အခန်း ၁၁၈၄
အလုပ်သင်စားဖိုမှူးလေးကိုကာကွယ်ပေးသည့် နတ်ဆိုးဘုရင်ကြီး
ပုဖန်၏ ရုတ်တရက်ထွက်ပေါ်လာမှုက အားလုံး၏အတွေးများကို ဝင်ရောက်နှောင့်ယှက်သွားသည်။ လေကိုခွင်းဖောက်၍ ထွက်ပေါ်လာသော သူ၏စကားလုံးများက သူတို့ကို ပင့်သက်ရှိုက်သွားစေပြီး တစ်ခန်းလုံးကိုပဲ့တင်ထပ်သွားစေသည့် မျက်နှာကိုဖြတ်ရိုက်လိုက်သံက အားလုံးကိုထိတ်လန့်သွားစေသည်။
ဒိုင်လူကြီးကို တစ်စုံတစ်ယောက်က ပါးရိုက်လိုက်မည်ဟု မထင်ထားခဲ့ကြသည်။
ရှီးရှီးက ပြိုင်ပွဲကွင်းထဲတွင် ငိုနေသည်။ အခြားအလွှာမှ ပါဝင်သူများ၏ လှောင်ပြောင်မှုကြောင့်သာမက သူမကိုဆူပူကြိမ်းမောင်းသော ဒိုင်လူကြီးက စစ်ဆေးချက်ဖြေဆိုခွင့်ကိုပါ ရုတ်သိမ်းမည်ဆိုသောကြောင့် အလွန်ဝမ်းနည်းသွားသည်။
သူမ ဘာအမှားမှ မလုပ်ထားပဲနဲ့ ဒီလိုဝမ်းနည်းစရာကောင်းတာတွေကို ကြုံတွေ့ရမှာလဲ ...
ထို့ကြောင့် ပုဖန်ကိုမြင်လိုက်ချိန်တွင် သူမအောင့်သည်းသည်းခံထားသမျှ ပေါက်ကွဲသွားသည်။ ရှီးရှီးက သန်မာသောကလေးမလေးဖြစ်သည်။ သို့ရာတွင် မည်မျှသန်မာသည်ဖြစ်စေ သူမက ကလေးအရွယ်သာရှိသေးသည်။
" မင်း ... မင်းငါ့ကို ပါးရိုက်ရဲတယ်ပေါ့..."
ဒိုင်လူကြီးက ပါးကိုလက်နှစ်ဖက်ဖြင့် အုပ်ထားပြီး ထိုနေရာ၌ပင် မျက်လုံးများပြူးကျယ်လျက် ရပ်နေသည်။ တစ်ယောက်ယောက်က သူ့ကိုပါးရိုက်မည်ဟု မည်သည့်အခါကမှ တွေးမထားခဲ့မိပေ။
သူက ဒိုင်လူကြီးလေ ... ဘယ်သူက သူ့ကိုပါးရိုက်ရဲရတာလဲ ...
အသိစိတ် ပြန်ဝင်သွားသောအခါ လက်ခါနေသည့်ပုဖန်ကို အမုန်းတရားများပြည့်နေသောမျက်နှာဖြင့်ကြည့်လိုက်ပြီး မိုးခြိမ်းသံကြီးကဲ့သို့ အော်ဟစ်လိုက်တော့သည်။
" မင်း သေချင်နေတာလား ..."
ယခုအချိန်တွင် သူ ပုဖန်ကို ဤနေရာ၌ပင် သတ်ပစ်ချင်နေသည်။
သူ့ကို ပါးရိုက်ရဲတဲ့လူ ရှိတယ်ဆိုတာ မယုံကြည်နိုင်သေးဘူး ... သူက သူကောင်းမျိုးမိသားစုက သားတစ်ယောက်မို့လို့ ပဉ္စမအလွှာမှာနေတုန်းကတောင် ဘယ်သူကမှ မစော်ကားရဲခဲ့ဘူး ... ဒါပေမဲ့ အခု ပထမအလွှာကိုရောက်မှ လူအများကြီးရှေ့မှာ မျက်ခွက် ဖြတ်ရိုက်ခံလိုက်ရတယ်ပေါ့ ...
" မင်းကရော ဘယ်ကခွေးကောင်လဲ ... ငါ့အလုပ်သင်ကို ဘာလို့ ဆူပူကြိမ်းမောင်းနေရတာလဲ ... ငါ့မျက်စိရှေ့ကို လာပြီး ထောင်လွှားပြနေတယ်ပေါ့လေ ..."
