အပိုင်း ၁၂၃
Viewers 31k

Chapter 123



အဆုံးသတ်မိတ်ကပ်ပြင်ဆင်ကာ ဓာတ်ပုံရိုက်ယူနေစဉ်အတွင်း ချီရှင်းချန် ဇာတ်ကား၏အဓိကခေါင်းဆောင်မင်းသမီးဖြစ်သည့် ယန်းလောနန်ကို တွေ့လိုက်ရသည်။


သူမ၏နာမည်အတိုင်းပင် ယန်းလောနန်မှာ သူမ၏လုပ်ဆောင်ချက်များမှာ အလွန်လျှင်မြန်ပြတ်သားကာ အတိုက်အခိုက်အခန်းများမှာလည်း ထိပ်တန်းအဆင့်ဖြစ်သည်။ နှစ်များစွာကြာလာသည်အထိပင် သူမ၏အလုပ်ကျွမ်းကျင်မှုနှင့် အခက်အခဲများအပေါ်ခံနိုင်ရည်ရှိခြင်းတို့ကြောင့် လူသိများနေခဲ့သည်။ မည်သို့ပင်ဆိုစေကာမူ သူမ၏စိတ်နေစိတ်ထားမှာ အလွန်ပြတ်သားလှသည့်အတွက် မိန်းကလေးဟူသောအထောက်အထားကိုအမှီပြု၍ ရသင့်သောအရင်းအမြစ်အချို့ကို ဆုံးရှုံးလိုက်ရသည်။ ယခုအချိန်တွင် သူမ၏အသက်မှာ ၃၂နှစ်ရှိနေပြီဖြစ်သော်လည်း များစွာကျော်ကြားခြင်းမရှိဘဲ ရုပ်ရှင်နယ်ပယ်တွင် ဒုတိယအဆင့်မင်းသမီးတစ်လက်အဖြစ်သာ ကျန်ရှိနေခဲ့သည်။


ဤနေရာသို့မလာခင်က ချီရှင်းချန် သူ၏အိမ်စာကိုလုပ်ခဲ့သောကြောင့် သူယန်းလောနန်အပေါ် အလွန်လေးစားအားကျမိခဲ့သည်။ သူမနှင့်ဆုံတွေ့ရသည့်အချိန်မှာပင် သူ့ကိုယ်သူဂျူနီယာတစ်ယောက်ကဲ့သို့ သတ်မှတ်ထားကာ လက်ဆွဲနှုတ်ဆက်ချိန်မှာပင် သူ၏ညာလက်ကို ဘယ်လက်ဖြင့်အုပ်ကိုင်ပြီးမှ ခေါင်းညွှတ်ကာလေးစားစွာ မိတ်ဆက်လိုက်သည်


 " လောနန်ကျဲ ကျွန်တော်ကချီရှင်းချန်ပါ…


ရှင်းရှင်းလို့ခေါ်လို့ရပါတယ်…"


" မင်္ဂလာပါ…" ယန်းလောနန်အကြည့်မှာ လေးနက်နေခဲ့သည် " ငါကယန်းလောနန်ပါ…"


" ကျေးဇူးပြုပြီး လအနည်းငယ်လောက်ကို ဂရုစိုက်ပေးပါဦးနော်.." ချီရှင်းချန်မှ ပြောလိုက်သည်။


ယန်း‌လောနန် လက်ကိုလွှတ်ကာ အင်းး ဟူသာဖြေလိုက်ပြီးနောက် မည်သည့်စကားမှဆက်ပြောမလာချေ။ ကြည့်ရသည်မှာ သူမချီရှင်းချန်အပေါ်များစွာ ဂရုမစိုက်သည့်ပုံပင်။


ချီရှင်းချန်နှင့်တွေ့ဆုံပြီးနောက် ဒါရိုက်တာထံသို့ သတင်းပို့ရန် ထွက်သွားလိုက်သည်။


သူမ၏ဘေးတွင် အမျိုးသားတစ်ဦးရှိပြီး မန်နေဂျာဖြစ်နေနိုင်သည်။ ထိုသူမှ ယန်းလောနန်ကို ငြင်သာစွာသတိပေးလာခဲ့သည်


