အပိုင်း ၉၈၈
Viewers 53k

အခန်း ၉၈၈

အဆီများသော်လည်း ချွဲကျိမှုမရှိသော ရတနာရှစ်သွယ် ဝက်သားနီနှပ်


အုတ်အော်သောင်းနင်း ဖြစ်မှုများ ထိုကဲ့သို့ ရပ်တန့်သွားသည်။


ထုံမိသားစုခေါင်းဆောင်မှ ထုံမူဟဲကို ခေါ်ဆောင်သွားခဲ့ပြီး အပျက်အစီးပုံကြီးနှင့်အတူ အံ့ဩနေသော ပရိသတ်များကိုပါ ချန်ထားခဲ့သည်။ 


မည်သူမျှ ထိုကဲ့သို့ အဆုံးသတ်သွားမည်ဟု မထင်ထားကြပေ။


ထုံမိသားစု၏ စိတ်စွမ်းအင်မြင့်သော ငွေရောင်သံချပ်ကာ အစောင့်များသည် ခံ့ညားထည်ဝါသော အော်ရာဖြင့် ရောက်ရှိလာပြီး အနိုင်ယူနိုင်စွမ်းမရှိပုံရသော်လည်း သူတို့သည် လက်ဖဝါး တစ်ချက်တည်းဖြင့် အသတ်ခံလိုက်ရသည်။


ထုံမိသားစုခေါင်းဆောင် ထုံဝူတီသည်ပင် ခွေးဘုရင်နှင့် တွေ့သောအခါ ရိုသေလေးစားစွာဆက်ဆံခဲ့သည်။


အားလုံး တစ်ယောက်နှင့်တစ်ယောက် ကြည့်နေပြီး မျက်နှာပေါ်တွင် မယုံကြည်နိုင်မှုများစွာ ရှိနေကြသည်။


မူလျှို့အာမှာ ထိုထိတ်လန့်မှု့ကို အပြင်းထန်ဆုံး ခံစားလိုက်ရသည်။ အဘယ့်ကြောင့်ဆိုသော် သူကောင်းမျိုးမိသားစု ခေါင်းဆောင်တိုင်း၏ စွမ်းအားကို သူမ သိရှိထား၍ ဖြစ်သည်။ ထိုသို့အဆင့်အတန်းရှိသူတစ်ဦးက ထိုခွေးနက်ကို အလွန်ရိုသေလေးစားနေခြင်းကြောင့် ထိုခွေးသည် ကောင်းကင်ဘုံကို အံတုနိုင်သော မူလဇစ်မြစ်ရှိမည်မှာ သေချာသည်။


တကျွိကျွိအသံဖြင့် စားသောက်ဆိုင်တံခါးများ ဖြည်းညှင်းစွာ ပိတ်နေသည်။ နောက်ဆုံးတွင် အုန်းခနဲ အသံဖြင့် ဆောင့်ပိတ်သွားသည်။


အပြင်ဘက်ရှိ ကြည့်ရှု့သူများ၏ မျက်နှာတွင် စူးစမ်းသော အကြည့်များရှိနေသည်။


သူတို့၏ နှလုံးသားထဲတွင် ယားယံနေသကဲ့သို့ ခံစားရသည်။ မည်သို့ဖြစ်‌ပျက်နေသည်ကို သိချင်နေ‌ကြပြီး စားသောက်ဆိုင်တံခါးကို တွန်းဖွင့်ကာ ထိုခွေးနက်ကို စစ်ဆေးချင်နေကြသည်။


သို့သော် မည်သူ့တွင်မှ ထိုသို့ပြုလုပ်ရဲသော သတ္တိမရှိကြပေ။


ထိုခွေးနက်ကြီး၏ ကြောက်မက်ဖွယ်စွမ်းအားသည် သူတို့၏စိတ်ထဲတွင် စွဲထင်နေခဲ့သည်။


လက်ဖဝါးတစ်ချက်ဖြင့် ငွေရောင်သံချပ်ဝတ် ကျင့်ကြံသူ ၁၅ဦးကို သတ်ပစ်သည့်အချိန်မှစ၍ သူ့အပေါ်တွင် လေးနက်သော ထင်မြင်ချက်ရှိခဲ့ကြသည်။


နောက်ဆုံးတွင် ကြည့်ရှု့နေကြသူများ အရပ်မျက်နှာအသီးသီးသို့ ပြန့်ကျဲကုန်သည်။


သို့သော် ထွက်ခွာသွားသည့် လူတိုင်း၏ရင်ထဲတွင် စားသောက်ဆိုင်ရှေ့၌ အစောပိုင်းက ဖြစ်ပျက်ခဲ့သော မြင်ကွင်းများ ပြန်လည်ထင်ဟပ်ပြသလျက် ရှိနေသည်။


...


