အပိုင်း ၉၈၅
Viewers 62k

အခန်း ၉၈၅

ဟောင်သံတစ်ချက်နှင့် ငွေသံချပ်ကာဝတ်အစောင့် ဆယ့်ငါးဦး


မင်းမှာပြောစရာ တစ်ခုခုရှိရင် မြန်မြန်ပြောတဲ့လား...


ဒီခွေးက တကယ်ကို ရူးနေတာပဲ...


သူဘယ်သူနဲ့ ရင်ဆိုင်နေရတာလဲတောင် သိရဲ့လား... သူအလျင်လိုနေတယ်ဆိုတာ ဘာအဓိပ္ပါယ်လဲ...


ဘယ်ကို အလောတကြီးသွားဖို့ လိုနေတာလဲ...


ခွေးဘုရင်၏ နှုတ်မှထွက်လာသော စကားများကိုကြား၍ အားလုံး ထိတ်လန့်ပြီး စကားမပြောနိုင် ဖြစ်သွားသည်။


မသေမျိုးချက်ပြုတ်ခြင်းနယ်ပယ်တွင် စကားပြောနိုင်သည့် ဝိညာဉ်သားရဲ မြောက်များစွာ ရှိသည့်အတွက် စကားပြောနိုင်သောခွေးသည် ထူးထူးခြားခြားမဟုတ်ပေ။ သို့သော် စကားမပြောနိုင်သော သားရဲများလည်း ရှိကြသည်။


သို့သော် ကြယ်နှစ်ပွင့် စစ်မှန်မသေမျိုးနယ်ပယ် ကျင့်ကြံသူတစ်ဦးကို အလျင်လိုနေသည်ဟု ပြောသောခွေးမျိုးသည် အလွန်ထူးဆန်းသည်။


ဒီခွေးက သူသေဖို့အတွက် အလျင်လိုနေတာလား...


သင်းပျံ့သောရနံ့ လေထဲသို့ ပျံ့လွင့်လာပြီး အနံ့ခံမိသောလူတိုင်း အနည်းငယ် လှုံဆော်ခံလိုက်ရသည်။


မူလျှို့အာ မန်နေဂျာချန်ကို ကူညီ၍ စားသောက်ဆိုင်အ၀င်ဝကို ဖြတ်သွားကာ ပြင်းထန်စွာ ဒဏ်ရာရနေသော ဦးလေးမူကို သူတို့နှင့်အတူ ခေါ်ဆောင်လာခဲ့သည်။


ခွေးဘုရင် သူတို့သုံးဦးကို ဝင်ခွင့်မပြုခင် တစ်ချက်ကြည့်၍ " ဟမ့်..." ဟူသောအသံပြုလိုက်သည်။ အစောပိုင်းတွင် သူအိပ်ပျော်နေသော်လည်း သူတို့သုံးဦး ဘာလုပ်ပေးခဲ့သည်ကို သိသည်။


" ဝင်သွားကြ... ခွေးဘုရင်က မင်းတို့လုံခြုံရေးအတွက် သေချာအောင်လုပ်ပေးမယ်..." 


ခွေးဘုရင်ပြောလိုက်သည်။


မူလျှို့အာ၏မျက်နှာ အေးခဲသွားသည်။ 


ဒီခွေးက ဘယ်လိုဟာသလုပ်ရမယ် ဆိုတာ သိတာပဲ...


မြို့တော်သခင်၏ သမီးဖြစ်သည့်အတွက် ထုံမူဟဲ သူမကို မသတ်ရဲသည်ကိုသိ၍ မူလျှို့အာ သူမအသက်အတွက် စိတ်မပူပေ။


သူမကို သူတကယ် သတ်ခဲ့ပါက ထုံမိသားစုသည် ပြဿနာများစွာကို ရင်ဆိုင်ရမည်ဖြစ်သည်။


သူမ မွှေးရနံ့သင်းသင်းလေး ရသောကြောင့်သာ စားသောက်ဆိုင်ထဲသို့ ၀င်လာခဲ့ခြင်းဖြစ်သည်။


ထိုရနံ့ သူမ၏နှာခေါင်းသို့ ရောက်လာသောအခါ တစ်ကိုယ်လုံး တုန်ယင်သွားသည်။ ထို့ကြောင့် ဤသို့ဖြစ်စေခဲ့သည့် ဟင်းလျာကို ကြည့်ရှု့လိုခြင်းဖြစ်သည်။


ဤဟင်းလျာသည် ၎င်းက်ိုယ်တိုင် မိုးကြိုးပြစ်ဒဏ်ကို ဖြစ်ပေါ်လာစေခဲ့သည်မှာ သံသယဝင်စရာပင် မလိုပေ။