ပုဖန်က ဒိုင်လူကြီးကို မျက်နှာသေဖြင့်ကြည့်နေသည်။
ကွင်းထဲမှ ပါဝင်သူများကြောင့်သာမက ဒိုင်လူကြီးက ရှီးရှီး၏ စစ်ဆေးချက်ဖြေဆိုခွင့်ကိုပါ ရုတ်သိမ်းမည်ဆို၍ ပုဖန် အလွန်ဒေါသထွက်နေသည်။
သူ့မှာ အဲ့လိုလုပ်ပိုင်ခွင့်ရှိလားဆိုတာ ပုဖန်သိချင်နေတယ် ...
ရှီးရှီး စတင်ငိုကြွေးသောအခါ သူ၏ဒေါသမီးလျှံများက ပိုမိုတောက်လောင်လာသည်။
ပုဖန်က အလုပ်သင်များကို အမြဲကာကွယ်ပေးတတ်သူဖြစ်သည်။ ထိုကလေးမလေး ဆက်ဆံခံနေရသည့်ပုံကြောင့် ဒေါသထွက်ပြီး ဒိုင်လူကြီးမျက်နှာကို နောက်တစ်ကြိမ်ထပ်ရိုက်ပြန်သည်။
" အင်မော်တယ်စားဖိုမှူးပြိုင်ပွဲ ကျင်းပရတဲ့ရည်ရွယ်ချက်က အရည်အချင်းရှိတဲ့ မျိုးဆက်သစ်တွေကို မွေးထုတ်ပေးဖို့ပဲ... မင်းရဲ့ အခွင့်အာဏာတွေကို ကြွားဝါဖို့မဟုတ်ဘူး ... ပြီးတော့ ငါ့ရဲ့အလုပ်သင်ဖြစ်တဲ့ ကလေးမလေးကို မင်းအနိုင်ကျင့်တယ် ဒါက လက်မခံနိုင်စရာပဲ ..."
ပုဖန် အေးစက်စွာပြောလိုက်သည်။
ပတ်ဝန်းကျင်မှလူများ အံ့အားသင့်နေပြီး တစ်ချိန်တည်းမှာပင် မည်သို့ တုံ့ပြန်ရမည်ကို မသိတော့ပေ။ မကြာမီ လူအတော်များများက ဖြစ်ပျက်နေသည်ကိုသဘောပေါက်သွားပြီး ကြောက်ရွံ့စွာပင့်သက်ရှိုက်လိုက်ပြီး ပုဖန်ကို မိမိကိုယ်ကို သေကြောင်းကြံနေသည့်လူကဲ့သို့ ကြည့်လိုက်သည်။
အဲ့ဒီဒိုင်လူကြီးက အရင်ပဉ္စမအလွှာက သူကောင်းမျိုးမိသားစုက အင်မော်တယ်စားဖိုမှူးလေ ... သူက အဆင့်အတန်းမြင့်ပြီး နာနည်ကြီးလွန်းလို့ အရင်ပဉ္စမအလွှာက လူအချင်းချင်းတောင် မစော်ကားရဲတာ နိမ့်တဲ့အလွှာတွေကဆိုရင်တော့ ပြောမနေနဲ့တော့ ...
ဒီလူငယ်လေး သတ္တိတွေ ဘယ်ကရလာလဲ ...
" ငါမင်းကိုသတ်မယ် ..."
ဒိုင်လူကြီးက နှာခေါင်းမှသွေးများကိုသုတ်ကာ အံကြိတ်ထားပြီး ပြောလိုက်သည်။ သူ၏အကြည့်များက ဓားတစ်ချောင်းကဲ့သို့ စူးရှကာ သတ်ဖြတ်လိုစိတ်များဖြင့်ပြည့်နေသည်။
ဝုန်း ...
