အပိုင်း ၁၁၈၁
Viewers 62k

အခန်း ၁၁၈၁

နယ်ပယ်သခင်တိထိုက် တွေးလိုက်မိတယ် ...


ပုဖန်က သူ့ကိုဖောက်ခွဲပြီးသတ်ပစ်ပြီးရင် သူ့ရဲ့ အဖော်အချွတ်အနုပညာကိုလက်ဆင့်ကမ်းယူချင်တယ်လို့ နယ်ပယ်သခင်တိထိုက် တွေးလိုက်မိတယ် ... မဟုတ်ရင်သူကဆွေးမြေ့အိုးကို ချက်မယ်တဲ့လား ...


ဒီအိုးရဲ့ကြောက်စရာစွမ်းအားကြီးကို သူကောင်းကောင်းသိတယ် ... ဒါက သူတော်စင်ငယ်တစ်ယောက်ကိုတောင် သတ်ပစ်နိုင်တယ်လေ ...


အခု ပုဖန်က သူ့ကို အဲ့ဒီဆွေးမြေ့အိုးကြီးကို စားခိုင်းတယ်တဲ့လား ...


နယ်ပယ်သခင်တိထိုက်၏ မျက်နှာက နီရဲလာသည်။ သူက ပုဖန်ကို ခြောက်သွေ့အိုးသာ ချက်ခိုင်းခြင်းဖြစ်သည်။ ဆွေးမြေ့အိုး မဟုတ်ပေ။


ဘေးမှလူများက ပုဖန်လက်ထဲမှ ဆွေးမြေ့အိုးကို မြင်ကြသည့်အခါ ကြောက်ရွံ့မှုကြောင့် တသိမ့်သိမ်တုန်နေကြသည်။ ၎င်းအတွင်းမှ အလွန်အမင်းကြောက်မက်ဖွယ်ကောင်းလှသောစွမ်းအားကို ခံစားမိကြသည်။ 


ဆွေးမြေ့အိုးက ပုဖန်၏ မဟာသတ်ဖြတ်ရေးလက်နက်ဖြစ်ကြောင်း သူတို့မသိကြပေ။ ထိုသို့မဟုတ်ပါက ငတုံးများကဲ့သို့ စပ်စပ်စုစုဖြင့် ဟင်းလျာကိုကြည့်နေကြမည့်အစား ထွက်ပြေးကြမည်သာဖြစ်သည်။


သို့ရာတွင် မုန့်ချီနှင့် ကုန်းရှို့ပန်ကဲ့သို့ ဆွေးမြေ့အိုး၏စွမ်းအားကို မျက်စိနှင့်တပ်အပ်မြင်ခဲ့သူအများအပြားလည်း ရှိနေသည်။


မုန့်ချီ မျက်ဆံလှန်လိုက်သည်။ နယ်ပယ်သခင်တိထိုက်ကို အပြည့်အဝဖော်ညွှန်းသည့် စကားစုတစ်ရပ်ကို မုန့်ချီ တွေးမိသွားသည်။

' မင်းသာ မိုက်မဲတဲ့ကိစ္စတွေကို မလုပ်ရင် ဘယ်သူမှ မင်းဆီလာပြီး သောက်ခွက်ရိုက်မှာ မဟုတ်ဘူး ... ဒါပေမဲ့ လုပ်မိရင်တော့ သောက်ခွက်ရိုက်ခံရဖို့ သေချာသလောက်ပဲ ' 


' ပုဖန်ကို ဘာလို့ ခြောက်သွေ့အိုးကိုချက်ခိုင်းလိုက်တာလဲနယ်ပယ်သခင်ရယ် ... ဒီဟင်းပွဲက ကမ္ဘာငယ်လေးတစ်ခုလောက်ကို ဖျက်ဆီးပစ်နိုင်တာသိရဲ့သားနဲ့ စိတ်ဓာတ်ကျမှုတွေ ခံစားပြီး မြည်းကြည့်ချင်တာလား ... အခုတော့ ဆန္ဒတွေ ပြည့်ဝသွားပြီးမလား ... သူကဆွေးမြေ့အိုးကြီး ပြင်ဆင်လာပြီလေ '


ပရိသတ်ထဲတွင် ကုန်းရှို့ပန်၏ လူရောစိတ်ပါ တုန်ယင်နေသည်။

" ပိုင် ... ပိုင်ရှင်ပုကတော့ ... ရူးနေပြီလား ..."


