Chapter 117
ထို့ကြောင့် သူ နို့ကို အမြန်ကုန်အောင်သောက်ပြီး သူမနှင့် ခဏလောက် စကားစမြည်ပြောပြီးနောက် တစ်စုံတစ်ယောက်အား သူမကို ကားပေါ်လိုက်ပို့ခိုင်းရန် ပြင်ဆင်ခဲ့သည်။
ထောင်ထောင်၏ အသံက နူးညံ့၍နေသည်။
"ဘယ်လိုနေလဲ...သောက်ပြီးသွားတော့နေသထိုင်သာပိုရှိလာလား"
"နည်းနည်းပိုကောင်းလာတယ်"
"ရှင် ဓာတ်ခွဲခန်းထဲ နေ့တိုင်းရောက်တယ်လို့ ထောင်ရွှမ်ရဲ့ ဆရာဝန်ဆီကနေ ကျွန်မကြားတယ်...ဒီနေ့ဘာလို့ အရက်သောက်ဖို့ စဉ်းစားတာလဲ"
ထောင်ထောင်က မျက်လုံးအနည်းငယ်ပြူးလိုက်သည်။ သူမ၏မျက်လုံးများက တလက်လက် တောက်ပနေပြီး အလွန်လှပသည်။
"စိတ်မကောင်းဖြစ်စရာရှိလို့လား"
အရက်သောက်ရသည့် အကြောင်းရင်းကို ထည့်ပြောလာသောအခါ လျန်ကျင်း ခေါင်းကွဲမတတ်ကိုက်လာသည်။ သူက တခြားသူတွေနှင့် စကားပြောရသည်ကို ကြိုက်သည့်လူမဟုတ်ပေမဲ့ အရက်က သူ့စိတ်ဆန္ဒကို အားနည်းစေ၍ဖြစ်နိုင်သလို ထောင်ထောင်၏ လေသံက နူးညံ့လွန်းသောကြောင့်လည်းဖြစ်နိုင်သည်။သူ မထိန်းနိုင်စွာ ရင်ဖွင့်ခဲ့မိသည်။
"ဘာလို့လဲဆိုတော့ ဒီမနက် ကျွန်တော်ကြိုက်တဲ့လူက သူ့မှာသဘောကျရတဲ့သူရှိနေပြီလို့ပြောခဲတယ်"
အရက်မူးနေသူ၏ စကားက ယုတ္တိမတန်ပါချေ။ထောင်ထောင်က ဤစာကြောင်း၏ နောက်ကွယ်မှ အဓိပ္ပါယ်ကို နားလည်ပုံမပေါ်ပေ။ တုံ့ပြန်ရန် ဆယ်စက္ကန့်ကျော်ကြာခဲ့သည်။
"ဒါဆို ဒီလိုကိုး… အမှန်အတိုင်းပြောရမယ်ဆိုရင် ကျွန်မမှာလည်း အလားတူ အတွေ့အကြုံတစ်ခုရှိတယ်...ကျွန်မ ကြိုက်တဲ့လူက အခု တခြားလူနဲ့ အရမ်းရင်းနှီးနေတယ်...ရှင် ဘယ်လိုခံစားရလဲ ကျွန်မ နားလည်ပါတယ်...အရမ်းဝမ်းနည်းပြီး ခွဲဖို့ တွန့်ဆုတ်နေမှာပဲ... ရှင်ကြိုက်တဲ့သူက ဘယ်သူလဲ... သူငယ်ချင်းလား လုပ်ဖော်ကိုင်ဖက်လား...ကျွန်မကိုပြောပြလို့ရမလား"
ထောင်ထောင်က သူမအတွေ့အကြုံကိုပြောပြီး သူ့ကိုနှစ်သိမ့်ပေးဖို့ရာ တွန့်ဆုတ်မနေသောအခါ လျန်ကျင်း ရင်ထဲထိမသွားဘဲမနေနိုင်ပေ။
သို့သော်လည်း ရှင်းရှင်းက အများပြည်သူသိ ပုဂ္ဂိုလ်ဖြစ်သည်။ သူက ရှင်းရှင်းအတွက် ထိခိုက်သွားစေမှာကို ကြောက်သည့်အတွက် သူက ဝေ့ဝေ့ဝါးဝါးသာပြောလိုက်၏။
"ကျွန်တော်ကြိုက်တဲ့သူက အိမ်နီးချင်းညီမလေးပါ"
"အတူတူကြီးပြင်းလာတဲ့ ငယ်သူငယ်ချင်းတွေလား"
လျန်ကျင်း: "အင်း"
"ရေနဲ့ အနီးဆုံး မဏ္ဍပ်က လရောင်ကို ဦးဆုံး ရှုစားရတယ်...မိန်းကလေးတွေက ဘေးအိမ်က အကိုကြီးအတွက် ခံစားချက်တွေ လွယ်လွယ်နဲ့ဖြစ်တတ်ကြတယ်"
ထောင်ထောင်က သိချင်သွားသည်။ "ဘာလို့ စောစောက သူ့ကို မလိုက်တာလဲ"
"ဘာဖြစ်လို့လဲဆိုတော့ …"
လျန်ကျင်း ခေတ္တရပ်ပြီး ခါးသီးစွာ ပြုံးလိုက်သည်။
"သူကျွန်တော့်ကိုကြိုက်တုန်းက ကျွန်တော် သူ့ကို မကြိုက်ခဲ့ဘူး...သူ့အကြောင်းသိပြီး ချစ်မိသွားတဲ့အခါကျ...
