Chapter 4
After being reborn I tortured the vicious sister in law
ဖုကျဲ လက်ကိုယမ်းရင်းပြောလိုက်သည်။
“သီးသန့်ခန်းကိုသွားရအောင်… ငါတို့တွေ အန်စာတုံးတွေနဲ့လောင်းကစားလုပ်ကြရင်ကော … အဲ့ဒါက မိန်းမလှလေးတွေကို အဖော်လုပ်ပေးတာထပ်ပိုကောင်းမှာပါ … “
“အခုက ဖွင့်ပွဲအခမ်းအနားလား လောင်းကစားပွဲလား … “
ဝေ့ထင် ထိုကဲ့သို့သောအဓိပ္ပာယ်မရှိသည့် လောင်းကစားများကို လုံးဝစိတ်မဝင်စားသည့်အတွက် တန်းငြင်းလိုက်သည်။
သူပြောပြီးသည်နှင့်တပြိုင်နက် သာယာနာပျော်ဖွယ်ကောင်းပြီး ကြည်လင်ပြတ်သားသောအသံက အနောက်မှထွက်ပေါ်လာသည်။
“ကျွန်မတို့ကိုလဲ အဲ့ကိုခေါ်သွားပေးလေ…”
နှစ်ယောက်သားလှည့်ကြည့်လိုက်သောအခါ သူတို့ဆီ တဖြည်းဖြည်းလျောက်လာသည့် စုမုန့်နှင့် ဝေ့ရွှယ်ကိုတွေ့လိုက်ရသည်။
စုမုန့်သည် သာမန်ရိုးရိုးရှင်းရှင်းဝတ်ဆင်ထားသော်လည်း ခါတိုင်းတွေ့နေကျမျက်နှာေပြာင်နှင့်မတူ အနည်းငယ်ကွဲပြားနေသည်။ ဖုကျဲက ချက်ခြင်းမမှတ်မိဘဲ ခဏအကြာမှသိသွားပြီး အံ့ဩတကြီးဖြင့်မေးလိုက်သည်။
“စုမုန့်လား… မင်းက စုမုန့်လား… “
ဖုကျဲ စုမုန့်ကိုအကြိမ်များစွာ မတွေ့ဖူးသော်လည်း သူမနှင့်ပတ်သတ်၍ အလွန်ဆိုးရွားသော အမြင်သာရှိခဲ့သည်။
စုမုန့်သည် အေးအေးဆေးဆေးနှင့် နာခံတတ်သောသဘောရှိသည်။ တခါတရံတွင် ဝေ့ထင်နှင့်ပတ်သတ်ပြီး လွန်ကဲသော ရှက်စရာကောင်းသည့် အဖြစ်အပျက်များကိုဖြစ်စေတတ်သည်။ သူမသည် ကိုယ့်ကိုကိုယ်ကောင်းမွန်စွာ ပြင်ဆင်ခြင်းမရှိသည့်အတွက် သာမာန်ရွက်ကြမ်းရေကြိုမိန်းကလေးများထက်ပင် ဆိုးရွားခဲ့သည်။ ဝေ့ထင်ကဲ့သို့ ထူးချွန်ထက်မြတ်သည့်အမျိုးသားသည် ထိုကဲ့သို့မိန်းကလေးမျိုးကို လက်ထပ်မည်မဟုတ်ပေ။
“မင်း… “
ဖုကျဲ မကျေမနပ်ဖြင့် မျက်မှောင်ကြုတ်ကြည့်လိုက်မိသည်။
‘ဒီအမျိုးသမီးကတကယ့်ကို ပုံမှန်မဟုတ်ဘူးပဲ… ဒီလိုနေရာမျိုးကို ပြသနာရှာဖို့ရောက်လာတာပဲဖြစ်ရမယ် …’
