အပိုင်း ၁၁၇၈
Viewers 62k

အခန်း ၁၁၇၈

ဘုံကိုးပါးမဟာလမ်းစဉ်လက်ဖက်ပင်


ရေချိုးခန်းထဲတွင် ခပ်ဖျော့ဖျော့အဝါရောင်မီးရောင်အောက်တွင် သိပ်သည်းလှသောရေငွေ့များနှင့်အတူ ရေကျသံတို့လည်း ဆူညံနေသည်။


ပုဖန်က ရေချိုးဝတ်ရုံ ဝတ်ထားပြီး ရေချိုးခန်းထဲမှ လမ်းလျှောက်ထွက်လာသည်။ သူ၏ဆံပင်များကိုလည်း ရေချိုးတဘက်နှင့် ခြောက်အောင်သုတ်နေသည်။


သူ့လက်ဖဝါးကိုဆန့်ထုတ်ကာ သူ၏ဆံပင်များကြားထဲ ထည့်၍ ဖွလိုက်သောအခါ သူ၏လက်ချောင်းထိတ်လေးများက အေးစိမ့်စိမ့် ခံစားချက်လေးနေခဲ့သည်။


သူ့မျက်နှာပေါ်တွင် တင်းတိမ်ရောင့်ရဲနေသော အကြည့်လေးတစ်ခုရှိနေသည်။ သူ သက်ပြင်းလေးချပြီး သူ၏နူးညံ့သော အိပ်ယာပေါ်တွင် ထိုင်ချလိုက်သည်။


အချိန်အတော်ကြာအောင် သူ့တွင်သက်တောင့်သက်သာနားချိန်မရှိခဲ့၍ ယခုလိုအေးချမ်းသောအချိန်မျိုးကို လွဲချော်နေခဲ့ရသည်။


အိပ်ယာပေါ် ခဏမျှထိုင်ပြီးနောက်တွင် မတ်တတ်ထလိုက်ပြီး ပြတင်းပေါက်နားသွားလိုက်သည်။


ပြတင်းပေါက်ကိုဖွင့်လိုက်သောအခါ အပြင်မှလေနုလေအေးလေးက တိုက်ခတ်လာပြီး သူ့မျက်နှာကို တိုးဝှေ့ကျီစယ်၍ သက်တောင့်သက်သာဖြစ်သွားခဲ့သည်။


သူ ပြတင်းပေါက်ကိုမှီလိုက်ပြီး မေးစေ့ကိုပွတ်ရင်း မသေမျိုးမြို့တော်ကို တောက်ပစွာကြည့်လေသည်။ မြို့တော်က ညအချိန်တွင်ပင် သက်ဝင်လှုပ်ရှားနေပြီး မည်သူမှမအိပ်သည့်ဟန်နှင့် တူနေသည်။


မသေမျိုးချက်ပြုတ်ခြင်းနယ်ပယ်၏ ကပ်ဘေးကြီးမှာ ပြီးဆုံးသွားပြီဖြစ်၍ လေထုတစ်ခုလုံး အောင်ပွဲခံနေသည့် အငွေ့အသက်တို့ ပြည့်နှက်နေသည်။


ပထမအလွှာ၏ မြို့တော်သခင် ကုန်းရှို့ပိုင်ကွမ်း တစ်မြို့လုံးကို အောင်ပွဲခံရန် အမိန့်ပေးထားသည်။ ထို့ကြောင့် အင်မော်တယ်စားဖိုမှူးအများစုက စားသောက်ပွဲတည်ခင်းပြီး မြို့သားများအတွက် ချက်ပြုတ်ပေးသဖြင့် တစ်မြို့လုံးကို ဟင်းရနံ့တို့ ပျံ့လွင့်နေစေသည်။


မသေမျိုးချက်ပြုတ်ခြင်းနယ်ပယ်မှလူများအတွက် အရသာရှိတဲ့အစားအသောက်တွင် စားရတာထက် ဘာကများ ပိုပြီးပျော်စရာကောင်းဦးမှာလဲ...


