အပိုင်း ၁၁၈၀
Viewers 53k

အခန်း ၁၁၈၀

အစာကွင်းဆက်၏ ထိပ်ဆုံးတွင် ရပ်တည်နေသောယောက်ျား ... နယ်ပယ်သခင်တိထိုက်


ခေါင်းစဉ်က ခြောက်သွေ့အိုးပဲ ဖြစ်ပါတယ် ...


နယ်ပယ်သခင်တိထိုက်က တကယ်အကျင့်ယုတ်တာပဲ ... 


ပုဖန်နှုတ်ခမ်းကို တွန့်ချိုးလိုက်ပြီး အဝေးမှ အပျော်လွန်နေသည့် နယ်ပယ်သခင်ကိုကြည့်လိုက်သည်။


' ဒီလူ ရူးနေတာလား ... အဲ့လို အကျင့်ယုတ်တော့ရောဘာထူးလဲ ... ငါသာ ဆွေးမြေ့အိုးနဲ့ ထွက်လာရင် ပထမအလွှာတစ်ခုလုံး ဖျက်ဆီးခံရပြီး ဘာစစ်ဆေးချက်မှ ရှိတော့မှာ မဟုတ်ဘူး ...'

သူ တွေးလိုက်သည်။


ပုဖန်က နယ်ပယ်သခင်တိထိုက်၏ ရည်ရွယ်ချက်ကိုသိသည်။ ထိုလူက ရင်ဖိုစိတ်လှုပ်ရှားဖွယ်ရာများကို ကြည့်ရှု့လိုခြင်းပင်။


နယ်ပယ်သခင်က ဆွေးမြေ့အိုး၏ ကြောက်မက်ဖွယ်စွမ်းအားကို မျက်မြင်ကိုယ်တွေ့ မြင်ခဲ့ရသော်လည်း အရသာကို မမြည်းစမ်းဖူးသေးပေ။ ထိုအရသာကို စပ်စပ်စုစုနှင့် မြည်းစမ်းချင်နေသည်သာဖြစ်သည်။


ထို့ကြောင့် ဖျက်ဆီးခြင်းစွမ်းအားကိုဖယ်ထုတ်ပြီး အရသာရှိသည့် ခြောက်သွေ့အိုးကိုသာ ပြင်ဆင်ပေးစေလိုခြင်းဖြစ်သည်။


သူ၏ ယုံကြည်ချက်ရှိမှုက ပုဖန်ကို အနည်းငယ်ရုန်းကန်ရစေသည်။


မုန့်ချီ မျက်ဆံလှန်လိုက်သည်။ နယ်ပယ်သခင်၏ ရူးနှမ်းသော ရည်ရွယ်ချက်ကို သူမလည်း ခံစားမိသည်။


' ပုဖန်ရဲ့ ဆွေးမြေ့အိုးက သူတော်စင်ငယ်တစ်ယောက်ကိုတောင် သတ်နိုင်တဲ့ ကြောက်စရာ သတ်ဖြတ်ရေး ကိရိယာကြီးလေ ... ဒါကြောင့် ခြောက်သွေ့အိုးကိုပဲ ချက်ခိုင်းတာဖြစ်ရမယ် ... တကယ်လို့ ပုဖန်ကသာ ဖျက်ဆီးတဲ့စွမ်းအားကို မဖယ်ထုတ်လိုက်ဘူးဆိုရင် သူတစ်ကိုက်ကိုက်လိုက်တာနဲ့ အိုးက ကွဲသွားမှာပဲ ... အခုတော့ နယ်ပယ်သခင်က ဒီကိစ္စကို ဘယ်လိုကိုင်တွယ်မလဲ ကြည့်ရသေးတာပေါ့ ...'


ဘေးမှ လူအားလုံးလည်း ဆူညံပွက်လောရိုက်ကုန်သည်။ သူတို့က ပုဖန်၏ ဆွေးမြေ့အိုးအကြောင်းကို မသိပေ။ သူတို့ ဆူဆူညံညံဖြစ်သွားသည်က ခေါင်းစဉ်ကြောင့်သာဖြစ်သည်။


ပုဖန် ဤစစ်ဆေးချက်မှ တခြားသူများကို မသိပေ။ ကုန်းရှို့ပန်နှင့် အခြားလူများက ဤနေရာတွင် မရှိသည့်အပြင် အင်မော်တယ်စားဖိုမှူးပြိုင်ပွဲမှ သူ၏ပြိုင်ပွဲဝင်များကလည်း အဆင့်တစ်ခုကို မကျော်ဖြတ်ရသေးပေ။


သို့ရာတွင် ပရိသတ်များထဲတွင် ရင်းနှီးနေသည့် မျက်နှာများဖြစ်သည့် ကုန်းရှို့ပန်နှင့် ရွှမ်ယွမ်ရှားဟွေ့တို့ကို တွေ့လိုက်ရသည်။


" ခေါင်းစဉ်က ခြောက်သွေ့အိုးလား ... မြင်နေကြဟာမျိုး မဟုတ်ဘူးနော် ..."


