အခန်း ၉၈၉
စနစ်၏ ထူးဆန်းသောမစ်ရှင်
" ရှင် ဘယ်မိသားစုကို ဝင်ရမယ်ဆိုတာ မသိတာလား..."
မူလျှို့အာ၏စကားကြောင့် ပုဖန်အနည်းငယ် ထိတ်လန့်သွားသည်။ သူ့ဆီသို့ လက်လှမ်းလာသော မူလျှို့အာ၏ လက်ကိုကြည့်ပြီး ပုဖန်၏အကြည့်များ ထူးဆန်းလာသည်။
မူလျှို့အာ၏ စကားများမှာ အဓိပ္ပါယ်ရှိသည်။ ပုဖန်သည်လည်း ပိုမိုကောင်းမွန်သည့် ဟင်းလျာများချက်ပြုတ်ရန် မသေမျိုးမီးတောက်ကို ယခုချိန်တွင် လိုအပ်နေသည်။
မသေမျိုးမီးတောက်ကို ရရှိရန် လိုအပ်နေသော်လည်း သူ၏စားသောက်ဆိုင်ငယ်လေးကို ဖွင့်၍ စီးပွားရေးလုပ်ချင်သေးသည်။ သူ၏ ချက်ပြုတ်စွမ်းရည်ကိုလည်း ဖြည်းဖြည်းချင်း တိုးတက်လိုသည်။
မူလျှို့အာ၏အပြောအရ မသေမျိုးမီးတောက်သည် အမွေအနှစ်နယ်မြေတွင် ရှိသည်ဆိုပါက ...
အမွေအနှစ်နယ်မြေ...
ပုဖန်၏ နှုတ်ခမ်းများ ကွေးညွတ်သွားသည်။ သူ၏အနားတွင် နယ်သာရီရှိပါက သူ မဝင်ရောက်နိုင်သော အမွေအနှစ်နယ်မြေ မရှိပေ။
ပုဖန် မဲ့ပြုံးပြုံးနေသည်ကို မြင်သောအခါ မူလျှို့အာ ထိတ်လန့်သွားသည်။
ဘယ်လို တုံ့ပြန်မှုကြီးလဲ...
" တောင်းပန်ပါတယ် ကျွန်တော် ဘယ်မိသားစုကိုမှ မဝင်ပါဘူး... ကျွန်တော့်ရဲ့ စားသောက်ဆိုင်လေးဖွင့်ပြီး အေးဆေးပဲ နေချင်တာပါ..."
ပုဖန် တည်ငြိမ်စွာ ပြောပြီးနောက် ထပ်မံ၍...
" ပင်လယ်ကြီးကိုကြည့်ပြီး နွေဦးမှာ ပန်းလေးတွေပွင့်နေတာကိုပဲ ကြည့်နေချင်တာပါ..."
ဘာ သောက်ပင်လယ်လဲ...
ပင်လယ်ကို ဘယ်နားသွားရှာမှာလဲ...
မူလျှို့အာ၏မျက်နှာမှာ ချက်ချင်း မည်းမှောင်သွားသည်။ သူမ၏ ဖိတ်ခေါ်ချက်ကို ပုဖန် ငြင်းလိမ့်မည်ဟု မထင်ထားပေ။
ပုဖန်က မသေမျိုးမီးတောက်ကို စိတ်မဝင်စားတာများလား ထိုအရာမရှိလျှင် သူ၏ အချက်ပြုတ်စွမ်းရည်များလည်း မတိုးတက်လာနိုင်သကဲ့သို့ အဆင့်မြင့်ဟင်းလျာများလည်း မချက်ပြုတ်နိုင်ပေ။
မသေမျိုးမီးတောက်ကို အလိုရှိပါက အမွေအနှစ်နယ်မြေသို့ ဝင်ရောက်ရမည်သာဖြစ်သည်။
အကယ်၍ ဩဇာရှိတဲ့ မိသားစုတစ်ခုကို ပုဖန် မဝင်ရင် အမွေအနှစ်နယ်မြေကို ဘယ်လိုသွားမလဲ... မသေမျိုးမီးတောက်ကိုရော ဘယ်လိုရမှာလဲ...
