အပိုင်း ၁၁၈၂
Viewers 53k

အခန်း ၁၁၈၂

ယင်းလုံ၏ သက်ပြင်းချသံ


ပိတ်လှောင်ခြင်း အစီအရင်က အချိန်မကြာမြင့်လှပေ။ သို့ရာတွင် အစားအစာကို စားလိုက်ပါက အကျိုးသက်ရောက်မှုက ကြာရှည်ဖြစ်သွားနိုင်သည်။


နယ်ပယ်သခင်တိထိုက်က ထိုသို့ဖြစ်နေခြင်းပင်။ ပုဖန်၏ လက်ရှိကျင့်ကြံခြင်းဖြင့်ဆိုပါက ‌ပိတ်လှောင်ခြင်းအစီအရင်ဖြင့် ပေါင်းစပ်ထားသောဟင်းလျာက သူတော်စင်ငယ်တစ်ယောက်ကို ထောင်ခြောက်ထဲရောက်အောင်လုပ်နိုင်သည်။ အကယ်၍ ထိုသူတော်စင်ငယ်က ဟင်းလျာကိုစားလိုက်ပါက ကြာမြင့်ချိန်က ပိုမိုရှည်လျားသွားမည်ဖြစ်သည်။


နယ်ပယ်သခင်က ငိုချင်သော်‌လည်း မျက်ရည်တစ်စက်မျှ ထွက်မလာပေ။ စောဒကတက်ချင်သော်လည်း စကားမပြောနိုင်ပေ။ ခေါင်းမှ ခြေထောက်အထိ လှုပ်မရဖြစ်နေပြီး မျက်တောင်မခတ် စကားလည်းမပြောနိုင်ပေ။ အချိန်အတန်ကြာသည်အထိ မျက်တောင်မခတ်နိုင်သောကြောင့် မျက်လုံးအိမ်တစ်ဝိုက် စပ်ဖျဉ်းစဖျဉ်းဖြစ်လာသည်။  


သူ ငိုချင်လာသည်။ စပ်ဖျဉ်းဖျဉ်းဖြစ်နေသည့် ခံစားချက်က မျက်လုံးမှ မျက်ရည်များလှိမ့်ဆင်းလာစေသည်။


ခြောက်သွေ့အိုးက မပေါက်ကွဲသောကြောင့် လူအများစု စိတ်သက်သာရာရသွားသည်။


အဝေးသို့ ပြေးထွက်သွားသော မုန့်ချီနှင့် ကုန်းရှို့ပိုင်ကွမ်းလည်း ပြန်ရောက်လာသည်။ နယ်ပယ်သခင်တိထိုက်က ဝက်သားဖတ်ကိုကိုင်ထားလျက် ထိုနေရာတွင် မလှုပ်မယှက်ရှိနေသည်ကို မြင်လိုက်သောအခါ သူတို့၏အမူအယာများက ကိုးရို့ကားယားဖြစ်သွားသည်။ ပုဖန်၏ဟင်းလျာထဲတွင် ထူးဆန်းသည့်တစ်စုံတစ်ရာပါဝင်နေသည်ကို ငတုံးပင်သိသွားနိုင်ပြီဖြစ်သည်။ 


ဒါမှမဟုတ် နယ်ပယ်သခင်ရဲ့ ခြောက်သွေ့အိုးကပဲ တစ်ခုခု မှားနေတာများလား ...


မပေါက်ကွဲသော်လည်း သူ၏စွမ်းအားက ထူးခြားဆန်းကြယ်နေဆဲပင်။


အဲ့ဒါကြောင့် နယ်ပယ်သခင်တိထိုက် ငိုတောင်ငိုတော့မယ် ...


နတ်ဆိုးဘုရင်ကြီးကတော့ လိုက်မမှီနိုင်အောင် နက်နဲလွန်းတယ် ...


အခုအချိန်နယ်ပယ်သခင်သာ စကားပြောနိုင်ရင် ဒီလူတွေကို ဆဲရေးနေမှာသေချာသလောက်ပဲ ...


