အပိုင်း ၁၁၈၅
Viewers 54k

အခန်း ၁၁၈၅

ခွေးတိုင်းမှာလည်း မျက်နှာပန်းလှတဲ့နေ့ရှိတယ်


နတ်ဆိုးဘုရင်ကြီးရဲ့ အလုပ်သင်စားဖိုမှူးဖြစ်ရတာ မနာလိုစရာကောင်းလိုက်တာ ...


သေချာပေါက် မနာလိုစရာပဲပေါ့ ...


မသေမျိုးချက်ပြုတ်ခြင်းနယ်ပယ်တွင် ယခုလက်ရှိ နာမည်အကြီးဆုံးက နယ်ပယ်သခင်နှင့် မြို့တော်သခင်များ မဟုတ်ကြပဲ နတ်ဆိုးဘုရင်ကြီးဖြစ်သည်။ အင်မော်တယ်စားဖိုမှူးပြိုင်ပွဲတွင် ပထမရအောင်ယှဉ်ပြိုင်ခဲ့ခြင်းနှင့် ငရဲအကျဉ်းထောင်ကျူးကျော်မှုကို ကာကွယ်ပေးခဲ့ခြင်းများကြောင့် နတ်ဆိုးဘုရင်ကြီး၏ ဂုဏ်သတင်းကျော်ကြားမှုကို နယ်ပယ်တစ်ခုလုံး ရိုက်ခတ်စေခဲ့သည်။ သူ၏နာမည်ကို မကြားဖူးသူ မရှိပေ။


နာမည်ကျော်ကြားသော တစ်စုံတစ်ယောက်၏ အလုပ်သင်ဖြစ်ရခြင်းက ဂုဏ်ယူဖွယ်ရာတစ်မျိုးဖြစ်ပြီး ကောင်းချီးပေးခံရခြင်းဟုလည်း ဆိုနိုင်သည်။


ပုဖန်၏အလုပ်သင်ဖြစ်ရခြင်းမှာ ဂုဏ်ယူစရာဖြစ်ကြောင်းကို ရှီးရှီးက ငယ်ရွယ်သေးသဖြင့် နားမလည်နိုင်သေးပေ။ သို့ရာတွင် သူမက ပုဖန်၏လမ်းညွှန်ချက်များအတိုင်းလိုက်နာပြီး ပုဖန်ကဲ့သို့ စားဖိုမှူးကောင်းတစ်ယောက်ဖြစ်ရန်က သူမ၏ ရည်ရွယ်ချက်ဖြစ်သည်။


ပုဖန်၏ အကြည့်များက စူးရှလွန်းလှသည်။ သူ အားလုံးကို စေ့စေ့စပ်စပ်ကြည့်နေချိန်တွင် ကွင်းထဲမှ ပါဝင်သူများအားလုံး တုန်ယင်နေကြသည်။


သူနှင့် အကြည့်ချင်းဆုံသူတိုင်း လန့်သွားသဖြင့် အမြန်အကြည့်လွှဲကြရသည်။


ရှီးရှီးက သူမ၏ဟင်းလျာကို လက်နှစ်ဖက်ဖြင့် ခေါင်းမော့ပြီးဂုဏ်ယူဝင့်ကြွားစွာသယ်လာသည့် တစ်ဦးတည်းသောလူဖြစ်သည်။ သူမ၏ ဟင်းလျာများက ဆရာပုကို ဘယ်သောအခါမှ အရှက်မရစေဟု မျှော်လင့်ထားသည်။


" အိုး ... တစ်ခုပြောပြဖို့မေ့သွားတယ် ပုဖန်ကို နယ်ပယ်သခင် ပထမအလွှာမြို့တော်သခင်နဲ့ ကျွန်မတို့ အကဲဖြတ်စစ်ဆေးပြီးသွားလို့ ဒုတိယအဆင့်အင်မော်တယ်စားဖိုမှူးစစ်ဆေးချက်ကို အောင်သွားပြီ ... သူအခု တတိယအဆင့်အင်မော်တယ်စားဖိုမှူး ဖြစ်သွားပါပြီ ..." မုန့်ချီက ပြုံးရယ်လျက် လက်နောက်ပစ်ထားပြီး ဤသတင်းကို အားလုံးကိုပြောပြလိုက်သည်။


လူအုပ်ကြီး ခဏတာငြိမ်သက်သွားသည်။ ‌ထို့နောက် သူတို့အားလုံး ပင့်သက်ရှိုက်ကုန်သည်။


" နတ်ဆိုးဘုရင်ကြီးက ဒုတိယအဆင့်အင်မော်တယ်စားဖိုမှူးစစ်ဆေးချက်ကို အောင်သွားပြီလား ..."


" နေပါဦး သူအောင်တာက ဒုတိယအဆင့် စစ်ဆေးချက်ဆိုရင် ဘာလို့ တတိယအဆင့်အင်မော်တယ်စားဖိုမှူးဖြစ်သွားတာလဲ ..."