ပုဖန်သည် တိုးတက်လိုစိတ်မရှိသော စားဖိုမှူးဟု သူမ မတွေးခဲ့မိပေ။
" ပိုင်ရှင်ပု နောက်တစ်ကြိမ်လောက် ထပ်မစဉ်းစားချင်တော့ဘူးလား ရှင့်ရဲ့စွမ်းရည်နဲ့သာဆိုရင် ကျွန်မတို့မိသားစုထဲဝင်လိုက်ရင် အရင်းမြစ်တွေ အများကြီးရမှာ ဒုတိယအဆင့် မသေမျိုးစားဖိုမှူးဖြစ်ဖို့ကလည်း အိမ်မက်မဟုတ်တော့ဘူး..."
မျက်မှောင်ကြုတ်နေသော မျက်နှာဖြင့် မူလျှို့အာ လေးနက်စွာ ပြောလိုက်သည်။ သို့သော် သူမ နောက်ထပ်မြင်လိုက်သောအရာမှာ သူမကို စိတ်ပျက်သွားစေခဲ့သည်။
ပုဖန်ခေါင်းကိုသာ ခါ၍ သူမကို ငြင်းဆန်လိုက်သည်။
မန်နေဂျာချန် ဘေးမှသာ ကြည့်နေသည်။ ကနဦးအစတွင် ပုဖန် မူမိသားစုကို ဝင်ရောက်မည်ဟု သူထင်ထားခဲ့သည်။
မူလျှိူ့အာ၏ ပုဖန်အပေါ် အလေးထားမှုမှာ သိသာလှသည်။ ထုံမိသားစုကို တားဆီးပေးရန်အတွက် ကြယ်နှစ်ပွင့် စစ်မှန်မသေမျိုးကျင့်ကြံသူကိုပင် တောင်းဆိုပေးခဲ့ရသည်။
အကယ်၍ အခြားလူတစ်ဦးသာဖြစ်လျှင် မူလျှိူ့အာ၏ဘက်သို့ ပါလာမည်ဖြစ်သည်။
သို့သော် မန်နေဂျာချန် ပုဖန်ကို သဘောပေါက်သည့်ပုံအရဆိုလျှင် ... သေမျိုးကမ္ဘာမှလာသော ဤစားဖိုမှူးသည် အလွန်အမင်း မာနကြီးသည်။
ထိုမာနကြီးမှုက မန်နေဂျာချန်ကို ကြက်သီးထစေသည်။ အဲ့ဒီမာနကြီးမှုတွေ ဘယ်ကရောက်လာတာလဲ သူမသိဘူး...
သို့သော် ပုဖန်ကို မူမိသားစုသို့ ဖိတ်ခေါ်ရန် နည်းလမ်းကို မန်နေဂျာချန်သိသည်။ အဲ့တာက...
အိမ်တော်သခင်မလေးကို လက်ထပ်ပြီး မိသားစုထဲ ဝင်ဖို့ပဲ...
သို့သော် ထိုအကြံဉာဏ်ကို သူလျင်မြန်စွာ ဖယ်ရှားလိုက်သည်...
" အဟမ်း..."
မူလျှို့အာ ထိတ်လန့်တကြားဖြစ်နေစဉ် မန်နေဂျာချန်က ချောင်းခြောက်ဆိုးပြီး သူမကို နှောင့်ယှက်လိုက်သည်။
မူလျှို့အာ အံ့ဩသွားသည်။
မန်နေဂျာချန် မုတ်ဆိတ်မွှေးများကို ပွတ်ပြီး မူလျှို့အာကို ခေါင်းငြိမ့်ပြလိုက်သည်။ ခေါင်းမော့၍ ပုထ
ဖန်ကိုကြည့်ပြီး ပြုံးကာ ပြောလိုက်သည်။
" ပိုင်ရှင်ပု မူမိသားစုကို မဝင်ချင်ဘူးဆိုလည်း အတင်းဖိအားမပေးပါဘူး ဒါပေမဲ့ ကျွန်တော်တို့ မိသားစုရဲ့ မျိုးဆက်သစ်လေးတွေအတွက် ဆရာအဖြစ်တော့ ဖိတ်ခေါ်လို့ ရတယ်မလား..."
