အခန်း ၉၈၁
တစ်ချက်ရိုက်ရုံဖြင့် သေဆုံးခြင်း
အဝတ်အစားချွတ်မယ်... သေအောင်ရိုက်မယ်တဲ့လား...
ပုဖန် တည်ငြိမ်သောအသံဖြင့် ပြောလိုက်သည်ကို အားလုံး ကြားလိုက်ရသောအခါ အတန်ငယ် ထိတ်လန့်သွားသည်။
ကြည့်ရှု့သူများ နေရာတွင်ရပ်လျက် အံ့ဩကုန်ကြသည်။ ပုဖန်လက်နောက်ပစ်၍ မျက်နှာသေနှင့် ရပ်နေသည်ကို သူတို့ ငေးကြည့်နေကြသည်။
သူ၏အထက်တွင် ထုံမိသားစုမှ ကျင့်ကြံသူအဘိုးအိုသည် ကြီးမားသော ဖိအားနှင့် စွမ်းအားကို ထုတ်လွှတ်နေသည်။
အဆုံးမရှိသော စွမ်းအားများသည် သူ၏ ပါးလွှာသော လက်နှစ်ဖက်ကို ဝိုင်းထားကာ သူ၏လက်ဖဝါးအောက်ရှိ ဟင်းလင်းပြင်သည် တုန်လှုပ်နေပုံရသည်။
အကယ်၍ သူ၏လက်ဖဝါး မြေပြင်ပေါ်သို့ ကျလာပါက ပုဖန်၏ အဆုံးသတ်သည်လည်း ထုံချန်းထက် သာမည်မဟုတ်ပေ။ ကျင့်ကြံသူအဘိုးအို၏ ရိုက်ချက်တစ်ခုနှင့်ပင် သူ၏ခေါင်းတစ်ခုလုံး ပေါက်ကွဲသွားနိုင်ချေရှိသည်။
သို့သော် ပုဖန်ကို ကြည့်ရသည်မှာ တည်ငြိမ်နေပြီး သေခြင်းတရားအတွက် စိုးရိမ်နေပုံမရပေ။
ပုဖန်၏ စကားများကို ကျင့်ကြံသူအဘိုးအို ကြားသောအခါ ပို၍ ဒေါသထွက်သွားသည်။
ဒီသေမျိုးက ဘာကို ဆိုလိုချင်တာလဲ...
သူ့ကို အထင်သေး နေတာလား...
ပုဖန်ထိုသို့ တောင်းဆိုချက်မျိုး ပြုလုပ်မည်ဟု မထင်ထားခဲ့၍ ငရဲဘုရင်အာဟ စူးစမ်းစွာ ကြည့်နေသည်။
ဒီတောင်းဆိုချက်က အရမ်းများ မနေဘူးလား... မဟုတ်ဖူး တကယ်တော့ သိပ်မများပါဘူး...
ငရဲဘုရင်အတွက် သူ၏ရှေ့မှ ဤလူကို အဝတ်များချွတ်ပစ်ရန် ခွန်အားအနည်းငယ်သာ အားထုတ်ရပေလိမ့်မည်။ အမှတ်နှစ်ခုနှင့် နတ်ဘုရားအာကာသနယ်ပယ်မှလူကို ရိုက်နှက်ရန်မှာ မခက်ခဲပေ။
သို့သော် သူ့အတွက် အဝတ်များချွတ်ပစ်ရသည်မှာ ပို၍ ပျော်စရာကောင်းသည်။
" ကောင်လေးပုဖန်က စိတ်ရင်းနဲ့ တောင်းဆိုမှတော့ ဒီဘုရင်က တောင်းဆိုချက်ကို ကျေကျေနပ်နပ်ကြီး ဖြည့်ဆည်းပေးရတာပေါ့..."
ငရဲဘုရင်အာဟ မျက်နှာတစ်ဝက်ကို ဖုံးထားပြီး သူ၏ဆံပင်များသည် လေဟာနယ်ကိုပင် အက်ကွဲမည့်အလား လေထဲတွင် တဖျပ်ဖျပ် လွင့်နေသည်။
ကျင့်ကြံသူအဘိုးအို၏ မျက်နှာ အမူအရာမှာ အေးစက်နေသည်။
သူ၏ရှေ့တွင်ရှိသော ဘာကိုမျှ ဂရုမစိုက်သည့် လူငယ်က သူ့အားသေသည်အထိ ရိုက်ရန်ပင်ပြောနေသည်။ သူ့ကိုကြည့်ရသည်မှာ အခြားသေမျိုးများထက် ပို၍ရဲတင်းနေသည်။
မသေမျိုးမြို့တော်မှာ ခုရက်ပိုင်း ဘာတွေဖြစ်နေတာလဲ... ရူးနေတဲ့လူတွေ တစ်နေ့တစ်ခြား ပိုများလာတယ်...
ကျင့်ကြံသူတွေကို သူတို့လေးစားသင့်တာ မဟုတ်ဖူးလား...
