။ အောက်သို့ငုံ့ကြည့်သောအခါ ပျော့ပြောင်းသောမြေတွင် အနီရောင် အစွန်းများကို တွေ့လိုက်ရသည်။ အစောပိုင်းက ချောနေသည်မှာ မိုးရေကြောင့်မဟုတ်ပုံပင်။
"ငါတို့ ဘယ်ရောက်နေတာလဲ..."
ကျန်းမြောင်မြောင်က ရှင်းပြသည်။
"ဒီနေရာက မြို့အပြင်ဘက်တောထဲက စွန့်ပစ်ခံအလောင်းရှင်းလင်းတဲ့နေရာပါ...လူသူ အရောက်နည်းလို့ ဒီနေရာမှာ နေရာကူးပြောင်း အစီအရင်ဆွဲထားတာပါ..."
ရှန်းလျိုရှန့်က ဘေးပတ်လည်သို့ကြည့်လိုက်သည်။ မရေတွက်နိုင်သော ကျီးကန်းများက တောအုပ်ကို ဖြတ်၍ ပျံသန်းနေကြပြီး အလောင်းကောင်များကို စားသောက်နေကြသည်။ လေထုထဲ၌ အလောင်းကောင်များ၏ ငိုကြွေး ညီးညူသံများဖြင့် ပြည့်နှက်နေသကဲ့သို့ပင်။
"သွားကြရအောင်...ငါဒီမှာ ခဏလေးတောင် မနေချင်တော့ဘူး..."
ရှုရှင်းချန်က ရွံရှာစွာဖြင့် လက်ကို သုတ်ကာပြောလေသည်။
ရှန်းလျိုရှန့်က ဖိနှိပ်ထားသောလေထုမှာ တောထဲ၌ ရှိနေခြင်းကြောင့်ဟု ထင်ခဲ့သော်လည်း ထွက်လာပြီးသည့်နောက်တွင် တောင့်တင်းကာ အသက်ရှူရ ခက်နေဆဲပင် ဖြစ်သည်။
ဤနေရာရှိ ဝိညာဥ်စွမ်းအားမှာ အလွန်ပင် ပါးလွှနေသည်။အင်ပါယာ နန်းတော်နှင့် ကျင့်ကြံရေးဂိုဏ်းများနှင့် ယှဉ်လျှင် လွန်စွာနည်းပါးလေသည်။
ရှုရှင်းချန်၏ အမူအရာမှလည်း တူညီစွာပင် မသက် မသာဖြစ်နေသည်ကို မြင်သောအခါ ကျန်းမြောင်မြောင်က အားပေးစကားပြောလိုက်သည်။
"နတ်ဆိုးနယ်မြေကို အခုမှစရောက်တာမို့လို့ အခုလို ခံစားရတာ ပုံမှန်ပါပဲ...နောက်တော့ နေသားကျသွားမှာပါ..."
အမွှေးတိုင်တစ်တိုင်ထွန်းစာမျှ လမ်းလျှောက်ပြီးသည့်နောက်တွင် လမ်းမက ချီလင်မြို့သို့ ဦးတည်နေသူများနှင့် တဖြည်းဖြည်းပြည့်နှက်လာသည်။
ရှန်းလျိုရှန့်က မရင်းနှီးသော နေရာများကို လှည့်ပတ်ကြည့်ရှုနေသည်။ ရုတ်တရက် ရှေ့၌ ရုတ်ရုတ်သဲသဲ ဖြစ်နေသည်ကို တွေ့လိုက်ရသည်။
သူလှမ်းကြည့်သောအခါ မလုံတလုံ ဝတ်စားထားသော အမျိုးသမီး နတ်ဆိုးကျင့်ကြံသူအုပ်စု ကို တွေ့ရလေသည်။ သူတို့၏ ကျက်သရေရှိသော ခန္ဓာ အပေါ်ပိုင်းမှာ မြေပြင်၌ လျှောတိုက်နေသည့် တောင့်တင်းခိုင်မာသော မြွေမြီးများနှင့် တွဲစပ်နေသည်။
ထိုအုပ်စုက ရှန်းလျိုရှန့်ကို မြင်သောအခါ ရှားပါးရတနာကို ခလုတ်တိုက်မိသကဲ့သို့ ပျော်ရွှင်သည့် အမူအရာများပေါ်လာသည်။
"အရမ်းချောတာပဲ...မယုံနိုင်စရာပဲ...အရမ်းချောတယ်..."