ဟမ်...
ထိုစကားလုံးများ သူ၏ပါးစပ်မှ ထွက်သွားသည့် အချိန်တွင်...
ပုဖန်သာမက မူလျှို့အာလည်း အံ့ဩသွားသည်။
ဩဇာရှိသော မိသားစုတိုင်းတွင် မသေမျိုးစားဖိုမှုး အဖွဲ့များရှိကြသည်။ သို့သော် သူတို့မည်မျှထားနိုင်သည် ဟူသော ကန့်သတ်ချက်ရှိပြီး မိသားစုအားလုံးက မသေမျိုးစားဖိုမှူးများကို မြေတောင်မြှောက်ပေးရန် ဆန္ဒရှိကြသည်။
အရည်အချင်းရှိသော စားဖိုမှူးငယ်များကို စုစည်းကာ ချက်ပြုတ်နည်းကို သင်ပေးပြီး မိသားစု၏ မသေမျိုးစားဖိုမှူးများဖြစ်လာစေရန် ပြုစုပျိုးထောင်ပေးမည်ဖြစ်သည်။
သို့သော် မျိုးဆက်သစ်များကို သင်ပေးရန်မှာ စီနီယာမိသားစုဝင်များ၏ တာဝန်သာဖြစ်သည်။
အဲ့ဒါကို မန်နေဂျာချန်က ပိုင်ရှင်ပုကို သွားခေါ်တယ်လား...
ပိုင်ရှင်ပုကရော လက်ခံမှာလား...
" မှန်တာပေါ့ လျော်ကြေးအနေနဲ့ ပိုင်ရှင်ပုကို အမွေအနှစ်နယ်မြေထဲ ဝင်ခွင့်ပေးမယ် ဘယ်လိုလဲ..."
မန်နေဂျာချန် ပြုံး၍ ပြောလိုက်သည်။
မူလျှို့အာ ပို၍ မျက်မှောင်ကြုတ်လိုက်သည်။ မျိုးဆက်သစ်တွေကို မသေမျိုးစားဖိုမှူးဖြစ်လာဖိူ့ သင်ပြပေးရမည့်လူကို ဖိတ်ခေါ်တာ ဒီလောက် ရိုးရှင်းမနေဘူး...
သူမ အဖေကရော လက်ခံမယ်တဲ့လား...
" အိမ်တော်သခင်မလေးက မသိသေးတာ ဖြစ်ပါလိမ့်မယ် အမွေအနှစ်နယ်မြေက မကြာခင် ဖွင့်တော့မှာပါ မိသားစုထဲမှာ ရှိတဲ့ မသေမျိုးစားဖိုမှူးတွေအားလုံး အဲ့ဒီကို ဝင်ရောက်ဖို့ အလုပ်ရှုပ်နေကြတယ် ဒါကြောင့် အိမ်တော်က ကလေးတွေ အတန်းတွေလည်း မတက်ရပဲ နေ့တိုင်း ဆော့ကစားနေကြတယ်..."
မန်နေဂျာချန် မုတ်ဆိတ်မွှေးကို ပွတ်၍ ရှင်းပြလိုက်သည်။
" ဒါပေမဲ့..." မူလျှို့အာ တစ်ခုခုပြောချင်နေသည်။ ပုဖန်ကို ဆရာအဖြစ်ဖိတ်ခေါ်လိုက်တာက သူ့ကိုသွေးဆောင်ရမယ့်အစား အနှောင့်အယှက် ပေးသလို ဖြစ်မနေဘူးလား...
မန်နေဂျာချန်၏ တောင်းဆိုချက်ကြောင့် ပုဖန် ထိတ်လန့်သွားသည်။ သူဘာသဘောနဲ့ပြောတာလဲ...
မူမိသားစုထဲကို ဆရာအဖြစ်နဲ့ သွားဖို့မေးနေတာလား... လူတွေကို ဟင်းဘယ်လိုချက်ရမလဲ သင်ပေးရတော့မှာပေါ့...
