Chapter 119
ပိုင်ရဲ့၏ခန္ဓာကိုယ်မှာ အချိုးအစားမျှတလှသည်။ သူ၏အသားအရေမှာ ချောမွေ့နေကာ နက်ရှိုင်းသောဗီလိုင်းမှာ အချိုးကျစွာထုဆစ်ထားသည့်ဝမ်းဗိုက်ကြွက်သားများ၏အလယ်တွင်ရှိနေခဲ့ပြီး ခါးမှတဆင့်သူ၏ဘောင်းဘီအထိ ဆင်းသွားခဲ့သည်။
သူ၏ညှပ်ရိုးနှင့်လည်ဇလုတ်တို့မှာ သာမန်လူများထက် ပို၍ထင်ရှားနေပြီး ပိုင်ရဲ့မှာ လေ့ကျင့်ခန်းလုပ်ထားခြင်းကြောင့်ဖြစ်နိုင်ပေမည် သူ့ကိုယ်ပေါ်တွင် ချွေးခပ်ပါးပါးထွက်နေကာ စိုစွတ်နေသည်။
ချီရှင်းချန် တစ်ဖက်လူ၏လည်ဇလုတ်ကို ကိုက်မိခဲ့သည့်နေ့က ထိုကဲ့သို့ရေစက်အနည်းငယ်ရှိခဲ့ဖူးသည်ကို ပြန်လည်သတိရသွားသည်။
ချီရှင်းချန်၏လည်ချောင်းမှာ သိသိသာသာပင် ခြောက်သွေ့လာပြီး တံတွေးအနည်းငယ်မြိုချလိုက်ပြီးမှသာ အဆင်ပြေသွားခဲ့သည်။ ထို့နောက် သူ ဘောင်းဘီကိုကိုင်ထားသည့်ပိုင်ရဲ့၏လက်များကို တွေ့လိုက်ရလေသည်။
ကြည့်ရသည်မှာ… ဆွဲချွတ်တော့မည့်ပုံပင်…
" မလုပ်နဲ့.. ခဏလေး…" ချီရှင်းချန် သူ၏မျက်လုံးများကို ကာလိုက်ရကာ ပိုင်ရဲ့ကိုတားမြစ်လိုက်သည် " ရပ်ရပ် မချွတ်နဲ့ဦး…"
ပိုင်ရဲ့ : " .... "
ပိုင်ရဲ့သည်လည်း ရုတ်တရက်ထွက်ပေါ်လာသောအသံကြောင့် အံ့ဩသွားရကာ ဖုန်းကိုကောက်ကိုင်လိုက်ပြီး မေးလိုက်မိသည် " အမ်းးး မင်းဖုန်းကိုင်လိုက်ပြီလား…"
ချီရှင်းချန်မှာမူ သူ၏မျက်လုံးများကို ကာထားဆဲဖြစ်ပြီး " ဒါ.. ဒါကချိတ်ဆက်သွားပြီလေ…" ဟုသာပြန်ဖြေလိုက်သည်။
သူကိုင်ရုံတင်မကဘူး… စကားတောင်ပြောနေပြီလေ…
" မင်းမကိုင်ရသေးတာမြင်တာနဲ့ ကိုယ်လည်း မင်းဖုန်းနဲ့အတူမရှိဘူးလို့ ထင်လိုက်မိတာ…" ပိုင်ရဲ့ သူ့ဖန်ကလေး၏ရှက်သွေးဖြာနေသောမျက်နှာကို မြင်လိုက်ရချိန်၌ ရှင်းပြလိုက်မိသည်
" ဒါကြောင့် အရင်အဝတ်လဲပြီးတော့မှပဲ ဆက်ခေါ်မလို့လေ…"
ချီရှင်းချန် သူ၏မျက်လုံးများကို ကာဆီးထားဆဲပင် " အာ… အိုးးး…"
သူ့ဖန်ကလေးမှာ သူအင်္ကျီမဝတ်မခြင်း မျက်လုံးဖွင့်မည့်ပုံမပေါ်သောကြောင့် ပိုင်ရဲ့ ရယ်ရမည်လား ငိုရမည်လားကိုပင် မသိတော့ဘဲ ညအိပ်ဝတ်ရုံကိုသာ လှမ်းယူလိုက်ရသည်။
သို့သော်လည်း လမ်းတစ်ဝက်တွင် ချီရှင်းချန်၏တံတွေးမြိုချလိုက်သောပုံကို ရှင်းရှင်းလင်းလင်းမြင်လိုက်ရလေသည်။
ဒါဆိုရင်… သူ့ဖန်ကလေးက သူ့ကြည့်ရတာကြိုက်တယ်ပေါ့…
