အပိုင်း ၉၈၀
Viewers 62k

အခန်း ၉၈၀

သူ့ရဲ့အဝတ်တွေကို ချွတ်ပစ်မယ်တဲ့လား... မဟုတ်ဖူး သူ့ကိုသေအောင်ပဲရိုက်ပစ်လိုက်


အဘိုးအို သူ၏ရှေ့မှ မသေမျိုး ထွက်ပြေးမည်ဟု ထင်ခဲ့သည်။ သို့သော် ထိုလူက သူ့အား ဧရာမဒယ်အိုးနှင့်ပင် ရိုက်ရန် ရည်ရွယ်ထားသည်။


ဒီသေမျိုးက သတ္တိတွေ ဘယ်ကရလာတာလဲ...


အဘိုးအို၏ မျက်နှာကြွက်သားများ ရှုံ့တွကုန်သည်။


သူသည် ကြယ်နှစ်ပွင့် စစ်မှန်မသေမျိုးနယ်ပယ် ကျင့်ကြံသူဖြစ်သည်။ သူ၏ စွမ်းအားသည် အလွန်ပြင်းထန်၍ ကြောက်မက်ဖွယ်ကောင်းပြီး မြင့်မား၍ လေးစားဖွယ်ကောင်းသော ရာထူးကို သိမ်းပိုက်ထားသည်မှာ ပြောစရာမလိုပေ။ 


ဒီသေမျိုးက ဖိအားတွေ ကြားထဲကနေ သူ့ကို ဒယ်အိုးနဲ့ တန်ပြန်တိုက်ခိုက်ရဲတယ်ပေါ့...


" သေချင်နေတာလား... ရွံစရာကောင်းတဲ့ တိရစ္ဆာန်... မင်း အသက်မရှင်ချင်တော့ဘူးပဲ..." 


ထုံမိသားစုမှ အဘိုးအို ဒေါသတကြီးအော်ဟစ်လိုက်သည်။


ထုံချန်းမှာ စစ်မှန်မသေမျိုးနယ်ပယ်ကိုပင် မရောက်ရှိသေးသည့် သေမျိုးကြောင့် ဒဏ်ရာပြင်းထန်စွာ ရရှိထားသည်။ ကြမ်းကြုတ်သော အနက်ရောင် ဒယ်အိုးကြီးသည် နှစ်ကြိမ်တိုင်တိုင် လှုပ်ခတ်သွားခဲ့ပြီး လူတိုင်းကို ထိတ်လန့်တုန်လှုပ်စေခဲ့သည်။


အဘိုးအို လက်ဝါးဖြင့် ရိုက်လိုက်သော်လည်း ထိုသေမျိုးကို မရပ်တန့်နိုင်သည့်အပြင် ဒဏ်ရာလည်း မရစေနိုင်ခဲ့ပေ။


သူ့အတွက် အရှက်ရစရာပင်...


ဤအရှက်ရမှုကို ပြန်ပေးဆပ်ရန် အဘိုးအို ထိုသေမျိုး၏ အသက်ကိုအသုံးပြု၍ သန့်ရှင်းပစ်ရမည်ဖြစ်ကြောင်း သိခဲ့သည်။


ထိုအရာသည် ဒယ်အိုးတစ်လုံးသာ ဖြစ်သည်။ တစ်ချက်တည်း မှုတ်ထုတ်ပစ်နိုင်မည်ဟု တွေးခဲ့သည်။


သူသည် ထုံချန်းမဟုတ်ပေ။


ထုံချန်းမှာ ကြယ်တစ်ပွင့် စစ်မှန်‌မသေမျိုးနယ်ပယ်သို့ ရောက်ရှိနေသော်လည်း ကျင့်ကြံမှုတွင် ပျင်းရိနေသည့်အတွက် သူ၏စွမ်းအားမှာ သာမန် ကြယ်တစ်ပွင့် စစ်မှန်‌မသေမျိုးနယ်ပယ်ကျင့်ကြံသူများထက် အနည်းငယ် ပို၍ အားနည်းသည်။


အဘိုးအိုအတွက်မူ သူသည် ကျင့်ကြံခြင်းတွင်သာ အားစိုက်ထား၍ သူ၏ချက်ပြုတ်ခြင်းစွမ်းရည်မှာ မကောင်းမွန်ပေ။ 


သူ့လိုမျိုး ကြယ်နှစ်ပွင့် စစ်မှန်‌မသေမျိုးနယ်ပယ် ကျင့်ကြံသူကို သေမျိုးတစ်ယောက်က ချေမှုန်းနိုင်မှာတဲ့လား...