' လူတစ်ယောက်က မျက်တောင်ကြာကြာမခတ်ရင် မျက်ရည်ကျလာနိုင်တယ်ဆိုတာ တစ်ယောက်မှ မသိကြဘူးလား '


ကုန်းရှို့ပိုင်ကွမ်း လည်ချောင်းရှင်းပြီး နယ်ပယ်သခင်တိထိုက်နှင့် ပုဖန်ကို တစ်ချက်ကြည့်ပြီးနောက် ပြောလိုက်သည်။

" နယ်ပယ်သခင်ကဉာဏ်အလင်းပွင့်တဲ့ လျှို့ဝှက်ဆန်းကြယ်တဲ့အခြေအနေကို ခဏတာရောက်ရှိသွားလို့ ... ကျုပ်ကပဲ နယ်ပယ်သခင့်ကိုယ်စား ဒုတိယအဆင့်အင်မော်တယ်စားဖိုမှူးစစ်ဆေးချက်ပြီးဆုံးကြောင်း ကြေညာပါတယ် ... ဒုတိယအဆင့်အင်မော်တယ်စားဖိုမှူးဖြစ်လာတဲ့ တစ်ယောက်တည်းသောလူကတော့ ပုဖန်ပါ ..."


နတ်ဆိုးဘုရင်ကြီးက ယခုအခါ ဒုတိယအဆင့်အင်မော်တယ်စားဖိုမှူးဖြစ်သွားလေပြီ။ သူ၏ဘေးမှလူများ ပင့်သက်ရှိုက်ပြီး ‌တအံ့တဩ အော်ဟစ်နေကြသည်။


ပုဖန် ပထမအဆင့်အင်မော်တယ်စားဖိုမှူးဖြစ်လာခဲ့သည်မှာ နှစ်ဝက်ခန့်သာ ရှိသေးသည်။ သူ၏တိုးတက်လာမှာက အလွန်လျင်မြန်သဖြင့် မသေမျိုးချက်ပြုတ်ခြင်းနယ်ပယ်တွင် စံချိန်သစ်တစ်ခု ချိုးနိုင်ခဲ့သည်။


အင်မော်တယ်စားဖိုမှူးပြိုင်ပွဲမှာ ချန်ပီယံဖြစ်ခဲ့တဲ့ နတ်ဆိုးဘုရင်ကြီးက တကယ်ကို ကောင်းချီးပေးခံထားရတဲ့လူပဲ ...


အားလုံးထိတ်လန့်သွားသော်လည်း အံ့အားမသင့်ကြပေ။ နတ်ဆိုးဘုရင်ကြီးအပေါ် မနာလိုခြင်း၊ ခါးသီးခြင်းလည်း မဖြစ်ကြပဲ ကြောက်ရွံ့ရိုသေခြင်းသာ ဖြစ်ကုန်သည်။


ပုဖန် မေးစေ့ကိုပွတ်နေသည်။ သူ့အတွက် ဒုတိယအဆင့်အင်မော်တယ်စားဖိုမှူးဖြစ်လာခြင်းက မခက်ခဲသည့်အတွက် ရလဒ်ကိုလည်း အံ့အားသင့်မနေပေ။ ပတ်ဝန်းကျင်မှလူများ၏ လေးစားအားကျသောအကြည့်များက သူ့အပေါ်ကျရောက်လာသော်လည်း သူတည်ငြိမ်နေဆဲသာဖြစ်သည်။ သူ့အတွက် ဒုတိယအဆင့်အင်မော်တယ်စားဖိုမှူးဖြစ်ခြင်းက မလုံလောက်သေးပဲ တတိယအဆင့်အင်မော်တယ်စားဖိုမှူးအဆင့်ကို ကျော်ဖြတ်ချင်နေပြီဖြစ်သည်။


၎င်းက ယနေ့စစ်ဆေးချက်ခံယူရခြင်း၏ အဆုံးစွန်သော ရည်ရွယ်ချက်ပင်ဖြစ်သည်။


တတိယအဆင့်အင်မော်တယ်စားဖိုမှူးအဖြစ် အရည်အချင်းပြည့်မှီရန် အနည်းဆုံး မသေမျိုးစွမ်းအင်စီးကြောင်း ခုနစ်ကြောင်းပါဝင်သည့်ဟင်းလျာကို ချက်ပြုတ်ရမည်ဖြစ်သည်။ ၎င်းက မလွယ်ကူသည့်အတွက် သူ့အတွက်ပင်စိန်ခေါ်မှုတစ်ရပ်ဟု ခေါ်ဆိုနိုင်သည်။