ညလေအေးနှင့်အတူ အရသာရှိသောအစားအသောက်များ၏ ရနံ့များကပါ လိုက်ပါလာခဲ့သဖြင့် ပုဖန်၏စိတ်အခြေအနေက အတော်လေးတည်ငြိမ်သွားရသည်။


အချိန်အတော်ကြာပြီးနောက်တွင် ပြတင်းပေါက်ကိုပိတ်ပြီး ကုတင်ပေါ်တွင်လှဲကာ သူ့ကိုယ်သူ နူးညံ့ကာ နွေးထွေးလှသော စောင်ဖြင့် လွှမ်းခြုံလိုက်သည်။


သူ မျက်လုံးမှိတ်လိုက်ပြီး ခဏအကြာတွင် စတင်၍ ခပ်ဖွဖွ ဟောက်လေတော့သည်။


စိတ်ပိုင်းဆိုင်ရာ သက်သာရာရမှုက ပုဖန်ကို နှစ်နှစ်ခြိုက်ခြိုက်အိပ်ပျော်သွားစေသည်။


ထိုညက လူတိုင်းနီးပါး ပျော်ရွှင်ခဲ့ကြသော ညတစ်ညဖြစ်သည်။


နောက်တစ်နေ့မနက်တွင်


နေရောင်က ပြတင်းပေါက်ကိုဖြတ်ကျော်၍ ပုဖန်၏မျက်နှာပေါ်တွင် တောက်ပလာပြီး သူ့ကို ခပ်ဖွဖွမျက်မှောင်ကြုတ်စေသည်။


သူ၏ဆံပင်များက အိပ်ယာပေါ်တွင် ရှုပ်ထွေးနေသည်။ သူ ထထိုင်လိုက်ကာ အကြောဆန့်ရင်း သန်းဝေလိုက်ပြီး မျက်စိများကို ပွတ်သပ်လိုက်သည်။


ထို့နောက် ရေချိုးခန်းထဲဝင်ပြီး မျက်နှာသစ် ပလုတ်ကျင်းလိုက်သည်။ အကုန်လုံး ပြီးဆုံးပြီဆိုမှ အခန်းထဲမှထွက်ကာ မီးဖိုထဲ ဝင်လိုက်သည်။


မီးဖိုထဲတွင် တစ်ယောက်ယောက် အလုပ်လုပ်နေသော အသံဗလံတို့က ဆူညံနေ၍ ပုဖန် အံ့ဩသွားရသည်။


အထဲသို့ ဝင်ကြည့်လိုက်သောအခါ ရှီးရှီးကိုမြင်လိုက်ရသည်။ သူမက စားဖိုမှူးဝတ်စုံကို ဝတ်ထားပြီး သူမ၏ဓားနည်းပညာကို လေ့ကျင့်ကာ အရသာရှိသော အစားအသောက်များကို ချက်ပြုတ်နေသည်။


သူမက ပုဖန်ရောက်လာသည်ကို အာရုံခံမိသောအခါတွင် ချိုမြိန်စွာပြုံးပြလိုက်သည်။


"မင်္ဂလာနံနက်ခင်းပါ ဆရာပု..."


ပုဖန်က ခေါင်းငြိမ့်ပြလိုက်ပြီး သူမ၏ခေါင်းလေးကို ပွတ်လိုက်သည်။ ထို့နောက် သူ၏ ကိုယ်ပိုင် ချက်ပြုတ်သည့်နေရာကိုသွား၍ မီးဖိုချောင်သုံးဓားကိုထုတ်ကာ ဓားနည်းစနစ်များကို စတင်လေ့ကျင့်လေသည်။


ရှီးရှီးက ပုဖန်အလုပ်ကြိုးစားနေသည်ကိုမြင်ပြီး စိတ်လှုပ်ရှားသွားရသည်။


သင့်ထက် ပိုတော်တဲ့လူက သင့်ထက်ပိုကြိုးစားနေရင် သင့်မှာ အပျင်းဆက်ကြီးနေဖို့ ဘယ်လိုလုပ်ပြီး ဆင်ခြေရှာလို့ရတော့မှာလဲ...