သူ၏နှုတ်ခမ်းများ တုန်ယင်နေသည်ကိုပင် ခံစားမိနိုင်သည်။ ပုဖန်က ဆွေးမြေ့အိုးကို အမှန်တကယ် ပြင်ဆင်လာမည်ဟု မယုံကြည်နိုင်ပေ။


" ဖြစ်နိုင်တာကတော့ ..."

ပုဖန်ကို ကြည့်လျက် သူ့မျက်နှာက အေးစက်ပြီး မျက်လုံးများ မှေးကျဉ်းလာသည်။


" ဖြစ်နိုင်တာက ပိုင်ရှင်ပုက နယ်ပယ်သခင်တိထိုက်ရဲ့ခေါင်းစဉ်ကြောင့် ဒေါသထွက်ပြီး အားလုံးကိုဖောက်ခွဲပစ်ဖို့ ကြံနေတာများလား ..."


မည်မျှ နက်နဲစွာတွေးပါစေ အကြောင်းရင်းကို မည်သူမျှမသိရှိကြပေ။ နယ်ပယ်သခင်တိထိုက်သည်ပင် ပုဖန်က ဆွေးမြေ့အိုးကို ချက်ပြုတ်လာမည်ဟု မထင်ထားမိသောကြောင့် တုန်လှုပ်နေသည်။


" အဲ့ဟာက အစစ်ကြီးဆိုရင် ဘယ်လိုလုပ်မလဲ ငါမြည်းသင့်လား မမြည်းသင့်ဘူးလား ..."


အခြားပါဝင်သူများက နယ်ပယ်သခင်တိထိုက်ကဲ့သို့ ခံစားချက်ပေါင်းစုံ ရောထွေးမနေပေ။ သူတို့ရင်ထဲမှ တစ်ခုတည်းသောခံစားချက်က စိတ်ပျက်ဝမ်းနည်းခြင်းသာဖြစ်သည်။


သူတို့၏ မိုးကြိုးတိမ်တိုက်များက လျှပ်စီးကြောင်းတစ်ချက်တည်းကြောင် ပျံ့နှံ့သွားမည်ဟု မထင်ကြပေ။


ထိုစားဖိုမှူးများက ကောင်းချီးပေးခံထားရသူများဖြစ်သည့်အပြင် အချို့က ရှားပါးသည့် ဉာဏ်ကြီးရှင်များဖြစ်သည်။


သို့ရာတွင် ထိုဉာဏ်ကြီးရှင်များက ပုဖန်ထက် မတော်ကြသည်ကို ဤစစ်ဆေးချက်က ပြသနေသည်။


ဟင်းလျာတစ်ခုက ဆွဲဆောင်လိုက်သော မိုးကြိုးပြစ်ဒဏ်ကိုကြည့်၍ ဟင်းလျာ၏အရည်အသွေးနှင့် စားဖိုမှူး၏အဆင့်ကို သိနိုင်သည်။ အခြားဟင်းလျာများက အများဆုံး မိုးကြိုးပြစ်ဒဏ်နှစ်ခုကိုသာ အစပျိုးနိုင်ကြသဖြင့်ပုဖန်၏ ဟင်းလျာမှ အစပျိုးလိုက်သည့်မိုးကြိုးပြစ်ဒဏ်နှင့်ယှဉ်ကြည့်ပါက အလွန် အားနည်းနေသည်။ ၎င်းတို့ပြန့်ကျဲသွားသည်မှာ အံ့ဩစရာမဟုတ်ပေ။


ရလဒ်က သိသာလွန်းနေပြီဖြစ်သည်။


နတ်ဆိုးဘုရင်ကြီးက အားလုံးကို အနိုင်ယူလိုက်ခြင်းပင်။ လျှပ်စီးတစ်ကြိမ်လက်လိုက်ရုံဖြင့် အခြားပါဝင်သူများ၏ တောက်ပရန်အခွင့်အရေး ဆုံးရှုံးသွားသည်။ သူတို့၏ ရည်မှန်းချက်များက သူတို့၏ မိုးကြိုးတိမ်တိုက်မျးကဲ့သို့ ပြန့်ကျဲသွားသည်။


နတ်ဆိုးဘုရင်ကြီး‌ကတော့ တကယ်ကို နတ်ဆိုးဘုရင်ကြီးပါပဲ ...


