အပိုင်း ၁၁၇၆
Viewers 53k

အခန်း ၁၁၇၆

မွှေးပျံ့လွန်းသည့် ရွှေရောင်သိုးခြေထောက်


သိုးခြေထောက်ကင်က အဓိကဟင်းပွဲဖြစ်ပြီး ပြင်ဆင်ရန် အနည်းငယ်မျှ ပြဿနာများရသည်။


၎င်းကို စားတော်ပွဲတစ်ခုအဖြစ် မှတ်ယူနိုင်သည်။


ပုဖန်က သိုးခြေထောက်ကင်ကို နတ်ဘုရားမမြို့တော်မှ တော်ဝင်စားသောက်ပွဲကဲ့သို့ ပြုလုပ်ရန်သာ ရွေးချယ်နိုင်သည်။ သို့သော် သူ့တွင် ပါဝင်ပစ္စည်းများမရှိ၍ ထိုဟင်းပွဲကို မချက်နိုင်ပေ။


ယခုတွင် ခွေးဘုရင်နှင့် မသေမျိုးသစ်ပင်တို့က သူ့ကို မဟာသူတော်စင်အဆင့်ရှိ သိုးခြေထောက်ကို ဆောင်ယူပေးလာသည်။ ယခုအချိန်က သူ၏အချက်အပြုတ်အရည်အချင်းကို စမ်းသပ်ရန်အချိန်ဖြစ်သည်။


သိုးခြေထောက်ကို ဘယ်လိုကင်မလဲဟူသည်က လေးနက်သည့်မေးခွန်းပင်။


ပုဖန်က ဝှိုက်တီဆီမှ နတ်ဘုရားသတ်တုတ်ကိုငှားယူပြီး အသားထဲသို့ထိုးဖောက်လိုက်သည်။


သူ ထိုအတိုင်းပဲတော့ ကင်လိုက်၍မရချေ။ ထိုအတိုင်းကင်ပါက မီးခိုးမှိုင်းအရသာ အချို့ရမည်သာဖြစ်ပြီး ကျန်တာမပါချေ။ ထို့ကြောင့် ပုဖန်က ပါဝင်ပစ္စည်းများစွာကို ထုတ်ယူလိုက်သည်။


ယခု သူ၏ ကောင်းကင်နှင့် ကမ္ဘာမြေ လယ်ယာမြေထဲတွင် ပါဝင်ပစ္စည်းများစွာနှင့် စိတ်ဝိဉာဉ်ဆေးပင် များစွာကို စိုက်ထားပြီးဖြစ်သည်။ ပါဝင်ပစ္စည်းများထဲမှ အချို့မှာ အထူးသဖြင့် စွမ်းအင်အဆင့်ကို မြင့်တက်စေသည်။ ဥပမာအားဖြင့် အမြီးရှည်ကြက်သွန်မြိတ်၊ ခရမ်းရောင် ကြက်သွန်ဖြူနှင့် သားအမိဂျင်းတို့ ဖြစ်ကြသည်။


ထို့အပြင် ဟင်းခတ်အမွှေးအကြိုင် အမျိုးမျိုးနှင့် ပါဝင်ပစ္စည်းများစွာလည်း ရှိသေးသည်။


ဟင်းခတ်အမွှေးအကြိုင်များဆိုသည်မှာ ဤကဲ့သို့သော အကင်မျိုးတွင်သုံးရန် အကောင်းဆုံးအရာများ ဖြစ်ကြသည်။ သူတို့က အသား၏ ညှီစို့စို့ရနံ့ကို ဖုံးသွားစေနိုင်သလို အသား၏မွှေးရနံ့ကိုလည်း ဆောင်ယူပေးနိုင်သည်။


သူ ခရမ်းရောင် ကြက်သွန်၏ ထိပ်ဖျားကို လှီးချလိုက်ပြီး အစိတ်စိတ်ဖြစ်အောင် ခုတ်ထစ်လိုက်သည်။


ထို့နောက် သိုးခြေထောက်တွင် အပေါက်လေးများစွာဖြစ်အောင် ထိုးလိုက်ပြီး ကြက်သွန်ဖြူတို့ဖြင့် သိပ်လိုက်သည်။ ထို့နောက်တွင် ဆေးပင်အမှုန့်များကို ဖြူးချလိုက်သည်။


