အပိုင်း ၁၁၇၉
Viewers 62k

အခန်း ၁၁၇၉

နယ်ပယ်သခင်က ပြဿနာရှာဖို့ကြိုးစားနေတာလား..


လက်ဖက်ခြောက်လုပ်ရခြင်းမှာ ရှုပ်ထွေးသော အရာဖြစ်သည်။


ပုဖန်က ၎င်းနှင့် အလွန်အမင်း ရင်းနှီးခြင်းမရှိသော်လည်း သူ့တွင် ကိုယ်ပိုင် လက်ဖက်ခြောက်လုပ်နည်းရှိသည်။


သူက မဟူရာလိပ်ခုံးဒယ်အိုးထဲကို လက်ဖက်ရွက်များထည့်လိုက်သည်။ သူက အရွက်များကို ခြောက်သွေ့သွားစေလို၍ ဆီများ မထည့်လိုက်ပေ။


သစ်ရွက်များက ဒယ်အိုးနှင့်ထိသည်နှင့် ၎င်းတို့အထဲရှိ ရေများက အငွေ့ပျံသွားလေသည်။ ထို့နောက် သူ၏လက်ဖဝါးကို အစစ်အမှန်စွမ်းအင်တို့ဖြင့် လွှမ်းခြုံကာ လက်ဖက်ရွက်တို့ကို ဒယ်အိုးထဲတွင် မွှေလေသည်။


လက်ဖက်နံ့မွှေးမွှေးတို့ ထွက်ပေါ်လာပြီး ထိုရနံ့က စိတ်ဝိဉာဉ်ကိုပင် လန်းဆန်းသွားစေသည်။


မွှေလိုက်ပြီး ခဏအကြာတွင် ပုဖန်က အရွက်သေးသေးများအဖြစ် ကျုံ့ဝင်သွားသော လက်ဖက်ရွက်များကို ဆယ်ယူလိုက်သည်။ ခဏအကြာတွင် သူ့လက်ဖဝါးပေါ်တွင် အဖြူရောင်မီးတောက်တစ်ခု ထွက်ပေါ်လာသည်။


သူက အရွက်များကို မီးတောက်ပေါ်တွင် တင်ပြီး အပူရှိန်မြင့်မြင့်နှင့်အတူ ညှိုးခြောက်သွားစေသည်။


နောက်ဆုံးတွင် သူက ညှိုးခြောက်သွားသော လက်ဖက်ရွက်များကို ကြွေပန်းကန်လုံးလေးထဲ ထည့်လိုက်သည်။ အကုန်ထည့်၍ပြီးသောအခါတွင် အဖုံးအုပ်လိုက်သည်။


ထိုလက်ဖက်ခြောက်များက အလွန်အံ့ဩစရာကောင်းပြီး တစ်ဖက်က စိမ်းကာ တစ်ဖက်က ပြာနေသည်။ ပုဖန်က ၎င်းတို့ကို ထပ်မံ၍ ခြောက်သွေ့အောင်လုပ်ရန် မလိုတော့ပေ။


ပုဖန်က အရွက်တစ်ရွက်ကိုယူပြီ ပန်းကန်လုံးကို ပြန်သိမ်းလိုက်သည်။


အခြောက်ခံပြီး မီးကင်ပြီးနောက်တွင် လက်ဖစ်ရွက်များက သေးငယ်သွားပြီး ဖန်ကဲ့သို့ကြည်လင်နေသော ပုံစံနှင့်တူနေသည်။ ၎င်းက အလွန်အမင်းကျက်သရေရှိကာ လှပလေသည်။


ထို့နောက် လက်ဖက်ရည်ထည့်သောက်ရာ ခွက်တစ်ခုကိုထုတ်ယူပြီး ထိုတစ်ရွက်ကို အထဲသို့ထည့်ကာ ဆူပွက်နေသောအသက်စမ်းရေကို လောင်းထည့်လိုက်သည်။


ခွက်ထဲသို့ ရေပူများ ဝင်ရောက်သွားသည်နှင့် လက်ဖက်ရွက်ကို လည်သွားစေသည်။ အသက်စမ်းရေက လက်ဖက်ရွက်နှင့် ထိသွားသည်နှင့် ချက်ချင်းလက်ငင်း အစိမ်းဖျော့ဖျော့လေးဖြစ်သွားသည်။


ပုဖန်က အဖုံးပိတ်လိုက်သည်။ လက်ဖက်ရည်ကို ခဏမျှ အအေးခံပြီးနောက်တွင် အဖုံးဖွင့်လိုက်ကာ လက်ဖက်ရည်နံ့ကို တစ်ချက်မျှ ရှိုက်သွင်းလိုက်သည်။


