Chapter 5
(လမ်းလျှောက်သွားခြင်း)
ဝေ့ထင် ကိုရဖို့အတွက် အိပ်မက်မက်နေကြသည့် မိန်းကလေး အနုပညာရှင်များသည် သီးသန့်ခန်းထဲမှာ ရှိနေကြ၍ ဝေ့ရွှယ် စိုးရိမ်နေမိသည်။ တစ်စုံတစ်ယောက်က ဝေ့ထင်အားလုယူသွားမှာကို သူမ ကြောက်မိသည်။ ထိုသို့ဖြစ်သွားလျှင် သူမမှာ စုမုန့် အပြင် တစ်ခြားပြိုင်ဘက်များလည်း ရှိလာပေလိမ့်မည်။
ယခုလည်း သူမသည် ဝေ့ထင်ဘက်သို့သာ သွားချင်မိသည်။ သူမ ထွက်သွားချင်သော်လည်း စုမုန့် က သူမလက်ကိုကိုင်ထားေလသည်။ သူမ ဆုပ်ကိုင်ထားပုံက အတော်လေးတင်းကျပ်သဖြင့် မနာကျင်သော်လည်း မရုန်းနိုင်ပေ။
စုမုန့် သည် ဝေ့ရွှယ် တွေးနေသည့်အရာကို သိသောကြောင့် သူမကို တမင်တကာ ပြန်မလွှတ်ပေးလိုက်ပေ။ မီးတောက်ထဲကိုတောင် လောင်စာတောင်ထည့်လိုက်သည်။
"ရှောင်ရွှယ်… ဝေ့ထင် က သူ့ဘေးနားက အလှလေးတွေကို ကြိုက်မယ်လို့ နင် ထင်နေတာလား… သူတို့က အရမ်းလှတယ်နော်..မိတ်ကပ်မလိမ်းထားရင်တောင် ငါတို့ထက် ပိုလှနေသေးတာ မဟုတ်လား…နင်လည်း အရမ်းလှပေမယ့်လေ နင်က ဝေ့ထင်ရဲ့ ညီမဖြစ်နေတော့ နှမြောစရာပဲနော်"
ပြောသူက ရည်ရွယ်ချက်ရှိရှိ ပြောသလို၊ နားထောင်သူကလည်း ရည်ရွယ်ချက်ရှိရှိ နားထောင်နေခြင်းပင်။
နောက်ဆုံးစကားက ဝေ့ရွှယ် နှလုံးသားထဲကို တည့်တည့်တိုးဝင်သွားသည်။ သူမသည် ဝေ့ထင် ၏ မွေးစားညီမဖြစ်သည်ဆိုသောအချက်သည် နှလုံးသားထဲတွင် အမြဲဆူးတစ်ချောင်းလို ထိုးစိုက်ထားခံရသည်။ သူမသည် ဤမွေးစားသမီးဆိုသော ဂုဏ်ပုဒ်ကြောင့် အဆင့်အတန်းနှင့် ကြွယ်ဝချမ်းသာမှုကို ရရှိခဲ့သော်လည်း ဝေ့ထင်ကို လိုက်နိုင်မည့် သူမ လမ်းကိုလည်း ပိတ်ဆို့ခံခဲ့ရသည်။
ဝေ့ရွှယ် သည် စုမုန့် ၏စကားကိုကြားပြီးနောက် ညှိုးနွမ်းနေသောပန်းတစ်ပွင့်ကဲ့သို့ ဘာမှဆက်မပြောနိုင်တော့ေပ။ သူမ နှလုံးသားထဲက ဒေါသများကို ထုတ်ပစ်ဖို့ နေရာမရှိဖြစ်နေချိန်မှာ စုမုန့် က သူမကို ဆွဲခေါ်သွား၏။
နောက်ဆုံးတွင် စုမုန့် သည် ခန်းမကြီးနှင့် သီးသန့်ခန်းများမှ ဖြတ်ကျော်လာပြီးနောက် ကလပ်အိမ်၏ အဝင်ပေါက်သို့ ရောက်ရှိလာခဲ့သည်။ ယခုမှ လုပ်ငန်းစဖွင့်ခြင်းဖြစ်၍ အဝင်ဝက ကော်ဇောနီပေါ်မှာ ရောင်စုံစာရွက်တွေ အများကြီး ကျန်နေသေးသည်။
