အခန်း ၁၁၇၄
မသေမျိုးသစ်ပင်မှ လက်ဆောင်တစ်ခု
မသေမျိုးသစ်ပင်က ပြန်လည်ရှင်သန်လာခဲ့သည်။
၎င်း၏အဆီအနှစ်ကို အစေ့များထဲထည့်ကာ တစ်နေ့တွင် မြေကြီးပေါ်တွင် ရှင်သန်ပေါက်ရောက်လာမည်ဟု မျှော်လင့်ထားသောကြောင့် မူလမသေမျိုးသစ်ပင်က အဆက်မပြတ် ဆွေးမြေ့နေခဲ့သည်။ နောက်ဆုံးတွင် ၎င်းက သေဆုံးခြင်းကိုကျော်လွှားပြီး ပြန်လည် ရှင်သတ်ထမြောက်ခဲ့ပြီး အဆုံးမဲ့အသက်ရှင်သန်မှုကို ရရှိခဲ့သည်။
မသေမျိုးသစ်ပင်ကြီးက လေနှင့်အတူ ယိမ်းနွဲ့လျက် သန်စွမ်းသည့် အသက်စွမ်းအင်နှင့် မသေမျိုးစွမ်းအင်များ ထုတ်လွှတ်နေသည်ကို ပုဖန် တအံ့တဩဖြင့် ကြည့်နေမိသည်။
မသေမျိုးသစ်ပင်ကြီးက ဤအခြေအနေထိ ခဏတွင်းချင်း ပြန်ရောက်လာပြီး မသေမျိုးချက်ပြုတ်ခြင်းနယ်ပယ်ကို ထောက်ပံ့ပေးထားသည့် ထောက်တိုင်တစ်ခုဖြစ်လာနိုင်မည်ဟု သူမထင်ခဲ့မိပေ။
ထို့အပြင် မသေမျိုးသစ်ပင်ကြီး ပြန်လည်ရှင်သန်လာသည်နှင့် မသေမျိုးချက်ပြုတ်ခြင်းနယ်ပယ်တစ်ခုလုံး၏ မသေမျိုးစွမ်းအင်က ပိုမိုသန်မာလာခဲ့ပြီး မဟာနိယာမလမ်းကြောင်းစိတ်ဆန္ဒသည်လည်း ပိုမိုပြီးပြည့်စုံလာခဲ့သည်။
နယ်ပယ်တစ်ခုလုံးများလူများလည်း ခွန်အားများ ပြန်လည်ရရှိလာသည်ကို ခံစားမိကြသည်။
မသေမျိုးချက်ပြုတ်ခြင်းနယ်ပယ် ပဉ္စမအလွှာတွင် ...
ငရဲအကျဉ်းထောင်မှ ကျင့်ကြံသူအားလုံး တပ်ဆုတ်သွားကြပြီဖြစ်သည်။
မသေမျိုးသစ်ပင်၏ သစ်ကိုင်းတစ်ခုက ကြေးတံခါး၏ရှေ့ကို ရိုက်ချခဲ့သည်။ ထိုသစ်ကိုင်းမှ ထူးဆန်းသော အော်ဟစ်သံတစ်ခု အဆက်မပြတ်ထွက်ပေါ်နေသည်။ ထိုမြင်ကွင်းကိုကြည့်ရုံဖြင့်ပင် တံခါးနောက်မှ ငရဲအကျဉ်းထောင်ကျင့်ကြံသူများက ထိုနေရာကို ကျော်မလာရဲကြတော့ပေ။
မသေမျိုးသစ်ပင်၏ အကိုင်းများက သူတော်စင်ငယ်ကို ထိုးသတ်၍ အသက် အဆီအနှစ်ကို စုပ်ယူခဲ့သည့် ကြောက်မက်ဖွယ်ကောင်းသောအရာများဖြစ်သည်။
ဒီလိုကြောက်စရာကောင်းတဲ့ဟာကို ဘယ်သူက ရန်စရဲတော့မှာလဲ ...
