အပိုင်း ၉၈၇
Viewers 53k

အခန်း ၉၈၇

အစာကွင်းဆက်၏ ထိပ်ဆုံးတွင် ရပ်တည်နေသောခွေး


ဧရာမ အပြာရောင်ဒယ်အိုး အောက်သို့ ရွေ့လျားလာသည်နှင့်အမျှ ပြင်းထန်ပြီး ဖိနှိပ်ချုပ်ချယ်သော အော်ရာကို ယူဆောင်လာသည်။


မသေမျိုးစွမ်းအင်များ ၎င်းကို လှည့်ပတ်နေပြီး ကြိုးမျှင်တိုင်းသည် တန်ချိန် သောင်းနှင့်ချီ ကျော်လွန်ပုံရသည်။ ရွေ့လျားလာသည်နှင့်အမျှ ဟင်းလင်းပြင် အက်ကွဲသွားသည်။


အားလုံး၏ မျက်လုံးသူငယ်အိမ်များ ကျဉ်းမြောင်းလာပြီး အအေးဓာတ်က သူတို့၏ ခန္ဓာကိုယ်ကို ဖုံးလွှမ်းသွားသည်။


ဒါက မသေမျိုးကိရိယာ တစ်ခုရဲ့စွမ်းအားပေါ့...


ထုံမိသားစုက ဒီတစ်ခါ အင်အားကုန်သုံးပြီး တိုက်ခိုက်နေတာပဲ... အလယ်အလတ်အဆင့် မသေမျိုးကိရိယာလည်း ပါလာပြီဆိုတော့ ကြည့်ရတာ အဲ့စားဖိုမှူး မသေမချင်း မရပ်ဘူးထင်တယ်...


ထုံမူဟဲ၏ ကျင့်ကြံခြင်းအဆင့်နှင့် ထိုမသေမျိုးကိရိယာ၏ ထပ်လောင်းစွမ်းအားတို့ ပေါင်းစည်းလိုက်ပါက ပေါက်ကွဲထွက်လာမည့် ကြောက်မက်ဖွယ်စွမ်းအားသည် ကြယ်သုံးပွင့် စစ်မှန်မသေမျိုး ကျင့်ကြံသူကိုပင် ဆိုးကျိုး ဖြစ်စေလိမ့်မည်။


ပုဖန် သူ့အားရိုက်ချလိုက်သည် အပြာရောင်ဒယ်အိုးကို ထူးဆန်းသော အကြည့်ဖြင့် ကြည့်နေသည်။


ဤဒယ်အိုးသည် တကယ်ပင် မှော်ဆန်သည်။ လှည့်ပတ်နေသော မသေမျိုးစွမ်းအင်များက သူ့ကို စူးစမ်းချင်စိတ် ဖြစ်လာစေသည်။


အပြာရောင်ဒယ်အိုးမှ ကျယ်လောင်သောပေါက်ကွဲသံကြီးတစ်ခု ထုတ်လွှတ်လိုက်သောအခါ လေများတဝီဝီဖြစ်နေပြီး အားလုံး၏ဆံပင်များလည်း လေထဲတွင် တဖျပ်ဖျပ်လွင့်နေသည်။


မူလျှို့အာ၏ ခန္ဓာကိုယ် ကွေးညွှတ်လာပြီး ခြေထောက်များလည်း ပျော့ခွေလာသည်။


ထုံမိသားစုက ရူးနေတာပဲ... သေမျိုးစားဖိုမှူး တစ်ယောက်ကို တိုက်ခိုက်ဖို့ အလယ်အလတ်အဆင့် မသေမျိုးကိရိယာတစ်ခုကိုတောင် ယူလာတယ်...


သူအခု ဘယ်လို လွတ်မြောက်နိုင်တော့မှာလဲ... 


အမှန်ပင် လွတ်မြောက်စရာလမ်း မရှိပေ။ စားသောက်ဆိုင်မှာ မသေမျိုးကိရိယာ၏ အောက်တွင် ချေမွခံရပြီး သူမလည်း ဤနေရာတွင် မြှုပ်နှံခံရလိမ့်မည်။


ထုံမူဟဲမှာ လက်တစ်ဖက် ဆုံးရှုံးသွားသော်လည်း သူ၏မျက်နှာပေါ်၌ ရူးနှမ်းသော အကြည့်တစ်ခု ရှိနေပြီး ရူးသွပ်စွာလည်း ရယ်မောနေသည်။


သူ၏ ငွေရောင်ချပ်ဝတ်တန်ဆာမှာ တစ်ဝက်ခန့်ပျက်စီးသွားပြီဖြစ်၍ နိမ့်တုံ မြင့်တုံဖြစ်နေသော ရင်ဘတ်ကို မြင်ရနိုင်သည်။


