မုကျင်က အိမ်ပြင်ကိုထွက်လာခဲ့တယ်။ သူ့မှာ အနည်းငယ်စိုးရိမ်နေတဲ့စိတ်ကလေးလည်းရှိတယ်။ ကျောက်တုံးလမ်းမပေါ်မှာ ဖိနပ်သေးသေးလေးရဲ့အသံက တဖြတ်ဖြတ်မြည်နေပါတယ်။ နေရောင်ခြည်အောက်က ဖိနပ်သံလေးက နူးညံ့ပေမယ့် ပြတ်သားတယ်။
သူက ဥယျာဉ်ထဲက ခြုံပုတ်ပုပုလေးတွေကို ဖြတ်သန်းလာခဲ့ပြီးမှာ ခြေလှမ်းတွေကိုလျှော့ချလိုက်တယ်။ နောက်တော့ ပြေးလွှားနေတဲ့နှစ်ယောက်နား မရောက်ခင် (၁၀)မီတာအကွာနားမှာ ရပ်ကြည့်နေမိပါတယ်။ သူက လက်သီးတွေကိုတင်းတင်းဆုပ်လို့ အနောက်ဘက်ကနေ လှမ်းကြည့်နေမိတယ်။ ချီတုံချတုံလည်း ဖြစ်နေပါတယ်။ သူက သူတို့ကို နှောင့်ယှက်လိုက်မိမှာကို ကြောက်နေခဲ့တာပါ။ ဒီဧည့်သည်သေးသေးလေး သူ့ကိုမနှစ်သက်မှာကို စိုးရိမ်နေခဲ့မိတာပါ။
“အစ်ကိုကြီး!” မုကျယ်က တစ်စုံတစ်ခုကို အာရုံရမိသလို နောက်ကိုလှည့်ကြည့်ပါတယ်။ သူက သူ့အစ်ကိုကြီးကိုတွေ့တော့ အပြုံးကြီးကြီးတစ်ခု ပြုံးပြတယ်။
“ထျန်းချန်.. ဒါ.. ငါ့အစ်ကိုကြီးလေ” ညီငယ်လေးက ဧည့်သည်လေးနဲ့သူ့ကို မိတ်ဆက်ပေးပါတယ်။ မုကျင်က သူ့ညီလေးအသံကိုနားထောင်ရင်း မျက်တော်မခတ်စိုက်ကြည့်နေမိတယ်။ နီးနီးကပ်ကပ်မြင်လိုက်ရမှပဲ ဧည့်သည်လေးက သူထင်တာထက် ပိုချောပါတယ်။ နွေးထွေးတဲ့နေရောင်ခြည်က ဧည့်သည်လေးရဲ့မျက်ဝန်းအိမ်မှာ ရောင်ပြန်ဟပ်ပြီး အလွန့်အလွန်တောက်ပလို့နေတယ်။
“ဟယ်လို ငါ့နာမည်က ကောင်းထျန်းချန်၊ တွေ့ရတာဝမ်းသာပါတယ်” မုကျယ်ရဲ့အစ်ကိုကြီးကို ကောင်းထျန်းချန်ကြည့်မိတယ်။ သူက မုကျယ်ထက် နည်းနည်းလေးပဲအရပ်ပိုရှည်ပေမယ့် မုကျယ်ထက်တောင်မှ ပိုပိန်နေသေးတယ်။ သူ့အသားအရေက ဖောက်ထွင်းမြင်နိုင်လောက်အောင်ကြည်လင်ပြီး ဖြူဖျော့နေတယ်။ ဆံပင်တွေတောင်မှ ညိုဖျော့ဖျော့လေးဖြစ်နေတယ်။ ခန္ဓာကိုယ်ကလည်း သိပ်ပြီးနေကောင်းပုံမရဘူး။ သူ့တစ်ကိုယ်လုံး အသက်ဝင်ပုံရတာဆိုလို့ မျက်ဝန်းတောက်တောက်တစ်စုံသာရှိတယ်။