ပါဝင်သူများလည်း ရောထွေးနေသောစိတ်ခံစားချက်များကြောင့် သက်ပြင်းချမိကြသည်။


ပုဖန်က သူတို့ကိုခေါင်းထဲပင် မရှိချေ။ သူ၏ဘေးပတ်ပတ်လည်တွင် ငွေရောင်အိုးသုံးလုံး လွင့်မြောနေလျက် ကွင်းထဲမှဖြည်းညင်းစွာလျှောက်လာသည်။ ၎င်းတို့ထဲမှတစ်ခုတွင် စွမ်းအားပြင်းသည့် ကြောက်မက်ဖွယ်အတက်အကျများ ပါဝင်နေပြီး ဒိုင်လူကြီးသုံးယောက်ထံရောက်လာသည်။ အကဲဖြတ်တာဝန်ယူထားသူသုံးယောက်မှာ နယ်ပယ်သခင်တိထိုက်၊ မြို့တော်သခင်မုန့်ချီနှင့် ကုန်းရှို့ပိုင်ကွမ်းတို့ဖြစ်သည်။


ပုဖန်က ဖျက်ဆီးခြင်းအတက်အကျလှိုင်းများ ပါဝင်နေသည့် ခြောက်သွေ့အိုးကို သူ့ရှေ့တွင်ချလိုက်သည်ကိုကြည့်ပြီး နယ်ပယ်သခင်တိထိုက်က မျက်လုံးများ ပြူးကျယ်လျက်ကြည့်နေပြီး မျက်နှာပျက်နေသည်။


" နယ်ပယ်သခင်အတွက် ခြောက်သွေ့ဂေါ်ဖီအိုး ရပါပြီ ... ကျေးဇူးပြုပြီး ပူနေတုန်းသုံးဆောင်ပါ ..."

ပုဖန်ပြောလိုက်ပြီး လက်နောက်ပစ်ကာ ရပ်နေသည်။ ထို့နောက် အပြုံးတစ်ခုဖြင့် နယ်ပယ်သခင်တိထိုက်ကို အဓိပ္ပါယ်ပါပါကြည့်နေသည်။


' ခင်ဗျား ရူးရူးမိုက်မိုက်တွေ လုပ်ချင်တယ်မလား ... ခင်ဗျားဘယ်လောက်ထိ ရူးမိုက်နိုင်မလဲ ကြည့်ရသေး‌တာပေါ့ ...'

သူတွေးလိုက်သည်။


ဘေးမှ လူအားလုံးက အသက်အောင့်ထားကြသည်။ နတ်ဆိုးဘုရင်ကြီး၏ ချက်ပြုတ်နိုင်စွမ်းကို သိကြသဖြင့် ဂုဏ်ထူးများဖြင့်ပင် အောင်မြင်ပြီး ဒုတိယအဆင့်အင်မော်တယ်စားဖိုမှူးဖြစ်လာနိုင်မည်ကို အားလုံးသိကြသည်။ သို့ရာတွင်လည်း လျှို့ဝှက်ဆန်းကြယ်မှုတစ်ခု မွေးဖွားလာမည်ကို မျက်မြင်တွေ့ချင်နေကြသည်။


အမှန်တ်ိုင်း ပြောရလျှင် ပထမအဆင့်နှင့် ဒုတိယအဆင့် အင်မော်တယ်စားဖိုမှူးကြားတွင် ကြီးမားသော ကွာဟချက်မရှိပေ။ သူတို့၏ချက်ပြုတ်ခြင်းစွမ်းရည်များကပင် သူတို့ကို ခွဲခြားလိုက်ခြင်းဖြစ်သည်။ သို့ရာတွင် ဒုတိယအဆင့် အင်မော်တယ်စားဖိုမှူးက တတိယအဆင့်ဖြစ်လိုပါက အကြောင်းအရာမှာ ကွဲပြားသွားပြီဖြစ်သည်။ တတိယအဆင့်အင်မော်တယ်စားဖိုမှူးဖြစ်ရန် လိုအပ်ချက်များက မြင့်မားသည့်အပြင် အောင်မြင်ရန်လည်း ခက်ခဲကြမ်းတမ်းလှသည်။ ရိုးရှင်းစွာပြောရလျှင် ပြီးပြည့်စုံသွားသောဟင်းလျာ၏ အတင့်သတ်မှတ်ချက်နှင့် ဆုံးဖြတ်ခြင်းဖြစ်သည်။