ဖျော့တော့သော်လည်း စိတ်ဝိဉာဉ်ကိုပင် တုန်ယင်သွားသော ရနံ့များက သူ၏နှာခေါင်းပေါက်မှ တဆင့်ဝင်လာပြီး သူ၏အရသာခံဖုများကို လှုံ့ဆော်ကာ ပုဖန်ကို အံ့အားသင့်သွားစေသည်။ ဘုံကိုးပါးမဟာလမ်းစဉ်လက်ဖက်ရွက်က အဖန်တလဲလဲရေနွေးနှင့် ဖန်ရေဆေးပေးရန် မလိုအပ်ပဲ ပထမတစ်ခေါက် ဖြင့်ပင် အလွန်အံ့ဖွယ်ကောင်းနေလေပြီ။


လက်ဖက်ရည်နံ့မွှေးမွှေးတို့က လေထုထဲတွင် ပျံ့လွင့်လာသည်။ လက်ဖက်ရည်၏မျက်နှာပြင်ပေါ်တွင် ပူဖောင်းလေးများရှိနေပြီး လက်ဖက်ရွက်ကလည်း ရေထဲတွင် လည်ပတ်နေသည်။


ပုဖန်က လက်ဖက်ရည်ခွက်ကို လက်တစ်ဖက်ဖြင့် ကိုင်ပြီး နောက်လက်တစ်ဖက်က အဖုံးကိုင်ထားသည်။ သူ ခပ်ဖြေးဖြေးမှုတ်လိုက်သောအခါ အပူငွေ့တို့ခွဲဖြာလာသည်။


သူ နောက်တစ်ခေါက် အနံ့ခံလိုက်ပြီး ခပ်ဖြေးဖြေးခေါင်းခါလိုက်သည်။


လန်းဆန်းစေသော လက်ဖက်ရနံ့က သူ့နှာခေါင်းပေါက်ထဲသို့ တိုးဝင်လာသည်။


နောက်ဆုံးတွင် တစ်ငုံမျှစုပ်သောက်လိုက်သည်။ ပူနွေးနေသော လက်ဖက်ရည်က သူ့နှုတ်ခမ်းများမှတဆင့် ပါးစပ်ထဲသို့ စီးဝင်သွားသည်။


သူ့ပါးစပ်ထဲတွင် လက်ဖက်ရည်အရသာက ပေါက်ကွဲထွက်သွားပြီး သူ့ကို မယုံနိုင်လောက်အောင် သက်တောင့်သက်သာဖြစ်စေသည်။


ပုဖန်က သူ့ပါးစပ်ထဲတွင် မွှေးရနံ့တို့ ရစ်ဝဲနေပြီး သူ၏ အနံ့ခံအာရုံကိုပါ မွှေနှောက်သွားသည်။ ဂလုခနဲမြည်သံနှင့်အတူ လက်ဖက်ရည်တစ်ငုံကို မျိုချလိုက်ပြီး သူ့လည်ချောင်းမှတဆင့် အစာအိမ်ထဲသို့ စီးဝင်သွားသည်။


ချက်ချင်းလက်ငင်း လက်ဖက်ရည်က ပေါက်ကွဲသွားသလို ပုဖန်၏အစာအိမ်ထဲတွင် လှိုင်းထနေသည်။


ပုံသဏ္ဍာန်မရှိသော လှိုင်းအတက်အကျတို့က သူ့တစ်ကိုယ်လုံးကို ပြည့်နှက်သွားပြီး သူ့ခန္ဓာကိုယ်ကို အလွန်အမင်း စိတ်သက်သာရာရစေသည်။ ထို့နောက် သူ၏စိတ်ဝိဉာဉ်ပင်လယ်ကပါ ဆူပွက်လာပြီး ပိုမိုသန်မာသွားသည်။


ထို ဘုံကိုးပါးမဟာလမ်းစဉ်လက်ဖက်ရည်က သူ၏စိတ်စွမ်းအင်ကို သက်ရောက်မှုရှိစေသည်။


ပုဖန်က မျက်လုံးများ မှေးစဉ်းကာ ပါးစပ်တပြင်ပြင်ဖြင့် နောက်တစ်ငုံသောက်လိုက်သည်။


ဤလက်ဖက်ရည်က ဝိုင်နှင့်ယှဉ်နိုင်သည်။ ဝိုင်က သိမ်မွေ့သော်လည်း လက်ဖက်ရည်က တစိမ့်စိမ့်အရသာခံရန် လိုအပ်ပေသည်။


