အခန်း ၁၁၇၇
အာ....
နောက်ဆုံးတွင် သိုးခြေထောက်ကင် ပြီးဆုံးသွားလေပြီ။
အရသာရှိသော ရနံ့လေးများက လေထုထဲ ပျံ့နှံ့သွားသည်။ မွှေးပျံ့လွန်း၍ တံခါးပိတ်ထားလျှင်ပင် ထိုရနံ့များကို အပြင်မထွက်အောင် တား၍မရပေ။
စားသောက်ဆိုင်ထဲရှိ လူတိုင်းက ထိုရနံ့များ၏ လှုံ့ဆော်မှုကြောင့် အရသာခံဖုတို့က တောင့်တသဖြင့် သွားရည်များပင် ကျဆင်းလာကြသည်။
တံခါးအပြင်အဘက်တွင် တိမ်မဲတို့က ထူပိန်းနေကာ မိုးခြိမ်းသံတို့ ဆူညံနေသည်။ ကြီးမားလှသည့် ဖိအားကြီးတစ်ခုက ချက်ချင်း ကျဆင်းလာပြီး အရာရာတိုင်းကို ဖိနှိပ်သွားသည်။
ဝှိုက်တီက စားသောက်ဆိုင်အပြင်တွင်ရပ်နေပြီး ကောင်းကင်ပေါ်ရှိ ထစ်ချုန်းနေသော မိုးကြိုးတိမ်တိုက်များကို မော့ကြည့်နေသည်။
တစ်ချက်ကြည့်ရုံဖြင့် ယခုတစ်ခေါက်၏ မိုးကြိုးပြစ်ဒဏ်က သန်မာလှကြောင်း သိနိုင်သည်။ မဲမှောင်နေသည့် တိမ်ထုကြီးက ခပ်နိမ့်နိမ့်တွင် ရှိနေသည်မှာ မြို့ကြီးတစ်ခုလုံးဖြင့် ထိလုထိခင်ဖြစ်နေပြီး မြို့နံရံများကို ဖျက်ဆီးပစ်တော့မယောင် ခံစားနေရစေသည်။
ဒေါင်ခနဲမြည်သံနှင့်အတူ ဝှိုက်တီက သတ္တုအတောင်ပံများကို ဖြန့်ကားပြီး သူ၏ စက်ရုပ်မျက်လုံးများတွင် လျှပ်စီးကြောင်းတို့ကလည်း လင်းလက်လာသည်။
ခဏအကြာတွင် မိုးကြိုးပြစ်ဒဏ်ကလည်း ကျဆင်းလာပြီး ဝှိုက်တီက ကောင်းကင်ပေါ် ပြေးတက်သွားသည်။
မိုးကြိုးနဂါးများက ယိမ်းခါနေကာ တိမ်တိုက်များထဲမှ ထွက်လာပြီး ၎င်း၏ သွားများနှင့် လက်သည်းများကို ဝှေ့ရမ်းပြီး ကောင်းကင်ကို ဆုပ်ဖြဲတော့မယောင် လုပ်ပြနေသည်။ ၎င်းက လူတိုင်းကို ကြောက်ရွံ့လွန်း၍ တသိမ့်သိမ့်တုန်သွားစေသော ဖိအားကို ထုတ်လွှတ်နေသည်။
ဝှိုက်တီက ၎င်းကို မကြောက်ပေ။ သူ ကောင်းကင်ပေါ့ ပျံတက်သွားပြီး လက်သီးဖြင့် ထိုးချလိုက်ရာ ဟိန်းဟောက်နေသော မိုးကြိုးနဂါးကြီး ပျက်ပြယ်သွားရသည်။
မိုးကြိုးများက နေရာအနှံ့ကို ပျံ့နှံ့သွားပြီး မြေပြင်ပေါ် ထိခတ်သွားရာ မီးပွားများလွင့်စင်လာပြီး မီးတောက်များလည်း တောက်ပလာသည်။
ဘေးမှကြည့်နေသော လူများက မှင်သက်သွားကြကာ ကောင်းကင်ပေါ်ရှိ ကြောက်မက်ဖွယ်အခြေအနေကို ထိတ်လန့်တကြား ကြည့်နေကြသည်။ ခဏအကြာတွင် သူတို့ အလွန်အမင်း စိတ်လှုပ်ရှားသွားကြတော့သည်။
မိုးကြိုးတစ်ချက်...
မိုးကြိုးနှစ်ချက်...