စားသောက်ဆိုင်အတွင်းတွင်


ဦးလေးမူ အသက်ကို လေးပင်စွာ ရှုနေရသည်။


ထုံမူဟဲ၏ လှံရှည်ဖြင့် တိုက်ခိုက်ခံရပြီးနောက်တွင် သူ၏ခန္ဓာကိုယ်ကို ထိုးဖောက်လုနီးပါးဖြစ်ကာ ဒဏ်ရာပြင်းထန်စွာရရှိခဲ့သည်။ သူ၏နှလုံးသားထဲတွင်လည်း အရိပ်တစ်ခုကျန်နေခဲ့သည်။


သို့သော် ကံကောင်းသည်ဟု ဆိုရမည်။ ပတ္တမြားကဲ့သို့ အသားနီနှပ်မှ သင်းပျံ့သောရနံ့ကို ထုတ်လွှတ်နေသည့်အတွက် သူ၏ အစာစားချင်စိတ်ကို လှုံ့ဆော်ပေးနေသည်။ သူ၏ဒဏ်ရာများမှ နာကျင်မှုသည် ထိုရနံ့ကြောင့် အနည်းငယ် လျော့ပါးသွားသည်ဟု ထင်ရသည်။


အကွာအဝေးတစ်ခု၌...


နောက်ဆုံးတွင် အနက်ရောင်ခွေး ပြန်လာသည်။


ကြောင်ကဲ့သို့ တင့်တယ်သော ခြေလှမ်းများဖြင့် လျှောက်လှမ်းလာပြီး သူ၏ခန္ဓာကိုယ်၌ ဖုန်တစ်စက်မျှပင် မရှိချေ။


စားပွဲနားအထိ လျှောက်လာပြီး ခုံပေါ်တွားသွားနေသည်။ သူ၏ဖဝါးများကို ခုံပေါ်တွင် တင်လိုက်ပြီး ကြွေပန်းကန်လုံးထဲမှ ဝက်သားနီနှပ်ကို မကြည့်မီ မျက်ဆန်လှန်လိုက်သည်။


ခွေးဘုရင် ပါးစပ်ဟပြီး လျှာထုတ်လိုက်သည်။


ပုဖန် မူလျှို့အာနှင့် အခြားသူများလည်း စားပွဲဆီသို့ ပြန်လာကြသည်။ ပုဖန်စားပွဲဆီသို့ လျှောက်လာ၍ အလယ်တွင်ရပ်လိုက်တာ အခြားသူများကို တည်ငြိမ်စွာ ကြည့်လိုက်သည်။


" ကောင်လေးပုဖန် ဟိုခွေးရူး ပြန်လာပြီလေ... ငါတို့ စသင့်ပြီလို့ မထင်ဘူးလား..."  


ငရဲဘုရင်အာဟ စောင့်ရသည်ကို စိတ်မရှည်တော့ပေ။ သူ၏ ပါးစပ်ထောင့်မှ သွားရည်များ ကျလုနေပြီဖြစ်သည်။


အပြင်ဘက်တွင် ဖြစ်ပျက်ခဲ့သည်များကို သူစိတ်မဝင်စားပေ။ ခွေးဘုရင် ဆိုင်အပြင်ဘက်သို့ ခြေလှမ်းလိုက်သည့် အချိန်တည်းက ရလဒ်ကို သိရှိပြီးဖြစ်သည်။


အဲ့ဒီခွေးငပျင်း...သူကတစ်ခါတစ်ရံ အရှက်မဲ့ပေမယ့် သူ့ရဲ့အင်အားကတော့ လှောင်စရာမဟုတ်ဖူး...


