Chapter 116
ချီရှင်းချန် သူ့မိသားစုက သူ့ပုံမှန်မဟုတ်သည်ကို သတိမထားမိအောင် သူ့ပါးစပ်ကို ပိတ်ထားရန် အတတ်နိုင်ဆုံး ကြိုးစားပြီး စာဆက်ရိုက်လိုက်သည်။
[ကောင်းပြီ ကောက ဉာဏ်ကောင်းတယ်... ဘယ်တော့ထမင်းစားမှာလဲ~]
"~"
လေယာဉ်ပေါ်ကဆင်းလာခြင်းကြောင့်ဖြစ်နေသော ပိုင်ရဲ့၏ မသက်မသာဖြစ်နေမှု လုံးလုံးလျားလျား ပျောက်ကွယ်သွားသည်။ သူ မရယ်မိဘဲမနေနိုင်ခဲ့။ [ခဏနေရင် ဘရန်းပိုင်ရှင်က ကိုယ့်ကို လာကြိုမှာ]
ချီရှင်းချန်: "!!!"
ရှင်းရှင်း: [ဘယ်လောက်ကြာမှာလဲ]
ပိုင်: [ကိုယ်မသိဘူး...ပိုပြီးနက်ရှိုင်းတဲ့ ပူးပေါင်းဆောင်ရွက်မှုအကြောင်း သူတို့က ဆွေးနွေးချင်နေတာ]
ရှင်းရှင်း: [ဒါဆို…]
သူတို့ သဘောတူထားတဲ့ ဗီဒီယိုကောလ်ပြောဖို့ကကော ဘယ်လိုလဲ...
ယနေ့နံနက်တွင် သူတို့က အတူရှိနေခဲ့ကြသော်လည်း ဗီဒီယိုကောလ်က အကျုံးမဝင်သင့်သော်လည်း...
ဒါပေမဲ့ သူ… ပိုင်ရဲ့ကို နည်းနည်းလွမ်းတယ်...
ပိုင်ရဲ့က သူ့အတွေးတွေကို ချက်ချင်း ရိပ်မိသွား၏။ သူက လက်ပတ်နာရီကို တစ်ချက်ကြည့်လိုက်သည်။
[အခုအချိန်ရှိလား...ဘရန်းပိုင်ရှင်က ဆယ်မိနစ်လောက်နေမှရောက်မှာ... ဗီဒီယိုကောလ်အရင်ပြောလို့ရတယ်]
ချီရှင်းချန်၏ စိုးရိမ်ပူပန်မှုများသည် တစ်စက္ကန့်အတွင်း ပျောက်ကွယ်သွားသည်။ သူက ဝမ်းသာအားရ ပြန်ပြောလိုက်သည်။
[ကျွန်တော့်ကို နှစ်မိနစ်လောက် အချိန်ပေး]
မက်ဆေ့ချ်ပို့ပြီးနောက် သူလက်ကို မြှောက်ကာပြောလိုက်သည်။
"အစီရင်ခံပါတယ်ခင်ဗျ...အဖေ ကျွန်တော် ဖုန်းပြောဖို့ အခန်းထဲ ပြန်သွားတော့မယ်... အရမ်းအရေးကြီးတယ်...ခုနစ်မိနစ် ရှစ်မိနစ်လောက်နေရင် ပြန်လာမယ်"
ချီရှောင်မင်:"အေးအေး"
"ကျေးဇူးတင်ပါတယ် အဖေ"
စကားဆုံးသည်နှင့် လူက ဒုတိယထပ်က သူ့အခန်းဆီကို ပြန်ပြေးနေပြီဖြစ်၏။
တံခါးကို လော့ချရင်း ပိုင်ရဲ့ဆီ ဗီဒီယိုကောလ်ခေါ်လိုက်သည်။ စက္ကန့်အနည်းငယ်ကြာသောအခါ သူကြည့်၍ မငြီးငွေ့နိုင်သော မျက်နှာတစ်ခု ဖန်သားပြင်ပေါ်မှာ ပေါ်လာသည်။
ပိုင်ရဲ့က အခန်းထဲတွင် ကင်မရာများ ရှိမရှိ စစ်ဆေးရန် ပုံမှန်အတိုင်းစစ်ဆေးနေသည်။ လမ်းလျှောက်ရင်း "စားပြီးပြီလား"ဟု မေးလာ၏။
ချီရှင်းချန်: "ပြီးပြီ"
"အိမ်မှာရော အားလုံးအဆင်ပြေရဲ့လား"
"အရမ်းအဆင်ပြေတယ်...စိုးရိမ်မှုအတွက်ကျေးဇူးတင်ပါတယ်ဗျ"
ချီရှင်းချန် လေဆိပ်မှာပါပါရာဇီနှင့်တွေခဲ့သလား၊ သူ့ကို လာကြိုသည့် ပရိသတ် ဘယ်လောက်ရှိလဲ အစရှိသည့် အဓိပ္ပါယ်မရှိသော အရာတစ်ချို့ကို မေးခဲ့သည်.
