ခြေဆင်းပဏာမ
Viewers 37k

ခြေဆင်းပဏာမ

မုကျင်က လှပတဲ့အိပ်မက်လေးတစ်ခု မက်နေခဲ့ပါတယ်။

ကောင်းကင်ကြီးကကြည်လင်တောက်ပနေခဲ့ပြီး တိမ်စိုင်ဖြူတွေက အပြာရောင်မိုးသားနောက်ခံမှာလွင့်မျောနေခဲ့တယ်။ လေထုထဲမှာက စံပယ်ပန်းရနံ့သင်းပျံ့ပျံ့ လွင့်ပျံနေခဲ့ပြီး ရှုရှိုက်ရသူရဲ့ရင်ထဲကို ပျော်ရွှင်ကြည်နူးစေပါတယ်။ မုကျင်အတွက်တော့ သစ်ရွက်တွေကြားထဲကနေ ထိုးကျလာတဲ့ နေစက်နေပြောက်တွေက အချိန်အတော်ကြာပျောက်ဆုံးနေခဲ့တဲ့နွေးထွေးမှုတွေကို ပြန်လည်ရရှိလိုက်သလိုပါပဲ။

ရေးရေးကလေးနဲ့ သစ်လွင်လတ်ဆတ်တယ်၊ နေရောင်ခြည်ရဲ့ရနံ့အတိုင်းပဲ။ လေထုထဲကရနံ့တွေက သူ့ရဲ့မတည်မငြိမ်ဖြစ်နေတဲ့ စိတ်နှလုံးကို အေးချမ်းလာစေတယ်။ ဘယ်သူ့မွှေးရနံ့ပါလိမ့်။ သိပ်ကိုရင်းနှီးလွန်းတယ်၊ သိပ်ကိုနှစ်သက်လွန်းတယ်၊ ဘယ်တော့မှ လက်မလွှတ်ချင်လောက်အောင်….

မုကျင်က သူ့ဘေးနားကလူရဲ့ ရင်းနှီးလှတဲ့မွှေးရနံ့ကို ရှူရှိုက်လိုက်ပါတယ်။ သူက အိပ်ပျော်နေဆဲအခြေအနေမှာ…။ ဒါပေမယ့် ခါတိုင်းလိုအေးစက်မှုတွေလည်းမရှိဘဲ နွေးထွေးနေခဲ့တယ်။ သူက ဘေးနားကလူကို လက်နှစ်ဖက်လုံးနဲ့ တင်းတင်းကျပ်ကျပ်ဖက်ထားတယ်။ လက်လွှတ်လိုက်ရင်ဖြင့် ပျောက်ဆုံးသွားတော့မယ့်အလား ထင်မှတ်မှားလို့ပေါ့။

…..

အမည်ခံသက်သက် သူ့ရဲ့ပိုင်ဆိုင်မှုသာဖြစ်တဲ့ ဒီအိုမီဂါလေးကိုကြည့်ပြီး သူ့နှုတ်ခမ်းတွေထက်မှာ အပြုံးတစ်ခုဖြစ်ထွန်းလာပါတယ်။ လုံးဝကိုအိပ်ပျော်နေလိုက်တာ… ကြည့်ပါဦး။ ကောင်းထျန်းချန်ရဲ့မျက်ခုံးတန်းနှစ်ခု တွန့်ချိုးသွားခဲ့ပြီး နှလုံးသားကတော့ ရှုပ်ထွေးမှုပေါင်းများစွာနဲ့ပြည့်နေခဲ့တယ်။