သို့ရာတွင် ပုဖန်က စိန်ခေါ်မှုများကို မည်သည့်အခါကမှ မကြောက်ရွံ့ခဲ့ပေ။


ဤစိတ်ကူးယဉ်ကမ္ဘာတွင် အစာကွင်းဆက်၏ထိပ်ဆုံးတွင်ရှိနေသည့် အချက်အပြုတ်နတ်ဘုရားဖြစ်လာရန်မှာ တစ်နေ့ထက်တစ်နေ့ ခက်ခဲသောစိန်ခေါ်မှုများကို ရင်ဆိုင်ရမည်ဖြစ်ကြောင်း ပုဖန်ကောင်းစွာသိသည်။ ထိုအရာအားလုံးကို ကျော်ဖြတ်နိုင်မှသာ ထိပ်ဆုံးသို့ရောက်ရန် အခွင့်အရေး ရရှိမည်ဖြစ်ပြီး အခက်အပြုတ်နတ်ဘုရားဖြစ်လာမည်ဖြစ်သည်။ ၎င်းက အတားအဆီးများကိုဖြတ်ကျော်၍ အမှားအယွင်းလည်းကင်းရမည့်ဖြစ်စဉ် ဖြစ်သည်။


ထို့ကြောင့် သူစစ်ဆေးချက်ကို ဆက်လက်လုပ်ဆောင်ရန် ရွေးချယ်လိုက်သည်။ ဤတစ်ကြိမ်တွင် တတိယအဆင့်အင်မော်တယ်စားဖိုမှူး စစ်ဆေးချက်ကို ခံယူလိုသည်ဖြစ်သည်။


သူ၏အသံကမကျယ်သော်လည်း သူပြောလိုက်သည်က ထိတ်လန့်စရာပင်ဖြစ်သည်။ ချက်ချင်းပင် အခန်းတစ်ခုလုံးတိတ်ဆိတ်သွားသည်။


လူအုပ်ကြီးက‌ သူပြောသည်လိုက်သည်ကို အတည်ပြုသည့်အနေဖြင့် အချိန်အတော်ကြာ တိတ်ဆိတ်နေခဲ့သည်။ ထို့နောက်တွင် အုတ်အော်သောင်းနင်းဖြစ်သွားတော့သည်။


" ဘုရားရေ .... နတ်ဆိုးဘုရင်ကြီး ဘာပြောလိုက်တာလဲ ..."


" သူက တတိယအဆင့်အင်မော်တယ်စားဖိုမှူးစစ်ဆေးချက်ကို ဆက်လုပ်ချင်တာလား ... ထပ်ပြီးစိန်ခေါ်ဦးမယ်ပေါ့ ..."


" ဒါ လုံးဝ မဖြစ်နိုင်တာပဲ ... တတိယအဆင့်အင်မော်တယ်စားဖိုမှူးဖြစ်လာဖို့က ခက်ခဲလွန်းတယ် ... မသေမျိုးချက်ပြုတ်ခြင်းနယ်ပယ်မှာ တတိယအဆင့်အင်မော်တယ်စားဖိုမှူးက များများစားစားလည်းမရှိဘူးလေ ..."


ပုဖန်၏ စကားများကြောင့် လူအားလုံးထိတ်လန့်ကုန်သည်။ ခဏကြာတိတ်ဆိတ်နေပြီးနောက် အားလုံး၏မျက်နှာတွင် ကြောက်လန့်မှုများဖြင့် ပြည့်ကုန်သည်။


" နတ်ဆိုးဘုရင်ကြီးဆိုတဲ့ နာမည်နဲ့ ထိုက်တန်ပါပေတယ် သူက တကယ်ကို မိုက်ပြီးအထက်စီးဆန်တာပဲ ..."


လူအနည်းငယ်က ပုဖန်အပေါ် မျှော်လင့်ချက်ထားနေကြသည်။ အဓိကအကြောင်းရင်းမှာ တတိယအဆင့်အင်မော်တယ်စားဖိုမှူးဖြစ်လာရန်မှာ ဒုတိယအဆင့်ကဲ့သို့ မလွယ်ကူလှသောကြောင့်ပင်။ တတိယအဆင့်အင်မော်တယ်စားဖိုမှူးက မသေမျိုးချက်ပြုတ်ခြင်းနယ်ပယ်တွင် အလယ်တန်းစားစီနီယာအဆင့်ဖြစ်သည်။

ပုဖန်ကခုမှ ဒုတိယအဆင့်အင်မော်တယ်စားဖိုမှူးဖြစ်လာပြီးတော့ တတိယအဆင့်ကို ရောက်လာနိုင်ပါ့မလား ...


သူက နည်းနည်းတော့ စိတ်မရှည်ဖြစ်နေသလိုပဲ ...


