အပိုင်း ၉၈၆
Viewers 62k

အခန်း ၉၈၆

အတုမရှိခွေးဘုရင်... လက်ဖဝါးတစ်ဖက်တည်းဖြင့် တစ်ဖွဲ့လုံးကို အမြစ်ပြတ် သုတ်သင်ခြင်း


ကျယ်လောင်သော ဟောင်သံသည် လူအများစုကို ကြောက်လန့်သွားစေပြီး အချို့မှာ ဘောင်းဘီထဲ ရှူးထွက်ကျကုန်သည်။


ကြည့်ရှု့သူများ ခွေးဟောင်သံကို ကြားသောအခါ ခြေထောက်များ ဂျယ်လီကဲ့သို့ ပျော့ခွေသွားသည်။ သူတို့၏ ပြိုင်ဘက်သည် ခွေးမဟုတ်ပဲ ကောင်းကင်ဘုံကိုပင် လှုပ်ခါသွားစေနိုင်သော အစွမ်းရှိသည့် ကြောက်မက်ဖွယ် ရှေးဟောင်းသားရဲတစ်ကောင်ဟု ခံစားမိသွားကြသည်။


အချို့လူများ၏ ခြေထောက်မှာ လုံးဝ ပျော့ခွေသွားပြီး မျက်နှာတွင် ကြောက်လန့်နေသော အမူအရာများဖြင့် မြေပြင်ပေါ်သို့ ခွေလဲကျကုန်သည်။


အချို့မှာ တစ်ကိုယ်လုံးတုန်ယင်နေပြီး ထိုနေရာတွင်ပင် အမြစ်တွယ်နေသကဲ့သို့ မလှုပ်မယှက် ရှိနေကြသည်။ 


သာမန်ခွေးတစ်ကောင်က ထိုသို့ကြောက်မက်ဖွယ်ဘက်ခြမ်းကို ပြသလိမ့်မည်ဟု သူတို့အားလုံး မထင်ထားကြပေ။


သူကို ခွေးဆိုပြီး သတ်မှတ်လို့ မရတော့ဘူးလေ...


ခွေးတစ်ကောင်၏ အရေခွံခြုံထားသော ရက်စက်ကြမ်းကြုတ်သည့် နဂါးတစ်ကောင်ပင် ဖြစ်လိမ့်မည်။


ခွေးဘုရင်၏ ဟောင်သံကြားပြီးနောက် ကြည့်ရှု့သူများ ငွေသံချပ်ကာဝတ်အစောင့်များကို ပိုမိုစိတ်အားထက်သန်စွာ အားပေးလာကြသည်။


သူတို့၏ မျက်လုံးထဲတွင် ထိုငွေသံချပ်ကာနှင့် လူများသည် နတ်ဆိုးကို ဖယ်ရှား‌ပေးကြမည့် လူများဖြစ်သည်။


ခွေးနက်မှ ထွက်လာသော ပေါက်ကွဲစေသည့် ဟောင်သံသည် ဒဏ္ဍာရီထဲမှ နတ်ဆိုးတစ်ကောင်ဟု ထင်ရစေသည် ။ ငွေသံချပ်ကာနှင့် အစောင့်များက နှိမ်နင်းသင့်သော နတ်ဆိုးတစ်ကောင်ဖြစ်သည်။


ပရိသတ်အားလုံး တရားမျှတမှုကို ကိုယ်စားပြုသော ငွေသံချပ်ကာ အစောင့်များ ထိပ်ဆုံးသို့ရောက်ရန် မျှော်လင့်သည်မှာ သဘာဝပင်ဖြစ်သည်။


အမှန်တကယ်တွင် အကောင်းနှင့် အဆိုးကြားတွင် ပြတ်သားသည့် မျဉ်းကြောင်း မရှိပေ။


ခွေးဘုရင်ဆီမှ ဟောင်သံတစ်ချက်တည်းဖြင့် ငွေသံချပ်ကာဝတ်အစောင့်များ တုန်ယင်နေကြသည်။


ခွေးဘုရင်၏ ရှေ့သို့ရောက်လာသည့် တစ်ဦးတည်းသောလူမှာ ငွေသံချပ်ကာဝတ် အစောင့်တစ်ဦးဖြစ်ပြီး လက်ထဲတွင် လှံရှည်ကို ကိုင်ထားကာ ကြွက်သားများသည်လည်း ဖုထစ်နေသည်။ 


ငွေရောင်လှံရှည်သည် ကြာပွတ်ပုံပြောင်းသွားပြီး ကောင်းကင်နှင့် မြေကြီးကိုပင် ဖုံးအုပ်တော့မည်ဟု ထင်ရသည်။ တစ်ချက်တည်း ထိုးသတ်ရန် ရည်ရွယ်ချက်ဖြင့် သူ၏လက်နက်ကို ခွေးဘုရင်ဆီသို့ ပစ်လွှတ်လိုက်သည်။


သို့ရာတွင် ခွေးဘုရင်သည် ခွေးဘုရင်သည်သာပင်...