သူ စုမုန့်ကိုပြန်ဖြေမယ့်အစား ဝေ့ထင်ကိုကြည့်ပြီးပြောလိုက်သည်။
“မင်း မပါတော့ဘူးလား…”
စုမုန့်ဘေးတွင်ရပ်နေသော ဝေ့ရွှယ်က စိုးရိမ်တကြီးဖြင့် စုမုန့်ကို ပြောလိုက်သည်။
“ယောင်းမ… နင် ဘာတွေပြောနေတာလဲ… ဒီနေ့က နေ့ကောင်းတစ်ရက်ပဲလေ… အကိုဖုကျဲရဲ့ဖွင့်ပွဲကို ဒီအတိုင်းပဲတိတ်တိတ်ဆိတ်ဆိတ် တက်ကြတာပေါ့ … သူကို ပြဿနာသွားမရှာနဲ့တော့ ဟုတ်ပြီလား… “
သို့သော်လည်း စုမုန့်က သူတို့၏တုန့်ပြန်မှုများကို လျစ်လျူရှုကာ ဆက်ပြောလိုက်သည်။
“ ကျွန်မ မပါဘူးဆိုရင်တောင် ဒီဂိမ်းကိုမကစားချင်ဘူးလား… တကယ်လို့ ကျွန်မရှုံးရင် ရှင်ကြိုက်တာလုပ်လို့ရတယ် … ရှင်ရှုံးရင်တော့ ဒီကလပ်ရဲ့ ရှယ်ယာတစ်ဝက်ကို ကျွန်မလိုချင်တယ် … “
စုမုန့်၏ စကားကိုနားထောင်ပြီးနောက် နှုတ်ဆိတ်နေသည့်ဝေ့ထင်၏ ဒေါသများပိုထွက်လာကာ နောက်ဆုံးတွင် စကားမပြောပဲမနေနိုင်တော့ပေ။
“ဒီမှာလာရှုပ်မနေနဲ့… “
စုမုန့်သာ သူပိုင်သည့်နေရာတွင်လာရှုပ်လျှင် သူသည်းခံနိုင်သည်။ သို့သော်ယခုက ဖုကျဲ၏ နေရာဖြစ်နေသည်။ ထို့အပြင် ဒီနေ့သည် အရေးကြီးသည့်နေ့ဖြစ်သည်။
မူလကတည်းက ဝေ့ထင် အားမုန်းနေသည့်စုမုန့်သည် သူ၏စကားကိုနားထောင်ပြီးနောက် ချက်ချင်းစိုက်ကြည့်ပြီး တစ်ခွန်းချင်းစီပြန်ပြောလိုက်သည်။
“ကျွန်မ ပြဿနာရှာနေတာမဟုတ်ဘူး … ပြီးတော့ အရှက်မရှိတာတွေလဲမလုပ်ဘူး … သူ့ကစားပွဲမှာပဲ ပါချင်ရုံတင်… အဲ့ဒါကို အရူးထတယ်လို့ ပြောလို့ရမလား… “
ဝေ့ထင် စုမုန့်၏ခံစားချက်ကို ချက်ချင်းသတိထားမိသည်။
မနေ့ညကတည်းက စုမုန့် သူ့အားမုန်းတီးနေသည်မှာ ဆေးကြောင့်ဟု ထင်မှတ်ခဲ့သည်။ ယခုအချိန်တွင် စုမုန့်၏မျက်ဝန်းထဲမှ အမုန်းတရားများသည် လျော့ပါးမသွားဘဲ သေချာနေသည်။ စုမုန့် သူ့အားအရမ်းမုန်းသွားအောင် ဘာများလုပ်ခဲ့မိပါလိမ့် …
ဒီအမုန်းတရားက ဘယ်ကနေရောက်လာရတာလဲ….