သူမမေးနေချိန်တလျှောက်လုံးမှာ လက်ကမနေနိုင်ဘဲ ဖန်သားပြင်ပေါ်က ပိုင်ရဲ့ကို တို့ထိနေမိသည်။
ဖန်သားပြင်ကတစ်ဆင့် တစ်ဖက်လူနွေးထွေးမှုကို သူ ခံစားနေရသကဲ့သို့ပင်။
ထို့ကြောင့် ပိုင်ရဲ့ ကင်မရာများမရှိကြောင်း အတည်ပြုပြီးနောက် အောက်သို့ငုံ့ကြည့်လိုက်ရာ ဖန်လေး၏ မျက်လုံးဝိုင်းဝိုင်းများနှင့် ဖန်သားပြင်ပေါ်တွင် ဟိုဟိုသည်သည်ပွတ်ဆွဲနေသည့်ကို လက်ချောင်းများကိုတွေ့လိုက်ရသည်။
ပိုင်ရဲ့ သိချင်သွား၏။
"ဘာလုပ်နေတာလဲ"
ချီရှင်းချန်: "ခင်ဗျား"
ဤစကားကိုကြားသောအခါ ပိုင်ရဲ့ မသိစိတ်ဖြင့် ရှောင်လိုက်သည်။
ချီရှင်းချန် သူ့ကို မထိမိတော့ပေ။ သူ မျက်မှောင်ကြုတ်ပြီး ဆက်ပွတ်လိုက်သည်။
ပိုင်ရဲ့က ဖန်လေးကို စနောက်ရန် စပြီးအတွေးဝင်လာသည်။ဖန်လေး၏လက် ဘယ်ဘက်သို့ရွှေ့သောအခါ သူက ညာဘက်သို့ ရှောင်လိုက်သည်။ဖန်လေး၏လက် ညာဘက်ကို ရွှေ့လိုက်သောအခါ သူက ဘယ်ဘက်ကို ရှောင်လိုက်၏။
ငါးကြိမ်တိုင်တိုင် ကျရှုံးပြီးနောက် ဖန်လေး သည်းမခံနိုင်တော့ဘဲ မကျေမနပ်ဖြင့်မေးသည်။
"ဘာလို့ အမြဲရှောင်နေရတာလဲ"
ပိုင်ရဲ့ : "ကိုယ့်ကို ဖမ်းချင်တာလား"
ချီရှင်းချန် လည်ချောင်းထဲကနေ"အွန်း"ဟု အသံပြုလိုက်၏။
သူမတရားခံရသည်ဟု ခံစားရလေ၊ပိုင်ရဲ့က သူ့ကို ပိုအနိုင်ကျင့်ချင်လေပါပင်။
ပိုင်ရဲ့ အခြေအနေကို အခွင့်ကောင်းယူလိုက်သည်။
"ဒါဆို ချစ်စရာကောင်းအောင် လုပ်ပြ"
ချီရှင်းချန်: "…"
သူ့ဦးနှောက်က ပေါက်ကွဲလုနီးပါး ဖြစ်နေသည်။
ဒါကို ဘယ်လိုလုပ်လုပ်နိုင်မှာလဲ...
"ဘယ်လို...ဘယ်လိုလုပ်ရမှာလဲ"
သူကူကယ်ရာမဲ့စွာ မေးလိုက်သည်။
"နည်းပြကူပေးရတဲ့နေ့ ရေချိုးခန်းထဲမှာတုန်းကလိုမျိုး"
ပိုင်ရဲ့က ပြောလိုက်၏။
"ကိုယ့်ကို ကောကောလို့ ခေါ်...ကျန်တာ မင်း ကိုယ့်ဘာကိုယ် လုပ်လို့ရတယ်"
"…"
တစ်ဖက်လူ၏ တောင်းဆိုမှုကို ကြားသောအခါ ချီရှင်းချန် ရှက်လွန်း၍ သေချင်သွား၏။
ထိုအချိန်တုန်းက ပိုင်ရဲ့ကို ချော့ရန်အတွက် သူ ဘာမဆို ပြောနိုင်သည်။ ယခုအခြေအနေက သိပ်မှအရေးပေါ်ဖြစ်မနေသည်ပင်။သူဘယ်လိုလုပ်ပြောရမလဲ...
