Chapter 120
ဟန်ချင်း၏မေးခွန်းကို မြင်လိုက်ရချိန်မှ ချီရှင်းချန် တောင့်ခဲသွားရသည်။
ပထမဆုံးကူးပြောင်းလာချိန်က သူ၏စိတ်ထဲတွင်ရှုပ်ထွေးနေရကာ နော်ရာသို့လာ၍ မူလကိုယ်၏အကြောင်းနှင့် မူလကိုယ်၏အစ်မကို လိမ်လည်လှည့်ဖျားကာ သူ၏သေခြင်းကို စတင်စေခဲ့သောအမှိုက်ကောင်ကျိုးယွီကို ဆုံတွေ့ချင်ခဲ့သည်။
ထို့နောက် လေ့ကျင့်ရေးခန်းမတွင် တောက်လျောက်သာ လေ့ကျင့်နေမိခဲ့သည်။ ထိုအချိန်က ချီရှင်းချန်အနေဖြင့် သူ၏အရည်အချင်းကို တိုးတက်အောင်လုပ်ကာ အဓိကဇာတ်လိုက်နှင့်ဇာတ်လိုက်မတို့ကို ရင်းနှီးချင်မိသည်။
သရုပ်ဆောင်ခြင်းတွင်အထူးပြုသော ဇာတ်လိုက်မကို လျစ်လျူရှုကာ ထိုစဉ်ကသူ၏အဓိကအကြံမှာ ပိုင်ရဲ့နှင့်ရင်းနှီးလာစေရန်ဖြစ်သည်။
ဤအတွက် ချီရှင်းချန် အခြားသောသင်တန်းသားများပြန်သွားကာ တစ်ဦးတည်းကျန်ခဲ့ချိန် ညနက်သည်အထိ လေ့ကျင့်နေမိသည်။
ကံတရား၏လျှို့ဝှက်ဆန်းကြယ်မှုအရ ပိုင်ရဲ့မှ သူ၏လေ့ကျင့်ရေးခန်းမစီသို့ လျှောက်လာကာ အကကရာတွင် မည်သို့အားစိုက်ထုတ်ရမည်နှင့် လိုအပ်သောအချက်အတော်များများကို သင်ကြားပြသပေးခဲ့သည်။
အကယ်၍သာ သူလေ့ကျင့်ရေးခန်းမသို့ မသွားခဲ့ပါလျှင်… အကယ်၍သာ အဆိုနှင့်အကကိုလေ့ကျင့်ရန် မရွေးချယ်ခဲ့ပါလျှင် ချီရှင်းချန် ပိုင်ရဲ့နှင့်ထိုမျှစောစီးစွာ ဆုံခဲ့ရမည်မဟုတ်ချေ။
သူ My timeတွင်ပါဝင်ရန် အကြုံပြုခံရမည်မဟုတ်ဘဲ ပိုင်ရဲ့နှင့်လည်း သူ၏ ဆိုတတ် ကတတ် သရုပ်ဆောင်တတ်ခြင်းကြောင့် နေ့နေ့ညညအတူတူရှိနိုင်မည်မဟုတ်ပေ။
အဆုံး၌ သူပိုင်ရဲ့နှင့်ပင် အတူရှိသွားခဲ့သည်။
ဤသည်မှာ အလွန်ပင် ဆန်းကြယ်လှသည်။
ချီရှင်းချန် လည်ပင်းကိုပွတ်ကာ တွေးလိုက်မိသည် … ဒါက ဒဏ္ဍာရီလာ မြေအောက်ကမ္ဘာမှလမ်းညွှန်ပြသနေခြင်းလား… ဒါမှမဟုတ် အခြားသောကဏ္ဍတွေကော ပါဝင်နေသည်လား…
ချီရှင်းချန် အချိန်အတော်ကြာစဉ်းစားနေမိသော်လည်း အဖြေမပေါ်လာခဲ့ချေ။ အဆုံး၌ သူဟန်ချင်းထံသို့သာ စာပြန်လိုက်သည် : [ သူဌေးကတောင် အလုပ်ကြိုးစားနေတာကို မင်းကဖုန်းသုံးရင်းနဲ့ ဝီချက် Moment တွေလျောက်ကြည့်နေတယ်ပေါ့လေ…သွား မြန်မြန်လေ့ကျင့်တော့…]
ရှောင်ချင်း : [ သောက် ကျိုး နည်း ဟေးးးး ]
ဟန်ချင်းကို အရူးလုပ်ပြီးနောက် ချီရှင်းချန် ချီကျားကျစ်ကို သင်ခန်းစာပေးရန် ဆုံးဖြတ်လိုက်သည်။
ယခုအချိန်မှာ အောက်တိုဘာလသို့ ရောက်နေပြီဖြစ်ကာ တက္ကသိုလ်ဝင်ခွင့်စာမေးပွဲမှာ လာမည့်နှစ်ဂျွန်လတွင် စတင်မည်ဖြစ်သောကြောင့် ခြောက်လခန့်သာ ကျန်တော့သည်။ ထိုကောင်စုတ်ကလေးမှာ အမှန်တကယ်ပင် ဖုန်းသုံးနေရင်းဖြင့် သူ၏ပုံကို Likeလုပ်ကာ ချက်ချင်းကွန်မန့်ပင်ဝင်ရေးလိုက်သေးသည်။
ချီကျားကျစ်မှာ စာမေးပွဲမတိုင်ခင် ပူပန်နေခြင်းပင် မရှိချေ။
ချီရှင်းချန် လေသံမာမာဖြင့် ပြောလိုက်သည် : [ ကျားကျစ် ]
ဘုရင် : [ ဒီမှာပါ လူကြီးမင်း… သင့်ရဲ့တစ်ဦးတည်းသောညီငယ်လေးက အဆင်သင့်ရှိနေပါတယ်…]
ချီရှင်းချန် : "...."
