Chapter 124
သူတို့ ရိုက်ကွင်းမှထွက်သွားသည်ကို ကြည့်လိုက်ပြီးနောက် ချီရှင်းချန် ရွာအနီးပတ်လည်တွင် တဖြည်းဖြည်းချင်းလျောက်ကြည့်နေခဲ့သည်။ လျန်ရှောင်လုံ၏ခြေထောက်များနှင့် တိုင်းတာ၍ လျှောက်လမ်းလိုက်ပြီး လျန်ရှောင်လုံ၏မျက်လုံးများမှကြည့်သည့်အတိုင်း လိုက်ကြည့်လိုက်ကာ လျန်ရှောင်လုံ၏နားမှကြားသည့်အသံများကို လိုက်လံနားထောင်ကြည့်လိုက်သည်။
အဝိုင်းကြီးနှစ်ခုမျှပတ်ပြီးသွားချိန်၌ အချိန်မှာသုံးနာရီကုန်လွန်သွားပြီဖြစ်ကာ သူ၏ခြေချောင်းများမှာ မည်သည့်အချိန်ကတည်း စ၍အေးခဲတောင့်တင်းနေသည်ကို မသိခဲ့ရပေ။ ချီရှင်းချန် အမိုးတစ်ခုအောက်သို့ ခိုလှုံကာ အနွေးဓာတ်ရစေရန် ခုန်ပေါက်နေစဉ် အန်းရန်ထံမှဖုန်းဝင်လာသည်
" ရှင်းရှင်း ဒီနေ့ညရဲ့တရားဝင်ထုတ်ပြန်ချက်ထွက်လာပြီနော်…ဝေ့ပေါ်ကိုသွားပြီး အဖွဲ့သားတွေရဲ့အကောင့်ကို အခုသွားကြည့်လိုက်ဦး…"
ချီရှင်းချန် ဝေ့ပေါ်သို့တက်ကြည့်လိုက်ချိန်တွင် သူလျှောက်သွားကြည့်နေသည်မှာ အချိန်အတော်ကြာသွားမိသောကြောင့် ဖြစ်နိုင်ပေမည် မီးခိုးရောင်လမ်း၏တရားဝင်ဝေ့ပေါ်၊ ဒါရိုက်တာနှင့် ရိုက်ကူးရေးတွင်ပါဝင်ကြသူများအားလုံးမှာ သူ့ကိုလွန်ခဲ့သောနှစ်နာရီခန့်ကပင် Follow ထားသည်ကို တွေ့လိုက်ရသည်။
သူ၏အာရုံစိုက်မှုကိုရရှိနိုင်ရန်အတွက် ကြိုးစားနေကြသော လွန်ခဲ့သောနှစ်ရက်မှ အမည်မသိသရုပ်ဆောင်အချို့ပင် သူ့ကိုFollowထားကြသည်။
ချီရှင်းချန် အနည်းငယ်ရှက်သွားခဲ့ပြီး လူတိုင်းကို တစ်ယောက်ချင်းစီ အလျင်အမြန်ပြန်လည်Followလုပ်လိုက်သည်။ သို့သော်လည်း ယန်းလောနန်၏အလှည့်သို့ရောက်ချိန်၌ သူမ သူ့ကိုFollowမလုပ်ထားကြောင်းကို ချီရှင်းချန်ရှာတွေ့သွားခဲ့သည်။
ချီရှင်းချန် များများစားစားတွေးမနေတော့ဘဲ ထိုအစား သူကသာဦးစွာFollowလုပ်ပေးလိုက်လေသည်။
ဟိုတယ်သို့ပြန်ရောက်ချိန်၌ ညရှစ်နာရီဖြစ်နေပြီဖြစ်ပြီး ဝေ့ပေါ်သို့တက်ကြည့်လိုက်ချိန်တွင် ယန်းလောနန်မှာယခုအချိန်ထိတိုင် သူ့ကိုFollowပြန်မလုပ်လာသေးပေ။
ယန်းလောနန် မန်နေဂျာ၏ပုံစံအရဆိုလျှင် သူ၏အနုပညာရှင်ကို အသိပေးခဲ့ပြီးဖြစ်ပေလောက်မည်။ ယန်းလောနန်မှ အကြောင်းပြချက်တစ်ခုရှာ၍သာ မည်သည့်အရာကိုမှ မလုပ်ခဲ့ခြင်းဖြစ်သည်။
ချီရှင်းချန် စပ်စုချင်သည့်စိတ်ဖြင့် ယန်းလောနန်၏နောက်ဆုံးဝေ့ပေါ်ပို့စ်ကို ဝင်ကြည့်လိုက်သည်။
၎င်းမှာ လွန်ခဲ့သောတစ်နာရီခန့်က တင်ထားသည့်ဇာတ်ညွန်းပုံဖြစ်ပြီး မည်သည့်စာမျှမရေးထားဘဲ သူမ၏ဖန်များကိုသာ သူမတွင်အလုပ်ရှိကြောင်းအဓိကပြောထားခဲ့သည်။
သို့သော်လည်း ထိုပို့စ်၏အောက်မှ မန့်များမှာမူ အလွန်စိတ်ဝင်စားစရာကောင်းလှသည်။
[ ဟာ့… ယန်းကျဲကတော့ တကယ့်အစစ်ပဲ… ဘယ်လိုပဲဖြစ်ဖြစ် သူကတော့ ရေပန်းစားမှုနောက်ကို ကပ်လိုက်မနေဘူး…]
[ ဒါပေမယ့်လည်း အားလုံးကဇာတ်ကားတစ်ကားတည်းက အဖွဲ့သားတွေပဲလေ…သူနာမည်မကြီးတာအံ့ဩစရာမရှိပါဘူး… သူ့EQကတော်တော်နိမ့်တာပဲကို..]