လွှမ်းမိုးမှုရှိတဲ့ မိသားစုတွေကို ရိုရိုသေသေ ဆက်ဆံရမှာ မဟုတ်ဖူးလား...
" မင်းကသေချင်နေတာပဲ..." အဘိုးအို ဒေါသတကြီးအော်လိုက်သည်။
သူ၏လက်ဖဝါးဖြင့် အလျားလိုက် ရိုက်ချလိုက်သည်။ သူ၏လက်သည် မီးခြစ်ဆံကဲ့သို့ ပါးလွှာသော်လည်း ၎င်းနှင့်အတူ အဆုံးမဲ့စွမ်းအားကို ယူဆောင်လာခဲ့သည်။
စစ်မှန်စွမ်းအင် သူ၏နောက်၌ လွင့်ဝဲနေပြီး လေဟာပြင်ကိုပင် ကျိုးကြေသွားပုံရသည်။
သူတို့၏အပေါ် တွင် ကြယ်ရောင်များ ရိုက်ခတ်လာချိန်၌ သူ၏ မူလစိတ်ဝိညာဉ်က မျက်လုံးများကို ပွင့်သွားစေသည်။
မြေပြင်ပေါ်တွင် ကြီးမားသော လက်ဖဝါး ပုံစံကြီးတစ်ခု ဖြစ်ပေါ်လာပြီး ကျိုးပဲ့သွားပုံရသည်။
ပတ်ဝန်းကျင်မှလူများ လေအေးများ ရှုရှိုက်လိုက်ရပြန်သည်။ ကြယ်နှစ်ပွင့် စစ်မှန်မသေမျိုးနယ်ပယ် ကျင့်ကြံသူ၏ တည်ရှိမှုမှာ အံ့ဩစရာကောင်းလှသည်။ သူ၏စွမ်းအားမှာ အမှန်တကယ်ပင် တုနှိုင်းမရပေ။
ငရဲဘုရင်အာဟ အံ့အားသင့်စွာဖြင့် ခေါင်းမော့ကာ ပုဖန်ဆီသို့ ချိန်ရွယ်ထားသည့် လက်ဖဝါးကို ကြည့်လိုက်သည်။
ထိုအချိန်တွင် သူ၏မျက်လုံးများ အနည်းငယ် ကျဉ်းမြောင်းလာပြီး မျက်နှာပေါ်ရှိ လက်ကို ဖြေလျော့လိုက်သည်။
အထိန်းအကွပ်မရှိသော သူ၏မျက်နှာအမူအရာသည် အေးစက်၍ အထီးကျန်သော အသွင်အပြင်သို့ ရုတ်တရက် ပြောင်းလဲသွားသည်။
အမှန်ပင် အေးစက်၍ အထီးကျန်သော အသွင်အပြင် ဖြစ်သည်။
ထိုအကြည့်က လူများကို အေးခဲနေသည့် ရေကန်ထဲသို့ ပြုတ်ကျသွားသကဲ့သို့ ခံစားရစေသည်။
ငရဲဘုရင်အာဟ၏ မျက်လုံးမှ အကြည့်များ စတင်ပြောင်းလဲလာပြီး သူ၏မျက်လုံးများ လှည့်ပတ်လာသည်။ နောက်ဆုံးတွင် သူ၏အဖြူရောင်မျက်ဆံ လုံးဝမည်းသွားကာ သူ၏မျက်လုံးသူငယ်အိမ်များ နီမြန်းလာသည်။
အနက်ရောင် ငရဲစွမ်းအင် တဖြည်းဖြည်း သူ့အား ဝိုင်းရံထားပြီး နောက်ဆုံးတွင် ၎င်းသည် ဧရာမအရိပ်ကြီးတစ်ခုအဖြစ် ပြောင်းလဲသွားသည်။
ဤသည်မှာ ကောင်းကင်နှင့်မြေကြီးကြားတွင် ဂုဏ်ယူစွာရပ်တည်နေသည့် ငရဲဘုရင်၏ အသွင်အပြင်ဖြစ်သည်။
ဝီ...
သူ၏မျက်လုံးများမှ အေးစက်သောအကြည့်သည် ကမ္ဘာပေါ်ရှိအရာအားလုံးကို အထင်သေးနေပုံရပြီး ထုံမိသားစုမှ ကျင့်ကြံသူအဘိုးအို၏ နှလုံးသားကို လှုပ်ခါသွားစေသည် ။
" ဘယ်က မကောင်းဆိုးဝါးကြီးလဲ..."
အဘိုးအို၏ မျက်လုံးများပြူးကျယ်သွားပြီး ဆံပင်များပါ ထောင်လာသလိုပင် ခံစားလိုက်ရသည်။
ဒီအမည်းရောင် အရိပ်ကြီးက ဘာလဲ...
ဒါက သူ့ရဲ့ မူလဝိညာဉ်လား...
လူတစ်ယောက်ရဲ့ မူလဝိညာဉ်က ဘာလို့ ဒီပုံစံဖြစ်နေရတာလဲ...