၎င်းက အရသာနှပ်သည့် အဆင့်ဖြစ်သည်။ ဆေးပင်အမှုန့်များကို ဖြူးနေစဉ်တွင် ပုဖန်က သူ၏စစ်မှန်စွမ်းအင်ကို အသုံးပြုကာ သိုးခြေထောက်ထဲ အရသာစိမ့်ဝင်အောင် ဖြန့်လိုက်သည်။


သူ အရသာစိမ့်ဝင်အောင်လုပ်သည့် နှုန်းကို အသေအချာထိန်းသိမ်းနေပြီး အမွှေးအကြိုင်များက အသား၏ခြောက်ဆယ်ရာခိုင်နှုန်းကိုသာ စိမ့်ဝင်အောင်လုပ်လိုက်သည်။ ကျန်သည့်အဆင့်များက ကင်နေရင်း လုပ်ရမည်ဖြစ်ပြီး ချက်ပြုတ်ပြီးပါက အရသာများ ပေါက်ကွဲထွက်လာမည်ဖြစ်သည်။


အမွှေးအကြိုင်များကို ဖြူးပြီးနောက်တွင် ပုဖန်က အလွန်အမင်း ခြောက်သွေ့ကာ ပူလောင်သော ပေါက်ကွဲမီးတောက်ငရုတ်သီးကို ထုတ်လိုက်သည်။


ငရုတ်သီးထဲမှ အစေ့များကိုထုတ်လိုက်ပြီး ၎င်းတို့ကိုလည်း အသားထဲရှိ အပေါက်များထဲ ထည့်လိုက်သည်။


ပြင်ဆင်သည့် အဆင့်အားလုံး ပြီးသွားပြီဖြစ်ပြီး နောက်တစ်ဆင့်မှာ သိုးခြေထောက်ကို ကင်ရန်သာဖြစ်သည်။


ဝှိုက်တီ၏နတ်ဘုရားသတ်တုတ်က ပူပြင်းသော်လည်း အပူရှိန်က မလုံလောက်၍ ပုဖန်က ၎င်း၏ အရှည်ကိုတိုင်းတာပြီး မီးဖိုတစ်ခုဆောက်ကာ ထိုအပေါ်တွင် ချိတ်တင်လိုက်သည်။


သူ သိုးခြေထောက်ကို နေရာတကျထားပြီးနောက်တွင် မီးဖိုထဲကို အဖြူရောင်မီးတောက်ကို မှုတ်ထုတ်လိုက်သည်။


ဘုန်း


ချက်ချင်းလက်ငင်း မသေမျိုးမီးတောက် ထွက်ပေါ်လာပြီး အပူရှိန် မြင့်တက်သွားသည်။


မီးဖိုထဲတွင် အပေါက်ငယ်လေးအချို့ရှိပြီး မသေမျိုးမီးတောက်များက ထိုအထဲမှ ဖြတ်သန်း၍ သိုးခြေထောက်ကို ထိတွေ့လေသည်။


ဤသိုးခြေထောက်က မဟာသူတော်စင်အဆင့်ရှိ အသားပိုင်းဖြစ်သော်လည်း ပုဖန်၏ ကိုင်တွယ်မှုကြောင့် ၎င်း၏ခုခံနိုင်စွမ်း ပျောက်ကွယ်သွားပြီဖြစ်ပြီး မဟာသူတော်စင်အဆင့်ရှိ ဖိအားက ပျောက်ကွယ်လုနီးနီးဖြစ်နေလေပြီ။ ကျန်ရှိနေသည့် ဖိအားက အနည်းငယ်သာဖြစ်ပြီး ဟင်းပွဲ၏ အဆင့်ကို တိုးမြှင့်ပေးနိုင်ပေသည်။


ခဏလေးအတွင်း အလွန်ပူပြင်းလှသော မီးတောက်များက သိုးသား၏အရောင်ကို ပန်းသွေးဖြူရောင်လေးမှ ပန်းသွေးနီရောင်လေးအဖြစ် ပြောင်းလဲသွားသည်။


