(3)
Viewers 34k

ညက နက်မှောင်နေခဲ့ပြီး ဘော်ငွေရောင်ကြယ်ကလေးတွေကတော့ မှင်ရောင်နက်နက်ကောင်းကင်ပြင်မှာ တလက်လက်မှိတ်တုတ်မှိတ်တုတ်ဖြစ်နေကြပါတယ်။ လပြည့်ဝန်းကြီးက ကောင်းကင်ကြီးရဲ့တစ်ဖက်မှာ။ ပတ်ဝန်းကျင်မှာတိုက်ခတ်လာတဲ့ လေပြည်လေညှင်းလေးတွေကတော့ နွေဦးရဲ့ရနံ့တွေကို သယ်ဆောင်လာခဲ့ပါတယ်။

မုမိသားစုရဲ့အိမ်တော်ဝန်းကြီးက မီးရောင်တွေနဲ့ ထိန်ထိန်ညီးနေတယ်။ ပထမထပ်မှာရှိတဲ့ ကပွဲခန်းမကြမ်းပြင်မှာတော့ ကခုန်နေကြတဲ့လူတွေရှိတယ်။ အရိပ်အယောင်တွေအားလုံးက ကြမ်းပြင်နေမျက်နှာကျက်ထိမြင့်မားတဲ့ပြတင်းပေါက်ကြီးကို ဖြတ်ကျော်ပြီး အိမ်ပြင်ဘက်က ရေကူးကန်ရေပြင်မှာ ရောင်ပြန်ဟပ်နေပါတယ်။ အရိပ်တွေက လရောင်နဲ့အပြိုင် ကန်ရေပြင်ကျရောက်နေတယ်။ လူတွေကတက်ကြွပျော်ရွှင်နေတယ်။ ရယ်မောသံတွေရဲ့ကြားမှာလည်း ငြိမ့်ညောင်းသာယာလှတဲ့ပီယာနိုသံလေးတစ်ခု ရောယှက်နေပြီး အိမ်အပြင်ဘက်ဆီ ခပ်တိုးတိုးလေးလွင့်ပျံနေခဲ့ပါတယ်။

ဈေးကြီးလွန်းတဲ့ဇိမ်ခံကားတွေက ခြံဝန်းထဲက ကားပါကင်မှာရပ်ထားတယ်။ ကားတွေက တသီတတန်းအစီအရီဖြစ်နေပြီး ကားပိုင်ရှင်တွေရဲ့မြင့်မားလှတဲ့အဆင့်အတန်းကို ဖော်ကျူးပြသနေပါတယ်။ သူတို့က မုမိသားစုအကြီးဆုံးသားရဲ့အသက်(၁၆)နှစ်ပြည့် အရွယ်ရောက်အခမ်းအနားကိုတက်ရောက်ဖို့ ဖိတ်ကြားခံရတဲ့ဧည့်သည်တော်တွေဖြစ်ပါတယ်။

မုမိသားစုမျိုးဆက်သုံးဆက်အကုန်လုံးက စီးပွားရေးသမားတွေချည်းပဲ။ ဒါပေမယ့် ဒီမျိုးဆက်ရောက်မှ မုအိမ်မှာ အိုမီဂါသားနှစ်ယောက်ပဲထွန်းကားခဲ့တယ်။ ယနေ့ခေတ်ကြီးက အိုမီဂါတွေကိုနှိမ့်ချဆက်ဆံတဲ့ ခေတ်မဟုတ်တော့ပါဘူး။ နောက်ပြီး မုသခင်ကြီးကလည်း သူ့သားနှစ်ယောက်ကိုပဲ မိသားစုအမွေဆက်ခံဖို့ အစကတည်းက ဆုံးဖြတ်ထားပြီးသားဖြစ်တယ်။ ဒါပေမယ့်လည်း ကံမကောင်းချင်တော့ သွက်လက်ထက်မြက်တဲ့ ဒုတိယသားကွယ်လွန်ခဲ့ပြီး ကျန်းမာရေးမကောင်း၊ လူတောမတိုးတဲ့ သားအကြီးဆုံးပဲကျန်ခဲ့တယ်။ မုသခင်ကြီးကလည်း လေးလံလှတဲ့မိသားစုတာဝန်တွေကို သားအကြီးကိုတာဝန်မယူစေလိုခဲ့ပါဘူး။ 

ဒါကြောင့် ဒီနေ့အခမ်းအနားက အပေါ်ယံကြည့်ရင် မုကျင်အတွက် အရွယ်ရောက်ဂုဏ်ပြုအခမ်းအနားဖြစ်ပေမယ့် အမှန်တော့ သားအကြီးဆုံးအတွက်လက်တွဲဖော်ရှာပေးဖို့ဖြစ်ပါတယ်။ ထိုလက်တွဲဖော်က အနာဂတ်မှာ မုအိမ်တော်ရဲ့ဆက်ခံသူဖြစ်လာမှာပါ။