စုမုန့် ကလပ်အိမ်ကို လှည့်ကြည့်လိုက်ရင်း သူမ၏ မျက်လုံးများထဲတွင် စူးရှသော အလင်းရောင်တစ်ခု ဖျတ်ကနဲလင်းလက်လာသည်။ ဖုကျဲကို ဆန့်ကျင်ဖို့ ကြံစည်လိုက်မိခြင်းပင်။ သူ့ကတိအတိုင်း သူမအား ရှယ်ယာတွေ ပေးလျှင် သူ့ကို ကူညီပြီး မကူညီပါက၊သူမ ဤပွဲကို တိတ်တဆိတ် ကြည့်နေမည်ဖြစ်သည်။
ယခု ကလပ်အိမ်၏အဝင်ဝတွင် လူအများအပြားရှိကြပြီး သူတို့အားလုံးသည် ချမ်းသာသော ဒုတိယမျိုးဆက် အမွေဆက်ခံသူများ၏ အသိုင်းအဝိုင်းတွင် လူသိများသများဖြစ်ကြသည်။ သူ့ဘေးနားရှိ စုမုန့် ကို ကြည့်လိုက်ပြီးနောက် သူ့ပတ်ဝန်းကျင်ရှိ ချမ်းသာသောကလေးငယ်များကို ကြည့်လိုက်ရာ ဝေ့ရွှယ် စိတ်ထဲတွင် အတွေးတစ်ခု ပေါ်လာသည်။ ဤလှေကားပေါ်ကသာ ပြုတ်ကျသွားရင်…သူမ စိတ်ထဲတွင် လှောင်ပြောင်လိုစိတ်တို့ တဖွားဖွားဖြစ်လာရကာ…
"နင် နာမည်မကြီးသွားချင်ဘူးလား... အစ်ကို ဝေ့ထင် ရဲ့ အာရုံစိုက်မှုကိုလည်း နင်လိုချင်တယ်မလား… ဒါဆို ငါက နင့်ကို လူတွေ အာရုံစိုက်လာဖို့ကူညီပေးမယ်ဆိုရင်ရော..."
သူမ ဖြည်းဖြည်းချင်း နောက်ပြန်ဆုတ်လိုက်ပြီး စုမုန့် ကို အနည်းငယ် မှီလိုက်သည်။ ထို့နောက် လူအုပ်ကို အခွင့်ကောင်းယူပြီး စုမုန့် ၏ နောက်ကျောကို ပုခုံးနှင့် အနောက်မှ ဖိတွန်းလိုက်၏။
သို့သော် စုမုန့် သည် သူမကို အာရုံစိုက်ကာ သတိထားနေမည်ဟု သူမ မမျှော်လင့်ထားပေ။ စုမုန့် သည် ဘာမဟုတ်သည့် အသေးအဖွဲ့လှုပ်ရှားမှုလေးတွေကိုပင် သတိထားလျက်ရှိ၏။ ထို့ကြောင့် သူမသည် တစ်ခုခုကိုမြင်ဟန်ဆောင်ကာ ရုတ်တရက် ဘေးသို့လှည့်၍ ရှောင်ထွက်သွားလိုက်သည်။ထို့နောက် သူမ၏ ရှည်လျားသောဝတ်စုံကို အားကိုး၍ ခြေထောက်ကို အသာမြှောက်ပြီး ဝေ့ရွှယ် ၏ခြေကျင်းဝတ်ကို ကန်လိုက်သည်။
ရုတ်တရတ် ဝေ့ရွှယ် ၏ ခြေချင်းဝတ် နာကျင်သွားပြီး သူမ၏ ခန္ဓာကိုယ် အပေါ်ပိုင်း ခွန်အား အနည်းငယ် ဆုံးရှုံးသွားသည်။ သူမသည် လှေကားထစ်မှ ဝမ်းလျားထိုး ပြုတ်ကျသွားလေတော့သည်။