အားးးး...
သို့သော်လည်း ခဏတာပြိုလဲပြီး နှစ်စက္ကန့်ကြာ တုံ့ဆိုင်းသွားပြီးနောက်တွင် ပိုင်ရဲ့ကို ဖမ်းခြင်းက အရေးကြီးဆုံးအရာဖြစ်သည်ဟု ချီရှင်းချန် ခံစားရဆဲဖြစ်သည်။သူရှက်သွေးဖြာလျက် ပြောလိုက်၏။
"ကောကော...ကောကော... ငြိမ်ငြိမ်နေပေး"
ထိုစကားကို ပြောပြီးနောက် မျက်လွှာကို မှိတ်ချလိုက်ပြီး မျက်တောင်များက နှစ်ခါ လှုပ်ခါသွားသည်။ ရှက်စိတ်ကြောင့် အောက်နှုတ်ခမ်းကို ပြင်းပြင်းထန်ထန် ကိုက်လိုက်ရာ အဖြူရောင် သွားနှစ်ချောင်းက ပန်းရောင်ဖျော့ဖျော့ နှုတ်ခမ်းအစုံထဲသို့ နစ်ဝင်သွားသည်။
ပိုင်ရဲ့ အကြောင်းပြချက်မရှိဘဲ ဂနာမငြိမ်ဖြစ်လာသည်။
——သေစမ်း...ဒါက ဘယ်သူအတွက် ခက်ခဲအောင်လုပ်နေတာလဲမကွဲတော့ဘူး...
ပိုင်ရဲ့ အသက်ပြင်းပြင်းရှူပြီး အပူကို ထိန်းကာ စခရင်ကို လက်ခလယ်ဖြင့် ခေါက်လိုက်သည်။
"ရှင်းရှင်း"
"...ဟင်"
ခေါ်သံကို ခံစားလိုက်ရသဖြင့် ချီရှင်းချန် မျက်လုံးပင့်ကာ မျက်နှာချင်းဆိုင်ကလူကို လေးလေးနက်နက် ကြည့်လိုက်သည်။
ပိုင်ရဲ့က သူ၏လက်ခလယ်ကို လက်ညိုးဖြင့်အစားထိုးကာ သူ့လက်ကိုလှည့်ကာ စခရင်၏အလယ်ဗဟိုကို လက်ချောင်းထိပ်ဖြင့် ဖိလိုက်သည်။
ချီရှင်းချန် ခဏမျှ ကြောင်နေပြီးနောက် သူဘာလုပ်နေသည်ကို သဘောပေါက်သွားသည်။
သူလည်း သူ့လက်ညိုးကို ဆန့်ထုတ်ပြီး ပိုင်ရဲ့၏လက်ချောင်းထိပ်ကို ထိလိုက်သည့။
တခဏချင်းမှာပဲ အေးစက်နေသည့် ဖုန်းစခရင်က နွေးထွေးမှုအပြည့်ရှိလာသည်။
နွေးထွေးမှုဆိုသည်က အချင်းချင်း လွမ်းဆွတ်နေသည့် နှလုံးသားနှစ်ခုဆီကနေ ထွက်ပေါ်လာခြင်းပါပင်။
.