မလှုပ်ရှားနိုင်သော နယ်ပယ်သခင်တိထိုက်သည်ပင် အနည်းငယ်တုန်ယင်သွားသည်။ သူသည်လည်း ပုဖန်၏ဆုံးဖြတ်ချက်ကြောင့် အံ့အားသင့်သွားကြောင်း သိသာလှသည်။


မုန့်ချီနှင့် ကုန်းရှို့ပိုင်ကွမ်းက အကြည့်ချင်းဖလှယ်လိုက်သည့်အခါ မျက်လုံးများထဲတွင် အံ့ဩမှုများကို တွေ့လိုက်ရသည်။ 


သူတို့က နယ်ပယ်သခင်ကို အကြံဉာဏ်တောင်းရန် ဆုံးဖြတ်လိုက်သည်။ သို့ရာတွင်သူက ထိုနေရာ၌ပင် ဝက်သားကိုကိုင်လျက် ‌တောင့်ခဲနေသည်ကို မြင်လိုက်ရသည့်အခါ ပြောမည့်စကားများကိုပင် မျိုချလိုက်ကြသည်။


" မင်း စစ်ဆေးချက်ကို ဆက်လုပ်နိုင်ပါတယ် ... မင်းရဲ့ခွန်အားနဲ့ဆို တတိယအဆင့်အင်မော်တယ်စားဖိုမှူးဖြစ်လာဖို့က မခက်ခဲပါဘူး ... ကျရှုံးခဲ့ရင်တောင် အရှုံးမှမရှိတာ ..."

မုန့်ချီက ရုတ်ချည်းပြောလိုက်သည်။


သူမစကားက အခန်းထဲမှ လူအားလုံးကို ထိတ်လန့်သွားစေသဖြင့် အားလုံး မျက်လုံးများ ပြူးကျယ်ကုန်သည်။


" တတိယအဆင့် အင်မော်တယ်စားဖိုမှူးအကဲဖြတ်ချက်က ဒုတိယအဆင့်နဲ့ကွာခြားတယ် ... အရင်ဆုံး မင်းရဲ့ ကျင့်ကြံခြင်းက အောင်ရမယ် ... ဒုတိယက စိတ်စွမ်းအင်အဆင့် ... အဲ့နှစ်ခုလုံးက သတ်မှတ်ထားတဲ့ အဆင့်တစ်ခုကိုရောက်မှ တတိယအဆင့် အင်မော်တယ်စားဖိုမှူးစစ်ဆေးချက်ကိုဖြေရမယ် ..."

မုန့်ချီ၏ သာယာငြိမ့်ညောင်းသောအသံက တစ်ခန်းလုံးကို ပျံ့နှံ့သွားပြီး သူမမျက်လုံးများက ပုဖန်အပေါ်တွင်သာ ရှိနေသညိ။

 

ပုဖန်က မတုန်လှုပ်ပဲ သူမ၏အကြည့်ကို ရင်ဆိုင်လိုက်သည်။ 


သူ၏လက်ရှိကျင့်ကြံခြင်းနှင့် စိတ်စွမ်းအင်က လိုအပ်ချက်နှင့် ပြည့်စုံသည့်အဆင့်တစ်ခုတွင် ရှိနေသည်။ အဆင့်တစ်ခုကို ကျော်ဖြတ်ပြီးချိန်တွင် ၎င်းတို့နှစ်ခုလုံးက သိသိသာသာ တိုးတက်သွားသည်။


မုန့်ချီ၏စကားဆုံးသည်နှင့် ပုဖန်က နှုတ်ခမ်းများကို တွန့်ချိုးလိုက်သည်။


မုန့်ချီ၏သတိပေးခြင်းက ပုဖန် လက်လျှော့သွားရန်ပြုလုပ်သည်ဟု အားလုံးထင်လိုက်ကြသည်။ နတ်ဆိုးဘုရင်ကြီးက သန်မာကြောင်းသိသော်လည်း သူ၏ကျင့်ကြံခြင်းအဆင့် အတိအကျကို မည်သူမျှ မသိကြပေ။ သူ့ကို ကြယ်တစ်ပွင့်စစ်မှန်မသေမျိုးအဆင့်သာရှိသေးသည့် အင်မော်တယ်စားဖိုမှူးတစ်ယောက်ဟု ထင်နေကြသည်။