မိုးကြိုးသုံးချက်...
စုစုပေါင်း မိုးကြိုးရှစ်ချက်ဖြင့် မိုးကြိုးပြစ်ဒဏ် ဆင်းသက်ခြင်း အောင်မြင်သွားခဲ့သည်။
ဝှိုက်တီက တစ်ကိုယ်လုံး တူးခြစ်နေကာ လျှပ်စီးကြောင်းတို့ကလည်း သူ့ခန္ဓာကိုယ်ပေါ်တွင် ပတ်ပြေးနေသည်။
ဘေးမှကြည့်ရှုနေသူများက အသက်ရှူအောင့်ထားကြပြီး အသံတစ်သံပင် မထွက်ရဲကြပေ။
မိုးကြိုးပြစ်ဒဏ်ရှစ်ချက်...
ဒီတစ်ခေါက် ပိုင်ရှင်ပုက မိုးကြိုးရှစ်ချက်တောင် ဆွဲဆောင်နိုင်အောင် ဘာတွေချက်ပြန်ပြီလဲ..
မိုးကြိုးပြစ်ဒဏ်ရှစ်ချက်ကို တားပြီးနောက်တွင် ဝှိုက်တီ၏ ခန္ဓာကိုယ်က သူ့ခြေထောက်အောက်ရှိ မြေကြီးက အက်ကွဲကာ မြေကြီးထဲ နစ်ဝင်သွားသည်။
ဖုန်မှုန့်များနှင့် မီးခိုးလုံးများက ထလာသည်။ မှုန်ဝါးဝါးအမှောင်ထုထဲတွင် ဝှိုက်တီ၏ မျက်လုံးများက တောက်ပလာပြီး အလင်းတန်းအဖြစ် ထွက်ပေါ်လာကာ ၎င်း၏ အော်ရာကလည်း မြင့်တက်လာခဲ့သည်။
ကောင်းကင်ပေါ်တွင် နောက်ထပ်တစ်ကြိမ် တိမ်မဲတို့ ရစ်သိုင်းလာပြန်သည်။
ပတ်ဝန်းကျင်မှလူများက မယုံနိုင်ဖြစ်ကာ ထိတ်လန့်နေကြသည်။
ဘာထပ်ဖြစ်ပြန်မလဲ... မိုးကြိုးတွေပဲလား... မိုးကြိုးပြစ်ဒဏ်ရှစ်ချက်ပြီးသွားတော့ ဘာထပ်လာပြန်လဲ... ကိုးချက်မြောက် မိုးကြိုးလား...
ဒဏ္ဍာရီလာ မိုးကြိုးပြစ်ဒဏ်ပဲ...
မသေမျိုးချက်ပြုတ်ခြင်းနယ်ပယ်မှာ ကိုးချက်မြောက်မိုးကြိုးချက် ပေါ်မလာတာ ဘယ်နှနှစ်တွေတောင်ရှိနေပြီလဲ... အခုတော့ ပေါ်လာခဲ့ပြီ... အခုလက်ရှိ နယ်ပယ်ရဲ့ အခြေအနေနဲ့ဆိုရင် တောင့်ခံနိုင်ပါ့မလား...
သို့သော်....
တဝုန်းဝုန်းမြည်သံတို့ထွက်ကာ ခဏမျှ လျှပ်စီးလက်ပြီးနောက်တွင် တိမ်မဲများက ပျောက်ကွယ်သွားရသည်။ ကိုးချက်မြောက် မိုးကြိုးချက်က ကျဆင်းမလာခဲ့ပေ။
ဒဏ္ဍာရီလာအဆင့်က ချိုးဖြတ်ရန် မလွယ်ကူလှပေ။
သို့သော် ပုဖန်က ပထမအဆင့်အင်မော်တယ် စားဖိုမှူးသာ ရှိသေးသည်။ ထိုအဆင့်ဖြင့်ပင် မိုးကြိုးရှစ်ချက်ကို ဆွဲဆောင်နိုင်သည်မှာ အထွတ်အထိပ်ပင် ရောက်နေပြီဟု ပြောနိုင်သည်။
အကယ်၍ သူသာ ကိုးချက်မြောက်မိုးကြိုးကို ဆွဲဆောင်နိုင်လျှင် ကောင်းကင်ဘုံ၏ မနာလိုမှုကိုပင် ခံရပေလိမ့်မည်။
ဝှိုက်တီ နောက်ကျောရှိ သတ္တုအတောင်ပံများက ပြန်ခေါက်သိမ်းသွားသည်။ ၎င်း၏ တာဝန်က ပြီးဆုံးပြီဖြစ်၍ သူ၏ခန္ဓာကိုယ်ပေါ်တွင် လျှပ်စီးတို့ ပျော်မြူးနေဆဲဖြစ်သော်လည်း စားသောက်ဆိုင်ထဲ ဝင်လိုက်သည်။
စားသောက်ဆိုင်ထဲတွင်...