[ အပေါ်ကလူပြောတာဟုတ်ပါတယ်…ဒါပေမယ့် သူကEQနည်းတာမဟုတ်ပါဘူးနော်… သူ့ဆန္ဒနဲ့ဆန့်ကျင်နေတာကို မလုပ်ချင်ရုံလေးပါ…ဒီနယ်ပယ်ထဲက သူFollowထားတဲ့လူတွေကိုကြည့်လေ… အကုန်လုံးက စွမ်းဆောင်နိုင်တဲ့သူတွေကြီးပဲ… အဲဒီတော့ မင်းတို့ရဲ့လောင်ရှီးကို Followစေချင်ရင် အရင်ဆုံးအဖြစ်ရှိတဲ့သူဖြစ်အောင် လုပ်ခိုင်းလိုက်ပေါ့… ဟုတ်တယ်မလား…]
[ အမှန်ပဲ… ပြီးတော့ ငါတို့အိမ်သူကလူကြိုက်များတာကို လိုက်မလုပ်တတ်ဘူးဆိုတာ ငါတို့လက်ခံပါတယ်…ဒါပေမယ့် ငါတို့fandomလေးက ချစ်ဖို့ကောင်းနေပြီးသား… နင်တို့မကြိုက်ဘူးဆိုရင်လည်း ထွက်သွားကြလေ..]
[ အိုက်ယိုးး ဘယ်လိုတောင်ဝင့်ကြွားနေတဲ့အသံလည်းနော်… နင်တို့ရဲ့ကျဲက လူထုရဲ့ပုံရိပ်ဖြစ်နေတာလေ… လူထုရဲ့အမြင်တွေကိုလည်း လက်ခံရမှာပေါ့…ငါ့မှာလည်း မန့်ရေးဖို့ အခွင့်ရှိပြီးသား… နင်တို့ဒါကိုဘာလုပ်နိုင်ကြမှာမလို့လဲ…]
[ သောက်ချီးး ဘာလုပ်နိုင်မှာလဲဟုတ်လား…လာစမ်းပါ ငါကနင့်ကိုအဖော်လုပ်ပေးမှာလေ… နေရာပေါင်းစုံကတက်လာတဲ့နင်တို့လိုဟာတွေကို အဖော်လုပ်ပေးမှာ…]
ထိုဖန်များ၏ပေါင်းဆုံနေမှုမှာ ရှုပ်ထွေးလှသည်။ အချို့မှာ ဖန်အစစ်အမှန်များဖြစ်ကြပြီး အချို့မှာမူ ဆန့်ကျင်ကြသူများဖြစ်ကာ အခွင့်အရေးကိုစောင့်၍ ပြသနာလိုက်ရှာချင်သောရေတပ်များလည်း ရှိနေသေးသည်။ ချီရှင်းချန် ထိုညစ်ထေးနေသောစကားလုံးများကို ဆက်လက်မကြည့်နိုင်သောကြောင့် ဝေ့ပေါ်ကိုသာပြန်ပိတ်လိုက်မိသည်။
မည်သည့်အလုပ်မှမရှိပါက ယုံကြည်မှုမရနိုင်သည်ကို သူကောင်းစွာသိနေခဲ့သည်။ ထို့ကြောင့် ချီရှင်းချန်၏စိတ်အခြေအနေမှာကောင်းမွန်နေပြီး အင်တာနက်အသုံးပြုသူများ လိုချင်နေသည့်အရာ မည်သည်ဆိုကြောင်းကို သူပြောနိုင်သည်။ အကယ်၍သာ သူအနုပညာလုပ်ငန်းတွင် တိုးတက်အောင်မလုပ်နိုင်ခဲ့ပါက…
အိမ်သို့ပြန်၍ စီးပွားရေးအသေးလေးများကို လုပ်နိုင်သေးသည်…
ချီရှင်းချန် ဝီချက်ကို တည်ငြိမ်စွာဖွင့်လိုက်ပြီး ပိုင်ရဲ့ထံစာပို့လိုက်သည် : [ ကောကော ညကဘာစားခဲ့လဲ…]
ပိုင်ရဲ့မှ ပြန်မေးလာသည် : [ ရှင်းရှင်းကော ဘာစားခဲ့လဲ…]
ချီရှင်းချန် : "....."