မသေမျိုးချက်ပြုတ်ခြင်းနယ်ပယ်၏ကပ်ဆိုးကြီးမှာ ခဏတာ အေးချမ်းသွားသည်။
ထို့နောက်တွင် နယ်ပယ်တစ်ခုလုံးကို မူလအခြေအနေရောက်ရှိရန် အချိန်အတော်ကြာ မွန်းမံပြင်ဆင်ရပေမည်။
သို့ရာတွင် ဤကပ်ဆိုးကြီးပြီးဆုံးသွားသည့်နောက် နယ်ပယ်သခင်တိထိုက်က အလွန်ရင့်ကျက်လာသဖြင့် အင်မော်တယ်စားဖိုမှူးများကို ယခင်ကဲ့သို့ နေခွင့်ပြုမည်မဟုတ်တော့ပေ။
သူတို့အားလုံးကို စစ်မှန်သည့် ခက်ခဲမှုများ ဖြတ်သန်းစေရမည်။ ထိုနည်းလမ်းကို အသုံးပြုမှသာ နောက်ထပ်ကပ်ဆိုးကြီးတစ်ခုကျရောက်ပါက အသုံးမဝင်သည့် အရူးများကဲ့သို့ ပြုမူတော့မည်မဟုတ်ပေ။
စားဖိုမှူးစိန်ခေါ်ပွဲကို ဆက်လက်လုပ်ဆောင်ရန်လိုအပ်ပြီး တိုက်ပွဲတိုင်းကလည်း လူသိများရမည်ဖြစ်သည်။
နယ်ပယ်သခင်တိထိုက် အတွေးထဲနစ်မြုပ်နေသည်။
" အာ ... မဟာသူတော်စင် ပါဝင်ပစ္စည်းပေါ့ ..."
ပုဖန်က သိုးခြေထောက်ကို ယူပြီး အံ့ဩတကြီးဖြင့်ပြောလိုက်သည်။
ထိလိုက်သည့်အချိန်မှာပင် ကြောက်မက်ဖွယ်အော်ရာကို ခံစားမိနိုင်သည်။ ထိုခြေထောက်တွင် စွမ်းအားကြီးသည့်အော်ရာပါဝင်နေပုံရသည်။
၎င်းက မဟာသူတော်စင်၏ စိတ်ဆန္ဒဖြစ်သည်။
ခြေထောက်ကို ခန္ဓာကိုယ်မှ ဖြတ်ယူခဲ့သော်လည်း အတွင်းမှ စိတ်ဆန္ဒက ချက်ချင်းမသေဆုံးသွားပေ။
အသားက သလင်းကျောက်ကဲ့သို့ ကြည်လင်နေပြီး ဝိညာဉ်အဆီအနှစ်များနှင့် ပြည့်နေသည်။ ၎င်းက သာမန်ပါဝင်ပစ္စည်းမဟုတ်ပေ။
သိုးခြေထောက်ကို ကိုင်ထားလျက် ပုဖန် စိတ်လှုပ်ရှားနေသည်။
" ကောင်လေးပုဖန် ဒီမဟာသူတော်စင် ပါဝင်ပစ္စည်းကို ဘယ်လိုချက်မှာလဲ ..."
ခွေးဘုရင်က ခွေးဝကြီးအဖြစ် ပြန်လည်အသွင်ပြောင်းထားပြီး လျှာသပ်၍ ညင်သာသောအသံဖြင့်ပြောနေသည်။
ဘေးနားမှ လူများလည်း မနေနိုင်ပ လှမ်းကြည့်မိကြသည်။ နယ်ပယ်သခင်တိထိုက်နှင့် မြို့တော်သခင်ကျိုးတို့လည်း သူတို့အနားကိုရောက်လာသည်။
အားလုံးက မဟာသူတော်စင်ပါဝင်ပစ္စည်းကို သိချင်နေကြသည်။ အဘယ့်ကြောင့်ဆိုသော် မဟာသူတော်စင်က သူတို့ရောက်ရှိရန် အလှမ်းဝေးသည့် တည်ရှိမှုတစ်ခု ဖြစ်နေသောကြောင့်ပင်။
မဟာသူတော်စင် ဖြစ်လာသူများက ကြီးမြတ်သောတည်ရှိမှုများဖြစ်ကြသည်။ သူတို့အားလုံးက ကြယ်ပင်လယ်ထဲတွင် လျှောက်လှမ်းနိုင်ပြီး အနန္တစွမ်းအားဖြင့်ပြည့်စုံသော ကျင့်ကြံသူများဖြစ်သည်။
ယခု ထိုကဲ့သို့ကျင့်ကြံသူဆီမှယူလာသော ပါဝင်ပစ္စည်းကို သူတို့မျက်လုံးဖြင့် တပ်အပ်မြင်နေရသည်။
" အရင်ဆုံးစားသောက်ဆိုင်ကို ပြန်သွားကြတာပေါ့ ..."