လူတိုင်းက မိုးကြိုးပြစ်ဒဏ်ပြီးဆုံးပြီဖြစ်ကြောင်း သတိပြုမိ၍ စိတ်လှုပ်ရှားလာကြသည်။
အဆုံးတွင် မိုးကြိုးပြစ်ဒဏ်ပြီးဆုံးပြီဆိုသည်မှာ သူတို့ မဟာသူတော်စင်အဆင့် ပါဝင်ပစ္စည်းဖြင့် ချက်ထားသော ဟင်းပွဲလျာကို စားသုံးနိုင်တော့မည်ဟု ဆိုလိုခြင်းဖြစ်သည်။
၎င်းက အလွန်ရှားပါးလှသည့် အခွင့်အရေးတစ်ခုဖြစ်သည်။
မဟာသူတော်စင်အဆင့်တစ်ယောက်က တစ်ယောက်ယောက်ရဲ့ အစားအစာဖြစ်သွားဖို့ ဘယ်လိုလုပ် လွယ်မှာလဲ...
မဟာသူတော်စင်အဆင့် သိုးခြေထောက်ရဖို့ဆိုတာ မလွယ်ဘူးလေ...
ခွေးဘုရင်က ထိုအကင်ပွဲကို ကြည့်ပြီး စားချင်စိတ်တို့ တောက်လောင်နေလေပြီ။
အခြားသူများကလည်း မြည်းစမ်းရန် ရှေ့သို့ထွက်လာကြသည်။
ပုဖန်က သူတို့ကို အကြာကြီးမစောင့်ခိုင်းပေ။ သူ ဖြူပြာရောင်ကြွေပန်းကန်ပြားများကို ထုတ်ယူပြီး စားပွဲရှေ့တွင်ထိုင်နေကြသော လူတစ်ယောက်ကိုတစ်ပန်းကန်ပေးလိုက်သည်။
သူက ပန်းကန်ပြားတိုင်းကို ထိုပုံစံကိုသာသုံးပြီး ထူးခြားသည့်အဓိပ္ပါယ်ရှိသည်ဟု ခံစားနေရသည်။
လူတိုင်း ပန်းကန်ယူကာ ရွှေရောင်သိုးခြေထောက်ကို ကြည့်နေကြသည်။
သိုးခြေထောက်မှ ထွက်ပေါ်နေသော အသားရနံ့နှင့် မွှေးရနံ့တို့က လူတိုင်းကို ဆာလောင်စေသည်။
ပုဖန်က လက်ခါလိုက်ကာ နဂါးအရိုးမီးဖိုချောင်သုံးဓားကို ထုတ်လိုက်သည်။ အတွေးတစ်ချက်ဖြင့် ဓားမှ ဓားမြှောင်အဖြစ် ပြောင်းလဲသွားသည်။ ၎င်းတွင် ချွန်မြနေသော ဓားသွားရှိပြီး ဓားရိုးပေါ်တွင် နဂါးတစ်ကောင်ပုံ ထွင်းထုထား၍ အဖိုးထိုက်လွန်းသည့်ပုံ ပေါ်နေသည်။
သို့သော် ၎င်းတို့က အရေးမကြီးပေ။
ပုဖန်က နဂါးအရိုးမီးဖိုချောင်သုံးဓားကိုသုံးရခြင်းမှာ ၎င်းက သက်တောင့်သက်သာရှိပြီး ရင်းနှီးသည်ဟု ခံစားရ၍ဖြစ်သည်။ နောက်ထပ်အကြောင်းပြချက်တစ်ခုမှာ သိုးသားကိုလှီးဖြတ်ခြင်းမှာ အလွန်အရေးကြီးသော အဆင့်တစ်ခုဖြစ်နေ၍ဖြစ်သည်။
.
