(1)
Viewers 37k

S မြို့တော်က ကြွယ်ဝချမ်းသာခြင်းဆိုတဲ့စကားနဲ့ အမြဲတစေဒွန်တွဲနေပါတယ်။

ဧည့်ခံပွဲတွေ၊ အပျော်ရှာပါတီပွဲတွေ၊ ပြည့်သိပ်ကျပ်ညပ်နေတဲ့ကားတွေနဲ့ ဒီရေလှိုင်းလုံးတွေလို ယောက်ယက်ခတ်သွားလာနေကြတဲ့လူတွေ၊ တဖြတ်ဖြတ်တောက်ပနေတဲ့နီယွန်မီးသီးတွေနဲ့ လှပတဲ့ညမြင်ကွင်းတွေက မြို့တော်ရဲ့နေရာအနှံ့မှာ လက်ညှိုးထိုးမလွဲအောင် ပျားပန်းခတ်နေပါတယ်။

S မြို့တော်မှာတော့ ကောင်းမိသားစုနဲ့မုမိသားစုက လူသိများထင်ရှားတဲ့ စီးပွားရေးလုပ်ငန်းပိုင်ရှင်တွေဖြစ်တယ်။ ဒီစွဲမက်စရာကောင်းတဲ့မြို့တော်မှာ အိမ်ခြံမြေလုပ်ငန်းရဲ့လေးပုံတစ်ပုံက ကောင်းမိသားစုလက်အောက်မှာရှိပြီး မုမျိုးနွယ်တွေကတော့ အကြီးစားကျောက်မျက်လုပ်ငန်းပိုင်ရှင်တွေဖြစ်ကြတယ်။ ချမ်းသာမှုဆိုတာ ချိုးမကုန်နိုင်တဲ့ရေတွေလိုပဲလို့ပြောရင်တောင် မလွန်ပါဘူး။

ဒါပေမယ့် ကောင်းချီးပေးခံရပြီးပျော်ရွှင်ရတဲ့အရာအားလုံးက အညှာတာကင်းမဲ့တဲ့ ကံကြမ္မာအောက်မှာ တစ်စစီပျက်သုဉ်းကုန်ခဲ့တယ်။

ကောင်းမိသားစုက အသက်ကြီးမှ ကလေးတစ်ယောက်ရခဲ့တယ်။ ကလေးမွေးတဲ့အချိန်မှာ ဇနီးသည်က အသက်(၃၈)နှစ်သာရှိသေးပေမယ့်လည်း အလွန်အမင်းသွေးသွန်တဲ့ဒဏ်ကို ခံစားခဲ့ရတယ်။ ကောင်းသခင်ကြီးက မြို့တော်ကအတော်ဆုံးဆရာဝန်တွေခေါ်ပြီး ကယ်တင်ဖို့ကြိုးစားပေမယ့်လည်း နောက်ဆုံးမှာ အသက်တစ်ချောင်းကိုစွန့်လွှတ်လိုက်ရပြီး အယ်လ်ဖာသားတစ်ယောက်သာကျန်ရှိခဲ့တယ်။

ဇနီးကိုဆုံးရှုံးခဲ့တဲ့ကောင်းသခင်ကြီးက တစ်ဦးတည်းသောသားဖြစ်သူကို အသက်တမျှချစ်မြတ်နိုးပါတယ်။ ကလေးကို ထျန်းချန်လို့ကင်ပွန်းတပ်ပြီး ကိုယ်ပိုင်နှလုံးသားအသွေးအသားလို တန်ဖိုးထားတယ်။ ဆက်ခံသူတစ်ယောက်ဖြစ်လာစေဖို့ ရှိရှိသမျှပုံအောပြီး အနုစိတ်လေ့ကျင့်သင်ကြားပေးခဲ့ပါတယ်။

ကောင်းထျန်းချန်ကလည်း အဖေဖြစ်သူကို စိတ်မပျက်စေခဲ့ဘူး။ ကလေးဘဝကတည်းက ဉာဏ်ပညာနဲ့ပြည့်စုံပြီး သွက်လက်ထက်မြက်တယ်။ အမျှော်အမြင်ရှိပြီး ပါးနပ်တယ်။ သူ ပြုလုပ်သမျှဆောင်ရွက်မှုတွေတိုင်းကလည်း တာဝန်ယူမှု၊ တာဝန်ခံမှုရဲ့ ပြယုဒ်တွေ ဖြစ်လို့နေပြီး အများရှေ့မှာ အမြဲတစေတည်ကြည်လေးနက်နေခဲ့တာပေါ့။