ဤဟင်းလျာသည် မိုးကြိုးပြစ်ဒဏ်ကို သလင်းကြည်ဖက်ထုပ်စွပ်ပြုတ်ထက် ပို၍ဆွဲဆောင်ခဲ့သည်ဟု မန်နေဂျာချန် အစောပိုင်းက ပြောခဲ့သည်။ တစ်နည်းဆိုရသော် ဤဟင်းလျာသည် ယခင်က သူမြည်းဖူးသော ဖက်ထုပ်စွပ်ပြုတ်များထက်ပင် ပိုကောင်းသည်။


မူလျှို့အာ၏အဖွဲ့ စားသောက်ဆိုင်ထဲသို့ လှမ်းဝင်လိုက်သည်နှင့် ရင်းနှီးသော အတွင်းပိုင်းအပြင်အဆင်သည် ၎င်းတို့၏ အမြင်အာရုံထဲသို့ ဝင်ရောက်လာခဲ့သည်။


ဤစားသောက်ဆိုင်နှင့် ရင်းနှီးနေပြီဖြစ်သည့် မူလျှို့အာနှင့် မန်နေဂျာချန်တို့အတွက် အံ့အားသင့်စရာ မဟုတ်တော့ပေ။


တစ်ဖက်တွင် ပြင်းထန်စွာ ဒဏ်ရရထားသော ဦးလေးမူသည် သွေးများအန်နေပြီး အလွန်စိတ်ဓာတ်ကျလာသည်။


သူ၏ပတ်ဝန်းကျင်ကိုကြည့်လိုက်ပြီး မျက်နှာတွင် ခါးသီးသည့်အကြည့်တစ်ခု ပေါ်လာသည်။


ဒါက သူကာကွယ်ဖို့ ကြိုးစားခဲ့တဲ့ စားသောက်ဆိုင်လား... ဒီလို‌ သေးနုတ်တဲ့ဆိုင်လေးကြောင့် သူဒဏ်ရာတွေ ပြင်းပြင်းထန်ထန် ရခဲ့တာတဲ့လား...


ထုံမူဟဲ၏ ကျင့်ကြံခြင်းသည် အလွန်သန်မာသည့်အတွက် လှံသွားတစ်ချက်ကြောင့်ပင် သူချေမှုန်းခံလိုက်ရသည်။


ဒါက သူ့ကို အရမ်းစိတ်ပျက်စေတယ်... 


စားသောက်ဆိုင်ထဲတွင် မျက်လုံးများစွာက သူတို့သုံးဦး လမ်းလျှောက်လာသည်ကို လှည့်ကြည့်လိုက်ကြသည်။


မူလျှို့အာနှင့် မန်နေဂျာချန် သူတို့ကို ပြုံးပြလိုက်သည်။


ပုဖန် မီးဖိုချောင်အပေါက်ဝတွင် မျက်နှာသေဖြင့် ရပ်နေသည်။ သေလုမျောပါးဖြစ်နေသော အရပ်ရှည်ရှည်နှင့် သန်မာသော လူတစ်ယောက်ပင် သူတို့နှင့် ရှိနေသည့်အတွက် မူလျှို့အာနှင့် မန်နေဂျာချန်ကို ပဟေဠိဆန်သော အကြည့်ဖြင့်ကြည့်နေသည်။


ပန်းပွင့်လေးသည် ထိုင်ခုံပေါ်တွင် မတ်တပ်ရပ်၍ ခြေဖျားထောက်ကာ ပို၍မြင်ရအောင်ကြည့်နေသောကြောင့် သူမ၏ နူးညံ့သိမ်မွေ့သော ခြေသလုံးပေါ်ရှိ ကြွက်သားများပင် တုန်ရီနေသည်။


သို့သော် သူ၏ အာရုံမှာ စားပွဲပေါ်ရှိ ရတနာရှစ်သွယ် ဝက်သားနီနှပ်ဆီသို့ ရောက်သွားသဖြင့် ထိုပဟေဠိ ဆန်သောအကြည့်လည်း ပျောက်သွားသည်။


သူမ၏ သုံးပန်လှမြွေမျက်လုံးများက စားပွဲပေါ်ရှိ ရတနာရှစ်သွယ် ဝက်သားနီနှပ်ကို ကြည့်ပြီး သူမ၏နူးညံ့သော ပန်းရောင်နှုတ်ခမ်းများမှ သွားရည်များကျနေသည်။


" အိုင်းယား အိုင်းယား... မင်းတို့ နဂါးဘုရင်ကို တော်တော်လန့်အောင်လုပ်တယ် ဒီနဂါးဘုရင်ရဲ့ခေါင်း ခန္ဓာကိုယ်ကနေ ဖြတ်ခံရတော့မလို့..." 