ကင်နေသည့် အချိန်တွင် အသားမှ အရည်တို့တောက်တောက်ကျနေပြီး မီးဖိုထဲကျသွား၍ တရှဲရှဲမြည်သံတို့ ပေါ်ထွက်လာသည်။


သိုးခြေထောက်ကင်မှာ အချိန်အတော်လိုအပ်ပြီး ပြင်ဆင်ရန် စိတ်ရှည်ရမည့် စားဖွယ်မျိုးဖြစ်၍ ခဏအတွင်း မကျက်နိုင်ပေ။


သိုးခြေထောက်က ကြီးမားကာ အသားထူလှပြီး ချက်ပြုတ်ရန် ခက်ခဲလှပေသည်။ ထို့ကြောင့် ပုဖန် လုပ်ရန်လိုသည်မှာ စကင်ပြီဆိုကတည်းက သူ၏နတ်ဘုရား စိတ်အာရုံကိုဖွင့်၍ ပြီးသည်အထိ စောင့်ကြည့်ရန်ဖြစ်သည်။


ပုဖန်က လက်နောက်ပစ်ကာ မီးဖိုကို ပတ်လျှောက်နေသည်။ သူ သိုးခြေထောက်ကို လှည့်မနေပဲ တစ်ခြမ်းတည်းကိုသာ မီးတောက်များဖြင့် ကင်နေသညိ။


ဟင်းခေတ်အမွှေးအကြိုင်များ၏ ရနံ့က လေထဲတွင် ပျံ့နှံလာပြီး အလွန်အမင်းမွှေးကြိုင်လှပေသည်။ 


သူ ဟင်းခေတ်အမွှေးအကြိုင်များအကြောင်း မသိသော်လည်း ၎င်းတို့ကို စိတ်ဝိဉာဉ်ဆေးပင်များကို အခြောက်ခံ၊ အမှုန့်ကြိတ်၍ လုပ်ထားပြီး ဟင်းပွဲတစ်ခုတွင် ဟင်းခတ်အမွှေးအကြိုင်များကို ထည့်ပါက လူတိုင်း၏ အရသာခံဖုများကို လှုံ့ဆော်ပေးပြီး ပိုမိုစားကောင်းစေကြောင်း သိပေသည်။


ဟင်းခေတ်အမွှေးအကြိုင်ဆိုသည်မှာ အကင်ဟင်းလျာအတွက် အရေးပါသောအရာဖြစ်ပြီး ဤသိုးခြေထောက်ကင်အတွက်မူ ရို့စ်မယ်ရီက အရေးအကြီးဆုံး ပါဝင်ပစ္စည်းဖြစ်သည်။


၎င်းက ကမ္ဘာပေါ်မှ ရို့စ်မယ်ရီနှင့် မတူပေ။


ပုဖန်က လိုအပ်သည့် ရို့စ်မယ်ရီက ထိတ်တန်းအဆင့် မသေမျိုးပါဝင်ပစ္စည်းဖြစ်ကြောင်း စနစ်ထံမှ သိခဲ့ရသည်။ ၎င်းကို ရို့စ်မယ်ရီအရိုးပန်း၏ ရိုးတံကို အခြောက်ခံကာ အမှုန့်ကြိတ်ပြီးမှ ရပေသည်။


ရို့စ်မယ်ရီအရိုးပန်းမှာ အလွန်အဆိပ်ပြင်းသော်လည်း ၎င်း၏ ရိုးတံကိုမူ ဟင်းခတ်အမွှေးအကြိုင်အဖြစ် သုံး၍ရပေသည်။ ရိုးတံမှ အပေါ်လွှာကို ဖယ်လိုက်လျှင် ပန်း၏ရနံ့ကို ထုတ်လွှတ်ပေးသော အရာကို တွေ့ပေလိမ့်မည်။


ပန်း၏ အဆိပ်က ၎င်း၏ ရနံ့မှမလာပဲ ပွင့်ချပ်များမှသာ လာခြင်းဖြစ်သည်။ ၎င်း၏ ရနံ့ကလူများကို ၎င်းကို ထိတွေ့လာရန် ဆွဲဆောင်ပြီး အကယ်၍ ထိုလူက ထိလိုက်ပါက ကြယ်ကိုးပွင့် အစစ်အမှန်မသေမျိုးကိုပင် သတ်နိုင်သော အရောင်မဲ့ အနံ့မဲ့သော အဆိပ်ကြောင့် အဆိပ်မိသွားမည်သာဖြစ်သည်။


