အပိုင်း ၇၃
Viewers 25k

Chapter 73




လင်းလော့ရှီးက လင်းဖေး၏ကမ္ဘာကို နားမလည်နိုင်သလို သူကလည်း လင်းလော့ရှီး၏ကိုယ်ကျိုးမငဲ့မှုကို နားမလည်နိုင်ပေ။


သို့သော် သူ သူ့အမေကို ချစ်သည့်အတွက် သူ့အမေဆုံးပါးပြီးနောက် လင်းလော့ချင်းကို ယုံကြည်ချက် မဝံ့မရဲပေးခဲ့သည်။


အစပိုင်းတွင် တကယ့်ကို စိတ်ပျက်စရာ ကောင်းခဲ့သော်လည်း ယခုမူ သူက လင်းလော့ချင်းအတွက် တဖြည်းဖြည်း စိတ်ပူလာလေသည်။ ထို့ကြောင့် လင်းလော့ချင်းကို သူ့အဖိုးဆီသို့ မသွားစေချင်ပေ။


လင်းဖေး မနက်စာကို တိတ်ဆိတ်စွာ ခေါင်းငုံ့စားနေလိုက်သည်။


စားပြီးနောက် လင်းလော့ချင်း သူ့အခန်းသို့ ပြန်တော့မည့်အချိန်တွင် သူ လင်းလော့ချင်း၏အင်္ကျီအနားကို ဆုပ်ကိုင်လိုက်ကာ ပြောလိုက်သည်။


"ကျွန်တော့်အခန်းဆီ သွားလို့ရလား..."


လင်းဖေး၏မျက်လုံးထဲတွင် သူ တစ်ခါမှ မမြင်ဖူးသည့်လေးနက်မှုများကို မြင်သောအခါ လင်းလော့ချင်း ခေါင်းငြိမ့်လိုက်ပြီး လင်းဖေး၏အခန်းဆီ အတူသွားလိုက်သည်။


"သား ရှုရှုကို ဘာပြောချင်လို့လဲ..."


သူ လင်းဖေးကို မေးလိုက်သည် 


လင်းဖေး တည်ငြိမ်စွာ ပြောလိုက်၏။


"အဖိုးကို သွားမတွေ့ပါနဲ့လား..."


သူ ထပ်ဖြည့်ပြောလိုက်သည်။


"အမေက ရှုရှုကို သူ့ဆီ မသွားစေချင်ဘူး..."


ထိုစကားကို ကြားသောအခါ လင်းလော့ချင်းက မူလပိုင်ရှင်ကို လင်းလော့ရှီးကို ထိုသို့ပြောခဲ့ဖူးကြောင်း သတိရသွားသည်။


အဖေအရင်းဆီမှ ကန်ထုတ်ခံရသူတိုင်း အဖေနှင့်သူတို့ကြား ရှင်းလင်းသည့် မျဉ်းတစ်ကြောင်းကို ဆွဲကြမည်ဖြစ်သည်။ လင်းလော့ရှီးက ထိုသို့ပြုလုပ်ခဲ့သော်လည်း မူလပိုင်ရှင်ကမူ ခွေးပုသဖွယ် အမြီးကို နေ့တိုင်းဝှေ့ယမ်းကာ အဖေလင်းကို အိမ်ပြန်လာခွင့်ပေးရန် တောင်းပန်နေလေသည်။ ထို့အတွက်ကြောင့် လင်းလော့ရှီးနှင့် မူလပိုင်ရှင် မကြာခဏစကားများကြရလေသည်။


သို့သော် ယခု သူက လင်းမိသားစုသို့ ပြန်သွားမည်ဖြစ်သည်။ သူ ပိုက်ဆံသွားတောင်းရပေမည်။ လင်းလော့ရှီးက သဘောကောင်းသည့်အတွက် သူ စုဆောင်းထားသည့်‌ငွေများကိုသာ ယူကာ အိမ်မှ ထွက်လာပြီး သူ့အဖေနှင့်မိထွေးပေးသည့်ငွေများကို မယူခဲ့ချေ။


သို့သော် သူက ကွာခြားသည်။ သူက အဖေလင်း သူ့ထံ မဆက်သွယ်လာလျှင် မျက်စိမှိတ်နေမည်ဖြစ်သည်။ ယခု အဖေလင်းက သူ့ကို လာခိုင်းသောအခါ သူက မူလပိုင်ရှင်နှင့်လင်းလော့ရှီး ပိုင်ဆိုင်သင့်သည့်အမွေများကို ပြန်ယူရမည်ဖြစ်သည်။


“စိတ်မပူပါနဲ့...ငါက မင်းအမေမုန်းတဲ့ဟာကို လုပ်မှာမဟုတ်ဘူး...ငါ သူ့ဆီ မင်းအမေအတွက် သွားရတာပဲ..."