“ယောင်းမရယ်…. လျှောက်ပြောမနေပါနဲ့တော့ … ငါ့အကိုနဲ့ အကိုဖုကျဲကို ခက်ခဲအောင်မလုပ်နဲ့တော့လေ… “
ဝေ့ထင်၏အကြည့်များ စုမုန့်အပေါ် ကျရောက်နေသည်ကို ဝေ့ရွှယ်သတိထားမိသည်။ သူမ တိတ်တဆိတ်အရှေ့သို့ ခြေတလှမ်းတိုးကာ စုမုန့်ကို သူမခန္ဓာကိုယ်ဖြင့်ကွယ်လိုက်သည်။ ထို့နောက် ဝေ့ထင်အား ပြောလိုက်သည်။
“ အကို … ယောင်းမက ဒီအတိုင်းဆော့ရတာကိုသဘောကျလို့ပါ … စိတ်မဆိုးပါနဲ့တော့ … ယောင်းမက အဲ့လိုပဲအမြဲတမ်းကလေးဆန်နေတာ… “
ဝေ့ရွှယ်စကားသည် အတော်လေးယေဘူယျကျသည်။ အပေါ်ယံတွင် သူမသည် စုမုန့်အတွက်မျက်နှာသာပေးကာပြောပေးနေပုံရသော်လည်း ထိုစကားလုံးများသည် စုမုန့်အတွက် တွင်းကြီးကြီးတစ်ခုတူးပေးနေကြောင်း စုမုန့်နားလည်သည်။ သူမက စဉ်းစားညဏ်မရှိဘဲ မတွေးတောတတ်ဘဲ တခြားသူတွေကို ခက်ခဲအောင်လုပ်နေတယ်လို့ တဖက်လှည့်နဲ့ပြောနေတာပဲ မဟုတ်လား …
သူမ တွေးထားသည့်အတိုင်းပင် ဝေ့ထင်၏မျက်နှာထား အနည်းငယ်တင်းလာပြီး အမှောင်ဘက်သို့ရောက်သွားသည်။
စုမုန့် သိပ်မစဉ်းစားဘဲ ဖုကျဲဘက်သို့လှည့်ကာ သူမ၏စကားကိုဆက်ပြောလိုက်သည်။
“ ကျွန်မ တကယ်ပြောနေတာ… ကျွန်မနဲ့မကစားရဲလို့လား.. “
“ဟာသပဲ… ငါကဘာလို့ မကစားရဲမှာလဲ… ငါနဲ့လိုက်ခဲ့… “
‘ သူတကယ်ပဲ သဘောတူလိုက်တယ်ပေါ့… တကယ်တော့ ဖုကျဲရဲ့ဒေါသကိုအသုံးချပြီး ကိုင်တွယ်ရတာက အတော်လေးထိရောက်တာပဲ ‘
ဖုကျဲ သူတို့ကို သီးသန့်ခန်းထဲသို့ခေါ်သွားသည်။ သီးသန့်ခန်းထဲတွင် လှပသောအမျိုးသမီးများဖြင့် ပြည့်နှက်နေသည်။ သူတို့ဝင်လိုက်သည်နှင့် ထိုအမျိုးသမီးလေးများ၏ အကြည့်များသည် ဝေ့ထင်အပေါ်သို့ကျရောက်လာသည်။ ထိုမြင်ကွင်းကိုကြည့်ပြီး ဝေ့ရွှယ်တစ်ယောက် ဒေါသထွက်လွန်း၍ ခေါင်းများပင်ကိုက်ချင်လာသည်။ ဝေ့ထင်မမြင်ရသည့်ရှု့ထောင့်မှ ထိုအမျိုးသမီးများကို ဝေ့ရွှယ် စူးစိုက်ကြည့်နေမိသည်။
ဖုကျဲ ဝိတ်တာလေးတစ်ယောက်ကို အံစာတုံးများယူလာခိုင်းပြီး စုမုန့်ကိုပေးလိုက်သည်။
စုမုန့် ပြုံးလိုက်သည်။ ဆွဲဆောင်မှုပြင်းလွန်းလှသည့် ဝေ့ထင်ကို သူမလုံးဝဂရုမစိုက်ပေ။ သူမ အံစာတုံးကိုယူပြီး အံစာတုံးခွက်ထဲသို့ပစ်ချလိုက်သည်။ သူမ၏ လှုပ်ရှားမှုများသည် ကျွမ်းကျင်ပြီးလှပနေသည်။