မန်နေဂျာချန်မှာ အကြံဉာဏ်တွေ အများကြီးရှိတာပဲ...
ပုဖန် ရယ်ရမလား ငိုရမလားပင် မသိတော့ပေ။ သူက ဘယ်လိုလုပ်ဆရာဖြစ်နိုင်မှာလဲ နေ့တိုင်းအလုပ်များနေတာကို...
သို့သော် ထိုအချိန်တွင် စနစ်၏လေးနက်သော အသံ သူ၏ခေါင်းထဲတွင် ထွက်ပေါ်လာသည်။
" ယာယီမစ်ရှင် : မူမိသားစုမှာ စားဖိုမှူးဆရာ သွားလုပ်ပါ မျိုးဆက်သစ်များထဲမှ လက်ထောက်စားဖိုမှူး ရှာဖွေပါ မစ်ရှင်ဆု : အဆင့်မြှင့် ပူစပ်စပ်ငရုတ်နှစ် ..."
ပုဖန် သွေးအန်လုနီးပါး ဖြစ်သွားသည်။
အဲ့ဒီ ထူးဆန်းတဲ့မစ်ရှင်က ဘာကြီးလဲ...
ပုဖန် ဆွံအသွားသည်။ အလုပ်သင်တစ်ယောက်ကိုသင်ပေးခြင်းနှင့် ကျောင်းသားများကို သင်ပေးရခြင်းက အလွန်ကွာခြားသည်။ လူအများကြီးကို ကိုင်တွယ်ရမည်ဖြစ်ပြီး မည်သူ့ကိုမျှ သူ၏သဘောအတိုင်း မဆက်ဆံနိုင်ပေ။
(စနစ်ရေ ခဏထွက်ခဲ့ပါဦး ငါမင်းကို သေအောင်မရိုက်ဖူးလို့ ကတိပေးပါတယ်...)
ပုဖန် မှုန်ကုပ်ကုပ်ဖြင့် ပြောလိုက်သည်။
(ပိုင်ရှင် အစာကွင်းဆက်ရဲ့ ထိပ်ဆုံးမှာရပ်တည်မယ်ဆိုရင် ကြိုက်သလို ရွေးချယ်လို့မရဘူး စနစ်က မင်းဆီက အရမ်းမျှော်လင့်ထားတယ် မင်းက အကောင်းဆုံးပဲ...)
စနစ်၏ လေးနက်သောအသံ သူ၏ခေါင်းထဲတွင် ပေါ်လာသည်။
ဒီတစ်ခါလည်း လုပ်ချင်တာ လုပ်သွားပြန်ပြီ...
ပုဖန် လုံးဝကို တုန်လှုပ်သွားသည်။ ချက်ပြုတ်ခြင်း နတ်ဘုရားဖြစ်လာဖို့က သူကြိုက်တာရွေးတာနဲ့ ဘာဆိုင်လို့လဲ...
ပုဖန်တွေဝေနေသည်ကို မန်နေဂျာချန် သတိပြုမိသည်။ မျက်လုံးများကိုမှေး၍ မုတ်ဆိတ်များကို ပွတ်သပ်ကာ မေးလိုက်သည်။
" ပိုင်ရှင်ပု ကျွန်တော့ရဲ့ တိုက်တွန်းချက်ကို စိတ်ဝင်စားလားမသိဘူး..."