သာမန်အားဖြင့်ဆိုလျှင် ပထမအဆင့်အင်မော်တယ်စားဖိုမှူးက အဆင့်တစ်မှသုံးအထိ မသေမျိုးဟင်းလျာကို ချက်ပြုတ်နိုင်သည်။ ဒုတိယအဆင့် အင်မော်တယ်စားဖိုမှူးဖြစ်လာရန်မှာ အဆင့်လေးမှခြောက်အတွင်း မသေမျိုးဟင်းလျာကို ချက်ပြုတ်ရမည်ဖြစ်ပြီး တတိယအဆင့်ဖြစ်လာရန်အတွက် အဆင့်ခုနစ်မှကိုးအတွင်းရှိသည့် မသေမျိုးဟင်းလျာကို ချက်ပြုတ်နိုင်ရမည်ဖြစ်သည်။ နောက်ဆုံးတွင် ချီလင်စားဖိုမှူးတစ်ယောက်ဖြစ်လာရန် အဆင့်တစ်ဆယ်ရှိသည့် မသေမျိုးဟင်းလျာကို ချက်ပြုတ်နိုင်ရမည်ဖြစ်သည်။


ဤသို့ဖြင့် မသေမျိုးချက်ပြုတ်ခြင်းနယ်ပယ်မှ အင်မော်တယ်စားဖိုမှူးများကို အဆင့်ခွဲခြားထားသည်။


မသေမျိုးဟင်းလျာတစ်ခု၏အဆင့်ကို သတ်မှတ်ရန်အလွယ်ဆုံးနည်းလမ်းမှ ၎င်းမှထုတ်လွှတ်သည့် မသေမျိုးစွမ်းအင်ကို အကဲဖြတ်ရန်ဖြစ်သည်။ ၎င်းထံမှ မသေမျိုးစွမ်းအင်စီးကြောင်း အရေအတွက်က သက်ဆိုင်ရာအဆင့်အသီးသီးကို သတ်မှတ်ပေးသည်။


သို့ရာတွင် ချွင်းချက်များလည်းရှိသည်။ ပုဖန် ယနေ့ချက်လိုက်သည့် ဆွေးမြေ့အိုးက ဥပမာတစ်ခုပင်ဖြစ်သည်။ ၎င်းတွင် သန်မာသည့် မသေမျိုးစွမ်းအင် အတက်အကျ မရှိသော်လည်း အဆင့်လေး မသေမျိုးဟင်းလျာဖြစ်သည်ဟု မပြောရဲသူမရှိကြပေ။


အငွေ့တထောင်းထောင်းထနေသော ခြောက်သွေ့အိုးသုံးလုံးကို ဒိုင်လူကြီးများရှေ့တွင် ချထားလိုက်သည်။ တစ်ချိန်တည်းမှာပင် မသေမျိုးသစ်ပင်၏ အကိုင်းများက ယိမ်းနွဲ့နေပြီး ထိုအိုးသုံးလုံးအပေါ် အလင်းတန်းများ ဖြန့်ကျက်ပေးလိုက်သည်။


ဝီ ...


မသေမျိုးသစ်ပင်၏ဝိညာဉ်က ပို၍ကြီးထွားလာပြီး တဖြည်းဖြည်း ပြန်လည်ကောင်းမွန်နေသည်။ ပုဖန်၏ဟင်းလျာက ဒုတိယအဆင့် အင်မော်တယ်စားဖိုမှူးအဆင့်သ်ို့ ရောက်ရှိသွားပြီဖြစ်‌ကြောင်း သစ်ကိုင်းမှ အလင်းတန်းများက ပြသနေသကဲ့သို့ပင်။


နောက်တစ်ဆင့်က အစားအစာကို အရသာခံရန်ဖြစ်သည်။ ဤဟင်းလျာကို ဒိုင်သုံးယောက်လုံး အကဲဖြတ်ပြီးမှ ရလဒ်က မျှတမည်ဖြစ်သည်။


ပုဖန် အဝေးတွင် တည်ငြိမ်စွာရပ်နေချိန်၌ ဒိုင်လူကြီးသုံးယောက်က အကြည့်ချင်းဖလှယ်နေကြသည်။ လေထုအခြေအနေက တစ်ခဏတာ ကမောက်ကမဖြစ်သွားသည်။


အားလုံး၏မျက်လုံးများက သူတို့အပေါ်ရောက်နေသည်။ ဒိုင်လူကြီးများဖြစ်သည့်အတွက် အစားအစာများကိုမြည်းစမ်းရန် မငြင်းဆိုနိုင်ကြပေ။


" မြည်းကြည့်ကြပါ ... ကျုပ်ရဲ့ခြောက်သွေ့ဂေါ်ဖီအိုးက အားလုံးကို စိတ်မပျက်စေရပါဘူး ... ကျုပ်အထင်တော့ တစ်ယောက်ယောက်က ခြောက်သွေ့အိုးကိုမြည်းကြည့်ဖို့ မစောင့်နိုင်တော့လောက်ဘူး ..."

