Chapter 121
မြောက်ဘက်ပိုင်းဒေသတွင် ဆောင်းရာသီအစဖြစ်သည့်အတွက် လေထုမှာခြောက်သွေ့အေးခဲနေကာ အေးစက်စက်လေများမှာ ချီရှင်းချန်၏ကိုယ်ကိုဖြတ်၍ တိုက်ခတ်လာခဲ့သည်။ အောင်အောင်မြင်မြင် ဝိတ်ချနိုင်သွားပြီဖြစ်သော ချီရှင်းချန်မှာ နွေးထွေးစေရန်အတွက် သူ့ကိုယ်သူအနွေးထည်အထူကြီးဖြင့် ထုတ်ပိုးထားရပြီး လိုက်ပို့သောမိသားစုဝင်များကို နောက်ဆုံးအကြိမ်တစ်ခေါက်လှည့်ကြည့်ကာ စစ်ဆေးရေးဂိတ်စီသို့ လျှောက်သွားလိုက်သည်။
သူ ဘတ်ဂျက်ခရီးသွားကြမယ်အစီအစဉ်ရိုက်ကူးစဉ်အခါကလည်း ချီမိသားစုဝင်များမှ ထိုကဲ့သို့လိုက်ပို့ခဲ့ကြသည်။ သို့သော်လည်း ထိုအချိန်တုန်းက ချီရှင်းချန်မှာ ကူးပြောင်းလာပြီးပြီးချင်း ဖြစ်နေသည့်အတွက် မူလကိုယ်၏မိသားစုဟုပင် ခံစားနေရကာ သူ၏မိသားစုဟု မမှတ်ယူထားခဲ့ပေ။
ယခုအချိန်တွင်မူ ကွဲပြားသွားလေပြီ။ တစ်ရက်ပြီးတစ်ရက် အတူရှိနေကြပြီးသည့်နောက်တွင် ချီရှင်းချန် ကြင်နာသနားတတ်ကာ ရိုးသားသောသူ၏မိသားစုဝင်များအပေါ် သံယောဇဉ်တွယ်သွားခဲ့သည်။
ထို့ကြောင့် အိမ်မှထွက်သွားရမည့်အချိန်တွင် ယခင်ကကဲ့သို့ ပြတ်ပြတ်သားသားထွက်မသွားနိုင်တော့ပေ။ ဆိုရိုးရှိသည့်အတိုင်း သင့်တွင်ဒိုင်းကာရှိသွားပြီဆိုသည်နှင့် အားနည်းချက်လည်း အတူပေါ်လာပြီဟူသော အဓိပ္ပါယ်မျိုးပင်ဖြစ်သည်။
သို့သော်လည်း ကံကောင်းစွာဖြင့် ရိုက်ကူးရေးအပြီးတွင် သူပြန်လာနိုင်သေးသည်။ ချီရှင်းချန် မိသားစုဝင်များကို မမြင်ရသည့်နေရာသို့ရောက်သည့်အချိန်၌ သူ့ကိုယ်သူစိတ်ငြိမ်အောင်လုပ်ကာ ပိုင်ရဲ့ထံလုံခြုံကြောင်းစာပို့လိုက်သည်။
ရှင်းရှင်း : [ စစ်ဆေးရေးဂိတ်စီကိုသွားနေပါပြီ…]
ယွဲ့ : [ အင်းး လိုက်ပို့တဲ့ဖန်တွေကော များလား..]