" ဒုတိယအဆင့်စာဖိုမှူးစစ်ဆေးချက်ဖြစ်သင့်ပါပေတယ် ...ခေါင်းစဉ်ကိုက ကိုင်တွယ်ဖို့ ခက်လွန်းတယ် ..."


" ငါအရင်တုန်းက ခြောက်သွေ့အိုးကို တစ်ခါမှ မချက်ဖူးဘူး ... ကျသွားရင် ဘယ်လိုလုပ်မလဲ ..."


ပါဝင်သူများက ပျာယာခတ်ကုန်ကြသည်။ နယ်ပယ်သခင်တိထိုက်က သူတို့အား ခြောက်သွေ့အိုးကို ချက်ခိုင်းမည်ဟု မထင်ခဲ့ပေ။ ခြောက်သွေ့အိုးက အဓိက အစားအစာအမျိုးအစားတစ်ခုဖြစ်သော်လည်း မသေမျိုးချက်ပြုတ်ခြင်းနယ်ပယ်တွင် စားဖိုမှူးအနည်းသာ ပြင်ဆင်နည်းကို သိရှိသည့် ဟင်းလျာမျိုးဖြစ်သည်။ ဤဟင်းလျာအကြောင်း သူတို့သိပ်မသိကြပေ။


ယခုအခါ အကဲဖြတ်မှုအတွက် ၎င်းဟင်းလျာက ခေါင်းစဉ်ဖြစ်နေသောကြောင့် ပရိယာယ်များသည်ဟု တွေးလိုက်မိကြသည်။


သူတို့က ခြောက်သွေ့အိုး၏ ဟင်းချက်နည်းအညွှန်းကို စဉ်းစားနေချိန်တွင် ပုဖန်က အနည်းငယ်ဆွံ့အပြီး ပျငရိနေသည်။


၎င်း၏ ဟင်းချက်နည်းအညွှန်းကို သူသေချာပေါက်သိသည်။


ဆွေးမြေ့အိုး၏ မူလအစမှာ လျှာကဝေအစီအရင်ဖြင့် ပေါင်းစပ်ထားသော ခြောက်သွေ့ဂေါ်ဖီအိုးဖြစ်သည်။ ဂေါ်ဖီထုပ်က ပုဖန်၏ ကောင်းကင်ကမ္ဘာမြေလယ်ယာမြေတွင် စိုက်ပျိုးထားသည့် မဟာနိယာမလမ်းကြောင်းစိတ်ဆန္ဒပါဝင်သော အဆင့်မြင့်ပါဝင်ပစ္စည်းဖြစ်သည့် မီးတောက်နှလုံးသားဂေါ်ဖီထုပ်ဖြစ်သည်။


၎င်းက ချက်ပြုတ်ရန် မခက်ခဲပေ။ အခက်ခဲဆုံးအပိုင်းမှာ ဟင်းလျာအတွင်းတွင် လျှာကဝေအစီအရင်ကို ထွင်းထု၍ ထည့်သွင်းရခြင်းဖြစ်သည်။


ပုဖန် နယ်ပာ်သခင်တိထိုက်ကိုကြည့်လိုက်သည်။ ရုတ်တရက် သူ၏နှုတ်ခမ်းတွင် အပြုံးဖျော့ဖျော့တစ်ခုပေါ်လာသည်။


' သူက ခြောက်သွေ့အိုးကို မြည်းချင်နေမှတော့ စိတ်ကျေနပ်အောင် လုပ်ပေးရတော့မှာပေါ့ ... ပေါက်ကွဲခြင်းက ငါသိတဲ့ တစ်ခုတည်းသော လျှာကဝေအစီအရင်မဟုတ်ဘူး ...'


" အခု ခေါင်းစဉ်ကို ကြေညာပြီးပြီဆိုတော့ ကိုယ့်နေရာကိုယ် ပြန်သွားလို့ရပါပြီ ... မင်းတို့ ချက်ချင်တဲ့ဟင်းကို ဆုံးဖြတ်ဖို့ လက်ဖက်ရည်တစ်အိုးငှဲ့စာအချိန်ရဲ့တစ်ဝက် ရမယ် ... ဟင်းလျာကိုချက်ပြုတ်ပြင်ဆင်ဖို့က‌တော့ဘအမွှေးတိုင်တစ်တိုင်ထွန်းစာအချိန်ပါ ... အချိန်မီ မပြီးတဲ့ဘယ်သူမဆို ချက်ပြုတ်ခွင့် ရုတ်သိမ်းခံရမယ် ..."