ဓားမြှောင်ဖြင့် ခဏမျှကစားပြီးနောက်တွင် ဆန်မှုန့်ပန်ကိတ်ကို လူတိုင်း၏ ပန်းကန်ထဲ ထည့်ပေးလိုက်သည်။
ပန်ကိတ်များက သိုးသားကင်နှင့် လိုက်ဖက်လှသည်။ အသားတစ်လွှာကို ပန်ကိတ်နှင့်လိပ်ကာ ဆော့စ်ထဲနှစ်ပြီး ပါးစပ်ထဲ ထည့်ဝါးရသည်။
တစ်ချက်ကိုက်လိုက်လျှင် ထမင်းရနံ့၊ သိုးသားရနံ့နှင့် ဆော့စ်ရနံ့တို့က ပေါင်းစပ်သွားပြီး မယုံနိုင်လောက်အောင် အရသာရှိပေသည်။
သို့သော် ပန်ကိတ်မပါပဲ စားလျှင်လည်းရသည်။ ၎င်းက မတူညီသည့်အရသာဖြစ်သွားပေလိမ့်မည်။
မည်သို့စားမည်က စားမည့်လူပေါ် မူတည်လေသည်။
ပုဖန်က သိုးသားကို ပန်ကိတ်နှင့်စားရသည်ကို ပိုကြိုက်လေသည်။ အဆုံးတွင် ပန်ကိတ်များက သူ၏လယ်ယာမြေတွင် စိုက်ပျိုးထားသော ဆန်များမှရ၍ မဟာနိယာမလမ်းကြောင်း၏ ပြင်းပြလှသော စိတ်ဆန္ဒပါဝင်နေသည်။
"ပုဖန်... ကောင်လေး... ငါ့ကို သိုးသားမြန်မြန်ပေးစမ်းပါ... ငါမစောင့်နိုင်တော့ဘူး..."
ခွေးဘုရင်က သူ၏လက်နှစ်ဖက်ကို စားပွဲပေါ်တင်ပြီး ပုဖန်ကို ကြည့်နေသည်။
ပုဖန်က သူ့ကို ပြုံး၍ကြည့်လိုက်သည်။ အချိန်မဖြုန်းတော့ပဲ ဓားမြှောင်ကို လှည့်လိုက်ကာ လက်ကိုင်မှကိုင်ပြီး ပုံမှန်အတိုင်း မကိုင်ပဲ ဓားသွားကို သူ့ဘက်သို့ထားကာ လက်ဖဝါးကို အပေါ်မှ တင်ထားသည်။
ထို့နောက် အငွေ့တို့ထွက်နေသော သိုးခြေထောက်ဆီ ရွေ့လျားလာတော့သည်။
သိုးသားက ရွှေရောင်အဖြစ်ပြောင်းနေကာ အသားရည်များက ကြမ်းပြင်ပေါ် တောက်တောက်ကျနေသည်။
ပုဖန်က သိုးခြေထောက်ကို ကြည့်နေပြီး မည်သည့်နေရာကို အရင်ဆုံးဖြတ်ရမည်ကို ချိန်ဆနေသည်။ ဓားကိုလှည့်နေလျက်နှင့် နောက်ဆုံးမှ တွေ့သွားခဲ့သည်။
ဓားမြှောင်ကို ဘေးဘက်မှကိုင်ပြီး ဖြေးဖြေးချင်း အသားလွှာလေးတစ်ခုကို လှီးဖြတ်လိုက်သည်။ သူဓားသွားပေါ်မှ အသားကိုဖယ်ကာ လက်ကိုရမ်းခါလိုက်သည်။
သိုးသားမှ မွှေးပျံ့သောရနံ့တို့ လွင့်ပျံလာပြီး ခွေးဘုရင်၏ ပန်းကန်ပြားထဲ ကျဆင်းသွားသည်။
ခွေးဘုရင်၏ မျက်လုံးများ တောက်ပသွားသည်။ ဘာမှပင်ထပ်မပြောတော့ပဲ အမြှီးကိုရမ်းရင်း ပန်းကန်ထဲခေါင်းနှစ်ကာ သိုးသားကို ဝါးမျိုချလိုက်သည်။
ဝူး~~~~
ခွေးဘုရင် ဘဝင်ခိုက်သွားသည်။
မဟာသူတော်စင်အဆင့် ပါဝင်ပစ္စည်း၏အရသာက လုံးဝကို တုနှိုင်းမဲ့ပေသည်။ အသားကနူးညံ့ကာ မွှေးပျံ့ပြီး ဟင်းခတ်အမွှေးအကြိုင်တို့၏ စိမ့်ဝင်နေမှုကြောင့် အလွန်အမင်း အရသာရှိလှပေသည်။ ထို့အပြင် ပူစပ်စပ်ငရုတ်နှစ်ကို သုတ်လိမ်းထား၍ တုနှိုင်းမဲ့သည့်အစပ်အရသာကို ရပေသည်။
အစပ်အရသာက လူတစ်ယောက်၏ စိတ်ဝိဉာဉ်ကိုပင် နစ်မွန်းသွားစေလုနီးနီးဖြစ်စေကာ တစ်ကိုယ်လုံးပင် တုန်ရီသွားစေနိုင်သည်။
သိုးသားကို ဝါးမျိုချပြီးနောက်တွင် ခွေးဘုရင်က အရည်တစ်စက်မှမကျန်အောင်ပင် ပန်းကန်ပြားကို လျှာနှင့်လျက်လိုက်သည်။
"ကောင်လေးပုဖန်..ငါထပ်စားချင်တယ်..."