သူမည်သည့်အရာမှ မစားခဲ့မိပေ။
ရှင်းရှင်း : [ အသီးအရွက်နည်းနည်း…]
ယွဲ့ : [ တကယ်လား…]
ဘုရားရေ ကောကောကို လိမ်ပြောရတာအရမ်းခက်တာပဲ… ချီရှင်းချန် သူ့ကိုယ်သူသတ္တိမွေးလိုက်ပြီး ပြန်ဖြေလိုက်သည် : [ ဒါပေါ့…]
သူ့ဖန်ကလေး၏ပြန်စာမှာ တစ်ဆက်တည်းဖြစ်မနေခဲ့ကြောင့် ပိုင်ရဲ့ အကြည့်တစ်ချက်နှင့်ပင် ချီရှင်းချန် လိမ်ညာနေသည်ကို ပြောနိုင်ခဲ့သည်။ ဤသို့ဖြင့် ပိုင်ရဲ့၏ချီရှင်းချန်အပေါ်ယုံကြည်မှုမှာ တခဏအတွင်း ပြိုလဲသွားကာ ပိုင်ရဲ့ အမိန့်ထုတ်လိုက်မိသည် : [ အခုအချိန်ကစပြီး ဘာပဲစားစား ကိုယ့်စီကိုပုံပို့ပေးရမယ်…]
ရှင်းရှင်း : [ ကြောင်လဲကျသွားသည့် JPG ]
ရှင်းရှင်း : [ အဲဒီလိုလုပ်ဖို့လိုလို့လား…]
ယွဲ့ : [ ညှိလို့ရမဲ့အခြေအနေမဟုတ်ဘူး…]
အမှန်တကယ်ကိုပင် အစားရှောင်ခြင်းမှာ သူ့ကိုအာဟာရပညာရှင်မှာကြားထားသည့်အရာမဟုတ်ဘဲ ဟင်းလျာများမှာ တစ်နေ့တွင်သုံးနပ်ပါရှိသည်။
မည်သို့ပင်ဆိုစေကာမူ ထိုဟင်းရွက်ပြုတ်များမှာ မြိုချရန်ခက်ခဲလှပြီး အထူးသဖြင့် ချီရှင်းချန်မှာ မြောက်ပိုင်းသားဖြစ်သောကြောင့် အရသာပြင်းသောဟင်းလျာများကိုသာ အမြဲစားလေ့ရှိသူဖြစ်သည်။ သူ့အတွက် ထိုအရသာမရှိသောအသားပြုတ်နှင့်အရွက်များကို စားရသည်ထက် မည်သည့်အရာမှမစားသည်ကပင် ပိုကောင်းနေသေးသည်။
ပွင့်ပွင့်လင်းလင်းပြောရမည်ဆိုလျှင် ယခုအချိန်တွင် ဂေါ်ဖီထုပ်များကိုမြင်ရုံနှင့်ပင် သူ၏ခေါင်းမှာကိုက်ခဲလာရသည်။
အရသာမထည့်ထားသောဟင်းလျာများကို မစားရရေးအတွင် ချီရှင်းချန် သူကျန်းမာရေးကောင်းကြောင်းကို ပိုင်ရဲ့ထံသက်သေပြရန်လိုသည်။ ထို့ကြောင့် အင်္ကျီကို ကပျာကယာချွတ်ကာ ရေချိုးခန်းတွင်းသို့ ပြေးဝင်သွားလိုက်ပြီး မှန်ရှေ့တွင် သူ့ကိုယ်သူအကဲခတ်လိုက်သည်။
သူ၏ခန္ဓာကိုယ်မှာ အနည်းငယ်ပိန်ပါးနေသော်လည်း အရိုးပေါ်အရေတင်ပိန်ပါးနေခြင်းမျိုးမဟုတ်ချေ။ အကယ်၍သာ ခပ်တင်းတင်းဆွဲကြည့်မည်ဆိုပါက သူ၏လက်မောင်းနှင့်ပေါင်များတွင် အသားများပေါ်ထွက်လာမည်ဖြစ်ပြီး ပုံမှန်ပိန်ပိန်ပါးပါးကောင်လေးပုံစံမျိုးသာဖြစ်သည်။
သူမြင်ရသလောက် မပိန်ကြောင်းကို ပိုင်ရဲ့သိစေရန် မည်ကဲ့သို့သက်သေပြနိုင်မည်နည်း…
၎င်းမှာ ဓာတ်ပုံများဖြင့်သာ ဖြစ်နိုင်ပေမည်။