မြေပြင်သည် ပင့်ကူအိမ်၏ ပုံစံကဲ့သို့ စတင်အက်ကွဲလာသည်။
ကျင့်ကြံသူအဘိုးအိုသည် အမဲရောင်အရိပ်ဆီသို့ တည့်တည့်ပြေးလာသည်။
ပုဖန်နောက်သို့ ခြေတစ်လှမ်းဆုတ်လိုက်သည်။ ငရဲဘုရင်အာဟ၏ ငရဲအရိပ်သည် အလွန်သန်မာသည်။ ငရဲဘုရင် လှုပ်ရှားခြင်းကို ပထမဆုံးအကြိမ် မြင်ဖူးခြင်း ဖြစ်သည်။
မသေမျိုးချက်ပြုတ်ခြင်းနယ်ပယ်သို့ ရောက်ရှိပြီးနောက် ငရဲဘုရင်အာဟ၏ခွန်အားကို ပိုအသုံးချနိုင်ခဲ့ပြီး သူ၏စွမ်းအားများ ထိန်းမနိုင်သိမ်းမရ တိုးတက်လာသကဲ့သို့ပင်။
သူ၏စွမ်းအားကို အပြည့်အ၀ ထုတ်လွှတ်လိုက်သောအခါတွင် သူ့အား မည်သည့်နည်းနှင့်မျှ မထိခိုက်စေနိုင်တော့ပေ။
ငရဲဘုရင်အာဟ၏ ကတ္တီပါနီရောင် မျက်လုံးသူငယ်အိမ်မှာ အဆက်မပြတ်လည်နေပြီး မျက်လုံးများလည်း ပြူးကျယ်နေသည်။
အဆုံးတွင် လက်ဖဝါးတစ်ချက် ပစ်လွှတ်လိုက်သည်။
ထုံမိသားစုမှ ကျင့်ကြံသူအဘိုးအို သူ၏မျက်လုံးသူငယ်အိမ် ကျုံ့သွားသည်။
ကြီးမားသော လက်ဖဝါးဖြင့် ရိုက်ချခံလိုက်ရပြီး လေထဲတွင်ပေါက်ကွဲသံကြီး ပဲ့တင်ထပ်လာသည်။
ခဏတွင်းချင်းမှာပင် သူ၏ပုံရိပ်သည် လေပေါ်တွင်မျောလွင့်လျက် ပြုတ်ကျစပြုနေသည်။
" ဒီလိုမျိုး... စွမ်းအားကြီးက..."
ထုံမိသားစုမှ ကျင့်ကြံသူအဘိုးအို၏ မျက်နှာပေါ်တွင် တုန်လှုပ်ခြောက်ခြားမှု နှင့် စိတ်ပျက်အားငယ်မှုများ ပေါ်လွင်နေသည်။
ဒါက ဘယ်လိုတွေ ဖြစ်ကုန်ရတာလဲ... ဒီလူငယ်နဲ့ ဒီစွမ်းအားကြီးနဲ့...
ဒဏ္ဍာရီထဲမှ ခွေးတစ်ကောင်နှင့်ပင် ဆင်တူနေသည်။
ဝှစ်...
ငရဲဘုရင်အာဟ၏ အရိပ်မည်းကြီး ပျောက်ဆုံးသွားသည်။
မည်းနက်နေခဲ့သော ကောင်းကင်ကြီးမှာ ကောင်းကင်ဘုံမှ နေရောင်ခြည်များ ဖြန့်ကျဲပေးလိုက်သကဲ့သို့ လမ်းပေါ်တွင် တောက်ပနေပြီး တစ်ဖန် ပြန်လည် လင်းလက်လာသည်။
ပုဖန်၏ အသားအရည်သည်လည်း နေရောင်ခြည်အောက်တွင် တောက်ပနေသကဲ့သို့ ထင်ရသည်။
ငရဲဘုရင်အာဟ ခါးထောက်လျက် အထိန်းအကွပ်မဲ့ ရယ်မောသံများ ထွက်ပေါ်လာသည်။
" တုန်လှုပ်နေကြစမ်း... ဒီဘုရင်ရဲ့ အဆုံးမဲ့စွမ်းအားတွေအောက်မှာ တုန်လှုပ်နေကြစမ်း..."
ခါးထောက်လျက် အရှက်မဲ့စွာ ရယ်မောနေသော ငရဲဘုရင်အာဟကို ပုဖန် ငတုံးတစ်ယောက်ကို ကြည့်သကဲ့သို့ ကြည့်လိုက်သည်။
" ကောင်းပါပြီ... ပြန်ပြီးတော့ ဒီနေ့အတွက် လုပ်ငန်းစကြရအောင်..."