ကုန်းရှို့ပိုင်ကွမ်းက တည်ကြည့်သည့်အသံဖြင့် ပြောလိုက်သည်။


ပါဝင်သူများအားလုံး သွေးများဆူပွက်လာသည်ဟု ခံသားနေကြရသည်။


ပရိသတ်ထဲတွင်ထိုင်နေသည့် ကုန်းရှို့ပန်က စိတ်လှုပ်ရှားစွာဖြင့် လက်သီးကိုကျစ်ကျစ်ပါအောင် ဆုပ်ထားသည်။

" ခေါင်းစဉ်က ခြောက်သွေ့အိုး ဖြစ်နေမယ်လို့ မထင်ထားဘူး ... နယ်ပယ်သခင်က လုပ်ရဲလိုက်တာ ..."


ရွှမ်ယွမ်ရှားဟွေ့၊ ရွှမ်ယွမ်ရွှမ်နှင့် အခြားလူများက သူ့ကို နားမလည်သည့် အမူအယာဖြင့် ကြည့်နေသည်။


သူတို့မျက်လုံးများမှ စိတ်ရှုပ်ထွေးသည့် အမူအယာများကို မြင်ရသည့်အခါ ကုန်းရှို့ပန်ကပို၍ စိတ်လှုပ်ရှားလာသည်။ သူတို့၏ အသိပညာငတ်မွတ်မှုကို ပြေပျောက်စေရန် ပိုင်ရှင်ပု၏ အဆုံးစွန်ကျွမ်းကျင်မှုဖြစ်သော ဆွေးမြေ့အိုးအကြောင်းကို ရှင်းပြရန် စီစဉ်လိုက်သည်။


ပုဖန်က ဆွေးမြေ့အိုးကို ပဉ္စမအလွှာရှိ ကြေးဂိတ်တံခါးနောက်ကွယ်မှ ကြောက်မက်ဖွယ်တည်ရှိမှုကို ဖောက်ခွဲခဲ့သည့် မြင်ကွင်းကို စပြောပြလိုက်သည်။


သူ၏ ပြောဆိုချက်ထဲတွင် ဆွေးမြေ့အိုးက ကမ္ဘာတစ်လုံးလုံးကိုဖျက်ဆီးနိုင်သည့် နံပါတ်တစ် လူသတ်လက်နက်ဖြစ်သည်။


ထိုအကြောင်းကြားသည့်အခါ ရွှမ်ယွမ်ရှားဟွေ့နှင့် အခြားလူများ ထိတ်လန့်ခြောက်ခြားသွားသည်။


ထို့နောက် ကြောက်လန့်စွာဖြင့် ပင့်သက်ရှိုက်ကုန်ကြသည်။


" ဒါဆိုရင် နယ်ပယ်သခင်က ပိုင်ရှင်ပုရဲ့ ဆွေးမြေ့အိုးကို မြည်းချင်နေတာပေါ့ တကယ်လုပ်ရဲတာပဲ ..."

ရွှမ်ယွမ်ရှားဟွေ့က အံ့ဩနေသည့်ဟန်ဖြင့် သူ၏ပါးစပ်ကို လက်ဖြင့် အုပ်ထားသည်။


" ဒါကြောင့်မို့ နယ်ပယ်သခင်ရဲ့သတ္တိအပေါ် ငါ့ရဲလေးစားမှုက အဆုံးမဲ့တဲ့ မြစ်တစ်စင်းလိုပဲ ... နယ်ပယ်သခင်က အစာကွင်းဆက်ရဲ့ ထိပ်ဆုံးမှာ ရပ်တည်နေတဲ့ တည်ရှိမှုတစ်ခုပဲ ... သူက အရသာရှိတဲ့ အစားအသာတွေအားလုံးက်ု မြည်းကြည့်ဖို့ ဘယ်အရာကိုမဆို ရင်ဆိုင်နိုင်တဲ့အထိ ရဲရင့်တဲ့လူပဲ ..."

ကုန်းရှို့ပန်က အံ့ဩတကြီးဖြင့်ပြောလိုက်သည်။


ရွှမ်ယွမ်ရှားဟွေ့ မေးစေ့ကိုပွတ်ပြီး ပြောလိုက်သည်။

" ပိုင်ရှင်ပုက ပေါက်ကွဲတတ်တဲ့ ခြောက်သွေ့အိုးကို ချက်မယ်လို့ ငါတော့မထင်ဘူး ... အဲ့ဒါကြီးက လူသတ်လက်နက်ဆိုရင် နယ်ပယ်သခင်အပေါ် သုံးပါ့မလား ..."


