Chapter 3
After being reborn I tortured the vicious sister in law
စုမုန့်ပြုံးလိုက်သည်။ သို့သော် သူမမျက်လုံးထဲတွင်တော့ အပြုံးများမရှိပေ။
သူမအရင်ဘဝတုန်းကလိုပင် ကျေးဇူးတင်သည့်အကြည့်ဖြင့် ဝေ့ရွှယ်အားကြည့်ပြီး ပြောလိုက်သည်။
"ကျေးဇူးပါပဲ အချစ်ဆုံးယောင်းမလေးရယ် ... နင်က ငါ့အတွက်အကောင်းဆုံးပဲ ... နင်ပြောသလိုလုပ်ရမယ်... "
ဝေ့ရွှယ်သည် စုမုန့်အားစိုးရိမ်သည့်ဟန်ဖြင့် ပြောလိုက်သည်။
" အိုး ... ဒါနဲ့ပြောရဦးမယ် ယောင်းမရေ .... အကိုဖုကျဲရဲ့ကလပ် ဒီနေ့ဖွင့်တယ်တဲ့ .... သူက နာမည်ကြီးဆယ်လီတွေနဲ့ ကောင်မလေးချောချောလေးတွေကို ဖိတ်ထားတယ် .... ငါ့အကိုလဲ အဲ့ဖွင့်ပွဲတက်ဖို့အဖိတ်ခံထားရတယ်ဟ ... နင်သွားကြည့်ချင်လား ... "
"ဖွင့်ပွဲအခမ်းအနားလား ... "
စုမုန့် နားမလည်စွာဖြင့် ဝေ့ရွှယ်ကိုကြည့်လိုက်သည်။
"ဟုတ်တယ် ... ငါ့အကိုက ချောလဲချော ပိုက်ဆံလဲရှိတော့ မိန်းကလေးဆယ်လီတွေ တော်တော်များများက သဘောကျကြတာကိုလဲ မမေ့နဲ့ဦးနော် ... သူတို့အားလုံးကို သူ့ကိုမြူဆွယ်ချင်နေကြတာ ... အဲ့ထဲက တစ်ချို့ဆို တော်တော်ကိုလွန်လွန်ကြူးကြူးဖြစ်နေကြတာနော် ... ယောင်းမလေး ... အခုက နင့်ရဲ့နေရာကို သူတို့သိအောင်ပြရမယ့် အခြေအနေပဲ ... အဲ့မိန်းမတွေသာ ငါ့အကိုကိုရသွားရင် နင်အရမ်းနောက်ကျသွားလိမ့်မယ် ... "
စုမုန့်သည် ဝေ့ရွှယ်၏အတွေးကို မြင်ဖူးပြီးဖြစ်သည်။ အရင်ဘဝတုန်းက ဒီလိုနေ့မှာပင် ဝေ့ရွှယ်က သူမအားထိုစကားများဖြင့် သွေးထိုးခဲ့သည်။
ထိုအချိန်တွင် သူမနဲ့ဝေ့ထင်သည် လင်မယားအရာမြောက်ပြီးဖြစ်သည့်အပြင့် ဝေ့ထင်အား နက်ရှိုင်းစွာချစ်မိနေလေပြီ။ ထို့ကြောင့် ဝေ့ရွှယ်ဆီမှ ဝေ့ထင်အား မြူဆွယ်မည့်မိန်းမများအကြောင်း ပြောလိုက်သည်နှင့် တပြိုင်နက် သူမသိပ်မစဉ်းစားနိုင်တော့ဘဲ ကလပ်သို့အပြေးအလွှားသွားခဲ့သည်။ သူမသည် ဝေ့ရွှယ်စကားကို အမြဲတမ်းယုံကြည်ခဲ့ခြင်းဖြစ်သည် ။ ထို့အပြင် သူမသည် ဝေ့ရွှယ်နှင့် ဝေ့ထင်ကြားမှ မောင်နှမသံယောဇဉ်ကို သံသယမရှိခဲ့ပေ။ သူမသာမက မည်သူကများ သူတို့မောင်နှမကြားရှိ သံယောဇဉ်ကို ထိုသို့သောအတွေးဝင်မည်နည်း။