အဲ…လူတစ်ယောက်ကိုတော့ ချွင်းချက်အနေနဲ့ထားပါရစေ။ ကောင်းထျန်းချန်က အဲဒိလူရှေ့မှာ သူ့အပြုံးကိုပြသဖို့ ဘယ်တုန်းကမှဝန်မလေးခဲ့ဘူး။

မုမိသားစုရဲ့ဒုတိယမြောက်သား မုကျယ်ဟာဆိုရင်ဖြင့် ဖြူဖွေးတဲ့မျက်နှာလေးပေါ်မှာ လှပတဲ့ပါးချိုင့်လေးနှစ်ခုနှင့်အတူ မွေးဖွားလာခဲ့သူဖြစ်ပါတယ်။ သူက ဘယ်သူ့ကိုမဆို ပြုံးပြတတ်တယ်။ ကြယ်တွေလိုတောက်ပတဲ့မျက်ဝန်းကြီးကြီးတစ်စုံပိုင်ရှင်က နတ်သူငယ်လေးတစ်ပါးလို အချိန်တိုင်းမှာ လှပချစ်စရာကောင်းပြီး အသက်ဝင်နေခဲ့ပါတယ်။ 

သူ့လိုအိုမီဂါတစ်ယောက်ကို ကောင်းထျန်းချန် ပထမဦးဆုံးအကြိမ်တွေ့လိုက်ကတည်းက ဘယ်တော့မှမေ့မရတော့ဘူး။

ကောင်းထျန်းချန် ရှစ်နှစ်သားအရွယ် မုအိမ်တော်ကိုလာလည်ခဲ့တဲ့ပထမဦးဆုံးအချိန်ကတည်းက သူက လူကြီးလေးတစ်ယောက်လို နေထိုင်ပြုမူတတ်နေပြီ။ ဒါပေမယ့် သူက ငါးနှစ်သားလေးမုကျယ်နောက်ကိုတော့ ဘယ်သွားသွားလျှောက်လိုက်ခဲ့ပါတယ်။

မုကျယ်ကလည်း စိတ်မဆိုးဘူး။ ကျောက်စိမ်းလိုမျက်လုံးရွဲကြီးတွေနဲ့ပဲ ကောင်းထျန်းချန်ကိုကြည့်တယ်။ ဆန်းစသော်တာလခြမ်းကွေးလေးလို နှုတ်ခမ်းပါးလေးကလည်း ပြုံးနေခဲ့တယ်။ သူတို့နှစ်ယောက်က တစ်ယောက်လက်ကိုတစ်ယောက်ဆွဲလို့ ခြံဝန်းထဲမှာပြေးလွှားဆော့ကစားခဲ့ကြတယ်။ မွေးထားတဲ့ရွှေရောင်ခွေးကြီးကလည်း လျှာကြီးတန်းလန်းတန်းလန်းနဲ့ သူတို့နှစ်ယောက်နောက်ကိုပြေးလိုက်ပြီး လုံးထွေးသတ်ပုတ်နေကြကာ မျက်နှာတွေပေါ်မှာလည်း တံတွေးတွေနဲ့ရွှဲကုန်တယ်။

လေထုထဲမှာ ရယ်မောသံတွေနဲ့ပြည့်နှက်နေခဲ့တယ်။ နေရောင်ခြည်က မြက်ခင်းပေါ်မှာကျရောက်နေခဲ့ပြီး ကလေးလေးနှစ်ယောက်ရဲ့ပုံသဏ္ဍာန်ကို အပြည့်အဝပုံဖော်ပေးခဲ့တယ်။ မြင်ကွင်းက သိပ်ကို အေးချမ်းပြီးလှပပါတယ်။

မုအိမ်တော်ရဲ့သုံးလွှာမှာ ကြီးမားပြီးမှောင်မည်းနေတဲ့အခန်းတစ်ခုရှိပါတယ်။ အခန်းထဲကပြတင်းပေါက်ရဲ့ရှေ့မှာတော့ သေးသေးသွယ်သွယ်အရာလေးတစ်ခုက မတ်တပ်ရပ်နေခဲ့ပြီး နေရောင်ထဲကပြေးလွှားနေတဲ့နှစ်ယောက်ကို စူးစူးစိုက်စိုက်ကြည့်နေခဲ့တယ်။

(၇)နှစ်သားအရွယ်မုကျင်ကပြတင်းပေါက်ရှေ့မှာ မတ်တပ်ရပ်နေခဲ့ပြီး အမွှေးဖွားတယ်ဒီရုပ်ကို လက်ထဲကိုင်ထားခဲ့တယ်။ အရုပ်ရဲ့အမွှေးတွေကို သူ့လက်သေးသေးလေးနဲ့ ညှစ်ထားလို့လည်း လက်ဖဝါးတစ်ခုလုံးချွေးတွေရွှဲနေပြီ။ 

