အပိုင်း ၁၂၂
Viewers 29k

Chapter 122




" ရတယ်…" ပိုင်ရဲ့ကြားဖြတ်ပြောလိုက်သည် " သူတို့ကိုစိတ်ပူမနေနဲ့…"


ခဏမျှရပ်တန့်လိုက်ပြီးနောက် ပိုင်ရဲ့ဆက်ပြောလာသည် " မင်းညပြန်ရောက်တဲ့အချိန်ကြရင် ဒီလအတွက် အသိပေးချက်ကို ငါ့မေးလ်ထဲပို့လိုက်…"


" အသိပေးချက်…ဘော့စ်မှာ အထူးတလည်ပြင်ဆင်ချက်တွေ ရှိနေလို့လား…"


ပိုင်ရဲ့ အားလွင်ထံ အကြည့်တစ်ချက်ပေးလိုက်ပြီး " စကားအများကြီးမပြောနဲ့…" ဟူ၍ပြောကာ လျစ်လျုရှူထားလိုက်သည်။


လမ်းကျဉ်းလေးတစ်ခု၊ ပြိုကျပျက်ဆီးလုနီးပါးဖြစ်နေသည့်တိုက်ဟောင်းအချို့၊ အမှိုက်ထုပ်များနှင့် မိုးရွာထားခြင်းကြောင့် အနံဆိုးခပ်ဖျော့ဖျော့ထွက်နေသည့် ရေဆိုးမြောင်းတို့မှာ မီးခိုးရောင်လမ်း၏အဓိကမြင်ကွင်းဖြစ်သည်။


၎င်းမှာ Jမြို့၏မြို့စွန်တွင်တည်ရှိပြီး ဆောင်းအဝင်ရာသီဥတု၏နေ့လည်နှစ်နာရီဖြစ်နေသည့်အတွက် ညစ်ပေနေသောလမ်းမများပေါ်တွင် ဒေသခံများစွာသွားလာနေခြင်းမရှိချေ။


တစ်ခါတစ်ရံတွင်သာ အမျိုးသမီးတစ်ဦးမှ အမှိုက်ပစ်ရန် ထွက်လာခဲ့သည်။ သူမသည် အပေါစားသား‌မွှေး‌အနွေးထည်နှင့်ချည်ဖိနပ်ကို ဝတ်ဆင်ထားပြီး သူတို့ကိုဖြတ်လျှောက်သွားချိန်၌ ဆဲဆိုနေခဲ့သည်။ ဒုတိယအထပ်၏ဘယ်ဘက်အစွန်တွင်မူ လူငယ်စုံတွဲတစ်တွဲမှာ စကားများရန်ဖြစ်နေကြကာ ခွေးတစ်ကောင်၏ဟောင်သံမှာလည်း လူများ၏နားစည်ကို ကုတ်ခြစ်နေခဲ့သည်။


သာ့ကျွမ်းမှ ရှက်ရွံ့စွာပြောလာသည် " ဒီကပတ်ဝန်းကျင်အခြေအနေက အတော်လေးမကောင်းတော့ ချီလောင်ရှီးကို ဒုက္ခများစေခဲ့ပြီ… တောင်းပန်ပါတယ်နော်…"


" သာ့ကျွမ်းကော ကျွန်တော့်ကို ရှင်းရှင်းလို့ခေါ်ရင် ရပါပြီ… လောင်ရှီးလို့ခေါ်ဖို့ကြတော့ နည်းနည်းကိုးရိုးကားယားနိုင်တယ်လေ…" ချီရှင်းချန်မှာမူ ပတ်ဝန်းကျင်အပေါ် ဂရုစိုက်မနေချေ။ ဘေးနားပတ်လည်သို့ တစ်ချက်ကြည့်ကာ ချီးကျူးလိုက်သည် " ဒါရိုက်တာကျိုးက တကယ့်ကိုနေရာကောင်းရွေးထားတာပဲ…"


မီးခိုးရောင်လမ်း၏အဓိကဇာတ်လိုက် လျန်ရှောင်လုံမှာ ငယ်စဉ်ကတည်းက မိသားစုနှင့်ခွဲခွာခဲ့ရသူဖြစ်သည်။ သူငယ်စဉ်အခါက လူကုန်ကူးသူများထံမှ ပြန်ပေးဆွဲခံလိုက်ရပြီး ကျေးလက်တောရွာသို့ အပို့ခံရကာ မျိုးရိုးနာမည်လျန်ရှိသော လယ်သမားမိသားစုထံရောင်းချခြင်းကို ခံလိုက်ရသည်။