ထိုကလပ်တွင် များပြားလှသော နာမည်ကြီးဆယ်လီအမျိုးသမီးများရှိသည်။ သူတို့အားလုံးသည် ထူထဲသောမိတ်ကပ်များလိမ်းထားကြပြီး အတော်လေးကိုဖြားယောင်းတတ်ကြသည်။ အောက်ခံမိတ်ကပ်ပင်မလိမ်ထားသည့် သူမ၏မျက်နှာသည် ဗြောင်ရှင်းနေပြီး အိမ်ဖော်တစ်ယောက်နှင့်တူနေသည်။ ကလပ်တွင် ဝေ့ထင်အားဖြားယောင်းနေသည့် ထိုအမျိုးသမီးများနှင့် သူမ စကားအချေအတင်ဖြစ်ခဲ့သည်။ ထိုအမျိုးသမီးများသည် နာမည်ကြီးဆယ်လီများဖြစ်သည့်အတွက် နေရာတစ်ခုရှိလေသည်။ အဆုံးမှာတော့ ဝေ့ထင်သည် ပထမဆုံးအကြိမ်သူမအား အပြင်းအထန်ဒေါသထွက်ခဲ့သည်။
ထိုအချိန်တွင် သူမသည် ပြဿနာ၏လေးနက်မှုကို မသိခဲ့ပေ။ တခြားအမျိုးသမီးများရှေ့တွင် သူမ၏အမျိုးသားကိုပိုင်ဆိုင်ကြောင်းပြသသည်မှ ပုံမှန်ဖြစ်သည်ဟုသာ ထင်မှတ်ခဲ့သည်။ အနည်းဆုံးတော့ သူမတွင် ဝေ့ထင်နှင့်လက်ထပ်ထားသည့်စာချုပ်ရှိေနေလသည်။ ထို့ကြောင့်ပင် သူမတို့နှစ်ဦးသည် အကြင်လင်မယားဖြစ်နေသည့်အတွက် တခြားနှောက်ယှက်နေသည့်ဆယ်လီအမျိုးသမီးများသည် သူမတို့ကြားတွင် တတိယလူဖြစ်ချင်နေသည်ဟု ပြော၍ရပေသည်။
ထိုအချိန်မှစ၍ သူမနှင့်ဝေ့ထင်၏ဆက်ဆံရေးသည် ပြန်ပြင်၍မရသော ချောက်နက်ထဲသို့ကျဆင်းခဲ့ရသည်ကို ယခုမှသူမစဉ်းစားမိတော့သည်။
'ဟမ့် ... အရင်ဘဝတုန်းက သူမအဆုံးထိတုံးအခဲ့တာပဲ ...'
ယောကျာ်းတစ်ယောက်အတွက်နဲ့ သူမကိုယ်သူမသနားစရာကောင်းအောင် ပြုမူခဲ့မိသည်။ နှလုံးသားထဲမှနေ၍ သူမကိုယ်သူမလှောင်ရယ်လိုက်သည်။ ဒီတကြိမ်တွင်လည်း သူမ ထိုကလပ်သို့သွားဦးမည်ဖြစ်သည်။ သို့သော် ဝေ့ထင်ကိုလုယုဖို့တော့မဟုတ်ပေ။
အရင်ဘဝတုန်းက သူမထိုကလပ်သို့သွားခဲ့အချိန်တွင် ဖုကျဲသည်ချမ်းသာသည့်ကလေးများနှင့် လောင်းကစားလုပ်ခဲ့သည်ကို မှတ်မိသေးသည်။
' ငွေရှာဖို့ကောင်းတဲ့ အခွင့်အရေးရောက်လာပြီပဲ ... ဟဟ..'