ပုဖန် ပြောလိုက်သည်။


နယ်ပယ်သခင်တိထိုက်က သူ၏ရှေ့မှ ငွေကြာပန်းကို ထိရန်ပင် တွန့်ဆုတ်နေမိသည်။


တစ်ဖက်တွင်မူ မြို့တော်သခင်မုန့်ချီက ဘာမှမပြောပဲ ပုဖန်ကိုသာ လေးလေးနက်နက်ကြည့်နေသည်။ ထို့နောက် စားပွဲပေါ်မှ တူတစ်စုံကိုယူ၍ ခြောက်သွေ့အိုးထဲမှ ဂေါ်ဖီတစ်ဖတ်ကိုယူပြီး ပါးစပ်ထဲထည့်လိုက်သည်။


ဤဂေါ်ဖီကို အသက်စမ်းရေနှင့် အရောင်ချွတ်ပြီး ကြော်ထားခြင်းဖြစ်သည်။


ဂျွက် ...


၎င်းက ပူနွေးသော်လည်း ပါးစပ်ထဲရောက်သွားသည်နှင့် အသားရနံ့များ မွှေးကြိုင်သွားသည်။ မီးတောက်နှလုံးသားဂေါ်ဖီထုပ်၏ အရသာက အံ့ဩဖွယ်ရာပင်ဖြစ်သည်။ ၎င်းကကြွပ်ဆတ်ပြီး ရတနာရှစ်သွယ်ဝက်၏ ဝက်ဗိုက်သားက အရသာကိုပို၍ဆွဲဆောင်မှုရှိစေသည်။


မြို့တော်သခင်မုန့်ချီ၏မျက်လုံးများ အနည်းငယ် အရောင်လက်သွားသည်။ ခြောက်သွေ့ဂေါ် ဖီအိုးကို အလွန်အရသာရှိမည်ဟု သူမမျှော်လင့်ခဲ့ပေ။ ရနံ့ကသင်းပျံ့နေသည့်အပြင် မူလအရသာလည်းမပျောက်ပေ။ ပုဖန်၏ အပြောအတိုင်း သူမကိုစိတ်မပျက်စေခဲ့ပေ။


ခြောက်သွေ့အိုး၏အောက်တွင် အဖြူရောင်မီးတောက်တစ်ခု လောင်ကျွမ်းနေသဖြင့် ဟင်းလျာက ဆူပွက်နေဆဲ အခြေအနေမှာပင်ရှိသည်။ ၎င်းက ခြောက်သွေ့အိုး၏ ဆွဲဆောင်မှုတစ်ခုပင်ဖြစ်သည်။ အချိန်ကြာလာသည်နှင့်အမျှ အိုးထဲမှစွပ်ပြုတ်က တပွက်ပွက်ဆူလာပြီး သန်မာသည့်ရနံ့တစ်မျိုး ပေးစွမ်းနိုင်သည်။


ဟင်းပွဲကို တူနှင့်မွှေလိုက်သဖြင့် အောက်ဘက်မှ ပူနွေးနေဆဲဖြစ်သော ဂေါ်ဖီနှင့် ဝက်ဗိုက်သားတို့က အပေါ်တက်လာသည်။အပူငွေ့ လက်တစ်ဆုပ်သာခန့်အပေါ်တက်လာပြီး ချက်ချင်းပင် အခန်းထဲတွင် ကျယ်လောင်သော ပေါက်ကွဲသံတစ်ခု ကြားလိုက်ရသည်။ 


ခြောက်သွေ့အိုးမှ မသေမျိုးစွမ်းအင်များထွက်လာပြီး နဂါးခြောက်ကောင်အဖြစ်သို့ အသွင်ပြောင်းသွားကာ အိုးကိုလှည့်ပတ်နေသည်။


မသေမျိုးစွမ်းအင်စီးကြောင်း ၆ကြောင်းလား ...