ဟောင်သံ တစ်ချက်တည်းဖြင့်...


လေပြင်းတစ်ခု သူ၏ပါးစပ်ထဲမှ ထွက်လာပြီး ငွေရောင်သံချပ်ကာနှင့်လူ သူ၏အနားကပ်လာခြင်းမှ ဟန့်တားလိုက်သည်။


ငွေရောင်သံချပ်ကာနှင့်အစောင့်အကြပ် ငြိမ်သွားပြီး သူ၏ခန္ဓာကိုယ် တောင့်တင်းလာသည်။ တစ်လက်မမျှ မလှုပ်နိုင်တော့ပေ။


" သေ‌စမ်း..."


ထိုလူ ဒေါသတကြီးဖြစ်သွားသည်။ သူက ခွေးတစ်ကောင်ရဲ့ ဟန့်တားခြင်းကို ခံလိုက်ရတာလား... ဘာလို့ ဒီလိုမျိုး ဖြစ်ကုန်တာလဲ...


ထိုကျယ်လောင်သော အော်ဟစ်သံကြီးသည် သူ၏လက်မှ သွေးကြောများကိုပင် ထောင်လာစေသည်။ တစ်ချက်တည်းဖြင့် ခွေးဘုရင်ကို သတ်၍ရနိုင်မည်ဟု ယုံကြည်ခဲ့သည်။


သို့သော်...


ခလွှမ်း...


လှံရှည် အလွန်ကွေးညွှတ်သွားပြီးနောက် ထက်ဝက်ခန့် ပြတ်သွားခဲ့သည်။ ခွေးဘုရင်၏ ကြောက်မက်ဖွယ်ရာ ဟောင်သံသည် ထိုအရာ၏ အကြောင်းရင်းဖြစ်ပြီး ငွေရောင်ချပ်ဝတ်နှင့် ကျင့်ကြံသူ၏ခန္ဓာကိုယ်သည်လည်း ပြင်းထန်စွာ တိုက်မိသွားသကဲ့လို့ ခံစားရသည်။


သူ၏ မူလဝိညာဉ်သည် ပြန့်ကျဲနေပုံရပြီး ကျယ်လောင်သော မောဟိုက်သံဖြင့် သွေးများ အန်ချလိုက်သည်။


သွေးများ ပေသုံးထောင်အထိ မြင့်တက်သွားသည်ဟုပင် ထင်ရသည်။


နောက်ထပ် ငွေရောင်ချပ်ဝတ် ဝတ်ဆင်ထားသော ကျင့်ကြံသူတစ်ယောက်သည်လည်း ရေတံခွန်မှ ရေများ ကျဆင်းလာသကဲ့သို့ လှံရှည်ကိုကိုင်ဆောင်၍ ကောင်းကင်မှ ဆင်းသက်လာသည်။


ဝုန်း...


ထိုလှံရှည်သည် အဆုံးမရှိသော စွမ်းအားကို ဆုပ်ကိုင်ထားသည်။ မြေပြင်ပေါ်သို့ ပြုတ်ကျပြီး ပေါက်ကွဲပါက ဆန်ခါကဲ့သို့ မရေမတွက်နိုင်သော အပေါက်များနှင့် မြေပြင်သည် ချက်ချင်းဆိုသလို ပေါက်ကွဲသွားမည်ဖြစ်သည်။


သို့သော် အသုံးမဝင်ပေ...


မည်သည့်နည်းများဖြင့် တိုက်ခိုက်ပါစေ ခွေးဘုရင်သည် သူတို့ကို ဟောင်သံတစ်ခုတည်းဖြင့် တုံ့ပြန်ခဲ့သည်။ 


တောက်ပနေသော လှံပေါင်းများစွာ ဟောင်သံတစ်ခုနှင့်အတူ ပျောက်ကွယ်သွားကာ ရေတံခွန်ကဲ့သို့ နောက်သို့ စီးဆင်းသွားကြသည်။


ရေတံခွန်ကဲ့သို့ လှုပ်ရှားမှုကို အသုံးပြုသော ငွေရောင်သံချပ်ဝတ် ကျင့်ကြံသူသည် တစ်ကိုယ်လုံး အေးစက်သွားသကဲ့သို့ ခံစားလိုက်ရပြီး ထိတ်လန့်သောအကြည့်တစ်ခု သူ၏မျက်လုံးထဲတွင် တဖြည်းဖြည်း ပေါ်လာသည်။


သူလုံးဝ ခံနိုင်ရည် မရှိတော့ပေ။


နောက်ပြန်လာနေသော လှံရှည်များ သူ၏ခန္ဓာကိုယ်ကို မရေမတွက်နိုင်သော အပေါက်များဖြစ်အောင် ပြုလုပ်လိုက်သည်။ သူပစ်လွှတ်လိုက်သော လှံရှည်များသည် သူသေဆုံးရသည့် အကြောင်းရင်းပင် ဖြစ်နေခဲ့သည်။


အဆုံးတွင် သူ၏စွမ်းအင်များ ပြန်လည် ခုန်ထွက်လာပြီး လူသားဆန်ခါ ဖြစ်သွားခဲ့သည်။


ဒီမြင်ကွင်းက ဘယ်လောက်တောင် ကြောက်စရာကောင်းလိုက်လဲ...