စုမုန့် ဖုကျဲကိုပြောလိုက်သည်။
“ ရှင် ကျပန်းနံပါတ်တစ်ခုပြောလိုက်”
“ ခြောက်…ခြောက်… အတန်းလိုက်… ကံကောင်းအောင်လို့”
ထို့နောက် စုမုန့်၏ သွယ်လျသောလက်ကောက်ဝတ်သည် စည်းချက်ညီညီ လှုပ်ယမ်းနေသည်ကိုတွေ့လိုက်ရသည်။ သူမသည် ခေါင်းသည်အနည်းငယ်စောင်းသွားကာ အမူအရာမှာလေးနက်နေသည်။ သူမသည် အံစာတုံး၏လှုပ်သံကို စူးစိုက်နားထောင်နေပုံရသည်။
ခဏမျှလှုပ်ယမ်းပြီးနောက် အံစာခွက်ကို စားပွဲပေါ်သို့မှောက်ချပြီး ခွက်ကိုဖယ်လိုက်သည်။ လူတိုင်းသည် အံစာအားလုံး နံပါတ်ခြောက် ပြနေသည်ကိုတွေ့လိုက်ရသည်။
“မင်းမှာ အရည်အချင်းရှိတာပဲ… ခြောက် နှစ်… “
ဖုကျဲက မယုံနိုင်ပဲ နောက်ထပ်ဂဏန်းတစ်ခုကို ပြောလိုက်သည်။
စုမုန့် ခွက်ကိုနောက်တစ်ကြိမ်လှုပ်ယမ်းပြီး အံစာခွက်ကိုဖယ်လိုက်ချိန်တွင် စားပွဲပေါ်၌ ခြောက် နှစ် ပေါ်နေတော့သည်။
မည်သူမျှ အသံမထွက်နိုင်တော့ပေ။ လူတိုင်း အံ့ဩတုန်လှုပ်သွားကြသည်။
“ အခု ရှင့်အလှည့်… “
စုမုန့် အံစာတုံးများကို ဖုကျဲအားပေးလိုက်သော်လည်း မယူပေ။ သူ၏အမူအယာသည် အတော်လေးဆိုးရွားနေသည်။ သူ၏ဒေါသကိုထိန်းချုပ်နေပုံရပြီး မကျေမနပ်ဖြင့် ရေရွတ်လိုက်သည်။
“အဲ့ဒါအမှန်မဟုတ်ဘူး… ဟုတ်တယ်မဟုတ်လား… တော်တော်များများက ကံကောင်းရင် ဒီလိုပဲဖြစ်နိုင်တယ်မဟုတ်လား… “
ဖုကျဲ နံပါတ်တစ်ချို့ကို အဆက်မပြတ် အော်ဟစ်လိုက်သည်။ အချိန်တိုင်း စုမုန့် တိကျစွာအံစာခေါက်နိုင်သည့်အတွက် နောက်ဆုံးတွင် လူတိုင်းပါးစပ်အဟောင်းသားဖြစ်ကုန်တော့သည်။
‘ ဒါက လူသားမှဟုတ်သေးရဲ့လား… ‘
စုမုန့် ထပ်မေးလိုက်သည်။
“ရှင် ဆက်ပြောချင်သေးလား…”
ဖုကျဲ ကျေနပ်စွာဖြင့် လက်လျော့လိုက်သည်။
“ငါ အရှုံးပေးပါပြီ”
“ အခု ရှင်ရှုံးပြီဆိုတော့ လောင်းကြေးက… “
ဖုကျဲ အသဲကွဲသွားသော်လည်း လူအများရှေ့တွင် သူ၏စကားကိုပြန်ရုတ်သိမ်း၍ မဖြစ်နိုင်ပေ။ ချက်ချင်းပင် အံကိုကြိတ်၍ ပြောလိုက်သည်။
‘’ ရှယ်ယာတွေ လွှဲပြောင်းဖို့က လုပ်ထုံးလုပ်နည်းတွေနည်းနည်းရှိတယ်… အားလုံးပြီးရင် ငါလွှဲပေးပါ့မယ်… “