ပုဖန်စိတ်ထဲတစ်ချက်လှုပ်ရှားလိုက်သည်နှင့် ခဏတွင်းချင်း စိတ်ဝိညာဉ်ပင်လယ်တစ်ခုလုံး ရုတ်ချည်းမြင့်တက်လာသည်။ သူ၏ခန္ဓာကိုယ်မှ ကြောက်မက်ဖွယ်အော်ရာတစ်ခု ထွက်လာပြီး ပြင်းထန်သည့်လှိုင်းများက အရပ်မျက်နှာအနှံ့ကို ပျံ့နှံ့သွားသည်။ ငှက်အော်မြည်သံထွက်ပေါ်လာပြီး သူ၏အနီရောင်စားဖိုမှူးဝတ်စုံသည်ပင် ကတ္တီပါနီရောင်ပြောင်းသွားသည်။


တစ်ခဏတွင်းချင်း အားလုံး၏ အမူအယာများပြောင်းလဲသွားသည်။ သူတို့အားလုံး၏ခန္ဓာကိုယ်များကို ဧရာမကျောက်တုံးတစ်ခုဖြင့် ဖိထားသကဲ့သို့ လေးလံသောဖိအားကြီးကို ခံစားလိုက်ရသဖြင့် ကြောက်လန့်ကုန်ကြသည်။


လူအုပ်ကြီးက မှင်သက်နေပြီး နောက်ပြီးတွင်မှ နတ်ဆိုးဘုရင်ကြီး၏ကျင့်ကြံခြင်းက ကြောက်မက်ဖွယ်ရာအဆင့်တစ်ခုကို ရောက်နေကြောင်း သိလိုက်ကြရသည်။


မုန့်ချီသည်ပင် အနည်းငယ် ထိတ်လန့်သွားသည်။

" ကောင်းပါပြီ ဒါဆိုရင်လည်း ငါတို့တွေ တတိယအဆင့် အင်မော်တယ်စားဖိုမှူးအကဲဖြတ်ချက်ကို ဆက်လုပ်ကြတာပေါ့ ..."

သူမပြောလိုက်သည်။


ကုန်းရှို့ပိုင်ကွမ်းသည်လည်း ကန့်ကွက်စရာအကြောင်းမရှိပေ။ ပုဖန်၏အော်ရာက သူ့ကိုပင် တသိမ့်သိမ့်တုန်သွားစေသည့်အတွက် သူမငြင်းဆန်ရဲပေ။ သူကညငြင်းဆန်ရန်လည်း အရည်အချင်းမပြည့်မီပေ။


ဤသို့ဖြင့် တတိယအဆင့် အင်မော်တယ်စားဖိုမှူးစစ်ဆေးချက်ကို ဆက်လက်လုပ်ဆောင်ကြသည်။


ပြိုင်ပွဲကွင်းထဲမှ ချက်ချင်းထွက်ခွာရန်ကြံစည်ထားသူများက နောက်တစ်ကြိမ်ချက်ပြုတ်ခြင်းစတင်တော့မည်ကို မြင်သောအခါ မျက်လုံးထဲတွင် စိတ်အားထက်သန်မှုများဖြင့်ပြည့်သွားသည်။


တတိယအဆင့် အင်မော်တယ်စားဖိုမှူးစစ်ဆေးချက်တွင် ခေါင်းစဉ်မရှိပေ။ ပုဖန်က မသေမျိုးစွမ်းအင်စီးကြောင်းခုနစ်ခုရှိသည့် ဟင်းလျာကို ချက်ပြုတ်နိုင်သရွေ့ စစ်ဆေးချက်ကို အောင်မြင်မည်ဖြစ်သည်။


၎င်းက ပုဖန်အတွက် ခက်ခဲသည့်အရာမဟုတ်ပေ။ 


သူတည်ငြိမ်စွာနေပြီး လက်ကိုခါယမ်းလိုက်သည်။ နဂါးအော်သံဖြင့် ရွှေနဂါးအရိုးမီးဖိုချောင်သုံးဓားက လက်ထဲတွင် ပေါ်လာသည်။



ထိုအချိန် ကမ္ဘာမြေအကျဉ်းထောင်၏ နတ်ဘုရားမမြို့တော်တွင် ...