 မဟူရာနဂါးဘုရင် ခေါင်းပြောင်ကြီးကိုထိလျက် ကြောက်ရွံ့ထိတ်လန့်စွာ အော်ဟစ်နေသည်။


မကြာသေးမီက စားသောက်ဆိုင်တံခါးကို သူ ခိုးကြောင်ခိုးဝှက် ဖွင့်လိုက်သောအခါတွင် စူးရှသောလှံရှည်များက သူ့ခေါင်းဆီသို့ ပြေးဝင်လာပြီး သူ၏ သေးငယ်၍အားနည်းသော နှလုံးသားကို လည်ချောင်းထဲမှ ခုန်ထွက်လုနီးပါး ဖြစ်စေခဲ့သည်။


ကံကောင်းစွာဖြင့် သူ၏နောက်တွင်ရှိသော ခွေးဘုရင်က အပြင်ဘက်တွင် ရုန်းရင်းဆန်ခတ် ဖြစ်နေသည်ကို သည်းမခံ‌နိုင်တော့သဖြင့် ကြောင်နှင့်တူသော လှပသည့် ခြေလှမ်းများကို လျင်မြန်စွာ လှမ်းကာ စားသောက်ဆိုင်မှ ထွက်လာခဲ့သည်။


မဟူရာနဂါးဘုရင် တစ်ချိန်တည်းတွင် တစ်ဖက်လူများ၏ ကံဆိုးမှုအတွက် ပီတိဖြစ်၍ ပျော်ရွှင်ကြည်နူးနေသည်။ အပြင်ဘက်ရှိ အရူးတစ်သိုက်သည် စိတ်ပျက်အားငယ်စရာ တွင်းနက်ကြီးထဲသို့ ပြုတ်ကျတော့မည်ဖြစ်သည်။


 သူ၏သမီးနှင့် မကြာခဏ ရှုပ်နေသော်လည်း ဤခွေးသည် မယုံနိုင်လောက်အောင် ကြောက်စရာကောင်းသော သတ္တဝါဖြစ်ကြောင်း ဝန်ခံရလိမ့်မည်။ အလွန်အံ့ဩစရာကောင်းသည့်အတွက် ကောင်းကင်ကိုပင်ဆုတ်ဖြဲပြီး မြေကြီးကိုလည်း အက်ကွဲသွားစေလိမ့်မည်။


ငရဲဘုရင်အာဟ၏ မျက်လုံးထဲတွင် ရတနာရှစ်သွယ် ဝက်သားနီနှပ်သာ ရှိနေသည်။ သူ၏ပါးစပ်ထဲမှ ရှူးရှဲအစပ်ချောင်း စားပွဲပေါ်သို့ ပြုတ်ကျသွားသည်မှာ ကြာပြီဖြစ်သည်။


" ပုဖန် ဒီအသားနီနှပ်က ဘာလို့ ဒီလောက် ကြည့်ကောင်းနေရတာလဲ..."


နယ်သာရီ ထို ရတနာရှစ်သွယ် ဝက်သားနီနှပ်ကို သူမ၏ အနက်ရောင်မျက်လုံးများထဲတွင် စွဲကပ်နေကာ ထိုင်ချလိုက်သည်။ သူမ၏ အနီရောင်နှုတ်ခမ်းများ တုန်ယင်နေပြီး တောင့်‌တနေသည့် အကြည့်များက သူမ၏ပြိုင်ဘက်ကင်းလှပေသော မျက်နှာပေါ်တွင် ပေါ်လာသည်။


မူလျှို့အာသည်လည်း စားပွဲပေါ်တွင် တင်ထားသော ဟင်းလျာကို မြင်သည်။


သင်းပျံ့သောရနံ့သည် လေထုကို လွှမ်းခြုံကာ နေရာတိုင်းတွင် သူမကို ဝန်းရံထားသည်။ ၎င်းသည် သူမ၏အာရုံများကို အဆုံးမရှိ နှိပ်စက်ခဲ့ပြီး သူမ၏ မသိစိတ်က စားပွဲဆီသို့ ဦးတည်သွားခဲ့သည်။


မန်နေဂျာချန် လေအေးများ ရှုရှိုက်လိုက်သည်။


" မသေမျိုးစွမ်းအင်က တော်တော်သိပ်သည်းနေတာပဲ အနံ့ကလည်း တော်တော်ပြင်းထန်တယ် ဒီအသားနီနှပ်က အနုပညာလက်ရာတစ်ခုလိုပဲ ဘယ်အရာကမှ သူ့ထက်ပိုပြီး မလှပနိုင်တော့ဘူး..." 