ကောင်းထျန်းချန်က ရှေ့ကိုတက်ပြီးလက်ကိုကမ်းပေးပါတယ်။ ဒါပေမယ့် မုကျင်ရဲ့တစ်ကိုယ်လုံးတုန်နေတာတွေ့ပြီး သူများ မလေးမစားဆက်ဆံလိုက်လို့ ဖြစ်နေတာလားလို့တွေးမိလိုက်တယ်။ ဒါကြောင့် လက်ကိုပြန်ရုတ်ဖို့ပြင်လိုက်ပေမယ့် သူ့ရှေ့လူရဲ့ဖမ်းဆွဲတာကို ခံလိုက်ရတယ်။ သူတို့နှစ်ယောက် လက်ဆွဲနှုတ်ဆက်နေပေမယ့် တစ်ဖက်လူရဲ့ဆုပ်ကိုင်ထားတဲ့အင်အားကလည်း မသေးလှပါဘူး။
“မု… ငါ့နာမည်က မုကျင်….” မုကျင်က နည်းနည်းလေးတော့ တုန်တုန်ရီရီဖြစ်နေတယ်။ စကားတွေထွက်လာပေမယ့် နာမည်လေးကိုပဲ ထစ်ထစ်ငေါ့ငေါ့ပြောလိုက်နိုင်တယ်။ သူ့ရှေ့လူရဲ့အပြုံးတွေကိုမြင်ပြီး စိတ်တွေက ဗလာဟင်းလင်းဖြစ်သွားတယ်။ သူပြောချင်တဲ့စကားတွေ အစောကြီးကတည်းကမေ့သွားပြီ။ ဒီလူရဲ့လက်ကလေးက သိပ်နွေးတယ်ဆိုတာပဲ ခံစားမိတော့တယ်။ ဒီလူရဲ့အပြုံးလေးက သိပ်ကိုကြည့်ကောင်းတယ်၊ နေရောင်ခြည်ကိုကျောပေးမတ်တပ်ရပ်ပြီး လက်ဆွဲနှုတ်ဆက်နေတဲ့ သူ့ပုံစံက မုကျင်ရဲ့အမြင်တွေကိုဝေဝါးစေပြီး မုကျင်ရဲ့နှလုံးသားလေးကို အရည်ပျော်ကျလာစေပါတယ်။
ငယ်ရွယ်တဲ့မုကျင်က အချစ်ဆိုတာဘာလဲ မသိပါဘူး။ မြင်မြင်ချင်းအချစ်ဆိုတာလည်း နားမလည်ပါဘူး။ သူသိတာက.. သူ ကောင်းထျန်းချန်ကို အများကြီးသဘောကျတယ်၊ ကောင်းထျန်းချန်နဲ့အတူ ပြေးလွှားဆော့ကစားချင်တယ်၊ ကောင်းထျန်းချန်နဲ့အတူရှိချင်တယ်၊ ဒီအတွေးတွေက သူ ကောင်းထျန်းချန်ကို ပထမဦးဆုံးအကြိမ်မြင်လိုက်ကတည်းက စတင်ခဲ့တာ။ နောက်ပြီး နှစ်တွေကြာသွားတာတောင် မပြောင်းမလဲ ရှိနေတုန်းပဲ။ နှစ်တွေအများကြီးကြာသွားတဲ့နောက် ကိစ္စတွေအများကြီးဖြစ်ပျက်ခဲ့ပြီးအချိန်မှာ သူ့အချစ်တွေလည်း အနည်းငယ်လျှော့ပါးသွားတဲ့အထိပဲပေါ့။