ကမ္ဘာမြေ အကျဉ်းထောင်တွင် ရှိစဉ်ကတည်းက ထိုခွေးကို မည်သူမှ ရန်မစရဲပေ။ ငရဲအကျဉ်းထောင်တွင်လည်း သူသည် အဆင့်မြင့်‌သော တည်ရှိမှုတစ်ခုဖြစ်သည်။ ဒါဆို မသေမျိုးမြို့တော်မှာရော သူ့ကို ဘယ်သူက ကိုင်တွယ်နိုင်မှာလဲ...


မူလျှို့အာ၏ မျက်လုံးများ လှုပ်ရှားနေပြီး သူမ၏အကြည့်များက ငရဲဘုရင်အာဟထံသို့ ရောက်သွားသည်။ ထိုအချိန် သူမရင်ထဲမှ ထိတ်လန့်မှုသည် ပျောက်ကွယ်လုနီးပါး ဖြစ်နေပြီဖြစ်သည်။


သို့သော် သူမစိတ်ထဲ ငြိမ်သက်လေ အခြေအနေသည် လက်တွေ့မကျလေဟု သူမ ပိုခံစားမိလာသည်။


ထိုခွေးငပျင်းသည် ထူးခြားဆန်းကြယ်လှသည်။ သူမ၏ရှေ့မှ ‌ခန့်ညားသောလူသည်လည်း... တစ်မျိုးတစ်ဖုံ ဆန်းကြယ်နေသည်။


" အိမ်တော်သခင်မလေး ထုံအိမ်တော်ရဲ့ ငွေရောင်ချပ်ဝတ်နဲ့ အစောင့်တွေ တပ်ဆုတ်သွားပြီလား..."


 ဦးလေးမူ မျက်မှောင်ကြုတ်၍ လက်သီးများဆုတ်ကာ မေးလိုက်သည်။


အဲ့လိုမျိုးတော့ ဖြစ်ပုံမရဘူး...ထုံမူဟဲရဲ့ တပ်သားတွေရဲ့ ကြမ်းတမ်းတဲ့ စရိုက်နဲ့ဆိုရင် ဒီစားသောက်ဆိုင် မြေပေါ် မရောက်မချင်း ထွက်သွားကြမှာ မဟုတ်ဖူး...


မကြာသေးမီက စားသောက်ဆိုင်အပြင်ဘက်တွင် တိုက်ပွဲပြင်းထန်စွာ ဖြစ်ပွားခဲ့သည်။ သို့သော်လည်း ရလဒ် မည်ကဲ့သို့ ဖြစ်လာသည်ကို မည်သူမျှ မသိခဲ့ကြပေ။


" ဦးလေးမူ ငွေရောင်သံချပ်ဝတ်အစောင့်တွေ အကုန်သေသွားပြီ ကျန်နေသေးတဲ့ ထုံမူဟဲကိုတော့ ထုံမိသားစုခေါင်းဆောင်က လာခေါ်သွားတယ်..." 


မူလျှို့အာ အဖြစ်အပျက်ကို ပြန်ပြောပြကာ အာခြောက်သွားသကဲ့သို့ပင် ခံစားနေရသည်။


ဦးလေးမူ အံ့ဩပြီး မျက်လုံးသူငယ်အိမ်များပင် ကျဉ်းမြောင်းသွားသည်။


" ကောင်းပြီ... ဒါဆို ကျွန်တော်တို့ ရတနာရှစ်သွယ် ဝက်သားနီနှပ် စားလို့ရပြီ..."


ဦးလေးမူ ပါးစပ်ဟ၍ တစ်စုံတစ်ခုကို မေးမြန်းရန် ပြင်နေစဉ်မှာပင် ပုဖန်၏ အသံထွက်ပေါ်လာပြီး သူ၏အတွေးများကို ဖျက်ဆီးလိုက်သည်။


ပုဖန် စိတ်ထဲတွေးလိုက်ရုံဖြင့် ကြွေပန်းကန်လုံး မြောက်များစွာ စားပွဲပေါ်တွင် ရုတ်တရက်ပေါ်လာသည်။


ကြွေပန်းကန်လုံးမှ အပူငွေ့များ ထွက်ပေါ်လာပြီး လေထုထဲ ပြည့်နှက်နေသည်။ ပတ္တမြားနှင့်တူသော အသားနီနှပ်သည် တောက်ပသော အလင်းရောင်ကို ထုတ်လွှတ်ကာ လူတိုင်း၏ မျက်လုံးများကို ထိုးဖောက်မည့်ပုံပင်။


