အပိုင်း ၉၈၂
Viewers 53k

အခန်း ၉၈၂

ထုံမိသားစု၏ လက်တုံ့ပြန်မှု စတင်ပြီ...


ကျယ်ပြန့်သော မီးခိုရောင်ကောင်းကင်ကြီး၏ အောက်ရှိ မြေပြင်ပေါ်တွင် လေပြည်များက မြက်ခင်းပြင်ကိုဖြတ်သန်း၍ တိုက်ခတ်နေသည်။


ပုဖန် ကောင်းကင်ကမ္ဘာမြေလယ်ယာမြေတွင် ဆင်းသက်ပြီး စိမ်းလန်းစိုပြေသော သစ်ရွက်များပေါ်သို့ ခြေချလိုက်သည်။ ကြွယ်ဝသော မြေဆီလွှာ၏ ရနံ့သည် လေကို လွှမ်းခြုံသွားသည်။


မြက်ပင်များပေါ်တွင် ရေစက်လေးများကို တွေ့ရသောကြောင့် လယ်ယာမြေထဲတွင် ယခုပင် မိုးရွာထားပုံရသည်။ ၎င်းတို့သည် ကြည်လင်ပြတ်သား၍ တောက်ပနေပုံရပြီး အလွန်လှပသော မြင်ကွင်းတစ်ခုဖြစ်သည်။


ပုဖန် လက်နောက်ပစ်၍ မြက်ခင်းပြင်ကို ဖြတ်သွားသည်။ မကြာမီ သစ်သားအခန်းငယ်လေးတစ်ခု ရှေ့သို့ရောက်လာသည်။


ထိုအချိန် နျိုဟန်စန်း ခုံပေါ်တွင်လှဲနေသည်။ သူ၏ကျယ်လောင်သော ဟောက်သံများသည် လေထဲတွင် အခါအားလျော်စွာ ပဲ့တင်ထပ်နေပြီး စည်းချက်တစ်ခုကဲ့သို့ ဖြစ်နေသည်။


ဘောလုံးကဲ့သို့‌ ကွေးနေသော နျိုဟန်စန်း၏ ရှေ့တွင် မတ်တပ်ရပ်လိုက်ပြီး သူ၏ နှုတ်ခမ်းထောင့်များအပေါ်သို့ တွန့်ချိုးသွားသည်။


ကောင်းကင်ကမ္ဘာမြေလယ်ယာမြေတွင် ရနေသော အစားအစာများကို နျိုဟန်စန်း အလွန်ကျေနပ်နေပုံရသည်။


စိတ်ထဲတစ်ချက်ခန့် တွေးလိုက်သည်နှင့် မဟူရာလိပ်ခုံးဒယ်အိုးပေါ်လာသည်။


ဒယ်အိုးကို နျိုဟန်စန်း၏ နားဘေးတွင်ထားပြီး လက်သီးတစ်ချက်ဖြင့် ဒယ်အိုးကို ရိုက်လိုက်သောအခါ ဘုရားကျောင်း၏ နံနက်ခင်း ခေါင်းလောင်းသံကဲ့သို့ ကျယ်လောင်သော ပေါက်ကွဲသံကြီး ကောင်းကင်ထိပင် ပဲ့တင်ထပ်သွားသည်။


နျိုဟန်စန်း တစ်ကိုယ်လုံးတုန်ယင်သွားပြီး ခုံပေါ်မှပြုတ်ကျသွားသည်။ မြေကြီးပေါ် လူးလိမ့်နေပြီး ဖုန်များကိုပင် ဝါးစားမိသွားသည်။


" မင်းရဲ့ဘိုးဘေးတွေကို သွားလုပ်လိုက်စမ်း..."


ပျာယာခတ်စွာ ဆဲဆိုလိုက်ပြီး သူ၏ ဘောလုံးကဲ့သို့ ခန္ဓာကိုယ်ကို လှည့်၍ မြေကြီးပေါ်တွားတွားပြီး ထလာသည်။ သူ၏ မျက်လုံးထဲတွင် ဒေါသမီးများ တောက်လောင်နေသည်။


ဘေးပတ်ဝန်းကျင်ကို ခေတ္တကြည့်ပြီးနောက် သူ၏ အကြည့်များက ပုဖန်ပေါ်သို့ ရောက်သွားသည်။


ပုဖန်ကိုမြင်သောအခါ ချက်ချင်းပင် ငြိမ်သက်သွားသည်။


" အာ ... ဟား ဟား ဟား ပိုင်ရှင်ပုပဲ ဒီလိုလေးစားစရာ အကြီးအကဲတစ်ဦးက ကောင်းကင်ကမ္ဘာမြေ လယ်ယာမြေထဲကို လာလည်ဖို့ အချိန်ရှိရဲ့လား..." 