ပုဖန်ပြောလိုက်သည်။ ထို့နောက် တစ်ဖက်သို့လှည့်၍ ဝှိုက်တီ့ကို ခေါ်ဆောင်၍ စားသောက်ဆိုင်သို့ ပြန်လာသည်။
ငရဲဘုရင်အာဟ အံ့ဩသွားလျက် မျက်နှာကိုအလျင်အမြန် ဖုံးအုပ်ပြီး ပုဖန်နောက်သို့ လိုက်သွားသည်။ သူအလျင်လိုနေလျှင်ပင် သူ၏ပတ်ဝန်းကျင်တွင် အုံ့မှိုင်းမှိုင်း အခြေအနေကိုဖန်တီးရန် ပုဖန်မမေ့ပေ။
ဤသို့ဖြင့် ပုဖန်နှင့် သူ၏အုပ်စု ထွက်ခွာသွားကြသည်။
ကျန်ခဲ့သူများသည်သာ ထိတ်လန့်ကုန်ကြသည်။
ရိုက်ချက်တစ်ချက်တည်းနဲ့... ကြယ်နှစ်ပွင့် စစ်မှန်မသေမျိုးနယ်ပယ် ကျင့်ကြံသူက တစ်ချက်တည်းနဲ့ သေအောင်ရိုက်ခံလိုက်ရတယ်...
ပုဖန်၏ စကားလုံးများ သူတို့၏ နားထဲတွင် ပဲ့တင်ထပ်နေဆဲ ဖြစ်သည်။
" သူ့ရဲ့အဝတ်တွေကို ချွတ်ပစ်မယ်တဲ့လား... မဟုတ်ဖူး သူ့ကိုသေအောင်ပဲရိုက်ပစ်လိုက်..."
သူတကယ်ကို သေအောင်ရိုက်သွားတာပဲ...
စိတ်ကိုပြန်လည်စုစည်းပြီးနောက် သူတို့ လေအေးကြီး ရှုရှိုက်လိုက်ရသည်။
အရမ်းကြောက်ဖို့ကောင်းတာပဲ...
ကောင်းကင်ကို ဖုံးလွမ်းထားတဲ့ အရိပ်မည်းကြီး... လူတိုင်း သူ့ရဲ့လက်ဖဝါးအောက်က မလွတ်မြောက်နိုင်ဘူး...
သေမျိုးပုဖန်မှာ ဆန်းကြယ်တဲ့ ကျောထောက်နောက်ခံတွေ ရှိနေတာပဲ...
သူတို့နှင့် မနီးမဝေးတွင် ရွှမ်ယွမ်ရှားဟွေ့နှင့် ယွှမ်ယွမ်ရွှမ်တို့ ထိုအဖြစ်အပျက်ကိုကြည့်ပြီး မေးရိုးများ ပြုတ်ကျကုန်သည်။
သူတို့ကို ကြည့်ရသည်မှာ အစောပိုင်းမှ ထိတ်လန့်မှုများမှ ပြန်လည်ကောင်းမွန်လာပုံ မရသေးပေ။
သူတို့ ငရဲဘုရင်အာဟကို ကျိန်းသေပေါက် သိကြသည်။ ပုဖန်၏နောက်တွင် အမြဲလိုက်နေသော လူရွှင်တော်ဖြစ်ပြီး တို့ဟူပုပ်များစားကာ သူတို့ကို ရယ်မောခဲ့သူဖြစ်သည်။
သူ၏ နံစော်နေသောပါးစပ်နှင့် မဲနေသော သွားများကို ပြသခဲ့သည် ငပေါသာဖြစ်သည်။
အဲ့ဒီပေါတောတောလူက စွမ်းအားကြီးတဲ့ ကျင့်ကြံသူ ဖြစ်နေတာလား...
" အစ်ကိုကြီး... ကျွန်မ အိမ်မက်မက်နေတာလား..."
ရွှမ်ယွမ်ရွှမ် သူမ၏ တစ်ကိုယ်လုံးတုန်ယင်နေပြီး ရွှမ်ယွမ်ရှားဟွေ့၏ လက်မောင်းကိုကိုင်၍ ပြောလိုက်သည်။
ရွှမ်ယွမ်ရှားဟွေ့ သက်ပြင်းရှည်ကြီးချလိုက်ကာ စိတ်ကိုတည်ငြိမ်အောင် လုပ်လိုက်သည်။
" အဆင်ပြေပါတယ်... ငါတို့လည်း ပြန်ကြတာပေါ့... ပိုင်ရှင်ပုလည်း အန္တရယ် မရှိတော့ဘူး ထင်ပါတယ်..."
" ကြည့်ရတာ အိမ်မက် မဟုတ်ဖူးပဲ... ဒါဆို ပုဖန်က ထုံမိသားစုက တစ်ယောက်ယောက်ကို သတ်လိုက်တာ မဟုတ်ဖူးလား..."
ရွှမ်ယွမ်ရွှမ် မျက်လုံးများ ပြူးကျယ်လျက် မေးလိုက်သည်။
တကယ်ကို ထုံမိသားစုက လူတစ်ယောက်ကို သူသတ်ခဲ့တာပဲ...