ထို့ကြောင့် ရှီးရှီးက ပုဖန်၏ခြေရာကို နင်းကာ သူမ၏ ဆက်လက်၍လေ့ကျင့်တော့သည်။



မသေမျိုးချက်ပြုတ်ခြင်းနယ်ပယ်၏ ဖျက်ဆီးခံခဲ့ရသော ပဉ္စမအလွှာတွင် မသေမျိုးသစ်ပင်တစ်ခုတည်းသာရှိနေပြီး ၎င်းက ကောင်းကင်တစ်ခုလုံးကို ဖုံးလွှမ်းလုမတတ်ကြီးမားကာ ရှည်လျားလှသည်။


လတ်ဆတ်သည့်လေပြင်းတစ်ချက် တိုက်ခတ်သွားပြီး မြေပြင်ပေါ်မှ သဲမှုန်များကို လွင့်ပျံသွားစေသည်။


နယ်ပယ်သခင်တိထိုက်၊ ယာယာ၊ မြို့တော်သခင်မုန့်ချီနှင့် မြို့တော်သခင်ကျိုးတို့က အပျက်အဆီးပုံကြီးဖြစ်နေသော ပဉ္စမအလွှာကို ဆင်းသက်လာကြသည်။


ပဉ္စမအလွှာတွင် ကျန်ရှိနေသည်မှာ သဲမှုန်များသာရှိသည်။ သို့သော် မသေမျိုးသစ်ပင်က ရှိနေပြီဖြစ်၍ မကြာခင်တွင် စိမ်းလန်းစိုပြေသာယာသော နယ်မြေတစ်ခု ပြန်ဖြစ်တော့မည်မှာ မလွဲပေ။


ပြန်လည်တည်ဆောက်ထားသော မသေမျိုးချက်ပြုတ်ခြင်းနယ်ပယ်က လူတိုင်းကို မျှော်လင့်ချက်အသစ် နှင့် အနာဂတ်အသစ်တို့ကို ယူဆောင်လာပေးခဲ့သည်။


"ဒီနေ့ကစပြီး မသေမျိုးချက်ပြုတ်ခြင်းနယ်ပယ်မှာ ကျင်းပသမျှ အချက်အပြုတ်ပြိုင်ပွဲတွေကို စားဖိုမှူးစိန်ခေါ်ပွဲတွေအဖြစ် အစားထိုးပစ်ကြမယ်... တစ်ဦးချင်းအလိုက် စားဖိုမှူးစိန်ခေါ်ပွဲတွေလည်း ကျင်းပကြမယ်... အင်မော်တယ်စားဖိုမှူးတွေက အချိန်အတော်ကြာအောင် ငြိမ်းငြိမ်းချမ်းချမ်းနေခဲ့ရတော့ သူတို့ရဲ့ ကြမ်းတမ်းခက်ထန်မှုတွေက ပျောက်ကွယ်ကုန်ကြပြီ... ဒီလိုသာဆက်ဖြစ်နေရင်တော့ ငါတို့ရဲ့ နယ်ပယ်ဟာ အနှေးနဲ့အမြန် ပျက်ဆီးတော့မှာပဲ...."


နယ်ပယ်သခင်တိထိုက်က လက်ကိုနောက်ပစ်ထားသည်။ လေညင်းတို့က တိုက်ခတ်လာပြီး သူ၏ရွှေဝါရောင်ဆံပင်များကို လေနှင့်အတူ လှိုင်းထနေစေသည်။


မြို့တော်သခင်မုန့်ချီနှင့် ကျန်သူအားလုံး ခေါင်းငြိမ့်ပြလိုက်သည်။


"ကြေးဂိတ်တံခါးက မသေမျိုးသစ်ပင်ရဲ့ သစ်ကိုင်းတွေကြောင့် ပိတ်ဆို့ခံလိုက်ရပေမဲ့ အချိန်အကြာကြီးခံမှာမဟုတ်ဘူး... ငါတို့တွေ ပိုသန်မာလာဖို့လိုအပ်တယ်... ဒီတစ်နည်းနဲ့ပဲ ငါတို့ရဲ့ နားခိုရာအိမ်ကို ကာကွယ်နိုင်လိမ့်မယ်..."

နယ်ပယ်သခင် တိထိုက်က အသံနက်နက်ဖြင့် ပြောလိုက်သည်။


၎င်းက သူတို့၏ သိမ်းယူခံခဲ့ရသော အိမ်ကို ပြန်ရပြီးမှ ထိုအိမ်က မည်မျှအဖိုးတန်ကြောင်း သိသွားခဲ့ခြင်းဖြစ်သည်။


"ပဉ္စမအလွှာကို ပြန်လည်တည်ဆောက်တာက တစ်ညအတွင်း ပြီးသွားမှာမဟုတ်ဘူး... ဖြေးဖြေးပဲလုပ်ကြတာပေါ့... အရမ်းစိုးရိမ်ပူပန်နေစရာ မလိုပါဘူး..."

