အခန်း ၉၈၃
ရတနာရှစ်သွယ် ဝက်သားနှပ် ... ထုံမိသားစုမှ တိုက်ခိုက်မှု
မသေမျိုးစားဖိုမှူး ဆိုင်ငယ်လေး၏ မီးဖိုချောင်ထဲတွင် ရေပွက်ပွက်ဆူနေသော အသံများကို ကြားရနိုင်သည်။
မီးဖိုချောင်တစ်ခုလုံး မီးရောင်ဖြင့် လင်းနေပြီး ပွက်ပွက်ဆူနေသော ရေထဲမှ အငွေ့များ တက်လာကာ အခန်းကို မြူခိုးများ ဖုံးလွှမ်းသွားသည်။
ပုဖန် ရတနာရှစ်သွယ်ဝက်ကို ကောင်တာပေါ်သို့ တင်ထားလိုက်သည်။ အတွေးတစ်ချက်နှင့်ပင် ရွှေရောင်အလင်းတန်းတစ်ခုကို ထုတ်လွှတ်နေသော ရွှေနဂါးအရိုးမီးဖိုချောင်သုံးဓား လက်ထဲတွင်ပေါ်လာသည်။
ယနေ့အထိ ပုဖန် ပါဝင်ပစ္စည်းများကို ပြင်ဆင်ရာတွင် အဆင်ပြေစေသည့် ရွှေနဂါးအရိုးမီးဖိုချောင်သုံးဓား၏ ဝိညာဉ်နှင့် ကောင်းစွာ ဆက်သွယ်နိုင်ခဲ့သည်။
ဓားကိုလှည့်၍ အဆီများသော ဝက်သားကိုလှီးဖြတ်နေစဉ် ဓားသည် ကခုန်နေသကဲ့သို့ပင်။ ထို့နောက် ဝက်သားကို မဟူရာလိပ်ခုံးဒယ်အိုးထဲတွင် ထားလိုက်သည်။
ဒယ်အိုးထဲတွင် နွေဦးစမ်းရေသည် အဆက်မပြတ် တပွက်ပွက် ဆူနေသည်။ အဆင်သင့်ပြင်ဆင်ထားသော ရတနာရှစ်သွယ်ဝက် ဒယ်အိုးထဲသို့ရောက်သည်နှင့် မသေမျိုးစွမ်းအင်မှာ ဒယ်အိုး၏အထက် မျက်နှာပြင်တွင် လှည့်ပတ်နေသည်။
ပွက် ပွက် ပွက် ...
ပုဖန် တူရှည်တစ်စုံကိုယူ၍ ဝက်သားကိုလှန်လိုက်သည်။
မဟူရာလိပ်ခုံးဒယ်အိုး၏ အောက်တွင် ပြင်းထန်သောအပူဖြင့်တောက်လောင်နေသော ရွှေရောင်မီးတောက်များကိုကြည့်၍ မတတ်နိုင်ပဲ သက်ပြင်းချလိုက်သည်။
" ကြည့်ရတာ ကောင်းကင်ကမ္ဘာမြေမီးလျံက ဒီအဆင့်ရှိတဲ့ ပါဝင်ပစ္စည်းတစ်ခုကိုချက်ဖို့ အားနည်းလွန်းတဲ့ပုံပဲ အဆင့်မြင့်တဲ့ မသေမျိုးမီးတောက်ကို ပြောင်းဖို့အချိန်ပဲ မဟုတ်ရင် အဆင့်မြင့် မသေမျိုးပါဝင်ပစ္စည်းတွေကို ချက်ပြုတ်ဖို့ မဖြစ်နိုင်ဘူး..."