သူ၏ပုံစံမှာ သနားစရာကောင်း၍ မည်မျှပင်အခြေအနေဆိုးနေပါစေ သူ၏ရင်ထဲမှ ဒေါသနှင့် ပူဆွေးမှုကို ဖိနှိပ်မထားနိုင်ပေ။


သူ၏တပ်သားများအားလုံး သေဆုံးသွားပြီဖြစ်သည်။


ထိုခွေးနက်က သူ၏ လက်ဖဝါးတစ်ချက်တည်းဖြင့် သူတို့အားလုံးကို သတ်လိုက်သည်။ 


ထိုခွေးသည် အလွန်သန်မာသည်။ ထုံမူဟဲသည်ပင် သူ၏ပြိုင်ဘက် မဟုတ်ပေ။


သို့သော် သူ၏လက်ထဲတွင် အလယ်အလတ်အဆင့် မသေမျိုးကိရိယာ ရှိနေ၍ ထိုကိစ္စများသည် သူ့အတွက် ပြဿနာမဟုတ်ပေ။ ထိုအရာ ပေါ်လာသည်နှင့် ချက်ချင်းပင် ဤစားသောက်ဆိုင်ကို ဖုန်မှုန့်အဖြစ်သို့ ပြောင်းလဲသွားစေမည်မှာ သေချာသည်။


" သွားသေလိုက်ကြတော့... ငါ့ရဲ့တပ်သားတွေနဲ့တူတူ မင်းတို့ကို မြေမြှုပ်ပေးမယ်..." 


ထုံမူဟဲ ဒေါသတကြီးအော်ဟစ်ပြီး သူ၏မျက်လုံးထဲတွင် ကြမ်းကြုတ်သော အကြည့်များ ပေါ်လာသည်။


ဝုန်း... 


ပွဲကြည့်ပရိသတ်များ၏ ထိတ်လန့်နေသော အကြည့်များအောက်တွင်...


ဧရာမအပြာရောင်ဒယ်အိုးကြီးဖြင့် စားသောက်ဆိုင်ကို ရိုက်ချလိုက်သည်။ 


အရာအားလုံး စတင် ပြိုကျစပြုလာသည်။


ခွေးဘုရင် စားသောက်ဆိုင်ရှေ့တွင် ရပ်၍ခေါင်းကို မော့ကာ အောက်သို့ဆင်းလာသော အပြာရောင် ဒယ်အိုးကို အံ့သြသော မျက်နှာဖြင့် ကြည့်နေသည်။


ထုံမူဟဲ၏ ရူးသွပ်သောအကြည့်နှင့် မူလျှို့အာ၏ စိတ်ပျက်အားငယ်မှုကို ခံစားရသော်လည်း သူ၏ခေါင်းကို ဘေးဘက်သို့ စောင်းရုံသာ စောင်းလိုက်ပြီး နှုတ်ခမ်းထောင့်များက အပေါ်သို့ တွန့်ကွေးသွားသည်။


" အလယ်အလတ်အဆင့် မသေမျိုးကိရိယာလား... တကယ်တော့ အဆင့်မြင့်မသေမျိုး ကိရိယာရဲ့ အရာသာက ပိုကောင်းတယ်...ထိပ်တန်းအဆင့် မသေမျိုးကိရိယာတွေရဲ့ အရသာကတော့ အကောင်းဆုံးပဲ..." 


ခွေးဘုရင်၏ အသံအောအောက ပဲ့တင်ထပ်နေသည်။


သူ၏စကားလုံးများက အားလုံးကို အံ့ဩသွားစေသည်။


လူအားလုံး ဆွံ့အနေသော အမူအရာများဖြစ်ကုန်သည်။


ပုဖန် ခွေးဘုရင်ကို ကြည့်လိုက်သည်။ 


ဒီခွေးဝတုတ်ကြီးကတော့...တကယ်ပဲ မသေမျိုးကိရိယာကို စားဖို့ကြံနေတာလား ဒီဟာက စားလို့ ရရဲ့လား...


ဝီ...


ဧရာမအပြာရောင်ဒယ်အိုး၏ အထက်တွင် ရှည်လျားသော အပြာရောင်မြွေကြီး၏ ပုံရိပ် ပေါ်လာသည်။


မသေမျိုးကိရိယာများတွင် ၎င်းတို့၏ ကိုယ်ပိုင်ဝိညာဉ်များ ရှိကြသည်။ ထိုဝိညာဉ်များကြောင့် မသေမျိုးကိရိယာများမှာ အခြားအရာများထက် လူကြိုက်များ ထင်ရှားနေရခြင်း ဖြစ်သည်။


ရှုး ရှုး ရှုး...