ပုဖန်၏ အနားသို့ လျှောက်လာစဉ် နျိုဟန်စန်း၏ မျက်နှာတွင် ကြီးမားသောအပြုံးတစ်ခုနှင့် လော်လံဖားသော အမူအရာများ ချက်ချင်းပေါ်လာသည်။


မဟူရာလိပ်ခုံးဒယ်အိုးကို သိမ်းဆည်း၍ နျိုဟန်စန်းကို စိတ်မပါလက်မပါ ကြည့်လိုက်သည်။ 


" ကြည့်ရတာ ခုနောက်ပိုင်း ကောင်းကောင်းစားသောက်နေရတယ်ထင်တယ် မင်းဘယ်လောက်တောင် ဝလာလဲ ကြည့်လိုက်ဦး..." 


" ကောက်ပဲသီးနှံတွေကလည်း ကောင်းလွန်းပြီး အစားအသောက်တွေကလည်း ပေါများလွန်းတော့ ဒီနွားသိုးအိုကြီးက မြည်းကြည့်ရတာပေါ့..."


 နျိုဟန်စန်း သူ၏ပါးစပ်ကို အုပ်ပြီး အပြစ်ရှိသကဲ့သို့ ရယ်မောလိုက်သည်။


" ကောင်းပါပြီ... နည်းနည်းပါးပါးစားတာက ရပါတယ်... ငါ့ကိုယ်စား ကောင်းကင်ကမ္ဘာမြေလယ်ယာမြေကို စောင့်ရှောက်နေသရွေ့ ဗိုက်ဝအောင်စားလို့ရတယ်..." 


နျိုဟန်စန်း၏ အလုပ်ကြိုးစားမှုများအတွက် သူ့အား အကျိုးကျေးဇူးအချို့ ပေးရန်လည်း လိုအပ်သေးသည်။


ပါဝင်ပစ္စည်းအချို့သာ ဖြစ်သောကြောင့် ပုဖန်အတွက်လည်း ပြဿနာမရှိပေ။ 


" တကယ်ပဲလား... ကျေးဇူးတင်ပါတယ် ပိုင်ရှင်ပု... ဟုတ်‌တာပေါ့... ပိုင်ရှင်ပုရဲ့ ဟင်းလျာတွေကိုသာ မြည်းစမ်းကြည့်လို့ရရင်..." 


နောက်ဆုံးစာကြောင်းကို ပြောလိုက်သည့်အချိန်တွင် နျိုဟန်စန်း၏ မျက်လုံးအရောင်လက်လာပြီး မျက်နှာပေါ်တွင် ကြီးမားသော အပြုံးတစ်ခု ပေါ်လာသည်။ သူရယ်မောလျက် ပါးစပ်ထောင့်မှ သွားရည်အချို့ကို သုတ်လိုက်သည်။


သူကိုယ်တိုင်ပြင်ဆင်သော ဟင်းလျာများထက် ပိုင်ရှင်ပု၏ ဟင်းလျာများက ပို၍ အရသာရှိသည်။ သူ၏အတွေးထဲတွင် သူချက်ပြုတ်ထားသော ဟင်းလျာများသည် နွားမစင်နှင့် မကွာခြားပေ။


" ဟုတ်သားပဲ... သတ္တဝါအသစ်တစ်ကောင် ဒီမှာ ပေါ်လာသေးလား..." 


ပုဖန် သစ်သားအခန်းငယ်လေးထဲ ဝင်သွား၍ ခုံတစ်ခုံယူလာပြီး ဖြည်းညှင်းစွာ ထိုင်လိုက်သည်။


ခုံပေါ်သို့ ပုဖန်၏ခန္ဓာကိုယ်ကို မှီလိုက်သောအခါ တကျွိကျွိ မြည်သံများထွက်လာသည်။


" သတ္တဝါအသစ်လား..." နျိုဟန်စန်း ခဏခန့် ထိတ်လန့်သွားသည်။


ပုဖန် ကောင်းကင်ကမ္ဘာမြေ လယ်ယာမြေသို့ အကြောင်းအရင်းရှိသဖြင့် ရောက်လာသည်ကို သူသိသည်။ 


" အဲ့တာက... အဲ့ဒီသတ္တဝါက အဖိုးတန်တဲ့ ပါဝင်ပစ္စည်း မဟုတ်ပါဘူး... အထူးတလည်လည်း မဟုတ်ဖူး..."  


နျိုဟန်စန်း သူ၏ခေါင်းကိုကုတ်၍ ဖြေလိုက်သည်။


" အိုး... ဘာလို့ အထူးထလည် မဟုတ်တာလဲ..." ပုဖန် စူးစမ်းလိုစိတ်ကြောင့် ဆက်လက်မေးနေသည်။


" လွန်ခဲ့တဲ့နှစ်ရက်က သတ္တဝါအသစ်တစ်ကောင် ရုတ်တရက်ကြီး ပေါ်လာတယ်... သူရောက်ရောက်ချင်းပဲ ဂေါ်ဖီထုပ်တွေကို လျှောက်တူးပစ်တယ်... အဲ့တာ ဒီနွားသိုးအိုကြီးကို တကယ် စိတ်ဒေါသထွက်စေတယ်..." 