ပုဖန် လက်ထဲတွင် တူတစ်စုံကို ကိုင်ဆောင်ထားပြီး ရတနာရှစ်သွယ် ဝက်သားနီနှပ်မှ အသားတစ်ပိုင်းကို ယူလိုက်သည်။


အနီရောင် ငရုတ်နှစ်သည် အသားများထဲမှ စီးဆင်းလာပြီး ကြွေပန်းကန်လုံးထဲသို့ ပြန်ကျသွားသည်။


အသားပိုင်းသည် အဆီများပြီး ပန်းနုရောင်ရှိသည်။ အပေါ်ဘက်တွင် အဆီအလွှာတစ်ခုရှိပြီး တောက်ပပြီး အလင်းဖောက်နိုင်နေသည်။ အလင်းရောင်အောက်တွင် ထိုအသားသည် တောက်ပနေသည့်ပုံပင်။


အဆီလွှာ၏ အောက်တွင် အလွန်နူးညံ့သော အသားလွာရှိသည်။


နောက်ဆုံးတွင် အရိုးနှင့်ကပ်နေသော အသားလွှာတစ်ခုရှိပြီး ထိုနေရာမှ အဆီများ ယိုစိမ့်ကျနေသည်။


ထိုတောက်ပသော အပြင်အဆင်သည် လူအားလုံး၏ စားချင်စိတ်ကို လှုံ့ဆော်ပေးနေသည်။


ပုဖန် ရတနာရှစ်သွယ် ဝက်သားနီနှပ်ကို ပန်းကန်လုံးထဲထည့်၍ ခွေးဘုရင်ကို ပေးလိုက်သည်။


ထို့နောက် အပိုင်းများစွာကို ဆက်လက်၍ ဝေငှပေးခဲ့ပြီး အခြားကြွေပန်းကန်လုံးများတွင် ထည့်ပေးခဲ့သည်။


အသား၏ ပမာဏမှာ မနည်းသော်လည်း ‌ယခုချိန်တွင် ရှိနေသောလူ များသည့်အတွက် နောက်ဆုံးတွင် ပုဖန်အတွက် အသားတစ်ပိုင်းတစ်စသာ ကျန်တော့သည်။


လူအားလုံး သူတို့ရှေ့‌တွင်ရှိသော ပန်းကန်လုံးမှ အသားကို ကြည့်လျက် တံတွေးမျိုချနေကြသည်။ 


ထိုအသားသည် တောက်ပနေပြီး အလွန်အမင်း အရသာ ရှိမည့်ပုံပင်။


" ရတနာရှစ်သွယ် ဝက်သားနီနှပ်ပါ မြည်းကြည့်ကြပါဦး..." 


ပုဖန် ပြောလိုက်သည်။ 


အချိန်အနည်းငယ် ကြာသောအခါ အားလုံး၏ မျက်လုံးများ အရောင်လက်လာပြီး လှုပ်ရှားကုန်ကြသည်။


ခွေးဘုရင်သည်လည်း တွန့်ဆုတ်မနေတော့ပဲ ပန်းကန်လုံးကိုယူ၍ ခေါင်းကိုစောင်းကာ အသားများကို မျိုချလိုက်သည်။


ငရဲဘုရင်အာဟ တူကိုယူ၍ အသားအကုန်လုံးကို ပါးစပ်ထဲ ထည့်လိုက်သည်။


ပါးစပ်ထဲ ထည့်ပြီးနောက် သူ၏ပါးစပ် စတင်လှုပ်ရှားလာပြီး ဝါးနေသော အသံများကိုပင် ကြားနေရသည်။


နယ်သာရီ အသားကို ပြေပြစ်စွာကောက်ယူ၍ တစ်ကိုက်ဝါးလိုက်သည်။


ပန်းပွင့်လေးသည်လည်း ငရဲဘုရင်အာဟကဲ့သို့ အသားကိုယူလိုက်ပြီး ပါးစပ်ထဲအပြည့်ထည့်ကာ ဝါးနေသည်။