သို့သော်လည်း ချီရှင်းချန် ဤကဲ့သို့အဝတ်ဗလာအတိုင်း ပုံရိုက်၍မပို့ပေးနိုင်ပေ။ ၎င်းမှာအလွန်ရှက်စရာကောင်းလှသည်။ ထို့ထက်ပိုသည်မှာ သူ့အနေဖြင့် အရမ်းသိသာသွား၍ မရပေ။ မဟုတ်ပါက ပိုင်ရဲ့ သူ့အကြောင်းကိုပိုင်ရဲ့အလွယ်တကူသိသွားနိုင်သည်။
ထိုကြောင့် ချီရှင်းချန် ရေအရင်ပြေးချိုးလိုက်သည်။ ပြန်ထွက်လာချိန်တွင် ညအိပ်ဝတ်စုံ၏ဘောင်းဘီကိုသာ ဝတ်ထားပြီး သူ၏ခန္ဓာကိုယ်အပေါ်ပိုင်းမှာ ဗလာဖြစ်နေကာ ဆိုဖာပေါ်ထိုင်လျက် ခေါင်းအုံးကိုဖက်ထားလိုက်သည်။ ကင်မရာကိုမူ သူ၏အပေါ်မှာအလယ်ပိုင်းအထိကိုသာ အဓိကထားထားလိုက်သည်။
ထို့နောက် ချီရှင်းချန် ယခုမှသာ ဆိုဖာပေါ်တွင်အိပ်ရာနိုးသည့်ဟန်ဖြင့် ဓာတ်ပုံတစ်ပုံရိုက်ယူခဲ့သည်။
တစ်ဖက်တွင်မူ ပိုင်ရဲ့မှာ မနက်ခင်းတွင်အင်တာဗျူးတစ်ခုလက်ခံခဲ့ပြီး နေ့လည်ခင်းတွင်မူ သူ၏သူငယ်ချင်းများနှင့်တွေ့ဆုံခဲ့ကာ ပြီးနောက် ဟိုတယ်အခန်းထဲတွင်သာ အနားယူနေသည်။
အားလွင် အသိပေးစာကို ပေးရန်ပိုင်ရဲ့၏အခန်းစီသို့ ရောက်လာခဲ့သည်။ တံခါးကိုဖွင့်လိုက်သည်နှင့် ရုတ်တရက်ဆိုသလို သတိပြုလိုက်မိသည်မှာ သူ့ဘော့စ်၏ဝတ်စားဆင်ယင်ထားပုံမှာ ထူးဆန်းနေပြီး… တစ်နည်းအားဖြင့် ကြောက်စရာကောင်းနေသည်ကိုပင်။
အမှန်ကိုပဲ ဤသည်မှာ အလွန်ကြောက်မယ်ဖွယ်ကောင်းလှသည်။
" ဘော့စ်…" အားလွင် ပိုင်ရဲ့ထံ သူစိမ်းတစ်ယောက်အား ကြည့်လိုက်သကဲ့သို့ ကြည့်ကာပြောလိုက်သည် " ဘာတွေဝတ်ထားတာလဲ… မှားများဝတ်ထားတာလား…"
ပိုင်ရဲ့ အသိပေးစာကိုယူကာ ဝတ်ကျေတန်းကျေသာ ပြန်ဖြေလာသည် " အမှန်ပဲ.."
" ဒါဆို…" အားလွင် ယုံပင်မယုံနိုင်ခဲ့ပေ " ဘာလို့နွားရုပ်ညအိပ်ဝတ်စုံကို ဝတ်ထားတာလဲ…ဘယ်သူ့ကများ ဝယ်ပေးထားပါလိမ့်…"
ပိုင်ရဲ့မှ မေးလာသည် " တခြားသူဝယ်ပေးထားတယ်ဆိုတာ မင်းဘယ်လိုသိတာလဲ…"
" ဒါက ဘော့စ်ရဲ့စတိုင်မှမဟုတ်တာ… ကျွန်တော် အစ်ကိုနဲ့ငါးနှစ်ကျော်တောင် အလုပ်အတူတွဲလုပ်လာတာ… တစ်ခါမှ ဒီလို… ချစ်စရာကောင်းတာမျိုးတွေ ဝတ်တာမမြင်ဖူးဘူးလေ…"
" အခုဝတ်နေပြီလေ…"
ပိုင်ရဲ့ ရုတ်တရက် စာရွက်ကို ပြန်ချကာ ထိုင်ခုံမှထရပ်လာပြီး အင်္ကျီကိုယမ်း၍ ပြောလာသည် " ရှင်းရှင်းပေးထားတာလေ… လှတယ်မလား…"
အားလွင် : "...."