 " လောနန် ချီရှင်းချန်က ခေါင်းဆောင်မင်းသားလေ… မင်းတို့အချိန်အကြာကြီးအလုပ်အတူတွဲလုပ်ရဦးမှာကို မင်းရဲ့ခုဏကအပြုအမူကအရမ်းအေးစက်လွန်းတယ်… ရိုက်ကွင်းထဲမှာ သူနဲ့ဆက်ဆံရေးကောင်းတစ်‌ခုတည်ဆောက်ရမယ်နော်…ဘာပဋိပက္ခမှမဖြစ်စေနဲ့… လိုက်ဖက်ညီဖို့ကအရေးအကြီးဆုံးပဲ နားလည်လား…"


ယန်းလောနန် မည်သည့်စကားမှပြန်မပြောခဲ့ချေ။


ထို့ကြောင့် မန်နေဂျာမှ ထပ်ခေါ်လိုက်သည် " လောနန်…"


" အတတ်နိုင်ဆုံးကြိုးစားမှာပါ…" ယန်းလောနန်မှ ပြောလိုက်သည် " အဲဒီအသားအသစ်လေးက ကျွန်မကိုပြသနာလာမပေးသရွေ့ အဖွဲ့သားတွေကို ပြသနာမဖြစ်စေရပါဘူး… သိတဲ့အတိုင်းပဲလေ…"


သူတို့၏စကားဝိုင်းမှာ မကျယ်လှသည့်အတွက် ချီရှင်းချန် တချို့တဝက်ကိုသာ ကြားလိုက်ရသည်။ သို့သော်လည်း သူ့ထံတွင် ဒေါသထွက်ခြင်း သို့မဟုတ်စိတ်မကောင်းဖြစ်ခြင်းကဲ့သို့သောခံစားချက်မျိုး လုံးလုံးရှိမနေခဲ့ပေ။ သူ၏လက်ရှိကျော်ကြားမှုများမှာ ရသစုံရှိုးများနှင့်သူ၏ရုပ်ရည်မှသာ လာခြင်းဖြစ်သည်။


ထို့ကြောင့် ယန်းလောနန်မှ သူ့ကိုအသားအသစ်လေးဟူ၍ ခေါ်ခွင့်ရှိလေသည်။


ယခုအချိန်တွင်မူ သူသည် ရုပ်ရည်အပေါ်သာမှီခိုနေရသည့် အသားအသစ်လေးဖြစ်နေသည်မှာ အမှန်ပင်။


မည်သို့ပင်ဆိုစေကာမူ သူရိုက်ကူးခဲ့သောဒရမ်မာမှာ ကျော်ကြားမှုများစွာကို သယ်ယူပေးနိုင်ခြင်းမရှိခဲ့သောကြောင့် ယခုဇာတ်ကား၏ထုတ်လုပ်သူများမှာ သူ့ကို My time၏ကျော်ကြားမှုကြောင့်သာ ရှာတွေ့သွားကြခြင်းဖြစ်သည်။


သို့သော်လည်း ချီရှင်းချန် ဂရုစိုက်မနေခဲ့ပါချေ။ နားနေခန်းသို့သာသွားကာ သူ၏မိတ်ကပ်ကိုပြင်ဆင်လိုက်သည်။ သမုဒ္ဒရာနှလုံးသားရိုက်ကူးစဉ်အခါက သူ၏နာနီကားပေါ်တွင်သာ နားခဲ့ရသော်လည်း ယခုအချိန်တွင်မူ ပိုင်ရဲ့ကဲ့သို့ ကိုယ်ပိုင်နာမည်ရေးထိုးထားသော နားနေခန်းတစ်ခုရနေပြီဖြစ်သည်။


ရိုက်ကူးရေးမှ မိတ်ကပ်ဆရာအပေါ်လည်း မှီခိုနေရန်မလိုတော့သည့်အတွက် ချီရှင်းချန် အတော်အတန်ခံစားရကောင်းသွားကာ ဇာတ်ညွှန်းဖတ်နေရင်းဖြင့် အေးအေးလူလူမိတ်ကပ်အပြင်ခံနေလိုက်သည်။