"သူအသွင်ယူထားတဲ့ လူပုံကို ကြည့်စမ်း... အလှလေးပဲ..."
"သူကဘာနတ်ဆိုး အမျိုးအစားလဲ...သူ့ရဲ့ အကြည့်တစ်ချက်က ငါ့နှလုံးသားထဲ ဖောက်ဝင်သွားသလိုပဲ..."
ရှန်းလျိုရှန့် မျက်တောင်ခတ်လိုက်သည်။သူက တည်ငြိမ်သော အမူအရာဖြင့် သူ့အကြောင်းဆူညံဆူညံပြောကာ မှတ်ချက်ပေးသည်ကို ခွင့်ပြုထားသည်။
ဘေးမှ ရှုရှင်းချန်၏ မျက်နှာမှာ အေးစက်နေလျက် ထိန်းချုပ်နိုင်ရန် ရုန်းကန်နေရသည်။ ရှန်းလျိုရှန့်၏ ကြော့ရှင်းချောမောမှုအား မြွေနတ်ဆိုးများက ချီးကျူးနေသည်ကို ကြားသောအခါ သူ၏ အမူအရာမှာ ပို၍ မှောင်မည်းလာသည်။
ယဉ်ကျေးမှုမရှိတဲ့ မြွေနတ်ဆိုးတွေ...
မျက်တောင်တစ်ခတ် အတွင်းမှာပင် မြို့ဝင်ပေါက်သို့ ရောက်ရှိလာကြသည်။
ညနက်အချိန်တွင် တောက်ပနေသော အနီရောင်အလံက မြို့ဝင်ပေါက်၏ အပေါ်၌ စိုက်ထူထားကာ လေထဲတွင် တလူလူ လွင့်နေသည်။ ခက်ထန်သက်ဝင်နေသာ ချီလင် တံဆိပ်ပတ်လည်တွင် တောက်ပသော မီးတောက်များကို အလံပေါ်တွင် တွေ့ရသည်။
ချီလင်မြို့ကို သတ္တမနတ်ဆိုးဘုရင်က အုပ်ချုပ်သည်။
မြို့ဝင်ပေါက်ရှေ့၌ အစောင့်များက တစ်ဖက်တစ်ချက်စီ ရပ်နေကာ အလယ်တွင် စားပွဲ တစ်လုံးချထားသည်။ မြို့သို့ ပထမဆုံးအကြိမ် ဝင်ရောက်မည့်သူတိုင်း ဤနေရာတွင် စာရင်းပေးကာ အသိအမှတ်ပြု အမှတ်အသား လက်ခံရပေမည်။
ကျန်းမြောင်မြောင်က အသိအမှတ်ပြုအမှတ်အသား ရှိပြီးဖြစ်သဖြင့် ခါးတွင် ချိတ်ဆွဲထားသည်။ သူက မြို့ထဲသို့ ဦးစွာဝင်ကာ အခြားတစ်ဖက်တွင် စောင့်နေသည်။ အစက လိုက်ပါလာသော မြွေနတ်ဆိုး အုပ်စုသည်လည်း ရှန်းလျိုရှန့် စာရင်းသွင်းသည်ကို စောင့်ကြည့်နေကြသည်။
တာဝန်ကျသော အစောင့်က ရှန်းလျိုရှန့်အား တွေ့သောအခါ မေးခွန်းမမေးမီ ခဏမျှ ရပ်တန့်သွားသည်။
"ကျင်ကြံဆင့် ဘယ်လောက်လဲ..."
ရှန်းလျိုရှန့်က ပြန်ဖြေလိုက်သည်။
"နှစ်တစ်ရာ..."
