အပိုင်း ၁၁၈၃
Viewers 53k

အခန်း ၁၁၈၃

မင်းက ဘာကောင်မို့လို့လဲ ...


ကျက်တီးမြေတွင် ...


လှပသော ပုံရိပ်တစ်ခုက လေပေါ်တွင် မျောလွင့်နေသည်။


ထိုပုံရိပ်ကို မြင်သောအခါ ယင်းလုံ၏တစ်ကိုယ်လုံး တောင့်တင်းသွားသည်။ သူမကို အထင်မသေးရဲပေ။


ရုတ်တရက် သူ၏လက်ထဲမှ မျက်ခေါင်းပေါက်တောင်ဝှေးကို ဝှေ့ယမ်းပြီး ပြင်းထန်သည့် လေပွေတစ်ခု ဖန်တီး၍ ကြောက်မက်ဖွယ်ဖိအားလှိုင်းတစ်ခုနှင့်အတူ ကမ္ဘာမြေအကျဉ်းထောင်၏ မဟာနိယာမလမ်းကြောင်းစိတ်ဆန္ဒကို ပေါင်းစပ်လိုက်ကာ သူမဆီသို့ ပစ်လိုက်သည်။


ဧကရီပိလော့က ကျတ်တီးမြေမှထွက်လာပြီး သူမလက်ထဲတွင်ကိုင်ထားသည့် ရေခဲမုန့်ကတော့ကို စားနေဆဲဖြစ်သည်။ သူမထံသို့ တောင်တစ်လုံးကဲ့သို့ ပြေးဝင်လာသောဖိအားကို ခံစားမိသောအခါ လက်တစ်‌ဖက်ကိုမြှောက်ပြီး တဖြည်းဖြည်းလှည့်လိုက်သည်။


အက်ကြောင်းတစ်ခုက ထိုဖိအားကြီးပေါ်တွင် ဖြစ်ပေါ်လာသည်။ ငရဲစွမ်းအင်စီးကြောင်းက လေထဲတွင် ဧရာမလက်ဖဝါးတစ်ခုအဖြစ် စုစည်းသွားပြီး ခဏအကြာတွင် သူ့ကိုရိုက်ချတော့မည်ကို ယင်းလုံမြင်လိုက်သည်။


" ဧကရီပိလော့ ဘာလုပ်ဖို့ကြိုးစားနေတာလဲ ..."

ယင်းလုံ ဟိန်းဟောက်လိုက်သည်။ သူပြောလိုက်သည့်အချိန်တွင် လေဟာနယ်ကို ‌မျက်ခေါင်းပေါက်တောင်ဝှေးဖြင့် ရိုက်ချလိုက်သည်။ ချက်ချင်းပင် ငရဲစွမ်းအင်များက သူ၏ပတ်ပတ်လည်တွင်ပေါ်လာပြီး ဧကရီပိလော့၏ လက်ဝါးချက်ကြီးကို တားဆီးမည့် အကာအရံတစ်ခုဖြစ်သွားသည်။


ပြင်းထန်သည့် ‌တိုက်မိမှုကြောင့် ပေါက်ကွဲသံကြီးထွက်ပေါ်လာကြီး ငရဲစွမ်းအင်များအားလုံး လေထဲတွင် ပျံ့နှံ့သွားသည်။


ဧကရီပိလော့က သူမရေခဲမုန့်ကို နောက်တစ်ကြိမ်လျက်လိုက်ပြီး ယင်းလုံကို ဂရုမစိုက်သလိုကြည့်နေလိုက်ပြီးနောက် အေးစက်စွာပြောလိုက်သည်။

" ရှင့်ကိုထပ်မြင်ရတာ စိတ်ရှုပ်စရာကောင်းလိုက်တာ သောက်ကျင့်မကောင်းတဲ့နဂါး ... ရှင် နတ်ဘုရားမမြို့တော်နယ်နိမိတ်ထဲ ဝင်လာတာနဲ့ အသေသတ်ပစ်မယ်လို့ပြောထားတာ မေ့သွားပြီလား ..."


မျက်ခေါင်းပေါက်တောင်ဝှေးကို လက်တစ်ဖက်တွင်ကိုင်ထားလျက် ယင်းလုံ၏မျက်နှာကြွက်သားများ တုန်ယင်နေပြီဖြစ်သည်။


ခဏအကြာတွင် ဧကရီပိလော့က နောက်တစ်ကြိမ်လက်မြှောက်လိုက်ပြန်သည်။ ငရဲစွမ်းအင်များ လက်တစ်ဖက်တွင်စုဝေးပြီး ယင်းလုံဆီသို့ ပျံထွက်သွားသည်။


" တားမြစ်မြေတွေက လူတွေက သမိုင်းကထုတ်ပယ်ခံလိုက်ရတဲ့ အရှုံးသမားတွေပဲဆိုတာ သတိပြုမိသင့်တယ် ... မင်းတို့က သမိုင်းရေစီးကြောင်းထဲက ပျောက်ကွယ်သွားသင့်တဲ့လူတွေပဲ ..."