ငွေရောင်သံချပ်ကာနှင့် ကျင့်ကြံသူ၏ အော်သံများ တိတ်ဆိတ်သွားသည်။ အဘယ့်ကြောင့်ဆိုသော် သူ့ထံတွင် အော်နိုင်သော စွမ်းရည်များ မရှိတော့ပေ။


ကျယ်လောင်သော ပေါက်ကွဲသံနှင့်အတူ...


စုတ်ပြဲနေသော ခန္ဓာကိုယ်တစ်ခု မြေပြင်ပေါ်တွင် ပြိုလဲကျနေပြီး အောက်ဘက်တွင် သွေးများအိုင်နေသည်။


ငွေရောင်သံချပ်ဝတ် ကျင့်ကြံသူ သေဆုံးသွားပြီဖြစ်သည်။


ထိုကျယ်လောင်သော ဟောင်သံက သူ့အား သတ်ခဲ့ခြင်းဖြစ်သည်။


သို့ရာတွင် ထိုအရာများသည် အစသာ ရှိ‌သေးသည်။


လူအားလုံး သူတို့နှလုံးသားထဲတွင် လှိုင်းများ တက်လာသကဲ့သို့ ခံစားလိုက်ရပြီး ခွေးဘုရင်ကို ဖြူဖပ်ဖြူရော် မျက်နှာများဖြင့် ကြည့်နေကြသည်။


ထုံမူဟဲ လက်သီးဆုတ်လိုက်သော အခါ သွေးကြောအပြာရောင်များ သူ၏နဖူးပေါ်တွင် ထိုးထောင်လာသည်။


မြေပြင်ပေါ်မှ သွေးများကိုကြည့်၍ ကျန်နေသော ကျင့်ကြံသူ ၁၄ယောက်၏ မျက်လုံးသူငယ်အိမ်များ ကျုံ့လာပြီး သတ်ဖြတ်ချင်စိတ်များ ပေါ်လာသည်။


မူလက သူတို့ ဤနေရာတွင် ပြဿနာရှာရန်အတွက်သာ လာခြင်းဖြစ်သည်။ ထိုတိုက်ပွဲတွင် အားလုံးတူတူ ပါဝင်ရန် မလိုအပ်ဟု ထင်ခဲ့သော်လည်း ယခုအချိန်တွင် သေခြင်းတရားကို ခြိမ်းခြောက်လာသည်ဟု ခံစားနေရပြီဖြစ်သည်။


ဝုန်း...


အလင်းရောင်တောက်ပနေသော လှံများ ကောင်းကင်တွင် အဆုံးမရှိ စုဝေးလာသည်။ ခဏအကြာတွင် သူတို့စုဝေးပြီး ခွေးဘုရင်ကို ပိုက်ကွန်တစ်ခုသဖွယ် ဝိုင်းထားကြသည်။


ငွေရောင်လှံများဖြင့် ပြုလုပ်ထားသည့် ပိုက်ကွန် အဆက်မပြတ် လည်ပတ်နေသည်။ ဤပိုက်ကွန်တွင် ဖမ်းမိသူတိုင်း နာကျင်မှုကို ခံစားရပြီး ခန္ဓာကိုယ်များသည်လည်း သေသည်အထိ တွန့်လိမ်သွားမည်မှာ သံသယဝင်စရာမလိုပေ။


" ငါ့အတွက် သတ်ပေးကြစမ်း..." 


ထုံမူဟဲ အော်ဟစ်လိုက်သည်။


ငွေရောင်ချပ်ဝတ်နှင့် ကျင့်ကြံသူ ၁၄ဦး၏အော်ရာများ ပေါက်ကွဲထွက်လာသည်။


ဝုန်း... ဝုန်း... ဝုန်း...


ပွဲကြည့်ပရိသတ်များ တိုက်ပွဲတွင် ရန်သူကို နှိမ်နှင်းနေသည့် ငွေသံချပ်ကာ အစောင့်များကို ကြည့်လျက် ရင်တုန်လာသကဲ့သို့ ခံစားလိုက်ရသည်။


နောက်ဆုံးတွင် ရလဒ်မည်သို့ဖြစ်မည်ကို သူတို့အားလုံး သိချင်နေကြသည်။


...