ရှည်လျားသောအပြာရောင် မြွေကြီး တရှုးရှုးတရှဲရှဲ ဖြစ်လာပြီး ၎င်း၏ မျက်နှာပေါ်တွင် ရက်စက်ကြမ်းကြုတ်သော အကြည့်များ ရှိနေသည်။


ရုတ်တရက်...


ခွေးဘုရင် လှုပ်ရှားလိုက်သည်။


သူ၏တင်ပါးကို ခါယမ်း၍ ကြောင်ကဲ့သို့ ခြေလှမ်းအနည်းငယ်လှမ်းပြီး ကောင်းကင်သို့ ပျံတက်သွားသည်။ ထို့နောက် ဖိနှိပ်ချုပ်ချယ်သော အော်ရာထုတ်လွှတ်နေသည့် အပြာရောင်မြွေကြီးထံသို့ လျှောက်သွားသည်။


မူလျှို့အာ၏ မျက်လုံးများ ပြူးကျယ်သွားသည်။ နောက်ထပ် အံ့ဩဖွယ်ဖြစ်ရပ်တစ်ခုခုကို ဖန်တီးတော့မည့် ထိုခွေးကိုကြည့်၍ သူမအသက်ပင် မရှုနိုင်ပေ။


ပုဖန်၏မျက်လုံးများက အပြာရောင်ဒယ်အိုး၏ ဝိညာဉ်ကို မျက်မှောင်ကြုတ်၍ စိုက်ကြည့်နေသည်။


တစ်ခဏအတွင်း သူ၏လက်ထဲ၌ မဟူရာလိပ်ခုံးဒယ်အိုး ပေါ်လာသည်။


မဟူရာလိပ်ခုံးဒယ်အိုးပေါ်လာချိန်တွင် အနီးအနားရှိ အပြာရောင်ဒယ်အိုး၏ အော်ရာကို ခံစားမိသကဲ့သို့ အဝါရောင် အလင်းရောင်များ သူ၏တစ်ဝိုက်တွင် ပေါ်လာသည်။


ဝီ...


ပုဖန်၏ လက်ထဲမှ တစ်ဟုန်ထိုးထွက်သွားပြီး လှည့်ပတ်နေကာ သူ၏အရှိန်လည်း ပိုမြန်လာသည်။


တောက်ပသော အပြာရောင်အလင်းတန်းများ ထုတ်လွတ်နေသည့် ဧရာမဒယ်အိုးနှင့် နှိုင်းယှဉ်ကြည့်ပါက မဟူရာလိပ်ခုံးဒယ်အိုးမှာ အနည်းငယ်သေးနေသည်။


သို့သော် မဟူရာလိပ်ခုံးဒယ်အိုး အပြာရောင်ဒယ်အိုးအနီးသို့ ချဉ်းကပ်သွားသောအခါ...


ထိုဒယ်အိုး၏ အထက်မှ အပြာရောင်မြွေက စူးရှစွာ အော်လိုက်သည်။


 ရုတ်တရက် ပို၍ အဝါရောင် တောက်ပလာသည်။ ခဏအကြာတွင် ကောင်းကင်ဘုံကြီးတစ်ခုလုံးကိုပင် ကျောပေါ်၌ သယ်ဆောင်သွားနိုင်သည့် အမည်းရောင်လိပ်ကြီးတစ်ကောင် ပေါ်လာသည်။


ထိုအမည်းရောင်လိပ်ကြီး ခြေထောက်ကိုမ၍ အပြာရောင်မြွေကို ရက်စက်စွာ တက်နင်းလိုက်သည်။ ထို့နောက် ပါးစပ်ကိုဟ၍ မြွေကိုက်ိုက်လိုက်ပြီး သူ၏အရိပ်ကို ကွဲကြေသွားရန် ပြုလုပ်နေသည်။


လူအားလုံး၏ ထိတ်လန့်နေသော မျက်နှာများအောက်တွင် ထိုမြွေသည် ချက်ချင်းပင် စားသုံးခံလိုက်ရသည်။


ထုံမူဟဲ တုန်လှုပ်ချောက်ချားသော အမူအရာကို ထုတ်ဖော်လိုက်သည်။ သူ လုံးဝ ထိတ်လန့်သွားသည်။


ဘာတွေ ဖြစ်နေတာတုန်း... မသေမျိုးကိရိယာရဲ့ ဝိညာဉ်က ဘာလို့ အစားခံလိုက်ရတာလဲ...