" နတ်ဆိုးဘုရင်ကြီးက သူရဲကောင်းဆိုပေမယ့် သူ့အတွက် ဒီလိုမျိုး နောက်ဖေးတံခါးကို ဖွင့်ပေးလိုက်တာက မဟုတ်သေးဘူးလေ ..."


" မဟုတ်ဘူး သူတို့ အဲ့လိုလုပ်လို့မရနိုင်ပါဘူး ...မသေမျိုးသစ်ပင်ရဲ့ စိတ်ဆန္ဒက အကဲဖြတ်မှုတစ်ခုလုံးကို စောင့်ကြည့်နေမှာပဲလေ ... တကယ်လို့ ကိုက်ညီမှုရှိတဲ့ ခွန်အားတစ်ခုမရှိရင် သူက တတိယအဆင့်အင်မော်တယ်စားဖိုမှူးဖြစ်မလာနိုင်ဘူး ..."


" ဒါဆိုရင် ..."


" ဒုတိယအဆင့် စစ်ဆေးချက် အောင်ပြီးတာနဲ့ နတ်ဆိုးဘုရင်ကြီးက တတိယအဆင့် စစ်ဆေးချက်ကိုပါ အောင်သွားတာလား ..."


၎င်းက သူတို့မျှော်မှန်းထားသည်ထက် ကျော်လွန်နေသည်။


လူအုပ်ကြီးက ကြောက်လန့်သွားပြီး မယုံကြည်နိုင်ဖြစ်နေကြသည်။


နတ်ဆိုးဘုရင်ကြီးက သူရဲကောင်းတစ်ယောက်ဖြစ်သော်လည်း သူ၏ချက်ပြုတ်စွမ်းရည်က အမြဲတစေ လူများစွာ၏ အပြစ်ရှာခံရသည်။ အင်မော်တယ်စားဖိုမှူးပြိုင်ပွဲတွင် ဉာဏ်ကြီးရှင်များစွာကို အနိုင်ယူခဲ့ပြီး နောက်ဆုံးတွင် ချန်ပီယံဖြစ်လာခဲ့သော်လည်း သူက ပထမအဆင့်အင်မော်တယ်စားဖိုမှူးသာ ဖြစ်သည်။ ဒုတိယအဆင့် တတိယအဆင့် အင်မော်တယ်စားဖိုမှူးများနှင့် နှိုင်းယှဉ်ပါက သူ၏အချက်အပြုတ်စွမ်းရည်များက နိမ့်နေသေးနိုင်သည်။


မသေမျိုးချက်ပြုတ်ခြင်းနယ်ပယ်တွင် အချက်အပြုတ်စွမ်းရည်ကသာ စကားပြောသည်။


အလွန်သန်မာသည့် စစ်မှန်စွမ်းအင် ကျင့်ကြံခြင်းများ ရှိလျှင်ပင် အချက်အပြုတ်စွမ်းရည်က ချို့ယွင်းနေပါက အခြားလူများက ကြောက်ရုံသာကြောက်ပြီး လေးစားကြမည်မဟုတ်ပေ။


သို့ရာတွင် ယခုအခါ နတ်ဆိုးဘုရင်ကြီး၏ အချက်အပြုတ်စွမ်းရည်က တတိယအဆင့် အင်မော်တယ်စားဖိုမှူးအဆင့်သို့ပင် ရောက်လာခဲ့ပြီဖြစ်သည်။


၎င်းက အရာအားလုံးကို ပြောင်းလဲသွားစေသည်။ တခြားစကားဖြင့်ပြောရလျှင် နတ်ဆိုးဘုရင်ကြီးက မသေမျိုးချက်ပြုတ်ခြင်းတယ်ပယ်မှ အင်မော်တယ်စားဖိုမှူးများစွာ လေးစားရမည့် အနေအထားတစ်ခုသို့ ရောက်လာပြီဖြစ်သည်။


" ဟုတ်တယ် မင်းတို့အားလုံးထင်သလိုပဲ ပုဖန်က ဒုတိယအဆင့် စစ်ဆေးချက်ပြီးတော့ တတိယအဆင့် စစ်ဆေးချက်ခံယူခဲ့ပြီး အောင်မြင်ခဲ့တယ် ..."

မြို့တော်သခင်မုန့်ချီက အပြုံးတစ်ခုဖြင့်ပြောလိုက်သည်။


သူမ အတည်ပြုပြီးသည်နှင့် တစ်ခန်းလုံးမှလူများ တအံ့တဩဖြင့် အော်ဟစ်ကုန်ကြသည်။ မယုံကြည်မှုကြောင့် လေအေးကိုရှုရှိုက်နေကြပြီး ပုဖန်ကိုကြည့်သောအကြည့်များလည်း ပြောင်းလဲသွားသည်။


ပါဝင်သူများအားလုံး သူတို့ဟင်းလျာများကိုယူလာပြီး ဒိုင်လူကြီးများရှေ့မှစားပွဲပေါ်တင်လိုက်ကာ ကြောက်လန့်တုန်လှုပ်နေကြသည်။