ဤကိစ္စသည် အလွန်ပြင်းထန်သော ပြဿနာတစ်ခုဖြစ်သည်။ သူကောင်းမျိုးမိသားစုများ၏ ရွံရှာဖွယ်ကောင်းသော ပြဿနာဖြေရှင်းပုံများကို ကြည့်ခြင်းအားဖြင့် ပုဖန်၏ စားသောက်ဆိုင်ငယ်လေးသည် ထုံမိသားစု၏ အဆုံးမဲ့လက်စားချေခြင်းကို ရင်ဆိုင်ရတော့မည်။
သို့သော် ထိုလူရွှင်တော်နှင့်တူသော ကောင်လေးတွင် နားမလည်နိုင်သော စွမ်းအားများ ရှိသည့်အတွက် အဆင်ပြေပါလိမ့်မည်။
သို့သော် ထိုကြီးမားသော မိသားစုဝင် တစ်ယောက်စီတိုင်းတွင် တိုင်းတာ၍မရနိုင်သော နက်နဲမှုများရှိသည်။ သူတို့၏ စစ်မှန်သောစွမ်းအားများကို စိတ်ကူးကြည့်ရန်ပင် ခဲယဉ်းသည်။ ပုဖန် အနာဂတ်တွင် မည်သည်တို့နှင့် ရင်ဆိုင်ရမည်ကို ရွှမ်ယွမ်ရှားဟွေ့ပင် မခန့်မှန်းနိုင်ပေ။
ထုံမိသားစုရဲ့ အထွဋ်အထိပ်မှာရှိတဲ့ ကျင့်ကြံသူတွေ လှုပ်ရှားလာရင် ဘယ်လိုလုပ်မလဲ... အဲ့တာဆိုရင်တော့ ပုဖန်ရဲ့စားသောက်ဆိုင်ကို ကမ္ဘာပေါ်ကနေပါ ရှင်းထုတ်ပစ်ကြလိမ့်မယ်...
သို့သော် ထုံမိသားစု၏ ကျင့်ကြံသူများမှာ များသောအားဖြင့် လှုပ်ရှားလေ့ မရှိကြပေ။ ထိုမိသားစု၏ ကျင့်ကြံသူအများစုမှာ တတိယအဆင့် မသေမျိုးစားဖိုမှူး နေရာကို ဖြတ်ကျော်နိုင်ရန် ကြိုးပမ်းနေကြခြင်း သို့မဟုတ် မသေမျိုးချက်ပြုတ်ခြင်းနယ်ပယ်၏ အမွေအနှစ်နယ်မြေတွင် လှည့်လည်သွားလာနေကြသည်။ ၎င်းတို့အားလုံးက ဖြတ်ကျော်ရန် အခွင့်အရေးကို ရှာဖွေနေကြပြီး မအားလပ်ကြပေ။
" ငါတို့စောင့်ကြည့်ပြီး ဘာဖြစ်လာမလဲ ကြည့်နေရုံကလွဲလို့ ဘာမှလုပ်လို့မရဘူး ဒီမှာရပ်နေလို့ ဘာမှအကျိုးမရှိဘူး သွားကြမယ်လေ ငါတို့ကုန်းရှို့မိသားစုကိုဝင်ဖို့ ကတိပေးထားတာပဲ ငါလည်း ကုန်းရှို့မိသားစုရဲ့ မသေမျိုးစားဖိုမှူး ဖြစ်သွားပြီဆိုတော့ နက်ဖြန်ငါတို့ အတွင်းစက်ဝိုင်းထဲကို ပြောင်းရတော့မယ်..."
ရွှမ်ယွမ်ရွှမ်၏ ခေါင်းကိုပွတ်၍ ရွှမ်ယွမ်ရှားဟွေ့ ပြောလိုက်သည်။
ရွှမ်ယွမ်ရွှမ် ခေါင်းငြိမ့်ပြီး ဘာမှဆက်မပြောတော့ပေ။ လမ်းမရှည်ကြီးမှ ထွက်ခွာ၍ စားသောက်ဆိုင်သို့ ပြန်သွားကြသည်။
စိတ်ရှုပ်ထွေးနေကြသော လူအုပ်ကြီးသာ လမ်းပေါ်တွင် ကျန်ခဲ့သည်။
မကြာမီတွင် ထုံမိသားစု၏ ကျင့်ကြံသူတစ်ဦး အသတ်ခံရသောသတင်း ပျံ့နှံ့၍ မသေမျိုးမြို့တော်တစ်ခုလုံးကို လှုပ်ခါသွားဦးမည် ဖြစ်သည်။
...