"သူက တခြားတစ်ယောက်ကို ချစ်မိသွားပြီလား"
"အင်း"
လျန်ကျင်းက ခေါင်းညိတ်လိုက်သည်။
၎င်းကိုကြားသောအခါ ထောင်ထောင်က တစ်ခုခုမှားနေပြီဆိုသည်ကို သဘောပေါက်သွားပုံရသည်။ သူမက မျက်တောင်ခတ်လိုက်သည်။ သူမ၏ မှိတ်တုတ်မှိတ်တုတ် မျက်လုံးကြီးများသည် သူမ၏ ပဟေဠိဆန်သော အမူအရာဖြင့်ပေါင်းစပ်လိုက်သောအခါ သူမအား ပုံမှန်မဟုတ်လောက်အောင် ချစ်စရာကောင်း၊ လေးနက်ပြီး ယုံကြည်စိတ်ချရသော ပုံပေါက်စေသည်။
သူမက သက်ပြင်းချလိုက်သည်။ "ဆက်ဆံရေးတစ်ခုမှာ ကြောက်စရာအကောင်းဆုံးအရာက နောက်ကျတာပဲ...ရှင် သူ့ရဲ့ တောက်ပမှုတွေကို အရင်ကတည်းကရှာတွေ့နိုင်ရင် ကောင်းလိမ့်မယ်"
"အရင်ကလား..."
လျန်ကျင်း ကျောင်းသားဘဝတုန်းကရှင်းရှင်းကို ပြန်သတိရပြီး ခေါင်းယမ်းလိုက်သည်။
"အရင်က သူဒီလိုမဟုတ်ဘူး"
"သူအရင်ကဒီလိုမဟုတ်ဘူးဆိုတာ ဘာကိုဆိုလိုတာလဲ... "
"ဘယ်လိုပြောရမလဲ…"
လျန်ကျင်းက ပြောလိုက်သည်။
"ကျွန်တော် ဒီနိုင်ငံက ထွက်သွားပြီးတဲ့ နောက်မှာ သူက လုံးဝကို ကွဲပြားတဲ့ လူတစ်ယောက်လို ဖြစ်သွားတယ်...အများကြီးကို ပြောင်းလဲသွားတယ် ...အရင်တုန်းက ကျွန်တော် သူ့ဆံပင်တွေကို ကိုင်တာကို သူ အကြိုက်ဆုံးပဲ... အခုကျတော့ သူက အထူးသဖြင့် ကျွန်တော့်ရဲ့ ထိတွေ့မှုကို ခုခံနေတယ်... အရင်တုန်းက ကျွန်တော့်ကို မက်ဆေ့ခ်ျပို့ဖို့ မစောင့်နိုင်အောင်ပဲ... အခုကျတော့ သူ့ဆီကနေ မက်ဆေ့ချ်မရတာ တစ်လလောက်ရှိသွားပြီ... အရေးကြီးဆုံးကတော့ သူကျွန်တော့်ကို ဘယ်လောက်အားကိုးတယ်ဆိုတာ ကျွန်တော်သိတယ်..သူ ဘယ်လိုလုပ်ပြီး ကျွန်တော့်ကို ဒီလောက်မြန်မြန် လက်လွှတ်နိုင်ရတာလဲ"
ထိုအချိန်တွင် လျန်ကျင်း၏ အသံက တိုးဝင်သွားသည်။ တစ်ချိန်လုံး မျိုသိပ်ထားခဲ့ရသည့် ခံစားချက်တွေက ဤအချိန်မှာ ပေါက်ကွဲထွက်လာ၏။ သူ့မျက်လုံးများ ချက်ချင်းနီရဲလာသည်။
"ရှင် ဘယ်လိုခံစားရလဲဆိုတာ ကျွန်မနားလည်ပါတယ်"
ထောာင်ထောင်က သူ့ကို ခဏလောက် တိုးတိုးလေး နှစ်သိမ့်လိုက်သည်။ ထို့နောက် သူမကဆို၏။
"ဒါပေမဲ့ ရှင့်ရဲ့စကားကို နားထောင်ပြီးတော့ ဘေးအိမ်က ဒီညီမလေးက နည်းနည်းထူးဆန်းတယ်လို့ ခံစားရတယ်... ကျားသစ်က သူ့ရဲ့အကွက်တွေကို မပြောင်းလဲနိုင်ဘူးလေ... သူ့မှာ ဘာပဲ ဖြစ်ခဲ့ပါစေ၊ ပြောင်းလဲဖို့ တိကျတဲ့ လုပ်ငန်းစဉ်တစ်ခု လိုအပ်တယ်...သူဒီလာက် ရုတ်တရက်ကြီး ပြောင်းလဲသွားဖို့က မဖြစ်နိုင်လောက်အောင်ပဲ"
"ဘာလို့ဒီလိုဖြစ်ရတာလဲ..."