သူနောက်တစ်ငုံသောက်လိုက်ပြီး သူ၏စိတ်စွမ်းအင်တို့က ပိုမိုပြည့်လျှံလာသည်။ သူခန့်မှန်းတာ မမှားလျှင် ဘုံကိုးပါးမဟာလမ်းစဉ်လက်ဖက်ရည်တွင် စိတ်စွမ်းအင် ပြည့်တင်းစေသော အစွမ်းသတ္တိရှိရပေမည်။


ထို အကျိုးသက်ရောက်မှုက သူ့မျက်လုံးများကို တောက်ပစေသည်။


အနာဂတ်တွင် ဆွေးမြေ့အိုးကိုသုံးပြီးနောက်တွင် ဤဘုံကိုးပါးမဟာလမ်းစဉ်လက်ဖက်ရည်တစ်ငုံသောက်လိုက်လျှင် နောက်တစ်ကြိမ် မတ်တတ်ရပ်နိုင်ပြီး ဆွေးမြေ့အိုးနောက်တစ်အိုးကို သုံးနိုင်ပေလိမ့်မည်။


ပုဖန် အကြံရသွားခဲ့သည်။ လက်ဖက်ရည်ခွက်ကိုကိုင်ကာ လက်ဖက်ရည်နံ့ကို တစိမ့်စိမ့်ခံစားပြီး မီးဖိုချောင်မှ ထွက်သွားလိုက်သည်။


ခန်းဆီးစကို မလိုက်သောအခါ ခေါင်းလောင်းမြည်သံလေး ထွက်ပေါ်လာသည်။


ထိုအချိန်တွင် မီးဖိုချောင်တံခါးဘေးရှိ စားပွဲခုံများတွင် စားသုံးသူတို့ ပြည့်နှက်နေသည်။


သူတို့ ပုဖန်ကို မြင်သောအခါ နှုတ်ဆက်လိုက်ကြသည်။


ပုဖန်က ခေါင်းငြိမ့်ပြကာ ဆက်စားကြပါဟူ၍ပြောပြီး စားသောက်ဆိုင်အပြင်ကို ထွက်လိုက်သည်။ သူက ထိုင်ခုံတစ်လုံးကိုဆွဲပြီး ထိုင်လိုက်ကာ လက်ဖက်ရည်တစ်ငုံသောက်လိုက်သည်။


စားသောက်ဆိုင်က ဆက်လက်၍ လည်ပတ်နေသည်။


ပုဖန်က ရှီးရှီးကို စားသောက်ဆိုင်၏ အလုပ်သမား စာရင်းထဲ ထည့်လိုက်သည်။


ကလေးမလေး၏ အချက်အပြုတ်အရည်အချင်းမှာ အတော်လေး လျှင်မြန်စွာ တိုးတက်လာခဲ့သည်။ သူမ၏ ပါရမီက ကောင်းမွန်လွန်းလှ၍ လက်ရှိတွင် သူမ၏ အရည်အချင်းမှာ သာမန် ပထမအဆင့် အင်မော်တယ်စားဖိုမှူးတစ်ယောက်ထက် မနိမ့်ကျတော့ပေ။


ယနေ့အတွက် ဆိုင်ဖွင့်ချိန်ကုန်သွားလျှင် ပုဖန်က ရှီးရှီး၏ အရည်အချင်းကို စမ်းသပ်မည်ဟု အစီအစဉ်ဆွဲထားသည်။ ထိုအချိန်အတောအတွင်း သူက သူမကိုစောင့်ရင်း အနားယူနေမည်ဖြစ်သည်။


မကြာခင် ဆိုင်ဖွင့်ချိန် ကုန်သွားလေသည်။


အချိန်ခဏကြာသောအခါ ရှီးရှီးက ပုဖန်ဘေးနားရောက်လာသည်။ သူကမူ လက်ဖက်ရည်ခွက်အလွတ်ကို ကိုင်ကာ ငေးမောနေသည်။


"အိုး... ပြီးသွားပြီလား..."

ပုဖန်က အသိပြန်ဝင်လာပြီး ရှီးရှီးကိုကြည့်လိုက်သည်။


ရှီးရှီးက လေးလေးစားစားခေါင်းငြိမ့်ပြလိုက်သည်။


ပုဖန်က မတ်တတ်ရပ်လိုက်ကာ လက်ဖက်ရည်ခွက်ကို ဘေးသို့ထားလိုက်ပြီး အညောင်းဆန့်လိုက်သည်။ သူ၏ စိတ်ဝိဉာဉ်နှင့် အစစ်အမှန်စွမ်းအင်များက ထိုအချိန်တွင် နိုးထလာဟန်ပင်။


သူ ရှီးရှီး၏ ခေါင်းလေးကိုပွတ်လိုက်ပြီး ပြုံး၍ပြောလိုက်သည်။

"လာခဲ့... ဆရာတို့ အချက်အပြုတ် အဆင့်သွားတက်ရအောင်..."