မြင်ရသူအားလုံး ထိတ်လန့်မှုကြောင့် ပင့်သက်ရှိုက်မိလိုက်သည်။


မသေမျိုးစွမ်းအင်စီးကြောင်း ၆ကြောင်းက ပုဖန်၏ခြောက်သွေ့ဂေါ်ဖီအိုးမှာ အဆင့်ခြောက် မသေမျိုးဟင်းလျာဖြစ်ကြောင်း ပြသနေသကဲ့သို့ပင်။


ပါဝင်သူအားလုံး အံ့ဩလွန်း၍ စကားမပြောနိုင်တော့ပေ။ အမှန်တွင် သူတို့၏ဟင်းလျာများကို နှိုင်းယှဉ်ကြည့်ရန်ပင် မလိုတော့ပေ။ သူတို့အားလုံးက အဆင့်လေးဟင်းလျာချက်ရန် လုံးပန်းနေရချိန်တွင် ပုဖန်က အားစိုက်မထုတ်ရပဲ အဆင့်ခြောက်ဟင်းလျာက်ု ချက်ပြုတ်ပြီးပြီဖြစ်သည်။ သူတို့က အဆင့်ချင်းမတူသည်ကို သိရှိသွားကြ‌သဖြင့် ရင်ထဲတွင် ရှုံးနိမ့်မှုနှင့် ကူကယ်ရာမဲ့မှုများကို ခံစားနေရသည်။


ဖုန့်ချီက မသေမျိုးစွမ်းအင်စီးကြောင်းခြောက်ကြောင်းကို မွှေနေသည်ကို မြင်ရသောအခါ ကုန်းရှို့ပိုင်ကွမ်း၏သိချင်စိတ်များ မြင့်တက်လာသည်။ ထို့ကြောင့် တူတစ်စုံယူ၍ ထိုသို့စတင်မွှေနောက်တော့သည်။


ရှဲ ...


အောက်ခြေမှစွပ်ပြုတ်ရည်က ဆူပွက်နေပြီး တစ်ချိန်တည်းမှာပင် မသေမျိုးစီးကြောင်းနှင့် ‌အငွေ့များက ရစ်ပတ်သွားပြီး လှပ၍ အရောင်အဆင်းရှိသော မြင်ကွင်းတစ်ခုကို ဖန်တီးပေးနေသဖြင့် မြင်ရသူတိုင်း ညှို့ယူဖမ်းစားခံနေရသည်။


ကုန်းရှို့ပိုင်ကွမ်းက ဂေါ်ဖီတစ်ဖတ်နှင့် ဝက်သားလွှာတို့ကို ပါးစပ်ထဲတူတူထည့်လိုက်သည်။ ကြွပ်ဆတ်သောဂေါ်ဖီနှင့် နူးညံ့မွှေးပျံ့သော ဝက်ဗိုက်သားကြောင့် စိတ်ကျေနပ်စွာဖြင့် ခေါင်းငြိမ့်လိုက်မိသည်။


" အိုး ..."


မုန့်ချီနှင့် ကုန်းရှို့ပိုင်ကွမ်းတို့ ဟင်းလျာကိုပျော်ရွှင်စွာစားသောက်နေသည်က်ုကြည့်ပြီး နယ်ပယ်သခင်တိထိုက် စိတ်အားထက်သန်လာသည်။


' ပုဖန်က ဖြီးဖြန်းပြောနေတာပဲဖြစ်ရမယ် ... ဆွေးမြေ့အိုးတစ်အိုးကို အဲ့လောက်လွယ်လွယ်မထုတ်နိုင်လောက်ပါဘူး ... ဟုတ်တယ်မလား ...'


ထိုအတွေးဖြင့် နယ်ပယ်သခင်တိထိုက်က ပုဖန်ကို လှောင်ပြုံးပြုံးပြလိုက်သည်။ ပုဖန်က သူတော်စင်ငယ်နှစ်ယောက်ကို လှည့်စားခဲ့သည်ကို သူသတိရသွားသည်။


" မင်းက အရမ်းဆိုးတာပဲ မိတ်ဆွေလေးပုဖန် ..."