ကြောက်မက်ဖွယ်အော်ရာတစ်ခုက သူ့ထံမှ ပေါက်ကွဲထွက်လာသည်။
ဝီခနဲအသံတစ်ခုဖြင့် ဓားအလင်းရောင်တစ်ခုတောက်ပလာသည်။ သူ ပုဖန်ကို နှစ်ပိုင်းခွဲချင်နေပြီဖြစ်သည်။
ကြည့်ရှု့နေသူများ သက်ပြင်းချလိုက်ကြသည်။ ဓားအလင်းရောင်ကိုမြင်သည့်အခါ အများစုက ကျောရိုးထဲမှစိမ့်နေအောင် ကြက်သီးထသွားသည်။
ပဉ္မမအလွှာက ပျက်စီးသွားသော်လည်း ထိုနေရာမှသူကောင်းမျိုးမိသားစုများက အခြားအလွှာသုံးခုကို ဖြန့်ကျက်နေထိုင်ကြပြီး အရာရာကိုထိန်းချုပ်နိုင်စွမ်းများရှိနေကြဆဲဖြစ်သည်။ သူတို့က ပဉ္စမအလွှာမှ သူကောင်းမျိုးမိသားစုများဖြစ်၍ အင်အားကြီးနေဆဲပင်။
သူတို့ကို စော်ကားသူမှန်သမျှက ဆိုးဝါးသည့်အဆုံးသတ်ဖြင့် ကြုံတွေ့ရမည်သာဖြစ်သည်။
ထိုအခန်းထဲက မည်သူမျှ ပုဖန်ကိုမသိပေ။ သူတို့အားလုံးက နတ်ဆိုးဘုရင်ကြီးဟူသည့်နာမည်ကိုကြားဖူးကြသော်လည်း မြင်ဖူးသူအနည်းငယ်သာရှိသည်။
ပုဖန်က အင်မော်တယ်စားဖိုမှူးပြိုင်ပွဲတွင် ဂုဏ်ပုဒ်တစ်ခု ရရှိခဲ့သော်လည်း လူနည်းစုကသာ သူ့ကိုမြင်ဖူးကြသည်။ သို့ဖြစ်၍ အခန်းထဲမှလူများ၏မျက်လုံးထဲတွင် ဖြူနီစားဖိုမှူးဝတ်ရုံဝတ်ထားသည့် လူငယ်လေးက ကိုယ့်သေတွင်း ကိုယ်တူးနေသည်နှင့်တူနေသည်။
သူက ဒိုင်လူကြီးကို သုံးလေးခါလောက်ပါးရိုက်ခဲ့ပေမယ့် မကြာခင် ပြာမှုန်ဘဝ ရောက်တော့မယ် ...
ကွင်းထဲမှ ပါဝင်သူများက ကျိတ်ရယ်နေကြသည်။ ပုဖန်က ရှီးရှီးအတွက် ရပ်တည်ပေးသည်ကို သိသောကြောင့် သူတို့လှောင်နေခြင်းဖြစ်သည်။ ငတုံးတစ်ယောက်နှင့်ပင် သူတို့လှောင်ပြောင်ရန် လုံလောက်နေပြီဖြစ်သော်လည်း အရူးတစ်ယောက်ကပါ သူမအတွက် ရပ်တည်ပေးနေသည်။ ထိုအတွေးကြောင့် ပို၍ကျယ်ကျယ်ရယ်လာကြပြီး သူတို့၏အထင်အမြင်သေးသောအကြည့်များက ရှီးရှီးအပေါ် အပ်များကဲ့သို့ ကျရောက်လာသည်။
ရှီးရှီးက အငိုတိတ်သွားပြီဖြစ်သည်။ မျက်ရည်လည်ရွှဲဖြင့် ပုဖန်ကိုကြည့်ကာ သူမ လက်သီးကို တင်းတင်းဆုပ်ထားသည်။
ဒိုင်လူကြီး၏ဓားကို ရင်ဆိုင်နေရသော်လည်း ပုဖန်တည်ငြိမ်နေသည်။ ထိုငမိုက်သားကို သူ၏လက်ရှိကျင့်ကြံခြင်းနှင့် အေးဆေးသတ်နိုင်ပေသည်။
" ရှီးရှီး ဆက်ပြီးချက်ပြုတ်နေပါ ... ဆရာပုရှိနေတုန်း မင်းကိုဘယ်သူမှ အနိုင်မကျင့်စေရဘူး ..."
ပုဖန်က ကလေးမလေးကို အားပေးသည့်အကြည့်ဖြင့်ကြည့်လိုက်သည်။
ရှီးရှီး ခဏတာငြိမ်သက်သွားသည်။ ထို့နောက် ခေါင်းငြိမ့်ပြပြီး ခုံပေါ်တွင်ရပ်ကာ ဆက်လက်ချက်ပြုတ်နေသည်။
" တခြားနေရာတွေကို လျှောက်ကြည့်နေရမယ့်အစား မင်းဆီကို လာနေတာကိုပဲကြည့်သင့်တယ် ... မင်းက တကယ်သေချင်နေတာပဲ ..."