ရှင်းရှင်း : [ ကျွန်တော်က ဗီအိုင်ပီဂိတ်ကသွားတာဆိုတော့ ဖန်တွေတော့ မမြင်မိဘူး… နောက်ပြီး အန်းရန်ကိုလည်း ဖန်ကလပ်တွေကို အသိမပေးခိုင်းထားတာမလို့ သူတို့လိုက်မပို့ကြလောက်ပါဘူး…]
ယွဲ့ : [ ကောင်းပြီ ဒါဆိုလေယာဉ်ပေါ်ရောက်တဲ့အခါကြရင်နဲ့ လေယာဉ်ဆိုက်တဲ့အချိန်ကြရင် စာပို့ဦးနော်…]
ရှင်းရှင်း : [ သိပါပြီ.. ကျွန်တော် အစ်ကို့စီတင်ပြပါ့မယ်…]
ယွဲ့ : [ ကိုယ် မင်းကိုပြောခိုင်းတယ်ဆိုတာ မင်းရဲ့ကိုယ်ရေးကိုယ်တာတိုင်းကို သိချင်လို့မဟုတ်ဘူးနော်… မင်းလုံခြုံရဲ့လားဆိုတာကို စိတ်ပူလို့ပါ…]
ရှင်းရှင်း : [ အင်းပါ ကျွန်တော် တင်ပြပါ့မယ်လို့…]
ယွဲ့ : [....]
ဖုန်းမျက်နှာပြင်ပေါ်မှတဆင့် ချီရှင်းချန် ပိုင်ရဲ့၏ကူကယ်ရာမဲ့နေဟန်နှင့် စိတ်အခြေအနေကောင်းနေမည့်ပုံကို စိတ်ကူးနိုင်ခဲ့သည်။ ထိုစဉ် အန်းရန်မှ ကော်ဖီခွက်အချို့နှင့်ရောက်လာကာ သူ့ထံတစ်ခွက်ကမ်းပေးလိုက်ပြီး ပြောလာသည် " ကျန်းကျန်းနဲ့လောင်ချင်လည်း ခဏနေရောက်လာလိမ့်မယ်… သူတို့ကို အရှေ့နားမှာ ခဏလောက်စောင့်ကြတာပေါ့…"
" အမ်းးး အန်းရန်ကျဲ ဘာလို့ ကျွန်တော့်ကော်ဖီက အမေရိကာနိုဖြစ်နေရတာလဲ… ကျွန်တော်က သစ်ချသီး လက်တေးသောက်တာလေ…"
" သစ်ချသီးလက်တေးက သကြားများလွန်းတယ်…" အန်းရန်မှ ရက်စက်စွာ ပြောလာသည် " မင်းအခုသောက်ဖို့မတန်သေးဘူး…"
ချီရှင်းချန် ငိုမိတော့မလိုခံစားလိုက်ရသည်။
သူမငိုမိသေးခင်မှာပင် ချစ်သူကောင်လေးထံ သူ့အားချော့မော့ရန် အီမိုဂျီအနည်းငယ်မျှ ပို့ကာတိုင်တန်းလိုက်သည်။ ပိုင်ရဲ့ထံမှ ကူကယ်ရာမဲ့နေသော စာအချို့ပြန်ရပြီးနောက် ချီရှင်းချန် ရုတ်တရက်ဆိုသလို သူ၏လက်တလောပိုင်ရဲ့နှင့်စကားဝိုင်းများမှာ ပို၍ ပို၍နောက်ပြောင်တတ်လာသည်ကို သတိထားမိသွားသည်။
ယခင်အချိန်ကဆိုလျှင် သူ ပိုင်ရဲ့နှင့်ထိုကဲ့သို့နောက်ပြောင်ရဲမည် မဟုတ်ချေ။