 နျိုဟန်စန်း ခုံပေါ်တွင်ထိုင်၍ ပြောလိုက်သည်။ 


‌ပေါ်လာတဲ့အချိန်မှာပဲ ဂေါ်ဖီထုပ်တွေကို တူးပစ်တယ်တဲ့လား...


ပုဖန် မျက်ခုံးများ တွန့်ချိုးသွားသည်။


" ပိုင်ရှင်ပု ကျွန်တော်တို့ရဲ့ ဂေါ်ဖီထုပ်တွေက ဈေးမှာရောင်းတဲ့ သာမန်ဂေါ်ဖီထုပ်တွေနဲ့ မတူတာသိသင့်တယ်...သူတို့တွေက အရမ်းအဖိုးတန်တယ် ခုတော့ တူးထုတ်ခံလိုက်ရပြီ နှမြောဖို့ကောင်းလွန်းတယ်..." 


နျိုဟန်စန်း ညည်းတွားလိုက်သည်။


ပုဖန် မျက်နှာသေဖြင့် ဆက်မေးလိုက်သည်။


 " ဟုတ်ပါပြီ... ဂေါ်ဖီထုပ်တွေ တူးပစ်တဲ့ သတ္တဝါအကြောင်း ပြောပြပါဦး..." 


နျိုဟန်စန်း မျက်လုံးပြူးသွားပြီး စကားလုံးတစ်လုံးကို ပြောလိုက်သည်။ 


" ဝက်..."


" ဘယ်လို... ပုဖန်၏ မျက်ခုံးများ ပို၍တွန့်ချိုးသွားသည်။


" ဟုတ်တယ် ဝက်တစ်ကောင်လေ..." 


နျိုဟန်စန်း အသက်ပြင်းပြင်းရှု၍ ပြောလိုက်သည်။


" တခြားတစ်ခုခုပြောဖို့ ကြိုးစားပါဦး... ဒီတိုင်းကြိုးစားကြည့်ပါ..." 


ပုဖန် နျိုဟန်စန်းကိုကြည့်၍ မျကိမှောင်ကြုတ်လိုက်သည်။


နျိုဟန်စန်း ခဏခန့် လန့်သွားပြီး ပါးစပ်ကိုဟ၍ ဖြည်းညှင်းစွာ ပြောလိုက်သည်။ 


" ပိုင်ရှင်ပု ... ပေါ်လာတဲ့ သတ္တဝါက ဝက်တစ်ကောင်လေ... ဂေါ်ဖီထုပ်နှစ်ထုပ်တောင် တူးသွားတယ်..."


နျိုဟန်စန်း ငိုရမလား ရယ်ရမလားပင် မသိတော့ချေ။


" ဘာ ဝက်တစ်ကောင်လား ရတနာရှစ်သွယ်ဝက် မဟုတ်ဖူးလား..." ပုဖန် မေးခွန်းထုတ်လိုက်သည်။


" ဒီနွားသိုးကြီးက ဘာဝက်အမျိုးအစားလဲဆိုတာ ဘယ်လိုလုပ်သိမှာလဲ ဂေါ်ဖီထုပ်နှစ်ထုပ်ကို သူတူးထုတ်လိုက်တည်းက ရတနာခုနစ်သွယ်ဝက်လား ရှစ်သွယ်လား ဂရုမစိုက်တော့ဘူး ချက်ချင်း ရိုက်ပစ်လိုက်တာပဲ..."


နျိုဟန်စန်း ခေါင်းကိုကောင်းကင်ပေါ်ထိ မော့၍ လက်နှစ်ဖက်ကို ပိုက်ထားသည်။


မသေမျိုးပါဝင်ပစ္စည်း ရတနာရှစ်သွယ်ဝက်က အရိုက်ခံထားရတယ်လား...


" အဲ့ဝက်ဆီကို ခေါ်သွားပေးပါ..."  


ပုဖန်၏ နှုတ်ခမ်းထောင့်များမှ အပြုံးတစ်ခု ဖြစ်ပေါ်လာသည်။


ပုဖန် ထိုဝက်ကို ဘာကြောင့်ကြည့်‌ချင်နေသည်ကို ပဟေဠိဖြစ်နေသော်လည်း သူရိုကျိုးစွာဖြင့် ပုဖန်ကို ခေါ်သွားလိုက်သည်။


အချိန်အနည်းငယ် လမ်းလျှောက်ပြီးနောက်...