ရှက်နေလို့သာ ရဲရဲမကြည့်ရဲတာပေါ့…
ပိုင်ရဲ့ ရုတ်တရက်စနောက်ချင်သည့်အတွေးတစ်ခုကို ရသွားပြီး ညအိပ်ဝတ်ရုံကိုပြန်ချွတ်ကာ ချီရှင်းချန်ကိုပြောလိုက်သည် " ရပြီ မျက်လုံးဖွင့်တော့…"
ချီရှင်းချန် ရိုးသားစွာ သူ၏မျက်လုံးများကိုကာထားသည့် လက်ကိုပြန်ချလိုက်သည်။
"...." ပိုင်ရဲ့၏အပေါ်ပိုင်းမှာ အင်္ကျီမဝတ်ရသေးရုံသာမက ယခင်ကထက်ပင် အနားသို့ပို၍တိုးကပ်လာသည်။
" ခင် ခင်ဗျားကြီး…" ချီရှင်းချန် အလောတကြီးပြောလိုက်မိသည် " အင်္ကျီဝတ်လို့…"
ပိုင်ရဲ့ မျက်ခုံးတစ်ဖက်ပင့်ကာ ပြန်ပြောလိုက်သည် " ကိုယ်တို့က ယောင်္ကျားတွေပဲဟာ… ဘာတွေကြောက်နေတာတုန်း…"
" ကြောက် ကြောက်တာမဟုတ်ပါဘူးနော်… ကောအပေါ်အခွင့်အရေးမယူချင်တာပါ…"
ပိုင်ရဲ့ : " ….."
သူ့ဖန်ကလေးက…သူ့ကိုအခွင့်အရေးယူမယ်လား…
သူကသာ ချီရှင်းချန်ကို အခွင့်အရေးယူနေတာမဟုတ်ဘူးလား… ဒီလိုထူးဆန်းတဲ့အတွေးတွေက ဘယ်နေရာကရောက်ချလာရတာလဲ…
ပေါင်းသင်းဆက်ဆံရေးများတွင် အတွေးလွန်နေတတ်သော သူ့ဖန်ကလေး၏ပုံစံကို တွေးမိသွား၍ ပိုင်ရဲ့သက်ပြင်းသာချလိုက်မိကာ သူ၏နှလုံးသားမှာ နာကျင်ကိုက်ခဲလာရသည်။ ပိုင်ရဲ့ စိတ်ပျော့သွားပြီး ချီရှင်းချန်ကို ဆက်မစနိုင်တော့သဖြင့် ညအိပ်ဝတ်စုံကိုအမြန်ဝတ်ကာ ကုတင်ခေါင်းရင်းကို မှီထားလိုက်သည်။
ချီရှင်းချန် အဆုံး၌သတိပြန်ဝင်လာပြီး ပိုင်ရဲ့၏မျက်နှာကိုခဏမျှကြည့်ကာ သိချင်စိတ်ဖြင့် မေးလိုက်မိသည် " အဲဒီမှာပူလို့လား…"
" ပုံမှန်ပါပဲ…" ပိုင်ရဲ့ ပြန်ဖြေလာသည်။
ချီရှင်းချန်မှ " ဒါဆို ကောနဖူးနဲ့လည်ပင်းတွေမှာ ဘာလို့ချွေးထွက်နေရတာလဲ…"
" နောက်ကျနေပြီမလို့လေ… ကိုယ်က မင်းစီဗီဒီယိုကောခေါ်ဖို့အလျင်လိုနေတာကိုး…" ပိုင်ရဲ့ ရှင်းပြလိုက်သည် " အဲဒါနဲ့လမ်းနည်းနည်းလျှောက်လိုက်ရတာ…"
ချီရှင်းချန် နာရီကိုကြည့်လိုက်ချိန်၌ အချိန်မှာ ည၁၁နာရီ ၅၀မိနစ်ဖြစ်နေခဲ့သည်။
သူအလွန်အာရုံစိုက်နေရသောကြောင့်သာ အချိန်ကိုသတိမမူဖြစ်သွားခဲ့ရသည်။
" ရပါတယ် ဖုန်းခေါ်ဖို့ ဒီလောက်လောစရာမလိုပါဘူး…" ချီရှင်းချန် ပြောလိုက်မိသည်။
ချီရှင်းချန် နှလုံးသားထဲတွင် ချိုမြိန်နေရသော်လည်း ပိုင်ရဲ့ကို သူ့ကြောင့် မပင်ပန်းစေချင်သည့်အတွက် ပြောလိုက်ရသည် " နောက်တစ်ခါ ကောနောက်ကျမယ်ဆိုရင် ကျွန်တော့်ကိုပြောလေ… စောင့်ပေးမှာပေါ့…"