ပုဖန်၏ ကျင့်ကြံမှုအဆင့် တိုးမြှင့်သွားသည့်အချိန်မှစ၍ သူအသုံးပြုသော ပါဝင်ပစ္စည်းများ၏ အဆင့်သည်လည်း တိုးမြှင့်လာသည်။
ကောင်းကင်ကမ္ဘာမြေမီးလျံဖြင့် သူသေချာစွာ မချက်ပြုတ်နိုင်သော ပါဝင်ပစ္စည်းများ များစွာရှိသည်။ သူ၏ချက်ပြုတ်ကျွမ်းကျင်မှု မည်မျှပင် ထူးချွန်ပါစေ ဟင်းလျာကို မချက်ပြုတ်နိုင်လျှင် ထိုအရာသည် အရေးမကြီးပေ။
ထို့ကြောင့် သူ၏နည်းစနစ်များကို မြှင့်တင်ပြီး မသေမျိုးမီးတောက်တစ်ခုကို ရှာတွေ့ရန် ပို၍ကြိုးစားရမည်။
သို့သော် ကံကောင်းသည်က ဤတစ်ကြိမ်တွင် ဝက်သားနှပ်ကို ကောင်းကင်ကမ္ဘာမြေမီးလျံဖြင့် ချက်ပြုတ်၍ရနိုင်သည်။
ဒယ်အိုးထဲရှိ ရေပေါ်မှ အမြှုပ်များအားလုံးကို ဖယ်ထုတ်ပြီးနောက် ပုဖန်အသားပိုင်းကို ထုတ်ယူလိုက်သည်။
ရွှေရောင်အလင်းတန်းများနှင့်အတူ ပုဖန် ရွှေနဂါး အရိုးမီးဖိုချောင်သုံးဓားကို ကိုင်ဆောင်သည့်ပုံစံ ပို၍ လေးနက်လာသည်။
ပါဝင်ပစ္စည်းများအား လျင်မြန်စွာ ပြင်ဆင်ရန် မလိုအပ်သည့်အတွက် အရှင်သခင်ဓားဆယ့်သုံးချက်ကို အသုံးပြုရန် ပုဖန်ဆုံးဖြတ်လိုက်သည်။
အင်မော်တယ် ဖြတ်တောက်နည်းပုံစံအသစ်ကို မလေ့ကျင့်ရသေးသည့်အတွက် အသုံးမပြုရဲသေးပေ။
ပုဖန် အသားများကို အတုံးသေးသေးလေးများဖြစ်အောင် လှီးဖြတ်ပြီးနောက် ၎င်းတို့ကို ညီညီညာညာ ချထားသောကြောင့် အလွန်လက်ရာမြောက်ပုံရသည်။
ထို့နောက် ဝက်သားနှပ်ပြင်ဆင်ရန် လိုအပ်သော မြေအိုးတစ်လုံးကို ထုတ်ယူလိုက်သည်။
အတွေးတစ်ခုဖြင့် ပုဖန် ဝါးရွက်များကို ထုတ်ယူလိုက်သည်။ ဤကြွပ်ရွ၍ တောက်ပြောင်နေသော ဝါးရွက်များသည် ကောင်းကင်ကမ္ဘာမြေလယ်ယာမြေ၏ အပိုင်းသစ်ဖြစ်သော ဝါးသစ်တောမှ ထုတ်ကုန်များဖြစ်သည်။
ဝါးသစ်တောတွင်ပေါက်သော ဝါးပင်များအားလုံးသည် ဝိညာဉ်ပါဝင်ပစ္စည်းများဖြစ်သည်။ ကျောက်စိမ်းနှင့်တူရသည့် အကြောင်းရင်းမှာ ၎င်းတို့တွင် ပြင်းထန်သော ဝိညာဉ်စွမ်းအင်များ ပါ၀င်သောကြောင့်ဖြစ်သည်။
ပုဖန် ထိုဝါးရွက်များကို မြေအိုး၏အောက်ခြေတွင် ဖြန့်ကျဲလိုက်သည်။
ထို့နောက်ဝက်သား မထည့်မီ ပါးပါးလှီးထားသော သားအမိဂျင်းနှင့် အမြှီးရှည်ကြက်သွန်များကို အိုးနှုတ်ခမ်းထိပြည့်အောင် ဖြည့်လိုက်သည်။
ထို့နောက် ဟင်းခတ်အမွှေးအကြိုင်များ ပြင်ဆင်ရန် အချိန်ဖြစ်သည်။
ပဲငံပြာရည်အကြည်မထည့်မီ ပဲငံပြာရည်အနောက်ကို ထည့်လိုက်သည်။ ထိုကွဲပြားသော ပဲငံပြာရည်နှစ်မျိုးက မတူညီသော အရသာနှစ်မျိုးကို ပေးစွမ်းနိုင်သည်။
ထို့နောက် စိန်တုံးနှင့်တူသော သကြားခဲနှစ်ခဲကိုယူ၍ အိုးထဲသို့ ထည့်လိုက်သည်။
နှင်းခါးမီးတောက်သိမြင်မှုဝိုင် ပုလင်းတစ်ဝက်ခန့်ကိုထည့်၍ မီးဖိုပေါ်မတင်မီ အဖုံးပိတ်လိုက်သည်။ နှေးကွေးသော ချက်ပြုတ်မှုလုပ်ငန်းစဉ် ယခုမှ စတင်မည်ဖြစ်သည်။
ကောင်းကင်ကမ္ဘာမြေမီးလျံလုံး တစ်ခုကို မီးဖိုပေါ်သို့ ထွေးထုတ်လိုက်သည်။