လျန်ရှောင်လုံ လျန်မိသားစုထံပထမဆုံးရောက်ရှိသည့်နေ့တွင် ပတ်ဝန်းကျင်နှင့်လိုက်လျောညီထွေမရှိသေးသည့်အပြင် လမ်းကြမ်းများကြောင့် အပြင်းဖျားခဲ့လေသည်။ သူသက်သာသွားပြီးနောက် သူ၏မိဘအရင်းများကို မေ့သွားရုံသာမက ဉာဏ်ရည်ကိုပါ ထိခိုက်သွားခဲ့ရသည်။ ၎င်းမှာ သူ၏နေ့စဉ်ဘဝကို မထိခိုက်စေခဲ့သော်လည်း အခြားသူများနှင့်ယှဉ်ပါက လျန်ရှောင်လုံမှာ နှေးကွေးနေဆဲပင်ဖြစ်သည်။


ထို့ကြောင့် ကောလိပ်ဝင်စာမေးပွဲဖြေရာတွင် ကျရှုံးခဲ့ရလေသည်။ လျန်ရှောင်လုံ သူ၏ပညာသင်ကြားမှုကို ဆက်လက်လုပ်ဆောင်ချင်သော်လည်း သူ၏မိသားစုအခြေအနေမှာမူ သူ့ကိုခွင့်မပြုနေခဲ့ပေ။ ဤသို့ဖြင့် အကူအညီကင်းမဲ့စွာ မြို့သို့တက်လာကာ တစ်ယောက်ခန်းတစ်ခန်းငှား၍ ကျောင်းစရိတ်အတွက် အလုပ်လုပ်ရင်းဖြင့် အထက်တန်းကျောင်းစာများကို ပြန်နွှေးနေခဲ့သည်။


သူ၏ငယ်ရွယ်ပြီး ပိန်ပါးသောကိုယ်ဟန်ကြောင့် ရဲအရာရှိဖြစ်သူ အမျိုးသမီးဇာတ်လိုက်မှ စီးပွားရေးလုပ်ငန်းတစ်ခုကို စစ်ဆေးနေစဉ်အတွင်း ကလေးလုပ်သားအဖြစ်မှတ်ယူကာ ရဲစခန်းသို့ခေါ်‌ဆောင်သွားခဲ့သည်။ ထို့နောက် သူမ လျန်ရှောင်လုံမှာ လွန်ခဲ့သောဆယ်နှစ်ကျော်က ကလေးပြန်ပေးဆွဲမှုများထဲမှ သားကောင်တစ်ယောက်ဖြစ်သည်ကို မတော်တဆသိရှိသွားခဲ့သည်။


အမှုတွဲကို ပွင့်ဟသွားပြီဖြစ်သည့်အတွက် မျိုးဆက်နှစ်ခုကြာ ပြန်ပေးဆွဲမှုများကြောင့် ခြေကုန်လက်ပမ်းကျနေခဲ့ရသည့် ရဲအရာရှိများမှာ နောက်ဆုံး၌ လိုဏ်ခေါင်းအဆုံးမှ အလင်းရောင်ကို မြင်တွေ့လာရပြီဖြစ်သည်။ အမျိုးသမီးဇာတ်လိုက်မှ သူ၏မိဘအရင်းများကို စတင်၍ပြန်လည်ရှာဖွေပေးကာ ပြန်ပေးဆွဲမှုတိုက်ဖျက်ရေးလမ်းကြောင်းအရှည်ကြီးပေါ်သို့ ခေါ်ဆောင်သွားပေးခဲ့သည်။


မီးခိုးရောင်လမ်း၏ စိတ်ခံစားမှုဆိုင်ရာအပိုင်းများမှာ အတော်လေးရိုးရှင်းလှပြီး ပုံမှန်တွေ့နေကြ အစ်မကြီးနှင့်မောင်လေးဆက်‌ဆံရေးနှင့် ကယ်တင်ပေးသောလမ်းကြောင်းမျိုးသာဖြစ်သည်။ ဇာတ်ကြောင်း၏စည်းချက်မှာမူ တင်းမာပြီးရှုပ်ထွေးနေကာ ၎င်းတွင် ဒါရိုက်တာ၏ထေ့လုံးငေါ့လုံးများပါဝင်နေပြီး အလွန်လွှမ်းမိုးနိုင်စွမ်းရှိလေသည်။


ချီရှင်းချန် စိတ်ရှိပုံမရသောကြောင့် သာ့ကျွမ်း လျှာကိုသာ တိတ်တဆိတ်ကိုက်ကာ ရိုက်ကွင်းနေရာသို့ ခေါ်သွားပေးလိုက်ရသည်။