ပုဖန်က စားပွဲကို လက်ချောင်းများဖြင့် ခပ်ဖွဖွခေါက်နေပြီး ပထမဆုံးပါဝင်သူကောင်လေးကို ကြည့်လိုက်သည်။ ထိုကောင်လေးက အသက် ၁၁နှစ် - ၁၂နှစ် ဝန်းကျင်ခန့်ရှိပြီး ရှီးရှီးကို အကျယ်ဆုံးရယ်ခဲ့သည့်လူဖြစ်သည်။


ထိုကောင်လေးက ပုဖန်နှင့် မနီးမဝေးတွင် ရပ်နေသည်။ ခေါင်းငုံ့ထားပြီး ပုဖန်ကို မော့မကြည့်ရဲပေ။ သူက ရှီးရှီးကို ရယ်ခဲ့မိသည့်အပြင် သူမကိုသရော်ခဲ့မိသည်။ ယခု သူမ၏ဆရာက သူ့ရှေ့တွင် ထိုင်နေပြီဖြစ်သဖြင့် သူ့ရင်ထဲတွင် မကျေနပ်ချက်များဖြင့် ပြည့်နေသည်။


ခွေးတိုင်းမှာလည်း မျက်နှာပန်းလှတဲ့နေ့ရှိတယ် ... အလားအလာရှိတဲ့ အရည်အချင်းတွေကို ဘယ်သူမှ အထင်မသေးသင့်ဘူး ...


" ခေါင်းမော့ပြီး မင်းရဲ့ဟင်းလျာကို မိတ်ဆက်ပေးပါဦး ..."


ကောင်းလေးက တစ်ချက်တုန်သွားပြီး ပခုံးကိုဆန့်လိုက်သည်။


" လေးစားရတဲ့ ဒိုင်လူကြီးများ ... ဒီဟင်းလျာက ကျွန်တော့်ရဲ့ အထူးကျွမ်းကျင်မှုပါ ... မြစိမ်းရောင်ငါးဥလို့ခေါ် ပြီး ပင်လယ်ငါးတစ်မျိုးရဲ့ ဥကနေ ချက်ထားတာပါ ... အဆင့်အမျိုးမျိုးကို ကျော်ပြီးချက်ပြုတ်ထားပြီးတော့ အပူချိန်နိမ့်နိမ့်နဲ့ နှပ်ထားတာပါ ..."

ဟင်းလျာကို မိတ်ဆက်ပေးနေသော်လည်း ပုဖန်၏ အကြည့်အောက်တွင် ထိုကောင်လေး၏ယုံကြည်ချက်က တဖြည်းဖြည်းလျော့နည်းလာပသည်။


ထိုဟင်းလျာက သေသပ်မှုရှိသည်ဟု ပြောနိုင်သည်။ ငါးဥကိုချက်ပြုတ်ခြင်းက ‌အကြံကောင်းတစ်ခုဟု ပြောနိုင်သော်လည်း ပုဖန်က အပြစ်အနာအဆာများကိုလည်း မြင်နေရသည်။ 


အမှန်တိုင်းပြောရမည်ဆိုလျှင် ထိုကောင်လေး၏ ဓားစွမ်းရည်နှင့် အပူချိန်ထိန်းချုပ်မှုက သာမန်မျှသာဖြစ်သည်။ ၎င်းက ကောင်းမွန်သော်လည်း ပထမအဆင့်အင်မော်တယ်စားဖိုမှူးဖြစ်ရန်အထိ မကောင်းသေးပေ။ ဟင်းလျာက ကောင်းမွန်သည်ဟု ထင်ရခြင်းမှာ ၎င်း၏ ပါဝင်ပစ္စည်းများကြောင်းသာဖြစ်သည်။ ငါးဥတစ်မျိုးတည်းကပင် ဟင်းလျာ၏အဆင့်ကို သိသိသာသာ တိုးတက်သွားစေသည်။


သို့ရာတွင် ပုဖန်က စိတ်ထဲမထားပေ။ ပါဝင်ပစ္စည်းကိုယ်တိုင်ကလည်း စားဖိုမှူးတစ်ယောက်၏စွမ်းရည်နှင့်ဆိုင်သော ကဏ္ဍတစ်ခု ဖြစ်သည်။ ပါဝင်ပစ္သစည်းကောင်းများ ရှာဖွေနိုင်ခြင်းကလည်း သူ၏စွမ်းရည်ပင်ဖြစ်၍ ထိုကိစ္စနှင့် ပတ်သက်၍ ဘာမှမပြောပေ။


ဒိုင်များကို မြစိမ်းရောင်ငါးဥကို ဇွန်းဖြင့်ခတ်ကာ ပါးစပ်ထဲထည့်လိုက်သည်။


ငါးဥကပါးစပ်ထဲ ဝင်သွားသည်နှင့် နွေးထွေးသောခံစားချက်တစ်မျိုးကို ခံစားလိုက်ရသည်။ ထိုခံစားချက်ကြောင့် ပုဖန် မျက်မှောင်ကြုတ်သွားသည်။ လှမ်းကြည့်လိုက်သဖြင့် ထိုကောင်လေးက ဆတ်ခနဲတုန်သွားသည်။