"ဘာအတွက်လဲ..."


"ငါ မင်းအမေပိုင်တဲ့အရာတွေကို ပြန်ယူပေးမလို့..."


"အမေပိုင်တဲ့အရာတွေ..."


လင်းဖေး ခေါင်းရှုပ်သွားသည်။


"ဟုတ်တယ်...မင်းအမေပိုင်တဲ့ ပိုက်ဆံတွေပဲ..."


လင်းလော့ချင်း သူ့ကို ကြည့်လိုက်သည်။


"မင်းအဖွားရင်းက ချန်ဖုန်းမဟုတ်ဘူး...မင်းအမေရဲ့အမေရင်းက သက်သက်ရှိတယ်...ချန်ဖုန်းက မင်းအဖွား နေရာ၀င်ယူခဲ့လို့ ဒီနေ့ ဒီလိုဖြစ်လာတာပဲ...အဲ့ဒါတွေအားလုံးက မင်းနဲ့မင်းအမေ ပိုင်သင့်တဲ့အရာတွေ...ချန်ဖုန်း ပိုင်သင့်တဲ့ဟာတွေ မဟုတ်ဘူး.. ငါက အဲ့ငွေတွေကို ပြန်ယူမလို့ပဲ..."


"ဒါပေမဲ့ အမေမှ မရှိတော့တာ..."


"ဒါပေမဲ့ မင်းရှိသေးတယ်လေ..."


လင်းလော့ချင်း လင်းဖေး၏ပခုံးကို ပုတ်လိုက်သည်။


"အချိန်တန်ရင် အဲ့ငွေတွေက မင်းဆီ ရောက်လာမှာ..."


လင်းဖေးက ငွေကြေးဆိုင်ရာ သဘောတရားများကို နားလည်နေပြီဖြစ်သည်။


သူ့တွင် ငွေမရှိသည့်အတွက် ဒုက္ခရောက်ခဲ့ရပြီး ငွေက ဘယ်လောက်အရေးကြီးကြောင်း သူသိလေသည်။


သူ လင်းလော့ချင်းကို ကြည်ြကာ စကားဝိုင်းကို ပြန်တွေးနေသည်။


လင်းလော့ချင်း သူ့ကို နှစ်သိမ့်ပေးလိုက်သည်။


"မစိုးရိမ်ပါနဲ့...မင်းအမေ ၀မ်းနည်းအောင် ငါ လုပ်မှာ မဟုတ်ဘူး...ငါ မင်းအဖိုးအိမ်ကို ပြန်မှာမဟုတ်ဘူး...ရှုရှုကို ယုံ..."


လင်းဖေး တစ်ဖက်လူ၏မျက်လုံးများကို စိုက်ကြည့်နေပြီး မျက်လုံးများက ပုံမှန်အတိုင်း နူးညံ့နေသည့်အတွက် ခေါင်းငြိမ့်လိုက်သည်။


"ဟုတ်ကဲ့..."


သူ လင်းလော့ချင်းကို ယုံကြည်ရန် ဆန္ဒရှိလေသည်။ သို့သော်...


"ဒါပေမဲ့ ပြန်ရလာတဲ့ပိုက်ဆံတွေက ရှုရှုဟာပဲ..."


“အဲ့လို မရဘူး…” 


လင်းလော့ချင်း လင်းဖေး၏ခေါင်းကို ထိကာ ပြောလိုက်သည်။


"ငါ ပြန်ယူလာသမျှက မင်းအတွက်ပဲ…ငါ့အတွက် မဟုတ်ဘူး…"


"‌ဒါပေမဲ့ ရှုရှု ပြန်ယူလာတာတွေလေ…"


လင်းဖေး ပြောလိုက်သည်။


"မင်းက အရာအားလုံး‌ကို သေချာ ခွဲခြားမသိသေးဘူး…"


လင်းလော့ချင်း လင်းဖေး၏မျက်နှာလေးကို ညှစ်လိုက်သည်။


"အဲ့ဒါက မင်းဟာပဲ ဖြစ်မှာ…ဒါပေမဲ့ မင်းက ငယ်သေးတယ်…ငါ မင်းကို ကူညီပြီး အရင်ထိန်းသိမ်းပေးထားမှာ…မင်း အသက်၁၈နှစ်ပြည့်ရင် ငါ မင်းကို အဲ့ဒါတွေ အကုန် ပြန်လွှဲပေးမယ်…"


လင်းဖေးက အသက်ပြည့်သည့်အကြောင်း သိလေသည်။ သူ ထိုအသက်အရွယ် ရောက်သည့်အချိန်က ကြာဦးမည်ဖြစ်ပြီး လင်းလော့ချင်းက ငွေများကို ထိန်းသိမ်းပေးထားမည်ဖြစ်သည့်အတွက် လင်းလော့ချင်းကငွေများကို ပိုင်ဆိုင်ခြင်းနှင့် အတူတူပင်ဖြစ်သည်။