အာဟာရမမျှတခြင်းကြောင့် အဓိကခေါင်းဆောင်မင်းသားလျန်ရှောင်လုံမှာ ပိန်ပါးကာ သေးသွယ်နေခဲ့သည်။ ဒါရိုက်တာကျိုးမှ သူလိုချင်သည့်ခံစားချက်ကို ကျန်းကျန်းထံရှင်းပြလိုက်ချိန်တွင် ကျန်းကျန်းမှာ ဒုက္ခရောက်သွားသလို ခံစားလိုက်ရသည်


 " ရှင်းရှင်း နင့်အသားကအရမ်းဖြူနေတော့ ဇာတ်ကောင်နဲ့မလိုက်နေဘူး… ငါ ဖောင်ဒေးရှင်းအရင့်တွေသုံးပေးလိုက်မယ်နော်…"


" ရပါတယ် လုပ်ပါ…"


" ဒါဆိုညကြရင် ငါ့ကိုလာရှာဦးနော်… မိတ်ကပ်ကအရမ်းထူနေတော့ သေချာမဖျက်ရင် အသားအရေထိသွားလိမ့်မယ်…"


ချီရှင်းချန် ခေါင်းငြိမ့်ပြလိုက်ပြီးနောက် ဇာတ်ညွှန်းဆက်ဖတ်နေလိုက်သည်။


မိနစ်နှစ်ဆယ်ကြာပြီးနောက် ခေါင်းကိုမော့ကာ မှန်ထဲသို့ကြည့်လိုက်ချိန်၌ ဖောင်ဒေးရှင်းမှာ အမှန်တကယ်ထူထဲလှပေရာ ချီရှင်းချန် အသက်ရှုပင်ကြပ်သွားမတတ် ခံစားလိုက်ရသည်။


သဘာဝကျစေရန်အတွက် ကျန်းကျန်းမှ မတူညီသည့်အရောင်သုံးခုကိုသုံး၍ တစ်လွှာခြင်းစီထပ်ခဲ့ရပေရာ အမှန်တကယ်ကိုပင် ထူထဲလှသည်။ ပြင်နေရင်းဖြင့် ကျန်းကျန်းမှ တစ်ချက်ကြည့်ကာ လျှာကိုက်လိုက်ပြီး ပြောလာသည် " လည်ပင်းကိုလည်း လိမ်းဖို့လိုနေတာပဲ…အရောင်မညီနေတာက ကြီးနေတော့… နောက်ကင်မရာထဲပါလာမဲ့ လက်မောင်းတို့ လက်ဝါးတို့ကောပဲ…"


" ဟုတ်ကဲ့.." ချီရှင်းချန် လက်ခံလိုက်ရန်ကိုသာ ရွေးချယ်နိုင်သည်။


မိတ်ကပ်ပြင်ဆင်၍ပြီးသွားချိန်၌ သူ၏ပထမဆုံးဝတ်စုံဖြစ်သော ပါဆယ်ပို့သည့်ပလက်ဖောင်းမှ စက်ဘီးသမားယူနီဖောင်းကို လဲလှယ်လိုက်သည်။


သူ့အတွက် ယခုကဲ့သို့ဝတ်ဆင်ရခြင်းမှာ ပထမဦးဆုံးအကြိမ်ဖြစ်နေခြင်းကြောင့် ချီရှင်းချန် အနည်းငယ်ဆန်းသစ်နေသကဲ့သို့ ခံစားလိုက်ရပြီး ဖုန်းကိုထုတ်ကာ ဆယ်ဖီရိုက်လိုက်သည်။ သဘာဝကျစွာပင် ထိုပုံကိုပိုင်ရဲ့ထံပို့ပေးလိုက်လေသည်။


အောင်အောင်မြင်မြင်ပို့ပြီးသည့်အချိန်မှသာ ချီရှင်းချန်ရုတ်တရက်ဆိုသလို ပြသနာတစ်ခုကို တွေးမိသွားသည်။ သူ၏ပုံပန်းသွင်ပြင်မှာ ယခင်အတိုင်းပင် ရှိနေသေးသော်ငြားလည်း ဤကဲ့သို့အညိုရောင်မိတ်ကပ်မျိုးကို လိမ်းခြယ်ထားရချိန်၌ သူအလွန့်အလွန်ကြည့်ရဆိုးနေပေလိမ့်မည်။ သူ၏ပုံပန်းသွင်ပြင်မှာလည်း အဆင့်တစ်ခုထိလျော့ကျသွားနိုင်သည်။


