အပိုင်း ၁၁၇၅
Viewers 53k

အခန်း ၁၁၇၅

သိုးခြေထောက်ကင်


သစ်သီးအခွံနွှာခြင်းသည် အတော်လေးကျွမ်းကျင်မှုရှိမှရမည့် အရာမျိုးဖြစ်သည်။


၎င်းက ကျောက်လောင်းကစားလုပ်ရသလိုပင်။ ကျောက်ရိုင်းများကိုဝယ်ယူရန် လေ့ကျင့်ရပြီး ဖွင့်ကြည့်လိုက်သောအခါ အထဲတွင် အဖိုးတန်ကျောက်မျက်အချို့ရှိနေမည်ဟု မျှော်လင့်ရသလိုမျိုးဖြစ်သည်။ ထို့ကြောင့် သစ်သီးများကိုဂရုတစိုက်ခွာရပြီး ပျက်ဆီးခြင်းမရှိအောင်လုပ်ရသည်။


ပုဖန်က ကျောက်လောင်းကစား ဘယ်လိုလုပ်သလဲ မသိသော်လည်း သူ့တွင် ဓားစွမ်းရည်ရှိသည်။ သူ၏ နတ်ဘုရားစိတ်အာရုံနှင့်အတူဆိုလျှင် ပြီးပြည့်စုံစွာ လှီးဖြတ်နိုင်ပေလိမ့်မည်ဖြစ်သည်။


သစ်သီးမှ ခုနစ်ရောင်ခြယ်အခွံက ကွာကျသွားသည်။


ပုဖန်က မသေမျိုးသစ်ပင်၏ စိတ်ဝိဉာဉ် သူ့ကိုပေးခဲ့သောအရာကို သိချင်နေမိသည်။


အခြားလူများကလည်း လက်ဆောင်က တဖြေးဖြေးပွင့်လာသည်ကို မျက်လုံးပြူး၍ကြည့်နေကြသည်။


ရုတ်တရက်


"အဲ့တာပဲ..."

နယ်ပယ်သခင်တိထိုက်က အော်ပြောလိုက်ပြီး သူ၏မျက်လုံးများက တောက်ပနေသည်။


ပုဖန်လက်ထဲရှိ နဂါးအရိုးမီးဖိုချောင်သုံးဓားကလည်း ချက်ချင်းရပ်သွားရသည်။


"ဘာကြီးလဲ... မင်းကို မသေမျိုးသစ်ပင်ပေးသွားတာက ဘာကြီးလဲ..."

ပတ်ပတ်လည်မှလူများကလည်း စိတ်မရှည်စွာ မေးလာကြသည်။


ပုဖန်က အသားများကို သူ့လက်နှင့်ဖယ်လိုက်သောအခါ လက်ဆောင်ကို တဖြေးဖြေးမြင်လာရသည်။


၎င်းက ရွှေရောင်ဥတစ်လုံးပင်။


၎င်းက သန့်စင်လှသည့်ရွှေဖြင့် ပြုလုပ်ထားသလို တောက်ပနေပြီး အလွန်အမင်း တန်းဖိုးကြီးလှသည့်ပုံ ပေါ်နေသည်။


ဥထဲမှ အလွန်စွမ်းအားကြီးလှသည့် အသက်စွမ်းအင်သာမရှိလျှင် ပုဖန်က မသေမျိုးသစ်ပင်က သူ့ကို အလှဆင်ပစ္စည်းတစ်ခု ပေးခဲ့သည်ဟုပင် ထင်မိသွားပေမည်။


"ရွှေရောင်ဥတစ်လုံး..."


သူသာမက နယ်မြေသခင်တိထိုက်ရော အခြားလူများပါ စိတ်ရှုပ်သွားရသည်။ သူတို့အားလုံးက ၎င်းကို ဥတစ်လုံးဖြစ်နေမည်ဟု မထင်ခဲ့ကြချေ။


"ကြည့်ရတာ... နဂါးဥလိုပဲ..."

ခွေးဘုရင်၏ မျက်လုံးများက တောက်ပလာပြီး ထိုရွှေရောင်ဥကိုကြည့်ရင်း သွားရည်များပင် ကျလာသည်။


ထို့နောက် ၎င်းမှထုတ်လွှတ်နေသော အော်ရာကို အနံ့ခံကြည့်လိုက်သည်။ သူ၏မျက်လုံးများက ပိုမိုတောက်ပလာခဲ့သည်။

"နဂါးဥတွေက အကောင်းဆုံးပဲ... ပြုတ်ပြုတ်ကြော်ကြော် အရမ်းစားကောင်းတယ်..."