ယင်းလုံ အော်ပြောလိုက်သည်။ သူ၏အသံက မခံမရပ်နိုင် ဖြစ်နေသကဲ့သို့ပင်။


တောင်ဝှေးကိုဝှေ့ယမ်းလိုက်ပြီး ဧကရီ၏တိုက်ခိုက်မှုကို ထိသွားစေရန် အလင်းတန်းတစ်ခု ပစ်ထုတ်လိုက်သည်။ ထို့နောက် တစ်ဖက်သို့လှည့်ကာ ထွက်ပြေးသွားပြီး သူ၏ပုံရိပ်က မိုးကုပ်စက်ဝိုင်းပေါ်မှ တဖြည်းဖြည်းပျောက်ကွယ်သွားသည်။


" မင်းတို့က ချောင်မှာကပ်ပြီး ပုန်းအောင်းနေမှတော့ မကောင်းတဲ့ရည်ရွယ်ချက်တွေနဲ့ ပြန်ထွက်မလာကြနဲ့တော့ ... မဟုတ်ရင် ပျောက်ကွယ်သင့်တဲ့အရာတွေက ပျောက်ကွယ်သွားရမှာပဲ ..."

ယင်းလုံ၏ပုံရိပ်က ‌မြင်ကွင်းထဲမှ ပျောက်ကွယ်သွားသော်လည်း သူ၏လေသံကပဲ့တင်ထပ်ပြီး ကျန်နေခဲ့သည်။


ဧကရီပိလော့က သူမ၏သွယ်လျသောခြေတံရှည်များဖြင့် လေထဲတွင် လှပစွာရပ်နေသည်။ သူမ ရေခဲမုန့်ကို ကိုက်ပြီးသည့်အခါ ရှုံ့မဲ့၍ နှာမှုတ်လိုက်ပြီး သဲများပေါ်ဆင်းလာသည်။ မျက်စိတစ်မှိတ်အတွင်း ကျက်တီးမြေက နဂိုမူလပုံစံအတိုင်းပြန်ဖြစ်သွားသည်။



ဂျိန်း ...


လျှပ်စီးကြောင်းတစ်ခု ဖြစ်ပေါ်လာပြီး အားလုံးကို ထိတ်လန့်သွားစေသည်။


ဖိနှိပ်ချုပ်ခြယ်ထားသောအော်ရာ တဖြည်းဖြည်းပျောက်ကွယ်သွားသော်လည်း လေထဲတွင် ရစ်ဝဲနေသော တိမ်များက အားလုံးကို အသက်ရှုကြပ်‌သောခံစားချက်များ ပေးနေဆဲဖြစ်သည်။


နောက်ဆုံးတွင် တိမ်မည်းများပျောက်ကွယ်သွားပြီး လူအုပ်ကြီးက ပြိုင်ပွဲကွင်းထဲကို လှမ်းကြည့်လိုက်ကြသည်။


ပုံရိပ်တစ်ခုက အကြော်ကြော်သည့်ဇွန်းကို ကိုင်ထားပြီး ဟင်းလျာပေါ်သို့ ဆီပူများလောင်းချနေသဖြင့် တရှဲရှဲအသံနှင့်အတူ မွှေးပျံ့သောရနံ့များထွက်ပေါ်လာပြီး လေထဲသို့ စိမ့်ဝင်ပျံ့နှံ့သွားသည်။


မသေမျိုးစွမ်းအင်စီးကြောင်း တစ်ကြောင်း နှစ်ကြောင်း သုံးကြောင်း ...


မသေမျိုးစွမ်းအင်စီးကြောင်း ခုနစ်ကြောင်းက မှိုပွင့်များကဲ့သို့ တစ်ခုပြီးတစ်ခု ထွက်ပေါ်လာကာ ဟင်းလျာတစ်ဝိုက်တွင် ရစ်ဝဲနေသဖြင့် ပို၍အရောင်တောက်ပလာစေသည်။


ရုတ်တရက် ဝှိုက်တီက နတ်ဘုရားသတ်တုတ်ကို လက်တစ်ဖက်တွင်ကိုင်၍ ပြိုင်ပွဲကွင်းထဲဆင်းလာသည်။ သူ၏ခန္ဓာကိုယ်တွင် လျှပ်စီးကြောင်းများ ရစ်ပတ်နေပြီး ‌၎င်း၏အော်ရာကလည်း ပို၍သန်မာလာသည်ဟု ထင်ရသည်။


ပုဖန်က အဝတ်ဖြူသန့်သန့်တစ်စကို ယူလိုက်ပြီး ဖြူပြာရောင်ကြွေပန်းကန်၏အစွန်းမှ ဆီစက်များကို သုတ်လိုက်သည်။ ထို့နောက် လက်သုတ်၍ ပန်းကန်ပြားကို ယူလာသည်။


တတိယအဆင့်စားဖိုမှူးစစ်ဆေးချက်အတွက် ဟင်းလျာကို တည်ခင်းရန် အဆင်သင့်ဖြစ်နေပြီဖြစ်သည်။