ချစ်မိသွားသူများသည် အကြောင်းပြချက်မရှိဘဲ ပေါကြောင်ကြောင် အရာများလုပ်ရသည်ကို နှစ်သက်ကြသည်။
ချီရှင်းချန် သူတို့နှစ်ဦးကပေါကြောင်ကြောင်နိုင်လွန်းသဖြင့် သူတို့နှစ်ဦး၏နှာခေါင်းမှာ နှပ်ပူဖောင်းများ တွဲလွဲခိုနေသလို ခံစားရသည်။ သို့သော် သူ့မျက်နှာ တောင့်လာသည့်တိုင်အောင် မပြုံးရယ်ဘဲမနေနိုင်ခဲ့။
နောက်ဆုံးမှာ သူ ပြုံးနေသည်ကို ရပ်လိုက်ပြီး လှေကားပေါ်က ဆင်းလာရင်း မျက်နှာကို ပွတ်သပ်လိုက်သည်။ဤအချိန်မှာ အားလုံးက စားပြီးခါနီးနေပြီဖြစ်၏။ သူ ထိုင်ခုံဆီသို့ အမြန်ပြန်ကာ ပန်းကန်ကို အမြန်ကောက်ကိုင်လိုက်သည်။
"ဖြည်းဖြည်းစား...အလျင်စလိုမလုပ်နဲ့"
ချီယွီကျီးက သူ့ကို အဘွားကြီးတစ်ယောက်လို သတိပေးလိုက်ပြီး လျန်ကျင်း ဘက်လှည့်လိုက်သည်။
"ကောင်းပြီ လျန်ကျင်း... မင်းကို ငါမေးစရာရှိတယ် ..အခုတလော ကောင်မလေးတစ်ယောက်နဲ့ တော်တော်လေး ရင်းနှီးနေတယ်လို့ ဦးလေးလီဆီက ကြားတယ်...တစ်ခုခုဖြစ်နေတာလား"
ဦးလေးလီက လျန်မိသားစု၏ အိမ်တော်ထိန်း၏ နာမည်ဖြစ်သည်။၎င်းကိုကြားသောအခါ လျန်ကျင်း၏ အမူအရာ အနည်းငယ် ပြောင်းလဲသွားသည်။
ချီယွီကျီးက အတွေ့အကြုံရှိပြီး သူ၏အမူအရာမှ ၎င်းကို ခန့်မှန်းနိုင်သည်။ သူမက လေးလေးနက်နက်ပြောလိုင်၏။
"မင်းကို ငါအနှောင့်အယှက်မပေးပါဘူး...မင်းကြိုက်တဲ့သူနဲ့ ပေါင်းတာက မင်းရဲ့လွတ်လပ်ခွင့်ပဲ... ငါက မိန်းကလေးဆိုတော့ ကောင်မလေးတွေကို ပိုနားလည်လို့ မေးတာပါ...ငါ မင်းကို ချိန်းတွေ့ဖို့အတွက် အကြံဉာဏ်တချို့ပေးနိုင်ချင်ပေးနိုင်မှာလေ"
"ကျွန်တော်တို့က ချစ်နေတာကြတာမဟုတ်ဘူး"
တစ်စုံတစ်ယောက် နားလည်မှုလွဲမှာကို ကြောက်သလိုမျိုး လျန်ကျင်းက ချက်ချင်း ငြင်းဆန်၏။
"ကျွန်တော်တို့က... "
သူ မည်ကဲ့သို့ ရှင်စပြရမှန်းမသိ။ အဆုံးတွင် သူက "ကျွန်တော်တို့ရ အဆက်အသွယ်ရှိရုံအဆင့်ပဲရှိသေးတယ်"ဟု တိုးညှင်းသော အသံဖြင့် ပြောသည်။
အဆက်အသွယ်ရှိတယ်ဆိုတော့ လိုက်နေတာလို့ဆိုလိုတာမဟုတ်ဘူးလား...
ချီယွီကျီး ၎င်းကိုထွင်းဖောက်မြင်ရပေမဲ့ ထုတ်မပြလိုက်ပေ။သူမက လျန်ကျင်းကို ဘယ်ဘက်မျက်ခုံး ပင့်ပြလိုက်ပြီးစိတ်ဝင်တစား ပြောသည်။ "မိန်းကလေးရဲ့ နောက်ခံက ဘာလဲ... ငါ့ကို ပြောပြ"
ချီရှင်းချန်လည်း နားရွက်ထောင်လာသည်။လျန်ကျင်း၏နံရိုးတစ်ခြမ်းက ဘယ်လိုလူလဲဆိုသည်ကို သူသိချင်၏။
သို့သော် လျန်ကျင်း၏ အဖြေက သူ့လက်ထဲက ပန်းကန်လုံးကို ပြုတ်လုမတတ် ဖြစ်သွားစေသည်။
"သူက ကျွန်တော့်လူနာရဲ့အစ်မပါ"
လျန်ကျင်းင ခေတ္တရပ်လိုက်သည်။
"သူကလည်း မင်းသမီးပဲ"
… လူနာရဲ့အစ်မ … မင်းသမီး
ချီရှင်းချန်၏ စိတ်ထဲမှာ တုန်လှုပ်သွားသည်။ သူကဘချီယွီကျီး၏တစ်ဝက်ပဲပြီးသေးသည့်မေးခွန်းကို လျစ်လျူရှုပြီးမယုံကြည်နိုင်စွာ မေးလိုက်သည်။
"မင်းဆိုလိုတာက...အစ်မထောင်ထောင်လား"
15 စက္ကန့်ခန့်ငြိမ်သက်ပြီးနောက် လျန်ကျင်းက ခေါင်းညိတ်လိုက်သည်။
ချီရှင်းချန် ပန်းကန်လုံးနှင့် တူချောင်းများကို ချလိုက်ပြီး သူ့လက်များကို စားပွဲခင်းအောက်တွင် ဝှက်ထားလိုက်သည်။
သူ ဆိုးဆိုးရွားရွားကို တုန်နေ၏။
.