မျိုးရိုးအဆက်ဆက်တိုင်ဆက်ခံခဲ့တဲ့ မိသားစုနာမည်ကိုစွန့်လွှတ်ဖို့ဆိုတာ မုသခင်ကြီးအတွက်တော့ အလွန်တရာခက်ခဲပါတယ်။ ဘိုးဘေးတွေကို မျက်နှာပြရမှာလည်း ရှက်စရာကောင်းတယ်။ အနည်းဆုံး တည်ကြည်၊ ထက်မြက်ပြီး ဗဟုသုတအရည်အချင်းရှိတဲ့ ဆက်ခံသူတစ်ယောက်ရှာနိုင်မှ မုမိသားစုစီးပွားရေးကို စိတ်ချလက်ချအပ်သွားနိုင်မှာ။

ယနေ့ညပွဲရဲ့အဓိကလူဖြစ်တဲ့မုကျင်က လောကဝတ်လေးပြုပြီး ဧည့်သည်တွေကိုလိုက်လံနှုတ်ဆက်နေပါတယ်။ ပြီးမှ ခန်းမဘေးမှာမတ်တပ်ရပ်လို့ လက်ထဲကရှန်ပိန်ကို တဖြည်းဖြည်းသောက်နေခဲ့တယ်။ သူ့ရှေ့က ဝတ်ကောင်းစားလှနဲ့လူတွေ တစ်ယောက်ကိုတစ်ယောက် မျက်နှာချိုသွေးမြှောက်ပင့်နေကြ၊ အပြုံးတုတွေနဲ့ဟန်ဆောင်နေကြတာကိုကြည့်ပြီး မုကျင်တစ်ယောက် အင်မတိအင်မတန်ပျင်းရိလာခဲ့တယ်။

မုကျင်က အကြည့်တွေကို ဧည့်သည်တွေကြားထဲ ပို့လွှတ်လိုက်ပါတယ်။ သူ လူတစ်ယောက်ကိုရှာချင်နေတာ။ ဒီနေ့အတွက်ဖိတ်စာကို အသေအချာပို့လိုက်ပေမယ့် ထိုဧည့်သည် ရောက်လာမလာက အသေအချာမသိဘူး။ ပြောရရင်လည်း သူ့ညီလေးကွယ်လွန်သွားပြီး နှစ်နှစ်အကြာယနေ့ထိတိုင်အောင် ထိုဧည့်သည်က သူတို့မုအိမ်တော်ဆီ ခြေမချခဲ့တာ ကြာခဲ့ပြီကိုး။

မုကျင်ရဲ့မျက်လုံးတွေက အရပ်ရှည်ရှည်လူတစ်ယောက်ရဲ့နောက်ကျောပြင်ကို ဖျတ်ခနဲမြင်လိုက်ရတဲ့အချိန်မှာတော့ သူ့နှလုံးသားလေးလည်း ဒိန်းခနဲဖြစ်သွားခဲ့တယ်။ သူ့ကိုမတွေ့ခဲ့တာနှစ်နှစ်ရှိပြီဖြစ်ပေမယ့် အဝေးကနောက်ကျောလေးပဲဆိုရင်တောင် မှတ်မိနိုင်လိမ့်ဦးမှာပဲ။ အတောတွင်းမှာ စောင့်မျှော်နေခဲ့ရသူရယ်…

မုကျင်ရဲ့ဦးနှောက်တစ်ခုလုံးက ကောင်းကောင်းအလုပ်မလုပ်သေးဘူး။ ဒါပေမယ့် ခန္ဓာကိုယ်ကြီးကတော့ အလိုလျောက်တုန့်ပြန်ပြီး ထိုလူရှိရာဆီလျှောက်သွားပြီးနေပြီ။ သူ အသိစိတ်ပြန်ဝင်လာချိန်မှာတော့ သူ့ရဲ့လက်က တစ်ဖက်လူရဲ့ပုခုံးကိုတောင် ပုတ်ပြီးနေပါပြီ။

အဲဒိလူက လှည့်ကြည့်တယ်။ ဓါးသွားလိုမျက်ခုံးတန်းတွေ၊ နှာတံမြင့်မြင့်နဲ့ မီးတောင်ကျောက်တွေလို နက်စွေးစွေးမျက်ဝန်းတွေ .. အားလုံးက မုကျင်ရဲ့မှတ်ဉာဏ်ထဲကအတိုင်းပဲ။ ဘာမှမပြောင်းလဲဘူး။ အရင်လူငယ်လေးနေရာမှာသာ ရင့်ကျက်တည်ငြိမ်တဲ့ လူကြီးတစ်ယောက်ပုံသဏ္ဍာန်က အစားထိုးဝင်ရောက်လာတယ်။ ခန့်ညားပြီး အားကောင်းမောင်းသန်ရှိလှတယ်။ 