ပုဖန် သူ့ကိုမျက်စောင်းသာထိုးလိုက်သည်။

ဒီခွေးက အစားအသောက်ကိုပဲ ဂရုစိုက်တာလား...


"တကယ်သာ နဂါးဥဆိုရင် ဥပေါက်အောင်လုပ် ပျိုးထောင်ပေးလိုက်ရင် နဂါးအသားစားဖို့မပြတ်တော့ဘူးလေ..."

ပုဖန်က အကြံပြုလိုက်သည်။


သူ၏ အကြံပြုချက်က အတော်လေးအဓိပ္ပါယ်ရှိလှ၍ ခွေးဘုရင်ပင် တိတ်ဆိတ်သွားရသည်။


ခဏအကြာတွင် ပုဖန်က သူ၏ အစွမ်းအသစ်တစ်ခု အသက်ဝင်လာပြီဟု ခံစားလိုက်ရသည်။ အဘယ်ကြောင့်ဆိုသော် သူ၏ လိမ်ညာရေးစွမ်းရည်က အတော်လေးကောင်းလာ၍ဖြစ်သည်။


သူ သူတော်စင်ငယ်နှစ်ယောက်ကို လိမ်ညာခဲ့ပြီး အခုတွင် ခွေးဘုရင်ကိုပင် လှည့်ဖျားခဲ့သည်။


ရွှေရောင်ဥကိုချက်သင့်သည် မချက်သင့်ဘူးဟူသော ခွေးတစ်ကောင်နှင့် လူတစ်ယောက်၏ဆွေးနွေးမှုက နယ်ပယ်သခင်တိထိုက်နှင့် အခြားလူများကို ဆွံ့အသွားစေသည်။


မသေမျိုးသစ်ပင်၏ စိတ်ဝိဉာဉ်က အတော်ဆိုးသည့် ဆုံးဖြတ်ချက်တစ်ခုကို ပြုလုပ်ခဲ့ပုံပင်။ ၎င်းက ပုဖန်ကို နဂါးဥတစ်လုံး မပေးခဲ့သင့်ပေ။


ပုဖန်က စားဖိုမှူးတစ်ယောက်ဖြစ်ပြီး သူ့နောက်ကို အစားကြူးသော ခွေးတစ်ကောင်က လိုက်နေသေးသည်။ 

သူတို့နှစ်ယောက်လက်ထဲရောက်မှတော့ နဂါးဥက ဘယ်လိုလုပ်အဆုံးသတ်ကောင်းတော့မတုန်း...


နယ်ပယ်သခင်တိထိုက်နှင့် အခြားလူများက ထိုကြောက်မက်ဖွယ်အတွေးကြောင့် ပင့်သက်ရှိုက်မိသွားကြသည်။


၎င်းက တစ်မူထူးခြားသည့် နဂါးဥတစ်လုံးဖြစ့သည်။ ၎င်းတွင် ခုဏက ပုဖန်ပစ်လွှတ်ခဲ့သော ဆွေးမြေ့အိုးထက် ပို၍ကြောက်မက်ဖွယ်ကောင်းသော စွမ်းအင်ပမာဏတို့ပါဝင်နေသည်။ ၎င်းက မသေမျိုးချက်ပြုတ်ခြင်းနယ်ပယ်တစ်ခုလုံးမှ စွမ်းအင်များကို စုဆောင်းထားသည့်ပုံပင်ဖြစ်သည်။ 


မသေမျိုးသစ်ပင်ကပုဖန်ကို လက်ဆောင်ကောင်းတစ်ခု ပေးခဲ့သည်။


နယ်ပယ်သခင်တိထိုက်က ပုဖန်ကိုကြည့်လိုက်သည်။ ခွေးဘုရင်နှင့် ပုဖန်တို့က နဂါးဥကို ဥပေါက်အောင်လုပ်သင့်သည် ချက်စားသင့်သည် ဟူ၍ ဆက်လက်ငြင်းခုန်နေကြဆဲဖြစ်ကြောင်း မြင်လိုက်ရ၍ ဆွံ့အသွားရပြန်သည်။


ဒါနဂါးဥလေ... သူတို့ တန်ဖိုးထားသင့်တာမဟုတ်ဘူးလား....