ယမန်နေ့တွင် သူထောင်ရွမ်အတွက်ပြောစဉ်က ထိုကောင်စုတ်လေး၏အလွန်တုန်လှုပ်နေပုံကို သူအခုထိမမေ့သေးပေ။
ချီရှင်းချန် အနည်းငယ်အပြစ်ရှိသလို ခံစားလိုက်ရပြီး သူ၏အသံမှာ နူးညံ့သွားခဲ့သည် : [ အတန်းထဲမှာဖုန်းသုံးမနေနဲ့… စာသေချာလိုက်နားထောင်ချည်…]
ဘုရင် : [...! ]
ဘုရင် : [ ငါ့ကိုလွမ်းလို့ ခေါ်လာတယ်ထင်နေတာ လက်စသတ်တော့ စာလုပ်ဖို့လာလောဆော်နေတာကိုးး…]
ဘုရင် : [ ဒါပေမယ့် ကော မင်းမေ့သွားတာက ဒီနေ့က တနင်္ဂနွေနေ့လေ…အတန်းမှမရှိတာကို…ဒီမှာ မင်းရဲ့သွေးမတော်သားမစပ်တဲ့ညီလေးအတွက် မှတ်စုတွေပြန်ရှင်းပြရင်း ငိုချင်နေတာနော်…]
အိုးး ဟုတ်သား ဒီနေ့က တနင်္ဂနွေနေ့ပဲ…
ချီရှင်းချန်၏အတင်းလုပ်ယူထားသော ခံ့ညားသည့်ပုံစံမှာ ပျောက်ကွယ်သွားရပြီး သူ၏ညီငယ်လေးကို ကပျာကယာ အရှက်ပြေပြောလိုက်ရသည် : [ ကဲပါ ငိုနေတဲ့တိတိလေး… ဒီနေ့ည ဘာစားချင်လဲပြော… ငါမင်းတို့အတွက်ယူလာပေးမယ်လေ…]
ဘုရင် : [ မင်းတို့မှာ တို့ကိုဖယ်ပေးပါနော်… ကျေးဇူးပဲ… ထောင်ရွှမ်ကငါနဲ့အတူစားလို့ရပါတယ်…]
ဘုရင် : [ ကောဘာစားချင်လဲ…]
ရှင်းရှင်း : [ ငါကဝိတ်ချနေရတာ စားလို့မရဘူး…]
ဝိတ်ချသည်ဟူသော စကားလုံးကိုမြင်လိုက်ရသည်နှင့် ချီကျားကျစ်၏စကားပြောခန်းမှာ ချက်ချင်းလိုင်းပေါ်မှဆင်းသွားပြီး ဝန်ထမ်းများကို သူ၏ပိန်လှီနေသောအစ်ကိုကြီးအား အတင်းဝိတ်ချခိုင်းနေသောကြောင့် လူမဆန်ကြပါဟု သွားရောက်ကြိမ်းမောင်းနေသည်။
ချီရှင်းချန် ချီကျားကျစ် ပွစိပွစိလုပ်နေသည်ကို အမူအယာကင်းမဲ့စွာ ကြည့်နေခဲ့သည်။ ချီကျားကျစ် စားချင်သည့်အရာကို မေးပြီးနောက်တွင် အဆုံး၌ ဝီချက်ကိုပိတ်ကာ ဝေ့ပေါ်သို့ တက်လာလိုက်သည်။
ထိုအချိန်တွင် ဝေ့ပေါ်မှ မန့်များမှာ ၂၀၀၀ပင် ကျော်နေလေပြီ…
[ အားးးး ကောကောရဲ့အသားအရည်က မိတ်ကပ်မပါဘဲနဲ့တောင် အရမ်းကြည့်ကောင်းနေတာ… အရမ်းလည်းကျန်းမာတယ်နော်…ကောကောကသာအမိုက်ဆုံးပဲ…]
[ လောင်ကုန်းရေ Gymမသွားဘဲ တို့နဲ့ပဲအဖော်လာလုပ်ပေးပါကွယ်…]
[ သားပေါက်ကလေးရေ မင်းကိုသံတုံးတွေနဲ့ဆော့ခွင့်မပြုနိုင်ဘူးနော်… မားမားမင်းကို သံတုံးတွေနဲ့ ပေးမဆော့နိုင်ဘူး…မားမား ငါ့သားလေးကို လူသန်ကြီးဖြစ်သွားတာ မမြင်ချင်ပါဘူးနော်…]
[ ဒါရှင်းရှင်းအနားမှာ မရှိတဲ့တတိယမြောက်နေ့ပဲ… လွမ်းတယ် လွမ်းတယ် အရမ်းကိုလွမ်းနေတယ်…]