လက်နောက်ပစ်ထားသည့်အချိန်တွင် သူ၏ကိုယ်မှ စိတ်စွမ်းအင်လှိုင်းများ လွှင့်ထွက်ပြီး အိုးတစ်ခုလုံးကို ဖုံးအုပ်ထားသည်။
ဤဟင်းလျာသည် သလင်းကြည်ဖက်ထုပ်စွပ်ပြုတ်ထက် အဆင့်မြင့်သော်လည်း အသုံးပြုသော ပါဝင်ပစ္စည်းများ ကွာခြားသောကြောင့် ခက်ခဲစွာ ပြင်ဆင်ရန်မလိုပေ။
ပါဝင်ပစ္စည်း၏ မူလစွမ်းအင်ကို မသေမျိုးစွမ်းအင်အဖြစ် ပေါင်းစည်းလိုက်ခြင်းသည် ပါဝင်ပစ္စည်းကို အဆင့်တက်သွားစေသည့် အဆင့်တစ်ခုဖြစ်သည်။ ဤအဆင့်ပြီးပါက ၎င်း၏အရသာနှင့် အသွင်အပြင်သည် သိသိသာသာ တိုးတက်လာမည်ဖြစ်သည်။
ပုဖန် ဝက်သားပြုတ်ရန် အသုံးပြုသည့်အချိန်သည် အမွှေးတ်ိုင်တစ်ဝက်ကို မီးရှို့သည့်အချိန်ဖြစ်သည်။
အချိန်ပြည့်သောအခါ ပုဖန်မျက်လုံးဖွင့်လိုက်သော်လည်း စိတ်စွမ်းအင်များကို မလျှော့သေးပေ။ ဤနည်းဖြင့် ဝက်သားနှပ်မပြီးသေးပေ။
အဖုံးကိုဖွင့်လိုက်သည်နှင့် အသား၏ သင်းပျံ့သောရနံ့နှင့်အတူ အငွေ့များ ထွက်လာသည်။ လေထဲတွင် လွင့်ပျံသွားကာ တစ်ခဏအတွင်း မီးဖိုချောင်ထဲ ပြည့်သွားသည်။
နောက်ဆုံးတွင် သင်းပျံ့သောရနံ့က စားသောက်ဆိုင်တစ်ခုလုံးကို ပြန့်နှံ့သွားသည်။
မီးဖိုချောင်၏ အပြင်ဘက်တွင် ပန်းပွင့်လေးနှင့် ကစားနေသော မဟူရာနဂါးဘုရင် နှာခေါင်းရှုံ့လိုက်သည်။ သူ၏မျက်လုံးများက အလင်းတန်းများ ဖြာထွက်နေသကဲ့သို့ ထင်ရသည်။
" အနံ့အရမ်းကောင်းတာပဲ... ပိုင်ရှင်ပု ဘာဟင်းလျာအသစ်တွေ ချက်နေတာလဲမသိဘူး..."
ပန်းပွင့်လေး စိတ်လှုပ်ရှားစွာ ပါးစပ်ကိုဖွင့်လိုက်ကာ ထက်မြက်သော သွားများကို ထုတ်ဖော်ပြသပြီး သူမ၏ သုံးပန်လှမြွေမျက်လုံးများ လှည့်ပတ်သွားသည်။
ကြမ်းပြင်ပေါ်တွင် ကျယ်လောင်စွာဟောက်လျက် အိပ်ပျော်နေသော ခွေးဘုရင် ရုတ်တရက် မျက်လုံးများ ပွင့်လာသည်။ မီးဖိုချောင်ကိုကြည့်ရန် ခေါင်းမော့လိုက်သောအခါ မျက်လုံးထဲတွင် တောက်ပသည့် အကြည့်များ ရှိနေသည်။
" ဒီအနံ့ အရမ်းမွှေးတာပဲ...အသားတစ်ခုခုရဲ့ အနံ့ပဲ ဝက်နံရိုးချိုချဉ်တော့ မဟုတ်ဖူး... အသားနီနှပ်လိုပဲ ဒါမဲ့ သာမန် အသားနီနှပ်တော့ မဟုတ်ဖူး..."
ခွေးဘုရင် ရေရွတ်နေသည်။
ငရဲဘုရင်အာဟ အစပ်ချောင်းကိုက်လျက် အောက်ထပ်သို့ ဆင်းလာသည်။
ဤအစပ်ချောင်းသည် အမှတ်နှစ်ခု နတ်ဘုရားအာကာသနယ်ပယ် ကျင့်ကြံသူကို သတ်နိုင်ခဲ့သောကြောင့် ပုဖန်ပေးသော အစပ်ချောင်းဆယ်ချောင်းထဲမှ တစ်ခုဖြစ်သည်။
သူနောက်ဆုံး အပိုင်းအစတစ်ခုကို စားပြီးသည်မှာ မကြာသေးသော်လည်း တိုက်ဆိုင်စွာဖြင့် ပုဖန်က သူ့ကို ထိုအစပ်ချောင်းဆယ်ချောင်းကို ဆုချခဲ့သည်။
ပါးစပ်ထဲတွင် အစပ်ချောင်းများနှင့် ငရဲဘုရင်အာဟ၏ မျက်လုံးများတွင် စိတ်လှုပ်ရှားဖွယ် အကြည့်တစ်ခု ပေါ်လာသည်။
" ဒီအသားက အဆီနံ့လည်းမပါတော့ မဆိုးပါဘူး အဲ့ကောင်လေးပုဖန်ရဲ့ ဟင်းချက်စွမ်းရည်တွေက တိုးတက်လာတာပဲ..."