ထိုအချိန်၌ ဒါရိုက်တာမှာ ဇာတ်ဆောင်မပါဝင်သေးသည့်ရှုခင်းဇာတ်ကွက်များကို ရိုက်ကူးနေသည့်အတွက် ချီရှင်းချန် အန်းရန်ကို တိတ်တိတ်နေရန်အချက်ပြလိုက်ပြီး သူကိုယ်တိုင်လည်း ဒါရိုက်တာ၏နောက်တွင်ရပ်ကာ သူ၏ရိုက်ကူးပုံနည်းလမ်းများကို တိတ်တဆိတ်အကဲခတ်နေလိုက်သည်။


နာရီဝက်ပင်မကြာလိုက်ချေ ရှုခင်းရိုက်ကူးရေးမှာ ပြီးဆုံးသွားခဲ့သည်။ အန်းရန် ဒါရိုက်တာသွားကာ နှုတ်ဆက်လိုက်ပြီး နှစ်ဦးသားစကားအနည်းငယ်ဖလှယ်လိုက်ပြီးနောက် ဒါရိုက်တာကျိုးမှ ချီရှင်းချန်ထံ လက်ယမ်းပြလာသည် " ရှောင်ချီ ဒီကိုလာပါဦး…"


ချီရှင်းချန် နာနာခံခံဖြင့် သွားလိုက်သည်။


ဒါရိုက်တာကျိုးမှ " တစ်မနက်လုံးအလုပ်ရှုပ်နေရတာတောင် ဘာလို့ဟိုတယ်မှာ အရင်သွားမနားနေရတာလဲ.."


" ကျွန်တော်လျန်ရှောင်လုံနေထိုင်တဲ့ပတ်ဝန်းကျင်ကို မြင်ချင်လို့ပါ…" ချီရှင်းချန် ပွင့်လင်းစွာ ပြန်ဖြေလိုက်သည် " အဲဒါဆိုရင် ကျွန်တော် ဇာတ်ကောင်ထဲဖြည်းဖြည်းချင်းဝင်နေဖို့ မလိုတော့ဘူးလေ…"


ဒါရိုက်တာကျိုးမှာ ကြောင်အသွားရသည်။ သူသည် ယခုနှစ်တွင် အသက်သုံးဆယ့်ခြောက်နှစ်ရှိပြီဖြစ်ပြီး ဘွဲ့ရပြီးကတည်းကစ၍ ရုပ်ရှင်ငါးကား ခြောက်ကားခန့်ရိုက်ခဲ့ဖူးကာ သရုပ်ဆောင်အယောက်တစ်ရာထက်မနည်းကို ဆုံတွေ့ခဲ့ဖူးသည်။ ဤသည်မှာ သူ၏ပထမဆုံးအကြိမ်အဖြစ် လူငယ်သရုပ်ဆောင်တစ်ဦးမှ ရိုက်ကွင်းနေရာသို့ ရောက်သည်နှင့် ဇာတ်ကောင်ထဲမည်သို့ဝင်ရမည်အား စဉ်းစားနေကြောင်းကို သူမြင်ဖူးရခြင်းပင်။


ဒါရိုက်တာကျိုးမှာ ရယ်ရမည်လား ငိုရမည်လားကိုပင် မသိတော့‌သောကြောင့် ပြောလိုက်ရသည် 


" မင်းရဲ့အဆုံးသတ်မိတ်ကပ်ပြင်ဆင်ပြီး ဓာတ်ပုံရိုက်ကူးရေးက မနက်ဖြန်မှစမှာပါ…သန်ဘက်ခါကြမှ မင်းနဲ့ဇာတ်လိုက်မင်းသမီးတို့က ဖွင့်ပွဲလုပ်ရမှာ.. ရိုက်ကူးရေးကလည်း အဲဒီနေ့နောက်ပိုင်းမှဆိုတော့ အရမ်းလောနေဖို့မလိုပါဘူး…"


ချီရှင်းချန် ‌ခေါင်းကိုသာ ခိုင်ခိုင်မာမာယမ်းလိုက်သည်။ သူအနေဖြင့် လာမည့်‌ရက်အနည်းငယ်အတွင်း ဤနေရာတဝိုက်တွင် လှည့်လည်သွားလာကြည့်မည်ဖြစ်ကာ ထိုအချိန်မှသာ လျန်ရှောင်လုံလုပ်လေ့ရှိသည့်အရာများကို အဖြေထုတ်နိုင်မည်ဖြစ်သည်။