သက်တူရွယ်တူကလေးတွေနဲ့ယှဉ်လိုက်ရင် မုကျင်မှာက မိန်းကလေးတွေလိုသေးသွယ်တဲ့ ကိုယ်ခန္ဓာတည်ဆောက်ပုံရှိပြီး အသားအရေကလည်း နေရောင်ခြည်နဲ့ ဘယ်တုန်းကမှ မထိတွေ့ဖူးသလို ဖြူဖျော့လွန်းလှပါတယ်။

သူ သိတတ်တဲ့အရွယ်ကတည်းက သူတို့မိသားစုမှာ မိုးလင်းမိုးချုပ် အိမ်ပြန်မလာတတ်တဲ့ အလုပ်အရမ်းများတဲ့အဖေတစ်ယောက်ရှိတယ်။ နောက်ပြီး သူ့အဖေပြန်အလာကို တိတ်တဆိတ်စောင့်နေတတ်တဲ့အမေလည်းရှိတယ်။ နှုတ်ဆိတ်ပြီး ခိုင်းသမျှသာလုပ်တတ်တဲ့ စက်ရုပ်လိုအစေခံတွေလည်းရှိတယ်။

ကြီးမားကျယ်ဝန်းပြီး လူတစ်ယောက်မှမရှိတဲ့ခြံဝန်းကြီးက သက်ဝင်လှုပ်ရှားနေတဲ့မြို့တော်မှာတော့ သုသာန်တစပြင်လိုပဲ ချောက်ကပ်နေခဲ့တယ်။ ပြင်ပလောကရဲ့ဖျတ်လတ်တက်ကြွခြင်းတွေကိုတော့ ဘယ်တော့မှယှဉ်လို့မရနိုင်ခဲ့ဘူး။

မုကျင်မှာ အဖော်ပြုပေးမယ့်လူမရှိခဲ့ဘူး။ သူက အရုပ်တွေနဲ့သာဆော့ကစားခဲ့ရတယ်။ ကြီးမားတဲ့အခန်းကြီးမှာ သူတန်ဖိုးထားရတဲ့အရုပ်တွေနဲ့ပဲ ပြည့်နှက်နေခဲ့တယ်။ ဘယ်သူသိမှာလဲ။ သူ တစ်ယောက်တည်းရှိနေချိန်မှာတော့ နည်းနည်းလေးပြုံးကောင်းပြုံးခဲ့မှာပေါ့။

အဲဒိမတော်တဆဖြစ်ရပ် ဖြစ်ချိန်အထိတိုင်အောင် မုကျင်ရဲ့စိတ်နေသဘောထားက ပိုပြီးတိတ်ဆိတ်လာခဲ့တယ်၊ ဘယ်သူနဲ့မှလည်း စကားမပြောတော့ဘူး။

မုသခင်မကတော့ သူမသားအတွက် ပူပန်သောကရောက်ခဲ့ရတယ်။ သူမသားက တစ်နေ့တစ်နေ့အိပ်ခန်းထဲမှာပဲ အနေများလာပြီး အရုပ်တွေနဲ့ပဲ တစ်နေ့လုံးထိုင်နေတတ်တယ်။ နောက်ပြီး တစ်ခွန်းမှမပြောဘဲ ပြတင်းပေါက်ရှိရာကိုသာ ကြည့်နေတတ်ပါတယ်။

မတော်တဆဖြစ်ရပ်က ငယ်ရွယ်တဲ့သူမသားအပေါ်မှာ ဖျောက်ဖျက်လို့မရအောင်စွဲထင်ကျန်နေခဲ့မှန်း သူမသိတယ်။ ဒါကြောင့် နာမည်ကြီးစိတ်ပညာရှင်တွေဆီ သူမသားကိုခေါ်သွားခဲ့တယ်။ ဒါပေမယ့် နည်းနည်းလေးတောင် တိုးတက်မလာခဲ့ပါဘူး။

မုကျင့်ရဲ့အထီးကျန်ပြီးနှုတ်ဆိတ်နေတတ်တဲ့အကျင့်တွေ ပိုပြီးဆိုရွားလာတာနဲ့အမျှ သခင်မမုလည်း ပိုပြီးစိတ်ပင်ပန်းလူပင်ပန်းဖြစ်လာခဲ့တယ်။ သူမရဲ့မျက်ရည်ကျရတဲ့နေ့ရက်တွေ ပိုများလာခဲ့ပြီး မုအိမ်တော်ကတော့ တိတ်ဆိတ်ခြင်းတွေကြီးစိုးတဲ့အမှောင်ကမ္ဘာထဲ ပိတ်မိနေခဲ့ပါတယ်။