မူလျှို့အာလည်း တွေးတောနေသည်။ အကယ်၍ ပိုင်ရှင်ပု လက်ခံလျှင် အလွန် မဆိုးရွားသေးပေ။ အနည်းဆုံး သူတို့၏ မူမိသားစုအတွက် မဆိုးရွားပေ။
ပုဖန် သူတို့၏ မိသားစုထဲမဝင်သော်လည်း အခြားမိသားစုများ၏ ခေါ်ဆောင်သွားခြင်းကိုလည်း မခံရပေ။
ထိုအတွေးဖြင့် မူလျှို့အာ၏ မျက်လုံးများအရောင်လက်ကာ ပုဖန်ကို ကြည့်နေသည်။
ပုဖန်၏ မျက်နှာမှာ တောင့်တင်းနေသည်။
စနစ်၏ ထိုမစ်ရှင်ကို သူအမှန်တကယ် ငြင်းဆိုချင်သည်။
စနစ်က သူ့ကို ဒီလိုတာဝန်လုပ်ခိုင်းလိမ့်မယ်လို့ ဘယ်သူထင်မှာလဲ... အနည်းဆုံး သာမန်ဖြစ်တဲ့ အမွေအနှစ်နယ်မြေကိုသွားပြီး မသေမျိုးမီးတောက် ဒါမှမဟုတ် အခြားတစ်ခုခု ရှာခိုင်းတာမျိုး လုပ်ခိုင်းသင့်တယ်..."
စားဖိုမှူးဆရာလုပ်ခိုင်းတာက သူ့ကိုနေရခက်အောင် လုပ်နေတာပဲ...
" ကောင်းပါပြီ ကျွန်တော် လက်ခံတယ်..."
ထိုစကားများ သူ၏နှုတ်မှ ထွက်သွားသောအချိန်တွင် စိတ်ထဲ၌ တွန့်ဆုတ်နေခဲ့သည်။
မူလျှို့အာနှင့် မန်နေဂျာချန်တို့ ခဏခန့် ထိတ်လန့်သွားသည်။
နောက်ဆုံးတော့ ပုဖန် လက်ခံလိုက်ပြီပေါ့...
ဘေးတွင်ထိုင်နေသော ငရဲဘုရင်အာဟလည်း ဆွံ့အသွားသည်။
ဘာ... ပုဖန်က တကယ် သဘောတူလိုက်တာလား ပိုင်ရှင်ပုက တကယ် ဆရာ ဖြစ်တော့မှာပေါ့...
" ကျွန်တော် လက်ခံပါတယ် ဘယ်တော့စကြမလဲ..."
ပုဖန် မျက်နှာသေဖြင့် မေးလိုက်သည်။ သူလက်ခံလိုက်သည့်အချိန်မှ စ၍ ရှောင်လွှဲ မရတော့ပေ။
စနစ်သည် ဤတစ်ကြိမ် သူ့အား အနည်းငယ် နစ်နာစေသလို ခံစားလိုက်ရသည်။ အရည်အချင်းရှိသည့် စားဖိုမှူးကိုပင် သူ၏အလုပ်သင်အဖြစ် ရွေးခိုင်းနေသည်။
သို့သော် ပုဖန် ဤတောင်းဆိုချက်ကို အနည်းငယ် ကျေနပ်နေမိသည်။ အနာဂတ်အတွက် အလုပ်သင်စားဖိုမှူးရှာရန် တွေးတောစရာမလိုတော့ပေ။
" အင်း... မနက်ဖြန် စကြတာပေါ့... ပိုင်ရှင်ပုကို မနက်ဖြန် မူမိသားစုကို ခေါ်သွားပေးပါမယ်..."
မူလျှို့အာ ပြောလိုက်သည်။
" အိုး... ကောင်းပါပြီ တစ်ခုတောင်းဆိုစရာရှိပါသေးတယ် ကျွန်တော့်ရဲ့ အလုပ်ချိန်ပြီးမှ လာသင်ပေးလို့ရလား..."
ပုဖန် ပြောလိုက်သည်။ သင်ကြားခြင်းသည် ငွေရရှိခြင်းနှင့် မသက်ဆိုင်နေပေ။
" သေချာပေါက် ရတာပေါ့..."
မူလျှို့အာ၏ မျက်နှာတွင် အပြုံးတစ်ခု ပေါ်လာသည်။
သူတို့ တွေ့ဆုံပြီးသောအခါ မူလျှိုအာ၏အဖွဲ့သည် အပြုံးများဖြင့် စားသောက်ဆိုင်မှ ထွက်ခွာသွားသည်။
သူတို့၏ ထွက်ခွာသွားသော ပုံရိပ်များကိုကြည့်ကာ ပုဖန် ခေါင်းကုတ်လိုက်သည်။
မနက်ဖြန်တွင် ဆရာတစ်ဦးဖြစ်တော့မည်ဖြစ်၍ သူအနည်းငယ် စိတ်လှုပ်ရှားနေသည်။
...