‌စားသောက်ဆိုင်အတွင်းတွင်


အခန်းတွင်းရှိ လေထုသည် မွန်းကြပ်စရာ ဖြစ်နေသည်။


မူလျှို့အာ ပုဖန်ကို ကြည့်ပြီးနောက် ငရဲဘုရင်အာဟနှင့် အခြားသူများကို ကြည့်လိုက်သည်။ ထို့နောက် အသက်ကို ဖြည်းညှင်းစွာ ရှုသွင်းလိုက်သည်။


ဦးလေးမူသည်လည်း ပါးစပ်ဟပြီး အသက်ပြင်းပြင်း ရှုလိုက်သည်။ သူတို့ဘာကိုစောင့်နေကြသည်ကို သူနားမလည်ပေ။


အဲ့ဒါ ဒီတိုင်းခွေးတစ်ကောင်ပဲလေ... ဘာလို့ သူ့ကို စောင့်နေမှာလဲ...


ပုဖန် လက်နောက်ပစ်၍ စားပွဲရှေ့နောက်သို့ လျှောက်နေသည်။ 


ဟင်းလျာထဲတွင် မသေမျိုးစွမ်းအင် ရှိနေသည့်အတွက် နှစ်ထောင်ချီကြာအောင် ထိန်းသိမ်းထားလျှင်လည်း ပြဿနာမရှိသည့်အတွက် ပုဖန် စိုးရိမ်ကြောင့်ကြ မနေပင်။


ပန်းပွင့်လေး၏ သုံးပန်လှမြွေမျက်လုံးမှာ လှည့်ပတ်နေပြီးနောက် ထိုင်ခုံပေါ်မှ ခုန်ဆင်းလိုက်သည်။ နယ်သာရီ၏ လက်ကိုဆွဲ၍ စားသောက်ဆိုင်ဝင်ပေါက်သို့ လျှောက်သွားသည်။


ခွေးဘုရင်၏ သူရဲ‌ကောင်းဆန်သည့် ပုံရိပ်ကို သူမ မြင်တွေ့ချင်ပုံရသည်။


နယ်သာရီလည်း မငြင်းပယ်ပဲ သူမနောက်မှ လိုက်သွားသည်။ 


မူလျှို့အာ၏ နှလုံးသားတစ်ခုလုံး လှုပ်ခါသွားပြီး သူတို့နှစ်ယောက်နောက်မှ လိုက်သွားရန် ရွေးချယ်လိုက်သည်။ ထိုခွေးအပေါ် ပုဖန်ထားသည့် ယုံကြည်မှုကို ခံစားမိသည့်အတွက် သူမလည်း စူးစမ်းချင်နေသည်။


တံခါးအပြင်ကိုထွက်၍ ခေါင်းပြူကြည့်လိုက်သည်။


မူလျှို့အာ၏ မျက်လုံးများပြူးကျယ်သွားပြီး တစ်ကိုယ်လုံး အေးခဲသွားသည်။


အဘယ့်ကြောင့်ဆိုသော် အပြင်ဘက်တွင် ဖြစ်ပျက်နေသော အရာအားလုံးကို သူမ မမျှော်လင့်ထားသောကြောင့် ဖြစ်သည်။


အဝေးတစ်နေရာတွင် ထုံမိသားစုမှ ငွေရောင်သံချပ်ကာဝတ် ကျင့်ကြံသူသည် မြေပေါ်တွင် အသက်မဲ့စွာ လှဲလျောင်းနေပြီး သူ၏ခန္ဓာကိုယ်တွင်လည်း ဇကာကဲ့သို့ အပေါက်များစွာ ရှိနေသည်။


လေထုထဲရှိ သွေးနံ့သည် အလွန်ပြင်းထန်လျက် ရှိသည်။ 


ငွေရောင်သံချပ်ကာဝတ် အစောင့်က သေသွားတာလား...


အဲ့ခွေးက သူ့ကို တကယ်သတ်ပစ်တာလား...


မူလျှို့အာတစ်ယောက်တည်း ထိတ်လန့်နေသည်။


ထိုနေရာတွင် ပြသနေသော မြင်ကွင်းသည် သူမကို အသက်ရှု ရပ်သွားစေနိုင်သည်။


ကျန်နေသည့် ငွေရောင်သံချပ်ဝတ် ကျင့်ကြံသူ ၁၄ဦးသည် လှံရှည်များကို ကိုင်ဆောင်ကာ အပြင်းထန်ဆုံး တိုက်ပွဲဝင်ရန် အစွမ်းကုန် ထွက်လာကြသည်။ နီရဲသော မျက်လုံးများဖြင့် ခွေးဘုရင်ဆီသို့ ချီတက်လာသည်။ 


သူတို့၏ ဖိနှိပ်ချုပ်ချယ်သော အော်ရာသည် စတင်ပျံ့နှံ့လာပြီး လူတိုင်း၏ခြေထောက်များ တုန်လှုပ်သွားစေသည်။


သူ၏အနောက်မှ စောင့်ကြည့်နေသည်ဟု ခံစားရသဖြင့် ခွေးဘုရင် ပျင်းရိစွာ လှည့်ကြည့်လိုက်သည်။ သူ၏အကြည့်များက စားသောက်ဆိုင်ထဲမှ ထွက်လာသော နယ်သာရီနှင့် ပန်းပွင့်လေးပေါ်သို့ ရောက်သွားသည်။


ခွေးဘုရင်၏ နှုတ်ခမ်းများ အထက်သို့ ကွေးညွတ်သွားသည်။


ခဏအကြာတွင် သူ၏ ပြောင်မြောက်သော လက်ဖဝါးကို ဖြည်းညှင်းစွာ မြှောက်လိုက်သည်။


ဝှစ်... ဝှစ်... ဝှစ်...