စုမုန့် ကျေနပ်စွာဖြင့် ခေါင်းငြိမ့်လိုက်သည်။ ထို့နောက် သူမ လူတိုင်းကိုပြောလိုက်သည်။
“ ကျွန်မရဲ့ အရည်အချင်းကိုကြည့်ပြီး ဒီထဲမှာ သင်ချင်တဲ့သူတွေများရှိကြလား… သင်တန်းကြေးက ၃၀,၀၀၀ ပဲပေးရမှာနော်… ပြီးရင် အကုန်တတ်သွားမယ်လို့အာမခံတယ်… “
အစပိုင်းတွင် သူမ၏အရည်အချင်းကိုကြည့်ပြီး လူတိုင်းအံ့ဩသွားကြသည်။ ယခုတော့ သူမက သင်ကြားပေးမည်ဟုပြောလိုက်သောအခါတွင် ချက်ချင်းပင် အပြေးအလွှားစာရင်းသွင်းကြတော့သည်။ သူတို့အားလုံးသည် လူချမ်းသာများ၏ ကလေးများဖြစ်ကြသည့်အတွက် ယွမ် ၃၀,၀၀၀ သည် ဘာမှမဟုတ်ပေ။
လူအုပ်ကြားထဲတွင် အလွန်ဆွဲဆောင်မှုရှိနေသော စုမုန့်အားကြည့်ပြီး မနာလိုမှုများကြောင့် ဝေ့ရွှယ် ရူးတော့မလိုခံစားနေရသည်။ သူမ အံကြိတ်ကာ စိတ်ထဲမှ စုမုန့်အား ကျိန်ဆဲလိုက်သည်။ ဒီနေ့ ဘာလို့ဒီလောက်တောင် ထင်ပေါ်နေရတာလဲ….
သို့သော် အရေးမကြီးပေ။ သူမတွင် စုမုန့်အတွက် တခြားနည်းလမ်းများ ရှိသေးသည်မဟုတ်ပါလား…
ချမ်းသာသောကလေးများအားလုံး စုမုန့်အားကြည့်နေကြသလို ထိုအထဲတွင် ဝေ့ထင်နှင့် ဖုကျဲလည်းပါဝင်လေသည်။
အမျိုးသားတစ်ယောက်နှင့် စုမုန့် စကားပြောပြီးချိန်တွင် ဝေ့ရွှယ် အရှေ့သို့ အလျင်အမြန်လျောက်သွားကာ စုမုန့်၏လက်မောင်းကို ရင်းနှီးစွာဖြင့်ကိုင်လျက် နားလည်မှုရှိစွာ ပြောလိုက်သည်။
‘’ ယောင်းမ… ဒီနေ့က အကိုဖုကျဲရဲ့ ဖွင့်ပွဲအခမ်းအနားလေ… သူက အဓိကဇတ်ကောင်ပဲ… အခုကစားလို့လဲပြီးပြီမဟုတ်လား… အဲ့ဒီတော့ နင့်ကို အကိုဖုကျဲရဲ့ ကလပ်ကို လျှောက်ပတ်ကြည့်ဖို့ ခေါ်သွားမယ်လေ… “
ဒီနေ့ စုမုန့်သည် ယုံကြည်ချက်အပြည့်ရှိနေပြီး ခါတိုင်းနှင့် အနည်းငယ်ကွဲပြားနေသည်။ သူမသည် မူလကတည်းက ရုပ်ရည်ချောမောသူဖြစ်သည်။ နှိပ့်ချအားငယ်တတ်သည့်အကျင့်ကို ရပ်လိုက်သောခါ သူမခန္ဓာကိုယ်မှ အမည်မသိရောင်ဝါများ ထွက်ပေါ်လာပြီး ဝေ့ရွှယ်အား ခြိမ်းခြောက်မှုတစ်ခုကိုခံစားရစေသည်။
သူမ အတွေးလွန်နေသည်မှာ မှန် မမှန် မသိသော်လည်း ထိုခြိမ်းခြောက်မှုကို တိုက်ရိုက်ဖြတ်တောက်ချင်မိသည်။
ဝေ့ရွှယ် စကားများကိုကြားသည့်အခါ စုမုန့် သူမ၏အတွေးများကို နားလည်လိုက်သည်။ စုမုန့် လူအများကြားထဲမှာ တောက်ပနေသည်ကို ဝေ့ရွှယ်မမြင်ချင်ဖြစ်နေေလသည်။