ရှီးရှီးက ထိုသည်ကိုကြားပြီးနောက်တွင် စိတ်လှုပ်တရှား လက်သီးဆုပ်လိုက်သည်။


အင်မော်တယ်စားဖိုမှူးတစ်ယောက်ဖြစ်လာရန်မှာ သူမ၏ ပထမဆုံးအိပ်မက်ဖြစ်ပြီး သူမ၏ဒုတိယအိပ်မက်မှာ ပုဖန်ကဲ့သို့ အံ့ဩစရာကောင်းသည့် အင်မော်တယ်စားဖိုမှူးဖြစ်လာရန်ဖြစ်သည်။


တံခါးပိတ်ပြီးနောက်တွင် ပုဖန်က ရှီးရှီးနှင့် လက်ချင်းတွဲ၍ စားသောက်ဆိုင်ထဲမှ ထွက်လာလိုက်သည်။


သူတို့ မသေမျိုးချက်ပြုတ်ခြင်းနယ်ပယ်မှ လမ်းပေါ်တွင် လျှောက်လှမ်းနေကြပြီး ညနေခင်းနေရောင်ခြည်ကြောင့် သူတို့၏ အရိပ်များက ပိုမိုရှည်လျားနေဟန်ဖြစ်နေသည်။ ရင်းနှီးနေသော လမ်းလေးက အရင်အတိုင်း သက်ဝင်လှုပ်ရှားနေဆဲပင်။


ပုဖန်ကို သိကြသောလူတိုင်းက သူတို့ဖြတ်သွားသည်ကိုမြင်သည်နှင့် နှုတ်ဆက်လာကြသည်။


ပုဖန်က ပြုံးရင်း ခေါင်းငြိမ့်ပြကာ ပြန်နှုတ်ဆက်လိုက်သည်။


စားဖိုမှူးများ၏ အဆင့်တက်သည့်နေရာမှာ မသေမျိုးမီးဖိုချောင် အဆောက်အဦးတွင်ဖြစ်သည်။


ပုဖန်ပ သူ မသေမျိုးမီးဖိုချောင်အဆောက်အဦးကိုလာစဉ်က ပြဿနာများစွာဖြစ်စေခဲ့ကြောင်း ပြန်သတိရသွားသည်။ ယခုတွင် သူက ဤနေရာသို့ပြန်ရောက်လာပြီး ပိုမြင့်သော စားဖိုမှူးပြိုင်ပွဲကို ဖြေရပေတော့မည်။


သူပထမဆုံးလာချိန်နှင့် ဒုတိယလာချိန်ကြားတွင် မသေမျိုးချက်ပြုတ်ခြင်းနယ်ပယ်၌ ကိစ္စများစွာ ဖြစ်ပျက်ခဲ့ပြီးဖြစ်သည်။


ရှီးရှီးက အရာအားလုံးကို သိချင်နေသည်။ သူမက မသေမျိုးမီးဖိုချောင် အဆောက်အဦးကို ပထမဆုံးအကြိမ်ရောက်ဖူးခြင်းဖြစ်၍ ပုဖန်၏ဘေးမှနေ၍ ဟိုငေးသည်ငေးလုပ်နေသည်။


မသေမျိုးမီးဖိုချောင်အဆောင်အဦးမှလူများက ပုဖန်ကို သိကြပေသည်။


မူလျှို့အာက မသေမျိုးမီးဖိုချောင်အဆောက်အဦးတွင် အကူအညီမပေးတော့သော်လည်း ပုဖန်လုပ်ခဲ့သည့်အရာများကြောင့် သူဝင်လာသည်နှင့် လူတိုင်း သူ့ကို မှတ်မိသွားကြသည်။


သူ မသေမျိုးမီးဖိုချောင်ထဲ ဝင်လိုက်သည်နှင့် လူများစွာက သူ့ကိုလေးလေးစားစား ဦးညွတ်လာကြသည်။


ပုဖန်၏ လက်ရှိ အရည်အချင်းက သူတို့အားလုံး၏ လေးစားမှုနှင့် ထိုက်တန်ပေသည်။ သူ၏ အင်မော်တယ်စားဖိုမှူးပြိုင်ပွဲ၏ အနိုင်ရရှိသူဟူသော နာမည်နှင့် မသေမျိုးချက်ပြုတ်ခြင်းနယ်ပယ်၏ ပျက်သုဉ်းခြင်းကို တားဆီးပေးခဲ့သော ဂုဏ်ပုဒ်ကြောင့် လူတိုင်း၏ လေးစားမှုနှင့် ထိုက်တန်ပေသည်။


"ဒါ ကျုပ်ရဲ့အလုပ်သင်ပဲ... သူမရဲ့ ပထမဆုံးအကြိမ် အင်မော်တယ်စားဖိုမှူးစာမေးပွဲကို ဖြေဆိုတာဖြစ်တာကြောင့် လမ်းပြပေးလိုက်ကြပါဦး..."