ဓားအလင်းရောင်က ဒိုင်လူကြီး၏ အသံနှင့်အတူ ပုဖန်ကို ခုတ်ပိုင်းလိုက်သည်။ ထိုအချိန်တွင် လေပွေတစ်ခုတိုက်ခတ်လာပြီး ပုဖန်၏ဆံပင်များပါ လွင့်သွားစေသည်။
ရုတ်တရက် ပုဖန်ခေါင်းမော့၍ ဒိုင်လူကြီးကို အေးစက်စွာကြည့်လိုက်ပြီးနောက် လက်တစ်ဖက်မြှောက်လိုက်သည်။
သူ၏ နတ်ဘုရားသိမြင်မှုက ဝိညာဉ်ပင်လယ်ထဲတွင် ထွက်ပေါ်လာသည်။
ခဏအကြာတွင် သူ၏ကိုယ်မှ ကြောက်မက်ဖွယ်စိတ်စွမ်းအင်လှိုင်းများ ပေါက်ကွဲထွက်လာပြီး အခန်းတစ်ခန်းလုံးကို လှိုင်းဂယက်ထသွားသည်။
အခန်းထဲမှလူအားလုံး၏ မျက်နှာအမူအယာများက သိသိသာသာပြောင်းလဲသွားသည်။ ပခုံးပေါ်မှဖိအားက အလွန်လေးလံလာသည့်အတွက် အသက်ရှုရခက်ခဲလာသည်။
" ကြောက်စရာကောင်းတဲ့ အော်ရာကြီးပါလား ..."
လူငယ်လေး၏ ငယ်ရွယ်နုပျိုသောမျက်နှာကိုကြည့်ပြီး အားလုံးမျက်လုံးများ မှေးစင်းသွားသည်။
" ဒီလူငယ်လေးက ဘယ်သူလဲ ... သူကဘာလို့အရမ်းသန်မာနေရတာလဲ ..."
ဒိုင်လူကြီးက သူ၏ဓားကို တစ်စုံတစ်ယောက်က ဖမ်းကိုင်ထားသည်ဟု ခံစားလိုက်ရသည်။ ထို့နောက် မြင်လိုက်ရသည်မှာ ...
ပုဖန်က လက်တစ်ဖက်ဖြင့် မီးဖိုချောင်သုံးဓားကို တင်းတင်းကျပ်ကျပ် ဆုပ်ကိုင်ထားသည်။ ချက်ချင်းပင် ထိုဓားကအက်ကြောင်းများဖြစ်လာကာ အစိတ်စိတ်အမြွှာမြွှာကွဲထွက်သွားပြီး ၎င်းအတွင်းမှ မသေမျိုးစွမ်းအင်များလညိးလျှံကျကာ ပျောက်ကွယ်သွားသည်။ ၎င်းက မသေမျိုးကိရိယာအဖြစ်မှ သတ္တုအပိုင်းအစတစ်ခု ဖြစ်သွားသည်။
" ဒါ ... ဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ ..."
ဒိုင်လူကြီးက လေအေးကိုရှုရှိုက်လိုက်ရပြီး သူ၏မျက်လုံးထဲတွင် ကြောက်ရွံ့မှုများဖြင့် ပြည့်လာသည်။
သူ့ရဲ့မီးဖိုချောင်သုံးဓားက ကြယ်ငါးပွင့် စစ်မှန်မသေမျိုးအဆင့်ရဲ့ ခွန်အားနဲ့တောင် မဖျက်ဆီးနိုင်တဲ့ အဆင့်မြင့် မသေမျိုးကိရိယာလေ ...
ဒီကောင်လေးက ဘယ်သူပါလိမ့် ...
ယခုအချိန်မှ သူ ကံကြမ္မာဆိုးဝင်ပြီဖြစ်ကြောင်း သိလိုက်သည်။
" မင်း ..."
ဒိုင်လူကြီးက ပါးစပ်ဟ၍ တစ်စုံတစ်ရာပြောလိုသော်လည်း ပုဖန်က သူ့ကိုအခွင့်အရေးမပေးခဲ့ပေ။ ပုဖန်က လက်သီးဆုပ်ကာ ဒိုင်လူကြီး၏နှာခေါင်းကိုထိုးပစ်လိုက်သည်။
ဒိုင်လူကြီးက လက်သီးချက်ကြောင့် ပျံထွက်သွားပြီး မျက်နှာတစ်ခုလုံး အသက်မဲ့သွားသည်။ နှာခေါင်းမှသွေးများပန်းထွက်လာကာ ချက်ချင်းပင် သူ့ခေါင်းထဲတွင် အချဉ်၊ အချို၊ အခါး၊ အစပ် အရသာအားလုံးကို ခံစားလိုက်ရသည်။
ပုဖန်က ကျိုးကြောင်းဆီလျော်မှုမရှိသောလူနှင့် မငြင်းခုန်ချင်တော့ပေ။ သူ၏အလုပ်သင်ကို မည်သူမျှ အနိုင်မကျင့်စေရပေ။
ရှီးရှီး၏ သနားစဖွယ်မျက်နှာလေးကို တွေးမိတိုင်း သူ၏လှုပ်ရှားမှုများကို မရပ်တန့်နိုင်ပေ။ ဒိုင်လူကြီးကို နတ်ဘုရားသိမြင်မှုစွမ်းအားဖြင့် ဖိနှိပ်ထားကာ လက်သီးဖြင့် တစ်ချက်ပြီးတစ်ချက်ထိုးတော့သည်။ ဒိုင်လူကြီးက ခုခံရန်အင်အားပင် မရှိတော့ပေ။
ထို ရူးနှမ်းနေသောမြင်ကွင်းကြောင့် လူအားလုံးက ကျောရိုးထဲမှစိမ့်နေအောင် ကြက်သီးထလာသည်။
ထိုလူမှာ ပဉ္စမအလွှာ သူကောင်းမျိုးမိသားစုမှ အင်မော်တယ်စားဖိုမှူးဖြစ်ပြီး ကြယ်ငါးပွင့်စစ်မှန်မသေမျိုးနယ်ပယ်အဆင့်ရှိသည်ကို အားလုံးသိကြသည်။
ဒါပေမဲ့ ဒီလူငယ်လေးကိုတောင် မခုခံနိုင်ဘူးဆိုတော့ အဲ့လူငယ်လေးက ကြယ်ကိုးပွင့်စစ်မှန်မသေမျိုးနယ်ပယ်များလား ...