“အား”
စူးစူးဝါးဝါးအော်သံကို ပရိသတ်အားလုံးကြားလိုက်ရသည်။ ထို့နောက် စကတ်တိုဝတ်ထားသော ဆံပင်ရှည်ရှည်နှင့် အလှလေးမှာ ခြေထောက်များ ကား၍ ကြမ်းပြင်ပေါ်တွင် လဲလျောင်းနေသည်ကို တွေ့လိုက်ရသည်။ သူမ၏ စကပ်အောက်က အသားစိုင်များကိုလည်း တစ်ချက်ကြည့်လိုက်ကြ၏။
စုမုန့် ဖြစ်ပျက်ခဲ့သမျှကို ရွှင်မြူးစွာကြည့်ကာ 'နင်နဲ့ တစ်ကယ်ထိုက်တန်ပါတယ်' လို့ တွေးလိုက်သည်။
စုမုန့် သည် သူမ၏ စိတ်ထဲတွင် ရယ်မောနေသော်လည်း အပြင်ပန်းကမူ စိတ်ရှုပ်ဟန်ဆောင်သည်။ နောက်ဆုံးတွင်၊ ရုန်းရင်းဆန်ခတ်ဖြစ်လာသောအခါ သူမက ထိတ်လန့်သွားဟန်ဆောင်ပြီး ဝေ့ရွှယ် ကိုကြည့်ရန် အပြေးအလွှား ဆင်းလာခဲ့သည်။
ကလပ်ကိုရောက်လာသူများသည် အပျော်အပါးခုန်မင်ကြသည့် သူဌေးလူငယ်များဖြစ်သည်။ အမျိုးသမီးတစ်ဦးက လှေကားထစ်မှ ပြုတ်ကျပြီး သူမ၏စကပ်တိုအောက်မှ အသားစိုင်များ ပေါ်လွင်သွားသည်ကို တွေ့လိုက်သောအခါ အားလုံး ခြေလှမ်းရပ်သွားကြသည်။ထို့နောက် ကျွတ်စီကျွတ်စီနှင့်တီးတိုးသဖန်းပိုးပြောဆိုနေကြတော့သည်။
"ရှောင်ရွှယ်… ရှောင်ရွှယ်…အဆင်ပြေရဲ့လား”
စုမုန့် အမြန်ဆင်းလာပြီး ဝေ့ရွှယ် အား မှောက်ခုံဖြစ်နေရာမှ ပက်လက်ဖြစ်အောင် ဆွဲလှန်လိုက်သည်။
“ဒါက ဝေ့မိသားစုရဲ့ မစ္စ ဝေ့ရွှယ် ပါ… တစ်ယောက်ယောက် ဝေ့ထင် ကိုခေါ် ပေးပါလား...သူက အပေါ်ထပ်က သီးသန့်ခန်းထဲမှာ ရှိတယ်”
ဝေ့ရွှယ် လန့်မသွားပေ။ပြုတ်ကျသွား၍ စိတ်ရှုပ်ထွေးသွားရခြင်းသာ။စုမုန့်က သူမကို တကြော်ကြော် အော်ခေါ်နေသည်ကို ကြားလိုက်ရမှ သူမ သတိပြန်ဝင်လာသည်။ထို့နောက် ခန္ဓာကိုယ်နှင့် မျက်နှာပေါ်မှ ပြင်းထန်သော နာကျင်မှုတို့ကြောင့် မသိစိတ်ထဲက ညည်းတွားမိလိုက်သည်။ခန္ဓာကိုယ်ပေါ်ရှိ နာကျင်မှုကို ခံနိုင်ရည်ရှိသော်လည်း သူမ မျက်နှာပေါ်ရှိ နာကျင်မှုက သူမကို တုန်လှုပ်သွားစေခဲ့သည်။ အထူးသဖြင့် နှာခေါင်းမှာ အတော်လေး ကိုက်လာရသဖြင့် မျက်ရည်များပင် ထွက်လာခဲ့သည်။ အတော်ပင် နာကျင်လွန်းတာကြောင့် နှာခေါင်းသွေးထွက်နေခြင်းကိုတောင် သတိမထားမိပေ။ သွေးစီးကြောင်းနှစ်ခုက သူမ နှာခေါင်းထဲမှ စီးကျသွားကာ နှုတ်ခမ်းနှင့် မေးစေ့များ တစ်လျှောက်လုံး စီးလာပြီး နောက်ဆုံးတွင် ရင်ဘတ်ပေါ်သို့ ကျရောက်သွားသည်။