ပိုင်ရဲ့ သူ့ကိုရုပ်ဆိုးတယ်လို့တော့ မတွေးလောက်ပါဘူးနော် ဟုတ်တယ်မလား…


ကံကောင်းစွာဖြင့် ပို့ထားသည်မှာ နှစ်မိနစ်မပြည့်သေးသောကြောင့် အလျင်အမြန်ဖျက်လိုက်နိုင်သည်။ ဖုန်းမျက်နှာပြင်ပေါ်ရှိ သူ၏အရုပ်ဆိုးသောပုံကြီး လုံးလုံးပျောက်ကွယ်သွားသည့်အချိန်မှသာ ချီရှင်းချန် သက်ပြင်းအရှည်ကြီးတစ်ခုကို ချလိုက်နိုင်သည်။


ထို့နောက် ဖုန်းမျက်နှာပြင်ပေါ်တွင် တက်လာသည့်စာကို မြင်လိုက်ရသည် : [ အပြီးသတ်မိတ်ကပ်ပုံစံလား..]


ချီရှင်းချန် ယခုပင်ရှုထုတ်လိုက်သည့်လေကြောင့် သီးသွားရသည်။


ယွဲ့ : [ ဘာလို့ဝိတ်ထပ်ပြီးချလိုက်ပြန်တာလဲ…]


ရှုသွင်းမိသွားသည့်လေမှာ ချီရှင်းချန်၏နှလုံးသားထဲတွင် တစ်ဆို့နေပြီး အပေါ်တက်သွားခြင်းမရှိသလို အောက်ဆင်းသွားခြင်းလည်းမရှိပေ။


ချီရှင်းချန် ရောက်ရှိလာသည့်စာများကို ဝေခွဲမရနိုင်သည့်အမူအယာဖြင့် ဖတ်နေမိသည်။ ဖြစ်နိုင်သည်မှာ သူ၏ပုံကိုကြည့်ပြီးနောက် ပိုင်ရဲ့ ဦးဆုံးတုံ့ပြန်ချက်မှာ သူရုပ်ဆိုးနေသည့်အကြောင်းမဟုတ်သည့်ပုံပင်။


၎င်းမှာ သူထပ်ပြီးဝိတ်ကျသွားသည့်အကြောင်းဖြစ်နေခဲ့သည်။


သူ၏ရင်ဘတ်ထဲတွင် ပြည့်နေကာ ဖောင်းကားနေသောကြောင့် ချီရှင်းချန် ခေါင်းကိုငုံ့ကာ စာရိုက်လိုက်ရသည် : [ မိတ်ကပ်ကြောင့်ပါ… ကျွန်တော်တကယ်ဝိတ်မကျသွားပါဘူး… မနေ့ညကတောင် မြင်ခဲ့သေးတာပဲကို…] 


ယွဲ့ : [ မနေ့ညတုန်းက ညအိပ်ဝတ်စုံက အရမ်းပွနေလို့ မင်းရဲ့ခန္ဓာကိုယ်ကို သေချာမမြင်လိုက်ရဘူး…]


ရှင်းရှင်း : [ မနေ့ကဆို ကျွန်တော်ဟော့ပေါ့တောင်စားခဲ့သေးတယ်… ဝိတ်ကပိုတက်လာတာပါနော် မကျသွားပါဘူး…]


ယွဲ့ : [ ဇာတ်ကောင်ကောင်းတစ်ခုကို ဖန်တီးနိုင်ဖို့အတွက် ဝိတ်ချတဲ့နည်းလမ်းကို ကိုယ်ထောက်ခံပေမယ့် ဘယ်လိုပဲဖြစ်ဖြစ် ခန္ဓာကိုယ်က ပိုပြီးအရေးကြီးတယ်နော်…အာဟာရနဲ့အချိုးအစားမျှတအောင်စားဖို့ကို မင်းအလေးထားရမယ်…အာဟာရပညာရှင်ရဲ့အကြံကိုလည်း စည်းကမ်းတကျလိုက်နာရမယ်နော်…]