လင်း‌ဖေး ကျေနပ်သွားပြီး ခေါင်းငြိမ့်ကာ သဘောတူလိုက်သည်။


လင်းလော့ချင်း သူ့ကို ပြုံးကာ ကြည့်လိုက်သည်။


"ဒါ့ကြောင့် မင်း အရွယ်ရောက်လာပြီး ငွေရှာနိုင်ရင် ရှုရှုကို မေ့လို့ မရဘူးနော်…"


လင်းလော့ချင်း လင်းဖေးအား ကြည့်လိုက်သော်လည်း လင်းဖေး‌ ခေါင်းမငြိမ့်ခဲ့ပေ။ တည်ငြိမ်မှု ၄၀%၊ လျစ်လျူရှုမှု ၄၀%၊ အပြစ်ရှိစိတ် ၂၀%ပါသော မျက်လုံးဖြင့် သူ့ကို ပြန်ကြည့်နေလေသည်။


လင်းလော့ချင်း : “!!!”


“ဒါက ဘယ်လိုအကြည့်လဲ…မင်း ကြီးလာတဲ့အချိန် မင်းကို စောင့်ရှောက်ပေးခဲ့တဲ့ ကြင်နာနူးညံ့တဲ့ မင်းရှုရှုကို စွန့်ပစ်ဖို့ စီစဉ်နေတာလား…"


သူ စကားပြောနေစဉ် လင်းဖေးကို ကလိထိုးလိုက်သည်။


"မနေ့ညက မင်းကို ပြောပြခဲ့တဲ့ဘူးသီးလေးတွေ ပုံပြင်ကို မေ့သွားပြီလား…မင်းက သူတို့လို သားသမီး၀တ္တရားကျေပွန်တဲ့ ကလေးတစ်ယောက်ဖြစ်ရမယ်လေ…နားလည်လား…"


လင်းဖေးတွင် ရယ်ကြောမရှိသည့်အတွက် သူ့ကို ကလိထိုးနေသော်လည်း မရယ်ချင်ပေ။


'ရှုရှုက မှတ်ဉာဏ်မကောင်းဘူးလား…အရင်တစ်ခါကလည်း သူ့ကို ကလိထိုးခဲ့ပေမဲ့ သူမရယ်ခဲ့ဘူးလေ…အဲ့ဒါကို ဘာလို့ ကလိထပ်ထိုးရပြန်တာလဲ…'


သူ့ရှုရှုက ဉာဏ်မကောင်းဘူး…သူ ကြီးလာရင် ပိုဆိုးလာမလားမသိဘူး…သူ ထွက်သွားရင် ရှုရှု ဘယ်လိုလုပ်မဲ…


သူ မထွက်သွားသင့်ဘူး…သူ ထွက်သွားရင် တစ်ယောက်ယောက်က သူ့ရှုရှုကို အနိုင်ကျင့်လိမ့်မယ်…


ထိုသို့တွေးပြီးနောက် လင်းလော့ချင်းကို ပြန်ကလိထိုးလိုက်သည်။


လင်းလော့ချင်းက ကလိအထိုးခံရသောအခါ ကြောက်ရွံ့သွားပြီး ကူရာမဲ့စွာ ရယ်မောလိုက်လေသည်။


"မင်း ဘာလို့ ဟားဟား…"


သူ လင်းဖေးလက်ကို တွန်းနေလေသည်။


"ငါ့ကို ကလိထိုးနေတာ ရပ်လိုက်တော့…ဟားဟား…ငါ့ကို ကလိမထိုးနဲ့တော့…မကုတ်နဲ့တော့ ဟားဟား…"


လင်းဖေး ရယ်မောလိုက်သည်။


ထို့နောက် တိုးတိုးပြောလိုက်သည်။


"ကျွန်တော် ငွေရှာပြီးရင် ရှုရှုကို ပေးမယ်…"


"တကယ်လား…"


လင်းလော့ချင်း လင်းဖေးကို ဖက်ကာ မျက်နှာကို နမ်းလိုက်သည်။


"မင်း ငါ့ကို မလိမ်ပါဘူးနော်…"


လင်းဖေ ခေါင်းငြိမ့်လိုက်သည်။


အမှန်တွင် လင်းဖေးက သူ့ကို လူများက'တကယ်လား'ဟူသော မေးခွန်းကို မေးလာခြင်းအား မကြိုက်ပေ။ ကျိလဲ့ယွီက သူ့ကို"မင်း သူတို့ကို တကယ်မပြောပြဘူးလား"ဟု မေးလာသောအခါ သူက"မင်း ငါ့ကို မယုံရင် ငါ သူတို့ကို မပြောပြဘူးဆိုတာလည်း ယုံမှာမဟုတ်ဘူး…မင်း ငါ့ကို ယုံရင် မင်း ဒီလို ထပ်မေးမှာမဟုတ်ဘူး"ဟူ၍ ပြန်ဖြေခဲ့သည်။