သူမက စုမုန့် ကို စိတ်အားထက်သန်စွာ မေးလိုက်သည်။
"စုမုန့် ငါ့နှာခေါင်း… နာလိုက်တာ... ငါ့မျက်နှာကို မြန်မြန်ကြည့်ပေးပါ... အရမ်းနာနေတယ်"
ဝေ့ရွှယ် နာကျင်စွာအော်လိုက်ပြီး ဟန်ဆောင်ရန် စိတ်မ၀င်စားတော့ဘဲ စုမုန့် ၏ နာမည်ကို ဝမ်းနည်းနေဟန်ဖြင့် အော်ခေါ်နေသည်။
စုမုန့် : "အာ ရှောင်ရွှယ်…နင့်နှာခေါင်းထဲက သွေးတွေ ထွက်နေတာပဲ... ဒါပေမယ့် စိတ်မပူပါနဲ့ မျက်နှာက ဘာမှ ကျန်တာမဖြစ်ပါဘူး"
တစ်ကယ်တမ်းလည်း ဝေ့ရွှယ် ၏ မျက်နှာသည် ရုပ်ပျက်ဆင်းပျက်မဖြစ်သွားပေ။ လှေကားထစ်များပေါ်တွင် ကော်ဇောနီအထူကြီးခင်းထား၍ မာကျေမနေသဖြင့် ထိခိုက်စရာအကြောင်းမရှိ။သူမ နှာခေါင်းမှာသာ ထိခိုက်သွားရခြင်းပင်။
ဝေ့ရွှယ် နာကျင်လွန်းသဖြင့် စငိုေပတော့သည်။ စုမုန့် ကလည်း သူမအသံကို ဘယ်သူမှ မကြားရမှာစိုးသည့်အလား ဝေ့ရွှယ်ထက်ပင် ပိုကျယ်လောင်စွာ အော်လိုက်သည် ။
ဤစုမုန့်က တစ်ကယ်ကို ညံထိုင်းပေသည်။သူမ နှာခေါင်းသွေးယိုတာတွေ့လျှင် အမြန်ကူညီပြီး သုတ်ပေးသင့်သည်။
' အစ်ကို ဝေ့ထင် သူမကိုမြင်သွားရင် ဘယ်လိုလုပ်မလဲ"
ဝေ့ရွှယ် ဒေါသထွက်ပြီး အသိစိတ်လွတ်လုနီးပါးဖြစ်ကာ သူမ စကပ်အောက်က အသားများ ပေါ်နေသည်ကိုတောင် သတိမထားမိလိုက်ပေ။
အကယ်၍ အခြားသူများက သူမအား ဤမျှ သနားစရာကောင်းသော အနေအထားတွင် မြင်ပါက၊နောင်တစ်ချိန်တွင် သူမကို မနာလိုသူများ၏ လှောင်ပြောင်ခြင်းကို ခံရမှာ သေချာသည်။
'ချီးပဲ... ငါက စုမုန့် အရှင်ကွဲအောင် လှေကားထစ်ကနေ တွန်းချချင်ခဲ့တာ...အခု ငါက ဘာဖြစ်လို့ ဖြစ်သွားရတာလဲ'