ချီးမွမ်းစကားများ သူ၏နှုတ်မှ မရပ်တန့်နိုင်ပဲ ထွက်လာသည်။


ပုဖန်တွင် ပင်ကိုစွမ်းရည်ရှိသည်ကို မန်နေဂျာချန် ဝန်ခံရလိမ့်မည်။ သူ၏စွမ်းရည်များသည် အမှန်တကယ်ပင် ကြီးကျယ်ခမ်းနားလှသည်။


ထို့ကြောင့် အိမ်တော်သခင်မလေးက သူ့ကို ကာကွယ်ချင်သည်မှာ ဖြစ်ကောင်းဖြစ်နိုင်သည်။


ဒီလိုအေးစက်ပြီး ဘာသိဘာသာနေတဲ့ ဉာဏ်ကြီးရှင်ကို လိုအပ်နေတဲ့အချိန် ကူညီပေးတာပါ ပိုးထည်ပေါ်မှာ ပန်းပွင့်ထိုးပေးတာထက်ပိုပြီး သူ့ကိုလှုံဆော်ပေးနိုင်လိမ့်မယ်...


ဦးလေးမူ ကုလားထိုင်ပေါ်တွင်ထိုင်လျက် ဒဏ်ရာဒဏ်ချက်များကို တောင့်ခံနေရသည်။သူ၏လက်နှစ်ဖက်စလုံး စားပွဲပေါ်တွင် မှီပြီး မောဟိုက်နေသည်။


သို့သော် သင်းပျံ့သောရနံ့က သူ့ကို အမှန်တကယ် တုန်လှုပ်စေခဲ့သည်။


" မင်း စတော့မှာလား... " 


ဦးလေးမူ ပုဖန်ကိုမကြည့်မီ အသက်ပြင်းပြင်းရှု၍ ပြောလိုက်သည်။


သူ၏နှုတ်မှ စကားလုံးများ ထွက်လာသည်နှင့် အားလုံး၏အကြည့်များ သူ့ဆီရောက်လာသည်။


ပုဖန် သူ၏မျက်နှာပေါ်တွင် အံ့ဩသောအကြည့်ဖြင့် ဤလူကို လှည့်ကြည့်လိုက်သည်။ ထို့နောက် ပြောလိုက်သည်။ 


" ခဏလေးပါ... ကျွန်တော်တို့ အဲ့ခွေးကို ခဏစောင့်ကြမယ်..."


အဲ့ခွေးကို စောင့်ဦးမယ်...


မူလျှို့အာ ဦးလေးမူနှင့် မန်နေဂျာချန်တို့ အံ့ဩသွားကြပြီး သူတို့၏ နှလုံးသားထဲတွင် ထူးဆန်းသော ခံစားချက်တစ်ခု ပေါ်လာသည်။


ဟင်းလျာကို ပူနေတုန်း သုံးဆောင်သင့်တာ မဟုတ်ဖူးလား...


ထုံမူဟဲ ထိုခွေးကိုသတ်၍ စားသောက်ဆိုင်ထဲ ဝင်လာပါက မည်သူမှ ဤဟင်းလျာကို မြည်းစမ်းရန် အခွင့်အရေး ရလိုက်မည်မဟုတ်ပေ။


ဒီသေမျိုးစားဖိုမှူးက ရူးနေတာလား...


...


ထိုအချိန် စားသောက်ဆိုင်၏အပြင်ဘက်တွင် ခွေးဘုရင်၏စကားများက ထုံမူဟဲကို အလွန်ဒေါသထွက်စေခဲ့သည်။


ဒီလို ခွေးရူးတစ်ကောင်က သူ့ရှေ့မှာ ပြောင်ပြောင်တင်းတင်း သတ္တိရှိနေသလို ပြုမူရဲတယ်ပေါ့... သူဆိုတဲ့ ထုံမူဟဲက အလောင်းပင်လယ်ထဲမှာ တောင် ကိုယ့်လမ်းကိုယ်ရှင်းပြီး သွားတဲ့လူမျိုး... ဒီခွေးတစ်ကောင်ကို ဘာလို့ ကြောက်နေရမှာလဲ...


ယခင်က သူ မသေမျိုးမြို့တော်မှထွက်ခွာ၍ အဆုံးမဲ့စွန့်ပစ်မြေသို့ သွားပြီး ကြောက်မက်ဖွယ်သားရဲများစွာကို သတ်ဖြတ်ခဲ့ဖူးသည်။ သူ၏လက်ထဲတွင် သေဆုံးခဲ့ရသည့် ရက်စက်ကြမ်းကြုတ်သော သားရဲများစွာရှိသည်။


ဒီနေ့ သူတကယ်ကိုပဲ ခွေးတစ်ကောင်ဆီက ပျက်ရယ်ပြုခံလိုက်ရတယ်...


ထုံမူဟဲ လေအေးများ ရှုသွင်းလိုက်ပြီး သူ၏မျက်နှာတွင် စိတ်မပါလက်မပါ အကြည့်မျိုးပေါ်လာသည်။ သူ၏နောက်မှ ငွေရောင်ချပ်ဝတ်တန်ဆာနှင့် လူကိုကြည့်ပြီး အမိန့်ပေးလိုက်သည်။


 " သွား ငါ့ဖို့ ဒီခွေးကို သတ်ပေးစမ်း..." 