ချီရှင်းချန် ဤတစ်ကြိမ်တွင်မူ ရိုက်ကွင်းသို့ အာဟာရပညာရှင်ကို မခေါ်လာခဲ့ပေ။ အန်းရန်သည်သာ ထိုသူ၏နည်းအတိုင်း သူ့အတွက်အစား‌အသောက်များကို ပြင်ဆင်ပေးနေခဲ့သည်။ လက်တလောတွင် သူ၏ကိုယ်အလေးချိန်မှာ ဆက်တိုက်ဆိုသလို ကျဆင်းနေပြီး အပေါ်ယံမျက်နှာပြင်ပေါ်ရှိကြွက်သားများတွင် များစွာပြောင်းလဲခြင်းမရှိသေးသော်လည်း သူ၏ကျန်းမာရေးမှာ အတော်လေးကောင်းမွန်လှသည်။


အလုပ်မှာ အပြောထက်ပို၍ အသံကျယ်စမြဲဖြစ်သည်။ ပိုင်ရဲ့ ကျေနပ်သွားစေရန်အတွက် ချီရှင်းချန် ဤနေရာတွင် ပိုင်ရဲ့နှင့်စကားပြိုင်မပြောရန် ဆုံးဖြတ်လိုက်သည်။ ဟိုတယ်ပြန်ရောက်ချိန်ကြရင် ဓာတ်ပုံတစ်ပုံမှ အမှန်တရားကိုထုတ်ဖော်ရန် လုံလောက်နေပေလိမ့်မည်။


ထို့ကြောင့် ချီရှင်းချန် လိမ္မာပါးနပ်စွာ စကားလမ်းကြောင်းလွှဲလိုက်သည် : [ အစ်ကို ကျွန်တော်ရုပ်ဆိုးနေတာကို သတိမထားမိဘူးလား..]


ယွဲ့ : [ ဒါကမိတ်ကပ်ကြောင့် ပြောင်းသွားတာပဲလေ..]


ချီရှင်းချန်ထံတွင် အကြံတစ်ခုရလာသည့်အတွက် နှုတ်ခမ်းကိုသပ်ကာ စာရေးလိုက်သည် : [ တကယ်လို့များ တစ်နေ့ကြ ကျွန်တော်ဒီလိုပုံစံဖြစ်လာရင်ကော…]


ယခုအချိန်တွင် သူသည် ငယ်ရွယ်တက်ကြွကာ ချောမောနေသေးသော်လည်း လူသားတစ်ယောက်သာဖြစ်သောကြောင့် တစ်နေ့ကြလျှင် အရေးအကြောင်းများနှင့် အဆီများထွက်ပေါ်လာမည်ဖြစ်ကာ သူ၏အလှများမှာ တဖြည်းဖြည်းပျောက်ဆုံးလာရပေလိမ့်မည်။


ဤသို့ဆိုလျှင်ကော… ပိုင်ရဲ့ သူ့ကိုသဘောကျနေဦးမည်လား…


ထိုစကားကိုပို့ပြီးနောက် ချီရှင်းချန် တစ်ဖက်လူ၏ပြန်စာကို စိုးရိမ်တကြီးစောင့်ဆိုင်းနေမိသည်။ သူ၏အတွေးများသည်ပင် ကယောက်ကယက်ဖြစ်လာရကာ သူ့အသက်၃၅ရောက်ပြီးချိန် အသားအရေထိန်းသိမ်းခြင်းများ သို့မဟုတ် သခွားသီးနှင့်ပေါင်းတင်ခြင်းများလုပ်ရန်ပင် စတင်စဉ်းစားနေမိသည်။


သို့သော်လည်း ချီရှင်းချန် ပိုင်တုပေါ်မှအလှအပရေးရာများအကြောင်းကို ရှာဖွေနေချိန်၌ တစ်ဖက်လူမှာမူ ပျောက်ကွယ်သွားပုံရကာ သူ၏စာမှာ ပင်လယ်နက်အတွင်း နစ်မြုပ်သွားသကဲ့သို့ ပြန်စာမရောက်လာခဲ့ပေ။


သူအိုလာလို့ ပိုင်ရဲ့သူ့ကိုအမှန်တကယ်သဘောမကျတော့မည်လား…ချီရှင်းချန်၏မျက်လုံးများ မှိန်ဖျော့သွားရကာ ထိုကဲ့သို့ တုံးအသည့်မေးခွန်းမေးမိခြင်းအပေါ် နောင်တရနေမိသည်။