ခွေးဘုရင် သူ၏ လက်ဖဝါးကို မြှောက်လိုက်သည့်အချိန်တွင် ငွေရောင်သံချပ်ကာဝတ် လူအားလုံး လှုပ်ရှားလာကြပြီး သူတို့၏ ပုံရိပ်များ အလင်းတန်းများ အဖြစ်သို့ ပြောင်းလဲသွားသည်။


သူတို့အသွင်ပြောင်းသွားသော်လည်း ခွေးဘုရင်ဆီသို့သာ ချီတက်နေကြသည်။


" အသားနီနှပ် ပြီးပြီလား..." 


ခွေးဘုရင် သမ်းဝေကာ မေးလိုက်သည်။


မူလျှို့အာ အံ့ဩသွားသည်။ သို့သော်လည်း သူမသည် တဆတ်ဆတ်တုန်ကာ ပြန်ဖြေသည်။


" ပြီး... ပြီးသွားပါပြီ..." 


" ကောင်းပြီ... ဒါဆိုရင် ဒီမှာ အချိန်ဆွဲနေစရာ မလိုတော့ဘူးပဲ..." 


ခွေးဘုရင် မဲ့ပြုံးပြုံးလိုက်သည်။


ခဏတွင်းချင်း သူ၏ပြောင်မြောင်သော လက်ဖဝါးမှာ လေထဲသို့ ပြင်းထန်စွာ ရိုက်ခတ်သွားသည်။


ဝုန်း...


မျက်စိတစ်မှိတ်အတွင်း ကောင်းကင်ကြီး မည်းနက်သွားပြီး ကြီးမားသော ငရဲစွမ်းအင် ပမာဏကြီး ခွေးဘုရင်၏ ခန္ဓာကိုယ်မှ ထွက်လာသည်။ 


ငွေရောင်သံချပ်ကာဝတ် ကျင့်ကြံသူများ၏ ခန္ဓာကိုယ်များ တုန်ယင်လာပြီး အရှိန်ကို အမြင့်ဆုံးသို့ တိုးမြှင့်လိုက်သည်။


သို့သော်...အလွန် လျင်မြင်စွာဖြင့်...


သူတို့သည် ခွေးဘုရင်၏ အနားကိုပင် မချဉ်းကပ်နိုင်သည့်အတွက် ထိတ်လန့်သွားကြသည်။


မည်းမှောင်နေသော ငရဲစွမ်းအင်သည် ကောင်းကင်၌ ဧရာမ လက်ဖဝါးကြီးဖြစ်ပေါ်လာစေပြီး အလင်းရောင်လှံများမှ ဖြစ်ပေါ်လာသော ပိုက်ကွန်ကို အပိုင်းပိုင်း ဆုတ်ဖြဲလိုက်သည်။


ထိုလက်ဖဝါး၏အောက်တွင် ငွေရောင်သံချပ်ဝတ်လူ ၁၄ဦးလုံး သူတို့၏ လှံရှည်များကို နဂါးအဖြစ်ပြောင်းလဲပြီး ထွက်ပြေးရန် အကောင်းဆုံး ကြိုးစားခဲ့ကြသည်။ သူတို့သည် လက်ဖဝါး၏ ကန့်သတ်ချက်ကို ခွဲထုတ်ကာ လွတ်မြောက်ရန် လိုလားကြသည်။


သို့သော် ငရဲစွမ်းအင်မှပြုလုပ်ထားသော လက်ဖဝါး ကျဆင်းလာသည်နှင့်အမျှ အသက်ရှူကြပ်လာပြီး သူတို့၏နှလုံးသားထဲတွင် ထိတ်လန့်သော ခံစားချက်တစ်ခုပေါ်လာသည်။


သူတို့ ဤလက်ဖဝါးမှ မလွတ်မြောက်နိုင်တော့ပေ။


ထိုသော် မည်သူမျှ ထိုလက်ဖဝါးဖြင့် သေသည်အထိ ရိုက်နှက် မခံချင်ကြပေ။


လက်ဖဝါး၏အောက်မှ အော်ဟစ်သံများ ထွက်ပေါ်လာသည်။


သို့သော်...


ကြည့်ရှု့သူများအားလုံး သူတို့၏ နှုတ်ခမ်းများ ခြောက်သွေ့သွားသကဲ့သို့ ခံစားနေရသည်။


အဲ့ဒီခွေးက... တကယ်ကို အထွဋ်အထိပ် တည်ရှိမှုပဲ...