အဆုံး၌ လူတစ်ယောက်၏စိတ်နေစိတ်ထားမှာ သူရှင်သန်ကြီးပြင်းလာရသော ပတ်ဝန်းကျင်‌အပေါ်တွင် များစွာအကျိုးသက်ရောက်မှုရှိနေသည်ဖြစ်ရာ အမှန်တကယ်မတွေ့ကြုံရဘဲနှင့် သူတစ်ဖက်လူ၏ ပျော်ရွှင်မှုနှင့်ဝမ်းနည်းမှုတို့ကို နားလည်နိုင်မည်မဟုတ်ချေ။


ထိုနေ့တွင် ချီရှင်းချန် ရိုက်ကူးရေးအဖွဲ့သားများနှင့် ညရှစ်နာရီအထိ နေခဲ့သည်။ ဟိုတယ်သို့ပြန်ရောက်ပြီးနောက် ဒါရိုက်တာနှင့်ရိုက်ကူးရေး၏အဓိကအဖွဲ့သားများမှ သူ့အတွက်ရိုးရှင်းသောကြိုဆိုပွဲတစ်ခု လုပ်ပေးခဲ့ကြသည်။ ညဆယ်နာရီခွဲအချိန်၌ မနက်ဖြန်ရိုက်ကူးရေးအပေါ်မထိခိုက်စေရန်အတွက် ဒါရိုက်တာကျိုးမှ လူတိုင်းကိုအချိန်အတိအကျရပ်ခိုင်းလိုက်ကာ သူတို့၏အခန်းများစီသို့ ပြန်ပို့ပေးလိုက်သည်။


ကြိုဆိုပွဲစတင်ခင်မှာပင် ချီရှင်းချန်ဖုန်း၏ဘတ်ထရီမှာ ကုန်ခါနီးဖြစ်နေသဖြင့် သူ၏မိသားစုဝင်များနှင့် ပိုင်ရဲ့ကို ကမန်းကတန်းအသိပေးလိုက်ရသည်။ ထို့ကြောင့် အခန်းသို့ပြန်ရောက်ချိန်မှသာ ဖုန်းအားသွင်း၍ ဖွင့်ကြည့်လိုက်ရာ ချီမိသားစုဝင်များ၏ကိုယ့်ကိုကိုယ်ဂရုစိုက်ရန် မှာကြားထားသောစာများအပြင် စကားပြောခန်း၏ထိပ်ဆုံးတွင် မဖတ်ရသေးသောတောက်ပသည့်အသိပေးစာသုံးခုရှိနေခဲ့လေသည်။


ချီရှင်းချန် လျင်မြန်စွာ ဖွင့်ဖတ်လိုက်ရသည်။


ယွဲ့ : [ ? ]


ယွဲ့ : [ ? ]


ယွဲ့ : [ ? ]


၎င်းမှာ အမှန်တကယ်ပင် တူညီသောစာသုံးစောင်ဖြစ်ပြီး ချီရှင်းချန်၏ခေါင်းထဲတွင် မေးခွန်းသင်္ကေတများဖြင့် ပြည့်နှက်သွားရသည် : [ ကောကော ဖုန်းများ ဟန်းသွားတာလား…]


ယွဲ့ : [ မဟန်းပါဘူး…]


ယွဲ့ : [ ကြိုဆိုပွဲပြီးပြီလား…]


ရှင်းရှင်း : [ အခုပဲပြီးတာ…]


ရှင်းရှင်း : [ ဘာလို့ မေးခွန်းသင်္ကေတတွေ အများကြီးပို့ထားရတာလဲ…]


ပိုင်ရဲ့ : "...."


မင်းလေးက မေးရဲသေးတယ်ပေါ့လေ…


ပိုင်ရဲ့ ကူကယ်ရာမဲ့စွာဖြင့် စာရိုက်လိုက်ရသည် : [ ကိုယ်မင်းဝယ်ထားပေးတာတွေ ရပြီးပြီ…လက်အနွေးပေးစက်တို့ ရေနွေးခွက်တို့ကို သဘောကျပါတယ်… ဒါပေမယ့် ညအိပ်ဝတ်စုံက ဘယ်လိုဖြစ်တာလဲဟင်…]


ရှင်းရှင်း : [ ဟင် မကြိုက်လို့လား..]