ထိုအချိန်တွင် ဝေ့ထင်နှင့် ဖုကျဲတို့ အမြန်ထွက်လာကြသည်။ စုမုန့် သည် ဝေ့ထင် ကိုမြင်လိုက်သည်နှင့် ဝေ့ရွှယ် ၏စကပ်တိုကို အောက်သို့ အသာအယာဆွဲချလိုက်ပြီး ကိုယ်အောက်ပိုင်းအား မပေါ်အောင်ကာကွယ်ပေးလိုက်သည်။ဘာမှမဖြစ်ခဲ့ဘူးဆိုလျှင်တောင် ဝေ့မိသားစု၏ မိန်းကလေးက ရှက်စရာကောင်းသည့် မတော်တဆမှုတစ်ခု ဖြစ်သည်ဆိုသော သတင်းက မနက်ဖြန် လူချမ်းသာမိသားစုအသိုင်းအဝိုင်းမှာ ပျံ့နှံ့သွားလိမ့်မည်ဖြစ်သည်။သူမ ကျေနပ်နေသော်ငြား၊အပြင်ပန်းမှာတော့ စိတ်မကောင်းဟန် လုပ်ထားသည်။ ထို့နောက် သူမ စတင်ငိုယိုပြီး သူမကိုယ်သူမ အပြစ်တင်နေတော့သည်။
"တောင်းပန်ပါတယ် ရှောင်ရွှယ်… ဒါအားလုံး ငါ့အမှားပါ… နင့်ကို ကောင်းကောင်းဂရုမစိုက်မိတာ ငါ့အပြစ်ပဲ…နင် လှေကားက ပြုတ်ကျမယ်ဆိုတာ ငါသိခဲ့ရင် နင့်ကို ငါ သေချာပေါက် ဖမ်းဆွဲထားမှာပဲ'
"စုမုန့် နင်ငိုလို့ပြီးပြီလား… ငါ့နှာခေါင်းထဲက သွေးတွေကို သုတ်ဖို့ တစ်ရှူး မြန်မြန်ရှာတော့"
ဝေ့ရွှယ် သည် ဝေ့ထင် နှင့် အခြားလူများ ရောက်ရှိလာသည်ကိုမမြင်ဘဲ စုမုန့် ကို လှမ်းအော်သည်။
"ရှောင်ရွှယ် အဆင်ပြေရဲ့လား...ဘယ်နားက နာသလဲ"
ဖုကျဲ သည် ဝေ့ထင် ထက် ခြေတစ်လှမ်း ပိုမြန်ပြီး ဝေ့ရွှယ် အနားသို့ ရောက်လာသည်။ သူက ထိုင်ချလိုက်ပြီး ဝေ့ရွှယ် ကို စိုးရိမ်နေပုံဖြင့် မေးလိုက်ရင်း သူ့အင်္ကျီကို ချွတ်ပြီးပုခုံးပေါ် တင်ပေးလိုက်သည်။
"ဘယ်နားက နာသလဲ"
ဝေ့ထင် က ဘာမှမလုပ်ဘဲ သူမ အနားမှာ ရပ်ပြီး မေးလိုက်သည်။သူ့မျက်လုံးတွေက ခါတိုင်းလို နက်နဲမှုအပြည့်ရှိပြီး သူ့လေသံကလည်း ဘာမှမထူးခြားချေ။သူဘာတွေ တွေးနေမှန်း ပြောဖို့ခက်လှချေ၏။
ဝေ့ထင် နှင့် ဖုကျဲ လာသည်ကိုမြင်သောအခါ ဝေ့ရွှယ် ချက်ချင်း အော်ငေါက်နေသည့် လေသံကို လျှော့လိုက်၍ ယုန်ဖြူလေးတစ်ကောင်လို ငိုပြီး ပြောလိုက်သည်။
“ ယောင်းမက ညီမကို လှေကားကနေ တွန်းလိုက်တာ... ဒါပေမယ့် အဆင်ပြေပါတယ်... လူကတော့ တော်တော်နာနေပြီ"
ဝေ့ရွှယ် အသံကိုကြားသောအခါ စုမုန့် စိတ်ထဲမှ လှောင်ပြောင်လိုက်သည်။
'နင် ဘယ်လိုဖြစ်လို့ မသေသေးတာလဲ... အနက်ရောင်ကို အဖြူရောင်ဖြစ်အောင် ပြောတတ်လွန်းတယ်'
ရုတ်တရက်ဆိုသလို သူမ အပြင်ပန်းကမူ မျက်ရည်များထွက်လာအောင်ငိုယိုလျက်နှင့်...