ခွေးဘုရင်က လျှာထုတ်ရင်းပြောလိုက်သည်။
သို့သော် ပုဖန်က သူ့ကိုတစ်ချက်သာ စောင်းကြည့်ပြီး မှမပြောခဲ့ပေ။
ဓားမြှောင်က ဆက်လက်၍ ဖြတ်တောက်နေသည်။ မကြာမီ နောက်ထပ် သိုးသားတစ်လွှာကို ဖြတ်တောက်ပြီး၍ နယ်သာရီကိုပေးလိုက်သည်။
နယ်သာရီက မျက်လုံးများ မှေးကျဉ်းလိုက်ပြီးအပြုံးဖျော့ဖျော့လေးဖြင့် ယူလိုက်သည်။
သူမက သိုးသားကို ပန်ကိတ်ဖြင့် လိပ်ရန် ရွေးချယ်လိုက်သည်။ သူမက ပုဖန်ပြင်ပေးသမျှ မည်သည့်အစားအစာကိုမှ အလကားမဖြစ်စေချင်ပေ။
ဆန်မှုန့်ပန်ကိတ်များက ပေါင်မုန့်ပြားတစ်မျိုးသာဖြစ်သည်။ ၎င်းကို ချက်ထားသောထမင်းများကို ထုထောင်းကာ ဂျုံလုံးကဲ့သို့ ပြုလုပ်ပြီး အလုံးလေးများဖြစ်အောင်လုံးကာ တစ်ဖက်က ဝါသွားပြီး နောက်တစ်ဖက်မျက်နှာပြင်တွင် ပူဖောင်းတို့ထသည်အထိ ကင်ရခြင်းဖြစ်သည်။
ထိုနည်းဖြင့် ပြုလုပ်ထားသော ပန်ကိတ်က အပြင်ပိုင်းတွင် ကျွတ်ဆတ်ကာ အထဲတွင်နူးညံ့ပြီး ထမင်းရနံ့လေးရလေသည်။
နယ်သာရီက သိုးသားကို ပန်ကိတ်ထဲတွင်လိပ်ပြီး နှစ်ဖက်လုံးကို ဖောင်းကားနေစေသည်။ ထို့နောက် ကြွေဇွန်းကိုယူ၍ ဆော့စ်ကို လောင်းထည့်လိုက်သည်။
ဆော့စ်ကိုလည်း ပုဖန်က လုပ်ထားသည်သာဖြစ်၍ နယ်သာရီက အလွတ်မခံနိုင်ပေ။
သူမ ဆော့စ်အပြည့်တစ်ဇွန်း ယူပြီး သိုးသားတို့ ထည့်လိပ်ထားသော ပန်ကိတ်ပေါ်တွင် စမ်းလိုက်သည်။
ကြည့်ရသည်မှာ စားချင်စဖွယ်လေးဖြစ်သွားလေသည်။
ပတ်ပတ်လည်မှလူများက နယ်သာရီလက်ထဲရှိ ပန်ကိတ်ကိုကြည့်ပြီး တံတွေးမျိုချနေကသည်။
ပုဖန်ကလည်း နယ်သာရီကို ပြုံးပြီး ကြည့်နေသည်။
၎င်းက သိုးသားစားသည့် နည်းလမ်းမှန်ဖြစ်ပြီး အဓိပ္ပါယ်ပြည့်ဝသည့် နည်းလမ်းလည်းဖြစ်သည်။
သူ့လက်ထဲရှိ ဓားမြှောင်ကို သိုးခြေထောက်ပေါ်တွင် ပြေးလွှာနေစေလိုက်သည်။ သူက သိုးသားတစ်လွှာချင်းဆီတိုင်းကို ပြီးပြည့်စုံစွာ ပိုင်းဖြတ်လိုက်သည်။
သိုးအရေခွံသားက အရသာအရှိဆုံးဖြစ်သည်။
အသားများကို ဖြတ်တောက်ပြီး လူတိုင်းကို ဝေမျှပေးပြီးနောက်တွင် ပုဖန်က မီးဖို၏ ကျန်ရှိနေသည့် အပူဓာတ်ဖြင့် သိုးသားဆက်ကင်လေသည်။ ထို့ကြောင့် အသားဖြတ်တောက်ခံလိုက်ရသော အပိုင်းများ၏ အရသာကိုလည်း ထိန်းသိမ်းနိုင်လေသည်။
ထိုစဉ် အခြားလူများကလည်း ဟင်းပွဲကို စတင်မြည်းစမ်းတော့သည်။