ဖြစ်နိုင်သည်မှာ ဤကာလများအတွင်း ပိုင်ရဲ့၏အလွန်လိုက်လျောပေးခြင်းနှင့် နူးညံ့ငြင်သာနေခြင်းတို့ကြောင့် ဖြစ်နိုင်ပေမည်။ ၎င်းမှာ သူ့အား တည်တည်တံ့တံ့မနေလျှင်လည်းရသည်ဟူ၍ အထင်မှားသွားစေခဲ့သည်။
ချီရှင်းချန် မျက်လုံးကိုအောက်စိုက်ကာ ပိုင်ရဲ့၏ရင်ထဲမှသူ့ပုံရိပ်အား မည်ကဲ့သို့ပြန်လည်ဆယ်ယူရမည်ကို တွေးတောနေမိသည်။ ထိုအချိန်မှာပင် အန်းရန်မှ သူ့ကိုထွက်ခွာရမည့်သူများနားနေခန်းစီသို့ ခေါ်သွားကာ ထိုင်ချလိုက်ပြီးမှ တစ်စုံတစ်ရာကို ရုတ်တရက်သတိရသွားဟန်ဖြင့် ပြောလာခဲ့သည်
" ဒါနဲ့ ရှင်းရှင်း မင်းမွေးနေ့ကိုဘယ်လိုကျင်းပဖို့စိတ်ကူးထားလဲ…ဖန်မီတင်မျိုးလုပ်ချင်လား…"
မွေးနေ့လား…
ချီရှင်းချန် ခဏမျှကြောင်တောင်တောင်ဖြစ်နေပြီးနောက်မှသာ ရုတ်တရက်ဆိုသလို မူလကိုယ်၏မွေးနေ့မှာ ဒီဇင်ဘာလ၂၈ရက်ဖြစ်သည်ကို ပြန်လည်သတိရမိသွားသည်။
ယနေ့မှာ ဒီဇင်ဘာလ၃ရက်ဖြစ်သည့်အတွက် မူလကိုယ်၏မွေးနေ့ရောက်ရန် ၂၅ရက်ကျန်နေသေးသည်။ ၎င်းမှာ မမြန်လွန်း မကြာလွန်းသော်လည်း အကယ်၍သာ သူဖန်မီတင်လုပ်ချင်ပါက ယခုကတည်းက ကြိုတင်ပြင်ဆင်ရပေလိမ့်မည်။
တိုက်တိုင်ဆိုင်ဆိုင်ပင် ချီရှင်းချန်သည်လည်း မွေးပြီးပြီးချင်းမကြာခင်မှာပင် မိဘမဲ့ဂေဟာ၏ရှေ့တွင် ပစ်ထားခံခဲ့ရပြီး မိဘမဲ့ဂေဟာ၏အုပ်ချုပ်သူမှ သူ့ကိုကောက်ယူလာချိန်တွင် သူ၏မွေးနေ့ကိုရေးသားထားသောမှတ်စုတိုကို အနှီးနှင့်အတူ တွေ့ခဲ့ရလေသည်။
မူလကိုယ်ကဲ့သို့ပင် သူ၏မွေးနေ့အစစ်အမှန်မှာလည်း နှစ်ကုန်ခါနီးဖြစ်သော ဒီဇင်ဘာလ၂၈ရက်နေ့တွင်ဖြစ်သည်။
မည်သို့ပင်ဆိုစေကာမူ မိဘမဲ့ဂေဟာတွင် ကလေးများစွာရှိကာ အချို့မှာမိမိ၏ကိုယ်ပိုင်မွေးနေ့ကိုသိကြပြီး အချို့မှာမူ မသိကြပေ။ အဆုံး၌ အုပ်ချုပ်သူမှ ကလေးများကို သူတို့ရောက်လာသည့်နေ့ဖြင့်သာ မွေးနေ့ပွဲကျင်းပရန် ဆုံးဖြတ်ပေးလိုက်သည်။
ထို့ကြောင့် ချီရှင်းချန်အဖို့ သူ၏မွေးနေ့နှင့်ပတ်သက်သည့် ရှင်းရှင်းလင်းလင်းစိတ်ကူးဟူ၍ ရှိမနေပါချေ။ မွေးနေ့ပွဲလုပ်သည်ဖြစ်စေ မလုပ်သည်ဖြစ်စေ သူ့အတွက်အတူတူသာဖြစ်ပြီး အန်းရန်သာမမေးလာပါက သူထိုနေ့ကိုမေ့ပင်မေ့သွားနိုင်သည်။