ထုံမိသားစုတွင်
တောက်ပသော အလင်းတန်းတစ်ခု ဖြတ်ကျော်သွားသည်။
ခဏအကြာတွင် ထုံမိသားစုခေါင်းဆောင် ထုံဝူတီ ခြံဝင်းထဲတွင် ပေါ်လာသည်။ လက်ကိုဝှေ့ယမ်းလိုက်သောအခါ ထံမူဟဲ၏ ခန္ဓာကိုယ် လေပေါ်တွင် လွင့်မျောနေသည်။
ထုံမိသားစု၏ အကြီးအကဲဖြစ်သူ ထုံချန်း၏အဖေ ထုံရွှမ် သူ၏အခန်းတွင်းမှ ထွက်လာသည်။ ထုံမူဟဲ၏ သနားစဖွယ် အခြေအနေကို မြင်လိုက်ရသောအခါ သူ၏ မျက်လုံးသူငယ်အိမ် ကျုံ့သွားသည်။
ထုံဝူတီ၏ အော်ရာသည် ကြောက်မက်ဖွယ်နဂါးတစ်ကောင်နှင့် တူပြီး ထုံရွှမ်ကို မွန်းကြပ်နေစေသည်။
" ခေါင်းဆောင်... ဒါ..." ထုံရွှမ် အထစ်ထစ်အငေါ့ငေါ့ ပြောလိုက်သည်။
" မသေမျိုးပါဝင်ပစ္စည်းတွေ ထားတဲ့မုဒ်ဦးထဲက အမှတ်သုံးခု နဂါးပြာရဲ့သည်းခြေအိတ်ကိုသွားယူပြီး ထုံမူဟဲရဲ့လက် ပြန်ပေါက်လာအောင် ပေးလိုက် အဲ့တာတွေပြီးရင် ငါ့ကို ပင်မခန်းမဆောင်ထဲမှာ လာတွေ့..."
ထုံဝူတီ့၏ မျက်နှာမှာ မည်းမှောင်နေပြီး အေးစက်သောအကြည့်ဖြင့် ထုံရွှမ်ကို ကြည့်ပြီး ထွက်သွားသည်။
ထုံရွှမ် ထိုနေရာ၌ပင် ကြောင်အမ်းအမ်းဖြင့် ရပ်နေမိသည်။ထုံဝူတီ၏ ခန္ဓာကိုယ်မှ မကျေနပ်မှုများကို ခံစားလိုက်ရသည့်အတွက် သူ၏ခန္ဓာကိုယ်မှာ အေးစက် တောင့်တင်းနေသည်။
ထုံမူဟဲကရော ဘာလို့ ဒီလောက်ဒဏ်ရာတွေ ရလာတာလဲ...
ငွေရောင် သံချပ်ဝတ်အစောင့်တွေနဲ့ ထုံမူဟဲက သေမျိုးစားဖိုမှူး ဖွင့်ထားတဲ့ စားသောက်ဆိုင်ကို မနှိမ်နင်းနိုင်ခဲ့တာများလား...
ကျန်ရှိသော လက်တစ်ဖက်လည်း ကျိုး၍ ထုံမူဟဲ၏ အခြေအနေမှာ သနားစရာကောင်းနေသည်။ စုတ်ပြတ်နေသော သူ၏ခန္ဓာကိုယ်မှ သွေးစိမ်းများ စီးကျလာသည်။ ခြုံငုံကြည့်လျှင် သူသည် သနားစရာပင်။
" သေပြီ... သူတို့အားလုံး သေပြီ... ကျွန်တော့်ရဲ့တပ်သားတွေ အကုန်သေကုန်ကြပြီ..."