နယ်သာရီက ပန်ကိတ်ကိုင်ကာ သူမ၏နီရဲရဲနှုတ်ခမ်းနှစ်လွှာကိုဖွင့်ပြီး ကိုက်ချလိုက်သည်။
ဂျွတ်
ပန်ကိတ်၏အပြင်သားက ကြွပ်ဆတ်ပြီး အတွင်းသားက နူးညံ့စွတ်စိုလေသည်။
ကိုက်ဝါးလိုက်ချိန် သွားများနစ်ဝင်သွားသည်နှင့် ခံစားရသည့် နွေးထွေးမှုလေးက သူမ၏နှလုံးသားကို ပျော်ရွှင်မှုတို့ လွှမ်းခြုံသွားစေသည်။
သူမ ထပ်ကိုက်လိုက်ပြီး သိုးသားကိုပါ ကိုက်မိသွားသည်။ သိုးသား၏ တုနှိုင်းမဲ့သော ရနံ့က သူမပါးစပ်ထဲတွင် ပြည့်လာခဲ့သည်။ ပြင်းရှသော်လည်း ဆိုးဝါးခြင်းမရှိပေ။
ထို့အပြင် အရသာရှိလှသောဆော့စ်က ဟင်းပွဲ၏အရသာကို နောက်ထပ်အဆင့်တစ်ခုထိရောက်စေပြီး စားမိသည့်လူတိုင်းကို ခေါင်းအစခြေအဆုံး တုန်ယင်သွားစေသည်။
ဆန်မှုန့်ပန်ကိတ်နှင့် သိုးသားကို လိပ်ကာ အားပါးတရစားနေကြသော လူများကိုကြည့်ရင်း ပုဖန် အတွေးနက်သွားရသည်။
ဤဟင်းပွဲက သူ၏အရင်ဘဝက သွားရည်စာဖြစ်သော ဘန်းကိတ်နှင့်အသားနှပ်ကို သတိရမိသွားစေသည်။
သူအားလျှင် ထိုသွားရည်စာကို လုပ်၍ရပြီး အစားကြူးအစီအရင်များစွာလည်းရှိနေရာ သေခြင်းအစားအသောက်ပစ္စည်းများကိုလည်း ဆက်လက်ဖန်တီးနိုင်ပေလိမ့်မည်။ ထိုဘန်းကိတ်နှင့်အသားနှပ်က အစီအရင်များ သယ်ဆောင်သောအရာဖြစ်လာပေလိမ့်မည်။
ပုဖန်က သိုးသားတစ်လွှာကိုလှီးဖြတ်ကာ ပါးစပ်ဟ၍ ထိုဓားမြှောင်ပေါ်မှအသားကို ပါးစပ်ထဲထည့်လိုက်သည်။
သိုးသားက ဓားသွားပေါ်မှ ကျသွားသည်နှင့် ပုဖန်၏ လျှာက ဖမ်းမိလိုက်သည်။
သူ ကိုက်ချလိုက်သည်။ အသား၏ အထိအတွေ့ အနံ့အရသာတို့က ပြီးပြည့်စုံလေသည်။ သူဝါးလိုက်သည်နှင့် ဟင်းခတ်အမွှေးအကြိုင်တို့၏ ရနံ့၊ ခရမ်းရောင်ကြက်သွန်ဖြူ၏ စိမ့်ဝင်နေသော ရနံ့၊ ရို့စ်မယ်ရီ၏ ရနံ့တို့က သူ့ပါးစပ်ထဲတွင် ပေါက်ကွဲထွက်လာသည်။
ပူစပ်စပ်ငရုပ်နှစ်နှင့် ပေါင်းစပ်လိုက်လေရာ သိုးသားတွင် မှော်စွမ်းအင်တို့ရှိနေဟန် စားကောင်းသွားပေသည်။
မဟာသူတော်စင်အဆင့် ပါဝင်ပစ္စည်းများတွင် လုံးဝမတူညီသော အရသာရှိသည်ဆိုသည်မှာ အမှန်ပင်ဖြစ်လေသည်။
အခြားသိုးခြေထောက်ကိုသုံးလျှင် အရသာက မဆိုးလှသော်လည်း တစ်မူထူးခြားသည့်အရသာတော့ ရလာမည်မဟုတ်ပေ။