အဲ့လိပ်ကရော ဘာကြီးလဲ...


အပြာရောင်ဒယ်အိုး၏ ဝိညာဉ်ကို ဝါးမျိုပြီးသောအခါ မဟူရာလိပ်ခုံးဒယ်အိုး၏ တောက်ပမှုမှာ လွင့်စင်သွားသည်။ မည်းနက်နေသော အရောင်အဖြစ် ပြန်ပြောင်းသွားပြီး ပုဖန်ဆီသို့ ပျံဝဲသွားသည်။


နူးညံ့သော အသံတစ်ခုနှင့်အတူ ပုဖန်၏ လက်မောင်းတွင်းသို့ ဝင်ရောက်ပျောက်ကွယ်သွားသည်။


ပုဖန်၏မျက်နှာပေါ်တွင် ထူးဆန်းသောအမူအရာတစ်ခု ဖုံးလွှမ်းသွားသည်။ သူ၏စိတ်ဝိညာဉ်ပင်လယ်ထဲတွင် မဟူရာလိပ်ခုံးဒယ်အိုး၏ ဝိညာဉ်ထံမှ လေချဉ်တက်လိုက်သံကို မပီမသကြားလိုက်ရသည့်ပုံပင်။


ကြည့်ရတာ အစားကောင်းကောင်း စားလိုက်ရသလိုပဲ...


ခွေးဘုရင် မျက်မှောင်ကြုတ်သွားသည်။ အပြာရောင်ဒယ်အိုး၏ ဝိညာဉ် စားသုံးခံလိုက်ရသည်ကို မြင်သောအခါ ပျင်းရိသွားသကဲ့သို့ ခံစားလိုက်ရသည်။


" ဝိညာဉ်မပါတဲ့ မသေမျိုးကိရိယာတစ်ခုက အချဉ်ရည်မပါတဲ့ နံရိုးချိုချဉ်လိုပဲ... ဘာအရသာမှ မရှိတော့ဘူး..." 


ခွေးဘုရင် လျှာထုတ်၍ စိတ်မဝင်စားသကဲ့သို့ ပြောလိုက်သည်။


ထို့နောက်တွင် သူမည်သည့် အပိုလှုပ်ရှားမှုမျှ မပြုလုပ်တော့ပေ။ လက်ဖဝါးကိုမြှောက်လိုက်ပြီး လဲပြိုနေသော အပြာရောင်ဒယ်အိုးကို အသာအယာ ရိုက်လိုက်သည်။


ခဏအကြာတွင်...


ကြီးမားသော ချိုင့်ခွက်ကြီးတစ်ခု အပြာရောင်ဒယ်အိုးတွင် ပေါ်လာကာ ကျယ်လောင်သောပေါက်ကွဲသံကြီးဖြင့် အပိုင်းစပေါင်းထောင်ချီကာ အစိတ်စိတ်အမြွှာမြွာ ကွဲသွားသည်။


ထိုပေါက်ကွဲသံသည် ဟင်းလင်းပြင်ထဲထိ ပဲ့တင်ထပ်သွားကာ ပေါက်ကွဲမှုမှ အလင်းရောင်သည် တစ်မြို့လုံးကို လင်းထိန်သွားစေသည်။


ကြောက်မက်ဖွယ်ကောင်းသောအော်ရာ အပြင်သို့ ပျံ့နှံ့လာသည်နှင့်အမျှ ပရိသတ်များထံမှ စူးရှသော အော်ဟစ်သံများ ထွက်လာသည်။


ပေါက်ကွဲမှု့ကို မျက်မြင်တွေ့ပြီးနောက် ထုံမူဟဲ အသိစိတ်ပြန်ဝင်လာသည်။ မီးတောက်များ၏ ဝါးမျိုခြင်း ခံနေရသော ခွေးကိုကြည့်၍ မျက်လုံးထဲတွင် မျှော်လင့်ချက်များ ဖြစ်ပေါ်လာသည်။


" ငါ့အတွက် အဲ့ခွေးကိုသေအောင် လောင်ကျွမ်းပေးလိုက်စမ်းပါ..."  


ထုံမူဟဲ အော်ဟစ်လိုက်သည်။


သို့သော် ကြာရှည် မခံလိုက်ပေ။


သူ၏မျှော်လင့်ချက်များက စိတ်ပျက်အားငယ်မှုများ ဖြစ်ပေါ်သွားသည်။


ထိုခွေး၏ ပါးစပ်ထဲတွင် မီးတောက်များ ပျောက်ကွယ်သွားသည်။


အနက်ရောင်ခွေး မီးတောက်များကို ဝါးမျိုပြီးနောက် လေချဉ်တက်လိုက်ပြီး သူ၏မျက်နှာတွင် ထူးဆန်းသော အမူအရာတစ်ခု ပေါ်လာသည်။


" သူ့ရဲ့ အရသာက မဆိုးဘူးပဲ..." 