သို့သော် ၎င်း၏ ရနံ့က လူကို မထိခိုက်စေပေ။


ပုဖန်က ကြွေပုလင်းအသေးလေးထုတ်လိုက်ပြီး အဖုံးဖွင့်လိုက်သည်။ ရုတ်ချည်းပင် ပုလင်းထဲမှ ပြင်းထန်လှသော မွှေးရနံ့တို့ လွင့်ပျံလာပြီး မှုန်ပြပြရွှေရောင်အလင်းတန်းကလည်း ထွက်ပေါ်လာသည်။


၎င်းက လိုအပ်နေသည့် အမွှေးအကြိုင် ရို့စ်မယ်ရီပင်ဖြစ်သည်။


၎င်းက အလွန်မွှေးကြိုင်လှသည်။ ပုဖန်ပင်လျှင် မလွန်ဆန်နိုင်ပဲ မွှေးရနံ့ထဲတွင် နစ်မွန်းသွားရသေးသည်။ 


သို့သော် သူက စားဖိုမှူးတစ်ယောက်ဖြစ်၍ သူ၏နတ်ဘုရားအာရုံမှာ သန်မာလှသည်။ မကြာခင်တွင် သူ့ကိုယ်သူ ပြန်ထိန်းလိုက်နိုင်သွားသည်။


သူက လက်မနှင့် လက်ခလယ်ကိုသုံးပြီး ပုလင်း၏ လည်တိုင်နေရာမှကိုင်၍ ပုလင်းဝကို လက်ညှိုးဖြင့်ခပ်ဖွဖွထိကာ အနည်းငယ် စောင်းချလိုက်သည်။


ပုလင်းထဲမှ ရို့စ်မယ်ရီတို့က ခုန်ထွက်လာပြီး သိုးခြေထောက်ပေါ် ကျဆင်းသွားသည်။


ဟင်းခတ်အမွှေးအကြိုင်တွင် ဆွဲဆောင်မှုရှိသော ရွှေရောင်ဖျော့ဖျော့အရောင်ရှိပြီး သိုးခြေထောက်တစ်ခုလုံးကို ရွှေအလွှာဖြင့် ဖုံးသွားသည့်အလား ဖြစ်နေသည်။


ဆက်လက်ကင်နေလေလေ တရှဲရှဲမြည်သံတို့က ပိုမိုက ကျယ်လောင်လာလေဖြစ်ပြီး သိုးခြေထောက်တစ်ခုလုံး ရွှေရောင်လွှမ်းလာကာ အသားရနံ့တို့ စတင်ပျံ့လွင့်လာသည်။


အလွန်မွှေးပျံ့သည့် ရနံ့လေးဖြစ်သည်။ အသား၏ အရည်အသွေးကြောင့် ပထမဆုံးပျံ့လွင့်လာသည့် ရနံ့ကပင် သင်းပျံ့လာပြီး သွားရည်တောက်တောက်ကျလာပြီး ခုခံမှုကင်းမဲ့သွားနိုင်သည်။


"အတော်လေး အရသာရှိတဲ့အနံ့ပဲ..."

ပုဖန် ပြောလိုက်သည်။


နောက်ထပ် အဆင့်တစ်ခုက အနည်းငယ် ပိုရှုပ်ထွေးပြီး မီးဖိုထဲတွင် လုပ်၍မရသောကြောင့် အပြင်သို့ ထုတ်မှရပေမည်။


ပုဖန် ခန်းဆီးစကို မြှောက်လိုက်ပြီး မီးဖိုထဲမှထွက်လာသောအခါ ခေါင်းလောင်းမြည်သံလေး ထွက်ပေါ်လာသည်။


သူထွက်လာသည်နှင့် ရို့စ်မယ်ရီ၏ မွှေးပျံ့လှသော ရနံ့နှင့် သိုးခြေထောက်ရနံ့က လေထဲသို့ ချက်ချင်းပျံ့နှံ့သွားပြီး လူတိုင်း၏ အာရုံကိုဆွဲဆောင်သွားသည်။