ထောင်ထောင်က ရေရွတ်လိုက်သည်။
"တီဗီစီးရီးတစ်ခုမှာ ကျွန်မသရုပ်ဆောင်ခဲ့ဖူးသလိုမျိုး ဝိညာဉ်ချင်း ပြောင်းသွားတာ ဒါမှမဟုတ် အချိန်ခရီးသွားတာမျိုးတော့ မဖြစ်နိုင်လောက်ပါဘူးနော်"
လျန်ကျင်း အံ့အားသင့်သွားသည်။
"အိုက်ရား ကျွန်မစကားနားမထောင်နဲ့... ကျွန်မ ဒီနေ့နည်းနည်းမူးနေတာရယ်"
ထောင်ထောင်က သူမပြောသည့်စကားများက ရယ်စရာဟု ထင်နေပုံရသည်။ သူမက မိမိကိုယ်ကို နှိမ့်ချစွာ ရယ်မောလိုက်ပြီး လက်ကို ဝှေ့ယမ်းလိုက်သည်။ "ကိုယ့်ကိုယ်ပိုင်ခံစားချက်ကိုတောင် မစဉ်းစားရသေးဘူး ...ရှင့်အတွက် ကျွန်မက ခွဲခြမ်းစိတ်ဖြာဖို့ ဘယ်လိုလုပ် အရည်အချင်းရှိမှာလဲ ...ကောင်းပြီ၊ ရှင်အနားယူသင့်တယ် ...ကျွန်မ ကလပ်ကို ပြန်သွားတော့မယ်"
"မင်း အိမ်မပြန်ဘူးလား"
"မပြန်ဘူး...မူးပြီး အိပ်တာက ပိုကောင်းပါတယ်"
ထောင်ထောင်က ခေါင်းကို လှည့်လိုက်သည်။
"ဒါမှမဟုတ် အိမ်မှာ အရက်သောက်ကြမလား...ကျွန်မတို့နှစ်ယောက်လုံးက ဝမ်းနည်းနေတဲ့လူတွေပဲ...လရောင်အောက်မှာ သောက်ပြီး မမူးမချင်း အိမ်မပြန်ဘဲနေရအောင်"
.