[ ပေါင်ပေ့ရေ Livestream မလွှင့်တာကြာပြီနော်… တို့တွေအတွက် လွှင့်ပေးပါဦး…]
နောက်ဆုံးကွန်မန့်ကိုမြင်လိုက်ရချိန်တွင် ချီရှင်းချန် မနေနိုင်ဘဲ ပြောင်းပြန်လှန်ခံရမည်ကို ထိတ်လန့်နေရပုံအား ပြန်လည်သတိရသွားပြီးနောက် သူ၏ခန္ဓာကိုယ်ပင်တုန်ယင်သွားရသည်။
သူသေချာပေါက် လာမည့်အနာဂတ်တွင် Livestream ထပ်လွှင့်နိုင်မည်မဟုတ်ပေ။
မည်သို့ပင်ဆိုစေကာမူ ဖန်များမှာ၎င်းကိုတောင်းဆိုထားကြကာ သူသည်လည်းအချိန်အတော်ကြာ မည်သည့်အကျိုးအမြတ်မှ မပေးမိခဲ့ခြင်းကြောင့် ချီရှင်းချန် အကြံတစ်ခုရလာခဲ့သည်။ ချီရှင်းချန် အားကစားပစ္စည်းများအနားသို့ လျှောက်ပတ်သွားကာ ဗီဒီယိုအတိုလေးတစ်ခုရိုက်ယူလိုက်သည်။
ထိုဗီဒီယိုအတွက် သီချင်းရွေးချိန်တွင် သူတစ်ကိုယ်ကောင်းဆန်စွာပင် ပိုင်ရဲ့၏အသစ်ထွက်ထားသောသီချင်းကို ရွေးချယ်လိုက်သည်။
ဗီဒီယိုကိုတင်ပြီးသည်နှင့် ဖန်များမှာ စိတ်အားထက်သန်စွာ တုံ့ပြန်လာကြသည်။
[ ကလေးလေးရှင်းရှင်းက ချောင်းများကြည့်နေတာလား…ဟုတ်တယ် သူချောင်းကြည့်နေတာပဲဖြစ်ရမယ်…ငါတို့သူ့ကိုLivestreamလွှင့်ပေးဖို့ပြောလိုက်တာကို ဗီဒီယိုအတိုလေးတင်ပေးလာတာ…အရမ်းကျေနပ်စရာပဲနော်…]
[ ဒါငါ့ဘဝရဲ့ပထမဆုံးအဖြစ် အဖြူရောင်တီရှပ်နဲ့ အနွေးဘောင်းဘီအမည်းတို့ကလည်း လိုက်ဖက်နိုင်တယ်ဆိုတာကို သိလိုက်ရတာပဲ… မွ မွ ]
[ ငါတော့ ကောကောရဲ့ဘောင်းဘီကို လိုက်ဝယ်တော့မလို့ တစ်ယောက်ယောက်များ လင့်ပို့ပေးနိုင်မလားဟင်…]
[ ပုံပို့… အဲဒါက ဒီကလိုဗာလေ…မင်းဒါကိုလမ်းပေါ်မှာတောင် ဝယ်လို့ရတယ်… ဟားဟားဟား ]
ကြယ်အလင်းတန်းများမှာ သူ၏ဗီဒီယိုအတိုလေးကို အလွန်သဘောကျနေကြခြင်းကြောင့် ချီရှင်းချန်လည်း ကျေနပ်သွားရသည်။ ထို့နောက် သူ၏စတီးလိုဖြောင့်သည့် အားကစားနည်းပြကို သွားရှာလိုက်ပြီး ဝိတ်ချခြင်း၏ပထမဆုံးနေ့ရက်ကို စတင်လိုက်သည်။
အားကစားနည်းပြများမှာ ရက်စက်အကြမ်းကြုတ်ဆုံးသူများဖြစ်သည်ဟု လူအများပြောလေ့ရှိကြပြီး ၎င်းဆိုရိုးမှာ ခြွင်းချက်မရှိပင် မှန်ကန်လှသည်။
ညနေခြောက်နာရီအချိန်မှသာ သူ၏အားကစားနည်းပြမှ ချီရှင်းချန်ကိုအိမ်ပြန်ခွင့်ပေးလိုက်ပြီး သူ၏ချစ်သူကောင်လေးနှင့် ဒိတ်ရန်ထွက်သွားခဲ့သည်။ ချီရှင်းချန်မှာမူ နာကျင်နေသောခြေထောက်များနှင့် ကွဲကြေနေသည့်စိတ်ဝိညာဉ်ကိုသာ တရွတ်တိုက်ဆွဲကာ ဂဏန်းဆန်ပြုတ်နှင့် ဝက်သားပေါင်းမှာရန် ဟောင်ကောင်အစားအစာဆိုင်သို့ သွားလိုက်ရသည်။