အချိန်အတော်ကြာ ဆွေးနွေးပြီးနောက်တွင် လူတစ်ယောက်နှင့် ခွေးတစ်ကောင်တို့ ငြင်းခုန်နေရာမှ ရပ်လိုက်ကြတော့သည်။


ပုဖန်က ထိုဥကို လယ်ယာမြေထဲပို့လိုက်ပြီး နျိုဟန်ဆန်းကို အကောင်ဖောက်ခိုင်းလိုက်သည်။ ထို့နောက် မီးဖိုချောင်ထဲ ဝင်သွားလိုက်သည်။ သူက ဝိုင်ပါဝင်သော ဟင်းပွဲအချို့ကိုချက်ပြီး လူတိုင်းကို စိတ်သက်သာရာရအောင် ပြုလုပ်ပေးရန် ပြင်ဆင်လိုက်သည်။


ရှီးရှီးက သူ့နောက်ကလိုက်၍ မီးဖိုချောင်ထဲ ဝင်သွားလေသည်။ ပုဖန်ချက်ပြုတ်နေသည်ကိုကြည့်ရင်း သင်ယူရသည်မှာ အံ့ဖွယ်အရာတစ်ခုဖြစ်သည်။


ဟင်းပွဲများကို ပြင်ဆင်ရန် မခက်ခဲပေ။ သိပ်မကြာခင်တွင် မီးဖိုချောင်ထဲမှ မွှေးရနံ့တို့ လွင့်ပျံလာသည်။


၎င်းက ပြင်းထန်လှသည့် ရနံ့တော့ ဟုတ်မနေပေ။


ပုဖန်က လက်ထဲတွင် ဟင်းနှစ်ပွဲကိုကိုင်၍ ထွက်လာခဲ့ပြီး စားပွဲပေါ်တင်လိုက်သည်။


လူတိုင်းက သူနားတွင် ဝိုင်းဖွဲ့ကာ လာထိုင်ကြတော့သည်။


ဟင်းပွဲများက ရိုးစင်းကြသည်။ မုန်လာဥ ပဲငံပြာရည်စိမ်ဖြစ်ပြီး နောက်တစ်ခုက နတ်ဆိုးအမဲသားပြုတ်ဖြစ်သည်။


ပုဖန်က ဖြူပြာရောင် ကြွေခွက်လေးများကို ထုတ်ပြီး လူတိုင်းအတွက် ဝိုင်ထည့်ပေးလိုက်သည်။


ခွက်ထဲတွင် ဝိုင်မြှုပ်တို့ထနေကာ စွဲမက်ဖွယ်ရနံ့များကို ထုတ်လွှတ်နေသည်။ တစ်ချက်မျှအနံ့ခံလိုက်ရုံဖြင့် ပခုံးများပင် ပြေလျော့သွားပြီး သက်တောင့်သက်သာဖြစ်သွားပေလိမ့်မည်။


"မွေးလိုက်တဲ့ ဝိုင်ရနံ့..."


လူအုပ်ကြီးက ဝိုင်ရနံ့ကို အနံ့ခံပြီးသည်နှင့် ချီးကျုးလိုက်ကြသည်။ လူတိုင်းက ပုဖန်တွင် ဝိုင်ကောင်းကောင်းရှိသည်မှန်း သိကြသော်လည်း မြည်းစမ်းကြည့်ရန်မှာ မလွယ်လှပေ။


သူတို့က အချင်းချင်းခွက်တိုက်လိုက်ကြပြီး ဝိုင်ကိုအရသာခံကာ ပန်းကန်ပြားထဲမှ အမြည်းများကို တစ်ခုပြီးတစ်ခု နှိုက်စားကြသည်။


တိုက်ပွဲက လူတိုင်းကို အားအင်ကုန်ခမ်းစေသော်လည်း ဝိုင်တစ်ခွက်ဖြင့် သူတို့၏ ပင်ပန်းမှုများကို ဆေးကြောနိုင်သွားသည်။ ယခုတွင် သူတို့ အတော်လေး သက်တောင့်သက်သာဖြစ်သွားကြလေပြီ။