ထုံမူဟဲ၏ မျက်လုံးသူငယ်အိမ်မှာ ကျဉ်းမြောင်းနေပြီး သူ၏မျက်လုံးထဲတွင် ရက်စက်သော အကြည့်တစ်ခုအပြင် ထိတ်လန့်နေသော အကြည့်တစ်ခုလည်းရှိသည်။
ငွေရောင်သံချပ်ဝတ် အစောင့်တွေအားလုံး သေပြီ...
ထုံဝူတီသာ ထွက်ပေါ်မလာခဲ့လျှင် ထုံမူဟဲသည်လည်း သေဆုံးသွားနိုင်သည်။
ထုံရွှမ် သက်ပြင်းရှည်ကြီးချလိုက်ပြီး ရင်တုန်နေသည်။ ဘယ်လို တည်ရှိမှု့မျိုးကို သူ့သားက ရန်သွားစလိုက်တာလဲ...
မျက်တွင်းများ ချောင်ကျနေသော ထုံမူဟဲကိုကြည့်၍ ထုံရွှမ် မုဒ်ဦးဆီသို့ အမြန်သွားလိုက်သည်။
...
ထုံမိသားစု၏ ပင်မခန်းမဆောင်ထဲရှိ ကုလားထိုင်တွင် ထုံဝူတီ အေးစိမ့်သော အမူအရာဖြင့် ထိုင်နေသည်။
ကြောက်မက်ဖွယ်ကောင်းသော အော်ရာများ သူ့ကို ဝန်းရံထားပြီး လူတိုင်းဆံပင်များပင် ထောင်လာသကဲ့သို့ ခံစားနေရသည်။
ထုံရွမ် တံခါးမှ ဖြည်းညှင်းစွာ လျှောက်လာပြီး ထုံဝူတီ့၏ရှေ့တွင် ပေါ်လာသည်။
" ခေါင်းဆောင် ကျွန်တော် ဆေးထည့်ပေးပြီးပါပြီ..."
ထုံရွှမ် ဦးညွှတ်၍ အရိုသေပြုလိုက်သည်။ ထိုနောက် ထပ်မံ၍...
" အဲ့ဒီသေမျိုးရဲ့ စားသောက်ဆိုင်..."
ဖြောင်း...
ထုံရွှမ် ထပ်မံပြောရန် ပြင်နေစဉ်မှာပင် ထုံဝူတီ သူ့အား ပါးရိုက်လိုက်သဖြင့် စားပွဲပေါ်သို့လဲကျကာ ချက်ချင်းပင် ထိုစားပွဲ ကြေမွသွားသည်။
" အဲ့ဒီ စားသောက်ဆိုင်အကြောင်း ထပ်မပြောနဲ့... မင်း ဒါတွေကို မျိုသိပ်ထားတာ ပိုကောင်းမယ်..."
ထုံဝူတီ အေးစက်စွာပြောလိုက်သည်။
ထုံရွှမ်၏ မျက်လုံးသူငယ်အိမ် ကျုံ့သွားသည်။
မဖြစ်နိုင်ဘူး... ဒီလောက် အကြီးအကျယ် ဆုံးရှုံးထားတာ ထုံမိသားစုက လူတွေဘယ်နှယောက်တောင် ဆုံးရှုံးထားတာလဲ ... ထုံဝူတီက သူတို့ရဲ့ နာကြည်းမှု့တွေကို ဒီတိုင်းမျိုသိပ်ထားခိုင်းတာလား...
သူတို့ ဘယ်လိုလုပ်ရမှာလဲ...
ထုံဝူတီက ဘာကိုကြောက်နေတာလဲ...
" သူတို့ကို သွားရန်မစနဲ့ အဲ့ခွေးပြန်လာပြီ..."
အချိန်အနည်းငယ် ကြာပြီးနောက် ထုံဝူတီ ပြောလိုက်သည်။
" ခွေး..."