သူ မျက်မှောင်ကြုတ်နေသည်။ အမှန်တိုင်းပြောရလျှင် ဤတစ်ကြိမ်လုပ်ဆောင်ချက်ကို သူကျေနပ်အားရမှုမရှိပေ။ မသေမျိုးစွမ်းအင်စီးကြောင်း ခုနစ်ကြောင်းပါသည့် ဟင်းလျာကိုချက်ပြုတ်ရန်လွယ်ကူမည်ဟုထင်ခဲ့သော်လည်း စတင်ချက်ပြုတ်ချိန်မှ ခက်ခဲမှုကို သဘောပေါက်လာခဲ့သည်။ သူ၏ကျင့်ကြံခြင်းအဆင့်က တတိယအဆင့်အင်မော်တယ်စားဖိုမှူးအဆင့်သို့ ရောက်ရုံပင်ရှိသေးသည်ကို သဘောမပေါက်ခဲ့မိပေ။


ကံကောင်းစွာဖြင့် နောက်ဆုံးတွင် အောင်မြင်ခဲ့သည်။ 


သို့ရာတွင် ဟင်းလျာက တတိယအဆင့်အင်မော်တယ်စားဖိုမှူးအဆင့်သို့ ရောက်ရုံသာဖြစ်သဖြင့် ခြောက်သွေ့ဂေါ်ဖီအိုးကဲ့သို့ မကောင်းသည့်အပြင် မိုးကြိုးပြစ်ဒဏ်လေးခုကိုသာ ဆွဲဆောင်နိုင်ခဲ့သည်။ ထိုအကြောင်းများကြောင့် ဤတစ်ကြိမ်လုပ်ဆောင်ချက်ကို ကျေနပ်မှုမရှိခြင်းဖြစ်သည်။


သူ ညင်သာစွာသက်ပြင်းချလိုက်သည်။


ပုဖန်က သူ၏ချက်ပြုတ်စွမ်းရည်များ များစွာတိုးတက်လာသည်ကို သဘောပေါက်သော်လည်း လေ့ကျင့်ရန် လိုအပ်နေသေးသည်။ အထွတ်အထိပ်သို့ရောက်ရန် အလွန်ဝေးနေသေးသည်။ ပိုမြင့်သောအဆင့်သို့ရောက်လေ ချက်ပြုတ်စွမ်းရည်များ တိုးတက်လာလေဖြစ်သည့်အပြင် အတားအဆီးများလာလေဖြစ်ပြီး ကျော်ဖြတ်ရမည့် ဘေးဒုက္ခများလည်း တိုးပွားလာသည်။


ဟင်းလျာကို ဒိုင်လူကြီးများထံ ယူသွားသည်။


ပုဖန် ဟင်းလျာကို မပြီးစီးခင်မှာပင် နယ်ပယ်သခင်တိထိုက်က ပိတ်လှောင်ခြင်းပျက်ပြယ်သွားပြီး လှုပ်ရှားနိုင်လာခဲ့သည်။ သူ အရမ်းခံစားသွားရသည့်အတွက် မျက်ရည်များပင် စီးကျလာသည်။


ပုဖန်က အငွေ့တလူလူနှင့်ဟင်းလျာကို စားပွဲပေါ်တင်လိုက်သဖြင့် အကြည့်များစွာကို ဖမ်းစားထားသည်။


အမှန်တွင် ဒိုင်လူကြီးများ ဟင်းလျာကိုမြည်းစမ်းရခြင်းက ဓလေ့ထုံးစံအရသာဖြစ်သည်။ ရစ်ဝဲနေသော မသေမျိုးစွမ်းအင်များက အတုအယောင်မဟုတ်သရွေ့ ပုဖန်က တရားဝင် တတိယအဆင့်အင်မော်တယ်စားဖိုမှူးဖြစ်လာပြီဟု ဆိုလိုခြင်းပင်ဖြစ်သည်။


ပုဖန်၏ဟင်းလျာက အံ့မခမ်းဖွယ်ရာ ဖြစ်နေဆဲပင်ဖြစ်သော်လည်း သူအစောပိုင်းက ချက်ပြုတ်ခဲ့သည့် ခြောက်သွေ့အိုးကဲ့သို့ ပြိုင်ဘက်ကင်းသည့် အရသာတစ်ခု ကင်းမဲ့နေသည်။ သို့ရာတွင် ထိုအကြောင်းက သူ့အား တတိယအဆင့်အင်မော်တယ်စားဖိုမှူးဖြစ်လာခြင်းမှ မတားဆီးနိုင်ပေ။


နယ်ပယ်သခင်တိထိုက် အံကြိတ်လျက် ရလဒ်ကိုကြေညာလိုက်ချိန်တွင် တစ်ခန်းလုံး ဆူညံပွက်လောရိုက်သွားသည်။ မကြာမီတွင် ထိုသတင်းက မသေမျိုးချက်ပြုတ်ခြင်းနယ်ပယ်တစ်ခုလုံးကို မုန်တိုင်းတစ်ခုကဲ့သို့ ပျံ့နှံ့သွားသည်။


နတ်ဆိုးဘုရင်ကြီးက အံ့ဩစရာကောင်းတဲ့ အောင်မြင်မှုတစ်ခုကို လုပ်ခဲ့ပြန်ပြီ ... တစ်ရက်တည်းမှာ အဆင့်နှစ်ဆင့်ကိုတက်ပြီး တတိယအဆင့်အင်မော်တယ်စားဖိုမှူးဖြစ်သွားပြီတဲ့ ...