ပုဖန်က မသေမျိုးမီးဖိုချောင်မှ လူများကိုကြည့်ပြီး ပြောလိုက်သည်။


ထိုလူက လေးလေးစားစားခေါင်းငြိမ့်ပြလိုက်သည်။


"ရှီးရှီး စိတ်မလှုပ်ရှားနဲ့.. အေးအေးဆေးဆေးလုပ်... မင်းရဲ့ အရည်အချင်းနဲ့ ပထမအဆင့် အင်မော်တယ်စားဖိုမှူးဖြစ်ဖို့က လွယ်လွယ်လေးပဲ..."

ပုဖန်က ကလေးမလေး၏ခေါင်းကို ပွတ်သပ်ပြီး ပြောလိုက်သည်။


မသေမျိုးမီးဖိုချောင် အဆောက်အဦးမှ လူများက ဆွံအသွားကြသည်။ ပုဖန်က နတ်ဆိုးဘုရင်ကြီးဟု ခေါ်ရန် ထိုက်တန်ပါပေသည်။ အလွန်အမင်း ထောင်လွှားလွန်းလေသည်။


သူတို့၏ မျက်လုံးထဲတွင် ရှီးရှီးက ခုနစ်နှစ် ရှစ်နှစ်အရွယ် ကလေးမလေးသာဖြစ်ပြီး သူမအတွက် စာမေးပွဲဖြေဆိုသည်ဆိုမှာ ဟိတ်ကြီးဟန်ကြီးဖြစ်နေလေပြီ။ ပထမအဆင့် အင်မော်တယ်စားဖိုမှူးဖြစ်ရန်မှာ ထိုမျှမလွယ်ပေ။


မသေမျိုးချက်ပြုတ်ခြင်းနယ်ပယ်၏ မှတ်တမ်းများအရ အငယ်ဆုံးသော ပထမအဆင့် အင်မော်တယ်စားဖိုမှူးမှာ ဆယ်နှစ်အရွယ် ဉာဏ်ကြီးရှင်လေးတစ်ယောက်ဖြစ်သည်။


ရှီးရှီးက ခုနစ်နှစ်လား ရှစ်နှစ်လားပဲရှိတာလေ... စံချိန်ကိုချိုးဖို့များ စဉ်းစားနေတာလား...


သူလုပ်နိုင်ခဲ့ရင်တောင် လွယ်မှာမဟုတ်ဘူးလေ.. ဘာပဲဖြစ်ဖြစ် သူမက ကလေးလေးတစ်ယောက်သာသာပဲကို...


မြေခွေးလေးက ပုဖန်၏ပခုံးပေါ်တွင် ကွေးကွေးလေးအိပ်နေသည်။


ရှီးရှီးက အနည်းငယ် စိတ်လှုပ်ရှားနေပုံပေါ်သည်။


ပုဖန်က သူ့ပခုံးပေါ်ရှိ မြေခွေးလေးကို ယူကာ ရှီးရှီးလက်ထဲ ထည့်ပေးလိုက်သည်။


" ရှီးရှီးမကြောက်အောင်လို့ မြေခွေးလေးကို ထည့်ပေးလိုက်မယ်... အခုသွားတော့... ဆရာတို့က တစ်ချိန်တည်းမှာ စမ်းသပ်မှုကျော်ဖြတ်ရမှာ... ပြန်ရောက်ရင် ဆရာက ဟင်းချက်ကျွေးမယ်နော်..."

ပုဖန်က ရှီးရှီး၏ခေါင်းလေးကိုပွတ်ကာ ပြုံးပြုံးလေးပြောလိုက်သည်။


ရှီးရှီးက ခေါင်းငြိမ့်ပြလိုက်ပြီး အတော်လေး သက်တောင့်သက်သာဖြစ်သွားခဲ့သည်။ ထို့နောက်တွင် မြေခွေးလေး၏ခေါင်းကို ပွတ်သပ်ရင်း အကြီးအကဲနောက် လိုက်သွားခဲ့သည်။