မြို့တော်သခင်၏သမီး မူလျှိူ့အာမှာ အသားကို အနည်းငယ်သာ ဖဲ့ယူပြီးစားလိုက်သည်။ သူမ ဖဲ့ယူလိုက်သောအပိုင်းမှာ အဆီလွှာဖြစ်နေသည်။


အသား၏အရေခွံကို ‌အလင်းဖောက်နိုင်သည်အထိ ချက်ပြုတ်ထားပြီး အချဉ်ရည်နှင့် ရောစပ်လိုက်သောအခါ အလွန်အရသာရှိလှသည်။


နောက်ဆုံးတွင် သူမကို စိတ်ကျေနပ်မှုများ ပေးနိုင်ခဲ့သည်။ အဆီများသော်လည်းချွဲကျိမှုမရှိသော အသားပင်...


ဤသည်မှာ မူလျှို့အာ၏ ပထမဆုံး အတွေးဖြစ်သည်။ အသားသည် အနှိုင်းမဲ့နူးညံ့ပြီး အဆီများလွန်းသည်ဟု လူတို့အား မခံစားရစေပါ။


၎င်းတွင် လန်းဆန်းစေသော အရသာရှိပြီး သူမကို ပို၍ပင် ဗိုက်ဆာသည်ဟု ခံစားသွားရစေသည်။


" အရသာရှိလိုက်တာ..." မူလျှို့အာ မျက်လုံးများပြူးကျယ်၍ ပြောလိုက်သည်။ 


ဒီဟင်းလျာကို တကယ်ပဲ ပုဖန် ချက်ထားတာလား...


သေမျိုးကမ္ဘာက လာတဲ့စားဖိုမှူးကလေ.... သူ့ရဲ့ တိုးတက်မှုတွေက ကြီးမားလွန်းတယ်...


အတွေ့အကြုံရှိ ဒိုင်လူကြီးတစ်ဦးအနေဖြင့် မန်နေဂျာချန် ဤကိစ္စကို အလေးအနက် သဘောထားနေသည်။


ရတနာရှစ်သွယ် ဝက်သားနီနှပ်ကို မြည်းစမ်းမိလေ ထိုဟင်းလျာသည် ထူးခြားဆန်းကြယ်လွန်းသည်ဟု ခံစားမိလေ ဖြစ်သည်။


အသားကို ပထမဆုံးကိုက်လိုက်သောအခါ အရေခွံထဲသို့ သွားများနှစ်ဝင်သွားပြီး အချင်းချင်း ပွတ်တိုက်မိသွားသောအခါ သူ၏ခန္ဓာကိုယ်တစ်ခုလုံးကို ကြက်သီးထသွားစေသည်။


ကိုက်လိုက်ပြီးသည့်နောက် ထိုအသားထဲမှ အချဉ်ရည်များ ကျလာသည်။


အသားမှ ဆီနှင့် ရောထားသော ဟင်းရည်သည် မွှေးကြိုင်သော အနံ့ကို ထုတ်လွှတ်ပေးနေသည်။


ဒုတိယတစ်ခေါက် ကိုက်လိုက်သည့် အချိန်တွင် အသား၏ ဒုတိယအလွှာကို ဝါးမိသွားသည်။ ထိုအလွှာသည် အလွန်နူးညံ့လွန်းသည့်အတွက် ပါးစပ်ထဲအရည်ပျော်သွားသည်ဟု ထင်ရသည်။


သူအသားအားလုံးကို ဝါးစရာမလိုပေ။ ထိုအသား ပါးစပ်ထဲရောက်သွားသည်နှင့် နွေးထွေးသော စမ်းချောင်းကဲ့သို့ လည်ချောင်းထဲကို စီးဆင်းသွားသည်။


သူ၏ပါးစပ်တစ်ခုလုံး မွှေးပျံ့သောရနံ့များဖြင့် ပြည့်နေသည်။


အကယ်၍ တစ်စုံတစ်ယောက် ချက်ပြုတ်ထားသော ဝက်သားနီနှပ်ကို စားမိပါက ထိုအဆီများသောအသားကို ကိုက်ပြီးသည်နှင့် ချွဲကျိကျိခံစားရနိုင်သည်။ ထို့နောက် အသား၏ အရသာမှာ ပျင်းစရာကောင်းသည်ဟု ခံစားသွားရနိုင်သည်။