မသေမျိုးစားဖိုမှူးဆိုင်ငယ်လေးတွင်
တကျွိကျွိမြည်သံ ထွက်နေသော စားသောက်ဆိုင်တံခါးကို ပုဖန်တွန်းဖွင့်လိုက်သည်။ အထဲသို့ ဝင်လိုက်ပြီးနောက် ပျင်းရိစွာဖြင့် လည်ပင်းကိုနှိပ်နယ်ပြီး ပခုံးကိုရိုက်လိုက်သည်။
စားသောက်ဆိုင်ထဲတွင် ခွေးဘုရင် ကျယ်လောင်စွာဟောက်၍ အိပ်ပျော်နေပြီး ပန်းပွင့်လေးမှာ သူ၏ဘေးနားတွင်ထိုင်၍ လုံ့လစိုက်ထုတ်၍ ကျင့်ကြံနေသည်။
မဟူရာနဂါးဘုရင်က ပန်းပွင့်လေးနှင့် မဝေးသော တစ်နေရာတွင် ထိုင်နေသည်။ သူ၏ ခေါင်းပြောင်ကြီးကိုကိုင်၍ ခြေထောက်များ တုန်နေပုံရသည်။ ပုဖန်ပြန်လာသည်ကို မြင်သောအခါ သူ၏မျက်လုံးများ အရောင်လက်သွားသည်။
" ကောင်လေးပုဖန် ဒီဘုရင်ကို ရှုးရှဲအစပ်ချောင်းဆယ်ချောင်းပေးဖို့ မမေ့နဲ့ဦး... ဒီဘုရင် အများကြီးမျှော်လင့်ထားတယ်နော်..."
ငရဲဘုရင်အာဟ ထိုင်ခုံတွင်မထိုင်မီ ပုဖန်ကိုပြောလိုက်သည်။
ပုဖန် အမှတ်တမဲ့ဖြင့် သက်ပြင်းရှည်ကြီးချလိုက်သည်။ မသေမျိုးစားဖိုမှူး စစ်ဆေးချက် ပြီးသွားပြီပဲ...
သူ၏ လမ်းခရီးတွင် ဆူးညှောင့်ခလုတ်များ ရှိခဲ့သော်လည်း အောင်မြင်သည်ဟု သတ်မှတ်နိုင်သည်။
ထုံမိသားစုအတွက်ကတော့... ဘာပဲဖြစ်ဖြစ်ပါ အစတည်းက သူတို့ကို ခေါင်းထဲ ထည့်ထားတာမှ မဟုတ်တာ...
ပုဖန် မီးဖိုချောင်ထဲသို့ ချက်ချင်းမဝင်သေးပဲ အနားယူရန် ဆုံးဖြတ်လိုက်သည်။
စားပွဲရှေ့တွင် ထိုင်၍ လက်နှစ်ဖက်ဖြင့် မေးစေ့ကိုထောက်ကာ အတွေးထဲနစ်မြောနေသည်။
ခဏအကြာတွင် သူ၏စိတ်ထဲ လှုပ်ခါသွားပြီး အသိစိတ်များ ခန္ဓာကိုယ်ထဲသို့ ရောက်သွားသည်။
ပိုင်ရှင် : ပုဖန်
အစစ်အမှန်စွမ်းအင် ကျင့်ကြံခြင်းအဆင့် : နတ်ဘုရားစိတ်ဝိညာဉ်နယ်ပယ် အထွတ်အထိပ်...
ချက်ပြုတ်ခြင်းစွမ်းရည် : ကြယ်ခုနစ်ပွင့်
ကျွမ်းကျင်မှုများ : ကြယ်ပျံဖြတ်တောက်ခြင်း နည်းစနစ် အဆင့် နှစ် ( ၁၀၀/၁၀၀)... ခုနစ်စင်ကြယ် အသားလွှာထွင်းထုခြင်း အဆင့် နှစ် ( ၁၀၀/၁၀၀ )... ဓားစွမ်းရည် အဆင့် တစ် အရှင်သခင်ဓားဆယ့်သုံးချက် ( ၁၁/၁၃ )...လျှာကဝေ အခင်းအကျင်း ( ၂/၆ ) အင်မော်တယ် ဖြတ်တောက်ခြင်းပုံစံ ( ၀/၃ )
လက်နက်များ : ရွှေနဂါးအရိုး မီးဖိုချောင်သုံးဓား ( နတ်ဘုရားအဆင့် ချက်ပြုတ်ပစ္စည်းအစုံ ) ... မဟူရာလိပ်ခုံးဒယ်အိုး ( နတ်ဘုရားအဆင့် ချက်ပြုတ်ပစ္စည်းအစုံ ) အနီရောင်စားဖိုမှူးဝတ်ရုံ ( နတ်ဘုရားအဆင့် ချက်ပြုတ်ပစ္စည်းအစုံ )...