ပိုင်ရဲ့ ကုတင်ပေါ်တွင်ဖြန့်ခင်းထားသော သိုးမွှေးညအိပ်ဝတ်စုံများကို ကိုင်ကြည့်နေမိသည်။ ၎င်းတို့မှာ အဖြူနှင့်အမည်းပန်းပွင့်များဖြစ်ကြသော်လည်း ပုံမှန်အဖြူအမည်းပန်းပွင့်များမဟုတ်ကြချေ။


၎င်းမှာ နွားရုပ်ပေါ်တွင် ပန်းပွင့်များရိုက်နှိပ်ထားသည့်အမျိုးအစားပင်။


အမှန်တကယ်ကိုပဲ ချီရှင်းချန် အနောက်ဘက်တင်ပါးတွင် အမြီး‌ကလေးပါသည့် အလွန်ချစ်စရာကောင်းသောနွားရုပ်ပုံ ညအိပ်ဝတ်စုံကို ရွေးချယ်ခဲ့ခြင်းဖြစ်သည်။


ပိုင်ရဲ့ နှစ်အတော်ကြာနေလာခဲ့ပြီးဖြစ်သော်လည်း ထိုမျှကလေးဆန်သောညအိပ်ဝတ်စုံမျိုး မဝတ်ခဲ့ဖူးပေ။


ပိုင်ရဲ့ ခဏမျှစဉ်းစားလိုက်ပြီးနောက် သူ့ချစ်သူကလေးမနာကျင်သွားစေနိုင်မည့် စကားလုံးများကို ဂရုတစိုက်ရွေးချယ်လိုက်ရသည် : [ ညအိပ်ဝတ်စုံတွေက ကောင်းပါတယ်…ဒါပေမယ့် ကိုယ်နဲ့မတော်ဘူးလေ..]


ရှင်းရှင်း : [ ဒါဆို ဆိုဒ်မမှန်တာလား… အင်္ကျီရဲ့အသားမမှန်တာများလား…]


ပိုင်ရဲ့ ခဏမျှ ‌တွေးလိုက်ရပြီး : [ ကိုယ့်အသက်အရွယ်နဲ့ မကိုက်တာပါ…]


ယွဲ့ : [ ဆိုဒ်က အရမ်းကွက်တိကျပါတယ်…ဒါပေမယ့် အဆင်က..]


သို့သော်လည်း တစ်ဖက်လူ၏စာရိုက်နေခြင်းမှာ ရပ်တန့်သွားသည့်အတွက် ပိုင်ရဲ့ဆယ်မိနစ်ခန့်စောင့်ဆိုင်းနေလိုက်သည်။ သူတွေးလေလေ နောင်တရမိလေလေဖြစ်နေရသည်ပင်။


သူပြောလိုက်တာတွေကများ သူ့ဖန်ကလေးရဲ့နှလုံးသားကို နာကျင်သွားစေမိပြီလား…


သေသေချာချာတွေးကြည့်ပါက သူ၏ဖန်လေးမှာ ယခင်က မြင်းကျားပုံစံညအိပ်ဝတ်စုံကို ဝတ်ခဲ့ဖူးကာ သူ့ထံတွင် အဖြူနှင့်အမည်း တိရစ္ဆာန်ပုံညအိပ်ဝတ်စုံများအပေါ် ပျော့ကွက်ရှိနိုင်ပေမည်။ အကယ်၍သာ သူကလေးဆန်ကြောင်း ထုတ်ပြောမိပါက တစ်ဖစ်လူ၏အကြိုက်ကို အလွယ်တကူဝေဖန်မိသည်ဟု အထင်လွဲခံရနိုင်သည်။


"...." ပိုင်ရဲ့တွေးလေလေ အပြစ်ရှိသလို ခံစားလာရလေလေ ဖြစ်သောကြောင့် ဖုန်းကိုကောက်ကိုင်ကာ သူ့ဖန်ကလေးကို နှစ်သိမ့်ပေးချင်မိသည်။


သို့သော်လည်း သူ့ဘက်မှ ဗီဒီယိုကောမခေါ်ခင်မှာပင် တစ်ဖက်လူ၏ဖုန်းခေါ်ဆိုမှုမှာ ဝင်လာပြီး နှစ်စက္ကန့်အကြာတွင် လက်သည်တရားခံဖြစ်သော သူ၏ဖန်ကလေးမှာ ဖုန်းမျက်နှာပြင်ပေါ်တွင် ပေါ်လာခဲ့သည်။


ချီရှင်းချန်၏နှာခေါင်းနှင့်ပါးစပ်မှာ နီရဲနေကာ ရင်ဘတ်မှာ နိမ့်ချည်မြင့်ချည်ဖြစ်နေပြီး တစ်စုံတစ်ခုကို အလျင်စလိုလုပ်ဆောင်ခဲ့ရခြင်းကြောင့် အနည်းငယ်မောဟိုက်နေပုံရသည်။