" ကျွန်တော် ၂၈ရက်နေ့ကြ ရိုက်ကူးရေးရှိတယ်…" ချီရှင်းချန် ခဏမျှတွေးလိုက်ပြီးနောက် ပြန်ပြောလိုက်သည် " မွေးနေ့ပွဲကျင်းပဖို့အတွက်နဲ့တော့ ရိုက်ကူးရေးကိုနှောင့်နှေးစေလို့မရဘူးလေ…ဒီနှစ်တော့မလုပ်ဘဲနေရအောင်…"
" ကောင်းပြီလေ…" အန်းရန်မှာမူ သူ၏အတွေးကို ခန့်မှန်းထားပြီးသား ဖြစ်နေခဲ့သည်။
" ဖန်ကလပ်ကိုပြောလိုက်ပါ.. ဖန်ကလပ်နဲ့ဝဘ်ဆိုဒ်က ပိုက်ဆံစုတာတို့ နောက်တခြားလက်ဆောင်ပေးမဲ့ဟာမျိုးတွေ ဘာမှမလုပ်ကြဖို့ပေါ့…" ချီရှင်းချန် ဆက်ပြောလိုက်သည် " တကယ်လို့သူတို့က တစ်ခုခုရအောင်ပေးမှဆိုပြီး ခေါင်းမာနေကြရင် စာရေးပြီး ပို့လို့ရအောင် ကုမ္ပဏီရဲ့မေးလ်သာပေးလိုက်ပါ…"
" ကောင်းပြီ ငါမှတ်ထားလိုက်မယ်…"
အန်းရန်နှင့်အချိန်အတော်ကြာစကားပြောဆိုနေပြီးနောက် ကျန်းကျန်းနှင့်လောင်ချင်တို့မှာ နောက်ကျမှရောက်လာခဲ့ကြသည်။ ကျန်းကျန်းမှာ မိတ်ကပ်သေတ္တာကြီးသုံးခုကိုသယ်လာပြီး မိတ်ကပ်ပစ္စည်း 100mlထက်ပင် ကျော်လွန်နေပေရာ ဂိတ်တွင်စစ်ဆေးရန် အချိန်အတော်ယူလိုက်ရသည်။
သူ့ပင်တိုင်မိတ်ကပ်ဆရာ၏လက်သာထိခိုက်သွားပါက မိတ်ကပ်မလိမ်းပေးနိုင်မည်စိုးသောကြောင့် ချီရှင်းချန် သေတ္တာနှစ်ခုကို ကပျာကယာပြေးကူသယ်ပေးလိုက်သည်။
သုံးနာရီအကြာတွင် လေယာဉ်ဆိုက်ရောက်လာပြီဖြစ်ကာ သူတို့လေးဦးသား မြောက်ဘက်ပိုင်းဒေသမှ Jမြို့သို့ရောက်ရှိလာကြပြီဖြစ်သည်။ အန်းရန်မှ ရိုက်ကွင်းအဖွဲ့သားများကို လာကြိုရန်ဖုန်းခေါ်လိုက်ပြီး မကြာခင်မှာပင် ဗီအိုင်ပီဂိတ်၏ထွက်ပေါက်တွင် မီးခိုးရောင်လမ်း၏ဆိုင်းဘုတ်ကို ကိုင်ဆောင်ထားသောဒါရိုက်တာ၏လက်ထောက်ကို တွေ့လိုက်ရသည်။
မီးခိုးရောင်လမ်းမှာ ချီရှင်းချန် ပါဝင်သရုပ်ဆောင်မည့် ဝဘ်ဒရမ်မာ၏အမည်ပင်ဖြစ်သည်။
ဒါရိုက်တာ၏လက်ထောက်မှာ အသက်သုံးဆယ်ခန့်ရှိမည်ဖြစ်ပြီး သူတို့ကိုတွေ့သည်နှင့် အပြေးလာကာ နှုတ်ဆက်ခဲ့သည်။ တစ်ယောက်ချင်းစီကို လက်ဆွဲနှုတ်ဆက်ကာ သူ့ကိုယ်သူမိတ်ဆက်လာသည်