တတိယအဆင့်အင်မော်တယ်စားဖိုမှူး ဖြစ်သွားပြီးနောက်ပိုင်းတွင် ပုဖန်က မြို့တော်သခင်မုန့်ချီနှင့် နယ်ပယ်သခင်တိထိုက်တို့နှင့် စကားခဏပြောနေခဲ့သည်။ ထို့နောက် နယ်ပယ်သခင်တိထိုက်၏ ခါးသီးသောအကြည့်များကို ဥပက္ခာပြု၍ ထွက်သွားသည်။


အိတ်ကပ်ထဲကို လက်နှိုက်ထားလျက် အခန်းထဲမှထွက်လာသည်။ မျက်မှောင်ကြုတ်လျက် သူ၏ချို့ယွင်းချက်များကို ပြန်သုံးသပ်ပြီး အချက်အပြုတ်စွမ်းရည်များတိုးတက်ရန်သာ တွေးနေသည်။


ထို့အပြင် ပိတ်လှောင်ခြင်းအစီအရင်ကို ထည့်သွင်းနိုင်မည့်အရာတစ်ခုကိုလည်း ရှာဖွေရန် လိုအပ်နေသေးသည်။ ခြောက်သွေ့အိုးက ကောင်းမွန်သော်လည်း ပေါက်ကွဲခြင်းအစီအရင်ကို ထည့်သွင်းရန် ပိုသင့်လျော်သည်။


အခန်းထဲမှ ထွက်လာပြီးနောက် ပထမအဆင့်အင်မော်တယ်စားဖိုမှူး စစ်ဆေးချက်ကျင်းပသည့်အခန်းသို့ လျှောက်လာသည်။


ရှီးရှီးက စစ်ဆေးချက်ခံယူနေဆဲဖြစ်လိမ့်မည်။ ပုဖန်က သူမအပေါ်ယုံကြည်ချက်ရှိသော်လည်း ထိုကလေးမလေး အင်မော်တယ်စားဖိုမှူးဖြစ်လာသည်ကို ကိုယ်တိုင်သွားကြည့်ချင်နေသည်။


တံခါးဖွင့်၍ လက်နောက်ပစ်ကာ အတွင်းသို့ဝင်သွားသည်။ ပရိသတ်များထဲတွင် နေရာတစ်ခုရှာတွေ့၍ တိတ်တဆိတ်ဝင်ထိုင်လိုက်သည်။ အားလုံးက ပြိုင်ပွဲကွင်းပြင်ကိုသာ အာရုံစိုက်နေ၍ သူ၏ရောက်ရှိလာမှုကို မည်သူမှ အာရုံမစိုက်မိကြပေ။


ကွင်းထဲတွင် စားဖိုမှူးအနည်းငယ်သာ ချက်ပြုတ်နေကြသည်။ ၎င်းတို့က အသက်၁၂နှစ်မှ ၁၅နှစ်အတွင်းဖြစ်၍ အလွန်အသက်မကြီးသော်လည်း မငယ်ကြပေ။ ရှီးရှီးက ၇နှစ် ၈နှစ်အရွယ် ကလေးမလေးဖြစ်သဖြင့် သူတို့ကြားထဲတွင် သေးသေးပိစိလေးဖြစ်နေသည်။ ချက်ပြုတ်သည့် မီးဖိုခုံတန်းလျားကိုမှီရန် ခုံခု၍ရပ်နေရသည်။


ပုဖန် မျက်ခုံးများတွန့်ချိုးလိုက်မိသည်။ အခြားယှဉ်ပြိုင်သူများက မသေမျိုးကိရိယာများသုံးနေကြသော်လည်း ရှီးရှီးက ‌မသေမျိုးမီးဖိုချောင်အဆောက်အဦးမှပေးသည့် သာမန်မီးဖိုချောင်သုံး ကိရိယာတန်ဆာပလာများဖြင့်သာ ချက်နေရသည်။ ၎င်းက သာမန်ချက်ပြုတ်ခြင်းတွင် ကွာခြားမှုမရှိသော်လည်း စစ်ဆေးချက်တွင် ရှီးရှီးအတွက် ဆိုးကျိုးများဖြစ်ပေါ်စေသည်။