နယ်ပယ်သခင်တိထိုက်က ဆက်ပြောလိုက်သည်။ သူစကားပြောပြီးနောက်တွင် သူတို့အားလုံး ပဉ္စမအလွှာမှ ထွက်သွားကြသည်။ 


တိုက်ပွဲပြီးနောက်တွင် စတုတ္ထအလွှာနှင့် ပဉ္စမအလွှာတို့ ကပေါင်းစပ်သွားသည်။ စတုတ္ထအလွှာဟူ၍ သတ်သတ်မှတ်မှတ်မရှိတော့ပေ။


ပဉ္စမအလွှာမှ ဆင်းလာသည့်လူများက တတိယအလွှာသို့ တိုက်ရိုက်ရောက်ရှိသွားမည်ဖြစ်သည်။


ယခုတွင် မုန့်ချီက တတိယအလွှာ၏ မြို့တော်သခင်ဖြစ်သွားသည်။ ကျိုးကျဲ့လွင်က ဒုတိယအလွှာ၏ မြို့တော်သခင်ဖြစ်ပြီး ယာယာက ပဉ္စမအလွှာ၏ မြို့တော်သခင်ဖြစ်သည်။


ပထမအလွှာ၏ မြို့တော်သခင်က ကုန်းရှို့ပိုင်ကွမ်းသာဖြစ်နေဆဲပင်။


မသေမျိုးသစ်ပင်၏ ပြန်လည်ရှင်သန်ခြင်းနှင့်အတူ မသေမျိုးချက်ပြုတ်ခြင်းနယ်ပယ်က ကွဲပြားခြားနားလာခဲ့သည်။


မသေမျိုးစွမ်းအင်များက ပိုမိုထူပိန်းလာပြီးကျင့်ကြံရသည်မှာ ယခင်ကထက် ပိုမိုလွယ်ကူလာခဲ့သည်။


သိပ်မကြာခင်အချိန်တွင် လွှမ်းမိုးနိုင်စွမ်းရှိသော ပါရမီရှင်တို့က မသေမျိုးချက်ပြုတ်ခြင်းနယ်ပယ်တွင် ပိုမိုထွက်ပေါ်လာနိုင်သည်။



နေ့ရက်များက တဖြေးဖြေးချင်း ကုန်လွန်သွားသည်။


တစ်လမျှနီးနီး ကုန်ဆုံးသွားလေသည်။


ထိုအချိန်အတွင်းတွင် ပုဖန်က အဆင့်တက်ရန်မသွားခဲ့ပေ။ အဓိကအကြောင်းအရင်းမှာ အချိန်အတော်ကြာ အလုပ်ရှုပ်ခဲ့ရ၍ အနားယူရန်လိုနေ၍ဖြစ်သည်။


အင်မော်တယ်စားဖိုမှူးဆိုင်ငယ်လေးက နေ့တိုင်းလူအပြည့်ဖြစ်သည်။ နတ်ဆိုးဘုရင်ကြီးဟူသော ပုဖန်ပိုင်သည့် ဆိုင်ဖြစ်ကြောင်း လူတိုင်းသိသွား၍ အဝေးကဖြစ်စေ အနီးကဖြစ်စေ လူတိုင်းက သူ၏ဟင်းပွဲများကို လာရောက်မြည်းစမ်းကြခြင်းဖြစ်သည်။


နေ့တိုင်းနေ့တိုင်း ပုဖန်က ဟင်းပွဲများချက်ပြုတ်ပြီးသည်နှင့် ထိုင်ခုံဆွဲယူကာ စားသောက်ဆိုင်ရှေ့ရှိတံခါးတွင် အေးအေးလူလူထိုင်ရင်း နေပူဆာလှုံလေ့ရှိသည်။