မြင့်မားသော မြက်ပင်များကြားတွင် ဆူညံသံအချို့ကို ကြားနေရသည်။


ခဏအကြာတွင် ပုဖန်နှင့်နျိုဟန်စန်း၏ မြင်ကွင်းထဲသို့ ပုံရိပ်တစ်ခုဝင်လာသည်။


၎င်းသည် ဘေးဥပဒ်ဖြစ်စေနိုင်လောက်သည့် အရှိန်ဖြင့် ပြေးလာနေသည်။


ခေါင်းမှာ ကောင်းကင်ပေါ်သို့ မော့လျက်ရှိပြီး ၎င်း၏ ဝိုင်းစက်နေသော ခန္ဓာကိုယ်ပေါ်တွင် အမဲရောင်အစက်အပြောက်များစွာ ရှိနေပြီး ကြည့်ရသည်မှာ အလွန် ဆူဖြိုးနေသည်။


၎င်းသည် သာမန်ဝက်တစ်ကောင်ပင် ဖြစ်သည်။ နီရဲသောနှာခေါင်းနှင့် ဖောင်းကားနေသောမျက်နှာရှိသည့် ဝက်ကြီးတစ်ကောင်သာဖြစ်သည်။


ရတနာရှစ်သွယ်ဝက်၏ ‌အပေါ်တွင် သေးငယ်သောပုံရိပ်တစ်ခုက သူ့ကို စီးလာသည်။


အနီးကပ်ကြည့်မှသာ ရှစ်လေးဖြစ်နေမှန်း သိလိုက်ရသည်။


ဝက်ကိုစီးနေတဲ့ ကြက်လား...


ပုဖန်၏ နှုတ်ခမ်းထောင့်များ အပေါ်သို့ကွေးညွတ်သွားသည်။


ရှစ်လေး၏ ခြေထောက်ပြန်လည် ပေါက်လာပြီဖြစ်သည်။ ကြီးပြင်းလာသည်နှင့်အမျှ ၎င်း၏ ပြန်လည်ရှင်သန်နိုင်သောစွမ်းရည်များ ပိုမိုအားကောင်းလာသည်။


မသေမျိုးပါဝင်ပစ္စည်းများနှင့် နှိုင်းယှဉ်နိုင်သည့်အတွက် သူ့အား အဖိုးတန်ကြက်ကလေးဟု ခေါ်ထိုက်ပေသည်။ 


မျက်လုံးသုံးလုံး ခြင်္သေ့‌ သုံးလေးသည်လည်း မြက်တောထဲမှ ထွက်လာပြီး ထိုဝက်၏နောက်သို့ ပြေးလိုက်လာသည်။


ထို့နောက် မြေပေါ်တွင်လှဲချလိုက်ပြီး မောဟိုက်နေသည်။ 


ပျက်သုဉ်းခြင်းအကျဉ်းထောင်၏ ခြင်္သေ့ရိုင်းတစ်ကောင်ဖြစ်သော်လည်း ဝက်တစ်ကောင်နှင့်ပင် ပြိုင်မပြေးနိုင်ပေ။


အဲ့ဒီဝက်က ကြက်တစ်ကောင်ကိုတောင် သယ်ထားသေးတာကို...


အလွန် ရှက်ဖွယ်ကောင်းလှသည်...


ရတနာရှစ်သွယ်ဝက်သည် ပုဖန်နှင့် နျိုဟန်စန်းကို တိုက်ဆိုင်စွာဖြင့် မျက်နှာချင်းဆိုင်မိသွားသည်။ ၎င်း၏မျက်ဆံများ လှုပ်ရှား၍ အသက်ပြင်းစွာရှုနေပြီး ကျယ်လောင်စွာ အဆက်မပြတ် အော်ဟစ်နေသည်။


ထိုဝက်၏အပေါ်ရှိ ရှစ်လေး ပုဖန်ကို ကြည့်မိသောအခါ သူ၏တစ်ကိုယ်လုံး ကြက်သီးများထလာသည်။


ကတော် ကတော် ကတော်...


ပုဖန်ကိုကြည့်နေသော ရှစ်လေး၏အကြည့်များသည် မီးများတောက်နေသကဲ့သို့ပင်။


သို့သော် ပုဖန်က သူ့အားလှည့်ကြည့်လိုက်သော အခါတွင် အသံပင်မထွက်ရဲတော့ပေ။


တိုးညှင်းစွာ တွန်ပြီးနောက် ရတနာရှစ်သွယ်ဝက်၏ ကျောပေါ်မှ မြေကြီးပေါ်သို့ လှိမ့်ဆင်းပြီး လျင်မြန်သော အရှိန်ဖြင့် ပြေးထွက်သွားသည်။


ထိုအချိန်၌ ရတနာရှစ်သွယ်ဝက်သည် ဘာလုပ်ရမှန်းမသိဖြစ်၍ ထိုနေရာတွင်ပင် ရပ်နေခဲ့သည်။


ပုဖန် လက်နောက်ပစ်ပြီး ၎င်း၏ရှေ့သို့ လျှောက်လာသည်။


" မသေမျိုး ပါဝင်ပစ္စည်း ရတနာရှစ်သွယ်ဝက်..." 