သူ၏ စစ်မှန်သောစွမ်းအင်သည် ထိုသေမျိုးကို သေသည်အထိ မတိုက်ခိုက်နိုင်ခဲ့သဖြင့် အံ့ဩထိတ်လန့်သွားသော်လည်း ထိုသို့ဖြစ်နေရန် အချိန်မရှိသေးပေ။


ထိုအချိန်တွင် ပုဖန် အဖြူအမည်းပတ်တီးကို ဖြည်ချလိုက်ပြီး ထောင်တျဲရုပ်ပုံများ ပေါ်လွင်စေကာ မျက်မှာသေဖြင့် ရှိနေသည်။ ထောင်တျဲများ၏ နားကိုစူးရှ‌စေသော ဟိန်းဟောက်သံများ ပဲ့တင်ထပ်လာသည်နှင့်အမျှ လက်မောင်းများ၏ ခွန်အားလည်း တိုးလာသည်။


မဟူရာလိပ်ခုံးဒယ်အိုး ပြင်းထန်စွာ ရွေ့လျားသွားပြီး ၎င်း၏ ပတ်ဝန်းကျင်တွင် အဝါရောင်တောက်တောက် လင်းလက်နေသည်။


လေထုကို ဆုတ်ဖြဲခံလိုက်ရသကဲ့သို့ အသံများ ထွက်ပေါ်လာသည်။


အဘိုးအို၏ အမူအရာ အေးစက်သွားသည်။ လက်ဖဝါးကို လက်သည်းပုံစံပြောင်း၍ ရှေ့သို့ဝင်လာသော မဟူရာလိပ်ခုံးဒယ်အိုးကို လုယူရန် လက်လှမ်းလိုက်သည်။ ဤအရာကို သူအပိုင်းပိုင်းဖြစ်အောင် ဆုတ်ဖြဲချင်နေသည်။


ဘေးမှ ကြည့်ရှု့သူများ ထိတ်လန့်လွန်းသဖြင့် မေးရိုးများပြုတ်ကျမတတ်ဖြစ်နေသည်။


ပုဖန်က ကြယ်နှစ်ပွင့် စစ်မှန်‌မသေမျိုးနယ်ပယ်ကျင့်ကြံသူကို တိုက်ခိုက်တော့မှာလား...


ဘယ်လိုဖြစ်လို့ ဒီသေမျိုးက အရမ်းထောင်လွှား‌နေရတာလဲ...


ဘာလို့ ဒီလောက် ခံနိုင်ရည်ရှိနေရတာလဲ...


ထိုဒယ်အိုး၏ ရိုက်ချက်နှစ်ခုသည် ထုံချန်းကို သေလုမြောပါး ဖြစ်စေခဲ့သော်လည်း ဤတစ်ကြိမ်တွင် ထုံမိသားစုမှ ကြယ်နှစ်ပွင့် စစ်မှန်‌မသေမျိုးနယ်ပယ်ကျင့်ကြံသူနှင့် ရင်ဆိုင်နေရခြင်း ဖြစ်သည်။


မသေမျိုးစားဖိုမှူးအသစ်တွင် အံ့ဩဖွယ်ကောင်းပြီး မိမိကိုယ်မိမိ ယုံကြည်လွန်းသော အော်ရာရှိသည်။  


ရွှမ်ယွမ်ရှားဟွေ့နှင့် အခြားသူများ ထိုအဖြစ်အပျက်ကိုကြည့်နေချိန်တွင် မေးရိုးများ ပြုတ်ကျမတတ်ဖြစ်နေသည်။ 


ပုဖန်က သူတို့ကို တော်တော်လန့်အောင်လုပ်တယ်...


မူလျှို့အာ မျက်မှောင်ကြုတ်လိုက်သည်။ ထုံမိသားစုသည် အလွန် ဥပဒေမဲ့သည်။


" ကျွန်မတို့ရဲ့ မသေမျိုးမီးဖိုချောင်အဆောက်အဦးမှာရော ကျင့်ကြံသူတွေ မရှိဘူးထင်နေလား..." 


သူမနှာမှုတ်လိုက်သည်။


မကြာမီတွင် မသေမျိုးမီးဖိုချောင် အဆောက်အဦးမှ ပြင်းထန်သော အော်ရာတစ်ခု ထွက်ပေါ်လာသည်။


သူသည် မသေမျိုးမီးဖိုချောင် အဆောက်အဦးမှ ကြယ်နှစ်ပွင့် စစ်မှန်‌မသေမျိုးနယ်ပယ် ကျင့်ကြံသူဖြစ်သည်။


ဝုန်း ဝုန်း...