ကျယ်လောင်သော မြည်ချုန်းသံကြီးဖြင့် ဂိတ်တံခါးကြီးပွင့်လာသည်။


ထိုနေရာမှ ပုံရိပ်တစ်ခု ပျံလာပြီး မြေပြင်ပေါ်ဖင်ထိုင်လျက်ကျသွားကာ အနည်းငယ်လှိမ့်သွားသဖြင့် မြေပြင်ပေါ်တွင် ချိုင့်ခွက်ကြီးဖြစ်သွားသည်။


ဧရာမကျောက်တုံးကြီး၏နောက်တွင် ခေါင်းငိုက်စိုက်ကျပြီး ပုန်းကွယ်နေသည့်လောင်တျဲက ထိတ်လန့်သွားသည်။ ခေါင်းမော့၍ ဆူညံသံထွက်ပေါ်လာသည့်နေရာကို ကြည့်လိုက်သည်။ မြေကြီးပေါ်မှ ထလာပြီး တင်ပါးကိုပွတ်နေသည့် ငရဲဘုရင်အာဟကိုမြင်လိုက်ရသဖြင့် အလျင်စလိုပြေးသွားလိုက်သည်။


ငရဲဘုရင်အာဟ အနည်းငယ်စိတ်ညစ်သွားသည်။ သူ နတ်ဘုရားမမြို့တော်တွင် ရက်အနည်းမျှကြာအောင်သာနေခဲ့ခြင်းဖြစ်သည်။ သူနှင့် ဧကရီပိလော့က မောင်နှမအရင်းအချာမဟုတ်သော်လည်း ထိုသို့ကန်ထုတ်မပစ်သင့်ပေ။


ဒါက ငရဲကမ္ဘာရဲ့ အရှင်သခင်တစ်ယောက်ဖြစ်တဲ့သူ့ကို အရှက်ကွဲစေတယ် ...


အစပ်ချောင်းတစ်ချောင်းကိုထုတ်လိုက်ပြီး ပါးစပ်ထဲကိုက်ထားသည်။ ထို့နောက် ဖုန်များခါ၍ ထလာချိန်တွင် လောင်တျဲကို မြင်လိုက်သည်။


" အိုး ... လောင်တျဲ ခင်ဗျားပါလား ... ဘာလို့ ဒီမှာရှိနေတာတုန်း ...စောင့်နေတာ ဘယ်လောင်တောင်ကြာပြီလဲ ..."

ငရဲဘုင်အာဟ အံ့အားသင့်စွာမေးလိုက်သည်။


လောင်တျဲ ရှုံ့မဲ့သွားပြီး တွေးလိုက်မိသည်။

' အရှင်ငရဲဘုရင် နောက်ဆုံးတော့ ထွက်လာပြီပေါ့ '


ယောက်ျားတစ်ယောက်ဖြစ်သည့် လောင်တျဲက နတ်ဘုရားမမြို့တော်သို့ မဝင်နိုင်သည်မှာ သဘာဝပင်။ ထို့ပြင် ငရဲဘုရင်အာဟကဲ့သို့ မိန်းမလို ဝတ်စားသွားရမည်ကိုလည်း ရှက်နေမိသည်။ ထို့အပြင် ငရဲဘုရင်အာဟက သူ့ကိုဤနေရာတွင် စောင့်ခိုင်းခဲ့ခြင်းဖြစ်သည်။ ရလဒ်အနေဖြင့် သူတစ်လကျော်ကြာအောင် စောင့်လိုက်ရသည်။


" သွားကြမယ်လေ ... နတ်ဘုရားမမြို့တော်ခရီးစဉ် ပြီးသွားပြီ ... ကျွန်တော်တို့ ငရဲဘုရင်နန်းတော်ကို ပြန်ကြတာပေါ့ မဟုတ်ရင် သောက်ကျင့်မကောင်းတဲ့ နဂါးအိုကြီး သိသွားပြီး ကျွန်တော့်ကို တဗျစ်တောက်တောက် ပြောတော့မှာ ..."

ငရဲဘုရင်အာဟက အစပ်ချောင်းကို ပါးစပ်တွင်ကိုက်ထားပြီး လက်နောက်ပစ်ကာ အေးအေးလူလူပြောလိုက်သည်။


လောင်တျဲက စိတ်လှုပ်ရှားစွာဖြင့် ခေါင်းငြိမ့်ပြလိုက်သည်။

" အရှင် နောက်ဆုံးတော့သဘောပေါက်သွားပြီပေါ့ ... နတ်ဘုရားမမြို့တော်က လှပတဲ့မိန်းကလေးတွေ အများကြီးရှိတဲ့ နေရာကောင်းတစ်ခုဆိုပေမယ့် အရှင့်လို ရည်မှန်းချက်ကြီးမားတဲ့ လူတွေအတွက် အဆင်မပြေပါဘူး ... အရှင့်ရဲ့ ခရီးစဉ်က ကြယ်ပင်လယ်ကိုပဲ ဖြစ်သင့်တယ် ..."