သူ၏နှလုံးသားက ပိုင်ရဲ့နှင့် ပြည့်နေသော်လည်း ချီရှင်းချန် မကြာသေးမီက ချီကျားကျစ်ဆီသို့ မောင်နှမနှစ်ယောက် အကြောင်း မေးရန် မကြာခဏ မက်ဆေ့ချ်ပို့ခဲ့သည်။
သူမျှော်လင့်ထားသည့်အတိုင်း ထောင်ရွှမ်၏ရုပ်ပိုင်းဆိုင်ရာအခြေအနေက ယခင်အတိုင်းပင်ဖြစ်သော်လည်း သူ၏စိတ်ပိုင်းဆိုင်ရာအခြေအနေမှာ ပြန်လည်ကောင်းမွန်လာခဲ့သည်။ သူ၏ ပင်ကိုယ်စရိုက်က ပို၍ ရွှင်လန်းလာသည်ဟု ဆိုရမည်။ တစ်ခါတလေ သူပျော်လျှင် ထမင်းပန်းကန်လုံးကြီးတစ်လုံး စားနိုင်သည်။
ဤသည်က ကောင်းသည့်လက္ခဏာပင်။
ထို့ကြောင့် လျန်ကျင်းက ကျောက်ကပ်လှူဒါန်းသည့်အဆင့်သို့ မရောက်နိုင်ဟု သူထင်ခဲ့သည်။
တစ်ချိန်ချိန်တွင် လျန်ကျင်းက ထောင်ထောင်နှင့် အလွန်နီးကပ်လာလိမ့်မည်ဟု မည်သူက ထင်မည်နည်း။
အမှန်တွင် ထောင်ထောင်နှင့်လျန်ကျင်းသာ အစစ်အမှန်စုံတွဲဖြစ်သွားမည်ဆိုပါက ဤသည်က မကောင်းသည့်အရာ မဟုတ်ပါချေ။ သို့သော် သူ့မှာ အမြဲတစေ နမိတ်မကောင်းသည့်ခံစားချက်မျိုး ရှိနေသည်။
မဝေးတော့သည့်အနာဂတ်မှာ ထောင်ရွှမ်၏ အခြေအနေက ပိုဆိုးမလာဘူးဆိုလျှင်ပင် လျန်ကျင်းက ထောင်ထောင်နှင့် အဆက်အသွယ်မပြတ်သရွေ့ လျန်ကျင်းက သူ့၏မူလလမ်းကြောင်းအတိုင်း ပြန်ရောက်သွားလိမ့်မည်။
နက်ရှိုင်းသောမေတ္တာ၊ ကျောက်ကပ်လှူဒါန်းခြင်း၊ စိတ်ပျက်ခြင်း၊ သေဆုံးခြင်း။
... မဟုတ်ဘူး၊ သူ လျန်ကျင်းကို စောင့်ကြည့်ရမယ်...
ညစာစားပြီးနောက် စားပွဲကိုရှင်းလိုက်ပြီး အချိုပွဲတွေစားရင်း ခဏလောက် စကားစမြည်ပြောကြသည်။လျန်ကျင်းကဆို၏။
"ဧည့်ဝတ်ကျေပွန်မှုအတွက် ကျေးဇူးတင်ပါတယ် ဦးလေး...ကျေးဇူးပါ ယွမ်ရှောင်ကောနဲ့ယွီကျီးကျဲ ... နောက်ကျနေပြီ...ကျွန်တော်အိမ်ပြန်တော့မယ်"
"အိုး ရပါတယ်"
ချီယွီကျီးက ပြုံးပြီး ပြောလိုက်သည်။
"ခဏနေဦး... ငါ မင်းကို လိုက်ပို့ပေးမယ်"
"မလိုဘူး"
ချီရှင်းချန်က သူမကို ဝင်ဖြတ်ပြေါလိုက်သည်။
"ကျွန်တော် သူ့ကို လိုက်ပို့ပေးလိုက်မယ်"
လျန်ကျင်းကို သူလိုက်ပို့လိုက်သည်က ပုံမှန်ပါပင်။ချီယွီကျီးက သူနှင့် ရန်ဖြစ်မနေဘဲ သူမ မောင်နှစ်ယောက်ကို အပြင်ထွက်ခွင့်ပေးလိုက်သည်။