ကြောက်မက်ဖွယ်ကောင်းသော ဖိအားများ လျင်မြန်စွာ ပျံ့နှံ့သွားပြီး ထောင့်တစ်နေရာမှ စူးရှတောက်ပသော အလင်းတန်းတစ်ခု ထွက်ပေါ်လာကာ ဥက္ကာပျံကဲ့သို့ ရွေ့လျားပြီး ထုံမိသားစုမှ အဘိုးအိုဆီသို့ ဦးတည်သွားသည်။


သူ၏ဝိညာဉ်ပင်လယ်ပြင်ပေါ်တွင် လှိုင်းလေထန်လာသည်နှင့်အမျှ ပုဖန် အဘိုးအိုအား မျက်နှာသေဖြင့် ငေးကြည့်နေမိသည်။


ရွှေရောင်နတ်နဂါးကြီး ခုန်တက်သွားပြီး ကြီးမားသော အနက်ရောင်လိပ်ကြီးလည်း လွင့်ပျံလာသည်...


ခဏအကြာတွင် ပုဖန်၏ ပြင်းထန်သော စိတ်စွမ်းအင်သည် တိုက်ခိုက်နေသော ဒီရေလှိုင်းတစ်ခုကဲ့သို့ တိုးပွားလာသည်။


အဘိုးအို ဖန်တီးထားသည့် လက်သည်းမှာ လေထဲတွင် ရပ်တန့်သွားတယ်။ ပုဖန်၏ စိတ်စွမ်းအင်က သူ့ကို တုန်လှုပ်သွားစေသည်။


ဝုန်း ...


ပုဖန်၏ဒယ်အိုး အဘိုးအို၏ခေါင်းဆီသို့ ပစ်ခတ်လိုက်သောအခါ ပရိသတ်များက စိတ်အိုက်သောအမူအရာများဖြင့် စောင့်ကြည့်နေကြသည်။


ရွှစ်...


ဒယ်အိုး၏လမ်းကြောင်ထဲရှိ ဟင်းလင်းပြင်မှာ အပိုင်းပိုင်း ဖြစ်သွားသကဲ့သို့ပင်။


ထိုအဘိုးအို၏ ကျင့်ကြံခြင်းအခြေခံသည် ထုံချန်းထက် ‌ကျိန်းသေ မြင့်မားသည်။ စစ်မှန်မသေမျိုးနယ်ပယ်တွင် ကြယ်တစ်ပွင့်နှင့် ကြယ်နှစ်ပွင့်အဆင့် ကြားထဲမှ ကွာဟမှုသည် အလွန်ကျယ်ပြန့်သည်။


အဘိုးအို စက္ကန့်ပိုင်းခန့် ပျာယာခတ်သွားပြီးနောက် စိတ်ကိုပြန်စုစည်းလိုက်သည်။ 


သူ၏အောက်က မြေပြင်မှာ ပေါက်ကွဲလုမတတ်ဖြစ်နေသဖြင့် ကိုယ့်ကိုကိုယ်ကာကွယ်ရန် ကြိုးစားပြီး လက်နှစ်ဖက်ကို ခေါင်းပေါ်‌မြှောက်လိုက်သည်။


ဘုန်း...


မဟူရာလိပ်ခုံးဒယ်အိုး အဘိုးအို၏ လက်‌မောင်းများကို ထိမှန်ပြီး ၎င်း၏ ကြောက်မက်ဖွယ်စွမ်းအားသည် အဘိုးအိုအား နောက်ပြန် ပျံသန်းသွားစေသည်။


ကျယ်လောင်သော ပေါက်ကွဲသံနှင့်အတူ ထိုလူ အပျက်အစီးများထဲသို့ ပြုတ်ကျသွားပြီး ဖုန်မှုန့်များ လေထဲသို့ လွင့်သွားခဲ့သည်။


ထိုနေရာတွင် ရုတ်တရက် တိတ်ဆိတ်သွားသည်။


ပရိသတ်သည်လည်း အံ့အားသင့်သွားသည်။ သူတို့မြင်လိုက်သည်ကို မယုံနိုင်ကြပေ။


ဒီသေမျိုးစားဖိုမှူးက တကယ်ပဲ ကောင်းကင်ဘုံကို တက်ခဲ့သင့်တာ...


သူ၏ဒယ်အိုးသည် ထုံမိသားစု၏ ကြယ်နှစ်ပွင့် စစ်မှန်မသေမျိုးနယ်ပယ် ကျင့်ကြံသူကိုပင် ချေမှုန်းနိုင်ခဲ့သည်။


အဲ့ဒီဒယ်အိုးက ထိပ်တိုက်ရင်ဆိုင်မှု‌ တော်တော်များများကို အနိုင်ယူနိုင်ခဲ့ပုံပဲ...


ဒယ်အိုး၏ရိုက်ချက် နှစ်ချက်သည် ထုံချန်းကို သေလုမျောပါးဖြစ်သွားစေခဲ့ပြီး နောက်တစ်ချက်သည် ထုံမိသားစု၏ ကျင့်ကြံသူကို အလဲထိုးနိုင်ခဲ့သည်။


ဝုန်း...