ထိုင်ခုံတွင်ထိုင်ပြီး အေးအေးဆေးဆေး အနားယူနေကြသောလူများက ချက်ချင်း မတ်တတ်ထလာကြသည်။


မြေခွေးလေးကလည်း ထိုမွှေးရနံ့ကို တောင့်မခံနိုင်၍ သိုးခြေထောက်နားသို့ အလင်းတန်းတစ်ခုအလား ပြေးဝင်လာခဲ့သည်။


ပုဖန်က လက်မြှောက်၍ သူမ၏နှဖူးလေးကို တောက်ချလိုက်၍ သူမကို စားပွဲခုံပေါ်တွင် လူးလှိမ့်သွားစေသည်။ ခဏမျှလူးလှိမ့်ပြီးနောက်တွင် ကြောင်စီစီလေး ပြန်ထလာသည်။


ထို့နောက် ပုဖန်က အကင်စင်ကို စားပွဲပေါ်တင်ပြီး နတ်ဘုရားသတ်တုတ်ကို လှန်ချလိုက်သည်။ ဖြေးဖြေးချင်း သိုးခြေထောက်က ပြောင်းပြန်လန်သွားလေသည်။


ရှဲ 


မြေဆွဲအားကြောင့် ရွှေရောင်အသားရည်များက ခြေထောက်၏ မျက်နှာပြင်ပေါ် စီးကျလာပြီး မီးတောက်များထဲကိုပါ ကျဆင်းလာပြီး ချက်ချင်းအငွေ့ပျံသွား၍ အသားရနံ့က ပိုမိုမွှေးပျံ့လာသည်။


ပုဖန်လက်ထဲတွင် ဓားမြှောင်တစ်ချောင်းပေါ်လာသည်။ သူက ထိုဓားမြှောင်ကို သိုးသားအပေါ် ခပ်ဖွဖွထိုးပြီး အသားကျက်မကျက် စမ်းလိုက်သည်။


ရှီးရှီးက သူ့ဘေးတွင်ရပ်နေပြီး သေသေချာချာကြည့်နေသည်။ သူမက ပုဖန်၏ လှုပ်ရှားမှုများမှ သိမ်မွေ့မှုများကို ခံစားနေရသည်။ သူ မီးတောက်များကို ထိန်းချုပ်သည့်အချိန်၊ အသားထဲဓားမြှောင်ထိုးသွင်းသည့်အချိန် အရာတိုင်းက သိမ်မွေ့လှပေသည်။


လူတိုင်းက ပုဖန်ကို အလည်တွင်ထားပြီး ဝိုင်းပတ်ကာ ထိုင်လိုက်ကြသည်။ ၎င်းက မသေမျိုးစားဖိုမှူးဆိုင်ငယ်လေးတွင် စားပွဲခုံထိုင်ခုံတို့ ထားရာနည်းဖြစ်ပြီး အတော်လေး ဆန်းကျယ်လှပေသည်။ 


လူတိုင်းက မီးဖိုအထက်ရှိ အကင်စင်ပေါ်တွင်တင်ထားသော သိုးခြေထောက်ကို ကြည့်နေကြသည်။


ခဏအကြာတွင် အသား၏ပန်းသေရောင်သန်းနေမှုက ပျောက်ကွယ်သွားပြီး ရွှေရောင်ဖျော့ဖျော့ဖြင့်အစားထိုးသွားသည်။


ရွှေရောင်ဖျော့အသားထံမှ မွှေးကြူလှသည့် အသားရနံ့တို့ ပျံ့လွင့်လာသည်။ သို့သော် ၎င်းကို စားရန်မှာ အဆင်သင့်မဖြစ်သေးပေ။


အကင်ကင်ခြင်းလုပ်ငန်း ဆက်လက် လုပ်ကိုင်နေလေသည်။


လေထုထဲတွင် ဟင်းခတ်အမွှေးအကြိုင်ရနံ့တို့ ပြည့်နှက်သွားပြီး လူတိုင်းကို ဆာလောင်သွားစေသည်။


နယ်ပယ်သခင်တိထိုက်ပင်လျှင် သိုးခြေထောက်ကို မျက်လုံးကြီးပြူး၍ကြည့်နေပြီး သက်ပြင်းရှိုက်မိလိုက်သည်။


"မင်း ဟင်းခတ်အမွှေးအကြိုင်တွေ သုံးထားတယ်မလား..."