ပုဖန် မျက်နှာသေဖြင့် ထိုဝက်ကို လေ့လာစူးစမ်းနေသည်။


ထိုဝက်တွင် ထူးခြားသောအသွင် လက္ခဏာများ မရှိ၍ နျိုဟန်စန်း ၎င်းကို မသေမျိုးပါဝင်ပစ္စည်းဖြစ်ကြောင်း သတိမထားမိသည်မှာ အံ့ဩစရာမဟုတ်ပေ။


သို့သော်လည်း ပုဖန်၏ ဝိညာဉ်စွမ်းအင်သည် ထိုဝက်ကို အလွယ်တကူ စူးစမ်းနိုင်ပြီး ၎င်း၏ ခန္ဓာကိုယ်အတွင်း ကြောက်မက်ဖွယ် စွမ်းအင်များ ပိုင်ဆိုင်ထားကြောင်း သူခံစားနိုင်သည်။


ထိုဝက်တွင် မသေမျိုးစွမ်းအင်ရှိသည်။


အကယ်၍ ဤဝက်ကို အသုံးပြုပါက မသေမျိုးစွမ်းအင်ပါဝင်သော ဟင်းလျာကို ချက်ပြုတ်နိုင်မည်ဖြစ်သည်။


လွယ်ကူစွာ ပြောရလျှင် ဤဝက်ကို အသုံးပြုသော မည်သူမဆို မသေမျိုးစားဖိုမှူး လွယ်လွယ်ကူကူ ဖြစ်လာနိုင်သည်။


အကယ်၍ မသေမျိုးချက်ပြုတ်ခြင်းနယ်ပယ်တွင် ဤဝက် ပေါ်လာပါက လူအားလုံး ကမ္ဘာမြေအဆုံးထိ လိုက်ရှာကြမည်မှာ ကျိန်းသေသည်။


ဗိုက်ကို ပွတ်လိုက်သောအခါ ရတနာရှစ်သွယ်ကြက်၏ ခန္ဓာကိုယ်မှ အဆီများ တုန်ယင်လာသည်။


၎င်း၏ ခန္ဓာကိုယ်ပေါ်မှ အကြည့်များကို ခံစားမိလိုက်၍ ရတနာရှစ်သွယ်ဝက်သည် ကျောရိုးထဲမှ စိမ့်လာပြီး တုန်ယင်နေသည်။


ခဏကြာသောအခါ...


ရတနာရှစ်သွယ်ဝက်သည် သစ်သားအခန်းငယ်ရှေ့တွင် ပြေးလွှားပြီး မရပ်မနား အော်ဟစ်နေသည်။


ပုဖန် လက်ထဲမှ ဝက်ရင်ပုံသားကို ကိုင်တွယ်ကြည့်ပြီးနောက် ထူးဆန်းသော အကြည့်တစ်ခုပေါ်လာသည်။


ဤအသားအပိုင်းအစတွင် မသေမျိုးစွမ်းအင်များ တဖျပ်ဖျပ်ထွက်နေသည်။


ပုဖန်လက်ထဲမှ အသားကိုကြည့်၍ နျိုဟန်စန်း၏ မျက်လုံးများ ပြူးသွားသည်။


ဂေါ်ဖီထုပ်များကို တူးထားသောဝက်သည် အမှန်တကယ်‌တွင် ပါဝင်ပစ္စည်းကောင်းတစ်ခု ဖြစ်နေသည်။


ရတနာရှစ်သွယ်ဝက်တွင် လျှင်မြန်သော ပြန်လည်‌ကောင်းမွန်နိုင်စွမ်း ရှိသဖြင့် ရှစ်လေးနှင့် အနည်းငယ်ဆင်တူသည်ဟု ပုဖန်သတိထားမိသည်။


ပုဖန် ခြေထောက်ကို ဖြတ်လိုက်လျှင် ခဏအကြာတွင် ပြန်ပေါက်လာသည်။


ရိုးရှင်းစွာပြောရလျှင် သူသည်လည်း ရှစ်လေးကဲ့သို့ပင် အကြိမ်များစွာ အသုံးပြုနိုင်သော ဝက်တစ်ကောင်ဖြစ်သည်။


လက်ထဲတွင် ရတနာရှစ်သွယ်ဝက်၏ အသားကိုကိုင်၍ ကောင်းကင်ကမ္ဘာမြေလယ်ယာမြေမှ ပုဖန် ပျော်ရွှင်စွာ ထွက်သွားသည်။


လှည့်ပတ်ပြေးနေသော ရတနာရှစ်သွယ်ဝက်ကို သူ၏နှုတ်ခမ်းထောင့်မှ သွားရည်များစီးကျလျက် ကြည့်နေသော နျိုဟန်စန်းကို သူထားခဲ့သည်။


ရှစ်လေး၏ခေါင်း မြက်တောထဲမှ ထွက်လာသည်။


ပုဖန် ထွက်သွားသည်ကို မြင်သောအခါ သူ၏ကြက်ဖင်ကို လှုပ်ခါလျက် ပြေးထွက်လာသည်။


...


မသေမျိုးစားဖိုမှူး၏ ဆိုင်ငယ်လေးသို့ ပုဖန် ပြန်ရောက်သောအခါ မီးဖိုချောင်ထဲသို့ ချက်ချင်းဝင်သွားသည်။ မီးဖိုချောင်၏ဘောင်မှ ခေါင်းလောင်းသည် သူဝင်သွားတိုင်း အသံမြည်နေသည်။


သူ၏လက်ထဲမှ အသားအပိုင်းအစကိုကြည့်၍ ထိုအသားမှ မည်သည့်ဟင်းလျာများ ချက်ပြုတ်နိုင်မည်ကို မျှော်လင့်နေမိသည်။


ဘယ်ဟင်းလျာ ချက်သင့်သလဲ...