ခွေးဘုရင် ရေရွတ်လိုက်သည်။


အရာအားလုံးတိတ်ဆိတ်သွားသည်။ အလွန်တိတ်ဆိတ်နေသည့်အတွက် အပ်ကျသံကိုပင် ကြားနိုင်ကြသည်။ 


ထုံမူဟဲ အရာအားလုံး ဆုံးရှုံးသွားသည်။ သူယခုချိန်တွင် ခံစားနေရသည်ကို ပြသရန် မည်သည့်အမူအရာကို အသုံးပြုရမည်ကိုပင် မသိတော့ပေ။


ကြယ်သုံးပွင့် စစ်မှန်မသေမျိုးနယ်ပယ် တည်ရှိမှုလား...


မဖြစ်နိုင်ဘူး ဒီခွေးက ကြယ်လေးပွင့် စစ်မှန်မသေမျိုးနယ်ပယ်က ဆိုတာ သေချာတယ်... ကြယ်ငါးပွင့် စစ်မှန်မသေမျိုးနယ်ပယ် ကျင့်ကြံသူတောင်မှ ဖြစ်နိုင်တယ်...


ဒီလို တည်ရှိမှုမျိုးတွေက မသေမျိုးမြို့တော်တွင်းမှာတောင် အတော်လေးရှားပါးတယ်...


အဘယ်ကြောင့်ဆိုသော် ထိုတည်ရှိမှုများသည် ခက်ခဲသောအဆင့်များကို ဖြတ်ကျော်ရန်နှင့် မသိသေးသောအရာများကို ရှာဖွေရန် မသေမျိုးသစ်ပင်ဆီသို့ လျှောက်လှမ်းနေကြပြီ ဖြစ်သောကြောင့်ပင်။


ထုံမူဟဲ‌ ခြေထောက်များ ပျော့ခွေသွားပြီး မြေပြင်ပေါ်သို့ ခွေလဲကျသွားသည်။ 


သူ့လို ဉာဏ်ကြီးရှင်တစ်ယောက်က ခွေးတစ်ကောင်ကို ဘာလို့ ရှုံးရတာလဲ...


ဘယ်လောက်တောင် အရှက်ရစရာကောင်းလဲ... သူ့အခြေအနေက စိတ်ပျက်စရာကောင်းနေပြီ...


ခွေးဘုရင် ထုံမူဟဲကို စိတ်မပါသည့်ပုံဖြင့် တစ်ချက်ကြည့်လိုက်ရာ သူ၏မျက်လုံးထဲတွင် လေးနက်သော အကြည့်တစ်ခု ဖြည်းညှင်းစွာ ပေါ်လာသည်။


နောက်အခိုက်အတန့်တွင် လက်ဖဝါးတစ်ခု ပျံလာသည်။


ထိုလက်ဖဝါးသည် အလွန် လျင်မြန်ပြီး ထုံမူဟဲ၏ ဦးခေါင်းထက်သို့ တစ်ခဏတွင်း ရောက်သွားသည်။ အကယ်၍ ရိုက်ချလိုက်ပါက ထုံမူဟဲ သေသွားနိုင်သည်။


သို့သော် ထိုလက်ဖဝါးက ထုံမူဟဲအား ရိုက်‌ချတော့မည့်အချိန်တွင်...


ကျယ်လောင်သော လေချွန်သံတစ်ခု အဝေးတစ်နေရာမှ ထွက်ပေါ်လာသည်။


အဆုံးမရှိသော စွမ်းအားတစ်ခု ၎င်းတို့ထံရောက်ရှိလာပြီး ကောင်းကင်တစ်ခုလုံးကို ဖုံးအုပ်ထားနိုင်ပုံရသည်။


အားလုံး၏ ထိတ်လန့်သွားပြီး တုန်ယင်လာကြသည်။


သူတို့၏ အထက်တွင်...