မုမိသားစုနဲ့ကောင်းမိသားစုက နှစ်ပေါင်းကြာရှည်တဲ့ဆက်ဆံရေးရှိခဲ့တယ်။ နောက်ပြီး ကောင်းထျန်းချန်ကလည်း မုမိသားစုရဲ့အိုမီဂါနှစ်ယောက်နဲ့ ရင်းနှီးသိကျွမ်းတယ်။ နောက်ပိုင်းလာမယ့်နေ့ရက်တွေမှာတော့ သူက အကြောင်းရင်းမျိုးစုံထုတ်ပြီး မုမိသားစုဆီ ဧည့်သည်သွားလုပ်ရတာကိုကြိုက်လာတယ်။ ဧည့်သည်လို့ပြောပေမယ့်လည်း အချိန်တိုင်း မုကျယ်ဘေးနားမှာပဲ ခွေးကြီးတစ်ကောင်လို တကောက်ကောက်လိုက်နေတတ်တယ်။ ဒါမှမဟုတ်ရင် မုကျယ်ပျော်ရွှင်စေဖို့ ကစားစရာအသစ်အဆန်းမျိုးစုံ အမြဲတမ်းယူလာပေးတတ်ပါတယ်။
သူက တစ်ခါတစ်ရံမုမိသားစုအိမ်မှာ စတည်းချတတ်လာတယ်။ မုကျင်နဲ့လည်း တဖြည်းဖြည်းရင်းနှီးလာခဲ့ပါတယ်။ ကောင်းထျန်းချန် မုကျင်ကိုရှာပြီး စကားပြောတတ်တဲ့အချိန်တွေမှာလည်း အကြောင်းအရာအများစုက သူ့ညီလေးအကြောင်းတွေချည်းပဲ။ သူ့ညီလေး ဘာကြိုက်တတ်တယ်၊ သူ့ညီလေး ဘာလုပ်လိုက်ပြန်ပြီ စတဲ့ သူ့ညီလေးချည်းထပ်နေပေမယ့် မုကျင်အတွက်ကတော့ တကယ့်ကိုပျော်ရွှင်စရာဖြစ်ခဲ့တာပါ။ အကြောင်းအရာတွေက အရေးမကြီးဘူးလေ… စကားပြောရတာလေးကပဲ ပျော်ရွှင်စရာဖြစ်နေခဲ့တာကိုး…
အချိန်တစ်ခုကြာပြီးနောက်မှာတော့ ဖြူစင်လှတဲ့ကစားဖော်နှစ်ယောက်ကနေ စုံတွဲတွေဖြစ်သွားခဲ့တယ်။ မိသားစုတွေကလည်း ရှင်းလင်းပြတ်သားစွာနားလည်ထားကြတယ်။ ကောင်းထျန်းချန်က အယ်လ်ဖာ၊ မုကျယ်က အိုမီဂါ၊ နှစ်ဖက်မိသားစုက ကာလကြာရှည်မိတ်ဆွေတွေ။ ဘာလိုသေးလဲ။ နတ်ဖက်တဲ့စုံတွဲတွေပဲပေါ့!
နှစ်ဖက်မိသားစုက အတိအလင်းမဖော်ပြပေမယ့်လည်း ဒီကလေးနှစ်ယောက်ကို နေရာချထားပေးဖို့ ဆုံးဖြတ်ခဲ့ပြီးသား။ မုသခင်ကြီးနဲ့မုသခင်မက သူတို့မျက်စိရှေ့မှာကြီးပြင်းလာခဲ့တဲ့ ဒီထူးချွန်ပြောင်မြောက်လှတဲ့ အယ်လ်ဖာလေးကို အရမ်းကိုနှစ်သက်ခဲ့ကြတယ်။ ကောင်းသခင်ကြီးဘက်ကလည်း ဘာမှပြောစရာမရှိဘူး။ သူ့အဖိုးတန်ချစ်သားလေးရဲ့အမြင်ကို အမြဲတမ်းယုံကြည်ပေးခဲ့တာပေါ့။ ကိစ္စတွေက မုကျယ်အရွယ်ရောက်လာဖို့ပဲလိုတယ်၊ ဒီလိုဆို ငယ်ကျွမ်းဆွေနှစ်ယောက်လည်း စုံမက်လက်ထပ်နိုင်ပြီလေ။