အမှန်လား၊ အမှားလားဆိုတာက တစ်ဖက်လူအပေါ် ကိုယ့်ရဲ့ယုံကြည်မှုနဲ့ သက်ဆိုင်တယ်…အမှန်တရားဆိုရင်‌တောင် တစ်ဖက်လူကို မယုံရင် အလိမ်အညာဖြစ်နေမှာပဲ…


သို့သော် လင်းလော့ချင်းက ထိုစကားလုံးကို သုံး၍ သူ့ကို မေးခွန်းမေးလာသောအခါ သူ သည်းခံခဲ့သည်။ လင်းလော့ချင်းက သူ့ကို ထိုသို့မေးလာတိုင်း သူ စိတ်ရှည်လက်ရှည်ခေါင်းငြိမ့်ကာ ဟုတ်မှန်ကြောင်းအဖြေကို ပေးမည်ဖြစ်သည်။


သူ့၏ရှားပါးသော ဂရုစိုက်မှု၊ စိတ်ရှည်မှု၊ သည်းခံမှုတို့ကို သူ့ရှေ့ရှိလူထံ နည်းနည်းချင်းစီ သိမ်မွေ့စွာ ပေးအပ်နေလေသည်။ အခြားလူများနှင့်ကွာပြားစွာ လင်းလော့ချင်းကို ဆက်ဆံမိသည်ကို လင်းဖေး သတိမပြုမိသေးပေ။


သူက မပွင့်လန်းသေးသည့် သစ်ပင်ကြီးသဖွယ်ဖြစ်နေသော်လည်း လင်းလော့ချင်းက သူ့ရှေ့တွင် ရပ်နေသည့်အခါ အကိုင်းအခက်များက လှုပ်ယမ်းလာပြီး အကိုင်းအခက်များကြားမှ ၀တ်ဆံများကို ထုတ်ပြလေသည်။ ထို့အတွက်ကြောင့် ကမ္ဘာကြီးက သူ့ကို အေးစက်အားနည်းသည်ဟု ထင်သော်လည်း လင်းလော့ချင်းကမူ နူးညံ့သန်မာသည်ဟု ခံစားရလေသည်။


လင်းဖေးက လင်းလော့ချင်း၏လက်မောင်းကို မှီလိုက်ပြီး တစ်ခုခုကို တွေးမိသွားကာ ပြောလိုက်သည်။


"ဒါပေမဲ့ ကျွန်တော်က ငွေအများကြီး မရှာနိုင်လောက်ဘူး…"


သူ့အမေက ပိုက်ဆံကြိုးစားရှာနေသည်ကို မြင်ဖူးလေသည်။ ပိုက်ဆံရှာခြင်းက ခက်ခဲသည့်ကိစ္စဖြစ်သည်။ ထို့အတွက်ကြောင့် သူ့အ‌မေက ‌ပိုက်ဆံဘယ်သောအခါမှ မလောက်ငှာခဲ့ပေ။


သူ ကြီးပြင်းလာသည့်အခါ ပိုက်ဆံ မည်မျှရှာနိုင်မည်ကို သူ သေချာ မသိပေ။


ထိုရိုးသားသော စကားများကို နားထောင်ပြီးသောအခါ လင်းဖေးက သူ့ကိုယ်သူ လျှော့တွက်နေသည်ဟု လင်းလော့ချင်းထင်လေသည်။


နှိမ့်ချလိုက်တဲ့ကလေး…မင်းက အနာဂတ်မှာForbesစာရင်းထဲက ကျော်ကြားတဲ့ သူဋ္ဌေးကြီးဖြစ်လာမှာ…


မင်း‌ကြောင့် မရေမတွက်နိုင်တဲ့မိဘတွေက သူဋ္ဌေးမျိုးဆက်သစ်တွေကို နေ့တိုင်းသင်ပေးနေလိမ့်မယ်…


ပြီးတော့ မင်းက မြင့်မြတ်ချမ်းသာတဲ့သူဋ္ဌေးသားတွေ အိမ်မက်ဆိုးဖြစ်လာပြီး နူးညံ့သိမ်မွေ့တဲ့ မိန်းမငယ်လေးတွေရဲ့ အိမ်မက်ချစ်သူဖြစ်လာမှာ…


မင်းက အထက်တန်းလွှာအသိုင်းအဝိုင်းထဲကို အောင်အောင်မြင်မြင် ၀င်ရောက်နိုင်ရုံသာမကအထက်တန်းလွှာအသိုင်းအဝိုင်းရဲ့အလယ်ဗဟိုလည်း ဖြစ်လာမှာ…