ထိုခွေးဆီသို့ ချီတက်သွားသော အစောင့်နှစ်ဦး လေအေးများ ရှုရှိုက်လိုက်ရသည်။ သို့သော် သူတို့နှစ်ဦးလုံး ထုံမူဟဲ၏ အမိန့်ကိုနာခံပြီး တိုက်ခိုက်ကြသည်။


အဝေးမှနေ၍ ငွေရောင်အလင်းတန်းကဲ့သို့ လှံများဖြင့် ပစ်ခတ်လိုက်သည်။ သူတို့ ပစ်ခတ်လိုက်သည်မှာ လျင်မြန်လွန်းသည့်အတွက် ကြည့်ရှု့နေသူများ သေချာပင် မမြင်လိုက်ရပေ။


ကျယ်လောင်သော မြည်သံနှင့်အတူ ငွေရောင်လှံရှည်များ ပေါင်းစပ်ကာ နဂါးအသွင်ပြောင်းသွားသည့် အချိန်တွင် ကောင်းကင်၏ လိုက်ကာများ ကွဲအက်သွားသကဲ့သို့ ထင်ရသည်။ ၎င်းသည် ကောင်းကင်ကိုဖြတ်သန်း၍ ခွေးဘုရင်ဆီသို့လာနေသည်။


ခွေးဘုရင် စားသောက်ဆိုင်ရှေ့တွင်ရပ်၍ သမ်းဝေနေပြီး သူ၏အမြှီးများ လှုပ်ရမ်းနေသည်။


ကြောက်မက်ဖွယ်ကောင်းသော လှံရှည်အလင်းနဂါးကို ရင်ဆိုင်ရသော်လည်း အနည်းငယ်မျှ ဂရုမစိုက်ပေ။

လက်ဖဝါးကိုမြှောက်ပြီး ဖြည်းညှင်းစွာ ထိလိုက်သည်။


ခဏအတွင်းမှာပင် လှံရှည်များလေထဲတွင် ရပ်တန့်သွားပြီး တစ်လက်မမှ မရွေ့တော့ပေ။


ငွေရောင်သံချပ်ဝတ်နှင့် လူနှစ်ဦး ထိတ်လန့်သွားပြီး လေအေးများ ရှုရှိုက်လိုက်သည်။


" ဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ..." 


ထုံမူဟဲလည်း မျက်လုံးများပြူးကျယ်သွားပြီး ခဏအကြာတွင် လူအားလုံး အသိစိတ်ပြန်ဝင်လာသည်။ 


ဒီခွေးက သာမန်မဟုတ်ဖူးပဲ...


ရှင်သန်ခြင်းနှင့် သေဆုံးခြင်း မျဉ်းကြောင်းပေါ် ကခုန်နေရချိန်တွင် ထုံမူဟဲ များစွာ တွေ့ကြုံခဲ့ရသည်။ ဤအရာများကို သူဘယ်တော့မှ မှားမည်မဟုတ်ပေ။


ကနဦးအစတွင် ထိုခွေးကို သူအထင်သေးခဲ့မိသော်လည်း သူ၏လက်အောက်ငယ်သားနှစ်ဦး၏ ငွေရောင်လှံရှည်များကို ချေမှုန်းနိုင်စွမ်းရှိသောကြောင့် ၎င်းသည် အလွန်အစွမ်းထက်သော တည်ရှိမှုတစ်ခုဖြစ်ကြောင်း သူသိလိုက်သည်။


မနေ့က သတင်းပို့မှုအရဆိုလျှင် ထိုခွေးသည် ဦးလေး ၃ကို သေသည်အထိ ရိုက်နှက်ခဲ့သူမဟုတ်ပေ။ ထိုလူနှင့် ရင်ဆိုင်ရပါကလည်း ထုံမူဟဲ စိုးရိမ်ကြောင့်ကြနေမည် မဟုတ်ပေ။


သူ၏ ဦးလေး ၃သည် ကြယ်နှစ်ပွင့် စစ်မှန်မသေမျိုးနယ်ပယ်တွင် ရှိနေသော်လည်း သန်မာသည့် ကြယ်နှစ်ပွင့် စစ်မှန်မသေမျိုးနယ်ပယ်ကျင့်ကြံသူတစ်ဦး မဟုတ်ပေ။


ထုံမူဟဲပင် တစ်ချက်တည်းနှင့် ဦးလေး ၃ကို သတ်ပစ်နိုင်သည်။


သို့သော် ... ထိုခွေးသည် သူအား ထူးဆန်းသော ခံစားချက်တစ်ခု ပေးနေသည်။


ထုံမူဟဲ မျက်မှောင်ကြုတ်သွားပြီး သက်ပြင်းရှည်ကြီးချလိုက်သည်။ သူဂရုမစိုက်ပဲ မနေရဲတော့ချေ ထို့ကြောင့် လျင်မြန်စွာ အမိန့်ပေးလိုက်သည်။


 " မင်းတို့အားလုံး သတိထားကြ... တစ်ချိန်တည်းမှာ ဝင်တိုက်..."