ရွှမ်ယွမ်ရှားဟွေ့ပြောသည်က ကျိုးကြောင်းဆီလျော်၍ ကုန်းရှို့ပန်နှင့် အခြားလူများ ခေါင်းငြိမ့်လိုက်ကြသည်။


ပုဖန်ကလည်း သေချာပေါက် ဆွေးမြေ့အိုးကို ပြင်ဆင်လိမ့်မည်မဟုတ်ပေ။ လျှာကတေအစီအရင် မထည့်သွင်းထားသည့် သာမန်ခြောက်သွေ့အိုးကိုသာ ပြင်ဆင်ရမည်ဖြစ်သည်။


သို့ရာတွင် နယ်ပယ်သခင်တိထိုက်၏ အောင်မြင်သူကဲ့သို့ အပြုံးကို မြင်လိုက်ရသည့်အခါ ထိုလူက အသက်ကိုတန်ဖိုးထားတတ်ရန် သင်ခန်းစာပေးရမည်ဟု တွေးလိုက်မိသည်။


" စစ်ဆေးချက်စတင်ပါမယ် ..."

ကုန်းရှို့ပိုင်ကွမ်းက ပရိသတ်များ၏ ဆူညံသံများကို လျစ်လျူရှု့ကာ စစ်ဆေးချက်စတင်ကြောင်း ကြေညာလိုက်သည်။


သူပြောပြီးသည်နှင့် အခန်းထဲမှ လေထုက ချက်ချင်းပြောင်းလဲသွားသည်။


အားလုံးက စိတ်လှုပ်ရှားနေကြသည်။ အတွေးတစ်ခုဖြင့် သူတို့၏ ဟင်းချက်မီးဖိုများကို ထုတ်လိုက်သည့်အခါ အားလုံးကညဆူညံသည့်အသံများဖြင့် မြေပေါ်ကျလာသည်။


ထိုလူငယ်များက နာမည်ကြီးလာရန် ‌ဆုတောင်းနေကြသည်။ သူတို့လုပ်ရန်လိုအပ်သည်မှာ နတ်ဆိုးဘုရင်ကြီးကို ဤစစ်ဆေးချက်တွင် အနိုင်ယူရန်သာဖြစ်သည်။ ထိုသတင်းပျံ့သွားပါက သူတို့၏ နာမည်များက နယ်ပယ်တစ်ခုလုံးပျံ့သွားပြီး ချက်ချင်းနာမည်ကြီးလာမည်ဖြစ်သည်။ ထို့ကြောင့် ပုဖန်ကို အနိုင်ယူရန် အလွန်ကြိုးစားနေကြသည်။


စတင်ချက်ပြုတ်ကြသည်နှင့် အင်မော်တယ်စားဖိုမှူးတိုင်း၏မျက်လုံးက ပုဖန်ပေါ်သို့သာ ရောက်လာကြသည်။ သူတို့အားလုံးက ပထမအဆင့် အင်မော်တယ်စားဖိုမှူးများဖြစ်ကြပြီး လူအများစုက ဉာဏ်ကြီးရှင်များ ဖြစ်ကြသည်။ အချို့က ဒုတိယအဆင့်စစ်ဆေးချက်ကိုဖြေဆိုရန် အချိန်ကြာမြှင့်စွာ စောင့်လာကြသူများဖြစ်သည်။


ပရိသတ်ထဲမှ လူအများစုက ပုံမှန်မဟုတ်သည့် အခြေအနေကို သတိထားမိကြသည်။


" ပိုင်ရှင်ပု ဘယ်နေရာသွားသွား သူကအာရုံစိုက်စရာတစ်ခု ဖြစ်နေတာပဲ ... တချို့လူတွေက သူ့ရဲ့တောက်ပမှုကို ဖုံးလွှမ်းချင်နေတာ သဘာဝပါပဲ ..."

ကုန်းရှို့ပန်က အပြုံးတစ်ခုဖြင့်ပြောလိုက်သည်။


" နောက်ဆုံးမှာ အဲ့လိုလုပ်ချင်တဲ့လူတွေက ပိုင်ရှင်ပုရဲ့ ထက်မြက်မှုနဲ့ပဲ အပိုင်းပိုင်းဆုတ်ဖြဲခံရတာပါပဲ ..."


" ဟုတ်တယ် နောက်ထပ် ဘာတွေဖြစ်လာမယ်ဆိုတာ စိတ်ဝင်စားဖို့ကောင်းနေပြီ ..."