" မင်္ဂလာပါ ချီလောင်ရှီး ကျွန်တော်ကတော့ လီကျွမ်းပါ…စိတ်မရှိဘူးဆိုရင် သာ့ကျွမ်းလို့ခေါ်လို့ရပါတယ်…ကားကတော့ ပါကင်မှာရပ်ထားပြီးပါပြီ… ကျွန်တော့်နောက်ကို ခဏလောက်လိုက်ခဲ့ပေးကြပါ အားလုံးကို ကျွန်တော်ဟိုတယ်စီလိုက်ပို့ပါ့မယ်…"
" လမ်းပြပါဦး…" ချီရှင်းချန် လီကျွမ်း၏နောက်မှ ကားပါကင်စီသို့လိုက်သွားကာ မေးလိုက်သည် " သာ့ကျွမ်းကော ဒါရိုက်တာကျိုးက အခုဘယ်မှာလဲ…"
" ဒါရိုက်တာကျိုးက အခုရိုက်ကွင်းမှာပါ.. မြေပြင်အခြေအနေတွေစစ်ဆေးရင်းနဲ့ ရှုခင်းကြီးပဲရိုက်ရမဲ့အခန်းတွေ ရိုက်နေပါတယ်…" လီကျွမ်းမှ ပြန်ဖြေလာသည်။
" ဒါဆိုရင် ကျွန်တော်တို့ကို ဟိုတယ်အရင်မခေါ်သွားနဲ့ဦး…" ချီရှင်းချန် ခဏမျှတွေးကာ ပြောလိုက်သည် " ရိုက်ကွင်းကိုပဲ တိုက်ရိုက်ခေါ်သွားပေးပါ…"
ပုံမှန်အားဖြင့် ဇာတ်ကားတစ်ကား၏အဓိကဇာတ်လိုက်မင်းသားနှင့် မင်းသမီးတို့မှ ဟိုတယ်သို့အရင်သွားရမည်ဖြစ်ပြီး ညနေခင်းမှသာ ဒါရိုက်တာနှင့်ထုတ်လုပ်သူတို့ကို သွားတွေ့ရမည်ဖြစ်သည်။ နောက်တစ်နေ့မှသာ ဒါရိုက်တာမှ သူတို့ကို အားလုံးနှင့်မိတ်ဆက်ပေးရန်အတွက် ရိုက်ကွင်းနေရာသို့ခေါ်သွားပေးရလိမ့်မည်။
ပွင့်ပွင့်လင်းလင်းပြောရမည်ဆိုလျှင် ဤသည်မှာ အနေအထားနှင့်မည်သူဖြစ်သည်ဟူသောကိစ္စဖြစ်ပြီး အဓိကဇာတ်လိုက်တစ်ဦးအနေဖြင့် အဓိကဇာတ်လိုက်၏ပုံစံရှိရမည်ပင်။ ထို့ကြောင့် ချီရှင်းချန် သမုဒ္ဒရာ၏နှလုံးသားကိုရိုက်ကူးစဉ်က ဒါရိုက်တာစီသို့ ကိုယ်တိုင်သွားတွေ့ရန် ရိုက်ကွင်းကိုသွားခဲ့ခြင်းဖြစ်သည်။
မည်သို့ပင်ဆိုစေကာမူ သာ့ကျွမ်းမှာ ချီရှင်းချန် အဘယ့်ကြောင့်ထိုသို့လုပ်သည်ကို မသိနေသည့်အတွက် သူ့ကိုတားမြစ်ခြင်းမရှိချေ။ သူတို့အားလုံးကို M1 လိုဂိုပါသည့်ကားစီသို့သာ ခေါ်သွားခဲ့သည်။