ထိုစကားပြောနေချိန်၌ သူမမျက်နှာက စိတ်လှုပ်ရှားမှုကြောင့် နီရဲနေသည်။ 


ငရဲဘုရင်အာဟက သူ့ကိုမျက်စောင်းထိုးပြီး နှုတ်ခမ်းကို ရှု့မဲ့လိုက်သည်။ ခဏအကြာ မြေပြင်ပေါ်မှ ကောင်းကင်သို့ ဗြုန်းခနဲ ခုန်တက်သွားသည်။


လောင်တျဲလည်း နောက်မှ လျင်မြန်စွာလိုက်ရတော့သည် 


မြေအောက်နတ်ဘုရားမမြို့တော်မှ တက်လာပြီး မြေမျက်နှာပြင်ပေါ်ရောက်လာသည်။ သို့ရာတွင် မြေပြင်ရောက်ရောက်ချင်း အဝေးမှ စူးရှသောအကြည့်တစ်ခုကို အာရုံခံမိလိုက်ကြသည်။


မျက်ခေါင်းပေါက်တောင်ဝှေးကိုကိုင်ဆောင်၍ ဝတ်ရုံနက်ဝတ်ထားသည့် ဆံပင်များဖြူနေသောယင်းလုံက ကောင်းကင်တွင်ရပ်နေပြီး သူ့မျက်နှာက ရေခဲတမျှ အေးစက်နေသည်။


ငရဲဘုရင်အာဟပေါ်လာသည်နှင့် ယင်းလုံနှင့် အကြည့်ချင်းဆုံသွားသည်။ လေထုအခြေအနေက ခဏတာ ကိုးရို့ကားယားဖြစ်သွားသည်။


လောင်တျဲက ခေါင်းငုံ့အရိုအသေပေးလိုက်ပြီး မည်သည့်စကားမျှ မပြောရဲပေ။


" ငရဲဘုရင် အရှင်မင်းကြီး တားမြစ်နယ်မြေက အင်အားတစ်ခုအနေနဲ့ အရှင်က နတ်ဘုရားမမြို့တော်နဲ့ စာချုပ်ချုပ်ထားခြင်းမရှိပါဘူး ... တားမြစ်နယ်မြေတွေအားလုံးက မိစ္ဆာတွေနဲ့ ပြည့်နေတယ် ... အဲ့ဒါကလည်း ကျုပ်တို့မှယ အခုလောလောဆယ် ခွန်အားမရှိလို့ပါ မဟုတ်ရင် နတ်ဘုရားမမြို့တော် မဟူရာဘုရားကျောင်း ကျဆုံးနတ်ဘုရားလိုဏ်ဂူက မိစ္ဆာတွေအားလုံးကို ရှင်းလင်းပစ်တာကြာလှပြီ ..."

ယင်းလုံ၏မျက်နှယက မည်းနက်လာပြီး တောင်ဝှေးကို ဆောင့်ချလိုက်သဖြင့် ကြောက်မက်ဖွယ် အတက်အကျများ ဖြစ်ပေါ်လာစေသည်။


ငရဲဘုရင်အာဟက အစပ်ချောင်းကို နှုတ်ခမ်းကြားထဲညှပ်ထားကာ ရှုံ့မဲ့နေသည်။


" သူတို့ကို တားမြစ်နယ်မြေလို့ ခေါ်ရခြင်းအကြောင်းကတော့ သူတို့အားလုံးက သမိုင်းကနေ ဖယ်ရှားခံရတဲ့ အရှုံးသမားတွေမို့ပဲ ...သူတို့က သမိုင်းရေစီးကြောင်းထဲက ပျောက်ကွယ်သွားသင့်တယ် ဒါပေမဲ့ ထောင့်မှာ ပုန်းအောင်းနေပြီး ချိနဲ့တဲ့ တည်ရှိမှုတွေနဲ့ သူတို့တစ်ချိန်က ပိုင်ဆိုင်ခဲ့တာတွေကို တပ်မက်လာပြန်ပြီ ... သူတို့က ပျက်စီးခြင်းရဲ့ရင်းမြစ် မကောင်းဆိုးဝါးတွေပဲ ..."


" ထျန်စန်းက တားမြစ်နယ်မြေတွေကို ပြင်းပြင်းထန်ထန်မကိုင်တွယ်လို့ သေခဲ့ရတာ ... မင်းကတော့ အမှားတစ်ခုတည်းကို ထပ်လုပ်မလို့လား ... တားမြစ်နယ်မြေနဲ့ မဆက်နွယ်ဖို့ ငါသူ့ကိုပြောခဲ့တယ် ... ငရဲကျဉ်းထောင်ကို မတိုက်ခိုက်ခင် တားမြစ်နယ်မြေတွေ ထွက်သွားခိုင်းပေမယ့် နား‌မထောင်ခဲ့ဘူး ... ရလဒ်အနေနဲ့ ကံကြမ္မာဆိုးဝင်ပြီး သေခဲ့ရတာပဲ ... မင်းရော မင်းအဖေလို ဖြစ်ချင်တာလား ..."