အကြောင်းတစ်ခုခုကြောင့် လျန်ကျင်း သူမ၏အကြံပြုချက်ကို သဘောတူခဲ့သည်။
ရလဒ်ကအနေဖြင့် "ငါတို့မမူးမချင်း အိမ်မပြန်ဘူး"ကနေ မျက်လုံးပြန်ဖွင့်လိုက်သောအခါ ထောင်ထောင်၏ အဝတ်အစားတွေက ကုတင်ပေါ်မှာ ရှုပ်ပွနေခဲ့သည်။ သူမက…ကိုယ်လုံးတီးဟုပင် ပြော၍ရ၏။
ခဏလောက်ကြာအောင် သူဘယ်လိုတုံ့ပြန်ရမှန်း မသိခဲ့။ထောင်ထောင်လည်း အတော်လေးစိတ်ရှုပ်ထွေးသွားခဲ့သည်။ သူမအဝတ်အစားကို အမြန်ဝတ်ကာ ထွက်ပြေးသွားခဲ့သည်။
မစားမသောက်ဘဲ အခန်းထဲမှာ နှစ်ရက်ကြာ သော့ခတ်နေပြီးနောက် ကောင်မလေးတစ်ယောက်ကို သူဖျက်ဆီးပစ်လိုက်မိသည်ဆိုသည့် အချက်ကို နောက်ဆုံးမှာ သူလက်ခံခဲ့၏။အဖေလျန်က ငယ်စဉ်ကတည်းက လိင်ပိုင်းဆိုင်ရာဆက်ဆံရေးတွင် သတိထားရန် အမြဲသွန်သင်ဆုံးမခဲ့သည်။ မတော်တဆဖြစ်သွားပါက သူ့အနေဖြင့် ယောက်ျားပီသစွာဖြင့် တာဝန်ယူရမည်။
ဤသည်က ချီရှင်းချန်၏ ဝန်ခံမှုကို လက်ခံရရှိပြီးနောက် ထွက်ခွာရန် ရွေးချယ်ခဲ့ခြင်း၏အကြောင်းပြချက်လည်း ဖြစ်သည်။
သူက ကတိတွေကို လွယ်လွယ်နှင့် မပေးဝံ့သလို သူ့အနီးနားက လူတွေ၏နှလုံးသားကို ပေါ့ပေါ့တန်တန်မခွဲချင်ပေ။သူ့ခံစားချက်တွေကို နားလည်ရန် သူ့ကိုယ်သူ အချိန်ပေးပြီး တစ်ဖက်လူကိုလည်း သေသေချာချာ စဉ်းစားရန် အချိန်ပေးချင်ခဲ့သည်။
သို့သော် ဤအရာအားလုံးက အရက်မူးပြီးလုပ်သည့်အမှားတစ်ခုကြောင့် ပျက်စီးသွားခဲ့သည်။
သူ့အနေဖြင့် ထောင်ထောင်ကို ဆက်သွယ်ပြီး သူမအတွက်မတရားဟု ခံစားရပါက လျန်မိသားစု၏ ချွေးမလေးဟူသော အထောက်အထားကို သူမအားပေးနိုင်ကြောင်း ပြောပြခဲ့ရသည်။
သူ ထောင်ထောင်ကို မကြိုက်သော်ငြား၊ထောင်ထောင်ကလည်း သူ့ကို မကြိုက်မှန်း သိသော်ငြားပင်။
ထောင်ထောင်၏ တုံ့ပြန်မှုက မရေမရာဖြစ်နေသည်။ ယေဘူယျ အယူအဆမှာ သူမက သူနှင့် မရင်းနှီးသလို မည်သို့ဆုံးဖြတ်ရမှန်း မသိဖြစ်နေ၍ဖြစ်မည်။သူမ နှလုံးသားက ရှုပ်ထွေးနေသည်။ထို့ကြောင့် သူ အခုတလော ထောင်ထောင်နှင့် အဆက်အသွယ်လုပ်ခဲ့ပြီး သူမကို ရွေးချယ်ရန် ကူညီပေးခဲ့သည်။ တစ်ခါတရံမှာ ထောင်ထောင်ကို ဆေးရုံလာခိုင်းပြီး စကားစမြည်ပြောကာ သူမနှင့် ထမင်း အတူစားခဲ့သည်။
ကံကောင်းထောက်မစွာ၊ လျန်မိသားစုတွင် အစားအသောက်နှင့် အဖျော်ယမကာလုပ်ငန်းတစ်ခုရှိသဖြင့် ၎င်းတို့၏ မကြာခဏ တွေ့ဆုံမှုများကို မီဒီယာမှ ရှာဖွေတွေ့ရှိခဲ့ခြင်း မရှိပေ။ သခင်လေးက မိန်းကလေးတစ်ဦးနှင့် အလွန်ရင်းနှီးနေကြောင်း စားသောက်ဆိုင်၏ မန်နေဂျာမှ တစ်ဆင့်ပဲ အိမ်တော်ထိန်းက သိရှိခဲ့သည်။ သူက အမေလျန်ကို သတင်းပို့ခဲ့ပြီး ထိုသတင်းက ချီယွီကျီး၏နားထဲကို ရောက်သွားခဲ့၏။
ထိုညက ထောင်ထောင်၏ မထင်မှတ်သော စကားများအောက်တွင် ယခု သူသိသောလူသည် အတိတ်က ရှင်းရှင်းမဟုတ်ကြောင်း ပိုပို၍ ခံစားလာရသည်။ ထို့အပြင် ထောင်ထောင်၏တည်ရှိမှုသည် သူ့ကို စိတ်ပိုင်းဆိုင်ရာနှင့် ရုပ်ပိုင်းဆိုင်ရာ ပင်ပန်းနွမ်းနယ်စေသည်။
သူ ထမင်းကောင်းကောင်းမစား၊ ကောင်းကောင်းအိပ်မပျော်သည်က ကြာပြီဖြစ်၏။ သူ စိတ်ဓာတ်ကျကာအားအင်တို့ ကုန်ခမ်းနေသဖြင့် သူ့အသားအရည်က သည်ထက်ပိုမဆိုးနိုင်တော့ပေ။
ဝမ်းနည်းစရာအကောင်းဆုံးမှာ...