မသေမျိုးချက်ပြုတ်ခြင်းနယ်ပယ်မှာ အလွှာမျိုးစုံက မြို့တော်သခင်တွေအပြင် ကြယ်ကိုးပွင့်စစ်မှန်မသေမျိုးနယ်ပယ်ရောက်တဲ့လူ ဘယ်သူရှိသေးလို့လဲ ...
စိတ်ထဲတွင် ထိုအတွေးတစ်ခုပေါ်လာသည်နှင့် အခန်းတွင်းမှလူအားလုံး အေးခဲသွားကြသည်။
ထိုအခါ တစ်စုံတစ်ယောက်ကို တွေးမိသွားကြသည်။
ထိုအချိန်တွင် တံခါးပွင့်သွားပြီး သိမ်မွေ့သောပုံရ်ိပ်တစ်ခု ဝင်လာသည်။
မြို့တော်သခင်မုန့်ချီက ပုဖန်ထိုအခန်းတွင်းသို့ အဘယ့်ကြောင့်ဝင်သွားသည်ကိုသိချင်သောကြောင့် လိုက်လာခြင်းဖြစ်သည်။ သူမဝင်လာချိန်တွင် အခန်းတွင်းမှ လေထုအခြေအနေက အနည်းငယ်ထူးဆန်းနေသည်ကို တွေ့လိုက်ရပြီး ထိုးနှက်သံများကြောင့် အံ့ဩသွားသည်။
အဝေးတွင် ပုဖန်က မျက်နှာသေဖြင့် လက်သီးကိုမြှောက်ကာ အဆက်မပြတ်ထိုးနေသည်။
ထိုးနှက်သံများက အားလုံးကို ကြက်သီးထလာစေသည်
" ဒီလူငယ်လေးက နတ်ဆိုးဘုရင်ကြီးလား ..."
" ဟုတ်လား ... သူက တကယ့်နတ်ဆိုးဘုရင်ကြီးလား ... ဒါဆိုရင် ဟိုငတုံးမလေးက နတ်ဆိုးဘုရင်ကြီးရဲ့ အလုပ်သင်ပေါ့ ..."
" ဘုရားရေ သူက နတ်ဆိုးဘုရင်ကြီးလား ... သူက အရမ်းလွှမ်းမိုးနိုင်တာပဲ ..."
ဒိုင်လူကြီးများနှင့် ပရိသတ်များက ပုဖန်ကို မှတ်မိသွားကြသဖြင့် အုတ်အော်သောင်းနင်း ဖြစ်ကုန်သည်။
ယခုချိန်တွင် နတ်ဆိုးဘုရင်ကြီးက မသေမျိုးချက်ပြုတ်ခြင်းနယ်ပယ်၏မျှော်လင့်ချက်ဖြစ်ကာ နယ်ပယ်တစ်ခုလုံးကို ကယ်တင်ခဲ့သည့် သူရဲကောင်းဖြစ်သောကြောင့် သူ၏နာမည်ကို မသိသူမရှိကြပေ။
" မင်း ဘာတွေလုပ်နေတာလဲ ..."
မုန့်ချီက မျက်ခုံးများပင့်ကာ နူးညံ့သည့်အသံဖြင့် မေးလိုက်သည်။ သူမ၏ နူးညံ့ညင်သာသောအသံက အခန်းတစ်ခုလုံးကို ပျံ့နှံ့သွားသည်။
" မြို့တော်သခင်မုန့်ချီ ကျွန် ... ကျွန်တော့်ကို ကယ် ... ကယ်ပါဦး ..."