ထိုအရာများကြောင့် လင်းဖေးက လရောင်ဖြူလေးဖြစ်နေခြင်းဖြစ်သည်။ အမျိုးသမီးဇာတ်ဆောင်က လင်းဖေးကို ဘာကြောင့်ကြိုက်ရလဲဆိုသည်ကို လင်းလော့ချင်း နားလည်ပေသည်။ သူက ကျောင်းသားဘ၀ကတည်းက လူ့အဖွဲ့အစည်းအတွင်းတွင် ထူးချွန်သည့်လူတစ်‌ယောက်ဖြစ်နေပြီဖြစ်သည်။ 


ဘယ်သူက ဒီလို နတ်ဘုရားမျိုးကို မကြိုက်မှာလဲ…


"မစိုးရိမ်ပါနဲ့…မင်း ကြီးလာရင် သေချာပေါက် ငွေ‌တွေအများကြီး ရှာနိုင်လိမ့်မယ်…ရှုရှု မင်းကို ယုံကြည်တယ်…"


သူက သူ့လက်မောင်းထဲမှ လင်းဖေးကို ယမ်းလိုက်သည်။


"မင်း ရှုရှုကို မုန့်ဖိုးပေးမဲ့အချိန်ကို ရှုရှုစောင့်နေမယ်…"


ပြောပြီးနောက် လင်းလော့ချင်းက လင်းဖေးနှာခေါင်းကို ချစ်မြတ်နိုးစွာ ညှစ်လိုက်သည်။


လင်းဖေးက လင်းလော့ချင်းအား မုန့်ဖိုးပေးရမည့်အကြောင်းကို အနည်းငယ် စိတ်၀င်စားလာပြီး မျက်လုံးများက ‌တောက်ပလာလေသည်။


"ဟုတ်ကဲ့…"


သူ ပြန်ဖြေလိုက်သည်။


လင်းလော့ချင်း ပြုံးလိုက်ပြီး သူ့ကို နမ်းလိုက်ကာ တစ်ခဏခန့် နောက်ပြောင်ကျီစယ်ပြီးနောက် အခန်းထဲမှ ထွက်သွားလိုက်သည်။


လင်းဖေး ထိုင်ခုံပေါ်တွင် ထိုင်လိုက်ပြီး သူ့ရှေ့မှ စာအုပ်ကို ကြည့်နေလေသည်။ သူ မြန်မြန်ကြီးပြင်းလာချင်သည်။ 

ယခင် သူ့ကိုယ်သူ ကာကွယ်နိုင်ချင်ပြီး ကိုယ်ပိုင်ပန်းအိုးတစ်လုံး ရှိချင်သည်။ ယခု သူ အမြန် ကြီးပြင်းလာပြီး ငွေအများကြီး ရှာချင်လာလေသည်။


လင်းလော့ချင်းက သူ့ကို မုန့်ဖိုးအများကြီးပေးခဲ့သည့်အတွက် သူကလည်း မုန့်ဖိုးအများကြီး ပြန်ပေးချင်လေသည်။


လင်းဖေး သေချာစဉ်းစားလိုက်ပြီး အနာဂတ်တွင် သူဋ္ဌေးကြီးတစ်‌ယောက်ဖြစ်လာအောင် လုပ်ရန် စိတ်ဆုံးဖြတ်ချက်ချလိုက်သည်။


အဲ့လိုမှမဟုတ်ရင် သူ လင်းလော့ချင်းကိုမုန့်ဖိုးအများကြီး ပေးနိုင်မှာမဟုတ်ဘူး…


လင်းလော့ချင်းက လင်းဖေး၏ပြဿနာကို ဖြေရှင်းပြီးနောက် ကျိယွီရှောင်၏စာဖတ်ခန်းထဲ သွားလိုက်ပြီး ဇာတ်ညွှန်းဆက်ဖတ်လိုက်သည်။


နေ့တစ်နေ့၏အဆုံး ညရောက်လာသောအခါ ကျိယွီရှောင်က လင်းလော့ချင်းကို ကြည့်လိုက်ပြီး ရေချိုးခန်းထဲသို့ ၀င်သွားလိုက်သည်။ မနေ့ညက ကျိလဲ့ယွီ၏နှောင့်ယှက်မှုကြောင့် နစ်မြှုပ်သွားသောစိတ်က တစ်ဖန် ပြန်တက်ကြွလာလေသည်။


လင်းလော့ချင်း ဒီရက်ပိုင်း ဘာတွေတွေးနေလဲမသိဘူး…


သူ့ရဲ့လွန်ကျူးတဲ့စိတ်ဆန္ဒတွေကို ပိတ်လှောင်လိုက်ရင်ကောင်းမလား…သူ့သဘာ၀ကို လွှတ်ပေးလိုက်ရင် ကောင်းမလား…