ပတ်ဝန်းကျင်မှ လူအားလုံးလည်း လေအေးများ ရှုရှိုက်နေရသည်။


ငွေရောင်သံချပ်ကာဝတ် ကျင့်ကြံသူ ၁၅ယောက်က တစ်ကြိမ်တည်း ဝင်တိုက်မယ်တဲ့လား ခွေးတစ်ကောင်ကိုလေ...ထုံမူဟဲ ဘာလို့ဒီလောက် လေးနက်နေတာလဲ...


ငွေရောင် သံချပ်ကာဝတ် ကျင့်ကြံသူ ၁၅ယောက် တစ်ပြိုင်တည်းတိုက်တာ ဘယ်လိုမျိုးဖြစ်လိမ့်မလဲ...


နောက်ဆုံးတွင် သူတို့ထိုမြင်ကွင်းကို ကိုယ်တိုင်မြင်တွေ့ရတော့မည် ဖြစ်သည်။


ကျွမ်းကျင်သူများ တစ်ဦးပြီးတစ်ဦး ခန္ဓာကိုယ်မှကြောက်စရာကောင်းသည့် အော်ရာများ ထွက်လာပြီး မကြာခင်မှာပင် သူတို့၏မူလဝိညာဉ်များက ဦးခေါင်းပေါ်တွင် ပေါ်‌လာသည်။


ဝီ...


ခဏအကြာတွင် ငွေရောင်တောက်နေသော လှံပေါင်းများစွာပေါ်လာပြီး ကောင်းကင်ကို အက်ကွဲစေသကဲ့သို့ ကောင်းကင်ဘုံမုဒ်ဦးကို ချိန်ရွယ်ပစ်ခတ်လိုက်သည်။


ငွေရောင်သံချပ်ကာနှင့် ကျင့်ကြံသူ ၁၅ဦးသည် လှံရှည်များကို လက်ထဲတွင် ကိုင်ဆောင်ထားပြီး အလင်းတန်းများအဖြစ်သို့ ပြောင်းလဲသွားကာ စားသောက်ဆိုင် အပြင်ဘက်မှာ ရပ်နေသည့် ခွေးကို ချိန်ရွယ်ထားကြသည်။


သူတို့၏ ပါးစပ်မှ ကျယ်လောင်သော တိုက်ပွဲဟစ်‌ကြွေးသံများ ထွက်ပေါ်လာပြီး သတ်ဖြတ်ရန်လိုနေမှုသည် ထိုနေရာတွင် ရှိနေသူတိုင်း၏ စိတ်နှလုံးကို တုန်လှုပ်စေနိုင်သည်။


ထုံမူဟဲ ထိုမြင်ကွင်းကိုကြည့်ပြီး အလွန်အမင်း ကျေနပ်အားရနေသည်။ ဒါက သူကွပ်ကဲနေတဲ့ တပ်ပဲ...


သူတို့၏ အချက်အပြုတ်စွမ်းရည်သည် အလယ်အလတ်ဆိုသော်လည်း မသေမျိုးမြို့တော်ရှိ လမ်းများပေါ် သူတို့လျှောက်သွားသည့်အခါ သူတို့ကို ဘယ်သူမှ မထီမဲ့မြင်မပြုရဲကြပေ။ အဘယ်ကြောင့်ဆိုသော် သူတို့သည် ထုံမူဟဲ၏တပ်သားများ ဖြစ်သောကြောင့်ပင်။


သူတို့သည် အလောင်းတောင်ကိုတူတူတက်၍ သွေးပင်လယ်ကို သူနှင့်တူတူဖြတ်သန်းခဲ့သော ရဲဘော်ရဲဘက်များ ဖြစ်ကြသည်။


သူတို့အားလုံး လက်ရွေးစင် တိုက်ခိုက်ရေးသမားများဖြစ်ကြပြီး ၎င်းတို့သည် ကြယ်တစ်ပွင့် စစ်မှန်မသေမျိုးနယ်ပယ် ကျင့်ကြံသူများဖြစ်ကြသည်။ ယခင်က မသေမျိုးမီးဖိုချောင် အဆောက်အဦးမှ စေလွှတ်ခဲ့သည့် ကြယ်နှစ်ပွင့် စစ်မှန်မသေမျိုးနယ်ပယ် ကျင့်ကြံသူများကိုပင် တိုက်ခိုက်နိုင်ခဲ့သည်။


ဝုန်း... ဝုန်း... ဝုန်း...