သို့သော် ဤ ရတနာရှစ်သွယ် ဝက်သားနီနှပ်မှာ ကွဲပြားသည်။ အဆီများသော်လည်း ချွဲကျိမနေပဲ ရနံ့လည်း လွှင့်စင် မသွားပေ။ 


မန်နေဂျာချန် အမှန်တကယ်ပင် ထိတ်လန့်သွားသည်။ 


နောက်တစ်ကြိမ် ဝါးပြီးသောအခါ နံရိုးနားကပ်နေသော အသားဆီသို့ ရောက်ရှိသွားသည်။ ဤအသားသည် ပို၍ကြွပ်ဆတ်ပြီး အလွန်မကွာခြားပေ။


နံရိုးသားသည် မာသော်လည်း အရသာရှိပြီး ဝါးရသည်မှာလည်း အရသာရှိလှသည်။ 


သူပို၍ဝါးလေ အရသာပို၍ ထွက်လာလေဖြစ်သည်။ 


" ဒါက အသားနီနှပ်ရဲ့ အကောင်းဆုံးအပိုင်းပဲ..."


 မန်နေဂျာချန် အံ့ဩစွာ အော်လိုက်မိသည်။


ဤဟင်းလျာသည် ဒုတိယအဆင့် မသေမျိုးစားဖိုမှူးတစ်ယောက်၏ လက်ရာနှင့်ပင် နှိုင်းယှဉ်၍ ရနိုင်သည်။


တစ်ခါက မန်နေဂျာချန် ဒုတိယအဆင့် မသေမျိုးစားဖိုမှူး ပြင်‌ဆင်ပေးသော ဟင်းလျာကို မြည်းစမ်းခဲ့ဖူးသည်။ ထိုဟင်းလျာ၏ အရသာကို ယခုထိတိုင် သူ၏စိတ်ထဲတွင် ပုံဖော်၍ရနေသေးသည်။


ပုဖန်၏ ရတနာရှစ်သွယ် ဝက်သားနီနှပ်သည် သူ့ထံမှ ပြင်းထန်သော တုံ့ပြန်မှုကို မရခဲ့သော်လည်း ယခင်က သူစားခဲ့သော ဟင်းနှင့် ယှဉ်လျှင် ပိုဆိုးမည်မဟုတ်ကြောင်း သူသိသည်။


ဤဟင်းလျာသမှာ အမှန်ပင် အရသာရှိလှသည်။ လိုအပ်နေသည်မှာ မသေမျိုးစွမ်းအင် ပမာဏအနည်းငယ်ပင် ဖြစ်သည်။


အန်ကယ်မူ တိတ်ဆိတ်ခြင်းထဲတွင် နစ်မြုပ်နေသည်။ သူ၏ပန်းကန်လုံး ပြောင်စင်နေပြီး ကျန်နေသော ဟင်းနှစ်များကို လျှာနှင့်ပင် လျက်လိုက်သည်။


ရတနာရှစ်သွယ်ဝက်သားနီနှပ် သူ၏အစာအိမ်တွင်းသို့ ရောက်သွားသည်နှင့် ဒဏ်ရာများအား ပျောက်ကင်းသွားစေသကဲ့သို့ ခံစားရသည်။ ထိုအရာအားလုံးမှာ အသားထဲတွင် ပါဝင်သော ဝိညာဉ်နှင့် အနှစ်သာရစွမ်းအင်တို့ကြောင့်ဖြစ်ပြီး သူ၏ဒဏ်ရာများကို လျင်မြန်စွာ ပျောက်ကင်းစေခဲ့သည်။


မသေမျိုးစားဖိုမှူး တစ်ဦးဖြစ်လာသည်နှင့် အာရုံစိုက်မှုနှင့် လေးစားမှုခံရသည်မှာ အံ့သြစရာမရှိပေ။ 


သူတို့သည် အမှန်တကယ်ပင် ထူးခြားဆန်းကြယ်ကြသည်။


ပုဖန်သည်လည်း သူ၏ ဝက်သားနီနှပ်ကို စားပြီးသွား၍ သက်ပြင်းရှည်ကြီးချလိုက်သည်။


ဝါးရွက်၏ လန်းဆန်းသောအရသာ ဆေးဖက်ဝင် ပါဝင်ပစ္စည်းများ၏ အရသာ ၎င်းတို့အားလုံးကို အသား၏အရသာနှင့် ရောစပ်လိုက်သောအခါ အရသာကို အဆင့်သစ်တစ်ခုသို့ ရောက်သွားစေခဲ့သည်။