မသေမျိုးသစ်ပင်၏ ပြန်လည်ရှင်သန်လာခြင်းနှင့်အတူ မသေမျိုးချက်ပြုတ်ခြင်းနယ်ပယ်ကလည်း ပြန်လည်ကောင်းမွန်လာပြီး မသေမျိုးမီးဖိုချောင်အဆောက်အဦးကလည်း အရင်ကထင် သက်ဝင်လှုပ်ရှားလာသည်။


မဟာနိယာမလမ်းကြောင်း စိတ်ဆန္ဒ၏ ပြန်လည်ကောင်းမွန်လာမှုကြောင့် အင်မော်တယ်စားဖိုမှူးစာမေးပွဲဖြေဆိုသူက ပိုမိုများပြားလာပြီး ဖြေဆိုသူများ၏ အသက်ကလည်း ငယ်သည်ထက် ငယ်ရွယ်လာသည်။


မသေမျိုးချက်ပြုတ်ခြင်းနယ်ပယ်၏ ရွှေရောင်ခေတ်က ရောက်လာတော့မည်ဖြစ်သည်။


ပုဖန်က ရှီးရှီးထက် အနည်းငယ်မျှသာကြီးသော ကလေးများက အတူတူရပ်နေပြီး ဖြေဆိုရန် စောင့်နေကြကြောင်း မြင်လိုက်ရသည်။


သူ့ကို ဝန်ဆောင်မှုပေးသော မသေမျိုးမီးဖိုချောင်အဆောက်အဦး၏ ဝန်ထမ်းမှာ အနည်းငယ်တောင့်တင်းနေသည်။ မည်သို့ပင်ဆိုစေ သူလမ်းပြပေးနေရသည်မှာ မသေမျိုးချက်ပြုတ်ခြင်းနယ်ပယ်၏ နတ်ဆိုးဘုရင်ကြီးဖြစ်လေသည်။


"ပိုင်ရှင်ပု... ဘယ်လိုစာမေးပွဲကို ဖြေဆိုချင်တာပါလဲ... ဒုတိယအဆင့်အတွက်ပါလား..."

လမ်းပြက မေးလာသည်။


ပုဖန်က လက်နောက်ပစ်ရင်း ထိုလူ့ဘေးမှ လမ်းလျှောင်နေသည်။

"ဒီလိုပါပဲ... ဒုတိယအဆင့်ပေါ့..."


လမ်းပြလေးခင်ဗျာ ဆွံ့အသွားရသည်။


ပုဖန် ပထမအဆင့် အင်မော်တယ်စားဖိုမှူးဖြစ်လာသည်မှာ နှစ်ဝက်သာရှိသေးသော်လည်း ယခုတွင် ဒုတိယအဆင့် အင်မော်တယ်စားဖိုမှူးဖြစ်လာရန် အစီအစဉ်ဆွဲနေသည်။ သူက အမှန်တကယ် နတ်ဆိုးဘုရင်ကြီးပင်ဖြစ်သည်။


"ကောင်းပြီလေ... ကျွန်တော့်နောက်က လိုက်ခဲ့ပါ... အဆောက်အဦးသခင်၊ အမှုဆောင်အဖွဲ့တွေ၊ မြို့တော်သခင်တွေနဲ့ နယ်ပယ်သခင်တို့ စောင့်နေကြပါတယ်..."


လမ်းပြက စကားဆက်မပြောတော့ပေ။ ခဏအကြာတွင် ပုဖန်ကို ဇိမ်ခံအခန်းကြီးထဲ ခေါ်သွားလိုက်သည်။


ကလစ်ခနဲမြည်သံနှင့်အတူ တံခါးက တွန်းဖွင့်ခံလိုက်ရပြီး ပုဖန်က အထဲသို့ဝင်လိုက်သည်။


အခန်းထဲမှ လူတိုင်း၏ အကြည့်များက သူ့မျက်နှာပေါ်တွင် ရပ်တန့်သွားသည်။ ခဏအကြာတွင် သက်ပြင်းရှိုက်သံတို့ ထွက်ပေါ်လာတော့သည်။


"ဒီလူ့ကြည့်ရတာ ရင်းနှီးနေသလိုပဲ...."


"သူက နတ်ဆိုးဘုရင်ကြီးပဲ.. သူလည်း ဒုတိယအဆင့် မသေမျိုးစားဖိုမှူးစာမေးပွဲ လာဖြေတာထင်တယ်... စိတ်ဝင်စားစရာတွေတော့ ဖြစ်လာပြီ..."


"ဒီနေ့တွေမှာ ဒုတိယအဆင့် မသေမျိုးစာမေးပွဲကို လာဖြေတဲ့ မကောင်းဆိုးဝါးလို ဉာဏ်ကြီးရှင်တွေ ပါရမီရှင်တွေ အများကြီးပဲ..."