ဘေးမှ အခြားဒိုင်လူကြီးများကလည်း မျက်မှောင်ကြုတ်လိုက်ကြသည်။


" မင်းရဲ့ဟင်းလျာက ပါဝင်ပစ္စည်းတစ်မျိုးတည်းကြောင့် ကောင်းတယ်ထင်ရတာ ...ဓားစွမ်းရည်နဲ့ အပူချိန်ထိန်းချုပ်မှုကလည်း ချို့ယွင်းချက်တွေရှိတယ် ... မင်းပိုပြီး လေ့ကျင့်သင့်တယ်လို့ ငါအဆိုပြုချင်တယ် ..."

ပုဖန် ပြောလိုက်သည်။


အခြားဒိုင်လူကြီးများလည်း အကြည့်ချင်းဖလှယ်နေကြသည်။


ပုဖန်ပြောလိုက်တာက အမှန်တရားဆိုပေမယ့် မပြင်းထန်လွန်းဘူးလား ...သာမန် အခြေအနေတွေအတိုင်းသာဆိုရင် ဒီကောင်လေးကပထမအဆင့် အင်မော်တယ်စားဖိုမှူးစစ်ဆေးချက်ကို ပွတ်ကာသီကာနဲ့ အောင်သွားနိုင်တယ် ...


သို့ရာတွင် နတ်ဆိုးဘုရင်ကြီးက ထိုသို့ပြောသဖြင့် သူ၏ဝေဖန်ချက်ကို မငြင်းဆိုရဲကြပေ။


မုန့်ချီ ပါးစပ်ကိုအုပ်ကာ ပြုံးလိုက်မိသည်။


' ပိုလေ့ကျင့်ရမယ်တဲ့လား '


ပုဖန်က တကယ်ကို စကားပြောကြမ်းတာပဲ ... ဒါပေမဲ့ ဒီကောင်လေးအပေါ် သူ့ဝေဖန်ချက်တွေက တိကျလွန်းတယ်ဆိုပေမယ့် မြို့တော်သခင်တစ်ယောက်နေရာကကြည့်ရင် သူ့ရာထူးကိုသုံးပြီး သီးသန့်လက်စားချေနေသလိုပဲလို့ ခံစားမိနေတယ်...


သူမက ပုဖန်ကို လှပသောမျက်လုံးများဖြင့် ငေးကြည့်နေသည်။ ထိုကဲ့သို့စကားများကို မျက်နှာတည်ကြီးဖြင့်ပြောနေသော ပုဖန်က ချစ်စရာကောင်းသည်ဟု ထင်မိသည်။


" ကျွန်တော် ..."

ထိုကောင်လေး ဘာပြောရမည်မသိဖြစ်သွားသည်။ ပုဖန်ပြောသည်က မှန်ကန်သည်။ သူ၏ပါဝင်ပစ္စည်းများကို ဤစစ်ဆေးချက်အတွက် ရည်ရွယ်ချက်ရှိရှိ ပြင်ဆင်ခဲ့ခြင်းဖြစ်သည်။ သူ၏အားနည်းချက်များကိုသိသဖြင့် ကောင်းမွန်သောပါဝင်ပစ္စည်းများဖြင့် ဖုံးကွယ်ရန် စီစဉ်ထားခဲ့ခြင်းဖြစ်သည်။ သို့ရာတွင် ပုဖန်နှင့် ရင်ဆိုင်ရမည်ဟု သူ မထင်ခဲ့မိပေ။


ပထမဆုံးပါဝင်သူက ထုတ်ပယ်ခံလိုက်ရသည်။


အခြားလူများလည်း ကြောက်နေကြသည်။


ဒုတိယမြောက်ပါဝင်သူ ဟင်းလျာကို တည်ခင်းလိုက်ချိန်တွင် ဒိုင်များက မြည်းကြည့်ပြီး ဝေဖန်ကြသည်။


ပုဖန်က ဒိုင်လူကြီးတစ်ယောက်၏ အာဏာကိုသုံး၍ သူ့အတွက်သူ လက်စားချေနေခြင်းမဟုတ်ပေ။ သို့ရာတွင် သူက ဒိုင်လူကြီးတစ်ယောက် ဖြစ်လာသောကြောင့် စစ်ဆေးချက်အောင်မြင်ရန်အတွက် ဟင်းလျာများအပေါ် လိုအပ်ချက်က ပို၍ တင်းကျပ်လိုက်သည်။ ကံတရားကိုပုံအပ်ထားကြသော ဆယ်ကျော်သက်အများအပြားက 'ပိုပြီးလေ့ကျင့်' ဟူသည့် ဝေဖန်ချက်ဖြင့်သာ ချေမှူန်းခံလိုက်ရသည်။