သူပုဖန်ကို လှည့်ကြည့်ပြီး မေးလိုက်သည်။


ပုဖန် ခေါင်းငြိမ့်ပြလိုက်သည်။ ရို့စ်မယ်ရီကဲ့သို့သော ဟင်းခတ်အမွှေးအကြိုင်များမှာ သိုးခြေထောက်ကင်အတွက် မရှိမဖြစ်အရေးပါလှသည်။


"ဟင်းပွဲတွေအတွက် ဟင်းခတ်အမွှေးအကြိုင်ဆိုတာက အကြီးမားဆုံး အစိတ်အပိုင်းပဲ... ဒါပေမဲ့ မသေမျိုးချက်ပြုတ်ခြင်းနယ်ကယ်မှာ သူတို့ကို ပြုလုပ်ဖို့ စနစ်ကျတဲ့ နည်းလမ်းမရှိခဲ့ဘူး... အရင်တုန်းက ဟင်းခေတ်အမွှေးအကြိုင်ကို အထူးပြုလေ့လာတဲ့ ချီလင်စားဖိုမှူးတစ်ယောက် ရှိခဲ့ဖူးတယ်.. ဒါပေမဲ့ သူ့ကို ဘုံကိုးပါးနယ်သာစားဖိုမှူးမျိုးနွယ်က သတ်လိုက်ကတည်းက ဟင်းခတ်အမွှေးအကြိုင်တွေရဲ့ ပြုလုပ်နည်းက လုံးဝပျောက်ဆုံးသွားခဲ့တယ်..."

နယ်ပယ်သခင် တိထိုက်သက်ပြင်းချလိုက်သည်။ ထို့နောက်တွင် ရွှေရောင်အလင်းလွှာတို့ ဖုံးအုပ်နေသော သိုးခြေထောက်ကင်ကို ကြည့်လိုက်သည်။


အမွှေးအကြိုင်တို့၏ရနံ့က သူ့နှာခေါင်းပေါက်ထဲဝင်လာပြီး သူ့ကို သက်တောင့်သက်သာရှိစေသည်။


"ကျုပ်လည်း ဟင်းခတ်အမွှေးအကြိုင်တွေအကြောင်း အများကြီးမသိဘူး..."

ပုဖန် ဝန်ခံလိုက်သည်။


ဟင်းခတ်အမွှေးအကြိုင်များဆိုသည်မှာ အစားအသောက်များအတွက် ကြီးမားသည့် အစိတ်အပိုင်းကြီးပင်။ အချို့စားဖိုမှူးများအတွက် သူတို့တွင် ဟင်းခတ်အမွှေးအကြိုင်များရှိနေပါက အရေအသွေးအနိမ့်ဆုံး ဟင်းပွဲကိုပင် ကမ္ဘာပေါ်တွင် အရသာအရှိဆုံး ဟင်းပွဲဖြစ်အောင် ချက်ပေးနိုင်သည်။


ဟင်းခတ်အမွှေးအကြိုင်ဆိုသည်မှာ စားဖိုမှူးများအတွက် အခရာသာဖြစ်သည်။


ပုဖန်က အမွှေးအကြိုင်များရောစပ်ခြင်းတွင် သူစိမ်းသက်သက်သာဖြစ်သည်။ အဆုံးတွင် သူက ထိုအကြောင်းကို အသ‌အချာမလေ့လာဖူးပေ။


မတူညီသည့်ဟင်းခတ်အမွှေးအကြိုင်များကို ပေါင်းစပ်ခြင်းနှင့် အသုံးပြုရမည့် ပမာဏက ရောနှောပြီးသား ဟင်းခတ်အမွှေးအကြိုင်များ၏ ရနံ့ကို ပိုမိုကောင်းမွန်စေသည်။


ထို့ကြောင့် ဟင်းခတ်အမွှေးအကြိုင်များ အသုံးပြုရာတွင် ထူးချွန်သော စားဖိုမှူးများမှာ ရှားပါးလှခြင်းဖြစ်သည်။