ချီရှင်းချန်၏ဆံပင်များမှာ အနည်းငယ်ရှုပ်ပွနေသော်လည်း ၎င်းတို့ကိုရေဖြင့်ဖြီးသင်လာပုံပင်။ သူ၏လည်ပင်းမှာ ဖြူဖွေးသွယ်လျနေပြီး အောက်သို့ဆက်ကြည့်လိုက်ချိန်တွင်…တစ်ပုံစံတည်းတူညီလုနီးပါးဖြစ်သော်လည်း ပို၍သေးငယ်သော အပွင့်များပါသည့်နွားရုပ်ညအိပ်ဝတ်စုံကို ဝတ်ဆင်ထားသည်အား မြင်လိုက်ရသည်။


အရောင်းဈေးသည်တစ်ယောက်ကဲ့သို့ ချီရှင်းချန်မှ သူ၏ပစ္စည်းအတွက် မတရားခံရမှုကို ရှင်းပြလာခဲ့သည်


 " ဒီညအိပ်ဝတ်စုံတွေက အရမ်းမဆိုးပါဘူးနော်… သူကနွေးထွေးတယ် အမွှေးပွပွလေးနဲ့ အရမ်းနူးညံ့တာပဲ…ကျွန်တော်အခုပဲစမ်းဝတ်ကြည့်ပြီးသွားပြီ…ပြီးတော့ ချွေးထွက်နေရင်တောင် သက်တောင့်သက်သာရှိပါတယ်နော်…ပစ္စည်းအရည်အသွေးကလည်း အရမ်းကောင်းပါတယ်… ပြီးတော့ အရမ်းလည်းချစ်ဖို့ကောင်းတယ်လေ…"


ပိုင်ရဲ့ ခေါင်းငြိမ့်လိုက်ပြီး မေးလိုက်မိသည် " အတော်လေးချစ်ဖို့ကောင်းပါတယ်လေ… ဒီလိုဆိုရင် မင်းအတွက်ပါဝယ်လာခဲ့တာလား…" 


" ကျွန်တော်နှစ်ထည်လုံးကို အတူတူ ဝယ်လိုက်တာပါ…" ချီရှင်းချန်၏အသံမှာ တိုးသွားခဲ့သည် " ကောကောပဲ ကျွန်တော့်နဲ့စုံတွဲဝတ်စုံဝတ်ချင်တယ်ဆိုပြီး ပြောထားတာမဟုတ်ဘူးလား…"


ပိုင်ရဲ့ ကြောင်အသွားရသည်။


" ကျွန်တော့်မှာ‌ ကောရဲ့အင်္ကျီဆိုဒ်မရှိတော့ ဒီအတိုင်းရမ်းသမ်းပြီးမဝယ်ရဲဘူးလေ… ညအိပ်ဝတ်စုံတွေကြတော့ ပိုပြီးဆွဲသားပါတာနဲ့ စုံတွဲဝတ်စုံဝယ်ချလိုက်တာ…"


" ကောင်းပြီ…" ပိုင်ရဲ့၏အကြည့်များမှာ နူးညံ့သွားရသည် " ကိုယ်သိပါပြီ… ကိုယ့်ကိုခဏလေးစောင့်ပေးနော်…"


ပိုင်ရဲ့ ထရပ်ကာ ကင်မရာရှေ့မှ ထွက်သွားခဲ့သည်။ အချိန်များစွာပင်မကြာလိုက်ချေ ထိုကလေးဆန်သောနွားရုပ်ညအိပ်ဝတ်စုံကိုဝတ်ရင်းဖြင့် ပြန်ရောက်လာခဲ့သည်။


" စုံတွဲဝတ်စုံအတွက် ကျေးဇူးပါနော်…" ပိုင်ရဲ့ ပြုံးကာ ပြောလိုက်သည် " ကိုယ်သဘောကျတယ်… တကယ်ကိုသဘောကျတာပါ…"


အချစ်ရေးမှာ အခက်ခဲဆုံးအရာက အရာတိုင်းအပေါ် တုံ့ပြန်နိုင်ဖို့ဖြစ်ပြီး စိတ်အချနိုင်ဆုံးအရာက အရာအားလုံးအတွက် ပြန်လာသောတုံ့ပြန်ချက်ပဲဖြစ်တယ်…


မင်းနေ့တိုင်းဗီဒီယိုကောခေါ်ချင်တယ်လို့ ပြောလာကတည်းက ကိုယ်ဘယ်လောက်အလုပ်ရှုပ်နေပါစေ အချိန်ယူပြီး မင်းနဲ့အဖော်ပြုပေးမယ်… ကိုယ် စုံတွဲဝတ်စုံဝတ်ချင်တယ်လို့ ပြောခဲ့တော့လည်း မင်းက တကူးတကရွေးပြီး ကိုယ့်စီပို့ပေးခဲ့တယ်…