ပုဖန်က ဝိုင်ကို တစ်ချက်တည်းမော့သောက်လိုက်သည်။ တွယ်တာရာမဲ့စမ်းချောင်းဝိုင် တစ်ခွက်က သူ့ခန္ဓာကိုယ်ကို ပူနွေးသွားစေပြီး သူ့မျက်နှာကို ခပ်ဖျော့ဖျော့လေး နီရဲသွားစေသည်။


ဝိုင်တွင် မောပန်းနွမ်းနယ်မှုပပျောက်စေပြီး စိတ်ကို သက်တောင့်သက်သာရှိစေသော အကျိုးများရှိပြီး လူတိုင်းအပေါ် သက်ရောက်မှုရှိပေသည်။


သို့သော် သူ၏ဝိုင်ကိုသောက်ပြီးနောက်တွင် ပုဖန် ခပ်ဖွဖွသက်ပြင်းချလိုက်သည်။


သူ၏ အင်အားကတိုးမြှင့်လာ၍ သူ၏ဝိုင်ခံနိုင်ရည်ကလည်း မြင့်သည်ထက် မြင့်လာပေသည်။


အတိတ်တုန်းက တွယ်တာရာမဲ့စမ်းချောင်းဝါဝိုင်က သူ့ကိုစိတ်ကျေနပ်စေသော်လည်း ယခုသူ၏ကျင့်ကြံဆင့်က ကြယ်ကိုးပွင့် စစ်မှန်မသေမျိုးအဆင့်သို့ရောက်နေပြီဖြစ်၍ အရွက်တစ်ရွက် စမ်းချောင်းဝါမြက်နှင့် တွယ်တာရာမဲ့ပန်းတို့က သူ့အပေါ်သက်ရောက်မှု မရှိတော့ချေ။


အနည်းဆုံး စမ်းချောင်းဝါမြက်နေရာတွင်ပိုအဆင့်မြင့်သော ပါဝင်ပစ္စည်းတစ်ခုခုဖြင့် အစားထိုးရပေမည်။


လူအုပ်ကြီးက ဝိုင်သောက်ရင်း စကားပြောကြလေသည်။


ပုဖန်က သူတို့နှင့် အချိန်ကြာကြာမနေခဲ့ပေ။ ခဏအကြာတွင် မီးဖိုချောင်ထဲပြန်သွားလိုက်ပြီး ကောင်းကင်ကမ္ဘာမြေ လယ်ယာမြေထဲ ပြန်ဝင်လိုက်သည်။ 


သူ သစ်သားအိမ်ထဲသို့ ဝင်လိုက်သည်နှင့် ညင်သာကာ အေးမြသော လေညင်းတို့က လာရောက်နှုတ်ဆက်ကြသည်။


နျိုဟန်ဆန်းက ရွှေရောင်နဂါးဥကိုကြည့်နေသည်။ သူ့တစ်ဘဝလုံးတွင် ရွှေရောင်နဂါးဥကို တစ်ခါမှမမြင်ဖူးခဲ့ချေ။


သူပုဖန်ကို မြင်သောအခါ စိတ်လှုပ်တရှား နှုတ်ဆက်လိုက်သည်။


"ဒါနဂါးဥပဲ.. အကောင်ပေါက်အောင် ကြိုးစားကြည့်...."

ပုဖန်က နျိုဟန်ဆန်းကိုပြောလိုက်သည်။ တစ်ဖက်လူတွင် နဂါးဥကို အကောင်ပေါက်အောင် လုပ်ပေးနိုင်သော အရည်အချင်းရှိမည်ဟု ယုံကြည်နေပေသည်။


နျိုဟန်ဆန်း အံ့ဩသွားရသည်။


၎င်းက အတော်ခက်ခဲသည့် တာဝန်ဖြစ်သော်လည်း သူ့လိုနွားသိုးတစ်ကောင်ကို ကူညီခိုင်းလိုက်ရသည်။


"ဘာပဲဖြစ်ဖြစ် ကျုပ်ဒီကိုလာတာ နဂါးဥကြောင့်မဟုတ်ဘူး... သိုးခြေထောက်ကြောင့်ပဲ... အခု အဲ့တာဘယ်မှာလဲ.."

ပုဖန် မေးလိုက်သည်။


သိုးခြေထောက်တဲ့လား... ပိုင်ရှင်ပုက သိုးခြေထောက်အတွက်ရောက်လာတာတဲ့... ကြည့်ရတာ အတော်လေးအရေးကြီးတဲ့ အရာမျိုးဖြစ်လောက်မယ်..