အချိန်အချို့ကြာသောအခါ သိုးခြေထောက်က နီရွှေရွှေအရောင်ပြောင်းသွားသည်။ ၎င်းက လုံးဝကျက်သွားသော အသားတစ်တစ်ခု၏ အရောင်ဖြစ်ပေသည်။


ချက်ပြုတ်ခြင်းက နောက်ဆုံးသော အဆင့်ရောက်နေလေပြီ။


ကျန်ရှိနေသော ဟင်းခတ်အမွှေးအကြိုင်များအားလုံးကို သိုးခြေထောက်ပေါ်တွင် ဖြူးချပြီးသည်နှင့် ပုဖန်က အဆင့်မြှင့်ထားသည့် ပူစပ်စပ်ငရုတ်နှစ်ကို ထုတ်ယူလိုက်သည်။


သူက ငရုတ်သီးအနှစ်ကို စားပွဲတင်ဇွန်းတစ်ဇွန်းစာထုတ်ယူပြီး ကြွေပန်းကန်ထဲထည့်ကာ သိုးဆီများဖြင့် ရောမွှေလိုက်သည်။ ထို့နောက် စုတ်တံတစ်ခုထုတ်ယူကာ ငရုတ်သီးအနှစ်ထဲနှစ်လိုက်ပြီး သိုးခြေထောက်ပေါ် သုတ်လိမ်းတော့သည်။


ရှဲ


ဆီများက မီးတောက်ထဲကျသွားပြီး အငွေ့ပျံသွားကာ အသားနံ့ရောနေသည့် အစပ်နံ့ကို ထုတ်လွှတ်ပေးလာသည်။


အလွန်အရသာရှိမည့် ရနံ့လေးပင်။


လူအုပ်ကြီးက စိတ်မထိန်းနိုင်တော့ပဲ တံတွေးသာ မျိုချနေကြရသည်။


မြေခွေးလေးက လှုပ်ရှားရန်ပြင်လိုက်သော်လည်း ပုဖန်၏ မျက်ဆောင်းကိုခံယူလိုက်ရ၍ ဘောလုံးလေးလို ကွေးသွားခဲ့သည်။


ခွေးဘုရင်ကလည်း မျက်လုံးများ တောက်ပနေကာ လျှာတစ်လစ်ဖြစ်နေသည်။ ပုဖန်ကို သိုးခြေထောက်ပေးလိုက်ခြင်းမှာ အကောင်းဆုံး ဆုံးဖြတ်ချက်ဖြစ်ကြောင်း သူသိပေသည်။ ၎င်း၏ ရနံ့မှာ လုံးဝကို ခုခံနိုင်စွမ်းအားမဲ့စေသည်။


ဝုန်း


အင်မော်တယ်စားဖိုမှူးဆိုင်ငယ်လေးအပြင်တွင် တိမ်မဲများစုဝေးလာသည်၏။ ဤတစ်ကြိမ်တွင် ၎င်းတို့က အလွန်ထူပိန်းနေသည်။


မျက်စိတစ်မှိတ်အတွင်း ပထမအလွှာတစ်ခုလုံးကို တိမ်မဲတို့ လွှမ်းခြုံသွားသည်။


လူတိုင်းက ကောင်းကင်ပေါ်ကို ထိတ်လန့်တကြား မော့ကြည့်နေကြသည်။ အင်မော်တယ်စားဖိုမှူးတစ်ယောက်က စားဖွယ်ရာတစ်ခုကိုချက်ခဲ့၍ မိုးကြိုးပြစ်ဒဏ်နှင့် ရင်ဆိုင်ရတော့မည်ဖြစ်ကြောင်း သူတို့သိနေကြသည်။


သို့သော်


ဤပြစ်ဒဏ်၏ ပမာဏက အတော်လေး ပုံမှန်မဆန်လှပေ။


ကုန်းရှို့ပန်နှင့် အခြားလူများက ထိုမိုးကြိုးတိမ်တိုက်များကိုကြည့်ပြီး အံ့ဩသွားကြသည်။ ခဏအကြာတွင် သူတို့အားလုံး တစ်ခုခုကို မှတ်မိသွားဟန် ပင့်သက်ရှိုက်မိသွားကြသည်။ ထို့နောက် အင်မော်တယ်စားဖိုမှူးဆိုင်ငယ်လေးသို့ ပြေးထွက်သွားကြသည်။