နယ်ပယ်သခင်တိထိုက်ကပြုံးပြီး ပုဖန်ကို လက်ချောင်းတစ်ချောင်း ယမ်းပြလိုက်သည်။ ရိုးဖြောင့်ပြီး ပွင့်လင်းသော ပိုင်ရှင်ပုက သူ့ကိုကြောက်စရာကောင်းသည့် ဆွေးမြေ့အိုးကို မြည်းစမ်းစေမည်မဟုတ်ကြောင်း ယခုအခါတွင် ယုံကြည်သွားပြီဖြစ်သည်။ ထို့ကြောင့် စိတ်မရှည်စွာဖြင့် တူတစ်စုံကို အမြန်ယူလိုက်သည်။


သူ၏ခြောက်သွေ့အိုးက ကွဲပြားသည့်ခံစားချက်တစ်မျိုးပေးစွမ်းနေသော်လည်း အတွင်းမှ မွှေးပျံ့နေသော ညို့ယူဖမ်းစားနိုင်သည့် ရနံ့ကို သည်းမခံနိုင်တော့ပေ။


ဒီဟာကသူ့ကို မသတ်သရွေ့သော သူစားနေဦးမှာပဲ ...


တူတစ်စုံယူပြီး ခြောက်သွေ့အိုးထဲထည့်လိုက်သည်။ သို့ရာတွင် သူ၏တူက အစားအစာကိုထိမည့်အချိန်တွင် ပုဖန်က သူ့ကိုစိတ်ဝင်တစားကြည့်နေသည်ကို ရုတ်ချည်းမြင်လိုက်ရသည်။


ခေါင်းက အရေပြားတွေတောင် ချက်ချင်းထုံကျဉ်သွားသလိုပဲ ...


သို့ရာတွင် တိထိုက်က တွန့်ဆုတ်မနေခဲ့ပေ။ တူဖြင့် ဝက်ဗိုက်သားကိုယူလိုက်သည်။ အဆီများသောဝက်သားက ပါးစပ်ထဲရောက်သွားချိန်တွင် နှာသီးဖျား၌ အသားရနံ့များဖြင့်ပြည့်သွား၍ တိထိုက်၏မျက်လုံးများ အရောင်လက်သွားသည်။


" ကောင်းလိုက်တာ တော်တော်အရသာရှိတာပဲ ..."


သူတစ်ခုပြီးတစ်ခု ဆက်တိုက်စားနေသည်။ အိုးထဲတွင် မူမမှန်သည့် လှုပ်ရှားမှုများမရှိ၍ နောက်ဆုံးတွင် စိတ်အေးသွားသည်။


တိထိုက် သူမှန်သည်ဟုပင် ခံစားနေမိသည်။

ပုဖန်က ဒီလောက်သဘောထားသေးပါ့မလား ...


ထို့နောက် ခြောက်သွေ့ဂေါ်ဖီအိုးကို ဆက်စားနေသည်။


ရုတ်တရက် ပုဖန်၏နှုတ်ခမ်းထောင့်များတွန့်ချိုးသွားပြီး နယ်ပယ်သခင်တိထိုက်ကို စိတ်ဝင်တစားကြည့်နေသည်။


ခြောက်သွေ့အိုးထဲတွင် ပေါက်ကွဲခြင်းလျှာကဝေအစီအရင် မထည့်ထားသော်လည်း ပိတ်လှောင်ခြင်းအစီအရင် ပါဝင်နေဆဲဖြစ်သည်။ ခြောက်သွေ့အိုးက ဤအစီအရင်ကိုထည့်ရန်အကောင်းဆုံး မဟုတ်သော်လည်း အလုပ်ဖြစ်နေသေးသည်။


ပုဖန် လက်မြှောက်လိုက်သည်ကို အားလုံးပဟေဠိဖြစ်စွာကြည့်နေကြသည်။ သူ၏လှုပ်ရှားမှုတိုင်းက အားလုံး၏ရင်ကို လှုတ်ခတ်စေသည်။


နိမိတ်မကောင်းသော ခံစားချက်တစ်ခု ဖြစ်လာ၍ နယ်ပယ်သခင်က စားနေရာမှ ရပ်တန့်လိုက်သည်။ အလိုလိုလှည့်ကြည့်မိလိုက်ချိန်တွင် ပုဖန်၏မျက်နှာမှ ပြုံးစစ အမူအရာတစ်ခုကိုတွေ့သွားသည်။


" ပိတ်လှောင်စမ်း ..."

ပုဖန် လက်ဖျောက်တီးပြီး မျက်နှာသေဖြင့်ပြောလိုက်သည်။


သူ၏အသံနှင့် လက်ဖျောက်တီးသံက အားလုံးကိုထိတ်လန့်သွားစေသည်။


ခဏအကြာတွင်


 ဝုန်း ...