" ဟင့်အင်း.." ပိုင်ရဲ့ သူ၏အကြံပြုချက်ကို ငြင်းပယ်ခဲ့သည် " အခုတောင် ညသန်းခေါင်ဖြစ်တော့မှာကို…ဒီနေ့အတွက် မရေတွက်ဘူးလေ… ကိုယ် နေ့တိုင်းဗီဒီယိုကောခေါ်မယ်လို့ ကတိပေးထားပြီးပြီပဲ… ကိုယ့်ကတိကိုစောင့်ထိန်းရမှာပေါ့…"
ပိုင်ရဲ့ ပြောသည်ကိုကြားလိုက်ရချိန်၌ ချီရှင်းချန် အနည်းငယ်အံ့ဩသွားရသည်။ ပိုင်ရဲ့မှာ ကတိတည်သောသူတစ်ယောက်ဖြစ်ကြောင်း သူသိပြီးပြီဖြစ်သော်လည်း စုံတွဲများကြားတွင် သဘောတူထားသည့်အချိန်မှာ ကိစ္စကြီးမဟုတ်နေပေ။ အခြေအနေကိုလိုက်၍ ပြောင်းလိုက်လျှင်ပင် မကောင်းသောသက်ရောက်မှုရှိမည်မဟုတ်ချေ။
တစ်ဖက်တွင်မူ ပိုင်ရဲ့မှာ ထိုကဲ့သို့သောကိစ္စအသေးအမွှားကိုပင် အတိအကျလိုက်နာနေခဲ့သည်။
ချီရှင်းချန် အမြဲလိုခံစားမိသည်မှာ သူပိုင်ရဲ့ကို သူ၏နှလုံးသားတစ်ခုလုံးဖြင့် ချစ်မြတ်နိုးသောကြောင့် သူတို့၏ဆက်ဆံရေးကိုထိန်းသိမ်းရန် အလွန်ကြိုးစားနေမိသည်ကိုပင်။
သို့သော်လည်း ယနေ့မှသူသိလိုက်ရသည်မှာ ပိုင်ရဲ့သည်လည်း သူ၏ကြိုးစားမှုအောက် မလျော့နေခဲ့ပေ။
သူတို့၏ဆက်ဆံရေးကိုထိန်းသိမ်းနိုင်ရန် ကြိုးစားနေခဲ့ပြီး သူ့ကိုလုံခြုံမှုနှင့်ပျော်ရွှင်မှုများပေးနိုင်ရန်ကိုပါ ပိုင်ရဲ့ဘက်မှကြိုးစားနေခဲ့သည်။
ဘုရားရေ သူသဘောကျမိတဲ့သူက ဘာလို့ဒီလောက်တောင်ကောင်းနေရတာလဲ…
ချီရှင်းချန် အလွန်ပျော်ရွှင်နေမိသဖြင့် မည်ကဲ့သို့တုံ့ပြန်ရမည်ကိုပင် မသိတော့ဘဲ စောင်အောက်သို့လျောဝင်ကာ ဖုန်းမျက်နှာပြင်ကိုသာ မိန်းမောနေသည့်အကြည့်ဖြင့် ကြည့်လိုက်မိသည်။
ပိုင်ရဲ့မှာမူ ချီရှင်းချန်အိပ်ချင်နေပြီဟု ထင်သွားသောကြောင့် မေးလိုက်မိသည် " အိပ်ချင်နေပြီလား…"
ပိုင်ရဲ့ မနက်ခင်းတွင် အလုပ်ရှိသည်ကို သိနေသည့်အတွက် ချီရှင်းချန် သူ၏အနားယူခြင်းကို အနှောင့်အယှက်မဖြစ်စေချင်ပါ။ ထို့ကြောင့် ပြန်ဖြေလိုက်သည် " အင်း အိပ်ချင်နေပြီ…"
" ဒါဆို အရင်အိပ်နှင့်လေ… ကိုယ်ရေချိုးလိုက်ဦးမယ်…"
" ဟုတ်ကဲ့…"
သူသဘောတူလိုက်သော်လည်း ချီရှင်းချန် ဖုန်းကို မချခဲ့ပေ။ သူ၏ဖုန်းကိုအားသွင်းရင်းဖြင့် ခေါင်းအုံးဘေးတွင်ချကာ ပိုင်ရဲ့တည်းနေသည့်ဟိုတယ်အခန်း၏အခြေအနေကို ဂရုတစိုက်အကဲခတ်လိုက်သည်။