တစ်စုံတစ်ယောက်၏ ကြွားလုံးထုတ်ချင်နေသံကို သူကြားမိလိုက်သလိုပင်…
" အင်း လှပါတယ်… ဘော့စ်က ဘာဝတ်ဝတ်ကြည့်ကောင်းနေတာပဲလေ…" အားလွင် ပိုင်ရဲ့၏ဆန္ဒအတိုင်း ချီးမွမ်းပေးလိုက်ရသည်။
ထိုအချိန်မှသာ ပိုင်ရဲ့ကျေနပ်သွားပြီး ပြန်ထိုင်သွားကာ အသိပေးစာကို စတင်ဖတ်ရှုနေသည်။
ပိုင်ရဲ့ ဘောပင်ဖြင့် အမှတ်အသားအချို့ကို ဖြတ်ထုတ်ကာ သူ့အေးဂျင့်၏ဝီချက်ကိုရှာ၍ လာမည့်နှစ်ရက်အတွင်း အလုပ်များကိုဖျက်သိမ်းရန်ပြောလိုက်သည်။
အေးဂျင့်ထံမှ ကူကယ်ရာမဲ့နေသော ပြန်စာရရှိပြီးနောက် စာတစ်စောင်မှာ ထပ်မံထွက်ပေါ်လာသည်။
ရှင်းရှင်း : [ ပုံ ]
" အိုက်ယိုးး ရှင်းရှင်းက ဘော့စ်စီပုံပို့လာတာပဲ…" အားလွင် နောက်ပြောင်လိုက်သည် " တစ်ချက်ဖွင့်ကြည့်ပါဦး…"
ပိုင်ရဲ့မှာ အားလွင်ကိုကြည့်ကာ ပြောလာသည် " မင်းကဘာဖြစ်ဖြစ်ကြည့်ချင်နေတာလား.."
အားလွင် ပြောစရာစကားများပျောက်ရှသွားရသည်။
ရှင်းရှင်းက လူတိုင်းရဲ့သူငယ်ချင်းမဟုတ်ဘူးလား… ဘာများဖုံးကွယ်နေစရာလိုသေးလို့လဲ..
မည်သို့ပင်ဆိုစေကာမူ ပိုင်ရဲ့ အားလွင်ကို လျှို့ဝှက်မထားခဲ့ပေ။ ပထမဆုံးအနေဖြင့် သူနှင့်အားလွင်တို့၏ရင်းနှီးမှုမှာ မိသားစုနှင့်ချီရှင်းချန်ပြီးလျှင် ဒုတိယနေရာတွင်ဖြစ်ပြီး အဆုံး၌ သူနှင့်သူ့ဖန်ကလေးတို့၏ဆက်ဆံရေးကို အားလွင်အား ပြောပြရမည်သာဖြစ်သောကြောင့် ဆက်လက်လျှို့ဝှက်ထားနေ၍ အသုံးမဝင်ချေ။
ဒုတိယအနေဖြင့် ချီရှင်းချန်မှာ သူ့ထံရှုခင်းဓာတ်ပုံများသာ အများဆုံးပို့တတ်လေရာ မည်သည့်အရာကိုမှ ဖုံးကွယ်နေရန်မလိုပေ။
ထို့နောက် ပုံကိုထောက်ကြည့်လိုက်ချိန်၌ ကျယ်ပြန့်သောကျောပြင်၊ တင်းရင်းသွယ်လျသောခါး နှင့် လုံးလုံးလျားလျားထွက်ပေါ်နေသောလက်မောင်းနှစ်ဖက်ကို မြင်လိုက်ရကာ ဆေးထိုးထားသောအရာများသည်ပင် ပေါ်နေခဲ့သည်။
အားလွင် ချက်ချင်းဆိုသလို ချောက်ချားသွားရသည်။
ပိုင်ရဲ့မှာမူ ကပျာကယာ ဖုန်းကိုပိတ်ချလိုက်ရပြီး အခန်းတစ်ခုလုံး ကိုးရိုးကားယားနိုင်စွာ တိတ်ဆိတ်သွားခဲ့သည်။