အချို့ ငွေရောင်သံချပ်ဝတ်စစ်သည်များ မြေပြင်ပေါ်သို့ ဦးစွာဆင်းသက်လာပြီး မြေကြီးများပင် ကွဲအက်သွားစေသည်။ 


ရက်စက်ကြမ်းကြုတ်သော သားရဲအစုအဝေးတစ်ခုလို ဖြစ်နေသော ခွေးဘုရင်ဆီသို့ သူတို့ အရှိန်အဟုန်ဖြင့် ချီတက်လာကြသည်။


လှံတစ်ချောင်း လွင့်ထွက်သွားသည်နှင့်အမျှ လေသည် ပေါက်ကွဲသွားပုံရသည်။


" သောက်ခွေးကောင် သေစမ်း..."  


ကျင့်ကြံသူတစ်ယောက် အော်ဟစ်လိုက်သည်။


တစ်ချိန်တည်းမှာပင် ငွေရောင်သံချပ်ကာနှင့် ကျင့်ကြံသူအချို့က ၎င်းတို့၏လှံရှည်များကို အံဝင်ခွင်ကျကိုင်ဆောင်ကာ ပျံသန်းနေသောဓားများအဖြစ်သို့ ပြောင်းလဲသွားကြပြီး ကောင်းကင်မှကျလာသော အလင်းတန်းများကဲ့သို့ ဆင်းသက်လာကြသည်။


အခြားသူများသည် ၎င်းတို့၏ လှံရှည်များကို ဝှေ့ယမ်းကာ လှံမှအလင်းရောင် အမြောက်အမြားကို ရေတံခွန်ကဲ့သို့ ပြိုကျစေခဲ့သည်။


လူတိုင်း အံ့သြတကြီး အော်ဟစ်နေကြသည်။


မသေမျိုးမြို့တော်မှ မြို့သားများအတွက် မသေမျိုးစားဖိုမှူးအဖြစ် အဆင့်မြှင့်တင်ရန် ချက်ပြုတ်ခြင်းပညာရပ်တွင်သာ စိတ်နှစ်မြှုပ်ထားသောကြောင့် ဤမြင်ကွင်းသည် သူတို့အတွက် မယုံနိုင်စရာပင်။


ဤကဲ့သို့ ကြောက်မက်ဖွယ် သတ်ဖြတ်မှုများကို တွေ့ကြုံခံစားရန် အခွင့်အရေး အလွန်ရှားပါးလှသည်။


ထိုအရာများက တိုက်ပွဲစစချင်းမှာပင် သူတို့အားလုံး စိတ်လှုပ်ရှားသွားရသည့် အကြောင်းရင်းပင်။ သူတို့၏ ခန္ဓာကိုယ်များ တုန်ယင်နေကြပြီး ထိုမြင်ကွင်းကို မျှော်လင့်တကြီးကြည့်ရှု့နေကြသည်။


" သတ်ကြစမ်း..."


" ထုံမျိုးနွယ်ရဲ့ ငွေရောင်သံချပ်ဝတ် တပ်သားတွေကို ရပ်တန့်လို့ မရဘူး..." 


" လာကြစမ်းပါ... မင်းတို့တွေက အကောင်းဆုံးပဲ..."


ငွေရောင်သံချပ်ကာနှင့် အစောင့်များ၏ စွမ်းအားကြောင့် ပရိသတ်များ စိတ်လှုပ်ရှားသွားကြသည်။ သူတို့၏ အားပေးမှုကို ပြသရန် လျင်မြန်စွာ ကြွေးကြော်ခဲ့ကြပြီး သူတို့ကိုယ်တိုင် သတိမထားမိဘဲ ထိုအစောင့်များကို အားပေးခဲ့မိကြသည်။


ထုံမူဟဲ ငွေရောင်လှံကြီးကို ကိုင်ဆောင်ထားပြီး သူ၏ အနီရောင် ဝတ်ရုံသည် လေထဲတွင် တဖျပ်ဖျပ် လွင့်နေသည်။


သူ၏နှုတ်ခမ်းထောင့်များ ကွေးညွှတ်သွားပြီး ဂုဏ်ယူဝင့်ကြွားစွာ အော်ပြော‌လိုက်သည်။ 


" ဒါမှ ငါ့တပ်သားတွေ..."


...


စားသောက်ဆိုင်ထဲမှ လူအားလုံး ကြည့်ရှု့သူများ၏ အော်သံများကို ကြားနေရသည်။


မူလျှို့အာ၏အဖွဲ့ မျက်နှာတွင် ကြည့်ရဆိုးသော အမူအရာများ ဖြစ်ပေါ်နေသည်။


ဦးလေးမူ မျက်လုံးများမှေးလျက် ပြောလိုက်သည်။


 " အကုန်လုံးပြီးသွားပြီ သူတို့က လက်ရွေးစင်ထဲက လက်ရွေးစင်တွေပဲ ဒီစားသောက်ဆိုင်တော့ အဆုံးသတ်ပြီ..."