မီးခိုရောင်ဝတ်ရုံကို ဝတ်ဆင်ထားသော အကြီးအကဲ တစ်ဦး ကောင်းကင်ကို အုပ်မိုးလျက် ရုတ်တရက်ရောက်လာသည်။


ခြေတစ်လှမ်းလှမ်းလိုက်သည့် အခါတိုင်း သူ၏ပုံရိပ်မှာ ခြေဖဝါးအောက်က နေရာလွတ်အားလုံးကို ကျုံ့နိုင်သွားသကဲ့သို့ပုံစံဖြင့် လျှောက်လှမ်းလာသည်။


နောက်ဆုံးတွင် ထိုအကြီးအကဲ ထုံမူဟဲ၏ ဘေးတွင်ပေါ်လာသည်။


ဦးခေါင်းတွင် ဆံပင်ဖြူများနှင့် ပြည့်နေသော ထိုလူကြီးတွင် ကြည်လင်တောက်ပသော အကြည့်များလည်း ရှိနေသည်။ သူ၏ခေါင်းကိုမော့၍ လက်ဖဝါးကိုကြည့်လိုက်သောအခါ မျက်လုံးသူငယ်အိမ်များ ကျဉ်းမြောင်းသွားသည်။


ဒီလက်ဖဝါးကို ကြည့်ရတာ ရင်းနှီးနေသလိုပဲ... အဲ့ဒီခွေး ပြန်လာတာများလား...


သူ၏ပါးစပ်မှ ရှည်လျားသော လေချွန်သံ ထွက်ပေါ်လာသည်။ 


အကြီးအကဲ၏ ခန္ဓာကိုယ်ရှိ စစ်မှန်စွမ်းအင်များ တစ်ဟုန်ထိုး တက်လာပြီး သူ၏ပတ်ဝန်းကျင်တွင် လှည့်ပတ်နေသည်။ တစ်ခဏအတွင်း ထိုခွေးလက်ဖဝါးဆီသို့ သူ၏လက်ဝါးကို ပစ်လွှတ်လိုက်သည်။


ဝုန်း...


ထို လူအိုကြီး၏ ပတ်ဝန်းကျင်ရှိ မြေကြီးများ ကွဲအက်သွားပြီး မြေပြင်ပေါ်တွင် လက်ဖဝါးရာကဲ့သို့ ချိုင့်ခွက်ကြီးတစ်ခု ဖြစ်ပေါ်လာသည်။


လူအားလုံး ကြောက်လန့်ပြီး လေအေးများ ရှုရှိုက်နေရသည်။ မည်သူမျှ စကားမပြောဝံ့ကြပေ။


ဤတိုက်ပွဲသည် သူတို့မျှော်မှန်းထားသည်ထက် ကျော်လွန်နေသည်။


ဤပြိုင်ဘက်ကင်းခွေးက ကမ္ဘာကြီးအပေါ် သူတို့၏အမြင်ကို ပြောင်းလဲစေခဲ့သည်။ 


" အဲ့... အဲ့ဒီလူက ထုံမိသားစုရဲ့ ခေါင်းဆောင်နဲ့တူနေတယ်နော် ဟုတ်တယ်မလား..." 


" ဟုတ်တယ်... မီးခိုရောင်ဝတ်ရုံနဲ့ ... ထုံမိသားစုရဲ့ ခေါင်းဆောင် ထုံဝူတီပဲ..."


" ဘုရားရေ... ထုံမိသားစုရဲ့ ခေါင်းဆောင်တောင်မှ ပေါ်လာတာလား သူက ကြယ်ငါးပွင့် စစ်မှန်မသေမျိုးနယ်ပယ် တည်ရှိမှုလေ..." 


အသစ်ရောက်ရှိလာသူကို ပရိသတ်များ အမှတ်ရသွားသောအခါ လေအေးများ ရှုရှိုက်လိုက်ရသည်။


သေမျိုးတစ်ဦးကို သတ်ဖြတ်ရန် တိုက်ပွဲသည် ထုံမိသားစု၏ ခေါင်းဆောင်ပင် ပေါ်လာစေလိမ့်မည်ဟု မထင်ထားခဲ့ကြပေ။


သူသည် သြဇာကြီးသော မိသားစု၏ ခေါင်းဆောင်ဖြစ်ပြီး မြို့တော်သခင်နှင့် အဆင့်တူညီသော တည်ရှိမှုဖြစ်သည်။


ထိုကဲ့သို့ တည်ရှိမှုသည် သူ၏မိသားစုကို စောင့်ရှောက်ရန်သာဖြစ်ပြီး မည်သူမျှ မမြင်ဖူးကြပေ။


သို့သော် သူအမှန်တကယ် ပေါ်လာခဲ့သည်။


ထုံမူဟဲ၏ စွမ်းရည်မှာ အလွန်အရေးပါလွန်းသည့်အတွက် မိသားစုခေါင်းဆောင်ပင် သူသေမည်ကို မကြည့်ရှု့နိုင်ပေ။


ဖုန်မှုန့်များ ငြိမ်သက်သွားသည်နှင့်...