အသားနီနှပ်လား ဝက်နံရိုးချိုချဉ်လား... ဒါမှမဟုတ် ဒီတိုင်းကင်လိုက်ရမလား...


လက်ထဲတွင်ရှိသော ဝက်သားကိုကြည့်၍ ပုဖန် သူ၏မေးစေ့ကို ပွတ်သပ်နေသည်။ မကြာခင် မည်သို့ချက်ရမည်ကို ဆုံးဖြတ်ပြီးသွား၍ သူ၏နှုတ်ခမ်းထောင့်များ ကွေးညွှတ်သွားသည်။


" ဝက်သားနှပ်ချက်မယ်..." 


ဝက်သားနှပ်သည် ပုဖန်၏ ယခင်ကမ္ဘာ၌ နာမည်ကြီးဟင်းလျာတစ်ခုဖြစ်သည်။ 


အဖိုးတန်ပါဝင်ပစ္စည်းကို အသုံးပြု၍ ဟင်းလျာပြုလုပ်ခြင်း... ပုဖန်၏ စိတ်ထဲတွင် မျှော်လင့်နေမိပြီ ဖြစ်သည်။


...


မသေမျိုးမြို့တော် အတွင်းစက်ဝိုင်း


ထုံမိသားစု၏ ခမ်းနားထည်ဝါသော အိမ်ကြီးတွင် သနားစရာကောင်းသော အော်သံတစ်ခုက ကောင်းကင်ကို ထိုးဖောက်ဝင်ရောက်လာသည်။


" သောက်ကျိုးနည်း သောက်ကျိုးနည်းကွာ... အဲ့သေမျိုးကောင်ကို ငါသတ်ချင်တယ်..."


ထုံချန်း၏ မျက်လုံးနီရဲလျက် မျက်ရည်များ စီးကျနေပြီး အကြည့်များမှာ အရိုင်းဆန်နေသည်။


ခေါင်းကို ပတ်တီးစည်းထား၍ ကုတင်ပေါ်တွင် အင်အားမဲ့စွာ လှဲလျောင်းနေရသည်။ သူလုံးဝ မလှုပ်နိုင်ပေ။


မလှုပ်ရှားနိုင်သော်လည်း သူ၏ဒေါသနှင့် ခါးသီးမှုများကို မကွယ်ဝှက်ထားနိုင်ပေ။


သူ၏ဝိညာဉ်ပင်လယ် ပျက်စီးသွားခဲ့ပြီး စိတ်စွမ်းအင်ကို မခံစားနိုင်တော့ပေ။


စိတ်စွမ်းအင်မရှိပါက သူမည်ကဲ့သို့ ချက်ပြုတ်ရမည်နည်း...


မချက်ပြုတ်နိုင်ပါက မသေမျိုးစားဖိုမှူးဟု မသတ်မှတ်နိုင်တော့ပေ...


မချက်ပြုတ်နိုင်ပါက သူသည်ဘာကောင်မှ မဟုတ်ပေ...


ကုတင်ပေါ်တွင် လှဲ၍ မျက်နှာကြက်ကို ကြည့်နေမိသည်။ သို့သော် သူသည် မသန်စွမ်းဖြစ်သွား‌ကြောင်းကို ထုံချန်းလက်ခံရမည်ဖြစ်သည်။


သောက်သေမျိုးကောင် ဒယ်အိုးတစ်လုံးနဲ့ သူ့ရဲ့ ဝိညာဉ်ပင်လယ်ကို ပျက်စီးအောင် လုပ်သွားတယ်...


ထိုအကြောင်းတွေးလိုက်သည်နှင့် ထုံချန်း၏နှလုံးသားထဲတွင် ဒေါသအရှိန်အဟုန်ကို ကောင်းကောင်းခံစားလိုက်ရပြီး သူ၏ပါးစပ်မှ သွေးများ ထွက်လာခဲ့သည်။


တောက်... တောက်... တောက်...


‌ခြေသံများ နီးကပ်လာသည်။


ခဏအကြာတွင် လေးနက်သော အမူအရာနှင့် လူလတ်ပိုင်းအရွယ် အမျိုးသားတစ်ဦး ထုံချန်း၏ အခန်းထဲဝင်လာသည်။ 


အိပ်ရာဆီသို့ လျှောက်လာလျက် စိတ်စွမ်းအင်

အနည်းငယ်မျှသာမရှိတော့သော ထုံချန်းကိုကြည့်ကာ ပတ်ဝန်းကျင်တွင် ညိုးငယ်ထိုင်းမှိုင်းနေသော လေထုကို ခံစားလိုက်ရသည် ။ ထို့နောက်သူ၏ မျက်နှာတွင် ဝမ်းနည်းမှုကို ခံစားလိုက်ရသည်။


" အဖေ... အဖေ သားအတွက် လက်စားချေပေးရမယ်... အဖေ့သား မသန်စွမ်းဖြစ်သွားပြီ... ကျွန်တော် ဒီလို လှဲမနေချင်ဘူး..."