ပုဖန်က ပြောလိုက်သည်။ ထို့နောက်အတွေးတစ်ခုဖြင့် သိုးခြေထောက်ကို လယ်ယာမြေထဲပစ်ထည့်လိုက်သည်။
ခြေထောက်ကိုသိမ်းလိုက်သည်ကို မြင်သည့်အခါ ပတ်ဝန်းကျင်မှ လူများ၏ အကြည့်များ ရုတ်သိမ်းသွားကြသည်။
နယ်ပယ်သခင်တိထိုက်က လက်ဖဝါးများကိုပွတ်လျက် ပုဖန်ကို ပြုံးပြပြီးပြောလိုက်သည်။
" မိတ်ဆွေလေးပုဖန် ... သိုးခြေထောက်ကိုချက်တဲ့အချိန်ကျရင် ငါ့ကိုဖိတ်ရမယ်နော် ... မဟာသူတော်စင်ပါဝင်ပစ္စည်းကို တွေးကြည့်ရုံနဲ့တင် ငါသွားရည်ကျလာပြီ ..."
ပုဖန် ခဏတာစဉ်းစားပြီးနောက် ခေါင်းငြိမ့်ပြလိုက်သည်။
သိုးခြေထောက်ကို ဘယ်လိုချက်မလဲဆိုတာကတော့ လေးလေးနက်နက်စဉ်းစားရဦးမယ့် မေးခွန်းတစ်ခုပဲ ...
ချက်ပြုတ်ရန်နည်းလမ်းက များစွာရှိသည်။ သို့ရာတွင် မဟာသူတော်စင်ပါဝင်ပစ္စည်းတွင် ပြိုင်ဘက်ကင်းသည့် အင်္ဂါရပ်များရှိသဖြင့် ပထမဆုံးပြုလုပ်ရမည်မှာ ၎င်း၏ဖိအားကိုဖယ်ထုတ်ရန်ဖြစ်သည်။ ထိုသို့မပြုလုပ်ပါက အရောင်အဆင်းကို ထိခိုက်စေနိုင်သည်။
ထို့ကြောင့် တိကျသည့် ဟင်းချက်နည်းအတွက် စဉ်းစားရန် အချိန်အနည်းငယ်လိုအပ်သည်။
စနစ်၏လေးနက်သောအသံက ပုဖန်၏စိတ်ထဲတွင် ပဲ့တင်ထပ်လာသည်။
( နတ်ဘုရားပျောက်ကွယ်တောင်က အသက်စမ်းရေကိုသွားယူပြီး မသေမျိုးသစ်ပင်အစေ့တွေကို ပြန်လည်ရှင်သန်စေခဲ့တဲ့ လက်ရှိမစ်ရှင်ကို ပြီးမြောက်သွားတဲ့အတွက် ဂုဏ်ပြုပါတယ် ... မစ်ရှင်ဆု : နတ်ဘုရားအဆင့် အချက်အပြုတ်ပစ္စည်းအစုံ အပိုင်းတစ်ခု ၊ ဘုံကိုးပါးမဟာလမ်းစဉ်လက်ဖက်စေ့ )
ပုဖန် အနည်းငယ်ထိတ်လန့်သွားသည်။ ထို့နောက် နတ်ဘုရားပျောက်ကွယ်တောင်သို့သွားရသည့်အကြောင်းပြချက်မှာ ထိုမစ်ရှင်ကို ပြီးမြောက်ရန်ဖြစ်သည်ကို အမှတ်ရသွားသည်။
ယခုအခါတွင် မသေမျိုးသစ်ပင်လည်း ပြန်လည်ရှင်သန်လာခဲ့ပြီး ငရဲအကျဉ်းထောင်ကျင့်ကြံသူများလည်း တပ်ဆုပ်သွားပြီဖြစ်၍ သူ၏မစ်ရှင်ကို အောင်မြင်သွားပြီဟု သတ်မှတ်၍ရသောကြောင့် စနစ်က သူ့ကို ဆုပေးလာခြင်းဖြစ်လိမ့်မည်။