ထိုလက်ဖဝါးကြီးမှာ ကောင်းကင်တစ်ခုလုံးကိုပင် ချေမွပစ်မည်ဟု ထင်ရသည်။


လူတိုင်း စိတ်ပျက်ဝမ်းနည်းစွာ ခံစားနေရသည်။


ဝုန်း...


ငွေသံချပ်ဝတ် အစောင့်များ မြေပြင်ပေါ်သို့ ရိုက်ချခံရသောအခါတွင် ခွေးနက်၏ လက်ဖဝါးကို ငွေရောင်လှံများကိုင်ဆောင်လျက် ခုခံကြသည်။ သူတို့သည် ကောင်းကင်ကြီးကို ခုခံနေသည်ဟုပင် ထင်ရသည်။


ခွေးဘုရင် ခေါင်းကို ဘေးဘက်သို့စောင်း၍ အနည်းငယ်ဖိချလိုက်သည်။


ခဏအကြာတွင်...


လှံရှည်များ ကွေးသွားပြီး ကျိုးကြေသွားသည်။


ငွေသံချပ်ဝတ်လူများ လက်ဗလာဖြင့်သာ ခွေးဘုရင်ကို ခုခံနိုင်ကြတော့သည်။


ထုံမူဟဲ အဝေးမှကြည့်နေစဉ် သူ၏ခန္ဓာကိုယ် အစိတ်အပိုင်းတိုင်း တုန်လှုပ်သွားသကဲ့သို့ ခံစားလိုက်ရသည်။


ရှည်လျားသော လေတိုးသံကို ကြားရသည်။


သူ၏လက်ထဲမှ ငွေရောင်လှံကို မြှောက်လိုက်ပြီး လက်ကိုင်ပေါ်သို့ တက်လိုက်သည်။ တစ်ခဏအတွင်း ငွေရောင်လှံသည် ကျယ်လောင်သော လေချွန်သံဖြင့် ကောင်းကင်ကို ဖြတ်သွားစဉ် မြှားတစ်စင်းအဖြစ်သို့ ပြောင်းလဲသွားသည်။


အရှိန်မှာ လျှပ်စီးလက်သကဲ့သို့ လျင်မြန်လှသည်။ မိုးကောင်းကင်ကို ဖြိုခွဲမည့် လျှပ်စီးလက်နေသကဲ့သို့ပင်။


" သေစမ်း..."


ထုံမူဟဲ သူ၏ခန္ဓာကိုယ်တစ်ဝိုက်ရှိ စွမ်းအင်များ ပေါက်ကွဲထွက်လာစဉ် ဒေါသတကြီး အော်ဟစ်လိုက်သည်။ ကောင်းကင်ကြီးကို ရင်ဆိုင်နေသော ဧရာမလူကြီးနှင့်ပင် တူနေသည်။


ခွပ်ရှ်...


ကွဲအက်သံများ ကြားနေရသည်။


ငွေသံချပ်ဝတ်အစောင့်များ ဒူးထောက်၍ လက်ဖဝါး၏ စွမ်းအားကို တွန်းလှန်နေကြသည်။ သူတို့၏ ငွေရောင်ချပ်ဝတ်တန်ဆာများ ကွဲအက်သွားပြီး ချွေးများနှင့် သွေးများ မြေပြင်ပေါ်သို့ စီးကျလာသည်။


ဝုန်း...


ထုံမူဟဲ ပေါ်လာပြီး လက်ဝါးတစ်ချက်ဖြင့် ရိုက်ချလိုက်သည်။


ဤလက်သည် ကောင်းကင်နှင့် မြေကြီးကြားရှိ စွမ်းအင်များကို ရွေ့လျားခိုင်းလိုက်သကဲ့သို့ ထင်ရသည်။


" ထွက်သွားစမ်း..."


လှံရှည်ကို ပစ်လွှတ်လိုက်ပြီး ငရဲစွမ်းအင်ဖြင့် ပြုလုပ်‌ထားသော ဧရာမလက်ဖဝါးကြီးကို တိုက်ခိုက်လိုက်သည်။


သို့သော်...


ထိုလက်ဖဝါးက ရိုးရှင်းစွာ တုံ့ပြန်လိုက်သည်။


ခဏအကြာတွင် ငွေရောင်လှံတစ်ခုသည် လက်ဖဝါးကြီးကို ထိုးဖောက်သွားသည်။ ထိုသို့ ထိုးဖောက်သွားချိန်တွင် တစ်ဖက်မှ ငွေရောင် သံချပ်ကာဝတ်အစောင့်ကို ထိုးမိသွားသည်။


ကျယ်လောင်သော အသံနှင့်အတူ ကျင့်ကြံသူမှာ ချက်ချင်းပေါက်ကွဲသွားသည်။


ထုံမူဟဲ အေးစက်သော လေကို ရှုသွင်းလိုက်ပြီး သူ၏မျက်လုံးများက သွေးနီရောင်ပြောင်းသွားသည်။


" သေစမ်း သောက်ခွေးကောင်... မင်းကိုငါ အမှုန့်ချေပစ်မယ်..."