ဟင်းများမှ မွှေးရနံ့များမှာ သူ၏ဆာလောင်နေပြီးသော အစာအိမ်ကို ပို၍ပင်နာကျင်အောင် လုပ်နေခဲ့သည်။
မည်သို့ပင်ဆိုစေကာမူ သူ၏အလုပ်ကိုသာ ပထမဆုံး ဦးစားပေးရမည်ကို ချီရှင်းချန် သိနေသေးသည်။ သူ ရှိုးတွင်ပါလိုက်ပြီဆိုကတည်းက မည်မျှပင်ခံစားနေရပါစေ ကြံကြံခိုင်နိုင်ရန် ကြိုတင်ပြင်ဆင်ထားပြီးဖြစ်သောကြောင့် ဟင်းများကို ကားထိုင်ခုံအနောက်ဘက် သူ၏နှာခေါင်းနှင့်ဝေးဝေးတွင်ထားလိုက်ပြီး ဆေးရုံသို့မောင်းလာလိုက်သည်။
ချီရှင်းချန် ဆေးရုံသို့ရောက်သည့်အချိန်၌ လျန်ကျင်းလူနာလှည့်နေသည်နှင့် တိုးသွားခဲ့သည်။
ယခုတလောမှာ ရာသီအကူးအပြောင်းအချိန်ဖြစ်နေသည့်အတွက် ကိုယ်ခံအားမြှင့်တင်ရေးအဆောင်တွင် နေ့စဉ်နှင့်အမျှ လူနာများမှာ တိုးသည်ထက်တိုးလာသည်။ လျန်ကျင်း၏နာမည်ကောင်းမှာလည်း ပြန့်လွင့်နေသောကြောင့် သူနှင့်တိုင်ပင်ဆွေးနွေးချင်သူများ ပိုများလာခဲ့သည်။ သူတို့နှစ်ဦးဆုံလိုက်ချိန်တွင် ချီရှင်းချန်မှ လျန်ကျင်းကို ဆန်ပြုတ်အတူစားချင်လား ဟုမေးလိုက်မိသည်။
သို့သော်လည်း သူ့ကိုစောင့်ဆိုင်းနေသည့်လူနာများရှိနေပြီး အလွန်အလုပ်များနေရသည့်အတွက် လျန်ကျင်း ရှင်းရှင်းနှင့်အတူစားချင်နေလျှင်ပင် ငြင်းပယ်ရန်ကိုသာရွေးချယ်နိုင်သည်။
လျန်ကျင်း ထွက်သွားပြီးနောက် ချီရှင်းချန်နှင့်ထောင်ရွှမ်တို့ အတူတကွပါဆယ်ဘူးများကို ထုတ်လိုက်ကြသည်။ ကျန်ရစ်သည့်သခင်ငယ်လေးမှာမူ မည်သည့်အရာကိုမှ မလုပ်တတ်သည့်အတွက် တူများနှင့်တစ်ခါသုံးသစ်သားဇွန်းများကိုသာ ပြင်ဆင်ပေးလိုက်ရသည်။
ပြင်ဆင်ပြီးချိန်တွင် ချီရှင်းချန် သူ၏ညီငယ်လေးနှစ်ယောက် စားနေသည်ကို ကြည်နူးစွာကြည့်လျက်ဖြင့် သူ၏နှလုံးသားထဲမှမျက်ရည်များကို ခိုးသုတ်လိုက်ရသည်။
သူ၏ကျန်းမာရေးကြောင့် ထောင်ရွှမ်၏စားချင်စိတ်မှာ သာမန်လူငယ်လေးတစ်ယောက်ထက် ပို၍နည်းပါးနေခဲ့ကာ ဆန်ပြုတ်ပန်းကန်တစ်ဝက်မျှစားပြီးနောက် သူထပ်မစားနိုင်တော့ချေ။ ထို့ကြောင့် ပန်းကန်လုံးကိုကိုင်ထားရင်းဖြင့် မေးလိုက်မိသည် " ရှင်းရှင်းကော ပရော်ဖက်ဆာလျန်နဲ့သိတာလား…"
" အင်း…" ချီရှင်းချန် ပြုံးလျက် ဖြေလိုက်သည် " အစ်ကိုတို့က အရမ်းအရမ်းကိုခင်ကြတဲ့သူငယ်ချင်းတွေလေ…"
" အရမ်းအရမ်းကိုခင်ကြတဲ့သူငယ်ချင်းတွေ…"