' ကြည့်ရတာတော့ ဒီစစ်ဆေးချက်ပြီးရင် ရှီးရှီးအတွက် မီးဖိုချောင်သုံးကိရိယာတွေ ပြင်ဆင်ပေးမှပဲ ... အင်မော်တယ်စားဖိုမှူးတစ်ယောက်က မီးဖိုချောင်သုံးကိရိယာကောင်းကောင်းမရှိလို့ မဖြစ်သေးဘူး '


ပုဖန်ကိုယ်တိုင်တွင်လည်း နတ်ဘုရားအဆင့် အချက်အပြုတ်ပစ္စည်းအစုံရှိသည်။ စားဖိုမှူးတစ်ယောက်တွင် ကောင်းမွန်သည့် မီးဖိုချောင်သုံးကိရိယာများ မရှိပါက အထွတ်အထိပ်သို့ရောက်ရန် ခက်ခဲလှသည်။ ရှီးရှီးက အခြားပါဝင်သူများ၏ အဖိနှိပ်ခံရသည့်အတွက် ပုဖန် ကျိန်းသေပေါက်မပျော်မရွှင်ဖြစ်နေသည်။


ကွင်းပြင်ထဲမှ အသက်ကြီးသည့်ကောင်လေးအချို့က ရှီးရှီးကို လှောင်ပြောင်သည့်အပြုံးများဖြင့်ကြည့်နေသည်။ သူမက မသေမျိုးမီးဖိုချောင်အဆောက်အဦးမှပေးသည့် သာမန်ဟင်းချက်ကိရိယာများကိုသုံးနေသည်ကို မြင်သည့်အခါ ရယ်နေကြသည်။


ရှီးရှီး နှုတ်ခမ်းကိုကိုက်ထားပြီး စိတ်ထဲမထားပေ။ သူမက အရပ်မရှည်သည့်အတွက် ခုံပေါ်တွင်ရပ်၍ ချက်ပြုတ်နေရသည်။ သူမမျက်နှာသေးသေးလေးတွင် မီးခိုးများဖြင့် ပေကျံနေသည်။


" ငါလည်း မသေမျိုးကိရိယာတွေမရှိပေမယ့် ဆရာပုလိုမျိုး စားဖိုမှူးကောင်းတစ်ယောက်ဖြစ်လာချင်တယ် ..."

ကလေးမလေးက နှုတ်ခမ်းစူပြီး ပါဝင်ပစ္စည်းများကို သာမန် မီးဖိုချောင်သုံးဓားဖြင့်သာ လှီးဖြတ်နေသည်။


ရှဲ ...


အခြားကလေးများက ဒယ်အိုးများထဲ ပါဝင်ပစ္စည်းများ ထည့်လိုက်သည့်အခါ အ‌ငွေ့များနှင့်အတူ မွှေး ကြိုင်သောရနံ့များ ပျံ့နှံ့လာသည်။ အချိန်တိုအတွင်းမှာပင် သူတို့၏ချက်ပြုတ်ခြင်းက နောက်ဆုံးအဆင့်သို့ ချဉ်းကပ်လာသည်။ မသေမျိုးကိရိယာများက သူတို့၏ချက်ပြုတ်သည့်အရှိန်ကို မြန်လာစေသည်။


အခြားလူများ ပြီးစီးတော့မည်ကို မြင်သည့်အခါ ရှီးရှီး ထိတ်ထိတ်ပြာပြာဖြစ်သွားသည်။ သူမ၏ဟင်းလျာက မပြီးဆုံးသေးပေ။


" ကောင်မလေး နင်က မီးဖိုကိုမှီတဲ့အထိတောင် အရပ်မရှည်ဘူး ... ချက်ပြုတ်တာကို သင်မယ့်အစား အိမ်ပြန်ပြီး အပ်ကိုင်နည်းပဲသင်ပါလား ..."

ရှီးရှီး၏ နီရဲနေသောမျက်နှာကို မြင်သည့်အခါ ကောင်လေးတစ်ယောက်က ရယ်လိုက်သည်။ သူ၏လှောင်ပြောင်သံက အလွန်သိသာနေသည်။


ထိုကလေးများအားလုံးက မသေမျိုးချက်ပြုတ်ခြင်းနယ်ပယ် အလွှာအသီးသီး၏ သူကောင်းမျိုးမိသားစုများမှဖြစ်သည်။ သူတို့အားလုံးကကြွယ်ဝသောရင်းမြစ်များရရှိထားကြသည့်အတွက် ပထမအဆင့်အင်မော်တယ်စားဖိုမှူးဖြစ်ရန် မခက်ခဲကြပေ။ သူတို့က သူကောင်းမျိုးမိသားစုများမှ ကြီးပြင်းလာသောကြောင့် စိတ်ကြီးဝင်ပြီး အားနည်းသူများအပေါ် အထင်အမြင်သေးမှုကို မဖုံးကွယ်ထားတတ်ကြပေ။


ရှီးရှီးက သူတို့အားလုံး၏မျက်လုံးထဲတွင် အားနည်းသူဖြစ်နေသည်က အမှန်ပင်။


" သူမက စားပွဲထက်တောင် အရပ်နိမ့်နေသေးတယ် ..."