သူ သူ့ရှေ့မှ လူကို ကြည့်ကာ တိတ်တဆိတ် တွေးဆနေလေသည်။


ကျိယွီရှောင်က သူ့ကို စိုက်ကြည့်နေသောအခါ လင်းလော့ချင်း ခေါင်းမော့ကြည့်လိုက်ပြီး သံသယဖြစ်စွာ မေးလိုက်သည်။


"ဘာလို့ ငါ့ကို အဲ့လို လာကြည့်နေတာလဲ…"


"ဘာရယ်မဟုတ်ပါဘူး…ဒီလိုပဲ ကြည့်နေတာ…"


'ငါက တံခါးနားက ကျောက်တုံးမို့လို့လား…ဒီအတိုင်းကြည့်နေရအောင်…'


"မင်း အဖြေကို ပြောင်းပြောချင်လား…"


သူ ရိုးသားစွာ အကြံပြုလိုက်သည်။


ထိုစကားကို ကြားသောအခါ ကျိယွီရှောင် သိမ်မွေ့စွာ ပြုံးလိုက်သည်။


"ပြောင်းပြောမယ်…"


သူ ပြန်ဖြေလိုက်သည်။


"မင်း ဘယ်လောက်ကြည့်ကောင်းလဲ ကြည့်နေတာ…"


လင်းလော့ချင်းက အဖြေကို ကျေနပ်သွားပြီး ဖုန်းကိုချကာ အိပ်ရာပေါ်မှ ထလိုက်ပြီး ကျိယွီရှောင်ထံသို့ လျှောက်သွားလိုက်သည်။


"မင်း ငါ့ကို အဲ့လိုကြည့်နေတော့ မင်းမှာ ငါနဲ့ပတ်သတ်ပြီး အကြံအစည်တွေ ရှိနေသလို ခံစားရတယ်…"


"ဘာအကြံအစည်တွေလဲ…"


လင်းလော့ချင်း မျက်တောင်ခတ်လိုက်ပြီး ကျိယွီရှောင်နားနားကပ်ကာ ပြောလိုက်သည်။


"ဖုံးကွယ်ထားတဲ့ အကြံအစည်တွေပေါ့…"


နောက်တစ်ခဏတွင် ကျိယွီရှောင်က သူ့ခါးကို ပွေ့ဖက်လိုက်သည့်အတွက် သူက ကျိယွီရှောင်၏ခြေထောက်များကို ဖိလိုက်မိလေသည်။


လင်းလော့ချင်း :"..."


ကျိယွီရှောင် ပြုံးလိုက်သည်။


"ဘယ်လိုဖုံးကွယ်ထားတဲ့အကြံအစည်တွေလဲ…"


“ငါက လူကြီးတစ်ယောက်ဆိုတော့ ဘယ်လိုဖုံးကွယ်ထားတဲ့အကြံအစည်တွေ ဖြစ်နိုင်သလဲ…"


လင်းလော့ချင်း လက်ညှိုးကို မြှောက်လိုက်ပြီး ကျိယွီရှောင်၏အင်္ကျီကော်လံကို လှမ်းချိတ်လိုက်သည်။


ယခု သူ့ဇနီးက သူ့သဘာ၀ကို လွှတ်ပေးစေချင်ကြောင်း ကျိယွီရှောင် သဘောပေါက်သွားပြီဖြစ်သည်။


သူက သူ့ကော်လံတွင် ချိတ်နေသည့် လင်းလော့ချင်းလက်ညှိုးကို ယူလိုက်ပြီး လက်ဖဝါးထဲ ဆုပ်ကိုင်ထားလိုက်သည်။


"ဒါက မင်းလိုချင်တာလား…"


"မင်း မလိုချင်လို့လား…အိုး မင်း တကယ် မလိုချင်တာလား…"


ကျိယွီရှောင် ရယ်မောလိုက်ပြီး လင်းလော့ချင်းကို ပြန်မတ်တပ်ရပ်ခိုင်းလိုက်သည်။ ထို့နောက် လင်းလော့ချင်း၏တင်ပါးကို ရိုက်လိုက်ပြီး ပြောလိုက်သည်။


"သွား ရေသွားချိုးတော့…"


'မင်းက အဲ့လိုပြောတော့ လူကို လူဆိုးဖြစ်ချင်လာစေတယ်…အဲ့ဒါကို မင်းသိလား…''


လင်းလော့ချင်းက နှလုံးသားထဲတွင် တိတ်တဆိတ် ဝေဖန်လိုက်သည်။


ထို့နောက် သူက ခါးကိုင်းလိုက်ပြီးတမင်တကာ နူးညံ့ပြီး သွေးဆောင်မှုအပြည့်ရှိသည့် အသံဖြင့် ပြောလိုက်သည်။


"ဘာလို့ ရေအတူမချိုးတာလဲ…"


အရမ်း စိတ်အားထက်သန်လွန်းတယ်…


ကျိယွီရှောင် တွေးလိုက်သည်။


"ရေချိုးပြီးတဲ့အထိ စောင့်…"