မူလတန်းကျောင်း၏တတိယနှစ်တွင် ထောင်ရွှမ် ကံမကောင်းစွာဖြင့် systemic lupus erythematosus ရောဂါဖြစ်လာခဲ့သည်။ ရောဂါစတင်ဖြစ်ပွားလာသည်နှင့် အချို့သောနေရာများတွင် မြင်ရမကောင်းသည့်အဖုများဖြစ်ပေါ်လာခဲ့လေသည်။
[ Note - systemic lupus erythematosus SLE ခုခံအားကျဆင်းတဲ့ရောဂါတစ်မျိုးပါ… ခန္ဓာကိုယ်ရဲ့ Immune system ပျက်စီးပြီးတော့ တစ်ရှုးတွေနဲ့ခန္ဓာကိုယ်အစိတ်အပိုင်းတွေကို ထိခိုက်သွားစေပါတယ်…]
မိမိကိုယ်ယုံကြည်မှုမရှိခြင်းနှင့် သိမ်ငယ်စိတ်များကြောင့် ထောင်ရွှမ် သူ၏အတန်းဖော်များကို ထိုရွံရှာဖွယ်အဖုအစက်အပြောက်များကို မမြင်စေချင်ပေ။ ထို့ကြောင့် ငယ်စဉ်ကတည်းက တစ်ယောက်တည်းသာနေခဲ့ပြီး သူငယ်ချင်းဟူ၍ရှိသည်မှာ အလွန်ရှားပါးလှပေရာ အလွန်ခင်ကြသည့်သူငယ်ချင်းများဟူသော စကားစုကို သူ့အဖို့နားလည်ရန်ခက်ခဲနေသည်။
" ဘယ်လိုခင်တာမျိုးကို အရမ်းခင်တယ်လို့သတ်မှတ်တာလဲ…" ထောင်ရွှမ်မေးလိုက်မိသည်။
ချီရှင်းချန် ပြန်မဖြေနိုင်မှာခင် ချီကျားကျစ်မှ ဦးစွာပြောလိုက်သည် " ငါတို့နှစ်ယောက်လိုပေါ့ဟ…"
ချီကျားကျစ်၏အသံမှာ အလွန်သဘာဝကျနေပြီး သူ၏အသံထဲတွင် မြှောက်ပြောနေခြင်း သို့မဟုတ် သနားနေခြင်းမပါခဲ့ပေ။ ထောင်ရွှမ် ချီကျားကျစ်ကို ခဏမျှကြည့်နေမိပြီးနောက် ခေါင်းကိုငုံ့ကာ သူ၏ဆန်ပြုတ်ကိုသာ တိတ်တဆိတ်ဆက်စားနေလိုက်သည်။
ထောင်ရွှမ် မည်သည့်စကားမှမပြောခဲ့သလို မည်သည့်အမူအယာမျှမပြသွားခဲ့သော်လည်း ချီရှင်းချန် သူခံစားမိသွားပြီး ပျော်ရွှင်သွားသည်ကို သိနေခဲ့သည်။
သေဆုံးခြင်းအရိပ်အောက်တွင် ၁၇နှစ်ကြာနေထိုင်ပြီးနောက် သူ့ဘဝ၏အဆုံးသတ်နားတွင် ကံကောင်းစွာဖြင့် အလွန်ခင်ရသောသူငယ်ချင်းရရှိလာခဲ့သည်။
ကံမကောင်းစွာဖြင့် ချီကျားကျစ်မှာ ထိုအချက်ကိုနားမလည်နိုင်ခဲ့ပေ။ ကြွတ်ရွသောဘဲကင်တစ်ဖက်ကို ပါးစပ်ထဲထည့်လိုက်ပြီး သာမန်ကာလျှံကာမေးလိုက်သည်
" ဘာလို့ဒီလိုမေးတာလဲ…"
" ဘာမှမဟုတ်ပါဘူး…" ထောင်ရွှမ် ပြောလိုက်သည်
" သူကရှင်းရှင်းကောရဲ့သူငယ်ချင်းဖြစ်နေတော့ နောက်ကြဆေးလာစစ်ရင် သူ့ကိုခက်ခဲအောင်မလုပ်တော့ပါဘူး…"
စားသောက်ပြီးစီးကာ ဗိုက်ဝသွားကြချိန်၌ အချိန်မှာနောက်ကျနေပြီဖြစ်သည်။ ထောင်ရွှမ်၏ရောဂါအတွက် ညဉ့်နက်သည်အထိနေခြင်းမှာ ရှောင်ကြဉ်ရမည့်အရာဖြစ်နေသောကြောင့် ချီရှင်းချန် ဝမ်းကွဲညီငယ်ကို ဦးစွာအိမ်သို့ပြန်ပေးလိုက်မှ သူ့အိမ်သို့ပြန်လာလိုက်သည်။