"ဒါဆို ရှောင်ရွှယ် ... နင် ငါနဲ့အတူတူလိုက်ခဲ့ပေးမလား ... "
စုမုန့် ဝေ့ရွှယ်အား အသနားခံသည့် အကြည့်ဖြင့်ကြည့်လိုက်သည်။ ထို့သို့ပြောပြီးနောက် ဝေ့ရွှယ်၏အဖြေကိုမစောင့်ပဲ အိမ်ထဲသို့ဆွဲခေါ်လာခဲ့တော့သည်။
ဝေ့ရွှယ်က နားမလည်စွာဖြင့်မေးလိုက်သည်။
" ဟယ် ... ယောင်းမ ... ငါတို့ ကလပ်ကိုသွားမှာမဟုတ်ဘူးလား ... ဘာလို့အိမ်ထဲကိုဆွဲခေါ်လာတာလဲ ... နင်သာနောက်ကျမှသွားမယ်ဆိုရင် အဲ့မိန်းမတွေ ငါ့အကိုကိုနှောက်ယှက်နေမှာ နင်မစိုးရိမ်တော့ဘူးလား... "
စုမုန့် သူမအား ကြိုးစား၍ပြုံးပြပြီး သူမကိုယ်သူမညွှန်ပြရင်း ပြောလိုက်သည်။
" စိုးရိမ်တာပေါ့ဟ ... ဒါပေမယ့် ငါ့အဝတ်တွေကိုတော့လဲရဦးမှာပေါ့ ... ငါသာဒီပုံစံနဲ့သွားရင် ဝေ့ထင်မျက်နှာပျက်ရမှာပေါ့ ... ပြီးတော့ မနေ့ညက ငါ့အပေါ်ကိုဝေ့ထင်က အရမ်းအေးစက်ခဲ့တာ ... သူငါ့ကိုတစ်ချက်လေးတောင်ကြည့်မသွားဘူး ... ငါ့ကိုယ်ငါသန့်ရှင်းအောင်အရင်လုပ်လိုက်တာပိုကောင်းမယ် ... သူငါ့ကိုချစ်ဖို့မတောင်းဆိုရဲဘူး ဒါပေမယ့် ငါ့ကိုနည်းနည်းလောက်တော့ ဂရုစိုက်မယ်လို့မျှော်လင့်မိတာပဲ ... သူသာငါ့ကို အကြိမ်နည်းနည်းလောက်လှမ်းကြည့်မယ်ဆိုရင်တောင် ငါ့အတွက်လုံလောက်နေပါပြီ ... "
သူမပြဿနာရှာနေသ၍ ဝေ့ရွှယ်သဘောကျမည်မှန်း အသေအချာသိသည်။ ထို့ကြောင့် သူမစကားအားနားထောင်ပြီးနောက် ဝေ့ရွှယ်က ခေါင်းညိတ်သဘောတူလိုက်သည်။ ဝေ့ရွှယ်အနေဖြင့် ဒီအမျိုးသမီးအားလုံးဝ စိုးရိမ်ခြင်းမရှိပေ။ ထို့ကြောင့် သူမ အေးဆေးစွာဖြင့်ပြောလိုက်သည်။
"ဒါဆိုလဲ သိပ်မကြာစေနဲ့နော် .... နင်အဝတ်အစားလဲပြီးတာနဲ့သွားကြမယ် ... ပြီးတော့မျက်နှာပြောင်ပဲလုပ် ... ငါ့အကိုက မိတ်ကပ်လိမ်းတာမကြိုက်ဘူး ... "
ဝေ့ရွှယ်နှလုံးသားထဲမှ သူမ၏ တုံးအသည့်ပုံစံကို ဆက်ထိန်းသိမ်းနိုင်ရန်အတွက် စုမုန့် မိတ်ကပ်မလိမ်းခဲ့ပေ။ သူမ အဝတ်အစားလဲပြီးသည်နှင့် ဆံပင်ကိုရိုးရှင်းစွာစီးလိုက်သည်။ မှန်ထဲမှ သူမကိုယ်သူမကြည့်ပြီးနောက် ကျေနပ်သွားသည်။