ထိုအဖြေကို လင်းလော့ချင်း မျှော်လင့်ထားပြီးဖြစ်သည်။


သူ ဘယ်လောက် ပရောပရည်လုပ်လုပ် ကျိယွီရှောင်က ဘယ်သောအခါမှ တကယ်လိုက်လုပ်မည် မဟုတ်ပေ။


နောက်ဆုံးတွင် သူကသာ အလွန် ရှက်ရွံ့ခဲ့ရလေသည်။


သူ ခါးမတ်လိုက်ပြီး ကျိယွီရှောင်ကို ပြုံးပြလိုက်ကာ ရေချိုးခန်းထဲ ၀င်သွားလိုက်သည်။


ကျိယွီရှောင်က တစ်ဖက်လူ ထွက်သွားသည်ကို ကြည့်လိုက်ပြီး ဝှီးချဲလ်နောက်ကို မှီလိုက်သည်။


ဝေ့ကျွင်းဟယ် ပြောတာ အတော်မှန်တာပဲ…


သူက ခံနိုင်ရည်ရှိပြီး ‌တောင့်ခံနိုင်သည်။ သို့သော် သူ့ဇနီး မတောင့်ခံနိုင်ကြောင်း သိသာလှပေသည်။ လင်းလော့ချင်းကို ညတိုင်း သည်းခံထားခိုင်းခြင်းက မသင့်တော့ပေ။


သူက အားမာန်တက်ကြွသည့်လူငယ်တစ်ယောက်ဖြစ်သည်။ ထိုကိစ္စအတွက်ကြောင့် ဖျားလာနိုင်လေသည်။


ထိုသို့တွေးပြီး‌နောက် လင်းလော့ချင်း ရေချိုးခန်းထဲမှ ထွက်လာသောအခါ သူ ရေချိုးခန်းထဲ ၀င်သွားလိုက်သည်။


ရေချိုးခန်းထဲတွင် မပျောက်ကွယ်သေးသည့် ရေငွေ့များ ရှိနေလေသည်။ ယင်းတို့က စေးကပ်ကပ်ဖြစ်ပြီး လေထုက ပူလောင်ခြောက်သွေ့နေလေသည်။ ယင်းတို့က လူများကို မျက်လုံးမှိတ်စရာမလိုစွာ မြင်ကွင်းအချို့ကို တွေးမိစေသည်။


လင်းလော့ချင်း ရေချိုးနေသည့် ပုံရိပ်က ကျိယွီရှောင်၏စိတ်ထဲတွင် ချက်ချင်း ဆိုသလို ပေါ်လာလေသည်။ သူ အလိုအလျောက် ချောင်းဟန့်လိုက်ပြီး ထိုပုံရိပ်များကို ဖယ်ရှားလိုက်သည်။


အရမ်း ပူလောင်ပြီး မွန်းကြပ်လွန်းတယ်…


ပတ်၀န်းကျင်မှ လေထုက ချက်ချင်းဆိုသလို မရေမရာဖြစ်လာလေသည်။ ကျိယွီရှောင်က လက်ကို အားပြုလိုက်ပြီး ရေချိုးကန်ထဲ သူ့ကိုယ်သူ ရွှေ့လိုက်သည်။ ထို့နောက် ရေအပူချိန်ကို စမ်းကြည့်လိုက်ပြီး တိတ်တဆိတ် ရေစိမ်နေ‌လိုက်သည်။


သူက ရေ အကြာကြီး မစိမ်ခဲ့ပေ။ ရေချိုးခန်းထဲတွင် ညအိပ်ဝတ်စုံကို လဲ၀တ်လိုက်ပြီး ရေချိုးခန်းထဲမှ ထွက်လာလိုက်သည်။


ကျိယွီရှောင် ရေချိုးခန်ထဲမှ ထွက်လာသည်ကို လင်းလော့ချင်း မြင်သောအခါ ပြုံးကာ ပြောလိုက်သည်။


"နွေဦးညက ရွှေတစ်ထောင်တန်တယ်တဲ့…မစ္စတာကျိ မင်း ငါ့ကို ရွှေတွေအများကြီးလဲပေးဖို့ ဆန္ဒရှိလား…"


ကျိယွီရှောင် :"..."