Mဆိုသည်မှာ Male ၊ 1ဆိုသည်မှာ နံပါတ်ဖြစ်ကာ M1ဆိုသည်မှာ အမျိုးသားဇာတ်လိုက်နံပါတ်တစ်ကို ဆိုလိုခြင်းဖြစ်သည်။ ဤကားမှာ ချီရှင်းချန်ကိုသာ အကြိုအပို့လုပ်ပေးရန် ရည်ရွယ်ထားခြင်းဖြစ်ကာ မည်သူကမှမသုံးနိုင်သလို မည်သူကမှလည်း သုံးရန်အရည်အချင်းမပြည့်မီပေ။
ချီရှင်းချန် ပထမဆုံးအနေဖြင့် အထူးတလည်ဆက်ဆံခံရခြင်းအပေါ် ပျော်ရွှင်နေမိသည်။ သူအနည်းငယ်စိတ်လှုပ်ရှားနေသည့်အတွက် သာ့ကျွမ်းမှတံခါးဖွင့်ပေးလိုက်သည်နှင့် အတွင်းသို့ခုန်ဝင်သွားခဲ့သည်။
သာ့ကျွမ်း ပြောရန်စကားများ ပျောက်ရှသွားရသည်။
အန်းရန်မှာမူ သူ့ကို မြေပိုင်ရှင်ကြီး၏အရူးသားတစ်ယောက်ကဲ့သို့ကြည့်ကာ သက်ပြင်းခပ်ဖျော့ဖျော့သာ ချနေခဲ့သည်။
လူတိုင်းကားပေါ်တွင် နေရာချပြီးသည်နှင့် သာ့ကျွမ်း ရိုက်ကွင်းစီသို့ တန်းတန်းမောင်းချသွားခဲ့သည်။ သူအနေနှင့် ဤလမ်းများကိုအကျွမ်းဝင်နေသောကြောင့် ယနေ့အတွက်ကားမောင်းပို့ပေးခြင်းဖြစ်ပြီး မနက်ဖြန်မှစ၍ နောက်လာမည့်နေ့များတွင် လောင်ချင်ကသာမောင်းပေးလိမ့်မည်။
သူတို့မြေအောက်ကားပါကင်မှ ထွက်လာသည်နှင့် ချီရှင်းချန် ဘေးပတ်ဝန်းကျင်ကို အမှတ်မထင်ကြည့်လိုက်ရာ Hမြို့နှင့်မတူဘဲ Jမြို့၏ကောင်းကင်မှာ နှင်းများဖြင့် ကြိုကြားကြိုကြားဖုံးလွှမ်းနေသည်ကို သတိပြုမိသွားသည်။
" သာ့ကျွမ်းကော ဒီမှာဘယ်အချိန်တုန်းက နှင်းစကျတာလဲ…" ချီရှင်းချန် လေပူတစ်ချက်မှုတ်ထုတ်လိုက်ရင်းဖြင့် မေးလိုက်သည်။
" အပူချိန်ကတော့ လွန်ခဲ့တဲ့ရက်အနည်းငယ်လောက်ကတည်းက ကျသွားတာ…" သာ့ကျွမ်းမှ ပြန်ဖြေလာသည် " ဒါကြောင့် မနေ့တုန်းက စာပို့တော့ အနွေးထည်တွေပိုထည့်လာဖို့ ပြောခဲ့တာလေ…အခုတောင်အပြင်မှာ အနုတ်ကိုးဒီဂရီအထိရောက်နေပြီ…ဒီနှင်းတွေပြီးရင်တော့ အနုတ်တစ်ဆယ်အောက်ကျလာမှာတောင် စိုးရတယ်…"