ရွှေရောင်နံရံကပ်စက္ကူ၊ တီဗီအကြီးကြီးနှင့် အိပ်ရာအဝိုင်းတစ်ခု… ဒါကြီးက ဒိုင်ဗင်ပြေးဝင်လိုက်ရင် အရမ်းမိုက်မှာပဲ… ကြည့်နေရင်း ကြည့်နေရင်းဖြင့် ချီရှင်းချန် အကြောင်းအရင်းမသိဘဲ အိပ်ပျော်သွားခဲ့သည်။
နောက်တစ်နေ့မနက်တွင် ချီရှင်းချန် အပြင်ဘက်မှမြင်းဟီသံကြောင့် နိုးထလာခဲ့သည်။ ခဏမျှအိပ်ချင်မူးတူးဖြစ်နေပြီးနောက် ရုတ်တရက်ဆိုသလို သတိရသွားသည်မှာ… အကယ်၍သာ ပိုင်ရဲ့မအိပ်ခင် ဖုန်းကိုစစ်ကြည့်ခဲ့ပါက ဗီဒီယိုကောမပိတ်ရသေးသည်ကို သိသွားပေလိမ့်မည်။
ထို့နောက် သူ၏ဖုန်းမချရသေးသည့်ရည်ရွယ်ချက်ကိုလည်း သိသွားနိုင်သည်။
ထိုမျှသာမက သူ၏ဝက်တစ်ကောင်ကို အိပ်မောကျနေသည့်ပုံကိုပါ မြင်သွားနိုင်သည်။
အားးးးးးးးးး
ချီရှင်းချန် ဖုန်းကိုကောက်ကိုင်ကာ ချက်ချင်းဆိုသလို အနှီဒုက္ခပေးသည့်ပစ္စည်းကို ပိတ်လိုက်ချင်မိသော်လည်း ဖုန်းထဲမှပုံရိပ်ကို မြင်လိုက်ရသည်နှင့် ပိတ်မည့်ခလုတ်ကို မနှိပ်နိုင်တော့ပေ။
ပိုင်ရဲ့မှာ သူ၏ဆူညံသံများကြောင့် နိုးသွားခြင်းဖြစ်နိုင်ကာ မျက်လုံးများတစ်ဝက်ခန့်သာ ပွင့်ဟနေခဲ့သည်။ ပိုင်ရဲ့ သူ့ကိုမြင်သွားသည်နှင့် အလိုအလျောက်ပြုံးလာကာ မနက်နိုးနိုးခြင်းကြောင့် ထူးခြားနေသည့်အသံအက်ရှရှဖြင့် ပြောလာသည် " မင်္ဂလာနံနက်ခင်းပါ ကိုယ့်ချစ်သူလေးရေ…"
ထိုစကားကိုကြားလိုက်ရချိန်တွင် ချီရှင်းချန်၏နှလုံးသားထဲ၌ သိမ့်ခနဲဖြစ်သွားရပြီး မည်သည့်စကားမှပြန်မပြောလိုက်ပေ။
ပိုင်ရဲ့မှာမူ အပြည့်အဝမနိုးသေးဘဲ အိပ်ချင်မူးတူးဖြစ်နေဆဲပင် ဖြစ်ကာ သူ၏မေးစေ့မှာ စောင်များအောက်တွင် ဖုံးကွယ်နေပြီး ဆံပင်အချို့မှာ မျက်ခုံးနားသို့ ဝေ့ဝဲကျနေသည်။ သို့တိုင်အောင် ဆက်မအိပ်ဘဲ ချီရှင်းချန်ကိုသာ ကော့ညွတ်နေသည့်မျက်လုံးများဖြင့် စိုက်ကြည့်နေသည်။
ပိုင်ရဲ့၏ယခုပုံသဏ္ဍာန်မှာ သူ၏ပိုင်ရှင်ထံအစာတောင်းနေသော ခွေးကြီးတစ်ကောင်နှင့်တူနေပြီး သူ၏မျက်လုံးများမှာ နူးညံ့ငြင်သာနေသောကြောင့် ချီရှင်းချန် မနေနိုင်ဘဲ ရှက်သွေးဖြာသွားရသည်။
" ဘာလို့ ကျွန်တော့်ကိုပဲကြည့်နေတာလဲ…"
" ဘာမှမဟုတ်ပါဘူး.." ပိုင်ရဲ့ ကင်မရာအနီးသို့တိုးကပ်သွားကာ ကိုယ်ကိုငုံ့လိုက်ပြီး " မင်းမနေ့ညကသွားရည်ကျခဲ့တယ်…"
ချီရှင်းချန် : "....."