အားလုံး မျက်မှောင်ကြုတ်ကုန်သည်။


ခွေးဘုရင် လေပေါ်တွင် အုပ်မိုးထားလျက်ရှိပြီး အမြှီးများကို ဘယ်ညာယမ်းနေသည်။


" ဟမ်..."


ခွေးဘုရင် အံ့အားသင့်စွာ အော်လိုက်မိသည်။ တစုံတစ်ယောက်က သူ၏ လက်ဖဝါးကို ဟန့်တားလိုက်ပုံရသည်။


မီးခိုရောင်ဝတ်ရုံနှင့် အကြီးအကဲ လက်ကိုဝှေ့ယမ်းလိုက်သောအခါ ထိုဧရိယာတစ်လျှောက် လေပြင်းများတိုက်ခတ်သွားပြီး ပတ်ဝန်းကျင်ရှိ ဖုန်မှုန့်များအားလုံးကို ဖယ်ရှားပေးခဲ့သည်။


ထုံဝူတီ ခေါင်းမော့၍ လေထဲတွင်ရှိသော ခွေးဘုရင်ကိုကြည့်လိုက်သည်။ သူ၏မျက်နှာတွင် စိတ်ရှုပ်ထွေးသော အမူအရာတစ်ခု ရှိနေသည်။


တကယ်ကို... အဲ့ဒီသောက်ခွေးပဲ...


ခွေးဘုရင်သည်လည်း ခေါင်းငုံ့ကြည့်လိုက်မိသည်။


အကြည့်နှစ်ခု လေထဲတွင် ဆုံသွားသည်။


အဆုံးတွင်...


ထုံဝူတီအရင် အကြည့်လွှဲလိုက်သည်။


အကယ်၍ တိုက်ခိုက်မည်ဆိုပါက သူ့ကဲ့သို့ လူမျိုးဆယ်ယောက်ရှိလျှင်ပင် ထိုခွေးကို နိုင်မည် မဟုတ်ပေ။


အတိတ်ကာလက ဤခွေးသည် မသေမျိုး ချက်ပြုတ်ခြင်းနယ်ပယ်၏ အရှင်သခင်ဖြစ်သည်။ မည်သူမျှ သူ့ကို ရန်မစရဲပေ။


အကယ်၍ ဒဏ္ဍာရီလာ စားဖိုမှူး မြောက်များစွာ၏ တိုက်ခိုက်မှုကိုခံရပြီး ဒဏ်ရာအပြင်းအထန် မရရှိခဲ့ပါက မသေမျိုးချက်ပြုတ်ခြင်းနယ်ပယ်မှ ထွက်သွားလိမ့်မည် မဟုတ်ပေ။ ထိုဖြစ်ရပ်သာ မဖြစ်ပေါ်ခဲ့ပါက ဤနေရာတွင် ထိုခွေး၏ ခြေရာလက်ရာများ ရှိနေဦးမည် ဖြစ်သည်။


သူက တကယ်ကို ရူးသွပ်နေတဲ့ခွေးပဲ အစာကွင်းဆက်ရဲ့ ထိပ်ဆုံးမှာ ရှိနေတဲ့ခွေး...


မသေမျိုးသစ်သီး.. ကိရိယာ..မီးတောက်.. အကုန်လုံးက်ို သူစားတယ်...မသေမျိုးသစ်ပင်ကိုတောင် စားဖို့ကြံရွယ်ဖူးတယ် ... မဟာနိယာမလမ်းကြောင်းကိုလည်း စားဖို့ စိတ်ကူးဖူးတယ်...


ဒီလိုတည်ရှိမှုမျိုးက ရန်သွားမစတာ အကောင်းဆုံးပဲ...


အားလုံး၏ အံ့ဩနေသော အကြည့်များအောက်တွင် ထုံဝူတီလက်ကိုအုပ်၍ ခွေးဘုရင်ကို ဦးညွတ်လိုက်သည်။ ဤသည်မှာ ဂျူနီယာက စီနီယာကို အရိုအသေပေးသည့် အမူအရာပင်။


ပွဲကြည့်ပရိသတ်များအားလုံး လေအေးများ ရှုရှိုက်မိကုန်သည်။


သူတို့၏ကမ္ဘာကြီး ပြောင်းပြန်လန်သွားသကဲ့သို့ ခံစားနေကြရသည်။ ဒီခွေးက ဘယ်လို နတ်ဘုရားအဆင့် တည်ရှိမှုမျိုးလဲ...