တံခါးကိုဖွင့်လိုက်ချိန်၌ သူ့၏မိသားစုဝင်အများစုမှာ မအိပ်ကြသေးချေ။ ထို့ကြောင့် ချီရှင်းချန် ဟောင်ကောင်စားသောက်ဆိုင်မှ ထုတ်လာသည့် နာနတ်သီးမုန့်ကဲ့သို့သော မုန့်များကိုထုတ်ကာ သူ၏အဖေ၊အစ်ကိုကြီးနှင့်အစ်မကို ပေးလိုက်သည်။ ဖခင်ဖြစ်သူနှင့် လက်ဖက်ရည်အတူသောက်ကာ စကားစမြည်ပြောဆိုပြီးနောက် သူ၏အခန်းသို့ပြန်လာခဲ့လိုက်သည်။
ယခင်အချိန်များတွင် ဆက်ကပ်အဖွဲ့သားများမှာ သူတို့၏အိမ်များစီသို့ အဘယ့်ကြောင့် အိတ်ကြီးအိတ်ငယ်ဖြင့် ဝယ်သွားလေ့ရှိကြသည်ကို ချီရှင်းချန် နားမလည်နိုင်ခဲ့ပေ။ ယခုမှသာ သူ၏မိသားစုဝင်များမှ သူဝယ်လာသည်များစားနေကြသည်ကို ကြည့်ရခြင်းမှာ အလွန်ပျော်ရွှင်ကောင်းသောအရာတစ်ခုဖြစ်သည်ဟု သူနက်နက်ရှိုင်းရှိုင်းနားလည်သွားရသည်။
ချီရှင်းချန် သီချင်းညည်းလျက် ရေမိုးချိုးလိုက်ပြီးနောက် ညအိပ်ဝတ်စုံကို လဲလှယ်လိုက်သည်။ ပြီးစီးသွားချိန်တွင် အိပ်ရာပေါ်သို့ ပစ်လှဲလိုက်ကာ ဖုန်းကိုဖွင့်လိုက်သည်။
နှစ်ရှစ်ရာစာလောက် အသစ်မတင်ရသေးသည့် သူ၏ပရိသတ်အဖြစ်သုံးသောအကောင့်မှ အသိပေးချက်နှစ်ခုဝင်နေခဲ့သည်။
ပထမတစ်ခုမှာ : [ မင်းရဲ့အိုင်ဒေါ ပိုင်ရဲ့ကလိုင်းပေါ်ကိုရောက်နေပါပြီ …]
ဒုတိယတစ်ခုမှာ : [ မင်းရဲ့အိုင်ဒေါ ပိုင်ရဲ့က ဝေ့ပေါ်မှာပိုစ့်တင်ထားတယ်… တစ်ချက်သွားကြည့်ပါဦး…]
ပိုင်ရဲ့ ဝေ့ပေါ်မှာ ပိုစ့်တင်ထားတယ်လား…
ပိုင်ရဲ့ သူ၏ဘရန်းကြော်ငြာ သို့မဟုတ် တခြားတစ်ခုခုအတွက် တင်သည်ဟုသာခန့်မှန်းလိုက်ရင်းဖြင့် ချီရှင်းချန် ဝေ့ပေါ်ကို ဖွင့်ကြည့်လိုက်ရာ ပိုင်ရဲ့သည်လည်း ဗီဒီယိုအတိုလေးတစ်ခုတင်ထားသည်ကို မြင်လိုက်ရသည်။
သို့သော်လည်း ဗီဒီယိုကိုဖွင့်မကြည့်ခင်မှာပင် သူ၏အကြည့်မှာ ဖန်တစ်ယောက်၏မန့်ကြောင့် ဖမ်းစားခံလိုက်ရသည်။
[အားးးးးး ဒါငါ့ဘဝရဲ့ပထမဆုံးအဖြစ် အဖြူရောင်တီရှပ်နဲ့ အနွေးဘောင်းဘီအမည်းတို့ကလည်း လိုက်ဖက်နိုင်တယ်ဆိုတာကို သိလိုက်ရတာပဲ…]
ချီရှင်းချန် အနံ့ရသွားခဲ့သည်။ ထိုစကားလုံးများကို ရင်းနှီးနေပြီး သူ၏ကိုယ်ပိုင်ကွန်မန့်နေရာမှစာများနှင့် တူညီနေခဲ့သည်။
ဖြစ်နိုင်တာက ကြယ်အလင်းတန်းတစ်ယောက်များ မတော်တဆပိုင်ရဲ့၏ချန်နယ်နှင့်မှားပြီးရေးမိသည်လား…