" ဒီလိုကလေးက ငါတို့နဲ့အတူ စစ်ဆေးချက်ကို ဘာလို့လာပြိုင်ပါလိမ့် ..."


" အမွေးအတောင်မစုံသေးတဲ့ ကလေးမလေးကများ အင်မော်တယ်စားဖိုမှူးဖြစ်ချင်သေးတယ်ပေါ့ ... မဖြစ်နိုင်ပါဘူး ... အင်မော်တယ်စားဖိုမှူးဆိုတဲ့ ဂုဏ်ပုဒ်က အဲ့လောက်ဈေးမပေါဘူးလေ ..."


ကောင်းကင်တွင် မိုးကြိုးတိမ်တိုက်များ စတင်စုဝေးလာသည်။ ထိုကလေးများက မိုးကြိုးပြစ်ဒဏ်ကို ဆွဲဆောင်နိုင်သည့်အတွက် အမှန်ပင် ကောင်းချီးပေးခံရသည့် ကလေးများဖြစ်ကြောင်း ပြသနေသကဲ့သို့ပင်။


မိုးကြိုးပြစ်ဒဏ်များ ဆင်းသက်လာသည်။


အလွှာအသီးသီးရှိ သူကောင်းမျိုးမိသားစုမှ ကလေးများက နည်းလမ်းမျိုးစုံသုံး၍ မိုးကြိုးပြစ်ဒဏ်ကို ခုခံကာကွယ်ကြသည်။


" နင် အရှုံးပေးလိုက်သင့်ပြီ ... ကြည့်ဦး နင့်ဟင်းက ချက်တောင်မချက်ရသေးဘူး ..."

ကောင်လေးက ဟားတိုက်ရယ်မောကာ သူ၏ဟင်းလျာကိုကိုင်ပြီး ရှီးရှီး၏ဘေးမှ ဖြတ်သွားသည်။


ရှီးရှီး၏မျက်နှာက နီရဲလာပြီး ထိုကောင်လေးကို စိတ်ဆိုးမာန်ဆိုးဖြင့်ကြည့်လိုက်သည်။


ရုတ်တရက် သူမမျက်နှာက ထိတ်ထိတ်ပြာပြာဖြစ်သွားသည်။


သူမခြေထောက်အောက်မှခုံက ဒယိမ်းဒယိုင်ဖြစ်သွားသောကြောင့် ဟန်ချက်ပျက်ကာ ကြမ်းပေါ်သို့ ကျယ်လောင်သောအသံဖြင့် ပြုတ်ကျသွားသည်။


သူမ ပတ်ပတ်လည်မှ ရယ်သံများပိုကျယ်လာသည်။


သူကောင်းမျိုးမိသားစုမှကလေးများက ထိုမြင်ကွင်းကို ရယ်စရာသဖွယ်ကြည့်နေကြသည်။


ပထမအဆင့်အင်မော်တယ်စားဖိုမှူးစစ်ဆေးချက်မှ အကဲဖြတ်ဒိုင်များတွင် ရှီးရှီးကိုခေါ်လာသည့်သူ ရှိမနေပေ။ ထို့ကြောင့် သူမကို နတ်ဆိုးဘုရင်ကြီး၏ အလုပ်သင်မှန်းမသိကြပေ။ သူမကိုကြည့်ပြီး အားလုံးကမျက်မှောင်ကြုတ်နေကြသည်။ သူတို့သည်လည်း ဤခုနစ်အရွယ်ကလေးမလေးက ဤနေရာကို ကမောက်ကမဖြစ်ရန် ရောက်လာသည်ဟုသာတွေးနေကြငည်။


ခုနစ်နှစ်ပဲရှိသေးတာကို ပထမအဆင့်အင်မော်တယ်စားဖိုမှူးဖြစ်နိုင်မယ်တဲ့လား ... သူမမှာ ကိုယ်ပိုင် မီးဖိုချောင်သုံးကိရိယာတွေတောင် မရှိပဲနဲ့ ...


" ပါဝင်သူတွေအားလုံး အာရုံစိုက်ကြပါ ... စစ်ဆေးချက်က ပြီးဆုံးသွားပါပြီ ...တကယ်လို့ ချက်ပြုတ်လို့မပြီးသေးရင် ပြဿနာမရှာပဲ ထွက်သွားပေးပါ အားလုံးရဲ့အချိန်ကို မဖြုန်းပါနဲ့ ..."

ဒိုင်တစ်ယောက်က ပြောလိုက်ပြီး ခုံကိုမှီ၍ သက်ပြင်းချလိုက်သည်။


သူက ရှီးရှီးကို အလိုမကျဆုံးဖြတ်သည့် ဒိုင်လူကြီးဖြစ်သည်။


" သမီးချက်လို့ မပြီးသေးဘူးလေ ဘာလို့ စစ်ဆေးချက်ကို ရပ်လိုက်ရတာလဲ ... စစ်ဆေးချက်က အချိန်မကန့်သတ်ထားဘူးဆိုတာ သမီးသိတယ် ..."