အနီးတစ်ဝိုက်မှ သူ့ကို ကြည့်ရှု့နေသူများကို ပုဖနိ အရေးမစိုက်ပေ။ အမှန်တိုင်းဝန်ခံရလျှင် ယခုအချိန်တွင် သူအနည်းငယ်စိတ်လှုပ်ရှားနေသည်။


ခေါင်းစောင်း၍ စိတ်ဝင်တစားကြည့်နေသော နယ်ပယ်သခင်တိထိုက်ကို ပုဖန်တစ်ချက်ကြည့်လိုက်သည်။


သူ၏ မျက်လုံးထဲမှ ထူးဆန်းသည့်အကြည့်က နယ်ပယ်သခင်ကို ကြက်သီးထသွားစေသည်။


' ဒီကောင်လေး ဘာလုပ်ဖို့ကြိုးစားနေတာလဲ ' 

နယ်ပယ်သခင်တိထိုက် တွေးလိုက်သည်။


ပုဖန်က အကြည့်ကို ပြန်ရုတ်သိမ်းလိုက်သည်။ အတွေးတစ်ခုဖြင့် မီးတောက်နှလုံးသားမုန်လာထုပ်များ သူ့ရှေ့တွင် တစ်ထုပ်ပြီးတစ်ထုပ် ပေါ်လာသည်။ ပုဖန်က ၎င်းတို့ကို စားပွဲပေါ်တင်လိုက်သည်။


ထို့နောက် ခါးကို ပွတ်သပ်လိုက်သည်။ ခဏအကြာတွင် အခြားအင်မော်တယ်စားဖိုမှူးများကို ထိတ်လန့်စေသည့် ကျားဟိန်းသံကြီးဖြင့် ကျားဖြူကောင်းကင်မီးဖိုက ကောင်းကင်ယံက ဆင်းသက်လာသည်။


မာနကြီးသောကျားဖြူကြီးက တစ်ခန်းလုံးကို ဖိအားများဖြင့် ပြည့်နှက်သွားစေသည်။


ထို့နောက် ရွှေရောင်အလင်းတန်းတစ်ခု လင်းလာပြီး ရွှေနဂါးအရိုး မီးဖိုချောင်သုံးဓား ပေါ်လာသည်။ ပုဖန်က ၎င်းကို ဖမ်းကိုင်လိုက်ပြီး လှည့်ပတ်လိုက်ကာ ရေါ်ဖီထုပ်များကို လှီးတော့သည်။ ဂေါ်ဖီထုပ်၏ အပြင်ပိုင်းကို ဖယ်ပြီးသည့်အခါ အထဲတွင် အနီရောင်မီးတောက်များ ရှိနေသည်။


ခြောက်သွေ့အိုး ချက်ပြုတ်ရန်အတွက် ဂေါ်ဖီထုပ်နှင့်အတူ အသားလည်း လိုအပ်သည်။ ပုဖန်က ရတနာရှစ်သွယ်ဝက်၏ ဗိုက်သားကို ရွေးချယ်ထားသည်။ ဝက်ဗိုက်သားဖြင့် ချက်ထားသည့်ဟင်းလျာတွင် ကြွယ်ဝ၍ ဆွဲဆောင်မှုရှိသော ရနံ့များရှိသည်။


ဝက်ဗိုက်သားကို အပိုင်းများဖြစ်အောင် လှီးဖြတ်လိုက်ပြီး အချဉ်ရည်နှင့် စိမ်ထားသည်။ ပြီးသွားသည့်အခါ ဂေါ်ဖီထုပ်ကို အိုးထဲထည့်ပြီး ဆားရည်ဖြင့် ဆေးကြောလိုက်သည်။ ထို့နောက် ပါဝင်ပစ္စည်းများကို ပြင်ဆင်ရသည်။ ယခုတစ်ကြိမ်တွင် ပါဝင်ပစ္စည်းအများအပြားလိုအပ်သည်။


ပူစပ်စပ်ငရုတ်နှစ်က မဖြစ်မနေပါဝင်ရမည့်အရာဖြစ်သည်။ ထို့နောက် ပေါက်ကွဲမီးတောက်ငရုတ်သီးကို အတုံးများအဖြစ်လှီးပြီး ခရမ်းရောင်ကြက်သွန်ဖြူ၊ အမြီးရှည်ကြက်သွန်မြိတ်၊ သားအမဂျင်းနှင့် အခြားအရာများကိုလည်း လှီးဖြတ်ထားသည်။


အားလုံးအဆင်သင့်ဖြစ်သည့်အခါ လက်ချောင်းများဖြင့် တစ်ချက်တောက်၍ အဖြူရောင်မီးဘောလုံးတစ်လုံးကို ကျားဖြူကောင်းကင်မီးဖိုတွင် မီးညှိလိုက်သည်။ ထို့နောက် မဟူရာလိပ်ခုံးဒယ်အိုးကို မီးဖိုပေါ်တင်ပြီး အပူပေးလိုက်သည်။ ထို့နောက် အသက်စမ်းရေကို လောင်းချလိုက်သည့်အခါ ချက်ချင်းပင် သန်စွမ်းသည့် အသက်စွမ်းအင်များ ပျံ့နှံ့လာသည်။