ကိုယ်တို့အတူတူအချိန်တွေအများကြီးမကုန်ဆုံးရရင်တောင်… အလုပ်များနေရလို့ တစ်နေ့ကို စာလေးနည်းနည်းပဲပို့ဖြစ်ရင်တောင် ကိုယ်ကတော့ မင်းနဲ့ဝေးကွာနေရတယ်လို့ မခံစားမိပါဘူး…


ဘာဖြစ်လို့လဲ‌ဆိုတော့ မင်းကကိုယ့်ရဲ့နှလုံးသားထဲနဲ့ အိမ်မက်တွေတိုင်းမှာ ရှိနေလို့ပဲလေ….


ချီရှင်းချန် သူ၏ညအိပ်ဝတ်စုံကို ဝတ်ဆင်ထားရင်းဖြင့် ချစ်သူကောင်လေးနှင့်ဗီဒီယိုကောကို ပျော်ရွှင်စွာချလိုက်လေသည်။ ထို့နောက် ခဏအကြာတွင် ကုတင်ပေါ်မှထကာ သူ၏ကိုယ်ပိုင်ပစ္စည်းများကို စတင်အထုပ်အပိုးဖြေလိုက်သည်။


မီးခိုးရောင်လမ်းကို ငါးလမှခြောက်လအထိ ရိုက်ကူးရမည်ဟု ခန့်မှန်းထားကြပြီး ဆောင်းဦးမှနွေဦးအထိ ကြာမြင့်သွားနိုင်သည်။ ထို့ကြောင့် ယမန်နေ့ခရီးသွားရန်ထုတ်ပိုးစဉ်က ချီယွီကျီးမှ ဆောင်းရာသီဝတ်စုံနှင့်နွေရာသီဝတ်စုံများကို သေတ္တာကြီးသုံးခုစာယူလာပေးခဲ့သည်။


ချီရှင်းချန် သူ၏အစ်မပေးထားသည့်သေတ္တာသုံးခုထဲမှာ နှစ်ခုကိုထားခဲ့ကာ သေတ္တာတစ်ခုနှင့်ကျောပိုးအိတ်တစ်လုံးကိုသာ သူနှင့်အတူသယ်ဆောင်လာခဲ့သည်။ ထိုမှသာ သူအနေဖြင့် Jမြို့သို့ပေါ့ပေါ့ပါးပါးခရီးသွားနိုင်မည်ဖြစ်သည်။


ပထမဦးဆုံးအနေဖြင့် အဝတ်များကိုထုတ်ကာ တစ်ခုချင်းစီ ချိတ်ဖြင့်ချိတ်ထားလိုက်သည်။ ထို့နောက် အတွင်းခံများနှင့်ခြေအိတ်များထုတ်ပိုးထားသည့် သေတ္တာငယ်လေးကိုယူကာ ဗီဒိုအံဆွဲထဲတွင်ထည့်ရန်ပြင်လိုက်လေသည်။


သို့သော်လည်း ‌ဗီဒိုစီသို့သွားနေသည့်လမ်းတွင် ထိုသေတ္တာကလေးထဲမှ ဒေါင်ဒေါင်ဒင်ဒင်အသံများ ထွက်ပေါ်လာသည်။


နားထောင်ကြည့်လေလေ ထူးဆန်းလာလေလေ ဖြစ်သောကြောင့် ချီရှင်းချန် အဆုံး၌မနေနိုင်တော့ဘဲ သေတ္တာငယ်ကလေးကို ဖွင့်ကြည့်မိလိုက်သည်။


ဖွင့်လိုက်သည်နှင့်အထဲတွင် စတုရန်းပုံဘူးအသေးလေး လေးဘူးနှင့် ဖန်ပုလင်းဝိုင်းနှစ်လုံးရှိနေသည်ကို မြင်လိုက်ရသည်။


ထိုအတွင်းခံနှင့်ခြေအိတ်များပါ‌သည့်အိတ်ကို သူကိုယ်တိုင်ထုတ်ပိုးထားခြင်းဖြစ်ရာ အိတ်ထုတ်စဉ်က သူမည်သည့်မရင်းနှီးသောပစ္စည်းကိုမှ မထည့်ခဲ့သည်ကို ချီရှင်းချန် သေချာပေါက်မှတ်မိနေသေးသည်။