လျန်ကျင်း သူ့ရှေ့ရှိ "ချီရှင်းချန်" ကို တည့်တည့်စိုက်ကြည့်နေမိသည်။
သူနှင့်မျက်နှာချင်းဆိုင်ရှိ လူက စိတ်ဝိညာဉ် တကယ်ပြောင်းလဲသွားလျှင်ပင် သူ သူ့ကို မနေနိုင်ဘဲ ကြိုက်မိနေဆဲဖြစ်၏။
သူက မျှော်လင့်ချက်မဲ့စွာ ချစ်မိနေပြီဖြစ်သည်။
ချီရှင်းချန် လျန်ကျင်း၏ စိတ်အခြေအနေက တစ်မိနစ် နှစ်မိနစ်အတွင်း မည်သို့ပြောင်းလဲသွားသည်ကို မသိခဲ့ပေ။ သူစကားမပြောသည်ကိုမြင်တော့ သူက ဆက်ရှင်းပြ၏။
"မင်းမသိလောက်ပေမဲ့ နွေဦးပေါက်တုန်းက ငါ တစ်ကြိမ် အန္တရာယ်ကြုံခဲ့ရပြီး သေလုနီးပါးပဲ... အဲဒီအချိန်ကနေစပြီး ဘဝကိုကောင်းကောင်း ဖြတ်သန်းပြီး နေ့ရက်တိုင်းကို အလေးအနက်ထားဖို့ ဆုံးဖြတ်ခဲ့တယ်... မရေရာမသေချာတဲ့ဘဝမျိုးမှာ မနေချင်တော့ဘူး"
လျန်ကျင်းက တိုးတိုးလေးပြောသည်။ "အင်း"
ဤမေးခွန်းကို မမေးခင်မှာ တစ်ဖက်က ဝန်ခံသည်ဖြစ်စေ၊ မဝန်ခံသည်ဖြစ်စေ တစ်ဖက်လူ၏ သဘောထားကို လေးစားမည်ဟု သူဆုံးဖြတ်ထားပြီးသားဖြစ်၏။
"ဒါဆို…"
ချီရှင်းချန်က ဆိုသည်။
"မင်း နားမလည်တာ ရှိသေးလား"
"မရှိတော့ဘူး... မင်းကိုစိတ်အနှောက်အယှက်ပေးမိလို့ တောင်းပန်ပါတယ်"
ချီရှင်းချန် သက်ပြင်းချရင်း သက်သာရာရသွားသည်။လျန်ကျင်း၏ တောင်းပန်မှုကို ကြားလိုက်ရသဖြင့် သူ အနည်းငယ် စိတ်မသက်မသာ ဖြစ်ခဲ့ရသည်။ သူက လှည့်ပြီး ဆက်ထွက်လာလိုက်၏။
"တောင်းပန်ဖို့ မလိုပါဘူး...မင်းငါ့ကို သံသယဝင်တာ ပုံမှန်ပါပဲ...ဒါပေမဲ့ ငါ့ရဲ့မင်းကို ဂရုစိုက်ရတဲ့ ရည်ရွယ်ချက်ကိုတော့ ဘယ်တော့မှ သံသယမဝင်ပါနဲ့... အဲဒါကြောင့် ငါ့ကို ရှောင်မနေပါနဲ့... ကျေးဇူးပြုပြီး ငါ့ကို ယုံပါ...ငါ မင်းကို ထိခိုက်အောင် ဘယ်တော့မှ လုပ်မှာ မဟုတ်ဘူး"
အတန်ကြာ တိတ်ဆိတ်သွားပြီးနောက် လျန်ကျင်းက "ကောင်းပြီ" ဟု ပြန်ဖြေသည်။
..........