ငရဲဘုရင်အာဟ မှတ်ချက်ချလိုက်သည်။
ထိုအချိန် မီးဖိုချောင်ထဲတွင်...
ပုဖန် မြေအိုးအဖုံးကို ဖွင့်လိုက်သောအခါ အငွေ့များ အခန်းထဲတွင် ပြည့်သွားသည်။
အသား၏အရောင်က နီညိုရောင်ပြောင်းသွားပြီး တောက်ပသည့် အလင်းတန်းများ ထွက်လာသည်။ သို့သော်လည်း အလင်းရောင်သည် အလွန်မစူးရှသော ဖျော့တော့တော့ အရောင်သာဖြစ်သည်။
ဟင်းလျာ မပြီးပြည့်စုံသေးသောကြောင့် ဖြစ်နိုင်သည်...
ဟင်းလျာ ချက်ပြုတ်ပြီးသောအခါ အိုးကိုဖွင့်လိုက်သည်နှင့် တစ်ပြိုင်နက် အခန်းထဲသို့ စူးရှသော အလင်းတန်းများ ပြည့်လျှံလာမည်ဟု ပုဖန်ယုံကြည်ခဲ့သည်။
တူတစ်စုံယူ၍ အသားကို အနည်းငယ်မွှေလိုက်ပြီးနောက် ကျန်နေသေးသည့် နှင်းခါးမီးတောက်သိမြင်မှုဝိုင် ပုလင်းတစ်ဝက်ကို ထည့်လိုက်သည်။ ထို့နောက် အဖုံးပြန်ပိတ်၍ ဆက်လက်နှပ်နေလိုက်သည်။
ယခုတစ်ခေါက်တွင် အကြိမ်များစွာ မနှပ်ရပေ။ ယခင်တစ်ခေါက်၏ အချိန်တစ်ဝက်ခန့်သာ နှပ်လိုက်ရသည်။
ပုဖန်၏ စိတ်စွမ်းအင်သည် လှိုင်းလုံးများကဲ့သို့ အိုးဆီရောက်သွားပြီး အိုးအတွင်းမှ မူလစွမ်းအင်ကို မရပ်မနား လှည့်ပတ်သွားစေသည်။
ထို့နောက် အိုးအဖုံးကို ထပ်မံဖွင့်လိုက်သည်။
မူလစွမ်းအင်များသည် တောက်ပသောအလင်းရောင်ကို ထုတ်လွှတ်ပေးနေပြီး အိုးအတွင်း၌ လှည့်ပတ်နေသည်။
သို့သော် ၎င်းတို့အား ထိန်းချုပ်ရန် ပုဖန် သူ၏ စိတ်စွမ်းအင်ကို အသုံးပြုခဲ့ပြီး အိုးထဲမှ မထွက်သွားစေခဲ့ပေ။
မူလစွမ်းအင်ကို ထိန်းချုပ်နေစဉ် စနစ်ထံမှ ကြွေပန်းကန်လုံးတစ်လုံးကို တောင်းခဲ့သည်။ ထို့နောက် ဝက်သားနှပ်ကို ဖယ်ထုတ်ပြီး ပန်းကန်လုံးထဲသို့ ထည့်လိုက်သည်။
ပန်းကန်လုံးသည် ဝက်သားနှပ်အတွက် အထူးဒီဇိုင်းထုတ်ထားသကဲ့သို့ပင် ။ ပန်းကန်လုံးအဝက အနည်းငယ်သေးနေပြီး ခန္ဓာကိုယ်က ဖောင်းနေသည်။
ပန်းကန်လုံးထဲသို့ ဝက်သားနှပ်ကိုထည့်ပြီးနောက် အပေါ်မှနေ၍ ပြောင်လက်တောက်ပသော အသားတုံးများကို မြင်တွေ့နိုင်သည်။
ပုဖန် အိုးထဲမှ အသားပြုတ်ရည်များကို အသားတုံးများပေါ်တွင် လောင်းချလိုက်သည်။
ထိုအသားပြုတ်ရည်သည် အလွန်ထူးခြားဆန်းကြယ်လှသည်။ ၎င်းတွင် စွမ်းအင်များစွာပါဝင်ပြီး ဝါးရွက် သားအမဂျင်း အမြှီးရှည်ကြက်သွန်နှင့် နှင်းခါးမီးတောက်သိမြင်မှုဝိုင်တို့၏ အရသာများပါဝင်နေသည်။
သို့သော် ပုဖန်ဝိုင်ကို နှစ်ခါခွဲ၍ ထည့်ခဲ့သောကြောင့် ဝိုင်အရသာ လွန်ကဲခြင်းမရှိပေ။ အတိအကျပြောရလျှင် ထိုကဲ့သို့ ပေါ့ပေါ့ပါးပါး ဝိုင်အရသာက လူများကို ဆွဲဆောင်နိုင်စေမည့် အမျိုးအစားပင်။
ထိုကြွေပန်းကန်လုံးကို မဟူရာလိပ်ခုံးဒယ်အိုးထဲသို့ထည့်ပြီး စတင်ပေါင်းလိုက်သည်။
ပေါင်းသည့် လုပ်ငန်းစဉ်မှာ အရေးကြီးသောအဆင့်တစ်ခု ဖြစ်သည်။ အရသာအားလုံးကို အသားထဲသို့ ရောနှောပြီး ပေါင်းစပ်စေကာ မူလစွမ်းအင်မှ မသေမျိုးစွမ်းအင်သို့ ရောက်ရှိသွားအောင် လုပ်ဆောင်သည့်အဆင့်ဖြစ်သည်။
...