အခန်းထဲတွင် အသံမျိုးစုံတို့ မြည်ဟီးလာသည်။ လူပေါင်းများစွာက ပုဖန်ကို လေးစားအားကျသလို သံသယဝင်နေသော ခံစားချက်မျိုးစုံရောယှက်နေသော အကြည့်များဖြင့် ကြည့်ပြီး တီးတိုးပြောနေကြသည်။ 


ယနေ့ မသေမျိုးချက်ပြုတ်ခြင်းနယ်ပယ်တွင် မသေမျိုးမီးဖိုချောင်အဆောင်အဦးတစ်ခုတည်းသာရှိပြီး ၎င်းကလည်း ပထမအလွှာတွင်သာရှိသည်။


မသေမျိုးချက်ပြုတ်ခြင်းနယ်ပယ်မှ ပါရမီရှင်များအားလုံးက သူတို့၏ စာမေးပွဲများကို ဤနေရာသို့ လာရောက်ဖြေဆိုကြရသည်။ ထို့ကြောင့် ပါရမီရှင်များစွာက ပထမအလွှာတွင် စုဝေးနေကြသည်။


ပါရမီရှင်များက သူတို့ကိုယ်သူတို့ ဂုဏ်ယူကြသည်။ ပုဖန်က နတ်ဆိုးဘုရင်ကြီးဖြစ်ပြီး အင်မော်တယ်စားဖိုမှူးပြိုင်ပွဲ သိပ်ဂရုစိုက်မနေကြပေ။


သူက ဒုတိယအဆင့်စာမေးပွဲကို ဖြေဆိုရပေသေးသည်။


အကယ်၍ သူတို့သာ နတ်ဆိုးဘုရင်ကြီးကို ဤစာမေးပွဲအတွင်းတွင် အနိုင်ရခဲ့ပါက သူတို့၏နာမည်များက မသေမျိုးချက်ပြုတ်ခြင်စနယ်ပယ်တစ်ဝှမ်းကို ကျော်ကြားသွားပေလိမ့်မည်ဖြစ်သည်။


၎င်းက ပါရမီရှင်များကို စိတ်လှုပ်ရှားစေသည်။


ပုဖန်က ခံစားချက် မျိုးစုံဖြင့် ကြည့်နေကြသော အကြည့်များကို လျစ်လျူရှုကာ အိတ်ကပ်ထဲ လက်ထည့်၍ အေးအေးလူလူရပ်နေသည်။


သူ၏ မျက်လုံးက ခပ်လှမ်းလှမ်းသို့ အကြည့်ရောက်သွားသည်။ ထိုနေရာတွင် နယ်မြေသခင်တိထိုက်က ထိုင်ခုံပေါ်တွင် ပျင်းတိပျင်းတွဲထိုင်နေပြီး ကုန်းရှို့ပိုင်ကွမ်းက သူ့ဘေးတွင် လေးလေးစားစားရပ်နေသည်။


ထို့နောက် နတ်သမီးတစ်ပါးနှယ်ဖြစ်နေသော မုန့်ချီဆီ အကြည့်ရောက်သွားသည်။ ယခုတွင် သူမက တတိယအလွှာ၏ မြို့တော်သခင်ဖြစ်သလို မသေမျိုးမီးဖိုချောင် အဆောက်အဦး၏ ပိုင်ရှင်လည်းဖြစ်နေလေပြီ။


မုန့်ချီ၏ မျက်နှာတွင် အပြုံးဖျော့ဖျော့လေးတစ်ခုရှိနေပြီး လူပေါင်းများစွာက သူမကို ချစ်ခင်နှစ်သက်သော အကြည့်တို့ဖြင့် ကြည့်နေကြသည်။ ပုဖန်၏ အကြည့်ကို ခံစားမိလိုက်၍ သူ့ဘက်လှည့်ကြည့်လာပြီး ခပ်ဖွဖွ ခေါင်းငြိမ့်ပြလာသည်။


"မသေမျိုးချက်ပြုတ်ခြင်းနယ်ပယ်က အခက်ခဲတွေကြားမှ လွတ်မြောက်လာခါစဖြစ်တယ်... အခက်အခဲတွေကုန်လွန်လာရင် နယ်ပယ်က သေချာပေါက်ပြန်လည်တောက်ပလာမှာပဲ ... မသေမျိုးသစ်ပင်ကလည်း ပြန်ရှင်လာပြီ.. မသေမျိုးစွမ်းအင်တွေကလည်း ပြန်ရောက်ရှိလာပြီ... ပါရမီရှင်များစွာကလည်း နိုးထလာခဲ့ပြီ.. မင်းတို့က ငါတို့ရဲ့ အမိမြေကြီးရဲ့ အနာဂတ်မျှော်လင့်ချက်တွေပဲ... ဒီ စစ်ဆေးချက်က မင်းတို့ရဲ့ အနာဂတ်ကို အဆုံးအဖြတ်ပေးလိမ့်မယ်..."