ပထမဆုက ပုဖန်၏ နတ်ဘုရားအဆင့် အချက်အပြုတ်ပစ္စည်းအစုံ အပိုင်းစုဆောင်းရာတွင် နှစ်ပိုင်းဖြစ်သွားစေပြီး အခြားဆုတစ်ခုက ဘုံကိုးပါးမဟာလမ်းစဉ်လက်ဖက်စေ့ဖြစ်သည်။
နာမည်ကိုကြားရုံဖြင့် ထိုအစေ့က ထူးခြားဆန်းကြယ်လိမ့်မည်ကို ပုဖန်သိရှိနိုင်သည်။ နတ်ဘုရားအဆင့် အချက်အပြုတ်ပစ္စည်းအစုံ၏ နောက်ထပ်အပိုင်းတစ်ခုကိုလည်း အလွန်သိချင်နေသည်။
သို့ရာတွင် အပိုင်းအားလုံးကိုစုဆောင်းရန်က အချိန်အလွန်ကြာမည်ဖြစ်၍ ယခုအခါတွင် အလွန်အကျွံမတွေးထားသင့်ပေ။
ဘုံကိုးပါးမဟာလမ်းစဉ်လက်ဖက်စေ့ကို ပုဖန် အာရုံထဲမထားပေ။
သူ ဘေးပတ်ဝန်းကျင်ကိုကြည့်လိုက်သည်။
ပဉ္စမအလွှာတစ်ခုလုံးက ကမောက်ကမဖြစ်နေသည်။ မည်သို့ပင်ဖြစ်စေ မသေမျိုးသစ်ပင်က အလယ်ဗဟိုတွင် ရပ်တည်နေပြီး တလက်လက်တောက်ပနေသည်။
ပဉ္စမအလွှာက သူ၏ဂုဏ်ကျက်သရေကို ပြန်လည်ရရှိရန် အချိန်ကြာမြှင့်နိုင်သည်။
လာမည့်နေ့ရက်များတွင် မသေမျိုးချက်ပြုတ်ခြင်းနယ်ပယ်၏ အာရုံစူးစိုက်မှုက အခြားအလွှာများသို့လည်း ရောက်သွားနိုင်သည်။
ပုဖန်နှင့် အခြားလူများက ပဉ္စမအလွှာမှ ထွက်ခွာမည့်အချိန်တွင် ထူးဆန်းသည့်အတက်အကျများကို အာရုံခံမိလိုက်သဖြင့် ခဏရပ်တန့်သွားကြသည်။
သူ၏ဝိညာဉ်ပင်လယ်ထဲတွင် လှိုင်းထန်လာပြီး မျက်လုံးများမှုန်ဝါးလာသည်။
အဝေးမှ မသေမျိုးသစ်ပင်ကြီးကို လှမ်းကြည့်လိုက်သည်။
ထိုနေရာမှ အရောင်တောက်နေသည့် ပုံရိပ်တစ်ခုက သူ့ကိုလှမ်းကြည့်နေသည်။ ၎င်းက သူ့ကိုခေါင်းငြိမ့်ပြပြီးနောက် သစ်ပင်ထဲဝင်၍ပျောက်ကွယ်သွားသည်။
၎င်းက မသေမျိုးသစ်ပင်၏ ဝိညာဉ်ဖြစ်လိမ့်မည်ဟု တွေးလိုက်မိသည်။
သစ်ရွက်များအချင်းချင်း ပွတ်တိုက်သည့် တရှဲရှဲအသံများက အဆက်မပြတ်ကြားနေရဆဲဖြစ်သည်။
ရုတ်တရက် သစ်ကိုင်းတစ်ကိုင်းက သူ့ဆီလာနေသည်ကို ပုဖန်မြင်လိုက်ရသည်။
ထိုသစ်ကိုင်းတွင် ခုနစ်ရောင်ခြယ်သစ်သီးတစ်လုံး တွဲလောင်းကျနေသည်။
" ယူလိုက်ပါ ... မင်းကိုယ်တိုင်အသက်သွင်းခဲ့တဲ့ မသေမျိုးသစ်ပင်က လက်ဆောင်ပဲ ..."