ချီရှင်းချန် : " ..... "
သွားရည်ကျခဲ့တာလား…. အားးးးး ငါသေပဲသေလိုက်ချင်တော့တယ်…
ချီရှင်းချန် ကပျာကယာ နှုတ်ခမ်းထောင့်ကိုလက်ဖြင့်သုတ်လိုက်ချိန်တွင် သံသယဖြစ်ဖွယ် အရည်များကို မတွေ့မိခဲ့ပေ။ ခေါင်းအုံးကို ကြည့်လိုက်ချိန်မှာလည်း ယခင်အတိုင်းခြောက်သွေ့နေသည်ကိုသာ မြင်လိုက်ရသည်။
ထိုအချိန်မှသာ သူရုတ်တရက်ဆိုသလို ပိုင်ရဲ့ညာပြောနေမှန်းသိလိုက်ရသည်။
ယမန်နေ့ညကကဲ့သို့ … အဝတ်ဝတ်ပြီးကြောင်း ပြောနေသည့်အတိုင်းပင်။
" အရမ်းလွန်တာပဲ…" ချီရှင်းချန် လက်ကိုပြန်ရုတ်ကာ ပိုင်ရဲ့ထံကြည့်လိုက်ပြီး " ကောကော ကျွန်တော့်ကိုထပ်ညာပြန်ပြီ…"
" အင်း…" ပိုင်ရဲ့ မနေနိုင်ဘဲ ရယ်ချလိုက်မိသည် " ကိုယ်မှားပါတယ်ကွာ…"
သူလျင်မြန်စွာအမှားဝန်ခံလိုက်ချိန်တွင် ချီရှင်းချန်မှာ ချက်ချင်းဆိုသလို စိတ်ဓာတ်ကျသွားပုံပေါ်လာသောကြောင့် ပိုင်ရဲ့ ဆက်ပြောလိုက်ရသည် " မင်းအိပ်နေတုန်း အရမ်းငြိမ်တာပဲ…တစ်နာရီ နှစ်နာရီလောက်တောင်မှ လှုပ်လှုပ်ရှားရှားလုပ်နေတာမျိုးမရှိဘူး…"
ချီရှင်းချန် : " တကယ်လား…"
ပိုင်ရဲ့ : " ဒီတစ်ခါတော့ တကယ်ပါ… ကိုယ်မင်းကိုညာမပြောပါဘူး…"
တော်ပါသေးရဲ့… ချီရှင်းချန် စိတ်သက်သာရာရသွားသောကြောင့် သက်ပြင်းသာချလိုက်မိသည်။ ထို့နောက် ရုတ်တရက်တစ်စုံတစ်ခုကို သဘောပေါက်သွားခဲ့ရသည်… သူတစ်နာရီ နှစ်နာရီလေးတောင် မလှုပ်ခဲ့တာကို ဘယ်လိုသိနေတာလဲ…
" ဖြစ်နိုင်တာက…" ချီရှင်းချန် မျက်မှောင်ကြုတ်လျက် မေးလိုက်သည် " မနေ့ညတုန်းက ဘယ်အချိန်အိပ်တာလဲ…"
" ကိုယ်သေချာမမှတ်မိဘူး…" ပိုင်ရဲ့မှ ပြန်ဖြေလာသည်။
ပိုင်ရဲ့၏အိပ်ချင်မူးတူးအခြေအနေကို ပြန်တွေးမိသွားသဖြင့် ချီရှင်းချန် ခန့်မှန်းမိလိုက်သည် " မနေ့ညတုန်းက လုံးလုံးမအိပ်ဘူးလို့တော့ မပြောနဲ့နော်…"
" အစတုန်းကတော့ မအိပ်ဘူး… နောက်ကြ ဒီအတိုင်းအိပ်ပျော်သွားတာပဲ…"