ဒါတွေက မုကျယ်လေးရောက်လာတဲ့အချိန်ထိတိုင်အောင်ပဲ။ သန့်စင်မွန်မြတ်ပြီး ချစ်စရာကောင်းတဲ့နတ်သားလေးတစ်ပါး အထီးကျန်ခြောက်သွေ့နေတဲ့ ကန္တာရထဲရောက်လာသလို မှောင်မိုက်နေတဲ့အိမ်ကြီးကို သက်ဝင်လှုပ်ရှားစေခဲ့ပြီး စစ်မှန်တဲ့အပြုံးတွေပြန်လည်ဝေဆာလာစေခဲ့တယ်။ 

သားငယ်လေးက ရယ်မောပျော်ရွှင်နေတတ်ပြီး လိမ္မာရေခြားလည်းရှိတယ်။ ဒါက မုသခင်မကို အရိပ်မည်းတွေလက်အောက်ကနေ တဖြည်းဖြည်းလွတ်မြောက်လာစေခဲ့ပါတယ်။ မုအိမ်တော်က ဒီနတ်သားလေးကြောင့် နွေးထွေးစိုပြည်လာခဲ့တယ်။

သူ့မိဘတွေရဲ့အချစ်က သူ့ညီလေးအပေါ်မှာအလေးပိုသာနေမှန်း မုကျင်သိပါတယ်။ သူ့နှလုံးသားက အထီးကျန်ပေမယ့်လည်း သူ့မိဘတွေကိုနားလည်ပေးတတ်တယ်။ ဒီလိုကလေးမျိုး ဘယ်သူကမချစ်ဘဲနေမှာလဲ မဟုတ်ဘူးလား။ သူတောင်မှ သူ့ညီလေးကို အရမ်းချစ်သေးတာ။ သူ့ညီလေးက သူနဲ့မတူဘူး၊ ကလေးဘဝရဲ့ဖြူစင်တဲ့ အလှပတရားတွေရှိတယ်။

အိမ်ကိုရောက်လာတဲ့ ဒီဧည့်သည်အသစ်ကလည်း သူ့ညီလေးကို အများကြီးချစ်ပုံရတယ်။ မုကျင်က မြက်ခင်းပေါ်ပြေးလွှားနေတဲ့ လူနှစ်ယောက်ကိုကြည့်ပြီး မြင်ကွင်းကသိပ်လှတယ်လို့တွေးနေပါတယ်။ သူ့ညီလေးဘေးနားက ကြည့်ကောင်းလွန်းတဲ့ဧည့်သည်ကို သူ ပထမဦးဆုံးအကြိမ်မြင်ဖူးတာ။ နှစ်ယောက်သား အတူရှိနေကြတဲ့ပုံရိပ်က ပန်းချီကားတစ်ချပ်လို မျက်စိပသာဒရှိလွန်းလှပါတယ်။

ဘယ်တုန်းကမှ မတွေ့ခဲ့ဖူးတဲ့ပုံရိပ်တစ်ခုက မုကျင်ရဲ့ပွန်းပဲ့နေတဲ့နှလုံးသားလေးကို လောင်မြိုက်စေခဲ့တယ်။ အေးစက်နေတဲ့ရင်ဘတ်ထဲမှာ မီးပွားစလေးတွေ တဖွားဖွားတောက်နေသလိုမျိုးပဲ။ မပူပေမယ့် အချိန်အတော်ကြာငြိမ်သက်နေခဲ့တဲ့ အသွေးတွေအသားတွေကို ဆူပွက်လာစေခဲ့ပါတယ်။ သူတွေးနေခဲ့မိတာ… သူ့ကိုဆိုရင်ရော ဒီဧည့်သည်လေးက လှပတဲ့အပြုံးတွေပြုံးပြဦးမှာလား။ သူ့လက်ကိုဆွဲပြီး နေရောင်ခြည်အောက်မှာ လျှောက်ပြေးကြမှာလား။ သူ အမှန်တကယ် အလွန့်အလွန်သိချင်နေခဲ့မိတယ်။ 

မုကျင်က အမွှေးတွေကျွတ်ထွက်သည်အထိ လက်ထဲဆုပ်ကိုင်ထားခဲ့တဲ့ အရုပ်တွေကိုလွှတ်ပစ်ရင်း သူ့အိပ်ခန်းရဲ့တံခါးကိုဖွင့်ကာ အိမ်အောက်ထပ်ကိုပြေးဆင်းလို့ ပန်းဥယျာဉ်ဆီလှမ်းလာခဲ့ပါတော့တယ်။

…………