သိပ်ကိုတူလွန်းတယ်။ အိပ်ရာပေါ်က ကြမ်းတမ်းတဲ့အခြေအနေတွေပြီးဆုံးတိုင်းမှာ မုကျင်က အေးစက်စက်အထီးကျန်တဲ့ သူ့ရဲ့အပေါ်ယံအခွံကို ခွာချလိုက်ပြီး အပူပင်ကင်းမဲ့စွာ အိပ်ပျော်နေလေ့ရှိတယ်။ အိပ်ပျော်နေတဲ့ပုံစံလေးက သူ့နှလုံးသားထဲကအဲဒိလူနဲ့ သိပ်ကိုတူလွန်းပါတယ်။ အဲဒိလူလေ… သူ ဘယ်တော့မှ ထိတွေ့ခွင့်မရနိုင်တော့တဲ့လူ၊ သူ ဘယ်တော့မှ စဉ်းစားခွင့်မရှိနိုင်တော့တဲ့လူ….

အကယ်၍ ရှောင်ကျယ်သာ အသက်ရှင်လျက်ရှိသေးမယ်ဆိုရင် ကမ္ဘာပေါ်မှာအပျော်ဆုံးလူသား သူပဲ ဖြစ်လိမ့်မယ်။ 

ကောင်းထျန်းချန်က ခါးသီးခြင်းအပြည့်နဲ့ တွေးတောနေမိပါတယ်။

အကယ်၍ ရှောင်ကျယ်သာ အသက်ရှင်လျက်ရှိသေးမယ်ဆိုရင် သူ့မှာ ဖြူစင်တဲ့ကလေးဘဝကစားဖော်နှစ်ယောက်ရဲ့ အချစ်စစ်ဆိုတာမျိုးတွေရှိလာလိမ့်မယ်။ ရှောင်ကျယ်အရွယ်ရောက်တဲ့နေ့မှာ တယုတယနဲ့နူးနူးညံ့ညံ့လေး ဂရုစိုက်ပေးမယ်။ ဘဝတစ်သက်တာလက်တွဲဖော်အဖြစ်သစ္စာရှိပါ့မယ်ဆိုတဲ့အကြောင်းကို ကြီးကျယ်ခမ်းနားတဲ့ဘုရားကျောင်းကြီးထဲမှာ အနမ်းဖွဖွလေးပေးပြီးကတိကဝတ်ပြုမယ်။ အဲဒိအချိန်မှာ နေရောင်ခြည်က ဘုရားကျောင်းရဲ့မှန်ကူကွက်တွေကတဆင့် ရှောင်ကျယ်ရဲ့သိမ်မွေ့လှပတဲ့မျက်နှာလေးပေါ်မှာ ကျရောက်နေလိမ့်မယ်။ သူ့တစ်ယောက်တည်းအတွက်ပဲ နတ်သက်ကြွေလာသလားလို့ ထင်မှတ်မှားရတဲ့နတ်သားကလေးကိုလေ။

“ဟင်း…” အသံတိုးတိုးလေးတစ်ခုက ကောင်းထျန်းချန်ရဲ့အတွေးတွေကို ဝင်ရောက်နှောင့်ယှက်တယ်။ 

မုကျင်က သူ့ရဲ့လေးလံနေတဲ့မျက်ခွံတွေကိုဖွင့်လိုက်ပါတယ်။ သူ့မျက်ဝန်းထဲဝင်လာတာက သူ့ရှေ့ကအယ်လ်ဖာရဲ့ တည်ကြည်ခက်ထန်တဲ့ မျက်နှာအစိတ်အပိုင်းတွေ။ ဥပေက္ခာပြုခြင်းတွေဖုံးလွှမ်းနေတဲ့ အဲဒိမျက်နှာအစိတ်အပိုင်းတွေ….