သို့သော်လည်း နောက်ဆုံးတစ်ယောက်ဆီမှ ဆက်သွယ်ရမည့်အချက်အလက်များကို ရပြီးဖြစ်သည့်အတွက် သူမအနေဖြင့် အနီရောင်စာအိတ်များကို လက်ခံရန်သာလိုတော့သည်။နောက်ထပ်လုပ်စရာ မရှိတော့သည့်အတွက် ဖုကျဲကို စိတ်ခုအောင်လုပ်မည့်အစား ကလပ်ကို လှည့်ပတ်ကြည့်ရှုတာက ပို၍ကောင်းပေလိမ့်မည်။
“ ဟုတ်ပြီလေ… ရှောင်ရွှယ် … သွားကြစို့… “
စုမုန့် အပြုံးလေးဖြင့် လက်ခံလိုက်သည်။ သူမ၏ အသွင်အပြင်သည် ကြက်ကိုအောင်မြင်စွာ စားနိုင်လိုက်သည့်မြေခွေးတစ်ကောင်ကဲ့သို့ပင်။ သူမ ဝေ့ထင်နှင့် ဝေ့ရွှယ်ကို လှည့်မကြည့်ပဲ ထွက်သွားတော့သည်။
သူမကို အာရုံစိုက်နေသည့် ဝေ့ထင်အတွက် တွေးစရာများ ပိုလာတော့သည်။ တစ်ညတည်းနှင့် သူမ၏ သဘောထားသည် ကမ္ဘာကြီးနှစ်ခြမ်းကွဲသလို ပြောင်းလဲသွားသည်။ အတိတ်တုန်းက သူမသည် သူ့အနားတွင် မျက်နှာလိုမျက်နှာရဖြင့် အမြဲတမ်းတွယ်ကပ်နေပြီး သာမာန်ရိုးကျမဟုတ်သည့် ချဉ်းကပ်မှုများပင်ပါဝင်ခဲ့သည်။
ဒီတစ်ကြိမ်ကော သူမဘာလုပ်ချင်နေတာလဲ… သူမက ပိုပြီးခက်ခက်ခဲခဲ ကစားချင်နေတာလား… သို့သော်လည်း သူမမျက်ဝန်းထဲမှ အမုန်းတရားများကို သူ ရှင်းရှင်းလင်းလင်းမြင်နေရေလသည်။
ဝေ့ထင်သည် စုမုန့်၏ပုံရိပ်ပျောက်သွားသည်မှ သူ့အကြည့်ကိုပြန်ရုတ်သိမ်းလိုက်သည်။
“ ယောင်းမ … စောနက နင်ဘယ်လိုတောင်လုပ်လိုက်တာလဲ… ငါ့အကိုက အဲ့လိုအောက်တန်းကျတဲ့ အလုပ်တွေကိုအမုန်းဆုံးဆိုတာ နင်မသိဘူးလား… နင်တခြားယောကျာ်းတွေနဲ့ အချိန်အကြာကြီး ကစားခဲ့တယ်… နင် ငါ့အကိုကို တကယ်ကောလိုချင်သေးရဲ့လား… အဲ့လိုအရာမျိုးက မိန်းကလေးတွေလုပ်သင့်တာမဟုတ်ဘူးနော်… “
အပေါ်ယံတွင် ဝေ့ရွှယ်က အကြံပေးနေသော်လည်း စိတ်ထဲမှာတော့ သူမအားကျိန်းမောင်းဆဲဆိုနေတော့သည်။
ဝေ့ရွှယ်၏ စကားကိုနားထောင်ပြီးနောက် စုမုန့်မျက်နှာ ချက်ချင်းနီရဲလာပြီး စိုးရိမ်တကြီးဖြင့်ပြောလိုက်သည်။
“အဲ့လိုဆို ငါတို့ဘယ်လိုလုပ်ကြမလဲ ဝေ့ရွှယ်… ငါ့စိတ်တွေထိန်းမရတော့ဘူး… ဒီနေလောက်ကံကောင်းတာ တခါမှမဖြစ်ဖူးဘူး… ကံကောင်းမှုကို အခွင့်ကောင်းယူပြီး ငါ့အတွက် ပိုက်ဆံနည်းနည်းရှာချင်ရုံပါ… ငါ အဲ့လောက်အထိမတွေးလိုက်မိဘူး…”