စက္ကန့်အနည်းငယ်ကြာပြီးနောက် အားလွင်မှ ဤသို့ရှေ့မတိုးသာနောက်မဆုတ်သာ ဖြစ်နေကြသည်မှာ ကောင်းမနေသည့်အတွက် ခေါင်းစဉ်တစ်ခုရှာကာ စကားထပြောလိုက်ရသည်
" ရှင်းရှင်းက အတော်လေးတော့ ကြည့်ကောင်းတယ်နော်… ဟုတ်တယ်မလား…"
" ငါ့ကိုပြောပြနေဖို့ လိုသေးလို့လား…" ပိုင်ရဲ့မှ သတိပေးလာသည် " ဘယ်သူ့ကိုမှဒီအကြောင်းလျောက်မပြောနဲ့…အဲဒီဓာတ်ပုံကို မမြင်ခဲ့ဘူးလို့ပဲ သဘောထားလိုက်…"
အားလွင် ကြက်အစာကောက်နေသကဲ့သို့ ခေါင်းတဆတ်ဆတ်ငြိမ့်ပြလိုက်မှသာ ပိုင်ရဲ့လက်ကိုယမ်း၍ သူ့ကိုထွက်သွားခွင့်ပေးလိုက်သည်။
အခန်းထဲတွင် လုံးလုံးတိတ်ဆိတ်သွားချိန်မှသာ ပိုင်ရဲ့ မျက်လုံးကိုပွတ်၍ ဓာတ်ပုံကို ထပ်မံဖွင့်ကြည့်လိုက်မိသည်။
အစောပိုင်းအချိန်က အားလွင်မှာ သူ့ဘေးတွင်ရှိနေသောကြောင့် ပိုင်ရဲ့ ဓာတ်ပုံကိုစေ့စေ့စပ်စပ်မကြည့်ရသေးပေ။ ယခုကြည့်လိုက်မိချိန်မှသာ သူ့ဖန်ကလေး၏လက်မောင်းမှ ဆေးထိုးရာမှာ နက်ရှိုင်းပုံပေါ်ကာ ပုံသဏ္ဍာန်မမှန်ဖြစ်နေသည်ကို မြင်လိုက်ရသည်။ ၎င်းမှာ အသည်းပုံအသေးလေးတစ်ခုနှင့်ပင် ဆင်တူနေခဲ့လေသည်။
ချီရှင်းချန်၏ခါးပေါ်တွင်လည်း မွေးရာပါအမှတ်တစ်ခုရှိနေကာ ထိုအရာမှာ သူ၏ဖောက်ထွင်းမြင်ရလုမတတ်ဖြစ်နေသောအသားပေါ်တွင် သိသာထင်ရှားနေခဲ့သည်။
ညအိပ်ဘောင်းဘီမှာ အလွန်ချောင်ကြနေပြီး ခါးမှာအလွန်သေးသွယ်လှသည့်အတွက် ဘောင်းဘီကို တင်ပါးမှပင့်တင်ကာဝတ်ထားရသည်ဖြစ်ရာ ကွာဟနေသည့်အရာလေးတစ်ခုကို မတော်တဆဖြစ်ပေါ်သွားစေသည်။
ထိုအရာလေးမှ ပိုင်ရဲ့ အထဲတွင်ရှိနေသောတင်လုံးလုံးလေးကိုပင် မြင်နေရသည်။
ပိုင်ရဲ့ ဓာတ်ပုံကိုအချိန်ကြာကြာမကြည့်ရဲတော့ပေ။ တစ်ခေါက်နှစ်ခေါက်ကြည့်လိုက်ပြီးနောက် လေးနက်နေသည့်မျက်နှာဖြင့် ချီရှင်းချန်ထံစာပို့လိုက်သည် : [ ဘယ်လိုလုပ်ပြီး လူတွေကို ဒီလိုပုံပို့ရဲတာလဲ…]
စာပြန်လာသည်ကို မြင်လိုက်ရချိန်၌ ချီရှင်းချန် တက်ကြစွာဖွင့်ကြည့်လိုက်မိသည်။ ထို့နောက် သူ၏တက်ကြွနေမှုများမှာ တုန်လှုပ်မှုအဖြစ်သို့ ပြောင်းလဲသွားရလေသည်။