ထုံမူဟဲ လက်သီးနည်းစနစ်ကို ပြသလိုက်သောအခါ သူ၏နောက်တွင် ကောင်းကင် ဖန်သားပြင်တစ်ခု ပေါ်လာသကဲ့သို့ပင်။


ဖန်သားပြင်ပေါ်တွင် တောက်ပနေသော ကြယ်များ နှင့် ၎င်းတို့၏ ရောင်ခြည်များသည် အရပ်မျက်နှာတိုင်းတွင် ထွန်းတောက်နေသည်။


ကျယ်လောင်သော ပေါက်ကွဲသံနှင့်အတူ မြေမျက်နှာပြင် အောက်သို့ နစ်မြုပ်သွားပြီး ခွေးလက်ဖဝါးလည်း ပြန့်ကျဲသွားသည်။


ထုံမူဟဲ၏ မျက်လုံးသူငယ်အိမ်များမှာ သွေးနီရောင် ဖြစ်နေပြီး သူ၏လက်သီးများက ခွေးဘုရင်ဆီသို့ ဖြောင့်တန်းစွာ ထိုးလိုက်သည်။


သူ၏နောက်တွင် ငွေရောင်သံချပ်ဝတ်လူများ၏ ခန္ဓာကိုယ်များ ပေါက်ကွဲနေပြီး သူတို့သေဆုံးသွားသည်မှာ သံသယ ဝင်စရာမလိုပေ။


သူတို့၏ ခန္ဓာကိုယ်များသည် ခွေးဘုရင်၏ လက်ဖဝါးတစ်ချက်ကြောင့် ပေါက်ကွဲသွားရခြင်း ဖြစ်သည်။ 


" သေစမ်း..."


ထုံမူဟဲ မျက်လုံးများ ပြူးကျယ်သွားသည်။ အချိန်အနည်းငယ်အတွင်း သူ၏ လက်အောက်ငယ်သားများအားလုံး ဖောက်ခွဲခံလိုက်ရမည်ဟု သူမထင်ထားပေ။


ထုံမူဟဲ၏ လက်သီးချက်များကို ရင်ဆိုင်လိုက်ရသောအခါ...


မူလျှို့အာ အသက်ရှုကျပ်သကဲ့သို့ ခံစားလိုက်ရပြီး သေခြင်းတံခါးကို နီးကပ်နေသကဲ့သို့ သူမတစ်ကိုယ်လုံး တုန်ယင်နေသည်။


" အိုး... ပိုက်ကွန်ထဲက လွတ်သွားတဲ့ ငါးတစ်ကောင် ရှိနေသေးတာပဲ..."


ထုံမူဟဲ၏ လက်သီးမှာ ပိတ်ဆို့ခံလိုက်ရသည်။


ခွေးဘုရင်၏ ပျော့ပျောင်းသော လက်ဖဝါးဖြင့် ပိတ်ဆို့ခံရခြင်းဖြစ်သည်။ 


ထုံမူဟဲ၏မျက်နှာတွင် ထိတ်လန့်သော အမူအရာများ ပေါ်လွင်နေသည်။ ထိုလက်သီးတွင် သူ၏စွမ်းအားများ အားလုံးပါဝင်သည်။ ဘာလို့ အဲ့လိုလွယ်လွယ် ပိတ်ဆို့ခံလိုက်ရတာလဲ...


ဒီခွေး... မဟုတ်မှလွဲရော သူက ကြယ်သုံးပွင့် စစ်မှန်မသေမျိုး နယ်ပယ်ရဲ့ အထွဋ်အထိပ်က များလား... ဒါမှမဟုတ် ကြယ်လေးပွင့်လား...


အုန်း...


ခွေးဘုရင် သူ၏လက်ကို ဝှေ့ယမ်း၍ နောက်တစ်ကြိမ်ရိုက်လိုက်သည်။


ထိုအချိန် ထုံမူဟဲသည် သူ၏ လက်မောင်း ခွေးဘုရင်၏ လက်ဖဝါးအောက်၌ ပေါက်ကွဲသွားသည်ကို ကြည့်နေလိုက်ရသည်။


သူ၏ပုံရိပ် မြေပြင်ပေါ်သို့ ပြင်းထန်စွာ ပြုတ်ကျသွားသည်။


ချောင်းဆိုးသည့်အချိန်တွင် သွေးများပါလာပြီး ထုံမူဟဲ မြေပြင်ပေါ်မှ တွားသွားကာ ထွက်ပြေးရန် ကြိုးစားခဲ့သည်။


သူ၏ပတ်ဝန်းကျင်ကို ကြည့်လျက် သူ၏မျက်လုံးသူငယ်အိမ်များ ကျဉ်းမြောင်းသွားကာ လေထုထဲတွင်လည်း သွေးနံ့များ လှိုင်နေသည်။


သူ၏ ငွေရောင်သံချပ်ဝတ်ကျင့်ကြံသူများ အားလုံး အသတ်ခံလိုက်ရပြီး တစ်ဦးတစ်ယောက်မျှ အသက်မရှင်ခဲ့ပေ။


တုန်ယင်စွာ မတ်တပ်ရပ်လိုက်ပြီး သူ၏အကြည့်များလည်း စူးရှလာသည်။


တောက်... တောက်... တောက်...