လင်းလုံပို၍စိတ်ဆိုးလာပြီး သူစကားပြောလေ အသံက ပိုကျယ်လေ ဖြစ်လာသည်။ စကားဆုံးသည့်အခါ လေထဲကို တောင်ဝှေးဖြင့် ဆောင့်ချလိုက်သဖြင့် လေဟာနယ်ပင် တုန်ယင်သွားသည်။


ငရဲဘုရင်အာဟ၏မျက်နှာက အေးစက်နေသည်။ အသက်ပြင်းပြင်းရှုထုတ်ပြီးနောက် ဆက်ပြောလိုက်သည်။

" ကျုပ်အဖေကိုသုံးပြီး ကျုပ်ကို တရားလာမချနဲ့ ...ကျုပ်ကကျုပ်ပဲ ..."


သူက ယင်းလုံကို မတုန်မလှုပ်ဖြင့်ကြည့်ပြီး တုန်ယင်နေသော လောင်တျဲကို ကော်လံမှဆောင့်ဆွဲပြီး အနက်ရောင်အလင်းတန်းတစ်ခုအဖြစ် ပြောင်သွားကာ မိုးကုပ်စက်ဝိုင်းဆီသို့ ဦးတည်သွားသည်။


တဖြည်းဖြည်းပျောက်ကွယ်သွားသော ငရဲဘုရင်အာဟ၏ပုံရိပ်ကိုကြည့်ကာ ယင်းလုံ မတတ်နိုင်ပဲ သက်ပြင်းချမိသည်။


" ငရဲဘုရင် အရှင်မင်းကြီး မြန်မြန်ရင့်ကျက်လာပါတော့ ... အရင်ငရဲဘုရင် ဖန်တီးခဲ့တဲ့ ရွှေရောင်ခေတ်က တဖြည်းဖြည်းပျောက်ကွယ်လာပြီ ... ငရဲအကျဉ်းထောင်ရဲ့ မျိုးနွယ်ကိုးခုက စပြီးမွှေနှောက်နေကြပြီ ... သူတို့စစ်တပ်က ကမ္ဘာမြေအကျဉ်းထောင်ကို တိုက်ခိုက်လာရင် ကျုပ်တို့ဘယ်လို ခုခံကြမှာလဲ ..."

ယင်းလုံ ရေရွတ်လိုက်သည်။


ရုတ်တရက် သူ့မျက်လုံးများမှေးကျဉ်းပြီး အောက်ဘက်မှ ကျက်တီးမြေကို ငုံ့ကြည့်လိုက်သည်။ သဲများက စတင်လှည့်ပတ်လာပြီး ဧရာမ လေပွေတစ်ခု ဖြစ်သွားသည်ကို မြင်လိုက်ရသည်။


ခဏအကြာတွင် လေပွေက နှစ်ခြမ်းကွဲသွားပြီး ထိုနေရာမှ လှပသောပုံရိပ်တစ်ခု ထွက်ပေါ်လာသည်။


ယင်းလုံက ထိုပုံရိပ်ကို ရန်လိုစွာကြည့်လိုက်ပြီး လေအေးကို ရှုရှိုက်လိုက်ရသည်။


" နတ်ဘုရားမမြို့တော်ရဲ့ ဧကရီဘုရင်မ၊ နတ်ဘုရားပျောက်ကွယ်တောင်ရဲ့ ပြောရေးဆိုခွင့်ရှိသူ ဧကရီပိလော့ပဲ ..."

ယင်းလုံက မျက်ခေါင်းပေါက်တောင်ဝှေးကို အလျားလိုက် ကိုင်ထားသည်။


ခဏအကြာတွင် အနက်ရောင်ငရဲစွမ်းအင်များနှင့် ကမ္ဘာမြေအကျဉ်းထောင်၏ မဟာနိယာမလမ်းကြောင်းစိတ်ဆန္ဒတို့ တောင်ဝှေးတွင် စုစည်းသွားပြီး ဧရာမတောင်ကြီးတစ်ခုကဲ့သို့ ပိလော့ထံသို့ကျလာသည်။