ဝေ့ရွှယ်၏စကားတစ်ခုမှာ အမှန်ပင်။ စုမုန့်သည် အလွန်ဖြူစင်သည့်ဟန်ရှိပြီး မျက်နှာအနေအထားသည် အတော်လေး သပ်ရပ်လှပသည်။ မည့်သည့်မိတ်ကပ်မှမလိမ်းထားသည့်တိုင် သပ်ရပ်သည့်အဝတ်အစားများ လဲလှယ်ဝတ်ဆင်လိုက်သည်နှင့် ဆွဲဆောင်မှုရှိနေတော့သည်။
အဝတ်အစားလဲလိုက်ရုံဖြင့် တခြားတစ်ယောက်ကဲ့သို့ဖြစ်သွားသည့် စုမုန့်အားကြည့်ပြီး ဝေ့ရွှယ် အံကြိတ်လိုက်မိသည်။ သို့သော်လည်း သူမတိုးတိုးတိတ်တိတ်သာ မနာလိုဖြစ်နိုင်ပေသည်။
............
ဖုမိသားစု၏ ကြယ်ငါးပွင့်ဟိုတယ်၏ ဗီအိုင်ပီအခန်းထဲတွင်ဖြစ်သည်။
အေးစက်ပြီး ချောမောသည့် အရပ်ရှည်ရှည်အမျိုးသားတစ်ဦးသည် ဧည့်ခန်းထဲရှိသားရေဆိုဖာပေါ်တွင် ထိုင်နေသည်။ ထိုသူသည် လက်ထဲမှစာရွက်စာတမ်းတစ်ခုကို လှန်လှောကြည့်ရှုနေသည်။
သူသည် ပေါ့ပေါ့ပါးပါးထိုင်နေသော်လည်း မျက်ဝန်းအစုံမှာ ရေခဲကဲ့သိုအေးစက်နေသည်။ထိုအမျိုးသားစာရွက်စာတမ်းများအားကြည့်နေစဉ် အခန်းအတွင်းသို့ လူတစ်ယောက်ဝင်လာသည်။
“ဥက္ကဌဝေ့ …. လူကိုခေါ်လာပါပြီ ‘’
ထိုသူနောက်တွင် အရပ်ရှည်ရှည်အမျိုးသားနှစ်ဦးမှာ အဆီတစ်နေသောလူဝကြီးတစ်ဦးကိုဖမ်းချုပ်ထားသည်။ ထိုလူဝကြီး၏ခေါင်းမှာ အောက်သို့ငုံ့နေပြီး ခန္ဓာကိုယ်ရှိအဆီများမှာတုန်ခါနေသည်။ အနည်းငယ်သော ဆံပင်ရှည်ကို ခေါင်းအနောက်ရောက်သည်အထိ ဆွဲဖြီးထားသော သူ၏ပုံစံသည် အတော်လေးအဆင်မပြေပုံပေါ်သည်။
“ဥက္ကဌဝေ့ … ဒီ ဖက်တီးကောင်က ထွက်ပြေးဖို့ကြံနေလို့ ကျွန်တော်တို့ဖမ်းလာတာပါ …”
ထိုလူက လူဝကြီးအားဖမ်းထားသည့်လက်ကိုလွှတ်လိုက်သည်နှင့်တပြိုင်နက် မြေပေါ်သို့လဲကျသွားတော့သည်။ ပြုတ်ကျသည့်အရှိန်မှာ အတော်လေးပြင်းသည့်အတွက် နှာခေါင်းထဲမှသွေးများပင်စီးကျလာသည်။