ဒါပေမယ့် ဘယ်အရာမှမမြဲပါဘူး။ ဒီကမ္ဘာပေါ်မှာ လူသားတွေ မတတ်နိုင်လို့လက်မှိုင်ချခဲ့ရတဲ့ ကိစ္စတွေကလည်း အများသားမဟုတ်လား။ တစ်ခါတစ်ရံမှာ ကံကြမ္မာက လူသားတွေကိုပျော်ရွှင်ခွင့်မပေးတတ်ဘူး။ နောက်ပြီး အရိုးထဲထိအောင်နာကျင်ရမယ့် နောင်တတရားတွေကိုလည်း ထားခဲ့တတ်ပါသေးတယ်။
အသက်(၁၄)နှစ်အရွယ်မုကျယ်လေးက ကျောက်ကပ်ရောဂါစတင်ခံစားခဲ့ရတယ်။ ပြင်းထန်တဲ့ရောဂါကြောင့်လည်း သူ့ရဲ့ချစ်စရာကောင်းတဲ့ကြွေရုပ်လေးလို အသွင်အပြင်လေးတွေလည်း ပျောက်ဆုံးပျက်စီးသွားခဲ့တယ်။ ပါးပြင်ကလေးတွေ လျော့တိလျော့ရဲဖြစ်လာပြီး ပါးချိုင့်လေးတွေလည်း မမြင်ရတော့ဘူး။ အိပ်ရာပေါ်ကကြုံလှီနေတဲ့သဏ္ဍာန်လေးက အားလုံးရဲ့နှလုံးသားကို စူးစိုက်နာကျင်စေခဲ့ပါတယ်။
မုသခင်ကြီးမှာတော့ ငွေရေးကြေးရေးမမှုအားဘူး၊ နိုင်ငံခြားကနာမည်ကြီးဆရာဝန်မှန်သမျှ အိမ်ကိုပင့်ဖိတ်လို့ အကောင်းဆုံးကုသစေတယ်။ ဒါပေမယ့် ကျောက်ကပ်အစားထိုးရုံမှတပါး အခြားကုသစရာနည်းလမ်းမရှိတော့ပါဘူး။ မုကျယ်ရဲ့ကျောက်ကပ်နဲ့ကိုက်ညီဖို့က တကယ့်ကိုရှားပါးလွန်းတဲ့အခြေအနေ။ အစားထိုးကျောက်ကပ်ရှာတွေ့ဖို့ဆိုတာ (၉၉)%လောက် မဖြစ်နိုင်ဘူး။ ခါတိုင်းဇွဲမလျှော့တဲ့ မုသခင်ကြီးက ကြံရာမရဖြစ်နေပြီ။ မုသခင်မကတော့ သားငယ်လေးရဲ့အိပ်ရာဘေးမှာပဲ မအိပ်မနေ ထိုင်နေတတ်တော့တယ်။ သူမရဲ့အသက်မပါတဲ့မျက်ဝန်းတစ်စုံက အိပ်ပျက်ညတွေများလွန်းလို့ နီရဲနေပြီး မျက်ရည်လေးတွေဝေ့သီနေပါသေးတယ်။
မိသားစုတွင်းမှာလည်း ကိုက်ညီတဲ့ကျောက်ကပ်မရှိ၊ သင့်တော်တဲ့ကျောက်ကပ်လည်းရှာမရ၊ ဟန်မင်းဆက်သမားတော်ဟွားထော်ဝင်စားပြီး ကုသပေးရင်တောင် ပြန်ကောင်းလာဖို့အခြေအနေမရှိတော့ဘူး။ ကျန်းမာရေးနဲ့ရင်ဆိုင်ရတဲ့အချိန်မှာ ဘဝတွေလည်း သိပ်ကိုတန်ဖိုးမဲ့သွားတတ်ကြတာကိုး။