ပိုင်ရဲ့ သူ့ကိုအရမ်းအပေါစားဆန်တယ်လို့ထင်သွားပြီလား… ဒါပေမယ့်လည်း ခန္ဓာကိုယ်အပေါ်ပိုင်းကိုပြတာလောက်ကတော့ ကိစ္စကြီးမဟုတ်ဘူးမလား…သူတို့မြောက်ပိုင်းမှာ ရေအတူချိုးတုန်းကဆိုရင် ဘာမှကိုမဝတ်ထားခဲ့တာလေ…
ပြီးတော့ သမုဒ္ဒရာနှလုံးသားရိုက်တုန်းကလည်း အပေါ်ပိုင်းဗလာနဲ့ရေထဲဆင်းရတာပဲကို… အဲဒီတုန်းက ဝန်ထမ်းတွေကော ပိုင်ရဲ့ကော မြင်ခဲ့တာပဲ…
အဲဒီအချိန်တုန်းကတော့ ပိုင်ရဲ့ သူ့ကိုအပေါစားဆန်တယ်လို့ မတွေးခဲ့ဘူးလေ…
ချီရှင်းချန် ပျာပျာသလဲလဲရှင်းပြလိုက်မိသည် : [ ကျွန်တော် အစ်ကို့စီကိုပဲ ဘာလုပ်နေတယ်ဆိုတာ အဓိကပြောပြတာပါ…]
ယွဲ့ : [ နောက်တစ်ခါကြရင် ဒီအတိုင်းပဲပြောပါ.. အခုတော့ပုံကိုအရင်ဖျက်လိုက်ဦး…]
ယွဲ့ : [ ကိုယ့်ဘက်မှာလည်း ဖျက်လိုက်မယ်…]
အလွန်အားစိုက်ထုတ်ထားရသောဓာတ်ပုံတစ်ပုံကို ဖျက်ပစ်ရမည်မှာ နှမြောစရာကောင်းလှသောလည်း ချီရှင်းချန်အတွက် ပိုင်ရဲ့၏စကားသည်သာ တစ်သွေးတစ်သံတစ်မိန့်ဖြစ်သည်။
သူမတရားသလိုခံစားရလျှင်ပင် စိတ်ကိုပြင်ဆင်၍ ဖျက်ပစ်မည်ဖြစ်သည်။
ထို့နောက် ချီရှင်းချန် အကြောင်းပြန်လိုက်သည် : [ ဖျက်ပြီးပါပြီ…]
ယွဲ့ : [ အင်းးး ဖျက်လိုက်ရင်ရပြီ…]
ရှင်းရှင်း : [ ဒါဆို ကောကောစိတ်ဆိုးနေတာမဟုတ်ဘူးလား…]
ပိုင်ရဲ့ ခဏမျှဆွံ့အသွားရသည်။ သူ့ဖန်ကလေးက ဘာတွေတွေးနေတာလဲ…သူကဘာလို့စိတ်ဆိုးရမှာလဲ…
သူ့အသံကအရမ်းလေးနက်သွားပြီး တစ်ဖက်လူကိုခြောက်မိသွားတာပဲ ဖြစ်ရမယ်…. ပိုင်ရဲ့ သက်ပြင်းတစ်ချက်ချကာ ဗီဒီယိုကောခေါ်လိုက်ရသည်။
တစ်ခုနှင့်တစ်ခုကြားပြောင်းလဲသွားမှုကြောင့် ချီရှင်းချန် အဝတ်များကိုသပ်သပ်ရပ်ရပ်ပြင်ကာ ခါးမတ်မတ်ထိုင်၍ ဖုန်းကိုဖြည်းဖြည်းချင်းကိုင်ပြီး အဆူခံရန်ပြင်ဆင်လိုက်သည်။
ချီရှင်းချန်၏အလွန်ရိုကျိုးနေသောအမူအယာကြောင့် ပိုင်ရဲ့သူ့ကိုစချင်မိခဲ့သော်လည်း ယခုအချိန်၌ မည်သို့မျှမတတ်နိုင်ဘဲ နူးညံ့စွာပြောလိုက်ရသည် " ကြောက်နေတာလား.."