သာ့ကျွမ်း၏စကားကို ကြားလိုက်ရချိန်၌ ချီရှင်းချန် ချက်ချင်းဆိုသလို ပိုင်ရဲ့ကိုတွေးမိသွားသည်။ ယခုအချိန်မှာ နှစ်ကုန်ခါနီးပြီဖြစ်ရာ နှစ်သစ်ကူးပွဲတော်နှင့် အခြားပွဲများမှာ တစ်ခုပြီးတစ်ခုဆက်နေပြီး ရိုက်ကူးရေးများသာမက တိုက်ရိုက်ထုတ်လွှင့်မှုများလည်း ရှိလေသည်။ ထို့အပြင် အချို့သောမီဒီယာပလက်ဖောင်းများကလည်း နှစ်ကုန်စာရင်းချုပ်ပွဲတော်များကျင်းပကြပြီး အားလုံးမှာပိုင်ရဲ့ထံ ဖိတ်စာများပို့ကြမည်ဖြစ်သောကြောင့် လွန်ခဲ့သောရက်အနည်းငယ်အတွင်း ပိုင်ရဲ့မှာ ဟိုမြို့ ဒီမြို့နှင့်မြို့များအကြား ကောင်းကင်ယံတွင် ပြေးလွှားနေခဲ့ရပေလိမ့်မည်။
တချို့သောအချိန်များတွင် မလွှဲရှောင်နိုင်ဘဲ အပူပိုင်းဒေသမှအအေးပိုင်းဒေသများသို့ သွားရောက်ရမည်ဖြစ်သောကြောင့် အပူနှင့်အအေးကြားတွင် အအေးမိနိုင်ရန်လွယ်ကူပေမည်။ ချီရှင်းချန် စကားပြောနေခြင်းကိုရပ်ကာ အားလွင်ထံစာပို့လိုက်သည် : [ အားလွင် မင်းတို့ဟိုတယ်ရဲ့လိပ်စာပေးပါ…]
အားလွင်ထံတွင် မည်သည့်လုပ်စရာမှမရှိနေခြင်းကြောင့် ဖြစ်နိုင်ပေမည် ချက်ချင်းဆိုသလို စာပြန်လာသည် : [ လမ်း * ဟိုတယ်ပါ… ရှင်းရှင်းကဘာလို့လိပ်စာသိချင်ရတာလဲ…]
ရှင်းရှင်း : [ မင်းတို့ဘော့စ်အတွက် တစ်ခုခုဝယ်ပေးမလို့လေ…]
ပါဆယ်ဝယ်ယူသည့်အက်ပလီကေးရှင်းအများစုတွင် ကူညီဝယ်ယူပြီး ကူညီပို့ဆောင်ပေးသည့်စနစ်ပါဝင်ကြသည်။ ချီရှင်းချန် စာပြန်ပို့ပြီးနောက် ဖုန်းအတွင်းရှိမြေပုံကိုဖွင့်ကာ ဒေသခံစူပါမားကတ်ကို ရှာဖွေလိုက်သည်။ ထို့နောက် လက်အပူပေးစက်များ၊ အပူချောင်းများ၊ အပူခံဓာတ်ဘူးများ၊ အအေးမိပျောက်ဆေးများနှင့် ပိုးသတ်ဆေးများကဲ့သို့ ပစ္စည်းနှင့်ဆေးအစုံလိုက်များကို မှာယူလိုက်သည်။
အော်ဒါမတင်ခင် ရုတ်တရက်ဆိုသလို သူ ပိုင်ရဲ့မှ အင်္ကျီဆင်တူဝတ်ချင်ကြောင်း ပြောခဲ့ဖူးသည်ကို မှတ်မိသွားခဲ့သည်။
ထိုအချိန်တုန်းက သူ ပိုင်ရဲ့အတွက် အဝတ်အစားများဝယ်ပေးရန် စဉ်းစားခဲ့ဖူးသော်လည်း ပိုင်ရဲ့မှာ အင်္ကျီအဝတ်အစားရွေးရာတွင် ဇီဇာကြောင်တတ်သည့်အပြင် သူသည်လည်း ပိုင်ရဲ့ဝတ်သည့်ဆိုဒ်ကို မသိနေသောကြောင့် မည်သည့်အရာမှ မဝယ်ခဲ့ရပေ။
ယခုအချိန်၌ အခွင့်အရေးကောင်းကောင်းရရှိလာပြီဖြစ်သည်။