" အစ်ကို့မှာဒီနေ့အလုပ်ရှိတယ်လေ…" ချီရှင်းချန် အသံနိမ့်နိမ့်ဖြင့် ဆူလိုက်သည် " ဘာလို့မအိပ်ရတာလဲ…"
သူဘာလို့ ကောင်းကောင်းမအိပ်မိခဲ့တာလဲ…
သေချာပေါက် မင်းလေးက အရမ်းချစ်ဖို့ကောင်းနေလို့ပေါ့…
ပိုင်ရဲ့၏စိတ်ထဲတွင် သူ့ဖန်ကလေး၏ နှာခေါင်းလေးတရှုံ့ရှုံ့ဖြင့် ငြိမ်သက်စွာ လိမ်လိမ်မာမာ အိပ်မောကျနေသည့်မြင်ကွင်းမှာ ဆက်တိုက်ဆိုသလို ပေါ်ထွက်လာခဲ့သည်။
သို့သော်လည်း သူ့အနေဖြင့် စကားချိုချိုလေးများစွာ ပြောတတ်သူမဟုတ်လေရာ စကားလမ်းကြောင်းကိုသာ ပြောင်းလဲလိုက်ရသည်။ ပိုင်ရဲ့ ဖုန်းမျက်နှာပြင်ကိုထိ၍ ချီရှင်းချန်ကို စနောက်လိုက်သည်
" မင်းလေးက ဘယ်လိုတောင်အရည်အချင်းမပြည့်ဝတဲ့ ချစ်သူလေးလဲနော်… ကိုယ့်ကိုမေးခွန်းတွေပဲမေးနေတာ… မနက်ခင်းအနမ်းလေးတောင် မပေးသေးဘူး…"
စကားဆုံးသွားသည်နှင့် ဖုန်းမျက်နှာပြင် တစ်ဖက်မှလူမှ တုန့်ခနဲတန့်သွားရပြီး အဆုံး၌စကားပြန်မလာတော့ပေ။ ယနေ့၏ဒုတိယအကြိမ်မြောက်အဖြစ် ချီရှင်းချန် ရှက်သွားရပြန်ပြီဖြစ်သည်။
ပိုင်ရဲ့ သူ့ဖန်ကလေး၏တုံ့ပြန်မှုကြောင့် အလွန်ပင်ကျေနပ်သွားရသည်။ ချီရှင်းချန် အရှက်ကြီးကြောင်းကို သူအသေအချာသိနေခဲ့ရပြီး မတော်တဆဖုန်းမချသွားသည်ကပင် လုံလောက်နေလေပြီ။ ထိုမျှသာမက သူအိပ်ခဲ့လား မအိပ်ခဲ့လားကိုပင် ဆက်မမေးလာတော့ပေ။
သို့သော်လည်း တခဏအတွင်းမှာတင် ဖုန်းမျက်နှာပြင်တစ်ဖက်မှလူမှာ နှုတ်ခမ်းကိုဆူ၍ အနမ်းပေးသည့်ဟန်လုပ်ပြလာပြီး သူ၏လှုပ်ရှားမှုမှာ အလွန်လျင်မြန်လှသောသောကြောင့် ပိုင်ရဲ့သာ စိုက်မကြည့်နေခဲ့ပါက သိလိုက်နိုင်မည်ပင် မဟုတ်ချေ။
ဤကဲ့သို့ အထူးတလည်တောင်းဆိုမှုမျိုးကို တစ်ဖက်မှလိုလိုလားလားဖြည့်ဆည်းပေးလာသောကြောင့် ပိုင်ရဲ့မနေနိုင်ဘဲ ပို၍ပင်အနိုင်ကျင့်ချင်လာမိသည်။
သူတကယ့်ကိုပင် ချီရှင်းချန်ကို ထို့ထက်ပို၍ ပြင်းပြင်းထန်ထန်အနိုင်ကျင့်ချင်မိသည်။
.....