လေထုထဲမှ တဖြည်းဖြည်းပျောက်ကွယ်သွားသည့် အသက်စွမ်းအင်များကို အာရုံခံမိသည့်အခါ လူများ ဆွံ့အကုန်ကြသည်။


" အသက်စမ်းရေကို သုံးနေတာလား ဘယ်လိုတောင်ဖြုန်းတီးတဲ့ကောင်လေးလဲ ... အသက်စမ်းရေက ဘယ်လောက်တန်ဖိုးရှိလဲသိလား ... အရောင်ချွတ်ဖို့အတွက် ဘာလို့သုံးရတာလဲ ..."

နယ်ပယ်သခင်က သူ့ရင်ဘတ်ကိုသူ ထုနှက်နေသည်။


ရေများဆူပွက်လာသည့်အခါ ဂေါ်ဖီများကို ဒယ်အ်ုးထဲထည့်လိုက်သည်။ အရောင်အနည်းငယ်ပြောင်းလာသည့်အခါ အကုန်လုံးကို ဇကာဖြင့်ဆယ်ယူပြီး ဘေးတွင် အခြောက်ခံထားလိုက်သည်။ ဒယ်အိုးထဲတွင် ဂေါ်ဖီများမရှိတော့သည့်အခါ အသက်စမ်းရေကို တစ်စက်မကျန် သွန်ပစ်လိုက်သည်။


နယ်ပယ်သခင်၏ မျက်လုံးများ ပြူးကျယ်လာသည်မှာ ‌ပြုတ်ကျမတတ်ပင်ဖြစ်နေသည်။

" အသက်စမ်းရေကို ဘာလို့ အဲ့လိုမျိုး ဖြုန်းတီးပစ်တာလဲ ... ‌တန်ဖိုးထားရကောင်းမှန်းကို မသိဘူး ..."


ပုဖန်က အမှန်ပင် ထိုရေ၏အဖိုးတန်မှုကို မသိပေ။ သူ့ထံတွင် ထိုအဖိုးတန်ရေကို အဆုံးမဲ့ထောက်ပံ့ပေးနိုင်သော အသက်စမ်း‌‌ရေ၏ ရင်းမြစ်ရှိနေသဖြင့် နယ်ပယ်သခင်တိထိုက်၏ နာကျင်မှုကို နားမလည်သည်မှာ သဘာဝပင်


ရှဲ ...


မဟူရာလိပ်ခုံးဒယ်အိုးထဲသို့ ဆီအနည်းငယ်ထည့်လိုက်သည်။ ဆီများပွက်ပွက်ဆူလာချိန်တွင် တုံးထားသည့် ပေါက်ကွဲမီးတောက်ငရုတ်သီးများကို ထည့်လိုက်ပြီး စတင်ကြော်တော့သည်။ ငရုတ်သီးမှ ရနံ့များထွက်လာသည့်အခါ လှီးဖြတ်ထားသည့် ခရမ်းရင့်ရောင် ငရုတ်သီးများကိုထည့်ပြီး ရနံ့ထွက်လာသည့်အခါ ဝက်ဗိုက်သားကို ထည့်လိုက်သည်။


ရှဲ ...

 

အပူငွေ့ လက်တစ်ဆုပ်စာခန့်က ဒယ်အိုးထဲမှထွက်လာပြီး အသားရနံ့များက လေထဲတွင် သင်းပျံ့နေသည်။


ပုဖန် ဘေးနားမှလူများက အသက်ပြင်းပြင်းရှုပြီး သူ့ကို တည်ကြည်စွာကြည့်နေကြသည်။ ဖိအားကို ခံစားလိုက်ရသည့်အတွက် ချက်ပြုတ်ခြင်းကို အာရုံစိုက်လိုက်ကြသည်။ သူတို့က နတ်ဆိုးဘုရင်ကြီးကို စိန်ခေါ်လိုသည့်အတွက် သူနှင့်ယှဉ်ပြိုင်နိုင်သည့် ခွန်အားမျိုး ထုတ်သုံးမှဖြစ်လိမ့်မည်။ သို့မဟုတ်ပါက သူတို့ဟာသကြီးတစ်ခုသာ ဖြစ်သွားလိမ့်မည်။


ပုဖန်က ဝက်ဗိုက်သားကို အရောင်ပြောင်းပြီး အနံ့သင်းသင်းထွက်လာသည်အထိ မွှေကြော်နေသည်။ ထို့နောက် ဝိုင်အနည်းငယ်လောင်းချလိုက်သည်။ ဝိုင်က ရနံ့ကိုအဆင့်မြှင့်ပေးပြီး ပို၍ဆွဲဆောင်မှုရှိလာစေသည်။