ခြေသံများကို ကြားနေရသည်။


ပုဖန် စားသောက်ဆိုင်အတွင်းမှ ထွက်လာပြီး သူ၏ ဖြူဖျော့ဖျော့ ခန္ဓာကိုယ်ကို တံခါးဘောင်တွင် မှီထားလိုက်သည်။


ထုံမူဟဲ၏အကြည့်များ ပုဖန်ဆီသို့ ရောက်သွားသောအခါ အန္တရာယ်ပြုမည့်ဟန်ဖြင့် ကြည့်လိုက်သည်။


" မင်းက ထုံချန်းကို အနာတရဖြစ်စေခဲ့တဲ့ သေမျိုးပဲ..." 


ထုံမူဟဲ အေးစက်စွာ ပြောလိုက်သည်။ သူ၏ အသံမှာ အက်ကွဲနေသည်။


ပုဖန် မျက်မှောင်ကြုတ်လိုက်သည်။


"အိုး... ဟုတ်တယ် အဲ့တာ တခြားလူမဟုတ်ဖူး ငါပဲ..."


ထုံမူဟဲ၏ ပါးစပ်မှ အေးစက်သော ရယ်မောသံ ထွက်ပေါ်လာသည်။ ပါးစပ်ထောင့်မှ သွေးများ စီးကျလာပြီး ရယ်မောသံများက တုန်လှုပ်ချောက်ချားစရာ‌ကောင်းနေသည်။


" ထုံချန်းရဲ့ ဝိညာဉ်ပင်လယ်ကို ဒယ်အိုးတစ်လုံးသုံးပြီး ဖျက်ဆီးခဲ့တယ်လို့ကြားတယ်... ဒီနေ့ ငါလည်း ဒယ်အိုးတစ်လုံးကိုသုံးပြီး မင်းတို့တစ်ယောက်ချင်းစီကို သတ်ပစ်မယ်..."


ဝုန်း...


ထိုစကားလုံးများ သူ၏နှုတ်မှ ထွက်ပြီးသည်နှင့် သူ၏ခန္ဓာကိုယ်တစ်ဝိုက်တွင် အလင်းရောင်များ လျှံတက်လာပြီး တောက်ပသည့် အလင်းရောင် လက်ထဲတွင် ပြည့်နေသည်။ သိပ်သည်းလှသော မသေမျိုးစွမ်းအင်များလည်း အဆက်မပြတ် လှည့်ပတ်နေသည်။


" အဲ့တာ မသေမျိုး ကိရိယာပဲ..." 


" သိပ်သည်းတဲ့ မသေမျိုးစွမ်းအင်တွေ ပါလား ဘယ်လိုအဆင့်မြင့် မသေမျိုးကိရိယာလည်း မသိဘူး..."


" ထုံမိသားစုက ထုံမူဟဲကို မသေမျိုးကိရိယာတစ်ခု ပေးလိုက်တာပဲ...အဲ့တာနဲ့ဆို ရှုံးစရာအကြောင်းမရှိတော့ဘူး ဆိုးတာက ဒီလောက်နောက်ကျမှ ထုတ်သုံးလိုက်တာပဲ..."


ပွဲကြည့်ပရိသတ်များ စတင်ဆွေးနွေးကြပြီး အလွန်စိတ်လှုပ်ရှားနေကြသည်။


ထုံမူဟဲ၏ ဦးခေါင်းထက်တွင် အပြာရောင်ဒယ်အိုးတစ်လုံးပေါ်လာပြီး သူ၏ခန္ဓာကိုယ်မှ စစ်မှန်စွမ်းအင်များကို ထိုအိုးထဲသို့ ထည့်ထားသည်။


၎င်းသည် မသေမျိုးကိရိယာကို အသက်သွင်းရန် အသုံးပြုခဲ့သော အရူးသွပ်ဆုံးနည်းလမ်းဖြစ်သည်။


ဝုန်း...


‌မိုးခြိမ်းသံကြီးကို ကောင်းကင်ဘုံ တံခါးဝမှပင် ကြားနိုင်သည်။


ခဏအကြာတွင် ထုံမူဟဲ သူ၏ကျန်သော လက်တစ်ဖက်ဖြင့် မသေမျိုးစားဖိုမှူး ဆိုင်ငယ်လေးကို ‌ဖျက်ဆီးရန် ပြင်လိုက်သည်။


အပြာရောင်ဒယ်အိုး ကောင်းကင်ကို ဖြတ်သန်းသွားသောအခါ ဟင်းလင်းပြင်လည်း စတင်အက်ကွဲလာသည်။