ညနေခင်းတွင် မီးဖိုထဲဝင်၍ ဟင်းပွဲအသစ်များ ချက်ပြုတ်မည်သာဖြစ်သည်။


တစ်ခါတစ်ရံတွင် ကောင်းကင်ကမ္ဘာမြေ လယ်ယာမြေထဲကို ဝင်၍ ယခင်တစ်ခေါက်က ဘန်းကိတ်နှင့်အသားနှင့်အသားနှပ်တို့ကဲ့သို့ သေခြင်းအစားအသောက်ပစ္စည်းအသစ်များကို လေ့လာလေသည်။


ထိုအကြံများက အတော်လေး လေ့လာရန် လိုသေးပေသည်။


တစ်လက မတိုသလို မကြာရှည်ပေ။


အချိန်အတော်ကြာ နားပြီးနောက်တွင် ပုဖန်၏ စိတ်အခြေအနေက အကောင်းဆုံး အခြေအနေသို့ရောက်သွားပြီဖြစ်ပြီး သူ၏အချက်အပြုတ် အရည်အချင်းက အထွတ်အထိပ်သို့ ရောက်သွားလေပြီ


လယ်ယာမြေထဲတွင် လေပြင်းက တိုက်ခတ်သွားပြီး မြက်ခင်းတို့ကို လှိုင်းလုံးထစေသည်။


ပုဖန်က လတ်ဆတ်လှသော လေများကို အားပါးတရရရှူသွင်းပြီး သစ်သားအိမ်ထဲ ဝင်လိုက်သည်။


အသင်္ချေရတနာမသေမျိုးသစ်ပင်နှင့် ဘုံကိုးပါးမဟာလမ်းစဉ် လက်ဖက်ပင်တို့က အတော်လေး ကြီးမားနေပြီဖြစ်သည်။


အသင်္ချေရတနာသစ်ပင်တွင် သစ်သီးစိမ်းလေးများအချို့ကရှိနေလေပြီ။ တစ်ချက်ကြည့်ရုံဖြင့် မကြာခင်တွင်ရင့်မှည့်ကာ ရိတ်သိမ်းရတော့ပေမည်။


ဘုံကိုးပါးမဟာလမ်းစဉ်လက်ဖက်ပင်ကလည်း အတော်လေး ဝေဝေဆာဆာဖြစ်နေလေပြီ။ ၎င်း၏ ပတ်ပတ်လည်တွင် မဟာလမ်းစဉ်၏ စိတ်ဆန္ဒတို့က ဝိုင်းပတ်နေပြီး လန်းဆန်းစေသည့် အော်ရာများကို ထုတ်လွှတ်နေသည်။


ပုဖန်က လက်ဖက်ရွက်တစ်ရွက်ကို ဆွတ်ခူးလိုက်သည်။


အရွက်တွင် အရောင်နှစ်ရောင်ပါသည်။ အရှေ့ပိုင်းက အစိမ်းနုဖြစ်ပြီး အနောက်ပိုင်းက အပြာနုဖြစ်သည်။ လွှသွားပုံ အဖျားများလည်း ရှိနေသည်။


သူ ထိုအရွက်ကို လက်နှစ်ချောင်းကြားထဲညှပ်ကာ လေ့လာလိုက်သည်။ ထိုအရွက်မှ လက်ဖက်နံ့ခပ်ဖျော့ဖျော့ကို ထုတ်လွှတ်နေလေသည်။


ပါးစပ်ထဲထည့်ကာ ခပ်သာသာလေးကိုက်လိုက်သည်။ အချိုဓာတ်အနည်းငယ်စွက်သော ခပ်ပြင်းပြင်းအရသာက သူ့ပါးစပ်ထဲတွင် ပျံ့နှံ့သွားသည်။ ထို့နောက်တွင် သူ၏စိတ်စွမ်းအင်များက မီးဖိုပေါ်တင်ထားသော ရေနွေးအိုးနှယ် ပွက်ပွက်ဆူလာသည်။


ပုဖန်က ဤလက်ဖက်၏တစ်မူထူးခြားသော သဘာဝကိုခံစားမိ၍ မျက်လုံးတို့ တောက်ပသွားသည်။ 


သူ ဤအရွက်များကို လက်ဖက်ခြောက်လုပ်ရန် ဆုံးဖြတ်ထားသည်။ လက်ဖက်ရွက်အစိမ်းများဖြင့် လက်ဖက်ရည်ကျိုမရသဖြင့် အရင်ဆုံး အခြောက်ခံမှရပေလိမ့်မည်။