ဟင်းလျာ၏ အရသာတွင် နှစ်မြှုပ်နေသူတိုင်းကို ကြည့်ကာ ပုဖန်၏နှုတ်ခမ်းများ အထက်သို့ ကွေးညွှတ်သွားသည်။


ဤဟင်းလျာကို ချက်ပြုတ်ခြင်းဖြင့် ယခင်က အမှတ်တရများကို ပြန်လည် သတိရသွားသည်။ ဤသည်မှာ စားဖိုမှူးများသာ ခံစားနိုင်သော ခံစားချက်တစ်ခုဖြစ်သည်။


ခဏခန့် စောင့်ပြီးသောအခါ အားလုံး ပုံမှန်အနေအထားသို့ ပြန်ရောက်သွားသည်။


မူလျှို့အာ စိတ်ရှုပ်ထွေးနေသော ပုံစံဖြင့် ပုဖန်ကို ကြည့်နေသည်။ 


ဗိုက်ဝသွားသော ခွေးဘုရင် တင်ပါးကို လှုပ်ရမ်း၍ အခန်းထောင့်သို့သွားကာ အိပ်နေပြီဖြစ်သည်။


ပန်းပွင့်လေးသည်လည်း ခွေးဘုရင်၏ နောက်သို့လိုက်သွားပြီး သူ၏ခြေထောက်များကို ဖက်၍ အိပ်နေသည်။


မဟူရာနဂါးဘုရင် ပန်းပွင့်လေးကိုကြည့်ကာ ကျေနပ်နေသောအမူအရာဖြင့် ခေါင်းပြောင်ကြီးကို ပွတ်နေသည်။


နယ်သာရီသည်လည်း သူမအခန်းသို့ ပြန်အိပ်နေသည်။


စားသောက်ဆိုင်သည် လျင်မြန်စွာ ရှင်းလင်းသွားပြီး ပုဖန် ငရဲဘုရင်အာဟနှင့် အခြားလူများသာ ကျန်ခဲ့သည်။


မူလျှို့အာ ပုဖန်ကိုကြည့်၍ အသက်ရှုသွင်းလိုက်သည်။


" နောက်ထပ်အဆင့်တစ်ခုကို ရောက်သွားတဲ့အတွက် ဂုဏ်ယူပါတယ် ပိုင်ရှင်ပု..." 


မူလျှို့အာ လေးနက်စွာ ပြောလိုက်သည်။


မူလျှို့အာနှင့် ပုဖန်၏ ဆက်ဆံရေးမှာ ဆိုးရွားလှသည်မဟုတ်ပေ။


ပုဖန်၏ နှုတ်ခမ်းများ ကော့ညွှတ်သွားပြီး ခေါင်းငြိမ့်ပြလိုက်သည်။ 


" ကျေးဇူးအများကြီး တင်ပါတယ်..." 


" ပိုင်ရှင်ပုက မသေမျိုးစားဖိုမှူး ဖြစ်သွားပြီဆိုတော့ သူကောင်းမျိုးမိသားစုတစ်ခုကို ဝင်ရတော့မှာပေါ့..."


မူလျှို့အာ လေးပင်သော အသံဖြင့်ပြောလိုက်သည်။


သူမ၏စကားက ပုဖန်ကို အံ့ဩသွားစေသည်။ သူကဘာလို့ သူကောင်းမျိုးမိသားစုတွေဆီ သွားရမှာလဲ...