နျိုဟန်ဆန်း မျက်တောင်ခတ်လိုက်ပြီး ပုဖန်ကို သစ်သားအိမ်ထဲခေါ်သွားလိုက်သည်။


သိုးခြေထောက်ကို ထောင့်ထဲတွင် ပစ်ထားလေသည်။


ပုဖန်က နျိုဟန်ဆန်းက သိုးခြေထောက်ကို ဖြစ်သလို ထောင့်တစ်နေရာတွင် ပစ်ထားကြောင်းတွေ့ရ၍ နှုတ်ခမ်းမတွန့်ပဲ မနေနိုင်တော့ပေ။


ထိုသိုးခြေထောက်ကာ မဟာသူတော်စင်တစ်ယောက်၏ ခြေထောက်ဖြစ်ပြီး အဖိုးမဖြတ်နိုင်သော ပါဝင်ပစ္စည်းဖြစ်သည်။ သို့သော် နျိုဟန်ဆန်းက ၎င်းကို အသုံးမဝင်သည့်အရာတစ်ခုလို ထောင့်ထဲပစ်ထားလေသည်။


သိုးခြေထောက်ကို ကိုင်ထားရင်းနှင့် ပုဖန်တစ်ယောက် ငိုရခက်ရယ်ရခက်ဖြစ်နေသည်။


သိုးခြေထောက်အပြင် ပုဖန် လယ်ယာမြေထဲသို့လာခဲ့ရသည့် အကြောင်းအရင်းတစ်ခု ရှိသေးပေသည်။ သူ့ကို စနစ်မှပေးခဲ့သော ဘုံကိုးပါးမဟာလမ်းစဉ် လက်ဖက်ပင်၏ အစေ့များကိုလည်း စိုက်ပျိုးချင်နေသေးသည်။ 


နာမည်ဖြင့်ပင် ၎င်းက သာမန်မဟုတ်သော အပင်ဖြစ်ကြောင်း သိနိုင်သည်။


ပုဖန်က ၎င်းကို အရမ်းကြီးအာရုံစိုက်မနေပဲ ဤနေရာတွင်စိုက်လျှင် ကောင်းမည်ဟုသာ တွေးမိခြင်းဖြစ်သည်။


ကောင်းကင်ကမ္ဘာမြေလယ်ယာမြေတွင် အသက်စမ်းချောင်း၏ အရင်းအမြစ်ရှိသည်။ ထို့ကြောင့် ဤနေရာက ဘုံကိုးပါးမဟာလမ်းစဉ် လက်ဖက်ပင်စိုက်ရန် အကောင်းဆုံးနေရာဖြစ်ကြောင်း သံသယပင်ဝင်စရာမရှိတော့ပေ။


မသေမျိုးသစ်ပင်က သစ်သားအိမ်ရှေ့တွင် တဖြေးဖြေးကြီးမားလာပြီး မနေ့ကထက်ပင် နှစ်ဆမျှကြီးမြင့်လာသည်။ သူတို့စိုက်ထားသည့် နေရာက မသေမျိုးချက်ပြုတ်ခြင်းနယ်ပယ်မှ မသေမျိုးသစ်ပင်နှင့် အနည်းငယ်မျှကွဲပြားနေသည်။


"မသေမျိုးသစ်ပင်ရဲ့ နာမည်က ဘာလဲ... သူတို့မှာနာမည်ရှိသင့်တယ်လေ ဟုတ်တယ်မလား..."


ပုဖန် မသေမျိုးသစ်ပင်ကိုကြည့်လိုက်ပြီး ထိုသို့တွေးမိ၍ စနစ်ကိုမေးလိုက်သည်။


သူ၏ အမြင်အရ စနစ်က အဖြေကိုစိရပေမည်။ အဆုံးတွင် ၎င်းက စွယ်စုံကြမ်းတစ်ခုလိုပင်ဖြစ်သည်။


"စနစ် ဒီမသေမျိုးသစ်ပင်မှာ နာမည်ရှိလား... မိုးမခပင်၊ သစ်တော်သီး၊ သဖန်းပင် အဲ့လိုမျိုးပဲ သစ်ပင်တိုင်းမှာ နာမည်တွေရှိကြတယ်မလား..."