ရှီးရှီး၏ ငိုမဲမဲ့အသံက မီးဖိုအောက်မှထွက်လာပြီး ခုံကိုဆွဲလိုက်သံကိုလည်း ကြားလိုက်ရသည်။


ခုနစ်နှစ်အရွယ်ကလေးလေး၏ ဝေဖန်ထောက်ပြခြင်းခံလိုက်ရ၍ ဒိုင်လူကြီး‌က စိတ်တိုသွားသည်။ ခုံကို လက်ဝါးဖြင့်ရိုက်လိုက်ကာ အော်ဟစ်တော့သည်။

" ငါက စစ်ဆေးချက် ပြီးပြီဆိုရင် ပြီးပြီပေါ့ ... ဒီနေရာမှာ ဘယ်သူက ဒိုင်လူကြီးလဲ ... နင်လား ငါလား ... ရိုင်းလိုက်တဲ့ကောင်မလေး ..."


ဒိုင်လူကြီး၏ တုံ့ပြန်မှူကြောင့် ကွင်းထဲမှ အခြားကလေးများလည်း ထိတ်လန့်ကုန်ကြသည်။ သို့သော် အတော်များများက ချက်ပြုတ်ခြင်းများပြီးစီးသွား၍ ပီတိဖြစ်နေကြသည်။


ဒိုင်လူကြီးက မီးဖိုထက်ပင်နိမ့်နေသော ရှီးရှီးကိုဆူနေကြောင်း သိသာလှသည်။


စားပွဲပေါ်မှ မြေခွေးဖြူလေး၏ မျက်လုံးများပြူးကျယ်လာသည်။ သူမအမွေးများထောင်နေပြီး ဒိုင်လူကြီးကို စိုက်ကြည့်နေသည်။ သူမ အလွန်ဒေါသထွက်နေသည်။ ရှီးရှီးက ခုံကို သူ့နေရာသူပြန်ထား၍ ခုံပေါ်တက်လိုက်သည့်အခါ ရှီးရှီး၏မျက်နှာကို မြင်လိုက်ရသည်။


" ရှီးရှီး ဒီဟင်းလျာကို ပြီးအောင်ချက်မှရမယ် ... ဆရာပုက ရှီးရှီးကို အင်မော်တယ်စားဖိုမှူးဖြစ်လာရမယ်လို့ ပြောထားတယ် ..."

ကလေးမလေးက နှုတ်ခမ်းကိုက်ထားပြီး ငိုလုနီးပါးဖြစ်နေသော်လည်း သူမဟင်းလျာကို ဇွန်းဖြင့်ဆက်မွှေနေသည်။


" နင်က တကယ် စိတ်ပျက်စရာကောင်းတဲ့ ကလေးမလေးပဲ ... စာမေးပွဲခန်းမထဲ အိမ်မွေးတိရစ္ဆာန်တစ်ကောင် သယ်လာရုံမကဘူး တခြားလူတွေရဲ့ အချိန်တွေပါ တမင်သက်သက်ဖြုန်းနေတယ် ... နင့်မှာ မီးဖိုချောင်သုံးကိရိယာတောင်မှရှိလို့လား မီးဖိုချောင်သုံးဓားတောင် မသေမျိုးမီးဖိုချောင် အဆောက်အဦးက ငှားထားတာလေ ... တခြားလူတွေနဲ့ ဘယ်လိုပြိုင်မှာလဲ ... နင့်ကိုယ်နင် အင်မော်တယ်စားဖိုမှူးဖြစ်လာမယ်များ ထင်နေလား ..."


ဒိုင်လူကြီးက စိတ်မရှည်ဖြစ်ပြီး အကြည့်များက အေးစက်လာသည်။


သူက ရှီးရှီးကို လက်ညိုးထိုးကာ အော်လိုက်သည်။

" အခုချက်ချင်း ကွင်းထဲကထွက်သွား ... မဟုတ်ရင် စစ်ဆေးချက်တွေမှာ ပါဝင်ဖို့ကို ရုတ်သိမ်းပစ်မယ် ... နင် နောက်လလည်း ဝင်ပြိုင်လို့မရဘူး ... နောက်လရဲ့ နောက်လမှာလည်း ဝင်ပြိုင်မရဖြစ်သွားမယ် ..."


ပြိုင်ပွဲကွင်းထဲတွင် အခြားပါဝင်သူများက တိတ်ဆိတ်နေသော်လည်း ရှီးရှီးကိ သရော်သည့်ပုံများဖြင့်ကြည့်

နေကြသည်။


အခြားဒိုင်လူကြီးများ မျက်မှောင်ကြုတ်လိုက်သည်။ ခုနစ်အရွယ်ကလေးမလေးကို အနိုင်ကျင့်နေသော ဒိုင်လူကြီးကို သူတို့ မကျေနပ်တော့ပေ။ သို့ရာတွင် သူ၏ရာထူးကြောင့် ဘာမှမပြောရဲကြပေ။ ကလေးမလေးတစ်ယောက်အတွက် သူကောင်းမျိုးမိသားစုမှ လူတစ်ယောက်ကို စော်ကားရန်မလိုဟု တွေးလိုက်ကြသည်။ ထိုလူက ယခင်ပဉ္စမအလွှာမှ သူကောင်းမျိုးမိသားစုဝင်တစ်ယောက်ဖြစ်သည်ကို သူတို့အားလုံးသိရှိကြသည်။


" ငါ နင့်ကိုထွက်သွားခိုင်းနေတယ်နော် ... ငါပြောတာမကြားဘူးလား ..."