ပုဖန်၏ စိတ်ကို ဖောက်ထွင်းမြင်နေရသကဲ့သို့ သူမပြုံးပြလိုက်သည်။


" ပိုင်ရှင်ပုကတော့ မသိလောက်သေးဘူး ပထမအဆင့် မသေမျိုးစားဖိုမှူးဖြစ်ပြီးသွားရင် ပန်းတိုင်က ဒုတိယအဆင့် မသေမျိုးစားဖိုမှူး ဖြစ်ဖို့ပဲ ဒါပေမဲ့ ဒုတိယအဆင့်က ပထမအဆင့်နဲ့ ကွဲပြားတယ်... ဒုတိယအဆင့်ကိုရောက်ဖို့ နောက်ခံကောင်းကောင်းရှိဖို့လိုပြီး သူတို့ရဲ့ မသေမျိုးကိရိယာတွေကိုလည်း အသုံးပြုရမယ် စိတ်စွမ်းအင်ကို အသုံးပြုပြီး အမှတ်အသားအချို့ရဖို့ မသေမျိုးမီးတောက်လည်းလိုတယ်...အဲဒီအရာအားလုံး ရရှိဖို့ဆိုရင် သဘာဝရင်းမြစ်တွေရှိဖို့လိုတယ် အဲ့ဒီရင်းမြစ်တွေ အကုန်လုံးက မသေမျိုးချက်ပြုတ်ခြင်းနယ်ပယ်ရဲ့ အမွေအနှစ်နယ်မြေမှာပဲရှိတာ..." 


မူလျှို့အာ ရှင်းပြလိုက်သည်။


ပုဖန် အလေးအနက်နားထောင်နေပြီး စကားတစ်လုံးမှ ဝင်မပြောပေ။


အဝေးတစ်နေရာတွင် မန်နေဂျာချန်သူ၏ မုတ်ဆိတ်မွှေးကို လေးနက်တည်ကြည်သော အမူအရာဖြင့် ပွတ်သပ်နေသည်။


" အဲ့တာကြောင့် ပိုင်ရှင်ပုက သူကောင်းမျိုး မိသားစုထဲ ဝင်ဖို့လိုတာ..."


" ဘာလို့လဲ..." ပုဖန် မျက်မှောင်ကြုတ်လိုက်သည်။


" မိသားစုတစ်ခုထဲ ဝင်ပြီးမှ အမွေအနှစ်နယ်မြေထဲဝင်ဖို့ အရည်အချင်းပြည့်မီတာပါ..." 


မူလျှို့အာ ဆက်ပြောလိုက်သည်။


" မသေမျိုးမြို့တော်မှာ မသေမျိုးစားဖိုမှူးတွေရဲ့ အရေအတွက်က နည်းပါးနေပြီ အမွေအနှစ်နယ်မြေကနေ အရင်းမြစ်တွေ များများလိုချင်လို့ စားဖိုမှူးတစ်ယောက်ယောက်ပေါ်လာတာနဲ့ သူကောင်းမျိုးမိသားစုတွေက ခေါ်ဖို့ကြိုးစားကြလို့ပဲ သူတို့ရဲ့ရည်မှန်းချက်ကိုရောက်ဖို့ မသေမျိုးစားဖိုမှူးတွေ လိုအပ်တယ်..."


ပုဖန်ခေါင်းငြိမ့်ပြလိုက်သည်။ မူလျှို့အာ ဆိုလိုချင်သည်ကို သူနားလည်သည်။


ကောင်းကင်ကမ္ဘာမြေမီးလျံမှာ သူ့အတွက် မသင့်လျော်တော့သောကြောင့် အဆင့်မြင့်သော မသေမျိုးမီးတောက်ကို ရှာဖွေရတော့မည်ဖြစ်သည်။


သို့သော် ထိုသို့ပြုလုပ်ရန် သူကောင်းမျိုး မိသားစုကို ဝင်ရောက်ရန်လိုအပ်နေသည်။


" ပိုင်ရှင်ပု ဘယ်မိသားစုကို ဝင်ရမှန်း မသိလို့များလား..."


အတွေးထဲနစ်မြုပ်နေချိန်တွင် မူလျှို့အာမေးလိုက်သော မေးခွန်းက သူ့အား ထိတ်လန့်သွားစေသည်။


ရုတ်တရက်...


မူလျှိူ့အာ မတ်တပ်ရပ်ပြီး ပုဖန်ကို လက်ကမ်းပေးလိုက်သည်။


" မသေမျိုးမြို့တော်က မြို့တော်သခင်ရဲ့ မိသားစုဖြစ်တဲ့ မူမိသားစုက ပုဖန်ကို မိသားစုထဲဝင်ရောက်ဖို့ ဖိတ်ခေါ်ပါတယ်..."