" အရူးပဲ…" ချီရှင်းချန် မနေနိုင်ဘဲ သူ့ကိုယ်ကူကြိမ်းမောင်းမိသည်။


ကံမကောင်းစွာဖြင့် သူမြင်ထားသည့်စာအကြောင်းကို မစဉ်းစားနိုင်သေးခင်မှာပင် သူ၏ခံစားချက်များကိုဘေးချထားကာ စီစဉ်သူ၏လမ်းပြမှုအောက်တွင် ကျန်းကျန်းနှင့်အတူ ဇာတ်ကားအတွက် ဓာတ်ပုံရိုက်ရမည့်နေရာသို့ လျှောက်လာလိုက်ရသည်။


လမ်းတစ်ဝက်မှာပင် သူ၏ဖုန်းမှာ တုန်ခါလာသောကြောင့် ချီရှင်းချန် ထုတ်ကြည့်လိုက်ချိန်၌ ယွဲ့မှ ဝီချက်တွင်စာတစ်စောင်ပို့ထားပါသည်ဟူသော အသိပေးချက်ကို ‌မြင်လိုက်ရသည်။


ကျန်းကျန်းမှာ ချီရှင်းချန်ဘက်သို့လှည့်ကာ စကားပြောနေသဖြင့် မတော်တဆမြင်သွားရကာ စပ်စုလာသည် " ယွဲ့… နင်နာမည်ပြောင်းပေးထားတာလား…"


" မဟုတ်ပါဘူး.." ချီရှင်းချန် လိမ်ပြောလိုက်သည် " ဒါကတစ်ဖက်ကလူရဲ့ ဝီချက်နာမည်ပါ ကျွန်တော်မပြောင်းပါဘူး…"


" အိုးးး သူ့နာမည်ကယွဲ့ဖြစ်ပြီး နင်ကြရှင်းရှင်းနော်… နင်တို့တွေက အတော်လိုက်ဖက်ကြတာပဲ ဟိဟိ…"


ချီရှင်းချန်မှာမူ နောက်ပြောင်နေနိုင်သည့်စိတ်အခြေအနေတွင်မဟုတ်ချေ။ သူ ယခုလေးတင်ပင် ရိုက်ချက်တစ်ချက်ခံထားရပြီဖြစ်‌သည့်အတွက် ကျန်းကျန်းနှင့်စကားပြောနေစဉ်မှာပင် နှိပ်စက်ခံထားရသည့်အတိုင်း စာကိုသူ၏လက်ချောင်းများဖြင့် တွန့်ဆုတ်စွာဖွင့်ကြည့်လိုက်သည်။


သူ၏လည်ပင်းကိုဆန့်လိုက်လျှင် အထိုးခံရမည်ဖြစ်သလို ပြန်ရုတ်လိုက်လျှင်လည်း အထိုးခံရမည်ဖြစ်သည်။ အကယ်၍သာ ပိုင်ရဲ့ သူ့ကိုငြင်းပယ်ခဲ့ပါက သူပိုင်ရဲ့နှင့်အတူကုန်ဆုံးခဲ့တဲ့အချိန်တွေကို မြတ်နိုးတန်ဖိုးထားရင်းဖြင့် အလုပ်ကြိုးစားရမည်ဖြစ်သည်။ သူ့ဘဝဆုံးသည်အထိ ထိုလှပသောအမှတ်တရများကိုသာ မှီခိုနေရလိမ့်မည်။


သို့သော်လည်း သူ၏ရှေ့မှပေါ်လာသည်မှာ လုံးဝမမျှော်လင့်ထားသောအရာတစ်ခုပင်။


၎င်းမှာပြန်စာမဟုတ်သည်ဖြစ်ရာ ပိုင်ရဲ့ သူ့ကိုသဘောမကျခြင်းမျိုး မဟုတ်ခဲ့ပေ။


ထိုအရာမှာ ကဗျာစာအုပ်တစ်အုပ်၏ အတွင်းပိုင်းစာရွက်တစ်ရွက်ကို ရိုက်ယူထားသောဓာတ်ပုံတစ်ပုံဖြစ်နေခဲ့သည်။ အနည်းငယ်တွန့်ကြေနေသောစာရွက်ပေါ်တွင်မူ ကဗျာတိုလေးတစ်ပုဒ်ရှိနေခဲ့လေသည်။