ပုဖန်က ဖြူပြာရောင်ကြွေပန်းကန်ကို ထုတ်လိုက်ပြီး နုနယ်ကာ အရည်ရွှမ်းသောအရွက်များကို ခူးထည့်လိုက်သည်။


ပန်းကန်လုံးထဲတွင် အပြည့်ဖြစ်သွားသောအခါ ပုဖန်က ဆက်မခူးတော့ပေ။ သူက ထိုပန်းကန်လုံးကိုသိမ်းကာ မသေမျိုးစားဖိုမှူး စားသောက်ဆိုင်ငယ်လေးသို့ပြန်၍ အခြောက်ခံရန် လုပ်လိုက်သည်။


ဆိုင်တံခါးရှေ့တွင်ထိုင်ကာ လှပသော မြင်ကွင်းကို ခံစားရင်း လက်ဖက်ရည်မွှေးမွှေးကို တစ်ငုံမျှစုပ်သောက်လိုက်ရလျှင်ဖြင့် အလွန်အံ့ဩဖွယ်ကောင်းသော ခံစားချက်တစ်ခု ဖြစ်မည်ဖြစ်ကြောင်း သူသိပေသည်။


ထိုအချိန်တွင် ကျင်းယွမ်နှင့် နျိုဟန်ဆန်းတို့က ပျော်ပျော်ကြီး ရယ်မော၍စကားပြောကာ ခပ်လှမ်းလှမ်းမှ လမ်းလျှောက်လာခဲ့သည်။


ကျင်းယွမ်က မွှေးကြိုင်သင်းပျံ့သော နွားနို့ပုံးတစ်ပုံးကို သယ်လာခဲ့သည်။


ပုဖန်က ကျင်းယွမ်ကို မြင်သောအခါ ဖန်ဖန်ရေခဲမုန့်ဆိုင်အကြောင်း မေးလိုက်သည်။ ထို့နောက် သူမကို ပြန်ခိုင်းလိုက်သည်။


အချိန်ကြာလာသည်နှင့် ဖန်ဖန့်ရေခဲမုန့်စတိုး၏ ရောင်းရနှုန်းက တက်လိုက်ကျလိုက်ဖြစ်လာသည်။


အဓိကအကြောင်းအရင်းမှာ အချိန်ကြာ၍ ရိုးသွားပြီဖြစ်သောကြောင့် နတ်ဘုရားမမြို့တော်မှ အမျိုးသမီးများမှာ ရေခဲမုန့်ကို စိတ်မဝင်စားကြတော့ပေ။


ရောင်းရနှုန်းအတက်အကျဖြစ်နေသော်လည်း နေ့စဉ်ရောင်းရငွေမှာ မယုံနိုင်စရာ အဆင့်တွင်ရှိနေသေးသည်။


ပုဖန်က အတော်လေး စိတ်ကျေနပ်သွားသည်။ အဆုံးတွင် အင်မော်တယ်စားဖိုမှူးဆိုင်ငယ်လေးနှင့်ယှဉ်လျှင် ဖန်ဖန်ရေခဲမုန့်စတိုးမှာ ပိုမိုရောင်းကောင်းလေသည်။ 


နတ်ဘုရားမမြို့တော်တွင် ပြိုင်ဘက်များများမရှိပေ။ မသေမျိုးချက်ပြုတ်ခြင်းနယ်ပယ်တွင် ပုဖန်က နတ်ဆိုးဘုရင်ကြီးဟူ၍ ကျော်ကြားသည်ဆိုသော်လည်း စားသုံးသူများက သူ့ဆိုင်မှလွဲ၍ အခြားဆိုင်များကိုပါ ရွေးချယ်၍ရသေးပေသည်။


ရွေးချယ်စရာများစွာရှိနေ၍ စားသောက်ဆိုင်မှ အမြတ်ငွေမှာ ဖန်ဖန်ရေခဲမုန့်စတိုးထက် နည်းပါးလေသည်။


ကျင်းယွမ်ထွက်သွားသည်ကို မြင်ပြီးနောက်တွင် ပုဖန်က နျိုဟန်ဆန်းကို မရဏစားဖွယ်များအကြောင်း မေးလိုက်သည်။ 