ပုဖန်က မသေမျိုးသစ်ပင်ဘေးတွင် မြေကြီးကိုတူးရင်း မေးလိုက်သည်။


စနစ်က သူ့ကို ချက်ချင်းပြန်မဖြေပေ။


သူ တွင်းတူးပြီး လက်ဖက်စေ့ကိုထည့်ကာ အသက်စမ်းရေကိုလောင်းပြီစမှ စနစ်က ဖြေးဖြေးချင်း ပြန်ဖြေလိုက်သည်။


"မသေမျိုးသစ်ပင်ရဲ့ နာမည်အရင်းက အသင်္ချေရတနာမသေမျိုး သစ်ပင်လို့ခေါ်တယ်... အဲ့တာက အထွတ်အမြတ်နယ်ပယ်မသေမျိုးအဆင့်မှာရှိတယ်... ပြီးတော့ အကြီးမြင့်ဆုံးသော ကျင့်ကြံသူတစ်ယောက်ရဲ့ လက်နက်ဖြစ်ခဲ့ပါတယ်..."

စနစ်၏ အသံကထွက်ပေါ်လာသည်။


ပုဖန်ရပ်တန့်သွားကာ သူ့မျက်လုံးများ တောက်ပသွားသည်။


အသင်္ချေရတနာမသေမျိုး သစ်ပင်တဲ့လား...


အရင်က အကြီးမြင့်ဆုံးသော ကျင့်ကြံသူတစ်ယောက်ရဲ့ လက်နက်တစ်ခုဖြစ်ခဲ့ဖူးတယ်တဲ့လား...


သောက်ကျိုးနည်း...


စနစ်က သူ၏သံသယများကို လျစ်လျူရှုထားကာ အဖြေတစ်ခုသာဖြေပေးလေသည်။


ပုဖန်က ခဏမျှတွေးကြည့်ပြီး မေးလိုက်သည်။

"မသေမျိုးသစ်ပင်ကို ပိုင်ဆိုင်ခဲ့ဖူးတဲ့ အကြီးမြင့်ဆုံးသော ကျင့်ကြံသူက သေသွားပြီလား..."


သူ၏ အင်အားတိုးတက်လာသည်နှင့် စနစ်က သူ၏မေးခွန်းများကို ပိုမိုဖြေကြားပေးလာသည်။ သို့သော် ဤတစ်ကြိမ်တွင်တော့ သူ့ကိုမဖြေပေးတော့ပေ။

"သင့်ရဲ့ အဆင့်က အဖြေကိုသိရဖို့လောက်အထိ မမြင့်သေးပါဘူး..."


ထိုအဖြေက ပုဖန်ကို အတွေးနက်သွားစေသည်။


သူတွေးဆနေချိန်တွင် မြေဆီလွှာထဲမှ အစိမ်းရောင်အပင်လေးပေါက်လာပြီး သစ်ပင်ငယ်လေးအဖြစ် လျှင်မြန်စွာကြီးထွားလာသည်။


၎င်းက လူတစ်ယောက်အရပ်လောက်သာ ကြီးမားလာပြီး ထပ်မံ၍ ကြီးမလာတော့ပေ။


အပင်ငယ်လေးက လက်ဖက်ပင်နှင့်တူသည်။ သို့သော် အရွက်များတွင် အရောင်နှစ်ရောင်သာရှိသေးပြီး အရှေ့နှင့်အနောက်မှာလည်း ကွာခြားလှသည်။


"ဒါဘုံကိုးပါးမဟာလမ်းစဉ် လက်ဖက်ပင်ပေါ့လေ..."


ပုဖန် အသက်ပြင်းပြင်းရှူကာ အပင်နားတွင်လှည့်ပတ်ကြည့်ရှုနေသည်။ သစ်ရွက်များက မရင့်မှည့်ကြသေး၍ ခူးဆွတ်ရန် အချိန်မကျရောက်သေးပေ။


သို့သော် သူက အတော်လေးသိချင်စိတ်ပြင်းနေသော်လည်း ချက်ချင်းကြီး ရိတ်သိမ်းရန် အလျှင်လိုမနေပေ။ သူ နျိုဟန်ဆန်းကို လက်ဖက်ပင်ကို အသေအချာဂရုစိုက်ပေးရန်ပြောခဲ့သည်။