ဆယ်ရက်အတွင်းရိုက်ကူးရမည့် ဝဘ်ဒရမ်မာ၏အဓိကဇာတ်ရုပ်နှင့် လိုက်ဖက်ညီစေရန်အတွက် ချီရှင်းချန် အန်းရန်မှကိုယ်အလေးချိန်ချရန် မှာကြားခြင်းခံလိုက်ရကာ သူ၏လက်ထဲမှထမင်းပန်းကန်လုံးကိုအောက်ချ၍ ကာဗွန်ဟိုက်ဒရိတ်နှင့်အဆီများကို နေ့စဉ်နေ့တိုင်း ထိန်းချုပ်ခြင်းခံရသည့် ခက်ခဲသောဘဝကို စတင်လိုက်ရလေသည်။
အစပိုင်းတွင် သူအလွန်အားသွန်ခွန်စိုက်၍ ကိုယ်အလေးချိန်မချချင်ခဲ့ပေ။ အာဟာရပညာရှင်၏အစီအစဉ်မှာ ဆယ်ရက်အတွင်း ရှစ်ပေါင်ကျရန်ဖြစ်သည်။ သို့သော်လည်း ချီရှင်းချန်၏အခြေခံအလေးချိန်မှာ ကျစ်လစ်လှသည့်အတွက် ဝိတ်ချရန်မှာ ထင်ထားသည်ထက်ခက်ခဲနေသည်။ ဤသို့ဖြင့် အန်းရန်မှ လေ့ကျင့်ခန်းလုပ်ရန်နည်းပြတစ်ယောက်ရှာပေးလိုက်ရပြီး အစားအသောက်များကို လျော့ချရုံသာမက အားကစားခန်းမတွင်လည်း နေ့တိုင်းသွားရောက်လေ့ကျင့်ရတော့မည်ပင်။
ကံကောင်းစွာဖြင့် ကုမ္ပဏီတွင်အားကစားခန်းမတစ်ခုရှိနေခဲ့ကာ နော်ရာအင်တာတိန်းမန့်၏ ဥက္ကဌငယ်လေးချီအတွက် ချန်နော်ရာမှ သီးသန့်အခန်းတစ်ခု ခွဲထုတ်ပေးလိုက်သည်။ ချီရှင်းချန် အဝတ်အစားများလဲလှယ်လိုက်ပြီးနောက် အားကစားခန်းမသို့ ပထဆုံးလာဖူးသည့် အခြားသူများကဲ့သို့ပင် လေ့ကျင့်ခန်းလုပ်စက်ရှေ့သို့လာကာ ဆယ်ဖီရိုက်လိုက်ပြီး ဝေ့ပေါ်နှင့်ဝီချက်စီသို့ ပို့လိုက်သည်။
အံ့ဩစရာကောင်းစွာ သူ၏ဝီချက်မှာ ဝေ့ပေါ်ထက်စော၍ တုံ့ပြန်လာခဲ့သည်။ သုံးစက္ကန့်လောက်တောင်မကြာလိုက်သည့်အချိန်၌ Likes တစ်ဆယ့်သုံးခုနှင့် မန့်သုံးလေးခုရှိနေခဲ့သည်။
မိုးရွာပြီးတော့နေသာလာတယ် : [ ရှင်းရှင်း နင့်ရဲ့သီးသန့်နည်းပြမှာ လက်မှတ်ကောရှိရဲ့လား…သူကဆုတွေဘာတွေကော ရဖူးလား…ယောင်္ကျားလေးလား မိန်းကလေးလား… သူကကောဂေးပဲလား…နင်ကမိန်းကလေးတစ်ယောက်မဟုတ်ပေမယ့် သူ့ကို နင့်ခန္ဓာကိုယ်ရဲ့ ဘယ်နေရာကိုမှ ထိခွင့်မပေးရဘူးနော်…]
ဝူချန်ချန် : [ ယို့ ရှောင်ချီလောင်ရှီးကတော့ ဗလကြီးဖြစ်ဖို့ လမ်းကြောင်းပေါ်ရောက်နေပြီဟေ့…]
ရှောင်ချင်း : [ ဒါကလျှောက်လမ်းအဆုံးက အားကစားခန်းမမလား…ဟုတ်ပါတယ်… ငါမှန်းတာမှန်တယ်မလား…]
ဘုရင် : [ ကော မင်းကခန့်ညားနေပြီးသားပါကွာ…မင်းရဲ့ချောမောမှုတွေကို ထပ်ပြီးထုတ်မကြွားပါနဲ့တော့…]
ဤလူများမှာ ထိုမျှလျင်မြန်စွာဝင်ရေးကြမည်ဟု ချီရှင်းချန် မထင်ထားမိခဲ့ပါ။ ဦးဆုံးအနေဖြင့် သူ့အစ်မ၏မေးခွန်းများကို အရင်ပြန်ဖြေလိုက်ပြီး သူ၏သီးသန့်နည်းပြမှာ အဖြောင့်တစ်ယောက်ဖြစ်ပြီး သူ့ကိုဟိုထိသည်ထိလုပ်မည်မဟုတ်ကြောင်း စိတ်ချထားရန်ပြောလိုက်ရသည်။