မသေမျိုးမီးဖိုချောင်အဆောက်အဦး
မူလျှို့အာနှင့် မန်နေဂျာချန်တို့ ထွက်ခွာသွားကြသည်။ မူလျှို့အာ၏ဘေးတွင် အရပ်ရှည်၍ တောင့်တင်းသော ခန္ဓာကိုယ်ရှိသည့် အမျိုးသားတစ်ဦး လက်နောက်ပစ်လျက် ရှိနေသည်။ ထိုလူမှာ မသေမျိုးမီးဖိုချောင်အဆောက်အဦး၏ ကာကွယ်သူ ကြယ်နှစ်ပွင့် စစ်မှန်မသေမျိုးနယ်ပယ်ကျင့်ကြံသူ ဖြစ်သည်။
ဤတစ်ကြိမ်တွင် ထိုကျင့်ကြံသူသည် ထုံမိသားစုမှလူများကိုရပ်တန့်ရန် မူလျှို့အာ၏တောင်းဆိုချက်ကို နားထောင်နေသည်။
မူလျှို့အာနှင့် မန်နေဂျာချန်တို့ အခွင့်အရေးတစ်ကြိမ်ကို ဆုံးရှုံးထားပြီးကြောင်း သိရှိထားသည်။ ဒုတိယအခွင့်အရေး ပြီးသွားပြီးနောက်တွင် တတိယအခေါက် ဖြစ်လာတော့မည်မဟုတ်မှန်း သိရှိကြသည်။ သူတို့နောက်ထပ်အခွင့်အရေးကို လက်မလွှတ်နိုင်ကြတော့ပေ။
ပုဖန်၏ ပင်ကိုစွမ်းရည်နှင့် ကျွမ်းကျင်မှုသည် အံ့အားသင့်ဖွယ်ဖြစ်သည့်အတွက် မူလျှို့အာ ပုဖန်ကို မြို့တော်သခင်၏ မသေမျိုးစားဖိုမှူးအဖွဲ့သို့ ဝင်ရောက်စေချင်သည်။
မသေမျိုးမြို့တော်တွင် လွှမ်းမိုးမှုရှိသော မိသားစုတိုင်းသည် မသေမျိုးစားဖိုမှူးများကို သူတို့ဘက်သို့ ခေါ်ယူ၍ ကိုယ်ပိုင် မသေမျိုးစားဖိုမှူးအဖွဲ့များ တည်ထောင်ထားကြသည်။
အဘယ့်ကြောင့်ဆိုသော် အမွေအနှစ်နယ်မြေသို့ ခြေချပြီးသည်နှင့် မသေမျိုးစားဖိုမှူးများ၏ အကူအညီကို လိုအပ်ကြသောကြောင့်ဖြစ်သည်။ မသေမျိုးစားဖိုမှူးများသည်လည်း သူတို့ကိုယ်သူတို့ တိုးတက်လိုကြသည့်အတွက် အမွေအနှစ်နယ်မြေသို့ ဝင်ရောက်ကြခြင်းဖြစ်သည်။
အမွေအနှစ်နယ်မြေတွင် အဆင့်မြင့်ဟင်းချက်နည်းများကို ရရှိနိုင်ပြီး မသေမျိုးမီးတောက် ရရှိရန်အခွင့်အရေးလည်းရှိသည်။
မူလျှို့အာက ပုဖန်နှင့် ပတ်သက်၍ အလွန်အကောင်းမြင်ပြီး သူ့ထက်သူမနှင့် ပိုရင်းနှီးသူ မရှိနိုင်ဟု တွေးထင်ခဲ့သည်။
ပုဖန်၏ အစားအသောက်ဈေးဆိုင်ငယ်လေးကို စတင်ဖွင့်လှစ်ချိန်မှစ၍ သူ့ကိုအာရုံစိုက်ခဲ့မိသည်။