မုန့်ချီ၏စကားဆုံးသည်နှင့် ချည့်နဲ့နေသောအသံတစ်ခု ထွက်ပေါ်လာသည်။ မြေပြင်တွင် ဖိနှိပ်ခံထားရပြီး ပုဖန်၏အထိုးခံနေရသာ ဒိုင်လူကြီးက နောက်ဆုံးတွင် အကူအညီတောင်းခံလိုက်သည်။
ပုဖန် ခဏရပ်သွားပြီး မြို့တော်သခင်မုန့်ချီကိုတစ်ချက်ကြည့်ကာ ဒိုင်လူကြီး၏ခေါင်းကို ကြမ်းပြင်နှင့်ခပ်ပြင်းပြင်းဆောင့်လိုက်ပြီးမှ ထလာသည်။ လက်ကာပြလိုက်ပြီး ဘာမှမဖြစ်ခဲ့သလို တည်ငြိမ်သွားပြန်သည်။
" ဒီကနေ ထွက်သွားစမ်း ... မင်းက ဒိုင်လူကြီးဖြစ်ဖို့ အရည်အချင်းမပြည့်မီဘူး ..."
ပုဖန်က ကြမ်းပြင်ပေါ်တွင် ခွေးသေတစ်ကောင်ကဲ့သို့ လဲကျနေသောဒိုင်လူကြီးကို မတူမတန်သလိုကြည့်လိုက်ပြီး လေးနက်သောအသံဖြင့်ပြောလိုက်သည်။
မုန့်ချီက လက်နောက်ပစ်ထားပြီး ကြောက်လန့်ဖွယ်ကောင်းနေသည့်ပုဖန်ကို စိုက်ကြည့်နေသည်။ တစ်ချိန်တည်းမှာပင် သူမမျက်နှာပေါ်၌ တစ်ခုခုကို သိရှိလိုသည့် အရိပ်အယောင်တစ်ခု ပေါ်လာသည်။
' ဒါဆို ပိုင်ရှင်ပုမှာလည်း ဒီလိုမျိုး အထက်စီးကနေ ပြုမူတတ်တဲ့ဘက်ခြမ်းရှိတယ်ပေါ့ '
" မြို့တော်သခင်မုန့်ချီ ... ဒီလူက ... သူ ... သူ ဒိုင်လူကြီးတစ်ယောက်ကို လူကြားထဲ အရှက်ခွဲတယ် ... သူ့ကိုအပြစ်ပေးပါ ..."
ဒိုင်လူကြီးက ဒယိမ်းဒယိုင်ဖြစ်နေသည်။ သူ၏မျက်နှာက သွေးများရွှဲနစ်နေကာ သွားများလညး ကျိုးနေသည်။
" မြို့တော်သခင်မုန့်ချီ ... ကျွန် ... ကျွန်တော်က လျှို့မိသားစုကပါ..."
ပုဖန် မျက်မှောင်ကြုတ်ကာ တွေးလိုက်မိသည်။
ဒီကောင် ငါ့ကိုစောဒက တက်နေတာလား ...
သူက ဖြည်းညှင်းစွာ သက်ပြင်းချလိုက်သည်။
"လျှို့မိသားစုတဲ့လား ... နင်က စိတ်ကြီးဝင်နေတာပဲ ... နတ်ဆိုးဘုရင်ကြီးကိုစော်ကားဖို့ သတ္တိတွေ ဘယ်ကရလာတာလဲ ..."
မုန့်ချီက ဒိုင်လူကြီးကို အပြုံးတစ်ဝက်ဖြင့်ပြောလိုက်ပြီး သူမအကြည့်များက ခက်ထန်နေသည်။
" ငါ့မျက်စိရှေ့က ထွက်သွားစမ်း ... နင့်မိသားစုဆီကိုပြန်သွားပြီး ပထမအလွှာမှာ မိသားစုခေါင်းဆောင်နဲ့အတူ သူ့ကိုလာတောင်းပန်ရမယ် ... နတ်ဆိုးဘုရင်ကြီးက စိတ်မကျေနပ်ဘူးဆိုရင် နင်တို့လျှို့မိသားစုလည်း တည်ရှိနေစရာမလိုတော့ဘူး ..."
မုန့်ချီ အေးစက်စွာပြောလိုက်သည်။
မသေမျိုးချက်ပြုတ်ခြင်းနယ်ပယ်က ကြီးမားသောကပ်ဆိုးကြီးကို ရင်ဆိုင်ရပြီးနောက်ပိုင်းတွင် သူကောင်းမျိုးမိသားစုများအကြောင်းကို မုန့်ချီ ပိုသိလာခဲ့သည်။ သူမလေသံတွင်ပင် သူတို့ကို ရွံရှာစက်ဆုပ်ကြောင်း ပေါ်လွင်နေသည်။
အမှိုက်တွေကများ ပုဖန်ကို စော်ကားရဲတယ်ပေါ့လေ ...