ကျောက်တုံးများ လေထဲသို့ ပျံတက်သွားသည်။


အဘိုးအို အပျက်အစီးများထဲမှ ထလာသည်။ သူ၏နဖူးရှိ သွေးပြန်ကြောများ အစိမ်းရောင်ဖြစ်နေပြီး မျက်လုံးတွင်လည်း လူသတ်လိုသည့် အငွေ့အသက်များ ပြည့်နေသည်။ ခဏအကြာတွင် သူ၏အော်ရာလည်း မြင့်တက်လာသည်။


" ရွံစရာကောင်းတဲ့ တိရစ္ဆာန်ကောင်..." 


အဘိုးအို အော်ဟစ်လိုက်သည်။ 


သို့သော် ဤအခြေအနေကို အခွင့်ကောင်းယူ၍ မသေမျိုးမီးဖိုချောင် အဆောက်အဦ်းမှ ကျင့်ကြံသူများ အဘိုးအို၏ရှေ့တွင် ရပ်လိုက်သည်။


" ဝင်မစွက်ဖက်ဖူးလို့ပြောပြီး စည်းမျဉ်းကို ချိုးဖောက်လိုက်တယ်... ထုံမိသားစုက ကျွန်‌တော်တို့ မသေမျိုး မီးဖိုချောင် အဆောက်အဦးကို အထင်သေးလိုက်တာပဲ..." 


မသေမျိုးမီးဖိုချောင်အဆောက်အဦး၏ ကျင့်ကြံသူက အေးစက်စွာ ပြောလိုက်သည်။ 


" မင်းတို့သူ့ကို ကာကွယ်ပေးလို့မရဘူး... သူက ငါတို့ ထုံမိသားစုကို စော်ကားထားတယ်... သူ့ရဲ့အဆုံးသတ်က မကောင်းစေရဘူး..." 


အဘိုးအိုက ဟိန်းဟောက်လိုက်သည်။


မသေမျိုးမီးဖိုချောင်အဆောက်အဦး၏ ကျင့်ကြံသူကို မြင်လိုက်ချိန်တွက် ပုဖန်ကို သတ်ရန်အခွင့်အရေး ဆုံးရှုံးသွားကြောင်း အဘိုးအို နားလည်လိုက်သည်။


" ဒါက ကျွန်တော်တို့ ကာကွယ်မှုနဲ့ မသက်ဆိုင်ဘူး... ခင်များတို့ ဘာမှမလှုပ်ရှားဘူးလို့ ပြောထားတယ်လေ..." 


မသေမျိုးမီးဖိုချောင်အဆောက်အဦး၏ ကျင့်ကြံသူက ပြန်ပြောလိုက်သည်။ 


အခန်းတွင်းရှိ လေထုသည် အေးစက်နေသည်။


အဝေးတွင် ထုံမိသားစုမှ ကျင့်ကြံသူနှစ်ဦး နောက်ဆုံးတွင် ဝှိုက်တီ၏ လက်ထဲမှလွတ်သွားသည်။ သူတို့ ထုံချန်းဆီသို့ အမြန်ပြေးသွားပြီး ကူညီကြသည်။


သို့သော် ထုံချန်းကို ပြတ်သားစွာ မြင်လိုက်ရချိန်တွင် လူအားလုံး တုန်လှုပ်ခြောက်ခြားသွားသည်။


ထုံချန်း၏ဦးခေါင်းမှာ ပုံပျက်ပန်းပျက်ဖြစ်နေသည်။ ပုဖန် အမှန်တကယ်ပင် မညှာတာခဲ့ပေ။


ထုံမိသားစု၏ ကျင့်ကြံသူနှစ်ဦး ထုံချန်း၏ အားနည်းနေသောအော်ရာကို ခံစားမိလိုက်သောအခါ သူတို့၏ နှလုံးသားများ နှစ်မြုပ်သွားသကဲ့သို့ပင်။


ထုံချန်း၏ စွမ်းအင်သည်လည်းပျောက်ကွယ်သွားပြီး သူ၏ခေါင်းမှာ သွေးအိုင်ထဲနစ်နေသည်။


စက္ကန့်များ ကြာလာသည်နှင့်အမျှ သူ၏စိတ်စွမ်းအင်များ သိသိသာသာ လျော့ပါးလာသည်...