မရဏစားဖွယ်များကို လေ့လာခြင်းက နျိုဟန်ဆန်း၏ အဓိကအလုပ်ဖြစ်သည်။ သူက လယ်ယာမြေ၏ မဟာနိယာမလမ်းကြောင်း စိတ်ဆန္ဒကို အစားအစာများတွင် ရောယှက်နိုင်၍ဖြစ်သည်။


ပုဖန်က လျှာကဝေအစီအရင်များကို ဆွဲပြီး နျိုဟန်ဆန်းကို ပေးလိုက်သည်။ သူက သူကိုယ်တိုင်လုပ်ထားသော ဖန်ခွက်နှစ်ခွက်ကို ဆောင်ယူကာ နေ့တိုင်း မရဏစားဖွယ်များကို လေ့လာပေသည်။


လက်တလောတွင် သူက ပိတ်လှောင်ခြင်းအစီအရင်တွင် တိုးတက်လာခဲ့သည်။


ဤအစီအရင်က အသုံးဝင်သည်ဟု ခံစားနေရသည်။ အကျိုးအမြတ်များရှိသော်လည်း အဓိက အကြောင်းအရင်းမှာ ထိုအစီအရင်ကို သယ်ဆောင်သော ဟင်းပွဲက သင့်တော်ခြင်းမရှိလျှင် မတောက်ပလာ၍ဖြစ်သည်။


နျိုဟန်ဆန်းနှင့် ပုဖန်တို့က ခေါက်ဆွဲ၊ စွပ်ပြုတ်ဖက်ထုပ်နှင့် အခြားသော ဟင်းပွဲများစွာနှင့် ကြိုးစားကြည့်ခဲ့သော်လည်း တစ်ခုမှ အလုပ်မဖြစ်ခဲ့ပေ။


ပိတ်လှောင်ခြင်းအစီအရင်က ကြမ်းတမ်းသောအရာမျိုးမဟုတ်သော်လည်း အစီအရင်ကိုသယ်ဆောင်သည် ဟင်းပွဲ၏ လိုအပ်ချက်မှာ တင်းကြပ်လှသည်။


သာမန်ဟင်းပွဲများက ၎င်း၏ အစွမ်းကိုတောင့်မခံနိုင်ပဲ ချက်ချင်းပေါက်ကွဲသွားမည်သာဖြစ်သည်။


အကယ်၍ မပေါက်ကွဲခဲ့လျှင်ပင် အစီအရင်မှ ၎င်း၏ စွမ်းအင်ကို ထုတ်လွှတ်မည်မဟုတ်ပေ။


သူတို့နှစ်ယောက်စလုံး ပိုမိုကြိုးစားရန်လိုသေးကာ အောင်မြင်ရန် အတော်လေးလိုသေးကြောင်း သိကြပေသည်။


ပုဖန်နှင့် နျိုဟန်ဆန်းတို့ အချိန်အတော်ကြာ စကားပြောပြီးနောက်တွင် ပုဖန်က နျိုဟန်ဆန်းကို နှုတ်ဆက်ပြီး ပြန်သွားခဲ့သည်။


သူစားသောက်ဆိုင်ထဲ ပြန်ရောက်သောအခါ အကြောအချင်တို့ကို ဆန့်ပြီး မီးဖိုချောင်ထဲ ဝင်လိုက်သည်။ ထို့နောက် လက်ကိုနောက်ပစ်လိုက်ပြီး အတွေးနက်သွားလေခဲ့သည်။


လွန်ခဲ့သည့်တစ်လက နယ်ပယ်သခင်တိထိုက်က သူ့ကို အဆင့်သွားတက်ရန် ပြောခဲ့သည်။ သို့သော် မသေမျိုးချက်ပြုတ်ခြင်းနယ်ပယ်က ပြန်လည်တည်ဆောက်ရန် အချိန်လိုသေးသည်ဟုထင်သလို သူကိုယ်တိုင်လည်း အနည်းငယ်ပျင်းရိနေ၍ မသွားခဲ့ချေ။


ယခုတွင် တစ်လလည်းကျော်သွားပြီဖြစ်လေရာ ပုဖန်က အချိန်ကျပြီဟု ခံစားလိုက်ရသည်။


သို့သော် ထိုသို့မလုပ်ခင် သူ ကောင်းကင်နှင့်ကမ္ဘာမြေ လယ်ယာမြေမှ ယူလာသော လက်ဖက်ရွက်များကို အခြောက်ခံမည်ဟု အစီအစဉ်ဆွဲလိုက်သည်။