ဒါပေမယ့် မုကျင်ကတော့ စိုးရိမ်ပူပန်မနေတော့ဘူး။ သူနဲ့မျက်နှာချင်းဆိုင်လိုက်တိုင်းမှာ ကောင်းထျန်းချန်ရဲ့အမူအရာက အမြဲလိုလိုအဲဒိအတိုင်းပဲ ဖြစ်နေတတ်တယ်။ ဒါက အိမ်မှာနေ့တိုင်းတွေ့နေရတဲ့ သာမန်အခြေအနေမှာပဲဖြစ်ဖြစ်၊ သူ့ရဲ့လိင်စိတ်ထကြွတဲ့အခြေအနေမျိုးမှာ အလုပ်သဘောအရဆက်ဆံနေတာမျိုးပဲဖြစ်ဖြစ်၊ ယုတ်စွအဆုံး သူ့ကိုယ်ထဲထုတ်လွှတ်နေတဲ့အချိန်မျိုးမှာတောင် အဲဒိမျက်နှာပေါ်မှာ ခံစားချက်မြူမှုန် တစ်စုံတစ်ရာတောင် တွေ့ရမှာမဟုတ်ပါဘူး။ 

သူက လက်တွေကိုမြှောက်လို့ ထလိုက်တဲ့အချိန်မှာ ကလူ၏သို့မြူ၏သို့ပုံစံလေးနဲ့ အိပ်ပျော်နေမိမှန်း သူ့ကိုယ်သူသိသွားခဲ့တယ်။ ကြည့်ရတာ သူ သူ့ကို တစ်ညလုံးဖက်ထားလိုက်မိပုံရတယ်။ မုကျင်ရဲ့မျက်နှာက နီရဲသွားခဲ့ပြီး ရှက်ရွံ့မှုတွေနဲ့အတူ လက်နောက်ပြန်ဆုတ်လိုက်မိတယ်။

သူနိုးလာတာကိုမြင်တဲ့ကောင်းထျန်းချန်က ကုတင်ပေါ်ကထကာ ဆိုဖာပေါ်မှာသပ်သပ်ရပ်ရပ်ခေါက်ထားတဲ့ အဝတ်အစားတွေကိုလှမ်းယူလိုက်ပြီး အိုမီဂါကိုနောက်ကျောပေးရင်းနဲ့ ပြန်ဝတ်နေတယ်။ 

ရှည်လျားကျယ်ဝန်းတဲ့ပုခုံးပေါ်မှာက သူတို့နှစ်ယောက်ချစ်ရည်လူးစဉ်ကအမှတ်အသားအဖြစ် မထင်မရှားလက်သည်းရာတွေရှိတယ်။ နေ့ညခွဲခြားမသိခဲ့တဲ့ ပြီးခဲ့တဲ့ရက်ပိုင်းတွေအကြောင်းကို ပြန်စဉ်းစားမိတဲ့အခါ မုကျင်ရဲ့မျက်နှာက ပိုပြီးနီလာပါတယ်။ သူက စောင်ကိုဆွဲလို့ တစ်ဖက်ကိုလှည့်ပြီးအိပ်လိုက်ပါတယ်။

“ဒီရက်ပိုင်း မင်းနဲ့အတူနေပေးလိုက်လို့ ကုမ်ပဏီမှာ ကိစ္စတွေစုပုံသွားတယ်” ကောင်းထျန်းချန်က အလုပ်အကြောင်းရှင်းပြသလို ပြောလည်းပြောရင်း ဘေးနားကလက်ဆွဲအိတ်ကိုကောက်ကိုင်လိုက်တယ်။ “အချိန်တစ်ခုအထိတော့ ငါအိမ်ပြန်လာမှာမဟုတ်ဘူး၊ မင်း ပင်ပန်းနေရင် အန်တီချန်ကိုပြုစုခိုင်းပြီး ကောင်းကောင်းအနားယူနေ” သူက နောက်ကိုလှည့်မကြည့်ဘဲ တံခါးဆီကိုလျှောက်သွားပါတယ်။

ဘန်းခနဲပိတ်သွားတဲ့ တံခါးရဲ့အသံက မုကျင့်ရဲ့နှလုံးသားကို ရိုက်ခတ်သွားခဲ့တယ်။ အေးမြပြီးမွှေးပျံ့တဲ့ နေရောင်ခြည်လိုရနံ့တွေလည်း လေထဲကနေ ပျောက်ကွယ်သွားလေရဲ့။