မဟာသူတော်စင်အဆင့် ပါဝင်ပစ္စည်းတစ်ခုတွင် များပြားလှသော အသက်စွမ်းအင်တို့ပါဝင်သည်။ သူတို့ဝါးစားနေရင်းဖြင့် အသက်စွမ်းအင်များက ထွက်ပေါ်လာကာ ခန္ဓာကိုယ်ကိုအဆက်မပြတ် အားဖြည့်ပေးလေသည်။
တိုက်ပွဲကြောင့် စွမ်းအင်ကုန်ခမ်းနေကြသော လူအုပ်ကြီးက ခဏချင်းအထွတ်အထိပ်အခြေအနေသို့ ပြန်ရောက်သွားလေသည်။
ထိုအချိန်တွင် သိုးခြေထောက်ကင်၏ရနံ့နှင့် ကောင်းမွန်လှသည့်ဝိုင်၏ ရနံ့တို့က စားသောက်ဆိုင်အပြင်သို့ ထွက်သွားကာ မသေမျိုးမြို့တော်တစ်ခုလုံးကို လွှမ်းခြုံသွားသည်။
အချိန်အတော်ကြာပြီးနောက်တွင်
စားသောက်ဆိုင်ထဲမှလူများက သိုးခြေထောက်တစ်ခုလုံးကို စားပြီးသွားကြလေပြီ။
ပုဖန်က ဖြတ်တောက်ရာတွင် အတော်လေးအာရုံစိုက်နေခဲ့ပြီး အရိုးများကိုဖယ်ထုတ်ကာ အသားများကို ဖြတ်တောက်ပေးခဲ့သည်။ တဖြေးဖြေး သိုးခြေထောက်တစ်ခုလုံးတွင် အရိုးသာကျန်ခဲ့လေတော့သည်။
အရသာရှိသော အစားတစ်နပ်ကို စားလိုက်ပြီးနောက်တွင် လူအုပ်ကြီးက ထိုင်ခုံများပေါ်တွင် သက်တောင့်သက်သာမှီတွယ်နေကြကာ သူတို့၏ပါးစပ်နှင့် နှာခေါင်းပေါက်တို့မှာ အသက်စွမ်းအင်တို့ကို ရှူထုတ်နေကြသည်။
မဟာသူတော်စင်အဆင့် သိုးခြေထောက်တစ်ခုက သူတို့ကို ရက်ပေါင်းအတန်ကြာ အဆာခံသွားစေခဲ့သည်။
စားသောက်ပြီးနောက်တွင် လူတိုင်း စားသောက်ဆိုင်ထဲမှ ပျင်းရိလေးကန်စွာ ပြန်သွားကြသည်။
မသေမျိုးချက်ပြုတ်ခြင်းနယ်ပယ်၏ ကပ်ဘေးကာလက ပြီးသွား၍ လူတိုင်း စိတ်သက်သာရာရနေကြသည်။
မဟာနိယာမလမ်းကြောင်း၏ စိတ်ဆန္ဒက ပြန်ရောက်လာပြီဖြစ်ကာ မသေမျိုးသစ်ပင်ကလည်း ပြန်လည်ရှင်သန်လာပြီဖြစ်သည်။ အချိန်ခဏလေးအတွင်း မသေမျိုးချက်ပြုတ်ခြင်းနယ်ပယ်က ပြန်လည် တက်ကြွလာခဲ့တော့သည်။
နယ်ပယ်သခင်တိထိုက်ကာ မသေမျိုးစားဖိုမှူးဆိုင်ငယ်လေးထဲမှ ထွက်သွားပြီးနောက်တွင် တစ်စုံတစ်ခုကို သတိရသွား၍ သိုးအရိုးများကို သန့်ရှင်းနေသော ပုဖန်ဆီပြန်သွားခဲ့သည်။
" မိတ်ဆွေလေးပုဖန်... မင်းရဲ့ အချက်အပြုတ်ကျွမ်းကျင်မှုက ပထမအဆင့် အင်မော်တယ်စားဖိုမှူးကို ကျော်သင့်ပြီ မဟုတ်ဘူးလား.. မင်း အကဲဖြတ်စာမေးပွဲဖြေပြီး အဆင့်ထပ်တိုးဖို့ အချိန်ရောက်ပြီနော်.. ဒီလိုဆိုရင် မင်းလည်း အရင်းအမြစ်တွေပိုရပြီး ချက်ပြုတ်ခြင်းမှာလည်း ပိုနားလည်လာလိမ့်မယ်..."