" လူတွေဘယ်လောက်များများက မင်းရဲ့အပေါ်ယံရုပ်သွင်ကိုပဲ ချစ်ခဲ့ကြဖူးပြီလဲ…

မင်းရဲ့အလှအပ အလိမ်အညာတွေ ဒါမှမဟုတ် စစ်မှန်တဲ့ခံစားချက်ကို ချစ်ခဲ့ကြဖူးပြီလဲ… အကယ်၍သာ တစ်စုံတစ်ယောက်က မင်းရဲ့စင်ကြယ်တဲ့နှလုံးသားကိုသာ ချစ်နေခဲ့ရင် မင်းဝမ်းနည်းနေတဲ့မျက်နှာပဲဖြစ်နေပါစေ မင်းကိုချစ်နေဦးမှာပဲ…"


ကဗျာတိုလေး၏လှုံ့ဆော်မှုကြောင့် ချီရှင်းချန်ထံတွင် ခံစားချက်များအပြည့်ဖြစ်နေခဲ့သည်။ ကင်မရာမန်း၏လမ်းပြမှုအောက်တွင် အဆုံးသတ်မိတ်ကပ်အတွက်သုံးစုံမှာ ရိုက်ကူးပြီးစီးသွားခဲ့သည်။


ပထမတစ်ခုမှာ သူ၏အချိန်ပိုင်းအလုပ်လုပ်နေသည့်ပုံဖြစ်ပြီး ဒုတိယတစ်ခုမှာမူ နယ်ဘက်ရှိသူ၏တောရွာကလေးတွင်ရှိပုံကို ဖော်ပြထားကာ တတိယတစ်ခုမှာ ကျောင်းတွင်စာသင်ကြားနေသည့်ပုံဖြစ်သည်။ ထိုသုံးခုမှာ လျန်ရှောင်လုံဘဝ၏အရေးကြီးသောအဆင့်များဖြစ်ကြလေသည်။


ထို့နောက် ခေါင်းဆောင်မင်းသားနှင့်မင်းသမီးအတူဓာတ်ပုံရိုက်ကူးရမည့်အချိန်ဖြစ်သည်။ ယန်းလောနန်မှာရဲဝန်ထမ်းဝတ်စုံကို လဲလှယ်ထားပြီး ရဲရင့်နေပုံရကာ ချီရှင်းချန်မှာမူ စုတ်ပြဲနေသောအဝတ်အစားများဖြင့် တစ်စုံတစ်ခုကိုတမ်းတနေဟန်ရကာ ဝေခွဲမရဖြစ်နေပုံပေါ်နေသည်။


သူတို့နှစ်ဦးမှာ အလွန်လျင်မြန်စွာ လှုပ်ရှားခဲ့ပြီး တစ်နာရီပင်ကြာလိုက်သည့်အချိန်၌ ရိုက်ချက်အားလုံးပြီးဆုံးသွားခဲ့သည်။


ဓာတ်ပုံတည်းဖြတ်ခြင်းလုပ်ငန်းစဉ်ကို စောင့်ဆိုင်းနေစဉ်အတွင်း ကင်မရာမန်းမှာ ဆက်တိုက်ဆိုသလို ချီးမွန်းနေသည် " ဝိုးးး ရှင်းရှင်းရဲ့မျက်နှာသေးသေးလေးက လုံးဝကိုခြောက်ပစ်ကင်းသဲလဲစင်ပဲ…ဖိုတိုရှော့နဲ့ ပြန်ပြင်စရာကိုမလိုဘူး…"


" သူကဒီအခြေအနေနဲ့တောင်ကြည့်ကောင်းနေတာပဲနော်… ကျစ်ကျစ် အခုခေတ်ကလေးတွေ ဘာများစားပြီးကြီးလာကြပါလိမ့်မယ်…"


" မျက်လုံး‌နက်နက်လေးတွေကတော့ အရမ်းတောက်နေလို့ နည်းနည်းတော့ ‌မှိန်ပေးလိုက်မယ်နော်… လျန်ရှောင်လုံရဲ့ဦးနှောက်ကို ဒီလောက်ကြီးထက်မြက်နေခွင့်ပေးလို့မရဘူးလေ…"