ပုဖန်၏ခန္ဓာကိုယ်တွင် သူမကိုဆွဲဆောင်နိုင်သော မှော်စွမ်းအားများနှင့် ပြည့်နှက်နေသည်။ သူနှင့်စကားပြောဆိုဆက်ဆံမှုများလုပ်လေ အဆင့်နိမ့်နယ်ပယ်မှလာသော ဤလူကို နားမလည်နိုင်လေ ဖြစ်သည်။
ပုဖန်၏စွမ်းရည်သည် အကောင်းဆုံးမဟုတ်သော်လည်း အကန့်အသတ်မရှိဖြစ်နိုင်ချေများနှင့် ပြည့်နေပါသည်။ ဥပမာအားဖြင့် ထိုကဲ့သို့ သူ၏တိုးတက်မှုအရှိန်အဟုန်ကို မူလျှို့အာ တစ်ခါမှမမြင်ဖူးပေ။
ထို့ကြောင့် မသေမျိုးမီးဖိုချောင်အဆောက်အဦး၏ ကာကွယ်သူ ကြယ်နှစ်ပွင့် စစ်မှန်မသေမျိုးနယ်ပယ် ကျင့်ကြံသူကို ပုဖန်အားကူညီပေးရန် စည်းရုံးနေခြင်းဖြစ်သည်။
ထုံမိသားစု ပုဖန်ကိုလက်စားချေမည်မှာ သံသယဝင်စရာမလိုပေ။
မြို့တော်တရားရုံးမှ ပုဖန်ကို သူတို့ဘက်သို့ ခေါ်ဆောင်လိုသောကြောင့် ၎င်းတို့သည် ရိုးသားမှုအချို့ကို ပြသရမည်ဖြစ်သည်။
ပိုးထည်တစ်ခုတွင် ပန်းများထိုးရန် လွယ်ကူသော်လည်း နှင်းထူထပ်သောရာသီဥတုတွင် ကျောက်မီးသွေးပို့မည့်သူကို ရှာရန် ခက်ခဲလိမ့်မည် ။ သူတို့ပြုလုပ်ရန် လိုအပ်သောအရာမှာ ပုဖန်လိုအပ်ချိန်တွင် ကူညီရန်ဖြစ်သည်။
မန်နေဂျာချန် စကားမပြောမီ ချောင်းဆိုးလိုက်သည်။
" ထုံမိသားစုက ဒီတစ်ကြိမ်လွှတ်လိုက်တဲ့သူက ထုံမူဟဲပဲ..."
" ထုံမူဟဲ တဲ့လား... ဦးလေးမူ ထုံမူဟဲကို ချေမှုန်းဖို့ ယုံကြည်ချက်ရှိလား..."
မူလျှို့အာ၏ မျက်လုံးသူငယ်အိမ် ကျုံ့သွားပြီး အရပ်ရှည်၍ သန်မာသောလူကို လှည့်ကြည့်လိုက်သည်။
ထိုလူ၏ဆံပင်သည် ထိုးထောင်နေပြီး သူ၏အကြည့်များက တည်ငြိမ်၍ အော်ရာသည်လည်းပြင်းထန်နေသည်။
" အာ... ထုံမူဟဲ ထုံမိသားစု မျိုးဆက်သစ်တွေထဲက အရူးတစ်ကောင်ပဲ...သူက ဟင်းချက်ရာမှာတော့ အမှိုက်သာသာပဲဆိုပေမယ့် တိုက်ခိုက်မှုစွမ်းရည်ကတော့ ကြောက်စရာကောင်းတယ်..."
ဦးလေးမူဆိုသည့်လူက လေးနက်စွာ ပြောလိုက်သည်။ ထို့နောက်မူလျှို့အာကို လေးနက်စွာကြည့်၍ မေးလိုက်သည်။
" အိမ်တော်သခင်မလေး သေမျိုးစားဖိုမှူးတစ်ယောက်ကြောင့်နဲ့ ထိုက်တန်ရဲ့လား..."