ချီမိသားစု၏ ခြံကြီးက ကျယ်သည်။ ဗီလာမှ ဂိတ်ပေါက်သို့ ခပိသွပ်သွက် လမ်းလျှောက်ရန် ငါးမိနစ်ခန့် ကြာသော်လည်း ဖြည်းဖြည်းချင်း လမ်းလျှောက်ရန် မိနစ် ၂၀ ကြာသည်။ချီရှင်းချန် တမင်နှေးလျှောက်ပြီး စဥ်းစဥ်းစားစားပြောလိုက်၏။
"လျန်ကျင်း ...အစ်မထောင်ထောင်ကို ဘယ်တုန်းက ချစ်မိသွားတာလဲ... ဘယ်မိန်းကလေးကို ချစ်မိသွားပါစေ မင်း ငါ့ကို ချက်ချင်းပြောပြရမယ်ဆိုတဲ့ သဘောတူညီချက်ကို မှတ်မိသေးလား"
ထို့နောက် သူ ခေါင်းကိုလှည့်ကာ လျန်ကျင်း၏ အဖြေကို စောင့်ဆိုင်းနေခဲ့သည်။
လျန်ကျင်းက ဘာမှ မပြော။
ယနေ့ သူတို့၏အနည်းငယ်သော ထိတွေ့ဆက်ဆံမှုတွေမှာ လျန်ကျင်းက တစ်ခါမှ တုံ့ပြန်ခြင်း မရှိခဲ့ပါချေ။ချီရှင်းချန်ကမေးလိုက်သည်။
"ဘာလို့မဖြေတာလဲ"
လျန်ကျင်းက ပြန်မေးလာ၏။
"မင်းတကယ် ဂရုစိုက်တာလား"
'သူတကယ် ဂရုစိုက်တာလား...'
ချီရှင်းချန် အချိန်အတော်ကြာ စဉ်းစားသော်လည်း သူဘာကိုဆိုလိုသည်ကို နားမလည်ပေ။
"ဆောရီး ငါတကယ်နားမလည်ဘူး" ဟု စိတ်ရှုပ်ထွေးစွာပြောလိုက်သည်။
"ငါ့ကိုလာရူးချင်ယောင်မဆောင်နဲ့"
ထိုသို့ပြောရင်း လျန်ကျင်းရုတ်တရက် ဘေးတိုက်လှည့်လာသည်။ချီရှင်းချန် သူ၏ရုတ်တရက် လှုပ်ရှားမှုကြောင့် ထိတ်လန့်သွားပြီး နောက်ပြန်ဆုတ်သွားခဲ့သည်။ သူ့ဖနောင့်က ပန်းခင်းအစွန်းပေါ် မတော်တဆ နင်းမိသွားသည်။
သူလဲကျခါနီးမှာ လျန်ကျင်းက သူ့ကို လှမ်းဆွဲ၏။ သူ့လက်ချောင်းတွေက သူ့လက်မောင်းကို တင်းတင်းကြပ်ကြပ် ဆုပ်ကိုင်ထားသည်။ စကားတစ်ခွန်းမှ မပြောဘဲ သူ့မျက်နှာ ရေကဲ့သို့ ငြိမ်သက်နေသည်။
"ပြော...အတိအကျ မင်းကဘယ်သူလဲ"
ဆောင်းဦးနှောင်းပိုင်းဖြစ်၍ အပွင့်များနှင့် အရွက်များသည် တဖြည်းဖြည်း အဝါရောင်ပြောင်းလာသည်။ချီရှင်းချန်ကို လျန်ကျင်းက ဆွဲထားလိုက်သဖြင့် သူ ပန်းခင်းဘေးမှာ စုပုံနေသော သစ်ရွက်ခြောက်ကြွေများကို နင်းမိပြီး တချွတ်ချွတ်အသံများထွက်လာ၏။
အာရုံကြောများ စုတ်ပြဲသွားသည့်အသံကဲ့သို့ပင်၊ ပေါ့ပါးပြီး သေးငယ်သော်လည်း လျစ်လျူရှုရန် ခက်ခဲသည်။ချီရှင်းချန် သူ့ရှေ့မှ လျန်ကျင်းကိုကြည့်ကာ သူ့နောက်ကျောတောင့်တင်းလာသည်။ သူ့ခန္ဓာကိုယ်ပေါ်ရှိ အမွှေးအမျှင်များထောင်လာပြီး ခြေသလုံးကြွက်သားများမှာ တင်းမာလွန်းသဖြင့် အကြောဆွဲနေသည်။