လျန်ကျင်းက အလွယ်တကူ လှည့်စား၍ရသော သူ မဟုတ်ကြောင်း ချီရှင်းချန် သိသည်။လျန်ကျင်းက သူ့ကို ဘာကြောင့် ယုံကြည်ရန် ရွေးချယ်ခဲ့လဲဆိုသည်ကို သူမသိပေမဲ့ တစ်ဖက်လူကဟန်ဆောင်နေပုံမပေါ်သောကြောင့် အနည်းငယ် စိတ်သက်သာရာရသွားခဲ့သည်။
သို့သော် ညဘက် အိပ်ရာဝင်သောအခါ မှောက်လိုက်လှန်လိုက်ဖြင့် သူအိပ်မပျော်ပေ။ သူ့စိတ်က မငြိမ်သက်နိုင်ဖြစ်နေ၏။
ပထမအချက် လျန်ကျင်း၏ရှာဖွေတွေ့ရှိမှုသည် ရုတ်ချည်းဆန်လွန်းပြီး အသိမပေးဘာမပေးရောက်လာသည်ဟုသူ ခံစားရသည်။သူ၏ဟန်ဆောင်မှုမှာ ဟာကွက်များ အပြည့်ရှိသော်လည်း လျန်ကျင်းက ယခင်က သူ့ကို သံသယမရှိခဲ့ဘဲ သူ အိမ်ပြန်ရောက်ပြီးခါကျမှ ဘာမှ မလုပ်ရသေးပါဘဲ ရုတ်တရက် နိဂုံးချုပ်သွားခဲ့သည်။
တစ်ခုတည်းသောရှင်းပြချက်မှာ သူနှင့်ဝေးနေချိန်တွင် လျန်ကျင်းကတစ်စုံတစ်ခု သို့မဟုတ် တစ်စုံတစ်ယောက်ကြောင့် သူ ထူးဆန်းသောဝိညာဉ်ဖြစ်ကြောင်း သိလိုက်ရခြင်းဖြစ်သည်။
ဒုတိယအချက်မှာ လျန်ကျင်း နှင့် ထောင်ထောင်တို့ နီးနီးကပ်ကပ်ရှိနေသည်မှာ သေချာပေါက် ကောင်းသောလက္ခဏာမဟုတ်ပေ။ ထို့အပြင် လျန်ကျင်း၏ အခြေအနေက အလွန်သံသယဖြစ်စရာကောင်းသည်။ အကြောင်းရင်းကို သူရှာရမည်။
မျက်စိစုံမှိတ်တွေးခြင်းက အသုံးမဝင်ပေ။ တစ်ညလုံး အိပ်မပျော်သည့်နောက်မှာ သူ့ကိုယ်သူ လန်းဆန်းစေရန် ကော်ဖီနှစ်ခွက်သောက်ပြီး ဆေးရုံသွားစစ်ဆေးရန် ပြင်ဆင်ခဲ့သည်။
ပထမဦးစွာ သူ ထောင်ရွှမ်၏အခန်းသို့ သွားရမည်။
ယနေ့က ပိတ်ရက်ဖြစ်၏။ သူရောက်လာသောအခါ၊ ဆယ်ကျော်သက် နှစ်ဦးသည် လက်ထဲတွင် ဘာဂါကို ကိုင်ကာ အချင်းချင်း စကားပြောနေကြသည်။ သူတို့ဘာတွေပြောနေမှန်းမသိရပေ။
ဤမြင်ကွင်းကိုမြင်သောအခါ ချီရှင်းချန် ခဏတာ အံ့အားသင့်သွားသည်။ "ည၏မက်မွန်" ထဲသို့ တစ်နှစ်ခွဲကြာ ကူးပြောင်းပြီးနောက်တွင် အနုပညာသမားတစ်ဦးအဖြစ် သူ၏ အထောက်အထားကို တဖြည်းဖြည်း ကျင့်သားရလာခဲ့သည်။(အစစ်အမှန်)လက်တွေ့ဘဝတွင်၊ သူသည်လည်း ကျူရှင်စရိတ်အတွက် ပညာသင်ဆုရရန် ကြိုးစားသင်ယူခဲ့ရသော တက္ကသိုလ်ကျောင်းသားတစ်ဦး ဖြစ်သည်ကို မေ့လုနီးပါးပင်။
သူ့ညီငယ်နှစ်ယောက်ကြားရှိ သဟဇာတဖြစ်နေသောလေထုကို ချိုးဖျက်လိုစိတ်မရှိသော ချီရှင်းချန်က အသက်ပြင်းပြင်းရှူကာ တံခါးကိုခေါက်လိုက်သည်။ သူက ပြုံးပြီးပြောလိုက်၏။
"ကျားကျစ်...ငါက မင်းကို ထောင်ရွှမ်ကို ကောင်းကောင်း ဂရုစိုက်ခိုင်းတာ... မင်း သူ့ကို အာဟာရမဖြစ်တဲ့ အသင့်စားမုန့်တွေသယ်ကျွေးတယ်ပေါ့လေ"
"မဟုတ်ဘူး"
သူ့ကိုဖြေသည့်သူက ထောင်ရွှမ်ဖြစ်၏။ထောင်ရွှမ်က အမြန်ရှင်းပြသည်။
"ကျွန်တော်က ဘာဂါစားချင်လို့...ကျားကျစ်ကို ကျွန်တော့်အတွက် ယူလာပေးဖို့ တောင်းဆိုခဲ့တာ"
"ကော"
ချီကျားကျစ်က အံ့အားသင့်စွာ ပြေးလာသည်။
"အိမ်ပြန်ရောက်တာ ဘာလို့မပြောတာလဲ"
"ဒီကို ငါ့ဘာသာငါ လာခဲ့တာပဲ မဟုတ်ဘူးလား"
"မတူဘူးလေဗျာ"
ချီကျားကျစ်က မကျေနပ်။
"မင်းငါ့ကိုစောစောကပြောခဲ့မယ်ဆိုရင် ငါမင်းကိုနာရီနည်းနည်းလောက်စောပြီးတွေ့နိုင်လိမ့်မယ်...ငါ မင်းကိုအရမ်းလွမ်းနေတာကောရ"
နာရီနည်းနည်းက ဘာကွာသွားလို့လဲ...