သူက ယုန်နတ်ဆိုးအဖြစ် ဟန်ဆောင်ထားကာ သာမန်နတ်ဆိုးများက လူအသွင်ပြောင်းနိုင်ရန် နှစ်တစ်ရာ လိုအပ်ပေသည်။
ရှန်းလျိုရှန့်က အခြားနတ်ဆိုး ကျင့်ကြံသူများကဲ့သို့ပင် သူ၏ အသွင်ကိုဖော်ပြလိုက်သည်။
ဖောက်ခနဲ မြည်သွားပြီးနောက် လူတိုင်းက စားပွဲပေါ်သို့ ကြည့်လိုက်ကြသည်။ ထိုနေရာတွင် အဖြူရောင် အမွေးဖွာဖွာလေးများဖြင့် ယုန်လေးတစ်ကောင်ရှိသည်။ ဝိုင်းစက်နေသော မျက်လုံးများက နီရဲတောက်ပနေကာ နှင်းဖြူရောင် နားရွက်များက လှုပ်ခတ်နေသည်။ ခေါင်းထိပ်ရှိ နူးညံသော အမွေးများကို အနီရောင်ကြိုးဖြင့်ချည်ထားကာ ထောင်မတ်နေသည်။
စိတ်အားထက်သန်စွာ စောင့်ဆိုင်းနေကြသော အမျိုးသမီးနတ်ဆိုးများမှာ စိတ်လှုပ်ရှားမှုကြောင့် ပေါက်ကွဲသွားသည်။
"ချစ်စရာလေးဟယ်...ချစ်ဖို့ကောင်းလိုက်တာ...ငါ အနာဂတ်မှာ ယုန်တွေကို ဘယ်တော့မှ မစားတော့ဘူး..."
ဘေးပတ်လည်ရှိ အခြားသူများ၏ အမူအရာမှာလည်း ပြောင်းလဲသွားသည်။ ရှန်းလျိုရှန့်ကလည်း လူအသွင်ကို ပြန်ပြောင်းလိုက်သည်။ အစောင့်က ယုန်အမှတ်အသားကို ထုတ်၍ အမည်ကိုမေးသည်။ ရှန်းလျိုရှန့် က 'ရှန်းယွီ' ဟုပြန်ဖြေလိုက်သည့်အခါ အစောင့်က 'ရှန်း' ဟူသော စကားလုံးကို အမှတ်အသားပေါ်တွင် ရိုက်နှိပ်လိုက်သည်။
ရှန်းလျိုရှန့်အား အမှတ်အသား မပေးခင်တွင် မုန်လာဥနီ သုံးလုံးကိုပင် ပေါင်းထည့်ပေးလိုက်သည်။
"ချီလင်မြို့ကနေ ကြိုဆိုပါတယ်..."
ရှန်းလျိုရှန့်က တအံတသြပင် လက်ခံလိုက်သည်။ ချီလင်မြို့သည် နတ်ဆိုးငယ်လေးများအတွက် သုခဘုံဖြစ်သည်ဟု ဆိုကြသည်မှာ အမှန်ဖြစ်ပုံရသည်။ မြို့သို့ဝင်သည့်အခါ အစားအစာကိုပင် ထောက်ပံပေး၍ နတ်ဆိုးများအတွက် အမှန်တကယ်ပင် စေတနာထားပုံရသည်။
ရှန်းလျိုရှန့်က ယုန်အမှတ်အသားကို ခါးတွင်ချိတ်ကာ ရှုရှင်းချန် စာရင်းသွင်းသည်ကို စောင့်ဆိုင်းနေသည်။ ထိုအချိန်တွင် ထွက်သွားရန်ပြင်နေသော နတ်ဆိုးအုပ်စု၏ တီးတိုးပြောသံကို ကြားလိုက်ရသည်။
"ဟ... ဟ...ဘယ်လိုတောင် ဘက်လိုက်တာလဲ...နှစ်တစ်ရာရှိတဲ့ ယုန်နတ်ဆိုးက မုန်လာဥနီ တစ်ခုပဲရသင့်တာလေ..."
"အဲ့ဒါ ဘာဖြစ်လဲ...ငါသာဆိုရင် မုန်လာဥနီ တစ်ခြင်းလုံးတောင်ပေးမိ မလားပဲ..."
"သူ မုန်လာဥနီ စားနေတယ်...အာ...မဖြစ်ဘူး...ငါတို့မြန်မြန်သွားရမယ်...မဟုတ်ရင် ဆွဲဆောင်ခံနေရမယ်..."