ချက်ပြုတ်ခြင်း နတ်ဘုရားအဆင့် သတ်မှတ်ချက် : ပထမအဆင့် မသေမျိုးစားဖိုမှူး ( ပါဝင်ပစ္စည်းများ၏ မူလစွမ်းအင်ကို ထုတ်ယူနိုင်ပြီး မသေမျိုးစွမ်းအင်ကို စုဆောင်းကာ ချက်ပြုတ်မှုစွမ်းရည် ပိုမိုမြင့်မားသောအဆင့်သို့ ရောက်ရှိနိုင်သည် )
စနစ်၏ အဆင့်သတ်မှတ်ချက် : အဆင့် သုံး ( မသေမျိုးစွမ်းအင်ကို ညီညွတ်စေနိုင်သည်။ စစ်မှန်သောစွမ်းအင် ပြောင်းလဲခြင်းအချိုးသည် 200% သို့ တိုးလာသည် )
စနစ်မှပေးသောဆု : မသေမျိုးပါဝင်ပစ္စည်း ရတနာရှစ်သွယ်ဝက် နတ်ဘုရားအဆင့် ချက်ပြုတ်ပစ္စည်းအစုံ တစ်ခု ( ၄/၅ )
အချိန်အတော်ကြာ မပေါ်လာခဲ့သော စနစ်၏ မျက်နှာပြင်ဘောင်ကွက်တစ်ခု ပုဖန်၏ မျက်လုံးများရှေ့တွင် ပေါ်လာသည်။
တစ်ချက်ကြည့်လိုက်ပြီးနောက် သူ၏နှလုံးသားထဲတွင် လှိုင်းများထွက်ပေါ်လာသည်။
နတ်ဘုရားအဆင့် ချက်ပြုတ်ပစ္စည်းအစုံ၏ အပိုင်းလေးပိုင်းကို ရရှိခဲ့ပြီးပြီဖြစ်သည်။ တစ်ခုထပ်ရပါက ပြည့်စုံသွားမည်ဖြစ်ပြီး နောက်ထပ် တစ်ပိုင်းရရှိရန် လိုအပ်နေသေးသည်။
မည်သည့်အရာဖြစ်နေမည်ကို ပုဖန်မသိသေးပေ။ သူသည်လည်း သိချင်နေသည်။
နတ်ဘုရားအဆင့် ချက်ပြုတ်ပစ္စည်းအစုံ၏ အသုံးဝင်မှုများသည် သံသယ ဝင်ရန်ပင်မလိုချေ။
မသေမျိုးချက်ပြုတ်ခြင်းနယ်ပယ်မှ လူများက နတ်ဘုရားအဆင့် ချက်ပြုတ်ပစ္စည်းအစုံသည် မသေမျိုးကိရိယာဟု ပြောကြသည်။ သို့သော် ပုဖန် ထိုသို့မထင်ပေ။
ထုံချန်း၏ မသေမျိုးကိရိယာဓားကို ရွှေနဂါးအရိုး မီးဖိုချောင်သုံးဓားဖြင့် ဖြတ်တောက်နိုင်လိုက်သဖြင့် နတ်ဘုရားအဆင့် ချက်ပြုတ်ပစ္စည်းအစုံသည် ပို၍သာလွန်နေကြောင်း ပြသနေသည်။ ဤကိစ္စကြောင့် နတ်ဘုရားအဆင့် ချက်ပြုတ်ပစ္စည်းအစုံသည် မသေမျိုးကိရိယာ မဖြစ်နိုင်ပေ။
သို့သော် သူအလျင်မလိုပေ။
သူ၏ စိတ်ဝိညာဉ်ပင်လယ်သည် မယုံနိုင်လောက်အောင် ကျယ်ပြောနေပြီး ထိုနေရာတွင် ရွှေရောင်နတ်နဂါးကြီးနှင့် မဟူရာလိပ်ခုံးဒယ်အိုး၏ ဝိညာဉ်များလည်း နေထိုင်နေကြသည်။ သို့သော် ပုဖန်ယခုချိန်ထိ အနီရောင်စားဖိုမှူးဝတ်ရုံ ဝိညာဉ်၏ လှုပ်ရှားမှုကို မရှာဖွေတွေ့ရှိသေးပေ။
ထို့ကြောင့် ၎င်း၏ စိတ်ဝိညာဉ်နှင့် ပေါင်းစည်းရန် အချိန်အတော်ကြာမှ ဖြစ်နိုင်မည်ကို ပုဖန်သိသည်။
ယနေ့စစ်ဆေးချက်ပြီးသည့်နောက်တွင် ပုဖန် ပထမအဆင့် မသေမျိုးစားဖိုမှူး ဖြစ်လာခဲ့သည်။
ပထမအဆင့် မသေမျိုးစားဖိုမှူးတွင်လည်း အဆင့်များစွာ ရှိသေးသည်။ နာမည်အားဖြင့် အဆင့်နိမ့် အလယ်အလတ်အဆင့် အဆင့်မြင့်တို့ဖြစ်သည်။
၎င်းသည် ထုတ်ယူနိုင်သည့် မသေမျိုးစွမ်းအင် ပမာဏအပေါ် အခြေခံထားသည်။
ထုတ်ယူလိုက်သော မသေမျိုးစွမ်းအင် ပိုသိပ်သည်းလေ စားဖိုမှူးအဆင့် မြင့်လေဖြစ်သည်။
ပုန်းကွယ်နဂါးတိုက်ကြီးရှိ ကြေးနန်းတော်တွင် မြင်ခဲ့သော ခေါက်ဆွဲပန်းကန်လုံးကို ပုဖန် သတိရမိသည်။