ဟင်းလျာများကို အကဲဖြတ်ပြီးသည့်အခါ အားလုံးထဲတွင် ပါဝင်သူနှစ်ယောက်သာ အောင်သေးသည်။ ၎င်းက မသေမျိုးချက်ပြုတ်ခြင်းနယ်ပယ်၏ သမိုင်းတစ်လျှောက်တွင် စည်းကမ်းအတင်းကျပ်ဆုံး ပထမအဆင့်အင်မော်တယ်စားဖိုမှူးစစ်ဆေးချက်ဖြစ်သည်။


ပါဝင်သူအားလုံးက ဤကိစ္စကို သူတို့ကိုယ်တိုင် ဖန်တီးခဲ့ခြင်းဖြစ်သောကြောင့် ဆေးခါးကြီးကို မျိုချနေရသကဲ့သို့ ခံစားနေရသည်။


နောက်ဆုံးတွင် ရှီးရှီး၏အလှည့်ရောက်လာသည်။


ပါဝင်သူအားလုံး၏ ခါးသီးသောအကြည့်များက သူမထံသို့ ရောက်လာသည်။ ထိုငတုံးမလေးကြောင့် မဟုတ်ပါက သူတို့ထဲမှ လူအများစုက စစ်ဆေးချက်အောင်မြင်ကြမည်ဖြစ်သည်။ သူမ မည်သို့ဖြစ်လာမည်ကို အားလုံးကမျှော်လင့်နေကြသည်။


ရှီးရှီးက ခုနစ်နှစ်သာ ရှိသေးပြီး မီးဖိုထက်ပင် အရပ်ပုနေသည်။

ဒီလို ကလေးမမျိုးက ဘယ်လောက်ကောင်းတဲ့ ဟင်းလျာတွေ ချက်နိုင်မှာမို့လို့လဲ ...


သူတို့၏အမြင်တွင် နတ်ဆိုးဘုရင်ကြီးက သူမကိုကမ္ဘာကြီးအကြောင်းသိရန်သာ ပြသချင်နေသည်ဟု ထင်ကြသည်။


သူ၏အလုပ်သင်ကို နတ်ဆိုးဘုရင်ကြီးကိုယ်တိုင် ထုတ်ပယ်လိုက်ရမည့်အချိန်တွင် ပျက်ယွင်းသွားမည့်မျက်နှာကိုမြင်ရန် သူတို့အားလုံး မစောင့်နိုင်ကြတော့ပေ။


မုန့်ချီလည်း သိချင်နေသည်။ ရှီးရှီးက သူမကို လေးနက်သည့်ထင်မြင်ချက်များ ပေးမနေပေ။ ချက်ပြုတ်ရာတွင် မကောင်းဆိုးဝါးနှင့်တူသော ပုဖန်က သူမ၏ ဆရာဖြစ်သဖြင့် သူမမည်သို့သော ဟင်းလျာများ ချက်ပြုတ်နိုင်မည်ကိုသာ သိချင်နေခြင်းဖြစ်သည်။


အပူငွေ့များ လက်ဆုပ်စာခန့်ထွက်နေသော ဟင်းလျာကို ရှီးရှီးက စားပွဲပေါ်တင်လိုက်သည်။


၎င်းက ငါးအကြွပ်ကြော်ဖြစ်သည်။


၎င်းက ဘာမှ ထူးခြားမနေပေ။ မသေမျိုးစွမ်းအင်များဖြင့် ဝန်းရံထားသော်လည်း မသေမျိုးစွမ်းအင်စီးကြောင်းတစ်ကြောင်းသာပါ၍ ထိတ်လန့်စရာ မရှိပေ။


" ဒီဟင်းလျာကို ငါးချိုချဉ်လို့ခေါ်ပါတယ် ..."

ရှီးရှီးက သူမအင်္ကျီ အနားစကို လက်ဖြင့်ချေမွနေပြီး ရှက်ရွံ့စွာပြောလိုက်သည်။


သူမက ဤဟင်းလျာကို ခေါင်းမော့ရင်ကော့၍ မိတ်ဆက်ပေးချင်သော်လည်း ဆရာပု၏ မျက်လုံးများကို မြင်သောအခါ ကြောက်ရွံ့သွားသည့်အတွက် အတိုချုပ်သာ မိတ်ဆက်ပေးလိုက်သည်။


ပုဖန်က ပါဝင်သူများစွာကို ချက်ချင်းထုတ်ပယ်ခဲ့ခြင်းဖြစ်သည်။ သူတို့က ငယ်ရွယ်သူများဖြစ်၍ ပုဖန်၏ ထုတ်ပယ်ခြင်းခံလိုက်ရသောအခါ မပျော်မရွှင်ဖြစ်ကုန်ကြသည်။ ထိုသို့ဖြစ်သော်လည်း နတ်ဆိုးဘုရင်ကြီးကို ရင်ဆိုင်နေရခြင်းဖြစ်၍ သူတို့၏ မကျေနပ်မှုများကို ချိုးနှိမ်ထားကြသည်။


" ငါးချိုချဉ်တဲ့လား ..."