“ရှောင်ကျင်.. မွေးနေ့မှာပျော်ရွှင်ပါစေ” ကောင်းထျန်းချန်က သူ့ကိုလာပုတ်တဲ့မုကျင်ကိုကြည့်လိုက်တယ်။ သူ့ရှေ့ကလူက အရင်တုန်းကထက် အရပ်လေးမဆိုသလောက်ရှည်လာတယ်။ သူ့ကိုကြည့်ရတာ အတိတ်တုန်းကလောက် အားနည်းပုံမရတော့ပေမယ့် ပိန်ပါးပြီး ဖြူဖျော့နေတုန်းပဲ။ သွေးမရှိသယောင်ဖြူဖွေးနေတဲ့အသားအရေနဲ့ အညိုဖျော့ရောင်ဆံပင်တွေက ငယ်ငယ်တုန်းကအတိုင်းပဲ။

သူ့ကိုငေးကြည့်နေတဲ့ အဲဒိမျက်ဝန်းတစ်စုံကလည်း မုကျယ်ရဲ့မျက်ဝန်းတွေနဲ့ သိပ်တူတာပဲ။ မနက်ခင်းနေရောင်ခြည်လေးလိုတောက်ပနေတာ စာမဖွဲ့နိုင်လောက်အောင်နှစ်လိုဖွယ်ကောင်းနေပြီး လူတွေကိုအကြည့်မလွှဲလောက်အောင်ဖြစ်စေတဲ့ မျက်ဝန်းလေးတစ်စုံပေါ့။

ကောင်းထျန်းချန်က သူ့ကိုခွဲခွာသွားခဲ့တဲ့ တစ်ချိန်တုန်းက ချစ်ရသူကို နောက်တစ်ခါအမှတ်ရသွားခဲ့ပြန်တယ်။ ပြီးခဲ့တဲ့နှစ်နှစ်အတွင်းမှာ မုကျယ်က သူ့အိပ်မက်တွေ၊ သူ့မှတ်ဉာဏ်တွေထဲမှာ ရှင်သန်နေခဲ့တာ။ မုကျယ်နဲ့ပတ်သက်တဲ့အရာတွေအားလုံး သူ့ကမ္ဘာထဲမှာသိမ်းဆည်းထားဆဲပဲ။ မုကျယ်ဘယ်တုန်းကမှ ထွက်မသွားခဲ့သလိုမျိုး သူ့ကိုယ်သူအိပ်မွေ့ချထားခဲ့ရတယ်။ သူ မုအိမ်တော်ဆီ မသွားရဲခဲ့ဘူး။ အကယ်၍ သွားလိုက်ရင်ဖြင့် မုကျယ်ကိုရှာမတွေ့ဘဲ ရက်စက်လှတဲ့အဖြစ်မှန်တွေက သူ့ကိုလှုပ်နှိုးလိုက်မှာကို ကြောက်နေခဲ့တာပါ။

ကောင်းထျန်းချန်က သူ့ရှေ့က သူ့ချစ်သူနဲ့တူလွန်းလှတဲ့မျက်နှာလေးကို ကြည့်နေမိတယ်။ နောက်တော့ သူ့လက်တွေကို တုန်တုန်ရီရီနဲ့မြှောက်လိုက်ပြီး မုကျင်ရဲ့မျက်နှာပေါ်ကဆံပင်တွေကို ဖွဖွလေးသပ်တင်ပေးလိုက်ပါတယ်။

ကောင်းထျန်းချန်ရဲ့လက်နဲ့ ထိတွေ့ခံလိုက်ရတဲ့ခဏမှာ မုကျင်ကဓါတ်လိုက်သလိုခံစာလိုက်ရပြီး သူ့လက်နဲ့ပုတ်ထုတ်လိုက်တယ်။ သူ့ပါးပြင်တွေလည်း နီရဲပြီးပူလာတာ မီးဖိုကြီးတစ်လုံးလိုပဲ။

“ကျေးဇူးပဲ၊ ငါ… သိပ်နေမကောင်းလို့ ခွင့်ပြုပါဦး!” သူက ကောင်းထျန်းချန်ရဲ့ နားလည်ရခက်တဲ့အပြုအမူကြောင့် လန့်ဖြန့်သွားခဲ့တယ်။ တစ်ဖက်သားရဲ့ထူးထူးဆန်းဆန်းအမူအရာတွေကို သူနားမလည်ဘူး။ စိတ်ရှုပ်ထွေးစွာနဲ့ ထွက်ပြေးဖို့ပဲ တတ်နိုင်ခဲ့တယ်။ 