“ဒါအားလုံးက ယောင်မလေးရဲ့ အမှားပါပဲ...ငါသာ နင့်ကို စောစောလေး ဖမ်းဆွဲထားလိုက်ရင် နင် လဲကျမှာ မဟုတ်ဘူး…အဟင့် အဟင့်...လှမ်းမဆွဲလိုက်မိတဲ့ ငါ့အပြစ်ပါ...နင် ငါ့ကို စိတ်ဆိုးနေတာ ငါသိပါတယ်... ဒါပေမယ့် ငါက နင့်ကို ဘယ်လိုလုပ်ပြီး တမင်တကာ တွန်းရမှာလဲ”
စုမုန့် က လဲကျသွားသော ဝေ့ရွှယ် ထက် ပို၍ပင် သနားစရာကောင်းလောက်အောင် ငိုနေသည်။ ပတ်ဝန်းကျင်ကလူတွေအမြင်မှာတော့ သူမ အတွက် တစ်ကယ်ကို စိတ်မကောင်းဖြစ်နေသလိုမျိုးပင်။ ဝေ့ရွှယ်က သူမကို စိုးရိမ်နေပေးသူကို အပြစ်တင်နေသည့်လူကြမ်းမကြီးပမာပင်။
"ပါးစပ်ပိတ်ထား….ရှောင်ရွှယ် က မင်းကို အနိုင်ကျင့်တယ်လို့ မသိတဲ့သူတွေက ထင်သွားလိမ့်မယ်"
ဖုကျဲ က သူမကို အော်လိုက်သည်။ သူသည် အမြဲသူမကို မုန်းတီးခဲ့သည့်အပြင် သူမ ရှိနေပါက လာဘ်တိတ်သည်ဟုပင် ထင်မြင်နေ၏။ယနေ့က လုပ်ငန်းစဖွင့်သည့် ပထမဆုံးနေ့မို့ သူ ပို၍တောင် စိတ်ဆိုးသွားသည်။
သူက ချက်ချင်းပဲ အခိုင်အမာပြောလာသည်။
“cctv ကြည့်ရအောင်…ဒါဆို ရှောင်ရွှယ် ဘယ်လိုမျိုး ပြုတ်ကျသွားတယ်ဆိုတာကို ငါတို့သိနိုင်တယ်"
စုမုန့် က အဆင်သင့်သဘောတူသော်လည်း ဝေ့ရွှယ် ကြောက်သွားသည်။CCTV ကို ကြည့်လိုက်သည်နှင့် သူမ၏ လှုပ်ရပ်များ ပေါ်လာမှာ ဖြစ်၍ စကားကို အမြန်ပြောင်းလိုက်သည်။
“တံခါးနားမှာ လူတွေအများကြီးရှိတော့ ယောင်းမနဲ့ ရောထွေးသွားတာဖြစ်နိုင်ပါတယ်...အား အရမ်းနာနေတာ လက်ကောက်ဝတ် လည်သွားတယ်ထင်တယ်…အစ်ကို ဝေ့ထင်…ညီမကို ဆေးရုံပို့ပေးလို့ရမလား "
"သွားကြရအောင်"
ဝေ့ထင် သဘောတူလိုက်သည်။
အဖြေကိုရပြီးနောက် ဝေ့ရွှယ်သည် အလွန်ဝမ်းသာသွားပြီး တစ်ဖက်လှည့်၍ စုမုန့် ကို
"ယောင်းမလေး ဒါ ရှောင်ရွှယ် ရဲ့ အပြစ်ပါ...တောင်းပန်ပါတယ်... ရောဂါဆေးစစ်ဖို့ ဆေးရုံသွားလိုက်ဦးမယ်...နင် ငါတို့နဲ့ လိုက်ချင်လား"
အဓိပ္ပါယ်မှာ ဝေ့ထင်နှင့် တစ်ယောက်တည်းသွားချင်သော်လည်း စုမုန့် မလိုက်ချင်ဟု ထင်ထားသဖြင့် လောကွတ်ချော်လိုက်ခြင်းသာ။