ထုံရွမ် မျက်မှောင်ကြုတ်လိုက်သည်။ ထို့နောက်စိတ်ထဲတွင် တစ်စုံတစ်ခုကို အမှတ်ရသွားသည့်ပုံဖြင့် မျက်လုံးများ ပြူးကျယ်သွားသည်။ ထို့နောက် မယုံသင်္ကာဖြစ်သော အမူအရာတစ်ခု ပေါ်လာသည်။
" ခေါင်းဆောင် ဆိုလိုတာက မသေမျိုးချက်ပြုတ်ခြင်းနယ်ပယ်မှာ ပြဿနာရှာခဲ့တဲ့ ကမ္ဘာမြေ အကျဉ်းထောင်က ခွေးလား..."
" ဟုတ်တယ် အင်အားရှိတဲ့မိသားစုတွေရဲ့ မုဒ်ဦးတစ်ဝက်လောက်ကို စားပစ်ခဲ့တဲ့ အဲ့ခွေးပြန်လာပြီ... သူ့ရဲ့အစွမ်းတွေက ဆုတ်ယုတ်မသွားတဲ့အပြင် အရင်လို အရှက်ကင်းမဲ့နေတုန်းပဲ..."
ထုံဝူတီ သက်ပြင်းချလိုက်သည်။ ထိုခွေးပြန်လာသော မြင်ကွင်းကို မြင်လိုက်ရသော တစ်ဦးတည်းသောသူ ဖြစ်မည်ဟု သူမထင်ထားခဲ့ပေ။
ထိုသတင်းသည် မသေမျိုးမြို့တော် တစ်ခုလုံးကိုပင် ပျံ့နှံ့သွားလိမ့်မည်။
အမွေအနှစ်နယ်မြေ ပွင့်ခါနီးမှ အဲ့ခွေးက ပြန်ပေါ်လာရတာလဲ...
ထုံဝူတီ လေအေးများ ရှုရှိုက်လိုက်သည်။ ဆက်နွယ်မှုကိုရှာရန် သူ့အတွက် အချိန် မယူလိုက်ရပေ။
ယခု သူခေါင်းကိုက်လာပြီ ဖြစ်သည်။
" အမိန့်ထုတ်လိုက်စမ်း... ဒီနေ့ကစပြီး ထုံမိသားစုအစောင့်တွေရဲ့ အရေအတွက်ကို အရင်ထက် ဆယ်ဆတိုးမယ်... ဘယ်သူကမှ မုဒ်ဦးကို မဝင်ရဘူး..."
...
နောက်တစ်နေ့တွင် မူလျှို့အာ ရိုးရိုးရှင်းရှင်း ၀တ်စားဆင်ယင်ပြီး မသေမျိုးစားဖိုမှူး ဆိုင်ငယ်လေးသို့ သွားခဲ့သည်။
တံခါးကို ဖွင့်လိုက်သောအခါ စားသောက်ဆိုင်၏ နေ့တစ်နေ့ ကုန်ဆုံးတော့မည်ကိုသိလိုက်ရသည်။ နေရာတစ်ခုရှာ၍ ထိုင်နေပြီး မေးစေ့ကို လက်များဖြင့်ထောက်ထားလိုက်သည်။
ဒင်...
ပုဖန် မီးဖိုချောင်ထဲမှ ထွက်လာသည်နှင့် မီးဖိုချောင်၏ တံခါးပေါ်ရှိ ခေါင်းလောင်းမှ အသံမြည်လာသည်။
အနီရောင်စားဖိုမှူး ဝတ်စုံသည် လေတိုက်သည့်အခါ တဖျပ်ဖျပ်လွင့်နေပြီး သူ၏ခိုင်ခံ့တင့်တယ်သော လက်မောင်းများကို ပြသနေသကဲ့သို့ပင်။
" ပိုင်ရှင်ပု ဒီနေ့အတွက်ပြီးပြီလား...ရှင့်ရဲ့ ကျောင်းသားသစ်တွေကို သွားကြည့်ရအောင်..."
မူလျှို့အာ၏ မျက်နှာတွင် အပြုံးတစ်ခုပေါ်လာပြီး ပုဖန်ကို ကြည့်လိုက်သည်။
ပုဖန်၏ မျက်နှာမှာ ခဏခန့် တောင့်တင်းသွားပြီး သက်ပြင်းရှည်ကြီးချလိုက်သည်။
" ကောင်းပါပြီ... သွားရအောင်..."