" အင်း…"
" ကိုယ်ဘာလို့ ဒီလိုပုံမျိုးမပို့ခိုင်းတာလဲဆိုတာ သိလား…"
" သိပါတယ်…" ချီရှင်းချန် ရှက်ရွံ့စွာဖြင့် ပြန်ဖြေလာသည် " ကျွန်တော်ကအပေါစားဆန်သလိုဖြစ်နေလို့လေ…"
ဘယ်လိုတောင် သောက်တလွဲလဲ… ပိုင်ရဲ့ ရယ်ရမည်လား ငိုရမည်လားကိုပင် မသိတော့ဘဲ ပြောလိုက်ရသည်
" ကိုယ်မင်းကိုသဘောမကျတာမဟုတ်ပါဘူး…"
ပိုင်ရဲ့ အပေါစားဆန်သည်ဟူသော စကားလုံးကိုမသုံးနိုင်သည့်အတွက် ခဏမျှရပ်တန့်သွားပြီးနောက် ဆက်ပြောလိုက်သည် " ကိုယ်မင်းကိုဖျက်ဖို့ပြောတယ်ဆိုတာ မင်းကအနုပညာရှင်တစ်ယောက်ဖြစ်နေလို့လေ…ဒီဓာတ်ပုံသာမတော်တဆပေါက်ကြားသွားရင် မင်းအတွက်သက်ရောက်မှုအကြီးကြီးဖြစ်သွားစေလိမ့်မယ်…"
ချီရှင်းချန် မူးဝေသွားရသည်။ သူထိုအကြောင်းကို တကယ်ပင်မတွေးခဲ့မိချေ။
မဂ္ဂဇင်းများအတွက် အပေါ်ပိုင်းဗလာပုံများရိုက်ခြင်းမှာ အဆင်ပြေသော်လည်း ထိုကဲ့သို့သောဆယ်ဖီများဆိုလျှင်တော့ ရှင်းပြရခက်သွားပေမည်။
" ကံကောင်းလို့ ကျွန်တော်ကောကောကိုပဲ ပြမိလို့ပေါ့…" ချီရှင်းချန် ရင်ဘတ်ကိုပုတ်ပြီး ပြောလိုက်ရသည် " တော်ပါသေးရဲ့…"
" ကိုယ်ကလူကောင်းဆိုတာ သေချာတယ်ပေါ့…" ပိုင်ရဲ့မှ မျက်ခုံးတစ်ဖက်ကိုပင့်ကာ မေးလိုက်သည်။
တုံ့ပြန်ရန်အချိန်ပင်မလိုဘဲ ချီရှင်းချန်မှ ချက်ချင်းပြန်ဖြေလာသည် " ဒါပေါ့ သေချာတယ်…ဒီကမ္ဘာကြီးမှာ ဘယ်သူမဆိုလူဆိုးဖြစ်နိုင်ပေမယ့် ကောကောကတော့ သေချာပေါက်လူကောင်းတစ်ယောက်ပဲ…"
ပိုင်ရဲ့ ချီရှင်းချန်၏ တုံ့ပြန်မှုကြောင့် သီးသွားရသည်။ နေထိုင်လာသည့်သက်တမ်းတစ်လျောက်လုံးတွင် ဤသည်မှာ ပထမဦးဆုံးအကြိမ်အဖြစ် ကူကယ်ရာမဲ့သည်ဟူသောအရာကို ခံစားဖူးခြင်းပင်။
ပိုင်ရဲ့၏ချီရှင်းချန်ကို သင်ကြားပြသချင်သည့်ရည်ရွယ်ချက်မှာ နှလုံးအောင့်ခြင်းအဖြစ်သို့သာ ပြောင်းလဲသွားရသည်။ ထို့ကြောင့် ပိုင်ရဲ့ သူ့ဖန်ကလေးကို ချော့မော့လိုက်သည်
" အင်းပါ.. မကြောက်ပါနဲ့.. ကိုယ်စိတ်မဆိုးပါဘူး… ကြည့်ရတာကိုလည်း သဘောကျပါတယ်…"
ချီရှင်းချန် ပိုင်ရဲ့၏ ကြည့်ရသည်ကိုသဘောကျသည် ဟူသောစကား၏အဓိပ္ပါယ်ကို နားလည်သွားချိန်၌ သူ၏မျက်နှာမှာ တဖြည်းဖြည်းချင်း နီမြန်းလာခဲ့သည်။
" ဒါပေမယ့် အနုပညာလောကဆိုတာ အရမ်းရှူပ်ထွေးတဲ့အရာမလို့ မင်းကိုယ်မင်း ကောင်းကောင်းကာကွယ်ထားရမယ်…ဘယ်သူ့ကိုမှမယုံရဘူး… ကိုယ်အပါအဝင် မင်းနဲ့ရင်းနှီးတဲ့သူတိုင်းပဲ…"
ပိုင်ရဲ့ သင်ကြားပေးနေရင်းမှ တမင်တကာ ချီရှင်းချန်ကို စနောက်လိုက်သည် " ဘယ်လိုပဲဖြစ်ဖြစ် ကိုယ့်ကိုတကယ်ပြချင်နေရင်လည်း လက်ခံပေးလို့ရပါတယ်… ဗီဒီယိုကေ
ာခေါ်နေတဲ့အတွင်းမှာ ချွတ်ပြပေါ့…"
ချီရှင်းချန် : "...."
အိုးထဲသို့ပစ်ထည့်လိုက်သည့်ပုစွန်တစ်ကောင်ကဲ့သို့ ချီရှင်းချန် ခေါင်းမှခြေဖျားအထိ နီရဲသွားရသည်။
နှစ်စက္ကန့်အကြာတွင် ဖုန်းချသွားသည့်အသံကိုသာ ပိုင်ရဲ့ ကြားလိုက်ရလေသည်။