သို့သော် ထိုပြုတ်ကျသည့်ဒဏ်ကြောင့်ပင် လူဝကြီးမှာ သတိပြန်လည်လာသည်။ သူ၏ခေါင်းကိုမော့လိုက်စဉ် ဆိုဖာပေါ်မှလူကိုတွေ့လိုက်သည်နှင့်တပြိုင်နက် ထိုသူဆီသို့တွားသွားကာ သက်သာရာရရန်အတွက် တောင်းပန်တော့သည်။
“ ဥက္ကဌဝေ့ … ဥက္ကဌဝေ့ … ကျွန်တော်မှားသွားပါတယ် … ကျွန်တော်တကယ်ကိုမှားသွားတာပါ … ကျွန်တော် ဥက္ကဌဝေ့ကို သစ္စာမဖောက်သင့်ပါဘူး … ကျွန်တော့အသက်ကိုသာ ချမ်းသာပေးမယ်ဆိုရင် ကျွန်တော် သိသမျှအကုန်လုံးကိုပြောပြပါ့မယ် … “
လူဝကြီးသည် ထိုလူ၏ခြေသလုံးကို ပြေးဖက်ရန်ပြင်လိုက်စဉ် အနောက်မှကြွက်သားအပြည့်နှင့်လူက အလျင်အမြန်ထွက်လာပြီး အနောက်သို့ပိတ်ကန်လိုက်သည်။ ထို့နောက် လူဝကြီးခေါင်းကို ခြေထောက်ဖြင့်ဖိနင်းထားပြီး ပြောလိုက်သည်။
“ စကားပြောယဉ်ကျေးစမ်း…”
ထိုအချိန်မှာပင် သူ၏ဖုန်းမြည်သံထွက်ပေါ်လာသောကြောင့် ဥက္ကဌဝေ့ ဖုန်းကိုင်လိုက်သည်။ ထို့နောက်ဖုန်းထဲမှ စကားသံထွက်ပေါ်လာသည်။
“ဝေ့ထင် … ပွဲကစတော့မှာ … အဲ့မှာညှိနှိုင်းနေတာမပြီးသေးဘူးလား … မင်းမလာဘူးဆိုရင် ငါမင်းကိုမစောင့်တော့ဘူးနော်… “
ဝေ့ထင် တည်ငြိမ်စွာဖြင့်ပြန်ဖြေလိုက်သည်။
‘’ ငါ့ကိစ္စကပြီးသွားပြီ … အဲ့ကိုခုချက်ချင်းလာခဲ့မယ် … “
ဝေ့ထင် တဖက်မှတုန့်ပြန်မှုကိုမစောင့်ဘဲ ပြောပြီးသည်နှင့်တပြိုင်နက် ဖုန်းချလိုက်သည်။
လူဝကြီး၏သနားစဖွယ်တောင်းပန်နေမှုကို သူ တစ်ချက်တောင်လှည့်ကြည့်ဖို့စိတ်မကူးဘဲ စာရွက်စာတမ်းများကိုပိတ်ကာ မတ်တပ်ရပ်လိုက်သည်။ ဝေ့ထင်အခန်းထဲမှထွက်သွားရုံနှင့် အမှန်တကယ်ပြီးဆုံးမည်မဟုတ်မှန်း လူဝကြီးသိသည်။ထို့ကြောင့် သူက ချက်ချင်းပင် အော်ပြောလိုက်သည်။
“ဥက္ကဌဝေ့ … ငါကအသုံးဝင်သေးတယ် … ငါ့နောက်မှာဘယ်သူရှိလဲဆိုတာ မသိဘူးလား… “
နောက်ဆုံးတွင် ဝေ့ထင် တုန့်ပြန်လာသည်။ သူ ရပ်တန့်လိုက်ပြီး လူဝကြီးအားအေးစက်သည့်အကြည့်ဖြင့် ကြည့်လိုက်သည်။
“အသုံးဝင်တယ် … ဟုတ်လား.. “
လူဝကြီး၏နှလုံးသားတစ်ခုလုံးမှ မျှော်လင့်ချက်များချက်ခြင်းတောက်ပလာသည်။