 

ထို့နောက် အခြောက်ခံထားသည့် ဂေါ်ဖီများကို ဒယ်အိုးထဲထည့်ပြီး အတူတကွမွှေကြော်လိုက်သည်။ ရောသမမွှေသွားသည့်အခါ ပူစပ်စပ်ငရုတ်နှစ်ကို ထပ်မံထည့်လိုက်သည်။


သင်းပျံ့သောရနံ့က လေနှင့်အတူ ပါလာသည်အထိ မွှေကြော်ခြင်းကို မရပ်ပေ။ ထို့နောက်တွင် ရှာလကာရည်ကဲ့သို့ ဟင်းခတ်အမွှေးအကြိုင်တစ်ချို့ထည့်လိုက်ပြီး မီးကိုငြိမ်းသတ်လိုက်သည်။


ဒယ်အိုးကို ဆတ်ခနဲလှုပ်ရှားလိုက်သည့်အခါ အတွင်းမှ ဟင်းလျာများက လှိမ့်သွားသည်။ နောက်ဆုံးတွင် သူကြိုတင်ပြင်ဆင်ထားသည့် ကြာပန်းပုံစံသံအိုးထဲသို့ ဟင်းလျာကို ထည့်လိုက်သည့်အခါ စားသုံးရန်အဆင်သင့်ဖြစ်နေပြီဖြစ်သည်။


သို့သော် ပုဖန်အ‌ဆုံးမသတ်ရသေးသည့် အဆင့်အနည်းငယ်ရှိနေသေးသည်။


အခြားပါဝင်သူများလည်း သူတို့၏ဟင်းလျာများကို ချက်ပြုတ်ပြီးစီးသွားကြသည်။ ကောင်းကောင်ပေါ်တွင် မိုးခြိမ်းသံများ အဆက်မပြတ်ထွက်ပေါ်လာပြီး မိုးကြိုးပြစ်ဒဏ်များကို ရင်ဆိုင်လိုက်ကြရသည်။ သို့‌ရာတွင် ပုဖန်၏ဟင်းလျာက မိုးကြိုးပြစ်ဒဏ်များကို မဆွဲဆောင်နိုင်သည်ကို တွေ့လိုက်ရသည်။


" နတ်ဆိုးဘုရင်ကြီး ဒီတစ်ခါတော့ ကျရှုံးပြီထင်တယ် ..."


" ဖြစ်နိုင်တယ် ... မိုးကြိုးပြစ်ဒဏ်ကို မဆွဲဆောင်နိုင်ရင် ဟင်းလျာက အရည်အချင်းမပြည့်မီတာပဲပေါ့ ..."


" ဒါ ငါတို့အတွက် နတ်ဆိုးဘုရင်ကြီးက ချေမှူနိးဖို့ အခွင့်အရေးပဲ ..."


ပုဖန်ကို ကြည့်နေကြသော ပါဝင်သူများအားလုံး စိတ်လှုပ်ရှားနေပုံရသည်။ နတ်ဆိုးဘုရင်ကြီးကို အနိုင်ယူနိုင်သည့်မည်သူမဆို မသေမျိုးချက်ပြုတ်ခြင်းနယ်ပယ်တွင် နာမည်ကျော်ကြားလာမည်ဖြးစ်၍ အားလုံးကို ဖမ်းစားထားသည့် အောင်မြင်မှုတစ်ခုပင်။


 ပုဖန် ခြောက်သွေ့အိုးကို ယူလိုက်သည်။ အတွေးတသ်ခုဖြင့် သူ့လက်ထဲတွင် အသက်သလင်းကျောက်သစ်သီးတစ်လုံးပေါ်လာသည်။ ထို့နောက် သူစစိတ်စွမ်းအင်ကို အသီးထဲထည့်လိုက်ပြီး လျှာကဝေအစီအရင်ကို ၎င်းပေါ်တွင် ထွင်းထုလိုက်သည်။ အချိန်ခဏကြာပြီးနောက် အစီအရင်ကို ထွင်းထုခြင်းပြီးဆုံးသွားပြီး သစ်သီးကို အိုးထဲတွင် ထည့်လိုက်သည်။


အချိန်တိုအတွင်းမှာပင် အသက်သလင်းကျောက်သစ်သီးက ဟင်းလျာနှင့် ပေါင်းစပ်သွားပြီး တောက်ပနေသောအစီအရင်က ပျောက်ကွယ်သွားသည်။


ဂျိန်း ...