အေးစက်သည့်လေညှင်းက တိုက်ခတ်လာပြီး အအေးဓာတ်က သူ့ခေါင်းထိပ်ကနေ ခြေဖဝါးအောက်ခြေအထိ ပြေးဝင်လာသောအခါမှ သူ၏ ဆင်ခြင်တုံတရားတို့ အနည်းငယ်အသက်ဝင်လာသည်။
သူ၏ပထမဆုံးတုံ့ပြန်မှုက လျန်ကျင်းက သူ့ကို မူလပိုင်ရှင်မဟုတ်မှန်း ဘယ်လိုသိတာလဲဟူ၍ဖြစ်၏။သူ၏ဒုတိယတုံ့ပြန်မှုမှာ လျန်ကျင်းက ညစာစားပွဲမှာ စကားမပြောဘဲ သူတို့ထွက်လာပြီးနောက်မှ သူ့ကို မေးခဲ့သည်။ သူ့ကို စမ်းသပ်ဖို့ ခိုင်မာတဲ့ အထောက်အထား မတွေ့လို့လား...ဒါမှမဟုတ်ချီမိသားစုက သူ့ကို မယုံမှာကို ကြောက်နေသလား...ဒါမှမဟုတ် သူက အပြင်လူဆိုတဲ့အချက်ကို တမင်တကာ ဖုံးကွယ်ထားချင်တာလား...ဒီလိုလုပ်ရတဲ့ သူ့ရည်ရွယ်ချက်က ဘာလဲ...
ညစာမစားမီက ချီရှင်းချန် သူ့မိသားစုအား သူက စာအုပ်တစ်အုပ်ထဲသို့ ကူးပြောင်းလာခြင်းဖြစ်ကြောင်း ပြောပြရန် စဉ်းစားခဲ့သော်လည်း ထိုအချိန်က အန္တရာယ်က ပြီးသွားပြီဖြစ်ပြီး ချီမိသားစုက အမြောက်စာဖြစ်ရမည့် ကံကြမ္မာမှ လွတ်မြောက်သွားပြီဟုသူထင်ခဲ့သည်။
ယခုမူ လျန်ကျင်းက အန္တရာယ်ရှိနေဆဲဟု ထင်ရပြီး သူ့မည်သူမည်ဝါဖြစ်သည်ကို ထုတ်ဖော်မပြနိုင်သေးပေ။အကယ်၍ သူ ဖော်ထုတ်လိုက်ပါက မူလပိုင်ရှင်၏ မိသားစုနှင့် သူငယ်ချင်းများက သူနှင့် ဝေးကွာသွားမည်ဖြစ်ပြီး သူ့အတွက် မည်သူကိုမဆို ကယ်တင်ရန် ခက်ခဲသွားမည်ဖြစ်သည်။
သူဖုံးကွယ်ထားမှရမည်။
အတိုချုပ်ပြောရလျှင် လျန်ကျင်း၏အကြောင်းပြချက် မည်သို့ပင်ရှိစေကာမူ ချီမိသားစုရှေ့တွင် သူ့ကို မဖော်ထုတ်သရွေ့ သူ့တွင် လိမ်လည်ပြီး ဖုံးဖိထားရန် အခွင့်အရေးရှိသည်။ချီရှင်းချန် QQ ပေါ်က မူလပိုင်ရှင်၏ စကားများကို ပြန်သတိရကာပြောလိုက်၏။
"မင်းဘာတွေပြောနေတာလဲ...ငါက ဘယ်သူဖြစ်ရမှာလဲ"
လျန်ကျင်းက သူ့ကို နှုတ်ဆိတ်နေလျက် ကြည့်ပြီး အဖြေမပေးဘဲ သူ့လက်ကို ဆုပ်ကိုင်ထားသည်က ပိုပို၍တင်းကျပ်လာသည်။
"အာ့—"
ချီရှင်းချန် နာကျင်ပြီး တိုးတိုးလေး ညည်းမိလိုက်သည်။
လျန်ကျင်းက သူ့လက်ကို ချက်ချင်း လွှတ်လိုက်သည်။
သူ့လက်မောင်းပေါ်ရှိ ပူလောင်သော ခံစားမှု ပျောက်ကွယ်သွားသည်။
ချီရှင်းချန်ခဏတာ အေးခဲသွားသည်။အကြောင်းမှာ ဤလုပ်ဆောင်ချက်က အချက်ပြမှုတစ်ခု ပေးပို့လာသောကြောင့်ဖြစ်သည်....
လျန်ကျင်းက သူ့အတွက် စိတ်မကောင်းဖြစ်သွားတယ်...