မည်သူရောက်လာသည်ကို ထုံချန်းမြင်လိုက်ရသောအခါ လှည့်ကြည့်ပြီး မျက်ရည်ပူများ လှိမ့်ဆင်းလာသည်။ သူ၏မျက်ရည်များ စီးကျလာသည်နှင့်အမျှ မျက်ဝန်းထဲတွင် မကောင်းသောအကြည့်များက ပိုမိုပြင်းထန်လာသည်။


" ချန်းအာ စိတ်မပူပါနဲ့ ငါမင်းကို မသန်စွမ်းမဖြစ်စေရဘူး... အဲဒီသေမျိုး ပြန်ပေးဆပ်ရမယ်...မင်းရဲ့ ဦးလေး ၃ သေတာ အလကားမဖြစ်စေရဘူး..." သက်လတ်ပိုင်းလူကြီး သွားများကို အံကြိတ်ကာ ဝမ်းနည်းသောအကြည့်များ သူ၏မျက်လုံးထဲတွင် ပေါ်လာသည်။


ထုံချန်း ထိတ်လန့်သွားသည်။ ဦးလေး ၃. .. ကြယ်နှစ်ပွင့် စစ်မှန်မသေမျိုးနယ်ပယ်ကျင့်ကြံသူက... သေပြီတဲ့လား...


" ဦးလေး ၃ က ဘယ်လိုဖြစ်လို့ သေသွားတာလဲ ... အဲ့သေမျိုးကောင်က ဦးလေး ၃ကိုသတ်နိုင်လို့လား..."


 ထုံချန်း အသက်ရှူကြပ်သွားသကဲ့သို့ ခံစားလိုက်ရပြီး ထပ်မံ သွေးအန်လုနီးပါးဖြစ်သွားသည်။


" အဲ့ဒီကောင်မှာ နောက်ခံအင်အားကောင်းရှိနေတယ် ဒါပေမဲ့ မင်းအဖေကသူ့ကို ပြန်ပေးဆပ်ရအောင်လုပ်မယ်... ထုံမိသားစုက ဘယ်သူမဆို စော်ကားလို့ရတဲ့လူတွေမဟုတ်ဖူး..." 


ထိုလူမှ အေးစက်စွာ ပြောလိုက်သည်။


ခဏအကြာတွင် သူထပ်မံပြောသည်။


" ချန်းအာ ဒီမှာနေပြီး ခဏအနားယူလိုက်ပါဦး... အမွေအနှစ်နယ်မြေ ပွင့်ပြီဆိုတာနဲ့ မင်းရဲ့ဝိညာဉ်ပင်လယ် ပြန်ကောင်းအောင်ကုပေးဖို့ မသေမျိုးဆေးဝါးရှာပေးမယ်..."


ထုံချန်း၏ မျက်လုံးများတွင် အကြည့်တစ်ခု ပေါ်လာသည်။


လူလတ်ပိုင်းအရွယ် အမျိုးသား ထုံချန်း၏အခန်းထဲမှ ထွက်သွားပြီး တံခါးကိုပိတ်လိုက်သောအခါ ချပ်ဝတ်တန်ဆာအပြည့်ဝတ်ထားသည့် သူ၏လက်အောက်ငယ်သားကို လှည့်ကြည့်လိုက်သည်။


သူသည် ထုံမိသားစုမှ ထိပ်တန်းစစ်သားတစ်ဦးဖြစ်သည်။ သူတို့တစ်ဦးစီတိုင်းသည် ကြယ်တစ်ပွင့် စစ်မှန်မသေမျိုးနယ်ပယ် ကျင့်ကြံသူများဖြစ်ကြပြီး သူတို့၏ခေါင်းဆောင် ထုံမူဟဲသည် ကြယ်နှစ်ပွင့် စစ်မှန်မသေမျိုးနယ်ပယ် ကျင့်ကြံသူဖြစ်သည်။


" ဒုတိယအကြီးအကဲ ကျွန်တော်အဆင်သင့်ဖြစ်ပါပြီ..." 


ထုံမူဟဲ ရေခဲကဲ့သို့အေးစက်သော အမူအရာဖြင့် သက်လတ်ပိုင်းလူကြီးကို ခေါင်းငြိမ့်ပြလိုက်သည်။


" ထုံမိသားစုရဲ့ ဂုဏ်သိက္ခာကို ဘယ်သူမှ နင်းချေလို့ မရဘူး တခြားမိသားစုတွေက စော်ကားလာခဲ့ရင်လည်း လက်စားချေရမယ် သေမျိုးလိုကောင်မျိုးဆိုရင်တော့ ပြောနေစရာကို မလိုတာ အမြန် မြို့ကိုဝိုင်းထားလိုက်ပြီး အဲ့ကောင်ကို ဖမ်းထား..."