ကတိုက်ကရိုက်ထွက်ပြေးသွားတဲ့ မုကျင်ရဲ့နောက်ကျောကိုကြည့်ပြီး အခုလေးတင် ရယ်စရာကောင်းတဲ့အပြုအမူတစ်ခုလုပ်မိလိုက်မှန်း သူသတိရသွားခဲ့တယ်။ သူ့စိတ်တွေလည်း နောက်ကျိသွားပါတယ်။ မုကျင်က အမြဲတမ်းအရှက်အကြောက်ကြီးပြီး လူတွေနဲ့ထိတွေ့တာကိုလည်း မနှစ်သက်ဘူး။ သူ သူ့ကိုလန့်သွားစေခဲ့တာ ဖြစ်ပါလိမ့်မယ်။

အခမ်းအနားရဲ့ဒုတိယတစ်ဝက်မှာတော့ မုသခင်မက ကောင်းထျန်းချန်ကိုရှာပြီး မုကျင်အမူးလွန်နေလို့ အနားယူဖို့ဒုတိယထပ်ကိုတက်သွားတယ်လို့ ပြောလိုက်တယ်။ မုသခင်မက အမူးလွန်နေတဲ့သူမသားလေးကိုစိုးရိမ်နေတယ်။ သူမသားလေးက ပွဲရှင်ဖြစ်လို့ ဧည့်သည်တွေကိုဧည့်ခံပေးရဦးမှာကြောင့် ပွဲကထွက်သွားလို့မဖြစ်သေးဘူး။ ဒါကြောင့် အမူးပြေဟင်းရည်လေးယူပြီး မုကျင်ကိုတစ်ချက်သွားကြည့်ပေးမလားလို့ မုသခင်မက ကောင်းထျန်းချန်ကိုမေးလိုက်တယ်။

ကောင်းထျန်းချန်လည်း ပူနွေးနွေးအမူးပြေဟင်းရည်လေးတစ်ခွက်ကိုကိုင်ပြီး ပွဲခန်းမကထွက်ကာ ဒုတိယထပ်ကိုတက်လာခဲ့တယ်။ နောက်ပြီး အစောတုန်းကအပြုအမူတွေအတွက် ဘယ်လိုတောင်းပန်ရင်ကောင်းမလဲလို့ လမ်းလျှောက်ရင်းစဉ်းစားနေခဲ့တယ်။

ဒုတိယထပ်က ဆူညံနေတဲ့ပထမထပ်ထက်စာရင် အများကြီးတိတ်ဆိတ်ငြိမ်သက်တယ်။ လျှောက်လမ်းရဲ့အဆုံးဘယ်ဘက်အခန်းက မုကျင်ရဲ့အခန်း။

လေထုထဲမှာက တစ်နည်းနည်းနဲ့ ဖျော့တော့တော့မွှေးရနံ့တွေရှိတယ်။ ကောင်းထျန်းချန် အစတုန်းကထင်လိုက်တာက အခန်းထဲကအမွှေးနံ့သာအိုးကလာတာဖြစ်မယ်လို့။ လျှောက်လမ်းအဆုံးကိုလျှောက်လာခဲ့တာနဲ့အမျှ လေထုထဲကမွှေးရနံ့တွေလည်း ပိုပြီးပြင်းထန်လာခဲ့တယ်။ ဒါက သူ မုကျင်ရဲ့အခန်းတံခါးကို တွန်းဖွင့်လိုက်တဲ့တိုင်အောင်ပါပဲ။

ချိုမြိန်တဲ့ရနံ့က သူ့နှာခေါင်းတွင်းကိုတန်းဝင်လာတယ်။ နက်ရှိုင်းတဲ့ပင်လယ်ပြင်ကြီးတစ်ခုထဲ ပြုတ်ကျသွားသလိုလည်း ခံစားလိုက်ရတယ်။ သူက မွှေးရနံ့လှိုင်းလုံးကြီးတွေကြားမှာ မလူးသာမလွန့်သာဖြစ်နေတယ်။

အယ်လ်ဖာတစ်ယောက်၊ ဘယ်အိုမီဂါကိုမှ အမှတ်အသားမပေးရသေးပေမယ့်လည်း လေထုထဲကမွှေးရနံ့တွေက ရနံ့တစ်ခုသက်သက်ပဲ မဟုတ်ကြောင်း သူသတိပြုမိခဲ့ပါတယ်။ အိုမီဂါရဲ့မွှေးရနံ့တွေလေ။

မုကျင်က heat ဝင်နေခဲ့တာပါ။

………….