ထို့နောက် ဝူချန်နှင့်ခဏမျှစကားစမြည်ပြောနေလိုက်သည်။ ဝူချန်မှာ အစောပိုင်းထဲက ပြုတ်သွားခဲ့ပြီဖြစ်သော်လည်း သူ၏လွတ်လွတ်လပ်လပ်နေတတ်ဟန်နှင့် အကောင်းမြင်တတ်ပုံတို့မှာ အလွန်ဆွဲဆောင်မှုရှိသောကြောင့် ပရိသတ်အချို့ရရှိလာသည်။ သူ၏ကုမ္ပဏီမှလည်း ဤသည်ကိုအခွင့်ကောင်းယူကာ My timeမှပြုတ်လာသူများကိုစု၍ သင်တန်းသားတစ်စုဖွဲ့စည်းလိုက်သည်။ မကြာသေးမီကပင် ဝူချန် ကြော်ငြာအသေးအမွှားအချို့ကို ရိုက်ခဲ့ရပြီး လက်ရှိတွင် သူ၏ပထမဆုံးတစ်ကိုယ်တော်သီချင်းအတွက် ပြင်ဆင်နေသည်။
ထို့နောက် ချီရှင်းချန် ဟန်ချင်းနှင့်စကားဝိုင်းကို ဖွင့်လိုက်သည် : [ မင်းမှန်းတာဟုတ်တယ်… အဲဒီအခန်းပဲ…]
ရှောင်ချင်း : [ သိသားပဲ…ငါတို့အတူလေ့ကျင့်ခဲ့ရတာတွေ မှတ်မိသေးလား… ဒီလိုဆိုမှ မင်းကအခုလေ့ကျင့်ခန်းတွေလုပ်နေရပြီဆိုတော့ ဘာလဲအလုပ်ရပြီပေါ့…]
ရှင်းရှင်း : [ ဟုတ်တယ်… နောက်လအစကြရင် ဝဘ်ဒရမ်မာတစ်ခုရိုက်မလို့လေ…]
ရှောင်ချင်း : [ ဒါဆိုဝဘ်ဒရမ်မာပေါ့…မင်းကိုလူတွေအများကြီးလိုင်းပေါ်မှာ ရွေးကြကထဲက ငါလည်းတွေးနေတာ.. မင်းသံကိုပူနေတုန်း ထုသင့်တယ်နော်… ဟားဟားဟား ]
ချီရှင်းချန် ဟန်ချင်း၏အတွေးကြောင့် အံ့ဩသွားရသည် : [ ဘယ်လိုပဲဖြစ်ဖြစ် နောက်ဆုံးကြတော့ ငါကသရုပ်ဆောင်တစ်ယောက်ပဲလေ… အမြဲတမ်းရသစုံရှိုးတွေကိုပဲ အာရုံစိုက်ထားလို့မှမရတာ… သေချာပေါက် နောက်ကြရင်လည်း ငါ့ရဲ့သရုပ်ဆောင်လမ်းကြောင်းကိုပဲ ရွေးရမှာပေါ့…]
ရှောင်ချင်း : [ ဒါဆို ငါအထင်လွဲနေမိတာပေါ့… နှစ်စတုန်းက ခရီးကပြန်ရောက်ရောက်ချင်း ရုတ်တရက်ကြီးအဆိုတွေအကတွေကို ထလေ့ကျင့်နေတော့ ငါမင်းကိုအနုပညာလမ်းကြောင်း ပြောင်းမယ်တောင်ထင်နေမိတာ…]
ဟန်ချင်း မနေနိုင်ဘဲ စပ်စုလိုက်မိသည် : [ ဒါဆို သရုပ်ဆောင်ဖြစ်ဖို့ ဆုံးဖြတ်ထားတာကို ဘာလို့နှစ်စတုန်းက အဆိုနဲ့အကကို ဒီလောက်ကြိုးကြိုးစားစားလေ့ကျင့်ခဲ့တာလဲဟင်…]
ချီရှင်းချန် ထိုအချိန်တုန်းကလေ့ကျင့်မှုမှာ မည်မျှခက်ခဲကြမ်းတမ်းခဲ့သည်ကို မှတ်မိနေသေးသည်။ ၎င်းမှာ My timeသို့ မဝင်ရောက်ခင်က ပါဝင်ရသောငရဲခန်းလေ့ကျင့်ရေးထက် အနည်းငယ်ပင်လျော့နည်း
မနေချေ။ အဲဒီအချိန်တုန်းက ချီရှင်းချန် အဆိုနဲ့အကကို အဘယ့်ကြောင့် ကြိုးကြိုးစားစားလေ့ကျင့်ခဲ့မိသည်လဲဆိုသည်ကို သူကိုယ်တိုင်ပင်နားမလည်နေခဲ့ပါ။ အကယ်၍သာ သူအဆိုတော်မဖြစ်ချင်ဘူးဆိုပါက အဘယ့်ကြောင့်ဤမျှကြိုးစားခဲ့ရသည်နည်း။