ချီရှင်းချန် ရယ်ရမလား ငိုရမလား မသိ။
"ကောင်းပြီ နောက်တစ်ခါ ကြိုပြောမယ်"
"ဒီလိုလုပ်စမ်းပါ"
ကတိတစ်ခုရပြီးနောက်၊ချီကျားကျစ်က ချီရှင်းချန်အား ပျော်ရွှင်စွာ ဆွဲခေါ်ပြီး ကုတင်ရှေ့ရှိ ထိုင်ခုံပေါ်တွင် ထိုင်ခိုင်းခဲ့သည်။
သူ့အစ်ကိုက ပိန်လည်းမပိန် ဝလည်းမလာသည်ကိုတွေ့သောအခါ တစ်ခုခုကို သူရုတ်တရက် သဘောပေါက်သွားသည်။
"မဟုတ်သေးဘူးနော်ကော... မင်းပထမဆုံး ဝင်ဝင်ချင်းမှာ မင်းပထမဆုံးလုပ်ခဲ့တာက ငါ့ကို ဂရုစိုက်တာမဟုတ်ဘဲအပြစ်တင်တာ ... မင်းကတကယ်တော့ *တံတောင်ဆစ်ကိုအပြင်ဘက်လှည့်ထားတာပဲ...ငါက ပိုအရေးကြီးလား ဒါမှမဟုတ် ထောင်ရွှမ်က ပိုအရေးကြီးလား"
(T/N—အပြင်လူဘက်လိုက်)
ဤကောင်ငယ်လေးဟာ အရာရာတိုင်းကို မနာလိုဖြစ်တတ်လိမ့်မည်ဟု သူမထင်မှတ်ထားခဲ့ပါချေ။ချီရှင်းချန် အကူအညီမဲ့နေခဲ့သည်။
"ဆီများလွန်းတဲ့အစားအသောက်တွေဿ ကျောက်ကပ်အတွက် ဝန်ထုပ်ဝန်ပိုးဖြစ်စေတယ်...အဲဒါက ထောင်ရွှမ်နဲ့ မင်းရဲ့ကျန်းမာရေးအတွက် မကောင်းဘူး... ဒါ့အပြင် ထောင်ရွှမ်က မင်းအတွက် ရှင်းပြပေးရုံနဲ့တင် လုံလောက်နေပြီ... မင်းဘာလို့ သူနဲ့ တိုက်ခိုက်နေတာလဲ"
"မင်းမှန်တယ်...ဒါဆို ငါထောင်ရွှမ်နဲ့ မတိုက်တော့ဘူး...တခြားတစ်ယောက်နဲ့တိုက်မယ်... ကော ဒီကိုလာ...ငါမင်းကိုတစ်ခုမေးချင်တယ်"
ချီကျားကျစ် လက်ညှိုးကွေးကာဖြင့် သူ့ကိုခေါ်သည်။ ထို့ကြောင့် ချီရှင်းချန်သို့ ငုံ့ကိုင်းကာ သူ့ညီ၏ တီးတိုးစကား ကို နားထောင်လိုက်သည်။
ထောင်ရွှမ်က ကုတင်ဘေးတွင် ထိုင်နေသည်။ ညီအကိုနှစ်ယောက်ကြား သဟဇာတဖြစ်သောဆက်ဆံရေးကို မြင်လိုက်ရသောအခါ သူ့မျက်လုံးထဲတွင် နင့်နင့်နဲနဲစိတ်ပျက်အားငယ်မှုတစ်ခု ပေါ်လာသည်။ သို့သော် ချက်ချင်းပျောက်သွားသည်။
မိနစ်ဝက်ခန့်စောင့်ဆိုင်းပြီးနောက်၊ ချီရှင်းချန် စိတ်ပျက်လက်ပျက်ဖြစ်နေသောပုံစံဖြင့် သူ့ခန္ဓာကိုယ်ကို မတ်လိုက်သည်။ သူ၏ နားရွက်ထိပ်များသည် သံသယဖြစ်ဖွယ်ကောင်းလောက်အောင် နီရဲနေသည်။
"ငါတို့ပြန်ရင် ငါပြောမယ်"
"ဒါဆို မင်း ပျောက်သွားလို့မရဘူးနော် မှတ်ထား"