ပိုင်ရှင်ပုက စားဖွယ်တစ်ခုခု ထပ်ချက်ခြင်းဖြစ်နိုင်သည်။


ဝုန်း


ကောင်းကင်ပေါ်ရှိ လျှပ်စီးနဂါးများမှာ ကြေးခွံများကိုပင် အသေအချာမြင်နိုင်လောက်အောင် ကြည်လင်ပြတ်သားလှသည်။


မိုးကြိုးပြစ်ဒဏ်က ရောက်ရှိလာပြီဖြစ်၍ ဟင်းပွဲက ပြီးပြည့်စုံလုနီးပါးဖြစ်နေပြီဟု ဆိုလိုခြင်းဖြစ်သည်။


ပုဖန်က သိုးခြေထောက်ကင်၍ ပြီးတော့မည်ဖြစ်သည်။ သို့သော် သူက အရံဟင်းများကိုပင် စီစဉ်ရန် ကြံစည်ထားသေးသည်။


သူ အမြီးရှည်ကြက်သွန်များစွာကို ထုတ်ယူလိုက်ပြီး ရေဆေးကာ ကြွေပန်းကန်ပြားပေါ် တင်လိုက်သည်။


ကြက်သွန်မြိတ်များကို ထပ်ပေါင်းထည့်ပြီး ပုဖန်က ဆန်မှုန့်ပန်ကိတ်များကို ပြုလုပ်ချင်နေသည်။


သူ ကောင်းကင်နှင့် ကမ္ဘာမြေလယ်ယာမြေမှ ရိတ်သိမ်းထားသည့် မွှေးပျံ့သော ဆန်များကို ထုတ်ယူလိုက်သည်။


ဆန်များကို ပန်းကန်လုံးထဲထည့်လိုက်ပြီး အမှုန့်ကြိတ်ကာ ရေနှင့်ရောလိုက်ပြီး ဂျုံလုံးကဲ့သို့ အလုံးလေးများ လုံးလိုက်သည်။ ထို့နောက်တွင် မီးဖိုအောက်သို့ ထားလိုက်ပြီး ၎င်းတို့၏ မျက်နှာပြင်ပေါ်မှ အဖြူရောင်ပူဖောင်းတို့ ထလာသည်အထိ ဖုတ်ထားလိုက်သည်။


ပန်ကိတ်၏ အောက်ခြေက အနည်းငယ်အဝါရောင်သန်းလာပြီး မျက်နှာပြင်ပေါ်တွင် အဖြူရောင်ပူဖောင်းအချို့ထလာလျှင် အဆင်သင့်ဖြစ်ပြီဟု ဆိုလိုခြင်းဖြစ်သည်။


သူ တစ်ခုပြီးတစ်ခု ပြန်ယူလိုက်ပြီး ကြွေပန်းကန်ပြားပေါ် တင်လိုက်သည်။


ထို့နောက် ပုဖန်က ဆော့စ်ဆက်လုပ်လေသည်။


ဆော့စ်လုပ်နေရင်းနှင့် သိုးခြေထောက်ကိုလည်း လှန်ပေးနေ၍ အသားရနံ့ကလည်း ပိုမိုပျံ့လွင့်လာသည်။


ရွှေရောင်အဆင်းရှိပြီး မွှေးပျံ့နေသော သိုးခြေထောက်က လုံးဝကျက်သွားဘေပြီဟ


လက်ဖျောက်တစ်ချက်တီးလိုက်သောအခါ အဖြူရောင်မီးတောက်က ပုဖန်လက်ချောင်းပေါ် ရောက်လာခဲ့သည်။ သူတစ်ချက်မှုတ်ထုတ်လိုက်သောအခါတွင် ငြိမ်းသွားရသည်။


မီးတောက်ကို ငြှိမ်းသက်ပြီးနောက်တွင် ဟင်းပွဲက စားသုံး၍ရလေပြီ။


အချိန်အတော်ကြာ စောင့်ဆိုင်းခဲ့ရသော သိုးခြေထောက်ကင် ပြီးဆုံးသွားခဲ့ပြီဖြစ်သည်။