ပျင်းရိနေသော ရှန်းလျိုရှန့်က မုန်လာဥနီကို ကောက်ယူကာ တစ်ကိုက် ကိုက်လိုက်သည်။ ကောင်းမွန်ကြွပ်ရွကာ ချိုမြိန်နေသဖြင့် သူ မနေနိုင်ပဲ ထပ်ကာထပ်ကာ စားမိနေသည်။
ကျန်းမြောင်မြောင်က မျက်မှောင်ကြုတ်ကာ အသံနှိမ့်၍ ပြောသည်။
"မင်းသားလေး ကျွန်တော်တို့က လျှို့ဝှက်စုံစမ်းဖို့လာတာပါ...သိုသိုသိပ်သိပ်နေဖို့ လိုပါတယ်..."
ရှန်းလျိုရှန့်က မျက်ခုံးများကိုပင့်လျက် သူသည် လုံလောက်စွာပင် သိုသိုသိပ်သိပ်နေသည်ဟု ပြောရန်ပြင်လိုက်ရာ ဘေးပတ်လည်ရှိ အမျိုးသား ၊အမျိုးသမီး နတ်ဆိုးကျင့်ကြံသူ အမြာက်အများကို သတိပြုမိသွားသည်။ နတ်ဆိုးများက သူအား ပွင့်ပွင့်လင်းလင်း စိုက်ကြည့်နေကြသည်များရှိကာ ရှက်ရွံ့စွာ ခိုးကြည့်နေကြသည်ပင်ရှိလေသည်။
"....."
ရုပ်ချောရတာကလဲ တကယ့်ကို စိတ်အနှောင့်အယှက်ဖြစ်စေတာပဲ...
နတ်ဆိုးများက အနည်းငယ်ချဲ့ကားပြောတတ်ကြပေသည်။ရှုရှင်းချန် ကျားအမှတ်အသားကို လက်ခံပြီးနောက် သူတို့ သုံးယောက် မြို့ထဲသို့ ဝင်ရောက်လာကြသည်။အနည်းငယ်အကြာတွင် သူတို့ဆီသို့ အလျင်အမြန်ဦးတည်လာသော လူငယ်လေးတစ်ယောက်အား တွေ့လိုက်ရသည်။
"မင်းသားလေးတို့နှစ်ယောက်ကို နှုတ်ဆက်ပါတယ်..."
ကျန်းမြောင်မြောင်က မိတ်ဆက်ပေးသည်။
"ဒါက ကျင်းရှောင်ကျို့လေ..."
ရှန်းလျိုရှန့်က ရုတ်တရက်မှတ်မိသွားပြီး လူငယ်လေး၏ ပုခုံးကို ပုတ်လိုက်သည်။
"လောင်ကျို့က သူ့ရဲ့မြေးတစ်ယောက် နတ်ဆိုးနယ်မြေမှာ ရှိတယ်လို့ ပြောဖူးတယ်..."
ကျင်းရှောင်ကျို့က ကိုယ်ကိုနောက်သို့ယို့လိုက်သည်။ ချောမောလှပသော မျက်နှာလေးမှာ နီးကပ်နေကာ အလွန်သိမ်မွေ့သော ဇာမဏီမျက်လုံးများက သူ့အား စိုက်ကြည့်နေကြသည်။ သူ၏ ပါးများက သတိမမူမိစွာ အနီရောင်သန်းလာသည်။
ကျင်းရှောင်ကျို့က အလျင်အမြန်ပင် အကြည့်လွဲကာ ဘေးပတ်လည်သို့ ကြည့်လိုက်သည်။ လူအများ၏ မျက်လုံးများက ရှန်းလျိုရှန့်ဆီသို့ ရောက်နေသည်ကို တွေ့လိုက်ရသဖြင့် အကြံပေးလိုက်သည်။
"မင်းသားလေးတို့ နားနေဆောင်ကို အရင်သွားရအောင်..."