သူ၏ဝိညာဉ်ပင်လယ်သည် မဟူရာလိပ်ခုံးဒယ်အိုး၏ ဝိညာဉ်ကြောင့် နှိပ်စက်ခံခဲ့ရသည်။


ထုံချန်း၏ စိုးရိမ်ဖွယ်အခြေအနေကို မြင်လိုက်ရသောအခါ နေရာတစ်ခုလုံး တိတ်ဆိတ်မှုများ ဖုံးလွှမ်းသွားသည်။ 


ဤအဖြစ်အပျက်သည် ကိုယ့်သေတွင်းကိုယ်တူးခြင်း၏ အကောင်းဆုံး ဥပမာတစ်ခုဖြစ်သည်။ သူ၏ပြိုင်ဘက်ကို အနိုင်မယူနိုင်သည့် အပြင် သေလုနီးပါးဖြစ်သွားခဲ့သည်။


သူ၏ဝိညာဉ်ပင်လယ်ကို ဖျက်ဆီးရန်အတွက် ဒယ်အိုးဖြင့်ရိုက်ချက် နှစ်ချက်သာ လိုအပ်ခဲ့သည်။


သူ၏ ဝိညာဉ်ပင်လယ် ပျက်စီးသွားချိန်တွင် ထုံချန်းအတွက် ပြီးဆုံးသွားပြီဖြစ်သည်။ မသေမျိုးစားဖိုမှူးဖြစ်ရန် အရည်အချင်းမပြည့်မီတော့ဘဲ နှောင့်နှေးသွားမည့် အလားအလာပင် ရှိသည်။


ကြည့်ရှု့သူများ လေအေးကို ရှုရှိုက်လိုက်ရသည်။ သနားစရာကောင်းလွန်းတယ်...


‌ထို့နောက် အကြောက်တရားများ ပြည့်နေသောမျက်လုံးများဖြင့် ပုဖန်ကို လှည့်ကြည့်လိုက်ကြသည်။


ထုံချန်း၏ ဦးလေးသုံးသည် ခန္ဓာကိုယ်တစ်ခုလုံးတုန်ယင်၍ စိတ်မကောင်းဖြစ်နေသည်။


ဒီလို လူကောင်းလေးက... ဘယ်လိုလုပ် ဒယ်အိုးနဲ့ သေလုနီးပါး အရိုက်ခံလိုက်ရတာလဲ...


" ငါတို့ ထုံမိသားစုရဲ့ မ‌သေမျိုးစားဖိုမှူးက ပျောက်ကွယ်တော့မယ်... အဲ့ဒါကို ငါဒီတိုင်းကြည့်နေမယ်ထင်နေလား..." 


အဘိုးအို၏ အသံများတုန်ယင်လျက် မသေမျိုးမီးဖိုချောင်အဆောက်အဦးမှ ကျင့်ကြံသူကို စိုက်ကြည့်ကာ ပြောလိုက်သည်။


ထိုလူသည် ပြန်မဖြေပေ။


ထုံချန်း ဤပြဿနာကို သူကိုယ်တိုင် သယ်ဆောင်လာခြင်းဖြစ်သည်။


အကယ်၍ ထုံချန်း သူ၏ မြင့်မြတ်သော ထုံမိသားစု၏ အဆင့်အတန်းကို အသုံးပြု၍ ပုဖန်၏ မြေကမ္ဘာအင်မော်တယ် ရုပ်သေးကို လောဘတကြီး မလိုချင်ပါက ဤမျှ သနားစရာကောင်းသော အခြေအနေနှင့် အဆုံးသတ်မည် မဟုတ်ပေ။


အရာအားလုံးကို ထုံချန်းအစပြုခဲ့သောကြောင့် သူသာလျှင် အဆုံးသတ်သင့်သည်။


" မင်းတို့နှစ်ယောက် ထုံချန်းကို အရင်ဆုံး ထုံအိမ်တော်ကို ပြန်ခေါ်သွားလိုက်..." 


ထုံမိသားစုမှ အဘိုးအို၏လေသံမှာ အလွန်လေးနက်နေသည်။ ဝိညာဉ်ပင်လယ် ကွဲအက်သွားခြင်းသည် လုံးဝပျောက်ကင်းအောင် ကုသရန်မဖြစ်နိုင်ပေ။ သို့သော် ထုံမိသားစု၏ ပစ္စည်းအချို့သည် သူ၏အသက်ကို ကယ်တင်ရန် လုံလောက်သည်။


စစ်မှန်မသေမျိုးနယ်ပယ်မှ ကျင့်ကြံသူနှစ်ဦး အကြည့်များ ဖလှယ်ပြီး ခေါင်းငြိမ့်လိုက်ကြသည်။ ထုံချန်း၏ ပျော့ခွေနေသော ခန္ဓာကိုယ်ကို သယ်ဆောင်၍ မသေမျိုးမီးဖိုချောင်အဆောက်အဦးမှ တစ်ဟုန်ထိုးထွက်သွားသည်။