အရိုးကိုင်ထားသော ပုဖန်က နယ်ပယ်သခင်တိထိုက်ကို အံ့အားတကြီး ကြည့်လိုက်မိသည်။
သူ၏ချက်ပြုတ်သည့်အရည်အချင်းက ပထမအဆင့် အင်မော်တယ်စားဖိုမှူးထက် ကျော်နေပြီဖြစ်ကြောင်း သူသိပြီး အဆင့်တက်ရတော့မည်ဖြစ်ကြောင်းလည်း သိပေသည်။ နာမည်ကြီးဖို့ရော အရင်းအမြစ်များကိုပါ စိတ်မဝင်စားသော်လည်း အကဲဖြတ်စာမေးပွဲဖြေရန် အရှုံးမပေးသင့်ပေ။
"ကျုပ်သွားမှာပါ.."
ပုဖန် ခေါင်းငြိမ့်ပြလိုက်သည်။
နယ်ပယ်သခင်တိထိုက်က ပုဖန်၏အဖြေကိုကြားပြီး စိတ်ကျေနပ်သွားကာ သူ၏ရွှေရောင်ဆံပင်များကို သပ်လိုက်သည်။
"ငါကိုယ်တိုင် မင်းရဲ့ အကဲဖြတ်မှုကို တက်ရောက်ပေးမယ်..."
ထိုသို့ပြောပြီး ထွက်သွားလေတော့သည်။
ပုဖန် နှုတ်ခမ်းများ တွန့်လိမ်သွားသည်။ လူတိုင်းထွက်သွားပြီးနောက်တွင် သူစားသောက်ဆိုင်တံခါးကို ပိတ်လိုက်သည်။
စားသောက်ဆိုင်တစ်ခုလုံးတွင် သိုးကင်ရနံ့တို့ ဖုံးလွှမ်းနေသည်။
ပုဖန် အသက်ပြင်းပြင်းရှူကာ အကြောဆန့်လိုက်သည်။
ခွေးဘုရင်က ထောင့်တစ်ထောင့်တွင် လှဲအိပ်နေပြီဖြစ်ပြီး ပန်းပွင့်လေးကလည်း သူ့ဘေးတွင် အိပ်နေလေပြီ။
ထိုနွေးထွေးလှသည့် မြင်ကွင်းလေးကိုကြည့်ပြီး ပုဖန် ငြိမ်းအေးသွားသလို ခံစားလိုက်ရသည်။
သန့်ရှင်းရေးလုပ်ပြီး ပြန်ထားပြီးနောက်တွင် ပုဖန် အပေါ်ထပ် တက်လိုက်သည်။
နယ်သာရီက လက်နောက်ပစ်ရင်း သူ့နောက်လိုက်နေသည်။ မကြာခင် သူတို့နှစ်ယောက်လုံး ဒုတိယထပ်ကိုရောက်လာကြသည်။
သူတို့နှစ်ယောက်လုံး ကိုယ့်အခန်းတံခါးကိုယ်ဖွင့်ပြီး ဝင်သွားလိုက်ကြသည်။
နယ်သာရီက ပုဖန်သူ့တံခါးသူ ပိတ်လိုက်သည်ကိုမြင်မှ သူမ၏အခန်းတံခါးကိုလည်း ခပ်ဖြေးဖြေးပိတ်လိုက်သည်။