မုကျယ်အတွက် အချိန်သိပ်မကျန်တော့ပါဘူး။ ကောင်းထျန်းချန်ကတော့ ဒီရလဒ်ကို လက်မခံနိုင်သေးသလို ယုံလည်းမယုံနိုင်သေးဘူး။ သူက ရူးသွားတော့မတတ်ဖြစ်နေပြီ။ သူ့အဖေကိုလည်း ရှိသမျှအဆက်အသွယ်သုံးပြီး ကျောက်ကပ်ရှာခိုင်းတယ်။ ဒါပေမယ့် မျှော်လင့်ချက်တွေအားလုံးက ပျက်သုဉ်းကုန်နေပြီ။ မုကျယ်ရဲ့ရောဂါက တစ်နေ့တစ်ခြားပိုပိုဆိုးလာပြီး မီးပွားကလေး ချုပ်ငြိမ်းမယ့်အချိန် တဖြည်းဖြည်းနီးကပ်လာနေပါပြီ။
မုကျယ်ကျောခိုင်းသွားတဲ့နေ့မှာတော့ မိုးကောင်းကင်ကြီးက တိမ်မဲတွေနဲ့ဖုံးအုပ်နေခဲ့တယ်။ မည်းမှောင်နေတဲ့ကောင်းကင်ပြင်ကြီးမှာ အလင်းပြောက်လေးတစ်ခုတောင်မရှိခဲ့ဘူး။ အေးစက်နေတဲ့လေထုထဲမှာ မိုးစက်မိုးပေါက်တွေရွာသွန်းနေခဲ့တယ်။ အခန်းထဲမှာရှိတဲ့လူတစ်စုကတော့ တိတ်ဆိတ်ငြိမ်သက်လို့ ဝမ်းနည်းမှုတွေကိုသာ ဖော်ပြနိုင်ပါတော့တယ်။
“ထျန်းချန်…” ပိန်ပါးလွန်းလို့ လူရုပ်တောင်မပီပြင်တော့တဲ့ မုကျယ်လေးက အိပ်ရာပေါ်မှာအိပ်နေရင်း တစ်စုံတစ်ခုကို ခံစားမိသွားခဲ့တယ်။ သူက ပင်ပန်းနေတဲ့မျက်လုံးလေးတွေကိုဖွင့်ပြီး သူ့အသည်းအသက်ရဲ့နာမည်ကို ခပ်တိုးတိုးလေးခေါ်လိုက်တယ်။
ကောင်းထျန်းချန်ရဲ့မျက်ဝန်းမှာ မျက်ရည်တွေနဲ့ပြည့်နေခဲ့တာ။ မုကျယ်ခေါင်းပေါ် ကြင်ကြင်နာနာလေးသပ်ပေးနေခဲ့တဲ့ သူ့လက်တွေလည်းတဆတ်ဆတ်တုန်နေခဲ့တယ်။ ပထမဦးဆုံးမြင်လိုက်ရကတည်းက ဘယ်တော့မှမေ့မရခဲ့တဲ့ ဒီလူ… ဒီလူကို သူ ဘယ်တော့မှ နောက်ထပ်မထွေးပွေ့ထားနိုင်တော့ဘူး။ သေခြင်းတရားရဲ့နှုတ်ခမ်းဝမှာ မတ်တပ်ရပ်နေတဲ့ ဒီလူက မကြာမီမှာ သူ့ကမ္ဘာကြီးထဲကထွက်သွားတော့မှာ။
“မငိုပါနဲ့…” မုကျယ်ရဲ့အသက်ရှုသံတွေက ဖြူဖျော့လွန်းနေပြီ။ သူက အားမရှိတော့တဲ့ ယိုင်နဲ့နဲ့အသံလေးနဲ့ပဲ သူ့ရှေ့တွေကလူတွေကို နှစ်သိမ့်ပေးနေခဲ့တယ်။ “ငါ.. မင်းကိုစတွေ့တုန်းက… မင်းက ပြုံးနေတာ… အခု ငါ့ရဲ့နောက်ဆုံးအမြင်ကျမှ … ဘာလို့ငိုနေရတာလဲ?”