မူလျှို့အာ အချိန်အတော်ကြာ တိတ်ဆိတ်သွားသည်။ ထိုက်တန်မှုရှိ မရှိကို သူမ မသိသော်လည်း ဤကိစ္စသည် လောင်းကစားတစ်ခုသာ... ထုံမိသားစုကို စော်ကားမိသော ရလဒ်သည် လောင်းကစားတစ်ခုဖြစ်ကြောင်း သူမဝန်ခံရမည်။
အကယ်၍ သူမရှုံးခဲ့ပါက မသေမျိုးမီးဖိုချောင်အဆောက်အဦးအတွက် ပေးဆပ်ရမည့်တန်ဖိုးသည် မသေးလှပေ။
" ကျွန်မ... ကျွန်မ ထိုက်တန်တယ်လို့ ထင်ပါတယ် ဘာလို့လဲဆိုတော့ သူက ဘယ်တော့မှ ကျွန်မကို စိတ်မပျက်စေခဲ့ဘူး ကျွန်မရဲ့ မျှော်မှန်းချက်ထက် ကျော်လွန်တဲ့ ရလဒ်တွေကိုပဲ ပြသပေးခဲ့တယ်..."
မူလျှို့အာ ဖြေလိုက်သည်။
မန်နေဂျာချန်သည်လည်း ဘေးမှမူလျှို့အာကို တစ်ချက်ကြည့်ပြီး သူ့ဘာသာ ရေရွတ်လိုက်သည်။
အိမ်တော်သခင်မလေး မင်းသူ့ဆီမှာ ကျဆုံးသွားလို့ မရဘူး...
သူက သေမျိုးတစ်ယောက်ပဲ မင်းနဲ့မထိုက်တန်ဘူး...
" ကောင်းပါပြီ... အိမ်တော်သခင်မလေးက ယုံကြည်ချက်ရှိနေမှတော့ ဦးလေးမူလည်း မင်းနဲ့ဒီတစ်ခါ လိုက်ရူးပေးလိုက်မယ် တကယ်လို့ မြို့တော်သခင်က အပြစ်တင်မယ်ဆိုလည်း ဦးလေးပဲအကုန်လုံး တာဝန်ယူလိုက်မယ်..."
ထိုလူ၏ အကြည့်များက စူးရှနေပြီး သူအသက်ရှုထုတ်လိုက်ပုံသည် နဂါးတစ်ကောင်ကဲ့သို့ပင်။
ခဏအကြာတွင် သူတို့သုံးဦးလုံး အလင်းရောင်တန်းလေးအဖြစ် ပြောင်းလဲသွားပြီး ပုဖန်၏ စားသောက်ဆိုင်ဆီသို့ အလျင်အမြန် ပျံသွားကြသည်။
ဟမ်...
မူလျှို့အာ၏ အတွေးများ တုန်လှုပ်သွားပြီး ခေါင်းမော့ကာကြည့်လိုက်သည်။
စားသောက်ဆိုင်၏အပေါ်တွင် တိမ်မည်းများစုဝေးနေသည်။
ပတ်ဝန်းကျင်မှ လူများလည်း သတိထားမိပြီး မျက်နှာတွင် အံ့သြမှုများနှင့် ပြည့်နှက်နေသည်။
မူလျှို့အာ ထိတ်လန့်သွားသည်။
" ဒါက မိုးကြိုးပြစ်ဒဏ်ကို အစပျိုးမယ့် နောက်ထပ်ဟင်းလျာ တစ်ခုများလား..."
မန်နေဂျာချန် ထိုတိမ်မဲများကို တွေ့သောအခါ ချောင်းများ အဆက်မပြတ်ဆိုးလာသည်။ သူ၏မျက်နှာတွင် ထူးဆန်းသော အမူအရာဖြင့် ပြောလိုက်သည်။
" ဒီသေမျိုးစားဖိုမှူးရဲ့ စွမ်းရည်က တကယ်ကို ကြောက်ဖို့ကောင်းတယ် သူပြင်ဆင်လိုက်တဲ့ ဟင်းလျာတိုင်းက မိုးကြိုးပြစ်ဒဏ်ကို လွယ်လွယ်နဲ့ ဆွဲဆောင်နိုင်တယ်..."
အမှန်တကယ်ပင် မိုးကြိုးပြစ်ဒဏ်ဖြစ်သည်။
ကောင်းကင်ရှိ တိမ်မည်းများက ဖိနှိပ်ချုပ်ချယ်သည့် အော်ရာများ ထွက်လာပြီး လူများကို လေးလံသည့် အလေးချိန်ဖြင့် ဖိချလိုက်သလို ခံစားရစေသည်။
မန်နေဂျာချန် ရုတ်တရက်လေအေးများ ရှုရှိုက်လိုက်ရသည်။
" ဒီအဘိုးအိုရဲ့ အကဲဖြတ်ချက်အရဆို ဒီဟင်းလျာက သလင်းကြည်ဖက်ထုပ်စွပ်ပြုတ်ထက်တောင် ပိုထူးခြားဆန်းကြယ်ဦးမယ်..."