ဒိုင်တစ်ယောက်‌က အံ့အားသင့်စွာပြောလိုက်သည်။ ထိုဟင်းလျာက သူ၏သိချင်စိတ်ကို တိုးလာစေသည်။


ငါးချိုချဉ်က လှည့်စားမှုများသော ဟင်းတစ်မျိုးဖြစ်သည်။ ခုနစ်နှစ်အရွယ် ကလေးမလေးတစ်ယောက်က မသေမျိုးကိရိယာများမရှိပဲ ထိုသို့ ခက်ခဲသောဟင်းလျာများကို ချက်ပြုတ်နိုင်မည်လားဟု တွေးနေမိသည်။


ရှီးရှီးအပေါ် ဒိုင်လူကြီးများ အာရုံစိုက်နေရသည့် အရေးကြီးဆုံးအရာမှာ သူမက နတ်ဆိုးဘုရင်ကြီး၏ အလုပ်သင်ဟူသော ဂုဏ်ပုဒ်ရှိနေသောကြောင့်ဖြစ်သည်။ သူ၏ အလုပ်သင်ဖြစ်လာ၍ သူမတွင် ထူးခြားသည့်အရာ တစ်ခုခုရှိရမည်သာ။


ဒိုင်တစ်ယောက်က တူကိုယူပြီး ငါးအသားတစ်ဖတ်ကိုယူလိုက်သည်။


အရည်ရွှမ်း၍ နူးညံ့သောငါးမှ အငွေ့များထွက်လာသည်။ ၎င်းကို လိမ္မော်ရောင်ချိုချဉ်ဆော့စ်ထဲတွင် နှစ်ပြီး သူ့ပါးစပ်ထဲထည့်လိုက်သည်။


ငါး၏မွှေးရနံ့က ချက်ချင်းပျံ့နှံသွားသည်။ အချိုအချဉ်အရသာများက အနေတော်ဖြစ်၍ ရှီးရှီးကိုပင် သင်္ကာမကင်းကြည့်လိုက်မိသည်။


ဒီဟင်းကို ခုနစ်နှစ်သမီးလေးက ချက်ထားတာတဲ့လား ... သူမရဲ့ အရသာထိန်းချုပ်နိုင်မှုက ဒုတိယအဆင့် အင်မော်တယ်စာဖိုးမှူးတစ်ယောက်နီးနီးပဲ ...


ပုဖန်လည်း ငါးအသားကို ပါးစပ်ထဲထည့်လိုက်သည်။ ၎င်း၏ ရနံ့က နှာသီးဖျားတွင် ရစ်ဝဲသွားပြီး သူခေါင်းငြိမ့်လိုက်သည်။ ၎င်းက အထက်တန်းစားဟင်းလျာတစ်မျိုးပင်။


အင်မော်တယ်စားဖိုမှူးဆိုင်ငယ်လေးမှာ အချိန်အတော်ကြာ ကူညီပေးပြီးတဲ့နောက်ပိုင်း ရှီးရှီးရဲ့ အချက်အပြုတ်စွမ်းရည်တွေက သိသိသာသာ တိုးတက်လာတာပဲ ... သူမက အမတလျှာရှိတယ်ဆိုတော့ ချက်ပြုတ်ခြင်းမှာ ကောင်းချီးပေးခံထားရတာပဲ ... သူမကတော့ တကယ်ပဲ စားဖိုမှူးဖြစ်ဖို့ မွေးဖွားလာတာပါလား ...


ဟင်းလျာက အပြစ်အနာအဆာ အနည်းငယ်ရှိသော်လည်း ၎င်း၏ကောင်းကွက်များဖြင့် ချေ၍ရနိုင်သည်။ ရလဒ်အနေဖြင့် ဒိုင်လူကြီးအားလုံးက ရှီးရှီး စစ်ဆေးချက်ကို အောင်မြင်ကြောင်း သဘောတူခဲ့သည်။


မီးပျော့ပျော့ဖြင့် ချိုမြိန်သောမုယောကို ပြုလုပ်နိုင်သည်။ နှလုံးသားဖြင့် စစ်မှန်စွာချက်ပြုတ်ပါက မသေမျိုးကိရိယာဖြင့်ချက်သည်ဖြစ်စေ သာမန်မီးဖိုချောင်သုံးကိရိယာများဖြင့် ချက်သည်ဖြစ်စေ အရသာရှိသော အစားအစာများ ချက်ပြုတ်နိုင်သည်။


" ကျွန်တော် မကျေနပ်ဘူး ..."