လိင်စိတ်ထကြွတဲ့ ကာလအပိုင်းအခြားတွေမှာ သူတို့နှစ်ယောက်အတွက် သက်တောင့်သက်သာရှိပြီး လွယ်ကူချောမွေ့စေဖို့ အိမ်တော်ထိန်းဖြစ်သူ ချန်ဟောင်က အိမ်မှာနေလေ့မရှိဘူး။ ကောင်းထျန်းချန်ထွက်သွားတဲ့အခါ ဒီကြီးမားလှတဲ့အိမ်ကြီးက စွန့်ပစ်ခံအိမ်ကြီးတစ်လုံးလိုဖြစ်သွားခဲ့တယ်။ လျှပ်စစ်မီးတွေမဖွင့်ထားတဲ့အိမ်က နေရာအနှံ့လေအေးတွေပြည့်နှက်နေပြီး အသက်မရှိသယောင် အထီးကျန်နေခဲ့တယ်။ အေးစက်စက်ပရိဘောဂတွေနဲ့ ငြိမ်သက်နေတဲ့လေထုက သူ့နှလုံးသားကို ဝါးမြိုနေခဲ့ပါတယ်။

သူက ခြုံထားတဲ့စောင်ကို ခပ်တင်းတင်းရစ်ပတ်လိုက်ပါတယ်။ ခန္ဓာကိုယ်ရဲ့အေးစက်မှုတွေက နှလုံးသားထိတိုင်အောင် ကူးစက်သွားခဲ့လို့ပေါ့။ သူ့ရဲ့အယ်လ်ဖာက သူ့ကို တစ်ယောက်တည်းပစ်ထားခဲ့ပြန်ပြီလေ။

သူ့ရဲ့လိင်စိတ်နိုးကြွတဲ့အချိန်တွေတိုင်းမှာ ကောင်းထျန်းချန်က အလုပ်ကိစ္စတစ်ရပ်လိုပဲ ပြုမူလေ့ရှိတယ်။ ချစ်သူတစ်ယောက်မှာရှိသင့်တဲ့ နူးညံ့မှုတွေလည်းမရှိ၊ စဉ်းစားတွေးတောပေးမှုတွေလည်း မရှိဘဲနဲ့ပေါ့။ ခံစားချက်မဲ့နေတဲ့ သူ့မျက်နှာက မုကျင်ရဲ့လောင်မြိုက်နေတဲ့ခံစားချက်တွေထဲ လောင်းထည့်လိုက်တဲ့ရေအေးအေးတစ်ခရားလိုပဲ၊ စိတ်ဆန္ဒတွေကို မရပ်တန့်နိုင်တော့လောက်အောင်ဖြစ်စေတယ်။ ချစ်ရသူရဲ့ထွေးပိုက်မှုကိုခံရတဲ့အချိန်မှာ မုကျင်ရဲ့နှလုံးသားလေးလည်း နောက်တစ်ကြိမ်ပျော်ဝင်ရတော့တာပါပဲ။

သူက အယ်လ်ဖာရဲ့ရနံ့တွေစွဲထင်ကျန်ရစ်နေတဲ့ခေါင်းအုံးကို လှမ်းယူလိုက်ပြီး သူ့လက်မောင်းထဲမှာ ဖက်ထားတယ်။ ခေါင်းအုံးထက်က ရင်းနှီးလှတဲ့မွှေးရနံ့တွေကိုရှူရှိုက်နေတုန်းမှာတော့ ပူနွေးနွေးမျက်ရည်တစ်စက် သူ့မျက်လုံးထောင့်စွန်းကနေ ထွက်ကျလာခဲ့ပြီး အိပ်ရာခင်းထက်မှာ ရေကွက်လေးတစ်ကွက်အဖြစ် တိတ်တဆိတ်စွန်းထင်းသွားခဲ့ပါတယ်။

……………..