မူလျှို့အာသည်လည်း နေရာတွင်ရပ်၍ ဆွံအနေသည်။


ထုံမိသားစု၏‌ ခေါင်းဆောင်ကို သူမ ချက်ချင်းမှတ်မိလိုက်သည်။ မြို့တော်သခင်၏ သမီးဖြစ်သည့်အတွက် မသေမျိုးမြို့တော်၏ ထိပ်တန်းအဆင့် တည်ရှိမှုများအားလုံးကို သူမ သိသည်။


သို့သော် လွှမ်းမိုးမှုရှိသော မိသားစု၏ခေါင်းဆောင်များ ဦးညွတ်သည်ကို သူမ တစ်ခါမှ မမြင်ဖူးပေ။ သူမ၏ အဖေဖြစ်သူ မြို့တော်သခင်ကိုပင် သူတို့ ရိုသေလေးစားမှု မရှိပေ။ ဦးညွှတ်ရန်မှာ ပို၍ပင်မဖြစ်နိုင်။


ဒီခွေးက ဘယ်ကရောက်လာတာလဲ...


အဆင့်နိမ့်နယ်ပယ်က လာတယ်ဆိုတာ မဖြစ်နိုင်ဘူး...


ခွေးဘုရင် ထုံဝူတီ၏ ခန္ဓာကိုယ်ကို တစ်ချက်ကြည့်လိုက်ပြီး မဲ့ပြုံးပြုံးလိုက်သည်။


ထုံဝူတီ၏ အကြည့်အောက်တွင် သူ၏အမြှီးကို လှုပ်ယမ်း၍ သူ၏ လှပသည့် ကြောင်ကဲ့သို့ခြေလှမ်းများဖြင့် ‌စားသောက်ဆိုင်ထဲသို့ ပြန်ဝင်သွားသည်။


ထုံဝူတီ ခန္ဓာကိုယ်တစ်ခုလုံး တောင့်တင်းသွားသည်။ ကျန်ရှိသည့် လက်မောင်းတစ်ဖက် ဒဏ်ရာရနေသော ထုံမူဟဲကို သူနှင့်အတူ ခေါ်ဆောင်၍ ကောင်းကင်ပေါ်သို့ပျံဝဲကာ အတွင်းစက်ဝိုင်းဆီသို့ ပြန်သွားသည်။ ခဏအကြာတွင် သူတို့နှစ်ဦးလုံးပျောက်ကွယ်သွားသည်။


ထုံမိသားစု၏ သေမျိုးကို လက်တုံ့ပြန်ခြင်းသည် နီးကပ်သွားခဲ့သော်လည်း မထင်မှတ်သောပုံစံဖြင့် အဆုံးသတ်သွားခဲ့ရသည်။


လေးစားစရာတည်ရှိမှုဖြင့် ထုံမိသားစု၏ ခေါင်းဆောင်သည်ပင် ထိတ်လန့်ဖွယ်ကောင်းစွာ ပေါ်ထွက်လာခဲ့ရသည်။


ဒီစားသောက်ဆိုင်က တကယ်ကို သာမန်မဟုတ်ဖူးပဲ...


အကုန်လုံး ဆွံ့အကုန်ကြသည်။ သူတို့၏ ရင်ထဲမှ ခံစားချက်ကို မည်သို့ ဖော်ပြရမည်ပင် မသိတော့ပေ။


ခွေးဘုရင် သူ၏ လှပသော ကြောင်ကဲ့သို့ ခြေလှမ်းများဖြင့် လျှောက်ကာ အမြှီးကို လှုပ်ရမ်းနေသည်။


" ကောင်လေးပုဖန် မြန်မြန်လာပြီး ခွေးဘုရင်ကို အသားနီနှပ်လေး ပေးစမ်းပါ အနံ့က အရမ်းမွှေးတော့ တွေးလိုက်ရုံနဲ့တင် သွားရည်ကျနေပြီ..."


ပုဖန် အသိပြန်ဝင်လာပြီး အစောပိုင်းက ထုံမိသားစု၏ခေါင်းဆောင် ရပ်နေခဲ့သောနေရာကို တစ်ချက်ကြည့်လိုက်သည်။ 


ခွေးဘုရင်က ဤမသေမျိုးချက်ပြုတ်ခြင်းနယ်ပယ် တွင် မယုံကြည်နိုင်လောက်သော အရာအချို့ကို ပြုလုပ်ထားပုံရသည်။


ထို့အပြင် ခွေးဘုရင် မည်သူမည်ဝါဖြစ်ကြောင်း ဖော်ထုတ်နိုင်တော့မည်ဟု ပုဖန် ခံစားမိသည်။