မည်သူမျှ သူတို့ကို မတားဆီးပေ။ ခဏအကြာတွင် ပုံရိပ်သုံးခု ပျောက်ကွယ်သွားသည်။


‌ပုဖန် ရွှေနဂါးအရိုးမီးဖိုချောင်ဓားနှင့် မဟူရာလိပ်ခုံးဒယ်အိုးတို့ကို ဖယ်ရှားလိုက်သည်။ လက်ကိုနောက်ပစ်လိုက်ချိန်တွင် အနီရောင်ဝတ်ရုံမှာ လေထဲ တဖျပ်ဖျပ်လွင့်နေသည်။


ဝှိုက်တီ သူ၏နောက်တွင် ငြိမ်သက်စွာ ရပ်နေသည်။ သူ၏ စက်ရုပ်မျက်လုံးများမှာ တလက်လက်တောက်နေသည်။


" မသေမျိုးစားဖိုမှူး စစ်ဆေးချက်က ပြီးဆုံးသွားပြီး ကျုပ် အောင်မြင်ခဲ့တယ် တကယ်လို့ ဘာမှပြောစရာမရှိတော့ဘူးဆိုရင် ပြန်ပြီး ကျုပ်ရဲ့ စားသောက်ဆိုင်ကို ဖွင့်တော့မယ်..." 


ပုဖန်ပြောလိုက်သည်။


စားသောက်ဆိုင်ဖွင့်မယ်တဲ့လား...


မင်းရဲ့ သောက်စိတ်အခြေအနေက စားသောက်ဆိုင် ဖွင့်နိုင်သေးတာလား...


ထုံမိသားစုရဲ့ အဖိုးတန်သားကို မသန်စွမ်းဖြစ်အောင်အထိ တိုက်ခိုက်ပြီး အေးဆေးထွက်သွားရဲသေးတယ်ပေါ့...


ထိပ်တန်းမိသားစုများထဲမှ တစ်ခုအနေနှင့် ထုံမျိုးနွယ်သည် ၎င်းတို့၏ဂုဏ်သိက္ခာကို စိန်ခေါ်ခဲ့သည့် ဤလူငယ်အား အသက်ရှင်ရန် ဘယ်သောအခါမှ ခွင့်ပြုမည်မဟုတ်ပေ။


ပုဖန် မသေမျိုးစားဖိုမှူး ဖြစ်သွားသော်လည်း လွှမ်းမိုးမှုရှိသော ထိုမိသားစုအတွက် ပုဖန်ကိုလုပ်ကြံခြင်းမှာ မဖြစ်နိုင်သော အရာမဟုတ်ပေ။


သို့သော် အားလုံးက ပုဖန် မသေမျိုးစားဖိုမှူး အဆောက်အဦးမှ ကာကွယ်မှုတောင်းခံမည်ဟု ထင်နေချိန်တွင် သူ၏ မြေကမ္ဘာအင်မော်တယ်ရုပ်သေးကို ခေါ်ဆောင်၍ အေးဆေးထွက်သွားသည်။


အဆုံးတွင် သူတို့နှစ်ဦး မသေမျိုးမီးဖိုချောင် အဆောက်အဦးမှ မဆိုင်းမတွ ထွက်သွားသည်။


မူလျှို့အာ အံ့ဩသွားသည်။


ရွှမ်ယွှမ်ရှားဟွေ့နှင့် ရွှမ်ယွမ်ရွှမ်တို့လည်း ထိတ်လန့်သည့် အမူအရာများ ဖြစ်ကုန်သည်။


ဒီသေမျိုး သူဘာကိုမှ မကြောက်တတ်ဖူးလား...


ကာကွယ်ပေးဖို့ တောင်းဆိုနေသင့်တာ မဟုတ်ဖူးလား...


မသေမျိုးမီးဖိုချောင် အဆောက်အဦးမှ ထွက်ခွာသွားသည်နှင့် သူ့အတွက် ကာကွယ်မှု ပျောက်ကွယ်သွားပြီဖြစ်သည်။


 ထုံမျိုးနွယ်လက်ထဲကနေ သူ့ဘာသာသူ ကာကွယ်မှာတဲ့လား...


သူက သေချင်နေတာပဲ...


ပုဖန် ထွက်သွားသည်ကို ထုံမိသားစုမှ အဘိုးအို အေးစက်စွာ ကြည့်နေပြီးနောက် သူလည်း ဝတ်ရုံလက်များကို ဆန့်ပြီး ထွက်ခွာသွားသည်။


မသေမျိုးမီးဖိုချောင်အဆောက်အဦး ကျင့်ကြံသူ၏ တာဝန်မှာ အဆောက်အဦးကို ကာကွယ်ရန်သာဖြစ်သဖြင့် သူထွက်သွားသည်ကို မတားဆီးပေ။


ထိုစားဖိုမှူး၏ လုံခြုံမှာ သူနှင့်မသက်ဆိုင်ပေ။


ထို့အပြင် သူ့ကို ကြည့်ရသည်မှာ သေချင်နေပုံရသည်။ ထို့ကြောင့် သူဘယ်အကြောင်းနှင့်မျှ လှုပ်ရှားရန် မလိုပေ။


မသေမျိုးမီးဖိုချောင် အဆောက်အဦးမှ အလျင်စလို မထွက်ခွာမီ လူအုပ်ကြီးသည် ခဏတာ တိတ်ဆိတ်နေခဲ့သည်။ အပြင်ဘက်မှာ စိတ်ဝင်စားစရာကောင်းတဲ့ ပွဲတစ်ခု ဖြစ်တော့မယ်...