နယ်ပယ်သခင်တိထိုက်က အံ့အားသင့်စွာဖြင့်ပြောလိုက်သည်။
ပုဖန် စကားတစ်ခွန်းမှ မပြောပေ။ သူ နတ်ဘုရားပျောက်ကွယ်တောင်သို့သွား၍ အသက်စမ်းချောင်း၏ရင်းမြစ်ကို မရယူခဲ့ပါက မသေမျိုးသစ်ပင်က ကယ်တင်ခံရမည်မဟုတ်ပေ။
ထို့ကြောင့် အသီးကို ခူးယူလိုက်သည်။ ထိုလက်ဆောင်ကို ယူရသည့်အတွက် စိတ်ထဲ စနိုးစနှောင့် ဖြစ်မနေပေ။
အသီးကို ကိုင်လိုက်ချိန်တွင် ၎င်းကကြွယ်ဝသည့်ရနံ့များ သင်းပျံ့နေသည်။
ပုဖန် အသက်ပြင်းပြင်းရှုလိုက်ပြီး ကြွယ်ဝသောဝိညာဉ်အစီအနှစ်ကို အာရုံခံလိုက်သည်။ ထိုလက်ဆောင်က သာမန်ပစ္စည်းမဟုတ်သည်မှာ သံသယဝင်စရာမလိုပေ။
ထိုလက်ဆောင်ကို ဤနေရာ ပဉ္စမအလွှာတွင်ဖွင့်ရန် မစီစဉ်ထားပေ။ အင်မော်တယ်စားဖိုမှူးဆိုင်ငယ်လေးကို ပြန်ရောက်မှသာ ဖွင့်ကြည့်မည်ဖြစ်သည်။
ယခုချိန်၌ လုပ်စရာမကျန်တော့ပေ။
နယ်ပယ်သခင်တိထိုက်က အားနည်းသော်လည်း စိတ်ဓာတ်က တက်ကြွနေဆဲဖြစ်သည်။
မြို့တော် သခင်ကျိုးက အလွန်စိတ်လှုပ်ရှားနေသည်။ မသေမျိုးချက်ပြုတ်ခြင်းနယ်ပယ်က မလွဲဧကန် ဖျက်ဆီးခံရတော့မည်ဟုထင်ခဲ့သော်လည်း နတ်ဆိုးဘုရင်ကြီးက နယ်ပယ်တစ်ခုလုံးကို ကယ်တင်ခဲ့သည်။
သူ၏ ပုဖန်အပေါ်သဘောထားက လုံးဝပြောင်းလဲသွားခဲ့သည်။
ပဉ္စမအလွှာဝင်ပေါက်ကို ကျော်လာပြီးနောက် လူအုပ်စုကြီးက တတိယအလွှာကို တိုက်ရိုက်ရောက်သွားကြသည်။
ပဉ္စမအလွှာက စတုတ္ထအလွှာနှင့်အတူ ပေါင်းစည်း၍ လုံးဝဖျက်ဆီးခံလိုက်ရသဖြင့် ယခုချိန်မှစ၍ မသေမျိုးချက်ပြုတ်ခြင်းနယ်ပယ်တွင် အလွှာလေးခုသာရှိတော့မည်ဖြစ်သည်။
…
မသေမျိုးချက်ပြုတ်ခြင်းနယ်ပယ် တတိယအလွှာ
မြို့ရိုးများတွင် အင်မော်တယ်စားဖိုမှူးများဖြင့် ပြည့်နှက်နေသညိ။ သူတို့က ဝင်ပေါက်ကို မျှော်လင့်တကြီးဖြင့်ကြည့်နေကြသည်။
မြို့တော်သခင်မုန့်ချီက သူတို့ရှေ့တွင်ရပ်နေပြီး လှပသောမျက်လုံးများဖြင့် ဝင်ပေါက်ကိုမျှော်ကြည့်နေသည်။
ရုတ်တရက် မြောက်များစွာသောပုံရိပ်များက ဝင်ပေါက်မှ ထွက်လာကြသည်။
ထိုပုံရိပ်များက ရင်းနှီးနေသောလူများဖြစ်နေသည်ကို မြင်လိုက်ရသဖြင့် သူမမျက်လုံးထဲတွင် ပျော်ရွှင်မှုကြောင့် အရောင်တောက်လာပြီး တင်းမာနေသောနှလုံးသားက စိတ်သက်သာရာရသွားခဲ့သည်။
သူမနှုတ်ခမ်းများကို လက်ဖြင့်အုပ်ထားမိပြီး ငိုချင်လာသည်။
ပုဖန် နယ်ပယ်သခင်တိထိုက် မြို့တော်သခင်ကျိုးနဲ့ ခွေးဘုရင်တို့ပြန်လာကြပြီ ...
ဒါဆိုရင် မသေမျိုးချက်ပြုတ်ခြင်းနယ်ပယ်က ကပ်ဆိုးကြီးကနေပြန်လည်ရှင်သန်နိုင်ခဲ့ပြီပေါ့ ...
မသေမျိုးချက်ပြုတ်ခြင်းနယ်ပယ်ကို ကယ်တင်နိုင်ခဲ့ပြီ ...