ငါးစက္ကန့်ခန့်ကြာပြီးနောက် ဗီဒီယိုကိုဖွင့်ကာ ပိုင်ရဲ့ကိုမြင်လိုက်ရချိန်မှသာ ချီရှင်းချန် ထိုဖန်ကိုအထင်မှားမိသွားသည်အား သိလိုက်ရသည်။
ကြယ်အလင်းတန်းလေးမှာ ချန်နယ်မှားဖွင့်ခြင်း သို့မဟုတ် မှားရေးမိခြင်းမဟုတ်ခဲ့ပေ။ ပိုင်ရဲ့မှ အမှန်တကယ် သူ့ကဲ့သို့ တီရှပ်အဖြူရောင်နှင့်အနွေးဘောင်းဘီအမည်းကိုဝတ်ဆင်ထားခြင်းဖြစ်သည်။
အဝတ်ဘရန်းသည်ပင် တစ်ထပ်တည်းဖြစ်နေကာ ကလိုဗာတံဆိပ်ကို ပေါ့ပေါ့ပါးပါးပင် အဝတ်ဗီဒိုအတွင်းမှ ထုတ်ယူလာခဲ့သည်။
ချီရှင်းချန် ကွန်မန့်များနေရာသို့ ကမန်းကတန်းဖွင့်ကြည့်လိုက်ရသည်။ ပိုင်ရဲ့၏ဗီဒီယိုမှာ စင်အနောက်တွင် မိတ်ကပ်ပြင်ဆင်ထားကာ ပြီးစီးရန်စောင့်ဆိုင်းနေရင်းဖြင့် ရိုက်ကူးထားခြင်းဖြစ်ပေရာ ၎င်းမှာ များစွာစိတ်ဝင်စားစရာကောင်းသောအရာတစ်ခုတော့ မဟုတ်နေပေ။ ထို့ကြောင့် ကွန်မန့်နေရာတွင် ဆွေးနွေးနေခြင်းများ များများစားစားမရှိဘဲ ထိုအစား အုပ်စုလိုက်အော်ဟစ်နေကြသည့်အသံများသာ ရှိနေခဲ့သည်။
[ အားးးး အရမ်းခန့်ညားတာပဲ… အားးးးး ]
[ ကောကောကြောင့် ကမ္ဘာကြီးကအရမ်းလှပနေရပြီ.. အားးးးး ]
[ နောက်ဆုံးတော့ ဒီငမွဲမလေးတတ်နိုင်တဲ့အရာတစ်ခုထွက်ပေါ်လာပြီပဲ…ငါတော့အော်ဒါတင်ထားပြီးပြီနော်… ကောနဲ့ဆင်တူဝတ်ပြီး လာတွေ့တာကိုပဲ စောင့်နေပါတော့…]
[ ဟားဟားဟား ကျဲမေ့ရေ နင်မရှုံးသေးပါဘူး… ဘေးအိမ်ကရှင်းရှင်းလေးကလည်း ပုံစံအတူတူပဲဝတ်ထားတာလေ… နင်တော့ အရမ်းချောတဲ့ကောင်လေးနှစ်ယောက်နဲ့ စုံတွဲလုပ်လို့ရသွားပြီ…သောက်ကျိုးနည်း ငါလည်းအဲဒီလိုဝတ်စုံလိုချင်သွားပြီ…]
အင်တာနက်အသုံးပြုသူများ၏ ကွန့်မန်းများအပြီးတွင် ကျိုရဲ့ရှင်းချန်းများမှာ ထူးခြားသည့်တစ်စုံတစ်ရာကို ရှာတွေ့သွားကြဟန်ဖြင့် ချီရှင်းချန်၏အဓိကစာမျက်နှာစီသို့ပင် ချီတက်လာကြသည်။
အချိန်မှာများစွာမကြာလိုက်ချေ ပိုင်ရဲ့၏ကွန်မန့်နေရာမှ မန့်များလည်း ပြောင်းလဲသွားခဲ့သည်။
[ ငါ့ချီးလိုပဲ… ရှောင်ချီကလည်း တကယ်ကြီးရဲ့ကောနဲ့ အတူတူဝတ်ထားမိတာပဲ… သူတို့မဝတ်ခင်ကော ကြိုများတိုင်ပင်ထားကြသေးလားမသိ…]
[ သူတို့ဒီအတိုင်းအတူတူဝတ်မိသွားတာလည်း ဖြစ်နိုင်တာပဲလေ…]
[ ဝတ်စုံတူနေတာက ကြောက်ဖို့မကောင်းဘူး… ဘယ်သူကပိုကြည့်လို့မကောင်းလဲဆိုတာကမှ ကြောက်ဖို့ကောင်းတာ… ဘယ်လိုပဲဖြစ်ဖြစ် သူတို့နှစ်ယောက်ကတော့ အဲဒီအတွက်စိုးရိမ်နေဖို့မလိုပါဘူး… ဘာဖြစ်လို့လဲဆိုရင် ရှောင်ချီကလန်းဆန်းတဲ့ပုံစံပေါက်နေပြီးတော့ ရဲ့ကောကတော့ ကြည်လင်သန့်ရှင်းနေတဲ့ပုံပေါ်နေတယ်လေ…သူတို့နှစ်ယောက်လုံးအရမ်းကြည့်ကောင်းကြတာပဲ…23333]