ထို့အပြင် နဂါးဥကိုလည်း လျစ်လျူရှုမထားရန်ပြောလိုက်သေးသည်။


အကယ်၍ သူသာနဂါးဥကို အကောင်ပေါက်အောင် လုပ်နိုင်ခဲ့လျှင် အလွန်စိတ်ဝင်စားဖွယ်ကောင်းပေလိမ့်မည်။


ပုဖန် နျိုဟန်ဆန်းနှင့်စကားပြောနေစဉ်တွင် ကျင်းယွမ်က သစ်သားရေပုံးဖြင့် လယ်ယာမြေထဲတွင်ပေါ်လာခဲ့သည်။ သူမ နွားနို့ယူရန် ရောက်လာခြင်းဖြစ်သည်။


ရေခဲမုန့်လုပ်ရန် နွားနို့အတော်လေးသုံးရပြီး နတ်ဘုရားမမြို့တော်တွင် ရေခဲမုန့်လုပ်ငန်းမှာ အတော်လေး အောင်မြင်နေသည်။ ထို့ကြောင့်လည်း နေ့တိုင်းဤနေရာကိုလာ၍ နွားနို့လာယူနေရသည်။


ကျင်းယွမ်က ပုဖန်ကိုမြင်သောအခါ အတော်လေး စိတ်လှုပ်ရှားသွားရသည်။


သို့သော် ပုဖန်က သိုးခြေထောက်ချက်ရန်ပြန်သွားခဲ့ပြီး မပြန်ခင် သူမနှင့် စကားအနည်းငယ်ပြောခဲ့သည်။


သူပြန်သွားသည်နှင့် နျိုဟန်ဆန်းက ဥဖောက်ရန် ပြင်ဆင်လေတော့သည်။ သူက ထိုတာဝန်ကိုလုပ်ဆောင်ရန် အသိုက်တစ်ခုဆောက်လိုက်သည်။



ပုဖန် ကမီးဖိုချောင်ထဲကို သန်မာလှသော ငရဲစွမ်းအင်နှင့် ဖိအားများစွာ ထုတ်လွှတ်နေသော သိုးခြေထောက်ကိုကိုင်ပြီး ပြန်ရောက်လာခဲ့သည်။


ခွေးဘုရင်၏ ပြောပြချက်အရ ဤသိုးခြေထောက်က မဟာသူတော်စင်အဆင့်တွင် ရှိလောက်ပေသည်။


သူတော်စင်ကြီးက ခွေးဘုရင်နှင့်တိုက်ပွဲတွင် ခြေထောက်ဆွဲဖြုတ်ခံရသော ဘုံကိုးပါးနယ်သာစားဖိုမှူးမျိုးနွယ်မှ ကျင့်ကြံသူတစ်ယောက်ဖြစ်ပေလိမ့်မည်။ 


ယခုတွင် ထိုခြေထောက်က ဟင်းပွဲတစ်ခုဖြစ်လာတော့မည်ဖြစ်သည်။


သိုးခြေထောက်ကို ဘယ်လိုချက်သင့်လဲ...


ပုဖန်က နည်းလမ်းမျိုးစုံကို စဉ်းစားလိုက်သော်လည်း နောက်ဆုံးတွင် မူလအရသာမပျက်စေသည့် နည်းကိုအသုံးပြုရန်သာ ဆုံးဖြတ်လိုက်သည်။


အဓိကအကြောင်းပြချက်မှာ မဟာသူတော်စင်အဆင့်ရှိ ပါဝင်ပစ္စည်းက အဆင့်မြင့်လွန်း၍ ထိုနည်းမှလွဲ၍ အခြားနည်းဖြင့် မချက်နိုင်၍ဖြစ်သည်။


သူက ဒုတိယအဆင့်မသေမျိုးစားဖိုမှူးပင် မဟုတ်သေးချေ။


သူ၏ ချက်ပြုတ်နိုင်သည့်အရည်အချင်းမှာ ဒုတိယအဆင့်မသေမျိုးစားဖိုမှူးအဖြစ် သေချာပေါက်ရောက်ပြီးပြီဖြစ်သည်။ သို့သော်လည်း စနစ်ကသူ့ကို အသိအမှတ်မပြုသေး၍ အကဲဖြတ်ခံရန် အချိန်အချို့ရှာပြီးမှ ဒုတိယအဆင့်မသေမျိုးစားဖိုမှူးအဖြစ့ အဆင့်တက်ရန် ကြံရွယ်လိုက်သည်။