ဘုံကိုးပါးလမ်းစဉ်လက်ဖက်များက သူ့ကို တစ်မူထူးခြားသည့် အံ့ဩစရာတစ်ခုကို ပေးမည်ဟု ခံစားနေရသည်။


လက်ဖက်ရည်လုပ်ရခြင်းမှာ ရှုပ်ထွေးကာ ဝန်ကျယ်လှသော အလုပ်ဖြစ်ပြီး စွမ်းအင်အတော်လေး လိုအပ်ပေသည်။


နည်းလမ်းတကျပြောရလျှင် လက်ဖက်ရွက်ကို အစားအသောက်ပါဝင်ပစ္စည်းတစ်ခုအဖြစ် အသုံးပြုနိုင်သည်။ လက်ဖက်ရွက်ကိုသုံးပြီး လက်ဖက်ကြက်ဥ၊ ဝက်သားလက်ဖက်ပေါင်းနှင့် လုံကျင်းလက်ဖက်ရွက်နှင့် ပုစွန် မွှေကြော်ကဲ့သို့သော ဟင်းပွဲမျိုးစုံကို ချက်ပြုတ်နိုင်သည်။


ထိုဟင်းပွဲများက လက်ဖက်ဖြင့် ပတ်သတ်ဆက်နွယ်နေသည်။ ထို့ကြောင့် ပုဖန်အတွက် လက်ဖက်ခြောက်ကောင်းကောင်းလုပ်ရန် လိုအပ်ပေသည်။


အတွေးတစ်ချက်ဖြင့် ဖြူပြာရောင်ကြွေပန်းကန်လုံးကို ထုတ်ယူကာ စားပွဲပေါ်တွင်ဖြန့်ခင်းလိုက်သည်။ 


ဘုံကိုးပါးမဟာလမ်းစဉ်လက်ဖက်ပင်မှာ တစ်ပင်သာရှိ၍ လက်ဖက်ရွက်များမှာ အနည်းငယ်သာရှိပေသည်။ ထို့ကြောင့် ပန်းကန်ထဲတွင် လက်ဖက်ရွက်တို့ ပြည့်နေသော်လည်း စုစုပေါင်းရှစ်ဆယ့်တစ်ရွက်သာ ရှိနေခြင်းဖြစ့သည်။


အရေအတွက်က အကန့်အသတ်ရှိသော်လည်း လက်ဖက်ရွက်များ၏ စိတ်ဝိဉာဉ်စွမ်းအင်နှင့် အစစ်အမှန်စွမ်းအင်များမှာ အလွန်အမင်း စွမ်းအားကြီးမားလှသည်။


ပုဖန်က မဟူရာလိပ်ခုံးဒယ်အိုးကို ထုတ်ယူပြီး အပူပေးလိုက်သည်။ သူ ဒယ်အိုးထဲ ဆီထည့်ထားခြင်းမရှိပဲ ကြိုတင်၍ အပူပေးထားခြင်းသာဖြစ်သည်။


ဒယ်အိုးတွင် အပူရှိန်တစ်ခုအထိရောက်သောအခါ အထဲသို့ လက်ဖက်ရွက်ရှစ်ဆယ့်တစ်ရွက်လုံး ပစ်ထည့်လိုက်သည်။


သူ၏ လက်ဖဝါးကို အစစ်အမှန်စွမ်းအင်များဖြင့် ဖုံးလွှမ်းကာ သစ်ရွက်များကို ဒယ်အိုးဖြင့် ပွတ်တိုက်လေသည်။


မွှေးပျလှသော လက်ဖက်အနံ့တို့ စတင်ပျံ့နှံ့လာသည်။ မကြာခင်တွင် သံပြိုင်ရွတ်ဆိုသလို မြည်သံတစ်ခုနှင့်အတူ ထူးခြားဆန်းကျယ်သည့် စွမ်းအင်လှိုင်းအတက်အကျ ထွက်ပေါ်လာသည်။


၎င်းက သာမန်မဟုတ်သော လက်ဖက်ရွက်များဖြစ်ကြောင်း သံသယပင်ဝင်စရာမလိုတော့ပေ။