[ ဒီဟာကလေ ရှင်းရှင်းက ရဲ့ကောကိုလက်ဆောင်ပေးတာ ဒါမှမဟုတ် ရဲ့ကောက ရှင်းရှင်းကိုလက်ဆောင်ပေးတာလဲ ဖြစ်နိုင်တာပဲနော်…]
ညဉ့်ကောင်းကင်များ၊ ကြယ်အလင်းတန်းများနှင့် CPဖန်များဖြစ်ကြသည့် ကျိုရဲ့ရှင်းချန်များကို ခွဲခြားရန်မှာ လွယ်ကူလှသည်။ ညဉ့်ကောင်းကင်များမှာ ပိုင်ရဲ့ကို ရဲ့ကောဟုခေါ်တတ်ကြပြီး ချီရှင်းချန်ကိုမူ ရှောင်ချီဟု ခေါ်တတ်ကြသည်။
ကြယ်အလင်းတန်းများမှာ ပုံမှန်အားဖြင့် ချီရှင်းချန်ကို ရှင်းရှင်းဟုခေါ်တတ်ကြပြီး ပိုင်ရဲ့အတွက်ကိုမူ ရည်ညွှန်းပြောဆိုခြင်းမရှိကြဘဲ သူတို့၏လက်ရှိအာရုံစိုက်ထားမှုမှာ ထိုသွေးစုပ်မျှော့ဟူသည့် နာမည်ပြောင်ကိုရှင်းလင်းရန်သာ ဖြစ်သည်။
CPဖန်များ တစ်နည်းအားဖြင့် ကျိုရဲ့ရှင်းချန်းများမှာမူ ချီရှင်းချန်ကို ရှင်းရှင်းပေါင်ပေ့၊ ကလေးလေး နှင့်ရှောင်ချီ စသည်ဖြင့်အလျင်းသင့်သလို ခေါ်လေ့ရှိကြပြီး ပိုင်ရဲ့ကိုမူ ရဲ့ကောဟူ၍သာ ဆက်လက်ခေါ်ဆိုကြသည်။ မည်သို့ပင်ဆိုစေကာမူ ပိုင်ရဲ့၏အကျင့်စရိုက်အရ နာမည်ပြောင်အသစ်ထပ်ပေးရန်မှာ ခက်ခဲလှသည်။
ထို့ကြောင့် နောက်ဆုံးကွန်မန့်တက်လာချိန်တွင် ညဉ့်ကောင်းကင်များနှင့် ကြယ်အလင်းတန်းများ၏ တိုက်ခိုက်ခြင်းကိုခံလိုက်ရကာ သူတို့နှစ်ဦးမှာ ဒီအတိုင်းသူငယ်ချင်းများသာဖြစ်ကြပြီး အစ်ကိုကြီးရဲ့မှ ရှင်းရှင်းကို ဂရုစိုက်ပေးခြင်းဖြစ်သည်ဟူသော ဆင်ခြေကိုသာဆက်လက်အသုံးပြုကြသည်။
ချီရှင်းချန်မှာမူ သူတို့၏စကားစစ်ထိုးခြင်းများကို ဆက်လက်ကြည့်ရှုရန် စိတ်မပါသည့်အတွက် ဝီချက်တွင် အပေါ်ဆုံးမှထောက်ထားသည့်စကားပြောခန်းကို ဖွင့်လိုက်သည်။
ရှင်းရှင်း : [ ကျွန်တော်တို့ ဗီဒီယိုအတွက် အင်္ကျီအတူတူဝတ်မိသွားတယ် ကြည့်စမ်း… ဘယ်လိုတောင်တိုက်ဆိုင်တာလဲ…]
ချီရှင်းချန် စိတ်ခြင်းဆက်နေသည်ဟု ပြောချင်မိသော်လည်း ထိုစကားမှအနည်းငယ်ငြီးငွေ့ဖွယ်ကောင်းသည့်အတွက် မပြောလိုက်ပေ။
ပိုင်ရဲ့
၏ပြန်စာမှာမူ မျှော်လင့်မထားသောအရာပင်ဖြစ်သည် : [ တိုက်ဆိုင်တာမဟုတ်ဘူး…]
ချီရှင်းချန် ကြောင်အသွားရသည် : [ ဘာကိုဆိုလိုတာလဲ… ကောကောတမင်လုပ်ခဲ့တာလား…]
ယွဲ့ : [ အင်း ]
ယွဲ့ : [ ကိုယ်မင်းနဲ့တူညီဝတ်စုံဝတ်ချင်လို့လေ…]