"ငါမလိုက်တော့ပါဘူး...နင် အိမ်ပြန်ရောက်ရင် ငါနင့်ကို ကောင်းကောင်းဂရုစိုက်ပါ့မယ်"
စုမုန့် ၏ မျက်နှာသည် နူးညံ့သော အပြုံးတစ်ခု ပေါ်လွင်နေသော်လည်း သူမ စိတ်ထဲတွင်
'ငါ့ကို စောင့်ဦး ဝေ့ရွှယ်… နင့်အတွက် လက်ဆောင်တစ်ခု ငါပြင်ထားမယ်... နောက်ဆို နင့်ဘဝကို ခက်ခဲစေမယ့် လက်ဆောင်ကြီးတစ်ခု'
သူမက လှည့်ပြီး ထွက်သွားဟန် ပြင်လိုက်သော်လည်း ဝေ့ထင် က သူမကို တားသည်။
“မင်းလည်း လိုက်ခဲ့... ကိုယ်မင်းကိုမေးစရာရှိတယ်"
ထိုစကားကိုကြားသောအခါ သူမ ချက်ချင်းရပ်သွားပြီး ရေခဲတမျှ အေးစက်နေသည့် သူ့မျက်လုံးကိုကြည့်လိုက်သည်။
'ညီမကို ထိလို့ ဒေါသလာထွက်ပြမလို့လား'
သို့သော်လည်း၊ သူမ ပေးမည့် လက်ဆောင်ကြီးကြီးမားမားအတွက် ကြားခံလူတစ်ယောက်အနေနှင့် သူ့ကို လိုအပ်နေသေးကြောင်း သတိရသွားသည်။သူမ မဆိုင်းမတွဘဲ ဝေ့ထင်၏ကားဆီသို့ တန်းတန်းမတ်မတ်လျှောက်ပြီး အထဲသို့ဝင်လိုက်သည်။
ဝေ့ရွှယ် သည် မြေပြင်ပေါ်တွင် ထိုင်နေဆဲဖြစ်သည်။ သူမ နာကျင်လွန်းသဖြင့် မလှုပ်ရဲသေး။ ဖုကျဲ က သူမကို ကားပေါ်ခေါ်လာပြီး သူမ ပုခုံးထက်ကသူ့အင်္ကျီကိုတောင် မယူသေးပေ။မူလကသူမကို ဝေ့ထင် ပွေ့ခေါ်စေချင်ခဲ့သည်။ ဖုကျဲ က တွဲခေါ်သည့်အတွက် အနည်းငယ် မကျေမနပ်ဖြစ်မိ၏။
ဝေ့ထင် သည် ရှေ့ခန်းက ထိုင်ခုံတွင် ထိုင်နေပြီး စုမုန့် က ဝေ့ရွှယ် နှင့်အတူ အနောက်တွင် ထိုင်နေလေသည်။ကားပေါ်ရောက်ကတည်းက ဝေ့ရွှယ် ၏ အမူအရာသည် အလွန်ပင် ဝေဒနာမသက်သာသလို ဖြစ်သွားသည်။ သူမ၏ မျက်နှာသည် ဖြူဖျော့နေပြီး နဖူးမှလည်း ချွေးများထွက်နေသည်။ သူမလက်တစ်ဖက်ကို အသုံးပြု၍ အခြားလက်တစ်ဖက်ကို ပြန်ထောက်ကိုင်ထားသည်။
တစ်ကယ်တော့ စုမုန့် သည် ဝေ့ရွှယ် လက်မောင်းမှာ ဒဏ်ရာရထားသည်ကို သတိထားမိခဲ့တာ ကြာခဲ့လေပြီ။ သာမာန်အားဖြင့် အစပိုင်းမှာ အနည်းငယ် နာကျင်သော်လည်း ခဏကြာပြီးနောက် နာကျင်မှုသည် ခန္ဓာကိုယ်တစ်ခုလုံး ပျံ့နှံ့သွားတတ်သည်။ဝေ့ရွှယ် နာကျင်မှုကို စတင်ခံစားနေပုံရသည်။
xxxxxx