မသေမျိုးစွမ်းအင်သည် ထိုပန်းကန်လုံးတစ်ဝိုက် လှည့်ပတ်နေကာ အလွန်သိပ်သည်းနေသည်။ ထိုအကြောင်းကို တွေးမိသောအခါ ချက်ပြုတ်သော မသေမျိုးစားဖိုမှူး၏ အဆင့်သည် အလွန်နိမ့်မည်ဟု မထင်ခဲ့ပေ။ သို့သော် ထိုစားဖိုမှူးသည် သေချာပေါက် ပထမအဆင့် မသေမျိုးစားဖိုမှူးပင် ဖြစ်သည်။
စနစ်မှပေးသောဆု ရတနာရှစ်သွယ်ဝက်သည် ပုဖန်မထင်ထားသော အံ့အားသင့်စရာတစ်ခုဖြစ်သည်။ ထို့အပြင် ၎င်းသည် မသေမျိုးပါဝင်ပစ္စည်း ဖြစ်နေသည်။
အဖိုးတန်ကြက်ကလေး ကို မသေမျိုးချက်ပြုတ်ခြင်းနယ်ပယ်တွင် မသေမျိုးပါဝင်ပစ္စည်းအဖြစ် အသိအမှတ်ပြုထားသော်လည်း ရှစ်လေးသည် ၎င်းနှင့်ဝေးလှသည်။
သို့သော် ၎င်းသည် ယခုအချိန်တွင် မသေမျိုးပါဝင်ပစ္စည်း မဟုတ်တော့ပေ။
အတွေးတစ်ချက်ဖြင့် ပုဖန် ကောင်းကင်ကမ္ဘာမြေ လယ်ယာမြေသို့ ဝင်လာခဲ့သည်။
စနစ်သည် ရတနာရှစ်သွယ်ကြက်ကို လယ်ယာမြေထဲသို့ တိုက်ရိုက်သွားထား ထားသည်ဖြစ်၍ ၎င်းကိုမြင်ချင်ပါက ထိုနေရာသို့ သွားရပေမည်။
...
မသေမျိုးမီးဖိုချောင်အဆောက်အဦး
မူလျှို့အာ မန်နေဂျာချန်ကို ကူညီပေးလျက် တစ်ဦးနှင့် တစ်ဦး ကြည့်မိသောအခါ မျက်လုံးများတွင် အကူအညီကင်းမဲ့မှုကို မြင်လိုက်ရသည်။
" ငါတို့ ကောင်းကင်ဘုံက ဉာဏ်ကြီးရှင်ကို ဆုံးရှုံးလိုက်ရပြီ..."
မန်နေဂျာချန် သွေးများကို ထွေးထုတ်လိုက်သည်။
" ပိုင်ရှင်ပုက ထူးခြားဆန်းကြယ်လွန်းတယ်... ဒါပေမဲ့ ကိစ္စမရှိတော့ပါဘူး...သူက ထုံမိသားစုကို စော်ကားထားတော့ တခြားမိသားစုတွေက သူတို့ဘက်ကို ခေါ်ချင်မှာ မဟုတ်တော့ဘူး...အဲ့ဒီမိသားစုတွေရဲ့ ကာကွယ်မှုမပါပဲ သူ့ဘာသူတိုးတက်ဖို့ အမွေအနှစ်တွေကို ရှာလို့ မရတော့ဘူးလို့ ဆိုလိုတာပဲ..."
ထိုသို့ ဖြစ်လာမည်ကို မူလျှို့အာ ကြိုသိနေသည်။ ထို့နောက် ထပ်မံ၍...
" ဘာပဲဖြစ်ဖြစ် ကျွန်မတို့ စိုးရိမ်ဖို့ မလိုပါဘူး အာဏာရှိတဲ့ မိသားစုတွေက သူ့ကို ခွဲထုတ်ထားမှသာ လှုပ်ရှားရမယ်... သူ့ကို မြို့တော်သခင်အိမ်တော်ကိုသာ ဝင်ခွင့်ပြုလိုက်ရင် ကျွန်မတို့အတွက် အကျိုးရှိလိမ့်မယ်..."
မန်နေဂျာချန် ထိတ်လန့်သွားပြီးနောက် မျက်လုံးများအရောင်လက်လာသည်။
" အိမ်တော်သခင်မလေး ဆိုလိုတာက..."
မူလျှို့အာ၏မျက်နှာတွင် အပြုံးတစ်ခုပေါ်လာသော်လည်း မျက်မှောင်ကြုတ်ထားဆဲဖြစ်သည်။
" သေချာတာပေါ့... ဒါမဲ့အဓိက အချက်က ပုဖန် ထုံမိသားစုရဲ့ တန်ပြန်တိုက်ခိုက်မှုကနေ အသက်ရှင်နိုင်မှာလား ဆိုတာပဲ... သူတို့မိသားစုရဲ့ ဉာဏ်ကြီးရှင်သခင်လေးကို မသန်စွမ်းဖြစ်အောင်လုပ်လိုက်ပြီး ကြယ်နှစ်ပွင့် စစ်မှန်မသေမျိုးနယ်ပယ် ကျင့်ကြံသူကို သတ်လိုက်တာကို ထုံမိသားစုက လျစ်လျူရှု့ထားမယ် မထင်ဘူး... ဒါက သူတို့ကို ပါးရိုက်လိုက်သလို ခံစားနေရလိမ့်မယ်..."