ရွှမ်ယွမ်ရှားဟွေ့ သက်ပြင်းချလိုက်သည်။ ပုဖန် မည်သည့်နေရာမှ ထိုသတ္တိများရလာသည်ကို သူမသိပေ။


...


မသေမျိုးမီးဖိုချောင် အဆောက်အဦး၏ အပြင်ဘက်တွင်


လမ်းမရှည်ကြီးပေါ်တွင် ပုဖန် လက်နောက်ပစ်လျက် အေးဆေးလျှောက်နေသည်။


လူတစ်ယောက်နှင့် သူ၏ရုပ်သေး လမ်းပေါ်လျှောက်လာကြသည်။ သူတို့၏ ခြေသံများမှာ ကြည်လင်ပြတ်သားနေပြီး ကြည့်ရှု‌နေသည့်လူတိုင်းကို အသက်ရှုကြပ်သွားစေသည်။


လူအုပ်ကြီးသည် စိတ်ဝင်စားစရာများ မြင်ရမည်ထင်၍ ပုဖန်နောက်မှ လိုက်လာကြသည်။


ထုံချန်းကို မသန်စွမ်းဖြစ်အောင်အထိ ရိုက်နှက်လိုက်တယ်... ပုဖန်ကို လွယ်လွယ်ထွက်သွားခိုင်းရင် မသေမျိုးမြို့တော် ထိပ်တန်းမိသားစုတွေထဲက တစ်ခုဖြစ်တဲ့ ထုံမိသားစု ဘယ်ပီသပါ့မလဲ...


ရုတ်တရက် ပုဖန် ရပ်လိုက်သည်။


သူ၏ရှေ့တွင် ရှည်လျားသော လှံတစ်စင်းသည် ကောင်းကင်မှ ဖြာကျလာပြီး မြေကြီးထဲသို့ နစ်မြုပ်သွားကာ ကျောက်တုံးများ ပျံတက်ပြီး လေပြင်းများ ဖြစ်ပေါ်လာသည်။


ထုံမိသားစုမှ စစ်မှန်မသေမျိုးနယ်ပယ် ကျင့်ကြံသူတစ်ဦး ကောင်းကင်မှ ဖြည်းညှင်းစွာ ဆင်းသက်လာပြီး သူ၏အကြည့်များက ပုဖန်ဆီမှ မခွာပေ။


မသေမျိုးမီးဖိုချောင် အဆောက်အဦးတွင် မဟုတ်တော့သဖြင့် အဘိုးအို သူ၏လူသတ်ချင်သည့်အော်ရာကို ဖုံးကွယ်ရန် မကြိုးစားခဲ့ပေ။


ထိုသတ်ဖြတ်ချင်သည့် အော်ရာမှာ ကောင်းကင်တစ်ပြင်လုံး မည်းမှောင်သွားစေပြီး ကြည့်ရှု့နေကြသူများလည်း အသက်ရှုရန် ခက်ခဲလာသည်။


စွမ်းအားအပြည့်နဲ့ တိုက်ခိုက်တော့မယ့် ကြယ်နှစ်ပွင့် စစ်မှန်မသေမျိုးနယ်ပယ် ကျင့်ကြံသူနှစ်ယောက်...


တွေးကြည့်ရုံနှင့်ပင် ကြောက်လန့်စေသည်။


သေမျိုးစားဖိုမှူး ဒီကပ်ဆိုးကြီးကနေ ထွက်ပြေးမရတော့ဘူး...


အဘိုးအို၏ အမူအရာက အေးစက်နေပြီး လူသတ်ချင်စိတ်များ ထွက်ပေါ်နေသည်။ 


သူ၏ဦးခေါင်းထက်တွင် မူလဝိညာဉ်သည် ပြိုးပြိုးပြက်ပြက် တောက်ပနေသော ကြယ်တစ်ပွင့်ကဲ့သို့ ကောင်းကင်ယံကို လှည့်ပတ်သွားနေသည်။


အဘိုးအို၏ ၀တ်ရုံသည် အောက်သို့ဆင်းသက်လာစဉ် ခံ့ညားထည်ဝါသော တောင်ကဲ့သို့ လွင့်ပျံနေသည်။ သူတို့ကြားမှ လေထု လေးလံလာသည်။


" ငါတို့ရဲ့ ထုံမိသားစုဝင်တစ်ယောက်ကို ဒဏ်ရာရအောင် လုပ်ခဲ့ပြီးတော့ အခု ထွက်ပြေးဖို့ ကြံနေတာလား သေမျိုး မင်းကတကယ်ကို မောက်မာတာပဲ..." 