မူလျှို့အာ၏မျက်နှာ ဖြူဖျော့သွားသည်။


မြို့တော်အရှင်သခင်၏ သမီးအနေဖြင့် ဤမျှကြောက်မက်ဖွယ်ကောင်းသော မြင်ကွင်းကို သူမ မမြင်ဖူးပေ။ ငွေရောင်သံချပ်ကာဝတ် အစောင့်များ၏ အင်အားက သူမကို ထိတ်လန့်စေသည်။


အမှန်တကယ်တွင် သူမ ဦးလေးမူကို တားစေချင်သော်လည်း ထိုအရာမှာ ရယ်စရာကောင်းသော တောင်းဆိုချက် တစ်ခုပင်။


" ငါတို့ မြန်မြန်စားမှရမယ်... မဟုတ်ရင် စားဖို့ အခွင့်အရေး ထပ်မရှ်ိတော့ဘူး..." 


ဦးလေးမူ ပြောလိုက်သည်။


ကြောက်စရာကောင်းသော ငွေရောင်သံချပ်ကာဝတ်တပ်သားများက သူ့ကို ကြောက်ရွံစေသော်လည်း ရှေ့တွင်ရှိသော အသားနီနှပ် ၏ သွေးဆောင်မှုကို မခံနိုင်သောကြောင့် အကြံဉာဏ်ကို အမြန်ပေးလိုက်သည်။


" အလျင်စလို မလုပ်ပါနဲ့ ခွေးကိုစောင့်လိုက်ဦး..." 


ပုဖန် လျစ်လျူရှု့ကာ ပြောလိုက်သည်။ မူလျှို့အာ အန်ကယ်မူနှင့် မန်နေဂျာချန်တို့ အံ့အားသင့်သွားသည်။ ထို့နောက် ပတ်ဝန်းကျင်ကို ကြည့်လိုက်သောအခါတွင်လည်း မည်သူတစ်ဦးတစ်ယောက်၏ မျက်နှာတွင်မျှ ကြောက်လန့်သည့် အမူအရာ မရှိသည်ကို သတိထားမိကြသည်။


အဲ့ဒီခွေးကို ဒီလောက်တောင် ယုံကြည်တာလား...


...


စားသောက်ဆိုင်၏ အပြင်ဘက်


လေများတိုက်ခတ်နေပြီး အဆုံးမဲ့ ဟိန်းဟောက်သံကြောင့် အရိုးများပင် အေးစက်ကုန်ကြသည်။


ခွေးဘုရင်၏ ခန္ဓာကိုယ်ပေါ်ရှိ အမွှေးများ လေထဲတွင် ဝေ့ဝဲနေပြီး သူ့ဆီသို့ ငွေရောင်သံချပ်ကာနှင့် ကျင်ကြံသူ ၁၅ဦး ချီတက်လာသည့် ကြီးကျယ်ခမ်းနားသော မြင်ကွင်းကို သဘောကျစွာ ကြည့်နေသည်။


ခွေးဘုရင်၏ နှုတ်ခမ်းများ တွန့်ချိုးသွားပြီး နူးညံ့သော ရယ်သံတစ်ခု လည်ချောင်းမှ ထွက်ပေါ်လာသည်။


ခဏအကြာ သူတည့်တည့် ရပ်လိုက်သောအခါ ဝမ်းဗိုက်မှ အဆီများ တွဲကျနေသည်။


ရှေ့သို့ ကြည့်၍ ကျယ်လောင်စွာ ဟောင်လိုက်သည်။


ထိုဟောင်သံသည် ညနေခင်းဗုံသံနှင့်တူပြီး လူတိုင်း၏နားထဲတွင် မိုးခြိမ်းသံကဲ့သို့ ကျယ်လောင်သောပေါက်ကွဲသံ တစ်ခုဖြစ်နေသည်။


ခြင်္သေ့ဟိန်းဟောက်သံနှင့် နဂါးအော်သံကဲ့သို့ပင် မြေကြီးအား တုန်လှုပ်ပြီး နားကန်းမတတ် ဖြစ်စေသည်။


ပေါက်ကွဲသံများကို ပတ်ဝန်းကျင်တွင် ကြားနေရသည်။


အားလုံး၏ မျက်နှာသည် မပြောင်းလဲပေ။


ထိုဟောင်သံကိုကြားပြီး ထုံမူဟဲ၏ မျက်လုံးသူငယ်အိမ် ကျုံ့သွားသည်။