မုန့်ချီက ယခုဆိုလျှင် ပုဖန်ကိုချစ်ခင်မြတ်နိုးသောဂိုဏ်း၏ သစ္စာရှိအဖွဲ့ဝင်တစ်ယောက် ဖြစ်နေပြီးဖြစ်သည်။ အကယ်၍ နယ်ပယ်သခင်တိထိုက်နှင့် ပုဖန်တို့နှစ်ယောက် တိုက်ခိုက်ကြပါက တုန့်ဆိုင်းခြင်းမရှိပဲ ပုဖန်၏ဘက်တွင် ရပ်တည်ပေးမည်ဖြစ်သည်။
မုန့်ချီ၏စကားများ ကြားသည့်အခါ ဘေးမှလူများ လန့်ကုန်ကြသည်။
" သူက တကယ့်နတ်ဆိုးဘုရင်ကြီးပဲ ..."
" ဒါပေမဲ့ မြို့တော်သခင်မုန့်ချီပြောတာ နည်းနည်းမလွန်ဘူးလား ... သူက နတ်ဆိုးဘုရင်ကြီးဆိုပေမယ့် လျှို့မိသားစုခေါင်းဆောင်ကပါ လာတောင်းပန်စရာ လိုလို့လား ..."
" ငါ နောက်နေတယ်လို့ မထင်နဲ့နော် ငါဆိုတဲ့မုန့်ချီက ဘယ်တော့မှ မစနောက်တတ်ဘူး ... ဆန္ဒရှိရင်တော့ စမ်းကြည့်လိုက်လို့ရတယ် ..."
မုန့်ချီက ဒိုင်လူကြီးကို စိတ်မပါစွာကြည့်ပြီး ပြောလိုက်သည်။
ထိုလူက တုန်တုန်ယင်ယင်ပင်ဖြစ်လာသည်။ ထို့နောက် သူ၏သွေးများပေကျံနေသောမျက်နှာကိုအုပ်ကာ စာမေးပွဲခန်းမထဲမှ ပြေးထွက်လာသည်။
ပတ်ပတ်လည်မှလူများက ပို၍ပို၍ ဖိအားများလာကြသည်။ နတ်ဆိုးဘုရင်ကြီးနှင့် မြို့တော်သခင်မုန့်ချီက သူတို့မစော်ကားရဲသည့် ထိပ်တန်းမှလူများဖြစ်သည်။
ပုဖန် ခုံတစ်ခုံဆွဲ၍ ထိုင်လိုက်သောအခါ တကျွိကျွိအသံမြည်သွားသည်။ ထို့နောက် ရှီးရှီးကိုကြည့်ကာ ပြောလိုက်သည်။
" ရှီးရှီး ဆက်ပြီးချက်လေ ... စားဖိုမှူးကောင်းတစ်ယောက်ရဲ့ စိတ်အခြေအနေကို ပြင်ပက လွှမ်းမိုးမှုတွေက အကျိုးမသက်ရောက်နိုင်ဘူး ... ချက်ပြုတ်ရမှာ မင်းရဲ့တစ်ခုတည်းသော ရည်ရွယ်ချက်ပန်းတိုင်ပဲ ..."
ရှီးရှီး ခေါင်းငြိမ့်ပြလိုက်သည်။
" ကျန်တဲ့လူတွေ မင်းတို့ဟင်းလျာတွေ ငါ့ဆီယူလာခဲ့ ... ခုကစပြီး ငါကဒိုင်လူကြီးပဲ ..."
သူပြောပြီးသည်နှင့် တစ်ဖက်သို့လှည့်ပြီး ပရိသတ်များနှင့် ကျန်နေသည့် ဒိုင်လူကြီးများကို မျက်နှာသေဖြင့်ကြည့်လိုက်သည်။
" ကျုပ် ဒိုင်လူကြီးလုပ်မှာကို ကန့်ကွက်ချင်တဲ့လူရှိလား ..."
" မရှိပါဘူး ... မရှိပါဘူး ..."
" နတ်ဆိုးဘုရင်ကြီးအပေါ်ပဲ မူတည်ပါတယ် ..."
" နတ်ဆိုးဘုရင်ကြီးက ဒိုင်လူကြီးလုပ်တာ ကျွန်တော်တို့အတွက် ဂုဏ်ယူစရာပါပဲ ..."