မျက်စိတစ်မှိတ်အချိန်အတွင်းမှာပင် ကောင်းကင်တစ်ခုလုံးကို တိမ်မည်းများဖုံးလွှမ်းသွားပြီး မိုးကြိုးပြစ်ဒဏ်များ စတင်ဖြစ်ပေါ်လာသည်။ နားအူမတတ်မိုးခြိမ်းသံကြီး ထွက်ပေါ်လာကာ လျှပ်စီးကြောင်းကြီးတစ်ခုက တိမ်များကြားမှ တွန့်လိမ့်လျက် ပေါ်လာသည်။


မိုးကြိုးပြစ်ဒဏ်များ၏ ဖိအားက အခြားတိမ်တိုက်များထဲကိုပါ ပျံ့နှံ့သွားသည်။


အားလုံးက အံ့ဩပြီး ဘာပြောရမည်မသိတော့ပေ။


ပုဖန်ကို အနိုင်ယူမည်ဟု စဉ်းစားထားသည့်ပါဝင်သူများအားလုံး နှလုံးသားများ ကွဲကြေကုန်သည်။


မိုးကြိုးပြစ်ဒဏ်တွေက သူတို့ရဲ့တိမ်တွေထဲ ပြန့်ကုန်တယ်ပေါ့ ... ဘာကိုဆိုလိုတာလဲ ... နတ်ဆိုးဘုရင်ကြီးရဲ့ဟင်းလျာက သူတို့ဟင်းလျာတွေကို လုံးဝဖျက်ဆီးပစ်နိုင်တယ်လို့ ဆိုလိုတာလား ...


သူတို့အားလုံး ပင့်သက်ရှိုက်ပြီး အသက်မဲ့ကုန်သည်။ တိမ်များ လွင့်ပြယ်သွားပြီး မိုးကြိုးပြစ်ဒဏ်မဖြစ်ပေါ်လာတော့သည့်အတွက် သူတို့၏စစ်ဆေးချက်ကို ကျရှုံးသွားပြီဖြစ်သည်။


ယခုအချိန်တွင် သူတို့က နတ်ဆိုးဘုရင်ကြီးနှင့် ယှဉ်ပြိုင်လိုစိတ် မရှိကြတော့ပေ။ သူတို့အားလုံး ချေမှူန်းခံလိုက်ရသည့်အတွက် စိတ်ဓာတ်ကျမှုမှလွဲ၍ မည်သည့်အရာကိုမှ မခံစားနိုင်တော့ပေ။


ဝုန်း ဝုန်း ဝုန်း ... 


ကောင်းကင်ပေါ်မှဆင်းသက်လာသော မိုးကြိုးပြစ်ဒဏ်ခုနစ်ခုကို ဝှိုက်တီက တားဆီးလိုက်သည်။ ပါဝင်ယှဥ်ပြိုင်ကြသူများက နတ်ဆိုးဘုရင်ကြီးကို ချေမှူန်းရန်အတွေးက အလွန်တုံးအလွန်းသည်ကို သဘောပေါက်သွားကြသည်။


နတ်ဆိုးဘုရင်ကြီးကို ဘယ်သူမှ မလွှမ်းမိုးနိုင်ဘူးပဲ ...


ဂျိန်း ...


နောက်ဆုံး မိုးကြိုးပြစ်ဒဏ်က ပျောက်ကွယ်သွားပြီဖြစ်သည်။ ပုဖန်၏ အနီရောင်စားဖိုမှူးက လေနှင့်အတူလွင့်နေပြီး နယ်ပယ်သခင်တိထိုက်ကို ပြုံးစစဖြင့်ကြည့်ကာ ပြောလိုက်သည်။

" ခြောက်သွေ့ဂေါ်ဖီအိုးကို သုံးဆောင်လို့ရပါပြီ ..."


ဝီ ...


ထူးဆန်းသည့်အတက်အကျလှိုင်းများက သူ၏လက်ထဲမှ ငွေရောင်အိုးထဲမှ ပျံ့နှံ့လာသည်။


ထိုအတက်အကျများကို မြင်သည့်အခါ အားလုံး၏ အမူအယာက သိသိသာသာပြောင်းလဲသွားပြီး နယ်ပယ်သခင်တိထိုက်၏ မျက်နှာက နီရဲသွားကာ မျက်လုံးများလည်း ပြူးကျယ်သွားသည်။


" ဒီပုဖန်က ရူးနေတာလား ... ငါ့ကို ဆွေးမြေ့အိုးကြီး တကယ်ချက်ပေးတယ်ပေါ့ ... သူငါ့ကို သတ်ပြီး ငါ့ရဲ့ အဖော်အချွတ်အနုပညာကို အမွေဆက်ခံဖို့ ကြံနေတာလား ..."