ဤစကားကို မူလျှို့အာ ကြားသောအခါ မျက်လုံးများအရောင်လက်လာသည်။
" ဒါက ပုဖန်က ထိုက်တန်တယ်ဆိုတာ ပြနေတာပဲ..."
ဂျိန်း...
အနက်ရောင် တိမ်တိုက်များက ၎င်းတို့အပေါ်တွင် ဆက်လက်၍ အုံ့မိုးနေသည်။
အဝေးတစ်နေရာမှ ငွေရောင်အလင်းတန်းတစ်ခု ကောင်းကင်ကိုဖြတ်သန်း၍ စားသောက်ဆိုင်ဆီသို့ ဦးတည်လာသည်။ လေထဲသို့ဖြတ်သန်းလာသည်နှင့် လေဟာပြင်သည် ကွဲအက်တော့မည်ဟု ထင်ရသည်။
" သူတို့ရောက်လာပြီ..."
ဦးလေးမူ လေးနက်သောအကြည့်ဖြင့် စားသောက်ဆိုင်လေးရှေ့တွင် ရပ်နေသည်။ သူ၏ အော်ရာကို မြှင့်တင်လိုက်ပြီး အဝေးကို စိုက်ကြည့်လျက် မျက်လုံးများမှ တောက်ပသော အလင်းတန်းများ ထွက်လာသည်။
ထိုနေရာမှ ငွေရောင်အလင်းတန်းများ မှိန်ဖျော့သွားကာ ငွေရောင်ချပ်ဝတ်တန်ဆာကို ၀တ်ဆင်ထားသည့်လူပေါင်းများစွာ လေပေါ်မှ လျှောက်လှမ်းလာသည်။
ကြယ်တစ်ပွင့် စစ်မှန်မသေမျိုးနယ်ပယ်ကျင့်ကြံသူ ၁၅ဦးဖြစ်ပြီး သူတိူ့၏ခေါင်းဆောင် ထုံမူဟဲမှာ ကြယ်နှစ်ပွင့် စစ်မှန်မသေမျိုးနယ်ပယ်ကျင့်ကြံသူဖြစ်သည်။ သူတို့ထုတ်လွှတ်လိုက်သည့် ကြောက်စရာကောင်းသော အော်ရာက လူအတော်များများ အသက်ရှုမဝရန် ပြုလုပ်လိုက်ပြီး အသံပင် မထွက်ရဲကြတော့ပေ။
လူတိုင်း တုန်လှုပ်သွားကြသည်။
ဒါက သူကောင်းမျိုးမိသားစုတွေရဲ့ စွမ်းအားပဲ... သူတို့ကိုစော်ကားမိရင်တော့ ဒါမျိုးဖြစ်လာမှာပဲ...
ပုံမှန်အားဖြင့် စစ်မှန် မသေမျိုးနယ်ပယ်ကျင့်ကြံသူများသည် အပြင်စက်ဝိုင်းတွင် နည်းပါးပြီး လမ်းများပေါ်တွင် ပေါ်လာမည်မဟုတ်ပါ။ သို့သော် ယခု ထုံမိသားစုက ၎င်းတို့ထဲမှ ၁၆ယောက်ကို ချက်ခြင်းစေလွှတ်လိုက်သည် ။
ထုံမူဟဲ ငွေရောင်လှံကိုကိုင်လျက် လေထဲတွင် ပျံဝဲနေသည်။ သူ၏ခန္ဓာကိုယ်ပေါ်တွင် ငွေရောင်အလင်းတန်းများက ပတ်ပတ်လည်တွင် လှည့်ပတ်နေသည့်အတွက် နဂါးများကဲ့သို့ ထင်ရသည်။
သူနှင့်မနီးမဝေးတွင် အခြားကျင့်ကြံသူ ၁၅ယောက်လည်း လေထဲတွင် ပျံဝဲနေကြသည်။
မူလျို့အာ၏ အဖွဲ့နှင့် မသေမျိုးစားဖိုမှူးဆိုင်ငယ်လေး ရှေ့တွင် ထိတ်တိုက်တွေ့ကြသည်။
" မသေမျိုးမီးဖိုချောင် အဆောက်အဦးက တားချင်နေတာလား..."
မေးစေ့ကို အနည်းငယ်မော့ထားလျက် ထုံမူဟဲ၏ မျက်လုံးများ အေးစက်လာသည်။ သူ၏ မာနကြီးသောအသံ လေထဲတွင် ပဲ့တင်ထပ်နေချိန်တွင် သူ၏ နှုတ်ခမ်းထောင့်များက မဲ့ပြုံးပြုံးလိုက်သည် ။
" ဒီနေ့ အဲ့ဒီသေမျိုးကို ဘယ်သူမှ ကာကွယ်လို့ မရဘူး... ငါ့ကိုလည်း လာမတားကြနဲ့..."