လျန်ကျင်းက သူ့ကို အပြင်လူဖြစ်ကြောင်း 100% မသေချာသောကြောင့် သူက သူ့ကို ငယ်သူငယ်ချင်းကဲ့သို့ ဆက်ဆံဆဲဖြစ်ခြင်းဖြစ်နိုင်သည်။မသိရသော အကြောင်းပြချက်တစ်ခုခုကြောင့် လျန်ကျင်းက သူ့အပေါ် တွယ်တာမှုတစ်ခုခု ဖြစ်ပေါ်လာခဲ့ခြင်းလည်းဖြစ်နိုင်သည်။
ဤသည်က ချီမိသားစုကို မပြောပြရသည့် အကြောင်းရင်းဖြစ်လောက်သည်။
အမှန်တွင် ချီရှင်းချန်ထင်သည်က မှန်၏။လျန်ကျင်းက သူ့အပေါ် ခံစားချက်တွေ ရှိနေသည်။
သို့ပေမဲ့ ချီမိသားစုကို မပြောရသည့် အကြောင်းရင်းကိုမူ သူမမှန်းဆနိုင်ခဲ့ပေ။လျန်ကျင်း မပြောခဲ့သည်က သူကိုယ်၌က ၎င်းကို လက်မခံချင်သောကြောင့်နှင့် "ချီရှင်းချန်" ပြောင်းလဲသွားသည်ကို မယုံချင်သောကြောင့်ဖြစ်၏။
လွန်ခဲ့သော လဝက်က ညတစ်ညသို့ ပြန်သွားရမည်ဆိုလျှင်...
ထိုက သူ့လုပ်ဖော်ကိုင်ဖက်က အရက်သောက်ရန် သူ့ကို ကလပ်ကို ခေါ်သွားသောအခါ သူ့လူနာ၏အစ်မ ထောင်ထောင်နှင့် တွေ့ခဲ့သည်။ထောင်ထောင်က အလွန်နွေးထွေးဖော်ရွေသည်။သူ အရက်အလွန်အကျွံသောက်ထားသည်ကို မြင်သဖြင့် အိမ်ပြန်လိုက်ပို့မည်ဟု ကမ်းလှမ်းခဲ့သည်။
လျန်မိသားစုသည် H City မှာ ဂုဏ်သိက္ခာရှိ အထင်ကရ မိသားစုဖြစ်သည်။အဖေလျန်က ငယ်စဉ်ကတည်းက လေးစားစရာကောင်းသော သုတေသီတစ်ဦးဖြစ်သည်။ သူမူးနေသည့်ပုံစံကို တခြားသူတွေက မြင်ပြီး သူ့အဖေ၏ဂုဏ်သိက္ခာကို ထိခိုက်စေမှာစိုးသဖြင့် သူသဘောတူခဲ့သည်။
သူ သူ့လိပ်စာကို ထောင်ထောင် ပေးလိုက်သည်။ သူ့ကို အိမ်ပြန်ပို့ပြီးနောက် ထောင်ထောင်က ချက်ချင်း မထွက်သွားပေ။သူမက သူ့ကို အခန်းပြန်ပို့ပြီး နို့ပူပူတစ်ခွက်ကို အင်မတန် နူးညံ့ညင်သာစွာ ကျိုပေးသည်။
"ကျေးဇူးတင်ပါတယ်"
လျန်ကျင်း ၎င်းကိုယူလိုက်ပြီး သူ့ခေါင်းကမူးနောက်နေသည် ။
"ဒီည မင်းကို ဒုက္ခပေးမိလို့ တောင်းပန်ပါတယ်"
"ကျွန်မ အလုပ်အရမ်းရှုပ်တော့ ထောင်ရွှမ်ကို ဂရုစိုက်ဖို့ အချိန်မရှိဘူးလေ...ရှင်က သူ့ကိုအမြဲဂရုစိုက်ပေးခဲ့တာ...ကျွန်
မကသာ ရှင့်ကို ကျေးဇူးတင်ရမယ့်သူပါ"
ထောင်ထောင်က ကုတင်ဘေးမှာထိုင်ရင်း ပြောလိုက်သည်။
လျန်ကျင်းက မူးနေပေမဲ့ ကောင်မလေးတစ်ယောက်ကို သူ့အခန်းထဲမှာ နေခိုင်းရန်က မသင့်တော်ဘူးဆိုသည်ကို သူသိ၏။ သူ့လို ယောက်ျားလေးအတွက် အဆင်ပြေပေမဲ့ စကားပြန့်သွားလျှင် မိန်းကလေး ဂုဏ်သိက္ခာကို ထိခိုက်စေလိမ့်မည်။