အဘိုးအို အေးစက်စွာ ပြောလိုက်သည်။


ရုတ်တရက် ကြောက်မက်ဖွယ်ကောင်းသော အော်ရာ တစ်ခု ထွက်ပေါ်လာပြီး ရှည်လျားသောလမ်းကို ဖြတ်ကျော်ကာ ကြီးမားသော လေဆင်နှာမောင်းကို ဖြစ်ပေါ်စေသည်။


လမ်းပေါ်ရှိ လူများ ကြောက်ရွံ့စွာ ပြေးကုန်ကြသည်။


ထိုအခြေအနေကိုကြည့်၍ ကြည့်ရှု့နေသူများ ပုဖန်အတွက် စိတ်မကောင်းဖြစ်နေကြသည်။


အဘိုးအို လူသတ်ချင်သည့်အော်ရာကို မဖုံးကွယ်ထားတော့ပေ။ ယခုအချိန်တွင် မသေမျိုးမီးဖိုချောင် အဆောက်အဦး၏ ကာကွယ်မှုမရှိသည့် ပုဖန်ကို အေးဆေး သတ်ပစ်နိုင်သည်။


သိသာနေသော သတ်ဖြတ်ချင်သည့်အော်ရာကြောင့် ပုဖန်မျက်မှောင်ကြုတ်လိုက်သည်။ သူ၏ဆံပင်ရှည်များကို ဆွဲချ၍ ညှင်သာစွာ အသက်ရှုထုတ်လိုက်သည်။


" ကျုပ်ကို အိမ်ပြန်ပြီး စားသောက်ဆိုင်ဖွင့်ခွင့် မပေးတော့ဘူးလား..." 


ပုဖန် အသံနိမ့်နိမ့်ဖြင့် မေးလိုက်သည်။


ခေါင်းကို ဖြေးညှင်းစွာမော့လိုက်ပြီး မယှဉ်နိုင်သော ဂုဏ်ကျက်သရေနှင့် အဘိုးအိုကို ငေးကြည့်လိုက်သည်။


ပြန်ဖြေသံ မကြားရ‌သဖြင့် အေးဆေးစွာ ပြောလိုက်သည်။


" ဟလေး အခုချိန် လှုပ်ရှားမယ်ဆိုရင် ရှူးရှဲအစပ်ချောင်းဆယ်ချောင်းပေးမယ်..."


" ဟား ဟား ဟား ကောင်လေးပုဖန် ဒီလိုအမျှော်အမြင်ရှိတဲ့ ဆုံးဖြတ်ချက်ကို အစတည်းက လုပ်ခဲ့သင့်တယ်...ဉာဏ်ပညာရှိပြီး သတ္တိလည်းရှိတဲ့ဘုရင်ကို စင်မြင့်ပေါ်သာ လွှတ်လိုက်ပါ... ငါ့ရဲ့အင်္ကျီချွတ်တဲ့လက်ချောင်းက အရမ်းဗိုက်ဆာနေပြီ..." 


ပုဖန်ပြောပြီးသည်နှင့် ရယ်သံကြီးတစ်ခု ထွက်လာသည်။


ပရိသတ်များက ပုဖန်ရှေ့တွင် ရုတ်တရက် ပေါ်လာသည့် ရင်ဘတ်ကိုလှစ်ဟထားသော ဝတ်ရုံရှည်၀တ်ထားသည့် အမျိုးသားတစ်ဦးကို ကြည့်ရှုနေခဲ့ကြသည်။ ထိုလူသည် သူ၏ လက်တစ်ဖက်ကိုသုံး၍ မျက်နှာတစ်ဝက်ကို ကာထားသည်။


ရယ်သံသည် ထိုလူ့ထံမှ ထွက်ပေါ်လာခြင်းဖြစ်သည်။ 


ပုဖန် ငရဲဘုရင်အာဟကို ကြည့်ပြီးနောက် လူသတ်ချင်သည့်အော်ရာနှင့် အဘိုးအိုကို ကြည့်လိုက်သည်။


သူ၏ နှုတ်ခမ်းထောင့်များ ကွေးညွှတ်သွားပြီးနောက် ပြောလိုက်သည်။


 " သူ့ရဲ့အဝတ်တွေကို ချွတ်ပစ်မယ်တဲ့လား... မဟုတ်ဖူး သူ့ကိုသေအောင်ပဲရိုက်ပစ်လိုက်..."