“ဟုတ်တယ် … ဟုတ်တယ် … မင်းသာ ငါ့ကိုလွှတ်ပေးမယ်ဆိုရင် အသုံးဝင်တဲ့အချက်အလက်တွေ ပေးနိုင်တယ်… “
“အမှိုက်လိုဟာတွေ… “
ဝေ့ထင်လက်ထဲမှအချက်အလက်များကို လူဝကြီး၏ခေါင်းပေါ်သို့ ပစ်ချလိုက်သည်။
လူဝကြီးသည် သူ့အပေါ်ကျလာသော စာရွက်စာတမ်းမှအချက်အလက်များကို အလျင်အမြန်ဖတ်နိုင်ရန် ကြိုးစားလျက်ရှိသည်။ သူနှင့်အကျွမ်းတဝင်ရှိသောဓါတ်ပုံနှင့် ကိုယ်ရေးကိုယ်တာအချက်အလက်များကို မြင်သောအခါ စိတ်ပျက်အားငယ်သည့်ပုံစံဖြစ်သွားပြီး နောက်ထပ်သနားညှာတာမှုကိုမတောင်းခံတော့ပေ။
ထိုစာရွက်စာတမ်းထဲတွင် အချက်အလက်အားလုံး အသေးစိတ်ပါရှိနေပြီး သူကိုယ်တိုင်ပင်မသိသည့် မြင့်မားသောအဆင့်တစ်ခုကရှိနေခဲ့လေသည်။
“ဘောစ့် သူ့ကိုကျွန်တော်တို့ဘယ်လိုလုပ်လိုက်ရမလဲ… “
“ပျောက်သွားအောင်လုပ်လိုက်… “
“ဟုတ်ကဲ့… “
ထိုစကားလုံးများကို ဝေ့ထင်ပေါ့ပါးစွာပြောပြီး နောက်လှည့်မကြည့်ဘဲ အခန်းထဲမှထွက်သွားသည်။ သူ့အနေဖြင့် ထိုကဲ့သို့သော သစ္စာဖောက်ကိုချန်ထားရန် အကြောင်းရင်းမရှိပေ။
ဝေ့ထင် ကလပ်သို့ရောက်သောအခါ ဖုကျဲသည် အလှလေးတစ်ချို့နှင့် စကားစမြည်းပြောနေသည်။ ထိုအလှလေးများကလဲ သူနှင့်ပြောရသည်ကို ပျော်နေကြပုံပင်။
သူတို့အားလုံး ဝေ့ထင်ကိုတွေ့လိုက်သည်နှင့် ထိုအထဲမှတစ်ချိုသည့် စူးစူးဝါးဝါးစိုက်ကြည့်နေတော့သည်။ ဖုကျဲတစ်ယောက် ဝေ့ထင်အား သူ မတတ်နိုင်သည့်သဘောဖြင့် ပုခုံးတွန့်ပြလိုက်သည်။ ထို့နောက် ခပ်ညစ်ညစ်အပြုံးဖြင့်ပြောလိုက်သည်။
“ဟုတ်ပြီ … အခုဒီလူက ဒီကိုရောက်လာပြီဆိုတော့ ဒီနေ့ရဲ့အဓိကဇာတ်ကောင်က ငါမဟုတ်တော့ဘူး … ဘယ်လိုလဲ ဝေ့ထင် … ဒီအလှလေးတွေက မင်းကိုတွေ့ချင်နေကြတာကြာပေါ့… “
ထိုအလှလေးများကို ဝေ့ထင်စိတ်မဝင်စားပေ။ အလှလေးနှစ်ယောက်ကိုကျော်ပြီး အနောက်မှဖုကျဲကို ကြည့်ရင်းပြောလိုက်သည်။
“ပျင်းစရာကောင်းတယ်…”