ချီကျားကျစ်က ပြောသည်။
"... အကောင်းဆုံး ကြိုးစားပါ့မယ်"
ထောင်ရွှမ်က အခြားသူများ၏လျှို့ဝှက်ချက်များကို ခိုးယူလိုသောသူတစ်ယောက်မဟုတ်ပေ။ သူက အောက်ကိုငုံ့ကြည့်ကာ နှစ်ယောက်သားပဟေဠိဝှက်နေသည်ကို မကြားချင်ယောင်ဆောင်နေလိုက်သည်။ချီကျားကျစ်ကို ဖြေရှင်းပြီးနောက် ချီရှင်းချန်င သူ့ကို အရင်ပြောလာခဲ့သည်။
"ရှောင်ရွှမ်... မင်းပုံစံက ကြည့်ကောင်းနေတယ်... နေကောင်းနေပုံရတယ်"
"အဆင်ပြေပါတယ်...ခင်ဗျားရဲ့စိုးရိမ်မှုအတွက် ကျေးဇူးတင်ပါတယ်"
"ထောင်ရွှမ်"
ချီကျားကျစ် သည်းမခံနိုင်တော့ပေ။ သူက ထောင်ရွှမ့်ပုခုံးကိုဆွဲလိုက်သည်။
"သူက ငါ့ကော...မင်းလည်း သူ့ကို ကောလို့ ခေါ်ရမယ်...မြန်မြန်"
ချီရှင်းချန် ပြောစရာစကားမဲ့ သွား၏။
'ဘုရား ဘုရား... ဒီကောင်လေးက ကျောင်းတွင်းအနိုင်ကျင့်သူလို လုပ်နေတုန်းပဲလား'
'ထောင်ရွှမ် သူ့ကြောင့် အော်တစ်ဇင် ဖြစ်သွားမှာတော့မဟုတ်ပါဘူးနော်'
ငြင်းရန် ပါးစပ်ကို ဖွင့်လိုက်ပေမဲ့ သူ ဘာမှ မပြောခင် ထောင်ရွှမ်ကတိုးတိုးလေးခေါ်လာသည်။
"ရှင်းရှင်းကော"
ချီရှင်းချန် ပြောစရာစကားမဲ့သွားရသည်။
"… ဟင်းး... အဆင်ပြေပါတယ်...ကျားကျစ် စကားကို နားထောင်စရာမလိုဘူး...ငါတို့က အသက်အရွယ် အတူတူပဲ... မင်းငါ့ကို ကြိုက်သလိုခေါ်လို့ရတယ်"
ချီကျားကျစ်က ဂုဏ်ယူစွာ နှာမှုတ်လိုက်သည်။
"မဖြစ်နိုင်ဘူး"
ချီရှင်းချန် သူ့ကို စကားမပြောချင်ပေ။ ကုတင်ဘေး စားပွဲပေါ်မှ ပန်းသီးတစ်လုံးကို ကောက်ကိုင်လိုက်ပြီး အခွံခွာရင်း စကားစမြည်ပြောလိုက်သည်။
"စကားမစပ်...ထောင်ရွှမ် မင်း စိတ်အခြေအနေ ကောင်းနေတာ မင်းအစ်မ မင်းကို ခဏခဏလာတွေ့လို့လား"
လျန်ကျင်း နှင့် ထောင်ထောင်တို့က ရင်းနှီးသော သူငယ်ချင်းများဖြစ်သည်
။ ဆိုလိုသည်က ထောင်ထောင်က အခုတလော H City မှာရှိနေသည်။သူမမောင်ဆီကို မကြာခဏ လာတွေ့သည်က ပုံမှန်ပါပင်။
"ကျွန်တော့်အစ်မလား"
ထောင်ရွှမ်က သူ ဘာကြောင့် ဤမေးခွန်းကို မေးမှန်း မသိပေ။သူ ခေါင်းခြောက်သွားသည်။
"သူ အခုတလော ကျွန်တော့်ဆီလာမတွေ့ပါဘူး"