သူ သိုးခြေထောက်ကို တောင်းထဲထည့်ကာ နွေဦးစမ်းရေဖြင့် ဆေးလိုက်သည်။


မဟာသူတော်စင်အဆင့် ပါဝင်ပစ္စည်းက သန့်ရှင်းပြီးသားဖြစ်၍ သူမဆေးကြောပါကလည်း ပြဿနာရှိမည်မဟုတ်ပေ။


ဆေးကြောပြီးနောက်တွင် အမွေးများဖယ်လိုက်သည်။ မဟာသူတော်စင်အဆင့် ပါဝင်ပစ္စည်းဖြစ်သော်လည်း လူတိုင်းကို အမွေးများကိုပါ ထည့်မကျွေးနိုင်ပေ။


မဟာသူတော်စင်အဆင့်တစ်ယောက်၏ ခြေထောက်မွေးများကို ဖယ်ရှားရသည်မှာ မလွယ်လှပေ။


ပုဖန်က မဟူရာလိပ်ခုံးဒယ်အိုးကိုယူပြီးအသက်စမ်းရေတစ်ဝက်ဖြည့်လိုက်ပြီး မီးအပူပေးလိုက်သည်။ခဏအကြာတွင် ရေပူဖောင်းတို့ထလာပြီး အပူငွေ့များ ထွက်ပေါ်လာသည်။


သူ သိုးခြေထောက်ကို ဆူပွက်နေသောရေထဲ ထည့်လိုက်သည်။


ထို့နောက် နဂါးအရိုးမီးဖိုချောင်သုံးဓားကိုယူကာ ရေနှင့်အတူ အမွေးများကို ဖယ်ရှားတော့သည်။


ခွာနေရာကို လက်တစ်ဖက်ဖြင့်ကိုင်ပြီး နောက်တစ်လက်ဖက်တွင် နဂါးအရိုးမီးဖိုချောင်သုံးဓားကိုင်ကာ သိုးခြေထောက်ကိုအမွေးချွတ်လေတော့သည်။


အသက်စမ်းရေများနှင့် အစိုဓာတ်ပေးထား၍ မဟာသူတော်စင်၏ ခြေထောက်အမွေးများမှာ အတော်လေးနူးညံ့သွားပြီး ဓားများလို မာကျောထက်ရှမနေတော့ပေ။


အရေပြားပေါ် ဓားရောက်သည်နှင့် အမွေးတစ်လှေကြီးက ဖယ်ရှားခံလိုက်ရသည်။


ပုဖန်က ပူနေဆဲအချိန်တွင် အမွေးဆက်လက်ဖယ်ရှားနေလိုက်ပြီး အမွေးအကုန်လုံး ကုန်သွားခဲ့သည်။ သူပြီးဆုံးသွားသောအခါတွင် ခဏမျှတွေးလိုက်ပြီး ဝှိုက်တီဆီမှ နတ်ဘုရားသတ်တုတ်ကို ငှားလိုက်သည်။


သွယ်လျပြီး ရှည်လျားသော တုတ်က သိုးသားကိုဖောက်ထွင်းသွားပြီး ဆန့်ထွက်သွားသည်။


ပုဖန်က နဂါးအရိုးမီးဖိုချောင်သုံးဓားကိုကိုင်ကာ သိုးခြေထောက်တွင် ခုတ်ဖြတ်ရာအချို့ ပေးလိုက်သည်။ထိုမှသာ ချက်ပြုတ်နေစဉ်တွင် အရသာတို့က မျှမျှတတစိမ့်ဝင်မည်ဖြစ်သည်။


သူအကုန်ပြင်ဆင်ပြီးနောက်တွင် ပုဖန်က ခြေတစ်လှမ်းနောက်ဆုတ်လိုက်သည်။


သူ့လက်ကိုမြှောက်လိုက်သောအခါ လက်ဖဝါးပေါ်တွင် အဖြူရောင်မီးတောက်အချို့ ထွက်ပေါ်လာသည်။ လက်ဖျောက်တစ်ချက်တီးလိုက်ပြီး မီးတောက်များကို သိုးခြေထောက်တစ်ခုလုံးကို ဖုံးလွှမ်းသွားစေသည်။


မဟာသူတော်စင်အဆင့်ရှိ ပါဝင်ပစ္စည်းကို ချက်ပြုတ်ခြင်းက စတင်လေပြီ။