တခြားသူများ သတိမထားမိသော်လည်း ဝေ့ထင်နှင့်နေ့စဉ်အတူရှိနေသည့် ဖုကျဲက အခြေအနေမဟန်မှန်း သတိထားမိပြီး အလှလေးများကို အဝေးသို့မောင်းထုတ်လိုက်သည်။ ထို့နောက် စိုးရိမ်စွာဖြင့်မေးလိုက်သည်။
“ဘာဖြစ်ခဲ့လို့လဲ… သစ္စာဖောက်တွေနဲ့ ညှိနှိုင်းရတာခက်ခဲလို့လား… “
ဝေ့ထင်က ထူးမခြားသည့်ပုံစံဖြင့်ပြောလိုက်သည်။
“ဘာမှမဟုတ်ပါဘူး… မနေ့ညက ထူးဆန်းတာကြုံလိုက်ရလို့ ကောင်းကောင်းအနားမယူလိုက်ရဘူးလေ… “
ဖုကျဲ စူးစမ်းချင်စိတ်ဖြင့်မေးလိုက်သည်။
“ဘာတွေထူးဆန်းလို့လဲ…”
ဝေ့ထင် ခဏမျှတွေးလိုက်သည်။ မနေ့ညက စုမုန့် သူ့အားဖြားယောင်းရန် သူ့အခန်းထဲသို့လာခဲ့သည်။ သူ အဝတ်များချွတ်လိုက်စဉ် အခန်းထဲတွင် အေးစက်သောလေအေးများ ရုတ်တရက်ထွက်ပေါ်လာခဲ့သည်။
ထိုအချိန်တွင် သူ အဲကွန်းဖွင့်မထားပေ။ စုမုန့်နိုးလာပြီးနောက် ထိုလေအေးများမှာပျောက်ကွယ်သွားသည်။ နောက်ဆက်တွဲကတော့ စုမုန့်၏သဘောထားများပြောင်းလဲသွားခြင်းပင်။ ထိုခံစားချက်သည် အတော်လေးထူးဆန်းနေပြီး မည်သို့ဖော်ပြရမည်မှန်းမသိပေ။ သူ့ဘက်မှထုတ်ဖော်ပြောမည်ဆိုလျှင်တောင် ထိုကဲ့သို့သောအရာကို မည်သူမျှယုံမည်မဟုတ်ပေ။
သူ အိပ်ပျော်ခါနီးအချိန်တွင် လက်မောင်းမှာနာကျင်လာသော်လည်း မည်သည့်ဒဏ်ရာမျှရှိမနေပေ။ တစ်ချိန်တည်းမှာပင် ရေအေးထဲတွင်စိမ်နေရသကဲ့သို့ ခံစားခဲ့ရသည်။ ထိုခံစားချက်သည် မနက်လင်းခါနီးအချိန်မှပင် လျော့ပါးသွားသည်။
“ငါ အဆင်ပြေပါတယ်…”
သူ၏အသံသည် ထူးမခြားဘဲတည်ငြိမ်နေဆဲပင်။
သူ့ဘက်မှမပြောသည့်အတွက် ဖုကျဲ ဆက်မမေးရဲတော့ပေ။ ထို့ကြောင့် ခေါင်းစဉ်ပြောင်းပြောလိုက်သည်။
“ဘာပဲဖြစ်ဖြစ် … အဲ့သစ္စာဖောက်ကောင်တွေအားလုံးကို ဖြေရှင်းပြီးပြီပဲမဟုတ်လား … ခုဘာမှသိပ်လုပ်စရာမရှိတော့မယ့်အတူတူ စိတ်ဝင်စားစရာလေးတွေလုပ်ကြရအောင် … “
ဝေ့ထင် ဖုကျဲကိုစောင်းငဲ့ကြည့်ရင်းမေးလိုက်သည်။
“ဘယ်လို စိတ်ဝင်စားစရာတွေလဲ…”
xxxxx