နယ်ပယ်သခင်တိထိုက်၏ရှေ့မှ ခြောက်သွေ့အိုးတွင် အဖြူရောင်အလင်းတန်းများ ဖြာထွက်လာသည်။ 


ဒီခံစားချက်က ...


မုန့်ချီနှင့် ကုန်းရှို့ပိုင်ကွမ်းက နှုတ်ခမ်းများတွန့်ချိုးပြီး အဝေးကိုရှောင်လိုက်ကြသဖြင့် အဖြူရောင်အလင်းတန်းက သူတို့ကိုလာမထိပေ။ နယ်ပယ်သခင်ကမူ မရှောင်တိမ်းနိုင်ခဲ့ပေ။ အဖြူရောင်အလင်းတန်းက သူ့မျက်စိရှေ့တွင် တောက်ပလာပြီ သူ့ကိုလွှမ်းမိုးသွားသည်။ 


သိပ်မကြာမီတွင် အဖြူရောင်အလင်းတန်းကပျောက်ကွယ်သွားပြီး တိထိုက်၏ပုံရိပ်ပေါ်လာသည်။


ပေါက်ကွဲခြင်းမဖြစ်ပေါ်ခဲ့ပဲ ကြောက်မက်ဖွယ် ဖျက်ဆီးခြင်းအတက်အကျလှိုင်းများလည်း ဖြစ်မလာပေ။ အဖြူရောင်အလင်းတန်းတစ်ခု ပေါ်လာသော်လည်း မည်သည့်အရာကိုမျှမပြောင်းလဲသွားစေခဲ့ပေ။


နယ်ပယ်သခင်တိထိုက်က ပါးစပ်အဟောင်းသားဖြစ်နေပြီး ဝက်ဗိုက်သားများညှပ်ထားသည့်တူကို ကိုင်ထားသည်။ သူ့ပုံစံက အသားကိုပါးစပ်ထဲထည့်တော့မည့်ပုံပင်။ ဝက်သားမှ အဆီရည်များကပင် အောက်ကို တတောက်တောက်ကျနေသည်။


အရသာရှိသော အစားအစာက သူ့ရှေ့တွင် ရှိနေသော်လည်း သူမလှုပ်ရှားနိုင်ပေ။ အသားကို အနံ့သာရှုနေရပြီး သူ၏တစ်ကိုယ်လုံးက ထိုနေရာတွင် ကျောက်တုံးတစ်တုံးကဲ့သို့ မလှုပ်မယှက်ဖြစ်နေသည်။


" ဘာတွေဖြစ်ကုန်တာလဲ ... နယ်ပယ်သခင်က သူ့ပါးစပ်ထဲ ဝက်သားကို မထည့်တော့ပါလား ..."


' ပိတ်လှောင်ခြင်းအစီအရင်က သူ့လှုပ်ရှားမှုတွေကို ရပ်တန့်သွားစေပုံပဲ ' 

ပုဖန်တွေးလိုက်သည်။ သူ၏နှုတ်ခမ်းက အပြုံးတစ်ခုအဖြစ်ကွေးညွတ်သွားပြီး နယ်ပယ်သခင်တိထိုက်၏ ရယ်စရာကောင်းသည့် ကိုယ်နေဟန်ထားကို ကြည့်နေသည်။


" နယ်ပယ်သခင် ဆက်စားလေ ... ဘာလို့မစားတော့တာလဲ ..."

ပုဖန်ပြောလိုက်သည်။


တိထိုက် မျက်ဆံလှန်လိုက်သည်။ သူလှုပ်ရှားလိုသော်လည်း မလုပ်နိုင်ပေ။ သူမှားယွင်းသွားကြောင်းသိ၍ စိတ်ထဲတွင် တိတ်တဆိတ်ဆဲရေးနေသည်။ ပုဖန်က သူ့ကိုဖောက်ခွဲခြင်းဖြင့် သတ်ပစ်ချင်သည်ဟု တွေးခဲမိသော်လည်း ထိုကိစ္စက ပြဿနာမဟုတ်သေးပေ။


 ' ပုဖန်က ငါ့ကိုသေအောင်သတ်ပြီး အဖော်အချွတ်အနုပညာကို အမွေဆက်ခံချင်နေတာပဲ '