ဒိုင်လူကြီးက မျက်လုံးများမှေးကျဉ်းကာ အော်ဟစ်လိုက်သည်။


သူ၏အသံက ရှီးရှီးကိုကြောက်လန့်သွားစေသဖြင့် သူမလက်များ တုန်ယင်လာပြီး မျက်ရည်များဝဲလာသည်။


ရုတ်တရက် တိတ်ဆိတ်သောအခန်းထဲတွင် ခြေသံအချို့ကို ကြားလိုက်ရသည်။


အားလုံး အံ့အားသင့်သွားပြီး ပရိသတ်ထဲကို လှမ်းကြည့်လိုက်သည်။


ဒိုင်လူကြီးက ဒေါသထွက်နေပြီဖြစ်သည်။ သူလှာ့်ကြည့်ကာ အော်ဟစ်လိုက်သည်။

" ဘယ်သူက စာမေးပွဲခန်းမထဲ လမ်းလျှောက်နေတာလဲ ... ထွက်သွားစမ်း ..."


သူ့စကားဆုံးသည်နှင့် မျက်လုံးများမှေးကျဉ်းသွားသည်။ ဖြူနီရောင်စားဖိုမှူးဝတ်စုံ ဝတ်ဆင်ထားသော မျက်နှာသေနှင့် လူငယ်တစ်ယောက်က သူ့ရှေ့တွင်ပေါ်လာကာ သူ့ကို ပါးပိတ်ရိုက်လိုက်သည်။


ဖြန်း ...


စာမေးပွဲခန်းမ တစ်ခုလုံးထဲတွင်အသံတစ်ခု ပဲ့တင်ထပ်သွားသည်။


အားလုံး အံ့အားသင့်နေကြသည်။ ဒိုင်လူကြီးများလည်း အံ့ဩလွန်း၍ ဘာပြောရမည်မသိ ဖြစ်နေသည်။ ပြိုင်ပွဲကွင်းထဲမှ ပါဝင်သူများလည်း ပါးသပ်အဟောင်းသားဖြင့် ထိတ်လန့်နေသည်။ ပါဝင်သူတစ်ယောက်က အလွန်အံ့ဩသွားသဖြင့် လက်ထဲမှဓားက ကြမ်းပေါ်သို့ လွတ်ကျသွားသည်။


ရှီးရှီး‌ နောက်ဆုံးတွင် ပုဖန်ကို တွေ့လိုက်သည်။ သူမရင်ထဲမှ ဝမ်းနည်းမှုများ ပေါက်ကွဲသွားပြီး မျက်ရည်ပေါက်ကြီးငယ်ကျလာတော့သည်။


" မင်း ငါ့ကို ပါးရိုက်ရဲတယ်ပေါ့ ... မင်းက ဘာကောင်လဲ ... သေချင်နေတာလား ..."

ခဏတာမှင်သက်ပြီးနောက် ဒိုင်လူကြီး၏ မျက်လုံးများနီရဲလာပြီး ဒေါသတကြီးဖြင့် အော်လိုက်သည်။


ပုဖန်၏ မျက်လုံးများက ရှီးရှီးပေါ်သို့ရောက်သွားပြီး သူမအတွက် အလွန်ဝမ်းနည်းသွားရသည်။ ထို့နောက် ဒိုင်လူကြီးကိုစိုက်ကြည့်ပြီး သူ့မျက်နှာကို နောက်တစ်ကြိမ် ဖြတ်ရိုက်လိုက်ပြန်သည်။


သူ လုံလောက်သည်ဟု မခံစားရသောကြောင့် နောက်ထပ် ထပ်ရိုက်ပြန်သည်။


ဒိုင်လူကြီး၏နှာခေါင်းမှ သွေးများစီးကျလာသည်။ မျက်လုံးထဲတွင် အမျက်ဒေါသဖြင့် ပြည့်ပြီး စစ်မှန်စွမ်းအင်များ ထွက်ပေါ်လာသည်။


ပုဖန် လက်ပြန်ရုတ်ပြီး သူ့လက်ကို အနည်းငယ်ခွာလိုက်သည်။


" မင်းကရော ဘယ်ကခွေးကောင်လဲ ... ငါ့အလုပ်သင်ကိုများ ဆူပူကြိမ်းမောင်းနေတယ်ပေါ့ ... ငါ့ရှေ့မှာ မင်းအဲ့လို ထောင်လွှားလို့ ရမယ်ထင်နေလား ..."