ရှီးရှီးက စစ်ဆေးချက်ကိုအောင်မြင်ပြီး ပထမအဆင့်အင်မော်တယ်စားဖိုမှူးဖြစ်သွားပြီဖြစ်ကြောင်း ပုဖန် ကြေညာလိုက်ပြီး မကြာမီတွင် တစ်စုံတစ်ယောက်၏ မကျေမနပ်ဖြစ်သည့် အသံတစ်သံ ထွက်ပေါ်လာသည်။


ပုဖန် ထုတ်ဖယ်လိုက်သည့် ဆယ်ကျော်သက်ကလေးများ အုပ်စုက သူ့ကို စောဒကတက်ကြသည်။ နတ်ဆိုးဘုရင်ကြီးက မျက်နှာလိုက်သည်ဟု သူတို့ထင်နေကြသည်။ 

အဲ့လိုမဟုတ်ရင် ခုနစ်နစ်ပဲရှိတဲ့ ကလေးမလေးက ပထမအဆင့်အင်မော်တယ်စားဖိုမှူးဖြစ်လာမယ်တဲ့လား ... အငယ်ဆုံး ပထမအဆင့်အင်မော်တယ်စားဖိုမှူးဆိုတဲ့ စံချိန်က အဲ့လောက်လွယ်လွယ်ချိုးပစ်ဖို့ မလွယ်ဘူးလေ ...


" ပါးစပ်ပိတ်ထားကြ ... ဒိုင်လူကြီးတွေကိုယ်တိုင် ချထားတဲ့ ဆုံးဖြတ်ချက်ကို မေးခွန်းထုတ်လို့မရဘူး ... မင်းတို့က သူမလောက်မတော်ဘူးဆိုတာ ဝန်ခံလိုက်စမ်းပါ ကိုယ့်ကိုကိုယ် အရှက်မခွဲနဲ့ ..."

ဒိုင်လူကြီးတစ်ယောက်၏ မျက်နှာက အေးစက်သွားပြီးပြောလိုက်သည်။


မကျေမနပ်ဖြစ်နေသည့် ဆယ်ကျော်သက်အုပ်သုက ချက်ချင်းတိတ်ဆိတ်သွားကြသည်။


" ကျွန်တော်တို့ မကျေနပ်ဘူး ... အဲ့ကလေးမလေးက မသေမျိုးကိရိယာ၊ မီးတောက် ၊ အဆင့်မြင့်ပါဝင်ပစ္စည်းတစ်ခုမှ မရှိဘူး ... သူကဘာလို့ ပထမအဆင့်အင်မော်တယ်စားဖိုမှူးဖြစ်ပြီး ကျွန်တော်တို့က မဖြစ်ရတာလဲ ..."

ကလေးတစ်ယောက်က မကျေမနပ်ဖြင့်ပြောလိုက်သည်။ သူ၏မျက်နှာက ဒေါသကြောင့် နီရဲနေသည်။


ပုဖန်က ရှီးရှီးကိုဘက်လိုက်သည်ဟု ထင်နေကြသည်။


မုန့်ချီ မျက်မှောင်ကြုတ်ပြီး ပုဖန်ကိုကြည့်နေသည်။ သူ ဤပြဿနာကို မည်သို့ဖြေရှင်းမည်ကို သူမသိချင်နေသည်။


လေထုကပို၍ တင်းမာလာပြီး လူအားလုံး၏ အကြည့်များက ပုဖန်အပေါ် စုပြုံလာသည်။


ရှီးရှီး မျက်လုံးထဲတွင် မျက်ရည်များဝိုင်းလာပြန်သည်။ 

ဘာလို့ ဒီလူတွေက သူမလျက်ပြုတ်တာကို မေးခွန်းထုတ်နေရတာလဲ ... သူတို့သာဆိုရင် သူမ ဓားနည်းလမ်းတွေ စပြီးလေ့ကျင့်တဲ့အရွယ်မှာ ဆော့ကစားနေတဲ့ကလေးတွေပဲ ရှိသေးတာလေ ...


ခုံကိုတွန်းလိုက်သည့်အသံ ထွက်ပေါ်လာသည်။


အခန်းတစ်ခုလုံး တိတ်ဆိတ်သွားပြန်သည်။


ပုဖန်က သဘောမတူစွာ ငြင်းဆန်နေသည့် ဆယ်ကျော်သက်များကို တစ်ချက်ကြည့်လိုက်သည်။ ထို့နောက် ရှီးရှီးဆီလျှောက်သွားကာ သူမခေါင်းကို ပွတ်ပေးလိုက်သည်။ ခဏအကြာ သူ၏အကြည့်များက ခက်ထန်လာသည်။


" ငါ့ရဲ့ အလုပ်သင်ကို ဘယ်သူက မေးခွန်းထုတ်ရဲတာ‌လဲ ... မင်းတို့ထဲက ဘယ်သူက မကျေနပ်တာလဲ ... ရှေ့ကိုထွက်လာပါ ... မင်းတို့က သူမထက်သာတယ်လို့ထင်ရင် ငါ့ရဲ့အလုပ်သင်နဲ့ စားဖိုမှူးစိန်ခေါ်ပွဲလုပ်ကြလေ ..."

ပုဖန်က မျက်နှာသေဖြင့်ပြောလိုက်သည်။


စားဖိုမှူးစိန်ခေါ်ပွဲတဲ့လား ...