မြို့အရှင်တစ်ယောက်အနေဖြင့် ကုန်းရှို့ပိုင်ကွမ်းက ဤစစ်ဆေးချက်၏ ကြေငြာသူဖြစ်ခဲ့ရသည်။


အခုတွင် အင်မော်တယ်စားဖိုမှူး စစ်ဆေးချက်များကို တစ်လလျှင် တစ်ကြိမ် ကျင်းပတော့မည်ဖြစ်၍ လူတိုင်းက အလွန်အမင်းလေးနက်နေကြသည်။


ပါဝင်ယှဉ်ပြိုင်သူတိုင်းက စိတ်မလှုပ်ရှားပဲ မနေနိုင်ချေ။


"ဒီနေ့ ဆယ်ယောက်သောလူတွေဟာ ဒုတိယအဆင့် စာမေးပွဲကို ဖြေဆိုကြလိမ့်မယ်... စာမေးပွဲမှာ အထူးပြုခေါင်းစဉ်တစ်ခုပေးပြီး မင်းတို့က ခေါင်းစဉ်အလိုက် ချက်ပြုတ်ရမယ်... မင်းတို့ရဲ့ဟင်းပွဲတွေမှာ မဟာနိယာလမ်းကြောင်း ရဲ့ စိတ်ဆန္ဒဘယ်လောက် ပါသည်မပါသည်ဆိုတာနဲ့ စာမေးပွဲအောင်မအောင် ဆုံးဖြတ်ပေးမှာဖြစ်တယ်... ဒါကမျှတပြီး သိသာထင်ရှားစေတယ်..."

ကုန်းရှို့ပိုင်ကွမ်းက ပြောလိုက်သည်။


"အခုကစပြီး စာမေးပွဲစတင်ပြီ... နယ်ပယ်သခင်က ခေါင်းစဉ်ကို ကြေငြာပေးလိမ့်မယ်..."


လူတိုင်းက နယ်ပယ်သခင်တိထိုက်ကို ကြည့်လိုက်ကြသည်။


နယ်ပယ်သခင်တိထိုက်ကာ သူ၏ရွှေရောင်ဆံပင်များကို အပေါ်သို့ သပ်လိုက်သည်။ သူ၏မျက်နှာချောချောပေါ်တွင် အပြုံးတစ်ခုထွက်ပေါ်လာပြီး ပတ်ပတ်လည်ကိုကြည့်လိုက်သည်။

"အာ... ဒုတိယအဆင့်စာမေးပွဲက ကျင်းပပြီပဲ... ကျုပ်တော့ အတော်လေးကို မျှော်လင့်နေမိတယ်..."


ထိုသို့ပြောပြီးနောက် ပုဖန်ကို လေးလေးနက်နက်ကြည့်လိုက်သည်။ ခဏအကြာတွင် သူ့နှုတ်ခမ်းပါးတို့တွင် အပြုံးလေးတစ်ခုပေါ်လာပြီး မျက်လုံးများတွင်လည်း ကျီစားလိုသော အရိပ်အငွေ့တို့ ထင်ဟပ်လာသည်။


"ဒီဒုတိယအဆင့် စာမေးပွဲရဲ့ ခေါင်းစဉ်ကို လွန်ခဲ့တဲ့တစ်လကတည်းက ဆုံးဖြတ်ခဲ့တာ..."


"ခေါင်းစဉ်ကတော့.... ခြောက်သွေ့အိုးပဲ..."


နယ်ပယ်သခင်တိထိုက် ပြောပြီးပြီးချင်း လူတိုင်း တောင့်ခဲသွားကြသည်။ ခဏအကြာတွင် ဆွေးနွေးသံတို့ ပေါ်ထွက်လာသည်။ 


မုန့်ချီက မျက်လုံးလှန်လိုက်ပြီး ပြောစရာစကားများ ပျောက်ရှကုန်သည်။


ပုဖန်ကိုယ်တိုင်လည်း ပျော်ရွှင်မြူးထူးနေသော နယ်ပယ်သခင်တိထိုက်ကိုကြည့်ပြီး နှုတ်ခမ်းထောင့်တို့တွန့်ချိုးသွားရသည်။


ဒီလူပြဿနာရှာဖို့ကြိုးစားနေတာမလား....

ပုဖန်တွေးလိုက်မိသည်။