ကျန်ရှိနေသည့် ဒိုင်လူကြီးများက သူ့ကိုမငြင်းဆန်ရဲပေ။ ထိုအစား လက်ကာပြ၍ ပြုံးပြနေကြသည်။
ပုဖန် ခေါင်းစောင်းပြီး မုန့်ချီကိုကြည့်လိုက်သည်။
မြို့တော်သခင်၏ လှပသောမျက်နှာတွင် နွေးထွေးသော အပြုံးတစ်ခုပေါ်လာပြီး ပြောလာသည်။
" မင်းကြိုက်သလိုလုပ်ပါ ... ငါမင်းကို ထောက်ခံတယ် ..."
" ကောင်းပါပြီ ..."
ပုဖန် ခေါင်းငြိမ့်ပြလိုက်သည်။ ထို့နောက် ကြောက်လန့်တုန်ယင်နေသော ပါဝင်သူများဘက်လှည့်ကာ တစ်ချက်ကြည့်လိုက်သည်။
ဂျိန်း ...
ရှီးရှီး၏ဟင်းလျာက ပြီးခါနီးပြီဖြစ်၍ မိုးကြိုးတိမ်တိုက်များ မြည်ချုန်းလာသည်။
ပုဖန် စိတ်ထဲတစ်ချက်တွေးလိုက်သည်နှင့် လေထဲတွင် အစီအရင်တစ်ခုပေါ်လာပြီး ခဏတွင်းချင်းတွင် ဝှိုက်တီက အခန်းထဲတွင် ပေါ်ထွက်လာသည်။
" ဝှိုက်တီ ရှီးရှီးရဲ့ မိုးကြိုးပြစ်ဒဏ်ကို ပြယ်သွားအောင်ကူညီလိုက်ဦး ..."
ပုဖန် ပြောလိုက်သည်။
ဝှိုက်တီ၏ စက်ရုပ်မျက်လုံးများ အရောင်လက်သွားသည်။ ထို့နောက် တစ်ဟုန်ထိုးပြေးကာ ရှီးရှီး၏အနားကိုရောက်သွားသည်။
မိုးကြိုးပစ်ချလိုက်ချိန်တွင် ဝှိုက်တီက မျက်လုံးများ မှေးကျဉ်းလိုက်သည်။ ၎င်း၏စက်ရုပ်မျက်လုံးများမှ ခရမ်းရောင်လျှပ်စီးကြောင်းများထွက်လာပြီး မိုးကြိုးပြစ်ဒဏ်ကို ထိသွားပြီး မိုးကြိုးတိမ်တိုက်များကို ပြန့်ကျဲသွားစေသည်။
အခန်းထဲမှလူအားလုံး ပင့်သက်ရှိုက်နေကြသည်။
" ဒါက နတ်ဆိုးဘုရင်ကြီးရဲ့ ကောင်းကင်အင်မော်တယ်ရုပ်သေးပေါ့ ... သူလည်း ကြောက်စရာကြီးပဲ ..."
ပုဖန် ခုံတွင် ပြန်မှီလိုက်ပြီး စားပွဲခုံကို လက်ဖြင့် ခေါက်နေသည်။
" သူမက ငါ့ရဲ့ အလုပ်သင်ပဲ ... မင်းတို့ သူမကို ချက်ပြုတ်ခြင်းနဲ့ အနိုင်ယူမယ်ဆိုရင် ငါ့မှာငြင်းစရာအကြောင်းမရှိဘူး ... ဒါပေမဲ့ သူမကို အကြောင်းမဲ့ အနိုင်ကျင့်ရင်တော့ ငါ့ဒေါသနဲ့တွေ့ဖို့ ပြင်ထားလိုက်ကြ ... အခု မင်းတို့ရဲ့ဟင်းလျာတွေ ဒီကိုယူလာကြ ... ငါ့ရဲ့အလုပ်သင်ကို ရယ်ရဲတယ်ဆိုတော့ မင်းတို့ ဘယ်လောက်တော်လဲဆိုတာ ကြည့်ရမယ် ..."
ပုဖန်၏အသံက တစ်ခန်းလုံးတွင် ပဲ့တင်နေသည်။
အားလုံး ရင်တုန်နေကြသည်။
နတ်ဆိုးဘုရင်ကြီးက သူ့အလုပ်သင်လေးကို အရမ်းကာကွယ်ပေးတာပဲ ...
ရှီးရှီးကို လှောင်ပြောင်ခဲ့ကြသည့် ဆယ်ကျော်သက်လေးများက အလွန်ကြောက်နေကြပြီး ဟင်းလျာများကိုပင် တုန်တုန်ယင်ယင်နှင့် ကိုင်ထားကြသည်။
ဒီငတုံးမလေးက ဘယ်လိုကြောင့် သူတို့တောင်မစော်ကားနိုင်တဲ့ တည်ရှိမှုတစ်ခု ဖြစ်သွားရတာလဲ ...