ကျိယွီရှောင် မျက်နှာသုတ်ပဝါကို လင်းလော့ချင်းထံ ပစ်လိုက်ပြီး ဝှီးချဲလ်ကို ကုတင်ဆီ တွန်းသွားလိုက်သည်။


လင်းလော့ချင်း ပဝါကို ဖမ်းလိုက်ပြီး ကျိယွီရှောင်၏ဆံပင်များကို ကူသုတ်ပေးရ်အတွက် ကုတင်အစွန်းတွင် ထိုင်လိုက်သည်။


သူက မလိမ္မာပေ။ သူက ဆံပင်ကို သုတ်ပေးရင်း ကျိယွီရှောင် ဘာမှပြန်မလုပ်သည့်အကြောင်းကို သိသည့်အတွက် ကျိယွီရှောင်ကို တမင်တကာ နောက်ပြောင်ကျီစယ်နေလေသည်။ သူက ကျိယွီရှောင်၏နားထဲ နူးညံ့စွာ လေမှုတ်သွင်းခြင်း ၊ ကျိယွီရှောင်၏လည်ပင်းကို ကုတ်ခြစ်ခြင်းများ ပြုလုပ်နေလေသည်။


ကျိယွီရှောင်က လင်းလော့ချင်း၏နောက်ပြောင်ကျီစယ်မှုကို ခံစားရပြီး ‌ဤလူက လောကကြီး၏အတွင်းပိုင်းကို သေချာမသိကြောင်း တွေးလိုက်သည်။


 လင်းလော့ချင်းက ကျိယွီရှောင်၏ဆံပင်ကို သေချာ သုတ်ပေးပြီးနောက် သဘာ၀ကျစွာ လက်ကို အောက်လျှောလိုက်ပြီး ကျိယွီရှောင်၏လည်ပင်းကို ဖက်လိုက်ကာ နားနားကပ်ပြီး နူးညံ့စွာ ပြောလိုက်သည်။


"ဆံပင်ကို သုတ်ပေးပြီးပြီဆိုတော့ ငါတို့ တခြားဘာဆက်လုပ်ကြမလဲ…"


ကျိယွီရှောင် ခေါင်းလှည့်လိုက်ပြီး သူ့နှုတ်ခမ်းနှင့် လင်းလော့ချင်းလည်ပင်းကို ပွတ်သပ်လိုက်သည်။ လင်းလော့ချင်းက အလိုအလျောက် ဝေးဝေးဆုတ်လိုက်သော်လည်း ကျိယွီရှောင်က သူ့ကို ထိန်းထားလေသည်။


သူက လင်းလော့ချင်း၏လည်ပင်းအနောက်ဘက်ကို ဆုပ်ကိုင်ထားပြီး နှုတ်ခမ်းကို ပိုမိုဖိလိုက်သည်။


"မင်း ဘာလုပ်လုပ် ငါက ဘာမှ ပြန်လုပ်မှာ မဟုတ်ဘူးလို့ တွေးနေတာလား…"


လင်းလော့ချင်းက ထိုသို့ တကယ် တွေးနေခြင်းဖြစ်သည်။ သူ ကျိယွီရှောင်အကြောင်းကိုကောင်းကောင်းသိနေပြီဖြစ်သည်။ ကျိယွီရှောင်တွင် ကိုယ်ပိုင်မာနရှိပြီး ထိုကိစ္စတို့ကို ရှက်ရွံ့တတ်ကာ သူ့၏မပြည့်စုံသောခြေ‌ထောက်များကို သူ့ကို ပြသရန်လည်း ဆန္ဒမရှိသေးပေ။


ထို့အတွက်ကြောင့် သူက ကျိယွီရှောင်ကို တမင်တကာ ထပ်ခါတလဲလဲ နောက်ပြောင်နေခြင်းဖြစ်သည်။


သူ မျက်တောင်ခတ်လိုက်ပြီး အပြစ်ကင်းစင်သော မျက်နှာလေးနှင့် ပြောလိုက်သည်။


"အဲ့လို မတွေးပါဘူး…"


ကျိယွီရှောင် ရယ်မောလိုက်ပြီး လင်းလော့ချင်း၏နှုတ်ခမ်းကို နက်နက်ရှိုင်းရှိုင်း နမ်းလိုက်ကာလွှတ်ပေးလိုက်ပြီး ကုတင်ပေါ် တက်လိုက်သည်။


လင်းလော့ချင်းက အန္တရာယ်ကို လုံး၀ သတိမ

ထားမိခဲ့ပေ။ သူ စောင်ခြုံလိုက်ပြီး ကျိယွီရှောင်ကို ပြောလိုက်သည်။


"အိပ်ကြစို့…"


ကျိယွီရှောင် သူ့ကို ကြည့်လိုက်သည်။


"နွေဦးညမှာ မင်း ဒီလိုပဲ အိပ်မလို့လား…"


လင်းလော့ချင်းက ယခင်အတိုင်းဖြစ်ပြီး သတိမပြုမိသေးပေ။


"ဒါဆို ဘာလဲ…မင်းက နွေဦးညကို ရွက်ဖျင်တဲထဲမှာ ကုန်ဆုံးချင်လို့လား…"


ကျိယွီရှောင် ပြုံးလိုက်ပြီး စောင်ခြုံလိုက်သည်။


"အိပ်ကြတာပေါ့…"