ရှန်းလျိုရှန့်က မီးအိမ်များဖြင့် အလှဆင်ထားသည့် လမ်းမကို ကြည့်လိုက်သည်။ လမ်းမတစ်လျှောက်ရှိ စားသောက်ဆိုင်များမှ လေနှင့်အတူပါလာသော ရနံများက ရှန်းလျိုရှန့်အား သရေယိုစေသည်။
သူက မေးလိုက်သည်။
"ငါတို့ အရင်စားလို့မရဘူးလား..."
အသားမစားရတာ ခုနစ်နှစ်တောင်ရှိနေပြီ...
ကျင်းရှောင်ကျို့ နှင့် ကျန်းမြောင်မြောင်က အာရုံစိုက်ခံရမှု မြင့်တက်လာသည်ကို သတိပြုမိသောအခါ အနေခက်စွာပင် စကားပြောခြင်းကို ရပ်တန့်လိုက်သည်။ ရှုရှင်းချန်က မျက်မှောင်ကြုတ်ကာရှန်းလျိုရှန့်ကို ပြတ်ပြတ်သားသားပင် ဆွဲခေါ်သွားသည်။
" တည်းခိုဆောင်ကို အရင်သွားရအောင်..."
သူတို့အုပ်စု ထွက်ခွာပြီးနောက် လမ်းပေါ်ရှိ နတ်ဆိုးကျင့်ကြံသူများက လှည့်မကြည့်ပဲ မနေနိုင်ခဲ့ပေ။အကြည့်များက ထွက်ခွာသွားသည့် ပုံရိပ်များနောက်သို့ လိုက်ပါသွားကြသည်။
"ငါ့ဘဝမှာ ဒီလောက်ချောတဲ့သူ တစ်ခါမှ မမြင်ဖူးဘူး..."
"သူ့ရဲ့ ခါးကို ကြည့်လိုက်...သူက ယုန်နတ်ဆိုးပဲ...မုန်လာဥနီတောင် ကိုင်ထားသေးတယ်..."
"သူ့မျက်ခုံး မျက်လုံးတွေက အရမ်းဆွဲဆောင်မှုရှိတာပဲ...ငါသူ့ကိုပေးဖို့ မုန်လာဥနီ ဝယ်ချင်တယ်...ဝံပုလွေနဲ့ ယုန်က သဘာဝအရ လိုက်ဖက်တဲ့ အတွဲတွေပဲ..."
တည်းခိုဆောင်သို့ရောက်ချိန်၌ ရှုရှင်းချန်က ပဟေဠိဖြစ်စွာ ရှန်းလျိုရှန့်မျက်နှာကို ညွှန်ပြလျက် ကျင်းရှောင်ကျို့ကို မေးသည်။
"မင်းကရော ဘာလို့ ရှက်သွေးဖြာနေတာတုန်း...မင်းတို့နတ်ဆိုးငယ်လေးတွေက လောကကြီးကို တစ်ခါမှ မမြင်ဖူးကြဘူးလား..."
ကျင်းရှောင်ကျို့က ရှက်ရွံ့စွာ ခေါင်းငုံ့ထား၍ ဝတ်ရုံလက်ကို တင်းတင်း ဆုပ်ကိုင်ထားသည်။ ခဏအကြာမှ တိုးညှင်းစွာ ပြောသည်။
" မင်းသားလေးက အရမ်းချောတာကိုး..."
အမှန်မှာ နတ်ဆိုးများသည် သန့်စင်ကြော့ရှင်းသော မသေမျိုးကဲ့သို့ ပုံစံကို များသောအားဖြင့် သဘောမကျ ကြပေ။ရှန်းလျိုရှန့်ကဲ့သို့ နှစ်သက် ကြည်နူးဖွယ်အသွင်ကိုသာ ပို၍ သဘောကျကြသည်။
ရှန်းလျိုရှန့်၏ ညှို့ယူဖမ်းစားနိုင်သောဇာမဏီ မျက်ဝန်းများ ၊ အနည်းငယ် ကော့တက်နေသော မျက်ခမ်းထောင့်များနှင့် ရင်သပ်ရှုမောဖွယ် သွင်ပြင်မှာ နတ်ဆိုးများကို ရိုးရှင်းစွာပင် ဆွဲဆောင်နိုင်လေသည်။
စွမ်းအားကြီးနတ်ဆိုးများက ခုခံနိုင်သော်လည်း နတ်ဆိုးငယ်များအတွက်မူ မည်သူမျှ ကောင်းကင်ဘုံ၏ အံသြဖွယ်ရာလေးကို မငြင်းဆန်နိုင်ချေ။
ကျင်းရှောင်ကျို့၏ ထစ်ထစ်ငေါ့ငေါ့ ရှင်းပြချက်မှတစ်ဆင့် ရှန်းလျိူရှန့်က မူလဇာတ်ကြောင်းသို့ အတွေးရောက်သွားသည်။
နတ်ဆိုးအများစုက စုပိုင်ချယ့်ရဲ့ ဖြူစင်နူးညံ့တဲ့ အလှကို သဘောမကျတာများလား...