ချီရှင်းချန်၏အကြည့်မှာ ဈေးဝယ်စင်တာကြီးတစ်ခုပေါ်သို့ ကျရောက်သွားပြီး အဆုံး၌ သူ့စိတ်ဆန္ဒအလိုကို မလွန်ဆန်နိုင်ဘဲ သိုးမွှေးညအိပ်ဝတ်စုံတစ်စုံကို မှာယူမိလိုက်သည်။
တိုက်တိုက်ဆိုင်ဆိုင်ပင် Jမြို့တွင်လည်း ထိုကဲ့သို့ဈေးဝယ်စင်တာကြီးရှိနေသောကြောင့် သူ့ကိုယ်တိုင်နှင့်ပိုင်ရဲ့အတွက် ပုံစံတူညီပြီးအဆင်မတူသောညအိတ်ဝတ်စုံများကို မှာယူလိုက်သည်။
ပစ္စည်းအားလုံးကိုမှာယူပြီးချိန်တွင် ချီရှင်းချန် အားလွင်ထံစာပို့လိုက်သည် : [ ပစ္စည်းတွေက ညနေကြရင်ရောက်လာလိမ့်မယ်… သွားယူဖို့အတွက်ကတော့ မင်းရဲ့ဖုန်းကိုပဲ ချန်ထားခဲ့လိုက်တော့မယ်နော်…ကျေးဇူးပြုပြီး ရောက်ရင်သွားယူပေးပါဦး…ကျွန်တော်တို့ တွေ့တဲ့အခါကြမှပဲ ကောင်းကောင်းဧည့်ခံပါတော့မယ်နော်…]
ရှင်းရှင်း : [ ပြီးတော့ မင်းတို့ရဲ့ဘော့စ်ကိုလည်း မပြောနဲ့ဦးနော်… စပရိုက်အသေးလေးတိုက်တယ်လို့ပဲ သဘောထားလိုက်ပါ… ဟီးဟီး ]
အားလွင် အိုကေဟူသည့်အီမိုဂျီပို့ပေးလိုက်ပြီးနောက် ပြန်လှည့်ကာ သူ့ကိုထမင်းကျွေးမည့်သူအား သစ္စာဖောက်ရန်အတွက် ပိုင်ရဲ့ကို လှမ်းပြောလိုက်သည် " ရှင်းရှင်းအခုပဲဆက်သွယ်လာတယ်…"
" ဟမ်.." နားနေခန်းတွင် စောင့်ဆိုင်းနေသည့်ပိုင်ရဲ့မှ မျက်ခုံးတစ်ဖက်ပင့်ကာ မေးလိုက်သည် " သူကမင်းကိုဘာလို့ခေါ်တာလဲ…"
" အစ်ကို့အတွက်ဝယ်ထားတာရှိလို့ ကျွန်တော့်ကိုသွားယူပေးပါတဲ့…"
" ဘာဝယ်လာတာလဲ…"
" မသိဘူးလေ… ပါဆယ်ဖြစ်ဖြစ်... တစ်မြို့တည်းဆိုတော့ အိမ်တိုင်ရာရောက်ပို့တာဖြစ်ဖြစ် ဖြစ်မှာပေါ့…"
သူ၏ဖန်ကလေးနှင့် ချစ်ကြိုက်နေသည်မှာ အချိန်အနည်းငယ်ကြာပြီဖြစ်သော်လည်း သူတို့၏အလုပ်သဘာဝအရနှင့် မိသားစုအခြေအနေအရာ သူတို့နှစ်ဦးတွင် မည်သည့်အရာမှာ ပြတ်လပ်နေခြင်းမရှိခဲ့ပေရာ အချင်းချင်းလက်ဆောင်ပေးလေ့ မရှိခဲ့
ပေ။
ပိုင်ရဲ့ အမှန်တကယ်ပင် သိချင်သွားခဲ့သည် " ရောက်လာရင်ပြော ငါကိုယ်တိုင်သွားယူလိုက်မယ်…"
အားလွင် ထိတ်လန့်သွားရသည် " ဘောစ့် ပါပါရာဇီတွေက…"