သူ့ချစ်သူရဲ့နွေးထွေးလှတဲ့လက်ဖဝါးပေါ်မှာ မုကျယ်ရဲ့ပါးပြင်လေးရှိတယ်။ သူက သေခြင်းတရားကိုရင်ဆိုင်ဖို့လည်း မကြောက်တော့ဘူး။ သူ့ချစ်သူခင်သူတွေကိုသာ ခွဲခွာဖို့ မဝံ့မရဲဖြစ်မိတာပါ။ သူက သူတို့နှစ်ယောက်ရဲ့အနာဂတ်ကို စိတ်ကူးယဉ်ခဲ့ပြီးတာကြာပါပြီ။ သူ့ဘဝတစ်လျှောက်လုံးမှာ သူ့လက်ကိုသာတွဲပြီး နေချင်ခဲ့တာပါ။ အရွယ်ရောက်လာရင် ဘယ်လိုလုပ်မယ်ဆိုတာလည်း တွေးပြီးနေပြီ။ သူ့ချစ်ရသူထံမှာ သူ့ကိုယ်သူအပ်နှင်းလို့ ချစ်စရာကောင်းတဲ့ကလေးတွေလည်း မွေးပေးမယ်…. ဒါတွေက သေခါနီးလူတစ်ယောက်ရဲ့ ကယောင်ကတမ်းအတွေးတွေမှ မဟုတ်တာပဲ…
သူ့ပတ်ပတ်လည်ကလူတွေရဲ့ နှုတ်ခမ်းထက်မှာ အပြုံးရေးရေးလေးတွေရှိတယ်။ နှလုံးသားနာကျင်မှုကိုအံ့တုလို့ အတင်းလုပ်ယူထားတဲ့ အပြုံးတုလေးတွေပေါ့။ ဒါတွေကိုမြင်တဲ့ မုကျယ်ရဲ့နှလုံးသားလေးက အေးအေးငြိမ့်ငြိမ့်လေးဖြစ်သွားခဲ့တယ်။ ငါဟာကံကောင်းလွန်းတဲ့လူပါလားလို့ ခံစားသွားခဲ့ရပါတယ်။ သူက သက်ဆိုးမရှည်ခဲ့ဘူး၊ ဒါပေမယ့် အချစ်တွေအများကြီးပိုင်ဆိုင်ခဲ့တယ်လေ။
မောပန်းနွယ်နယ်မှုက တိတ်တဆိတ်ဝင်ရောက်လာခဲ့ပြီး နောက်ဆုံးကျန်ရှိတဲ့အားအင်တွေက တဖြည်းဖြည်းလျှော့ပါးသွားခဲ့တယ်။ မုကျယ်က တောက်ပနေတဲ့မျက်ဝန်းတစ်စုံကို ပိတ်လိုက်ပြီး ကောင်းထျန်းချန်ရဲ့ဝမ်းနည်းတဲ့မျက်နှာကို ဘယ်တော့မှမမြင်နိုင်တော့ဘူး။
မုသခင်မက မေ့လဲသွားခဲ့တယ်။ တံခါးဝမှာရပ်နေတဲ့ မုကျင်ကတော့ ပါးစပ်ကိုလက်နှစ်ဖက်နဲ့ပိတ်လို့ တုန်ယင်နေခဲ့ပါတယ်။ သူ့ကိုယ်ခန္ဓာက နံရံပေါ်တဖြည်းဖြည်းလျှောကျသွားခဲ့ပြီး တံခါးပေါက်နား ဆောင့်ကြောင့်ထိုင်ချလိုက်ရတယ်။ ပဲစေ့အရွယ်မျက်ရည်ဥကြီးတွေကလည်း ပါးပြင်ထက်မှာ တလိမ့်လိမ့်စီးကျလာတယ်။ တစ်စုံတစ်ခုကို ရင်ဘတ်ထဲနေ ထုတ်ယူသွားခဲ့တဲ့ခံစားချက်မျိုး၊ နာကျင်မှုကကြီးလွန်းလို့ သူကိုယ်တိုင်တောင် မေ့လဲတော့မတတ်ပါပဲ။
မုကျယ်က သေဆုံးသွားခဲ့တယ်။ ကောင်းထျန်းချန်ရဲ့အချစ်တွေကို သိမ်းပိုက်လို့ ထွက်သွားခဲ့ပြီးနောက်မှာ တစ်ဖက်သားကိုတော့ အဆုံးမရှိအထီးကျန်ခြင်းတွေကြားထဲမှာ ထားခဲ့တယ်။ ကောင်းထျန်းချန်ရဲ့နှလုံးသားတစ်ခုလုံး ထုတ်ယူခံလိုက်ရတယ်။ လစ်ဟာသွားခဲ့တဲ့နေရာမှာ နောက်တစ်ကြိမ်ပြန်လည်ဖြည့်တင်းဖို့ဆိုတာ လွယ်ကူတော့တာမှမဟုတ်ဘဲ။
………………….