ဤအတွေးက သူ့ကို အူမြူးစေသည်။
နားနေဆောင်တွင် အနားယူပြီးနောက် ရှန်းလျိုရှန့်က အပြင်ထွက်ပြီး လမ်းမထက်၌ စူးစမ်းလိုသော ဆန္ဒကို မခုခံနိုင်တော့ပေ။
နတ်ဆိုးနယ်မြေကို ရောက်လာပြီးမှ အခန်းမှာပဲ နေရမယ်ဆိုတာ မဟုတ်သေးပါဘူး...
သို့သော်ငြား အခြားသူများက ခိုင်မာစွာပင် တားမြစ်လေသည်။
ကျန်းမြောင်မြောင်က မျက်မှောင်ကြုတ်ကာ ထပ်လောင်းပြောဆိုလာသည်။
" မင်းသားလေး ကျွန်တော်တို့ သတ္တမနတ်ဆိုးဘုရင်ရဲ့ အာရုံကို မဆွဲဆောင်သင့်ပါဘူး..."
ရှုရှင်းချန်က လှောင်ပြောင်လိုက်ကာ မကြုံစဖူးကောင်းမွန်သည့် သဘောထားကို ဖော်ပြလာသည်။
" ခင်ဗျား အခန်းထဲမှာ နေခဲ့...ငါမင်းအတွက် မျက်နှာဖုံးသွားယူလိုက်ဦးမယ်..."
ရှန်းလျိုရှန့်က အကူအညီမဲ့စွာ သက်ပြင်းချပြီးနောက် အခန်းအတွင်းသို့ အင်တင်တင်ဖြင့် ဝင်သွားသည်။ ယာယီတည်းခိုဆောင်တွင် အထပ်ပေါင်းများစွာရှိကာ ဒုတိယထပ်တွင် ရှန်းလျိုရှန့်က နေသည်။ လက်ဖက်ရည်ကြမ်း တစ်ငုံစာမျှ သောက်ပြီးနောက်တွင် ကျောက်စိမ်းပြားကိုယူ၍ ဝိညာဥ်စွမ်းအား အနည်းငယ်ထည့်လိုက်သည်။
ကျောက်စိမ်းပြားမှ အလင်းရောင် ခပ်မှိန်မှိန်လေး ထုတ်လွှတ်လာသည်။
ကျိုးရွှမ်လန်၏ အသံက ထိုမှတစ်ဆင့်ထွက်ပေါ်လာသည်။
"ရှစ်စွမ်း နတ်ဆိုးနယ်မြေကို ရောက်ပြီလား..."
ရှန်းလျိုရှန့်က တုန့်ပြန်လိုက်သည်။
"ဟုတ်တယ်..."
ကျောက်စိမ်းတစ်ဖက်တွင် တစ်စုံတစ်ခုကို အာရုံခံနေပုံဖြ
င့် ခဏမျှ တိတ်ဆိတ်သွားသည်။ ရှန်းလျိုရှန့်အား 'ဘယ်မှာရှိနေလဲ' ဟု မေးရမည့်အစား ကျိုးရွှမ်လန်က ညင်သာစွာ ရယ်မောလိုက်သည်။
"ကျွန်တော် ရှစ်စွမ်းကို လာရှာမယ်..."
ရှန်းလျိုရှန့်က မသိမသာ မျက်ခုံးပင့်လိုက်မိသည်။