ရှီးရှီး ခဏတာ ငြိမ်သက်သွားသည်။


ဆယ်ကျော်သက်များအုပ်စုက အံ့အားသင့်သွားပြီး ဒိုင်လူကြီးများလည်း အသက်ပြင်းပြင်းရှုနေကြသည်။


" နတ်ဆိုးဘုရင်ကြီးက မတရားတာပဲ ... သူ့ရဲ့ အလုပ်သင်ကသာ စိန်ခေါ်ပွဲကို ရှုံးသွားရင် သူမစိတ်ဒဏ်ရာရသွားနိုင်တယ် ..."


" ကောင်းပါပြီ ကျွန်တော်တို့ စားဖိုမှူးစိန်ခေါ်ပွဲလုပ်မယ် ... အမွေးအတောင်မစုံသေးတဲ့အပြင် မသေမျိုးကိရိယာ၊ မီးတောက် နဲ့ မီးဖိုချောင်သုံးကိရိယာတွေတောင်မရှိသေးတဲ့ ကလေးမတစ်ယောက်ကို ကြောက်မနေဘူး ကျွန်တော်သူ့ကို အနိုင်ယူပစ်မယ် ..."

ဆယ်ကျော်သက်လေး၏ မျက်လုံးကအရောင်လက်လာပြီး စိတ်လှုပ်ရှားစွာအော်လိုက်သည်။


ဒိုင်လူကြီးများ နောက်တစ်ကြိမ်ပင့်သက်ရှိုက်ကာ သူ့ကိုကြည့်လိုက်မိကြသည်။


" အဲ့ကောင်လေးကတော့ တကယ်ပဲ ... ခုမှမွေးလာတဲ့ နွားပေါက်လေးက ကျားကိုမကြောက်ဘူးဆိုတဲ့ စကားအတိုင်းပဲ ..."


မုန့်ချီလည်း ခေါင်းခါလိုက်ပြီး ရယ်ရမည် ငိုရမည်ကိုပင် မသိတော့ပေ။


ဒီကလေးတွေက စိတ်ပျက်ဝမ်းနည်းမှုဆိုတာရဲ့ အဓိပ္ပါယ်ကို မသိကြဘူးပဲ ... မသေမျိုးကိရိယာ၊ မီးတောက် ၊မီးဖိုချောင်သုံးကိရိယာတွေတဲ့ ... နတ်ဆိုးဘုရင်ကြီးမှာ အဲ့လိုအရာတွေ ချို့တဲ့နေမယ်ထင်တာလား ... ပြီးတော့လည်း စားဖိုမှူးစိန်ခေါ်ပွဲက နတ်ဆိုးဘုရင်ကြီးကိုယ်တိုင် တီထွင်ခဲ့တဲ့အရာလေ ...


ပုဖန်က ထိုဆယ်ကျော်သက်ကောင်လေးကို မျက်စောင်းထိုးကြည့်လိုက်သည်။


" ကောင်းပြီလေ ... ဒါဆိုရင်လည်း သူ့ကို စိတ်ပျက်ဝမ်းနည်းသွားအောင်သာလုပ်လိုက် ရှီးရှီးရေ ... ဆရာပုကို စိတ်မပူပဲ သူ့ကို မင်းလုပ်နိုင်သမျှ အကောင်းဆုံးကြိုးစားပြီး နှိပ်စက်လိုက် ..."

ပုဖန် ပြောလိုက်သည်။


သူပြောပြီးသည်နှင့် မှော်အခင်းအကျင်းတစ်ခုပေါ်လာပြီး သလင်းကျောက်ဓား‌ဗီရိုတစ်ခု ပေါ်လာသည်။


ပုဖန် ဗီရိုတံခါးကို ဆွဲဖွင့်လိုက်သည်။ ၎င်းမှ မသေမျိုးစွမ်းအင်လှိုင်းများ စီးကျလာကာ ဓားရောင်ခြည်များလည်း လေဟာနယ်ထဲတွင် ပြည့်သွားသည်။


" ရှီးရှီး ဆရာပုရဲ့ ဗီရိုထဲက ကြိုက်တဲ့ မီးဖိုချောင်သုံးဓား ယူလို့ရတယ် ... ထိပ်တန်းအဆင့်ဓား အဆင့်မြင့် မသေမျိုးဓား ဘာပဲလိုလို အကုန်ရှိတယ် ..."

ပုဖန်က ရှီးရှီး၏ခေါင်းကိုပွတ်ပေးလိုက်ပြီး ညှင်သာစွာပြောလိုက်သည်။


ဆယ်ကျော်သက်လေးများအုပ်စုက အံ့ဩလွန်း၍ ပြေားရာစကားများ ပျောက်ရှကုန်သည်။ ဓားမျိုးစုံရှိသော သလင်းကျောက်ဓားဗီရိုကြီးကို မြင်လိုက်ရသည့်အခိုက်အတန့်တွင် စိတ်ထဲ၌သာ ဆဲရေးကုန်ကြသည်။