ခဏအကြာ သူ၏လက်ကို ဝှေ့ယမ်းလိုက်သောအခါတွင် သူ၏ရှေ့မှ လူဆီသို့ အလင်းတန်းတစ်ခု ကျရောက်လာသည်။


" ဒီမသေမျိုးပစ္စည်းကို မင်းနဲ့အတူ ယူသွား ဒါ အလယ်အလတ်အဆင့် မသေမျိုးပစ္စည်းပဲ ဒီဟာကိုသုံးရင် မင်းရဲ့ကျင့်ကြံခြင်းကို တတိယအဆင့် စစ်မှန်မသေမျိုးနယ်ပယ်ကို ရောက်သွားစေလိမ့်မယ် တတိယအကြီးအကဲကို သတ်သွားတဲ့လူကိုဖမ်းဖို့မစ်ရှင် မင်းလက်ထဲထည့်လိုက်ပြီ..." သက်လတ်ပိုင်းလူကြီး လေးနက်သော အသံဖြင့်ပြောလိုက်သည်။


ထုံမူဟဲ လှံရှည်ကို ကိုင်၍ သူ့ကိုပေးထားသော မသေမျိုးကိရိယာကို ယူလိုက်သည်။


မသေမျိုးကိရိယာမှ အပြာရောင်ဒယ်အိုးအဖြစ်သို့ မပြောင်းလဲမီ တောက်ပသောအလင်းတန်းများ ထွက်လာသည်။


ဒါက ဘယ်လို မသေမျိုးကိရိယာမျိုးလဲ...


ထုံမူဟဲ မျက်မှောင်ကြုတ်လိုက်သည်။ သူ၏လက်ထဲမှ မသေမျိုးကိရိယာနှင့်ဆိုပါက တတိယအဆင့် စစ်မှန်မသေမျိုးနယ်ပယ် ကျင့်ကြံသူများကိုပင် ရင်ဆိုင်ရန် ယုံကြည်ချက်ရှိသည်။


သေမျိုးတစ်ယောက်လောက်ကို ဖမ်းဆီးရတာ လွယ်လွန်းတယ်...


" ဒုတိယအကြီးအကဲ မူဟဲ အောင်ပွဲနဲ့ပြန်လာမှာကို စောင့်မျှော်နေပါ သခင်လေးထုံချန်းကို ဒုက္ခပေးခဲ့တဲ့ ရာဇဝတ်သားကို သတ်ဖြတ်ခဲ့ပါမယ် ထုံမိသားစုကို စော်ကားသူအားလုံးကို ကျွန်တော်တို့ အပြစ်ပေးမယ်..."


ထုံမူဟဲ တိုးညှင်းစွာ လေချွန်လိုက်သည်နှင့် စွမ်းအင်များက သူ၏ ခန္ဓာကိုယ်ကို ရစ်ပတ်လာသည်။


ခဏအကြာတွင် ထုံမူဟဲ၏ ခေါင်းဆောင်မှုဖြင့် ချပ်ဝတ်တန်ဆာဝတ်ထားသည့် ကျင့်ကြံသူများ ထုံမိသားစု၏ နေထိုင်ရာမှ တစ်ဟုန်ထိုး ထွက်သွားကြသည်။ သူတို့ ငွေရောင်အလင်းတန်းများအဖြစ် အသွင်ပြောင်းကာ အပြင်စက်ဝိုင်းသို့ ထွက်သွားကြသည်။


ထိုအချိန်တွင် အခြားမိသားစုကြီးများ မကြာမီပြသတော့မည့် ပြပွဲကို ကြည့်ရှု့ကြရတော့မည်။


ထိုမိသားစုများ၏ ဉာဏ်ကြီးရှင်များသည် ကောင်းကင်တွင် ပြည့်လျှံနေသော ငွေရောင်စွမ်းအင်ကို ခံစားလိုက်ရသောအခါ သူတို့၏မျက်နှာပေါ်တွင် လေးနက်သောအမူအရာတစ်ခု ပေါ်လာသည်။


" ထုံမိသားစုရဲ့ ထုံမူဟဲက တကယ့်ကို စွမ်းအားကြီးတဲ့ တိုက်ခိုက်သူတစ်ဦးပဲ..."


...


အတွင်းစက်ဝိုင်းအတွင်းတွင် မြင်းလှည်းတစ်စီး လမ်းမတစ်လျှောက် ဖြည်းညှင်းစွာ လာနေသည်။


ရွှမ်ယွမ်ရှားဟွေ့ လိုက်ကာကိုမြှောက်၍ အပြင်ဘက်သို့ ကြည့်လိုက်သောအခါ သူ၏အထက်တွင် ကြောက်မက်ဖွယ်စွမ်းအင်ကို ခံစားလိုက်ရ၍ သက်ပြင်းချလိုက်သည်။


" ထုံမိသားစုရဲ့ လက်တုံ့ပြန်မှုက စတင်လာပြီ ပိုင်ရှင်ပု မင်းအဆင်သင့် ဖြစ်နေရဲ့လား..."