“ နင် တကယ်ပိုက်ဆံလိုနေတာလား…”
ဝေ့ရွှယ် သူမအားအထင်သေးစွာဖြင့်ကြည့်လိုက်သည်။ သို့သော် သူမ ဒေါသအားထုတ်မပြနိုင်၍ စိတ်ထဲတွင်သာမြိုသိပ်ထားရသည်။
စုမုန့် ခေါင်းငြိမ့်ကာ သနားစဖွယ်ဖြင့် ဆက်ပြောလိုက်သည်။
“ နင့်အကိုက ငါ့ကိုမချစ်ဘူး… ငါ့အတွက် အစားအစာနဲ့အဝတ်အစားက ပူစရာမလိုပါဘူး … ဒါပေမယ့် လက်ထဲမှာက သုံးစရာပိုက်ဆံမရှိဘူးလေ…”
ဝေ့ရွှယ် စိတ်သက်သာရာရသွားသည်။ ယနေ့တွင် စုမုန့်သည် ကြွက်သေတစ်ကောင်နှင့်သွားတိုးသည့် မျက်မမြင်ကြောင်ကဲ့သို့ ကံကောင်းသွားခြင်းသာဖြစ်မည်။ ထိုကဲ့သို့သော မိန်းမမျိုးကို ဝေ့ထင် သဘောမကျသည်မှာ ပုံမှန်ပင်။ ထိုသို့တွေးမိပြီး သူမစိတ်ထဲ သက်သာရာရလာသည်။
“ ရပါတယ်… နောက်တစ်ကြိမ် ဒီလိုမျိုးမဖြစ်အောင်သာ သတိထားပေါ့… “
ဒီကလပ်သည် လူချမ်းသာများသာ လာရောက်သည့်နေရာဖြစ်သည်။ ထို့ကြောင့် ခမ်းနားစွာအလှဆင်ထားသည်။ ထောင့်ချိုးရှိသောနေရာတိုင်းတွင် ဆယ်လီများထက်မနိမ့်သည် အမျိုးသမီးများမတ်တပ်ရပ်နေပြီး သူမတို့ကိုတွေ့သောအခါ နှုတ်ဆက်လာကြသည်။
ဝေ့ရွှယ်သည် ထိုသို့သောအမျိုးသမီးများကို အထင်သေးသည်။ တခြားသူများကို အလုပ်အကျွေးပြုရသည့် သူများကို လုံးဝအထင်မကြီးပေ။ သို့သော် စုမုန့်သည် ထိုအမျိုးသမီးများအတွက် ဒီအလုပ်သည်မလွယ်ကူမှန်း နားလည်သည့်အတွက် နှုတ်ဆက်သည့်သူတိုင်းကို အပြုံးလေးဖြင့်တုန့်ပြန်ခဲ့သည်။
စုမုန့် ၏ဆွဲဆောင်မှုများကို မမြင်ချင်သည့်အတွက် သူမနှင့်အတူတူလမ်းေလျှာက်ထွက်ခဲ့သော်လည်း အမှန်တကယ်တော့ ဝေ့ရွှယ် စုမုန့်နှင့်အတူတူ မသွားချင်ပေ။ သို့သော် သူမ၏အပြုအမူကို စုမုန့်ကနားလည်ပုံမပေါ်ပေ။ သူမ မည်မျှပင် အိမ်ပြန်ချင်သည့်အရိပ်အရောင်ပြသော်လည်း စုမုန့်က နားမလည်စွာဖြင့် လှည့်ပတ်သွားလာနေဆဲပင်။
သူမ စိတ်ဆိုးသော်လည်း ထုတ်မပြနိုင်ပေ။ အနည်းဆုံးတော့ စုမုန့်အား ခေါ်ထုတ်လာခဲ့သူမှာ သူမပင်ဖြစ်လေသည်။
သူမ တိတ်တဆိတ် အံကြိတ်ကာ အခွင့်အရေးရလျှင် တုံးအလွန်းသည့်ဒီမိန်းမကို တစ်စစီဆွဲဆုတ်ပစ်ရန် တွေးနေမိသည်။
xxxxx