၎င်းတို့မှာ အထုတ်အပိုးပြင်သည့်အချိန်တွင် ချီယွီကျီးကူပြင်ပေးရင်းဖြင့် ထည့်ပေးလိုက်သည့်ပစ္စည်းများသာဖြစ်နိုင်ပေမည်။


ချီယွီကျီးမှာ မောင်ငယ်ဖြစ်သူကို ကူညီ၍အထုတ်အပိုးပြင်ပေးရခြင်းကို သဘောကျသော်လည်း မည်သည့်အချိန်ကမှ အတွင်းခံနှင့်ခြေအိတ်ကဲ့သို့ တစ်ကိုယ်ရေသုံးပစ္စည်းများကို မထိခဲ့ပေ။ အနှီပစ္စည်းနှစ်မျိုးမှာ သူမ၏ကိုယ်ပိုင်စည်းမျဉ်းကို ချိုးဖောက်၍ခိုးထည့်ပေးလိုက်ခြင်းဖြစ်လေရာ ၎င်းတို့မှာ အခြားသူများမြင်သွားလျှင်အလွန်ရှက်ဖို့ကောင်းသည်ဟူသော အဓိပ္ပါယ်သက်ရောက်နေနိုင်သည်။


ချီရှင်းချန် ဘူးငယ်လေးကိုထုတ်ကာ ၎င်းပေါ်မှစာများကို ဂရုတစိုက်ဖတ်ရှူကြည့်လိုက်သည်။


" 0.02mm ပါးလွှာပြီး ရေခဲလိုအေးမြတဲ့ပရုတ်…"


" အပူဒဏ်ခံနိုင် အလွှာခြားခြင်းဇီးရိုး…"


" Hyaluronicအက်ဆစ်ပါသည့် ချောဆီ…သူ့ကိုအတားအဆီးမရှိတဲ့အချစ်တွေပေးလိုက်ပါ…"


ချီရှင်းချန် ထိုထူးဆန်းသည့်စာသားများကိုဖတ်ကာ သူ၏ထူးထူးဆန်းဆန်းဗဟုသုတများလည်း တိုးပွားလာရသည်။


ထို့နောက် ၎င်းတို့၏ဘေးမှ ပုလင်းဝိုင်းနှစ်လုံးရှိ ထွင်းဖောက်မြင်နေရသောခပ်ပျစ်ပျစ်အရည်များမှာ မည်သည့်အရာဖြစ်ကြောင်းကို ခန့်မှန်းနိုင်လုနီးပါးဖြစ်သွားရသည်။


ချီရှင်းချန် ရေနွေးဖြင့်အပြုတ်ခံလိုက်ရသကဲ့သို့ ပူလောင်လာကာ ထိုပစ္စည်းများကို အမြန်ပစ်ထုတ်မိသွားသည်။ သူ့အစ်မက ဘာလို့ဒီလိုကစားစရာတွေထည့်ပေးလိုက်ရတာလဲ… သူကဒီကိုရုပ်ရှင်လာရိုက်တာပါနော်… ကောင်လေးနဲ့လာကြည်နူးတာမဟုတ်ပါဘူး…


မည်သို့ပင်ဆိုစေကာမူ မိနစ်အနည်းငယ်မျှရှက်သွေးဖြာနေပြီးနောက် ပစ္စည်းများကိုခက်ခက်ခဲခဲပြန်ကောက်လိုက်ရကာ သူ၏စိတ်ထဲတွင် ထူးဆန်းသောအတွေးတစ်ခုပေါ်လာခဲ့သည်။


ပိုင်ရဲ့က အရမ်းအလုပ်များနေရတယ်ဆိုပေမယ့် သူ့စီကိုလုံးဝလာမလည်မှာမှမဟုတ်တာ…


တကယ်လို့သာ လာလည်ခဲ့ရင်ကော…


ပိုင်ရဲ့ လာလည်ခဲ့ရင် ဘယ်လိုဖြစ်မလဲ… သူ .. သူတို့အသုံးပြုဖို့ တစ်ခုခုလိုအပ်နေမှာမဟုတ်ဘူးလား…


ဒါပေမယ့် ပိုင်ရဲ့က သူ့ကိုစိတ်ဝင်

စားပါ့မလား…


မေ့လိုက်တော့ ဘယ်လိုပဲဖြစ်ဖြစ် ကြိုပြင်ထားတာအကောင်းဆုံးပဲ…ချီရှင်းချန် ဤသို့တွေးလိုက်ပြီးနောက် ထိုပစ္စည်းများကို ပဝါဖြင့်ထုတ်ကာ အဝတ်ဗီရို၏အောက်ဆုံးနေရာတွင်ထားထားလိုက်သည်။