" လောနန်လောင်ရှီးကလည်း အရမ်းမိုက်တာပဲ… ကောင်းတယ် ကောင်းတယ် အသွင်ယူထားတဲ့ရဲမေပုံစံနဲ့ကွက်တိပဲ…မိန်းမတွေက ယောင်္ကျားတွေအောက် မနိမ့်သင့်ဘူး…တကယ့်ကို အားပြင်းတဲ့နှင်းဆီတွေပဲ…"


ချီရှင်းချန် ကင်မရာမန်းမှာ မြှောက်ပင့်ရာတွင် ထိုမျှတော်လိမ့်မည်ဟု မထင်ထားမိခဲ့ပေ။ ထိုသူမှာ ဖန်များထက်ပင် ပိုတော်နေသေးသည်။ ချီရှင်းချန် ကင်မရာမန်း၏ချီးမွန်းသံများကြောင့် ရှက်ရွံ့လာရကာ ယန်းလောနန်ကိုသာ အချိန်တိုင်းကြည့်နေမိခဲ့သည်။


ယန်းလောနန်မှာမူ အမူအရာကင်းမဲ့နေဆဲဖြစ်သော်လည်း သူမ၏မျက်လုံးထဲတွင် စိတ်မရှည်သည့်အရိပ်အယောင်များပါဝင်နေသည်။ သူမ၏စိတ်ထဲတွင် သူ၏ပုံရိပ်မှာ အသားအသစ်လေးမှ အလှပန်းအိုးအဖြစ်ပြောင်းလဲသွားပြီဖြစ်ကြောင်းကို ချီရှင်းချန်တွေးမိလိုက်သည်။


မနက်ဖြန်တွင်လာမည့်ကြိုဆိုပွဲအပြီးတွင် ရိုက်ကွင်းကို တရားဝင်စတင်မည်ဖြစ်ရာ ဓာတ်ပုံရိုက်ကူးရေးပြီးဆုံးသည်နှင့် ဒါရိုက်တာကျိုးမှ ပြန်နိုင်ပြီဖြစ်ကြောင်း အချက်ပြလာသည်။


ယန်းလောနန်၏အေးဂျင့်မှာမူ သူ့အနုပညာရှင်၏ဆက်‌ဆံရေးကို ထိန်းသိမ်းချင်သောကြောင့် ဖြစ်နိုင်ပေမည် ချီရှင်းချန်ထံ ပြောလာခဲ့သည် " ရှင်းရှင်း မင်းရဲ့ဒါရိုင်ဘာကော ရောက်ပြီလား… အဆင်ပြေမယ်ဆိုရင် ကျွန်တော်လည်း အတူပြန်လိုက်လာချင်လို့ပါ.."


အဓိကခေါင်းဆောင်မင်းသား၏ သင်္ကေတဖြစ်သော M1ကားမှာ အပြင်ဘက်တွင်ရပ်ထားသည်ဖြစ်ရာ အေးဂျင့်၏စကားလုံး အလွန်ပင်ယဉ်ကျေးနေသည်။ သို့သော်လည်း ချီရှင်းချန်မှ ပြုံးလျက် ငြင်းပယ်လိုက်သည် " မဟုတ်ပါဘူး… ကျွန်တော်က ရိုက်ကွင်းမှ ညနေထိနေဦးမှာမလို့ပါ…"


" ရိုက်ကွင်းမှာ ညနေထိနေမှာလား…" အေးဂျင့်မှာ အံ့ဩသွားရသည် " ဒါကမြို့စွန်ကရွာလေးဆိုတော့ အပူပေးစနစ်က အတော်လေးဆိုတယ်လေ… အအေးမမိစေနဲ့နော်…"


" အဆင်ပြေပါတယ်ဗျာ.." ချီရှင်းချန် သူ၏ခန္ဓာကိုယ်ပေါ်ရှိ ခြေထောက်ထိဖုံးသောဂျာကင်ကြီးကို ညွှန်ပြလို

က်ပြီး " ကျွန်တော်အဝတ်ထူထူဝတ်ထားပါတယ်…"


ချီရှင်းချန်မှ အခိုင်အမာပြောလာသည့်အတွက် ထိုအေးဂျင့်လည်း သူ့ကိုဆက်မခေါ်နေတော့ဘဲ ယန်းလောနန်ကိုသာ ကားစီသို့ခေါ်သွားခဲ့သည်။