မြို့တော်သခင်မုန့်ချီ၏နှလုံးသားထဲတွင် ခံစားချက်ပေါင်းစုံ ရောနှောနေသည်။
ခဏတာ တိတ်ဆိတ်နေပြီးသည့်နောက် အင်မော်တယ်စားဖိုမှူးများ ဝမ်းသာအားရအော်ဟစ်ကြပြီး သူတို့အော်သံနှင့် ငိုသံများတွင် စစ်မှန်သည့်ပျော်ရွှင်မှုနှင့် စိတ်လှုပ်ရှားမှုများပါဝင်နေသည်။
အနိုင်ရရှိမှုကြောင့် ပျော်ရွှင်သည့် မျက်ရည်များက အားလုံး၏မျက်လုံးထဲတွင်ပြည့်နေသည်။
မသေမျိုးချက်ပြုတ်ခြင်းနယ်ပယ်က သူတို့အားလုံး၏နားခိုရာအိမ်ဖြစ်သည်။ သူတို့၏ နားခိုရာအိမ်ကို ဖျက်ဆီးခံလိုက်ရပြီဟု ထင်ခဲ့သော်လည်း ယခုအခါ ကယ်တင်နိုင်လိုက်ပြီဖြစ်သည်။ ကယ်ဘေးမှ ရှင်သန်လာကြခြင်းကြောင့် သူတို့၏ အော်ဟစ်အားပေးသံများက ရင်ထဲကလာသည့် စစ်မှန်သောအသံများဖြစ်သည်။
ပျော်ရွှင်နေသည့် အင်မော်တယ်စားဖိုမှူးများကို မြင်လိုက်ရသည့်အခါ နယ်ပယ်သခင်တိထိုက်၏မျက်လုံးများ ဝေဝါးလာပြီး သူ၏နှုတ်ခမ်းတွင် ပြုံးရိပ်တစ်ခုသန်းသွားသည်။
ယခုအချိန်ခဏတာလေးကပင် နယ်ပယ်သခင်ဖြစ်ရခြင်းကို ဂုဏ်ယူလာမိစေသည်။
ပုဖန်၏မျက်နှာတွင်လည်း အပြုံးတစ်ခုရှိနေသည်။
သူတို့အားလုံး တတိယအလွှာတွင် ကြာကြာမနေခဲ့ပေ။ တိုက်ပွဲကြီးက အားလုံးကို ပင်ပန်းနွမ်းနယ်စေခဲ့သည့်အတွက် သူတို့အနားယူရန်လိုနေသည်။
ဆွေးမြေ့အိုးကို အသုံးပြုပြီးသည့်နောက်တွင် ပုဖန်၏ နတ်ဘုရားသိမြင်မှုက အားနည်းလာသည်။
နယ်ပယ်သခင်တိထိုက်သည်လည်း မဟာနိယာမလမ်းကြောင်းစိတ်ဆန္ဒကို ငှားရမ်းယူခဲ့ရသဖြင့် ခန္ဓာကိုယ်တစ်ခုလုံး ဒဏ်ရာအပြင်းအထန်ရထားသည်။ ထို့အပြင် မသေမျိုးသစ်ပင်အစေ့၏ ကြီးထွားမှုကို မြန်ဆန်အောင် ပြုလုပ်ခဲ့ရသည့်အတွက် သူ၏သွေးအဆီအနှစ်၏ အစိတ်အပိုင်းများစွာကို ပေးအပ်ခဲ့ရသည်။ ထို့ကြောင့် သူ၏ယခုအခြေအနေက အလွန်အားနည်းပြီး ကျင့်ကြံခြင်းအခြေခံကလည်း သူတော်စင်ငယ်အဆင့်မှ အဆင့်တစ်ဝက် သူတော်စင်အဖြစ်သို့ ပြန်ကျသွားသည်။
မြို့တော်သခင်ကျိုးသည်လည်း တိုက်ပွဲကြီးကို တိုက်ခိုက်ပြီးသည့်နောက် မသေမျိုးစွမ်းအင်တစ်ဝက်မကျနိ အသုံးပြုခဲ့ရသည့်အတွက် ခန္ဓာကိုယ်က အကန့်အသတ်သို့ ရောက်နေခဲ့ပြီးဖြစ်သည်။ ပးအကယ်၍ ပုဖန်က အသက်သလင်းကျောက်သစ်သီးကို မပေးခဲ့ပါက သေဆုံးနေလောက်ပြီဖြစ်သည်။
သူတို့အားလုံး ကောင်းကောင်းအနားယူရန်လိုနေသည်။
တစ်ဖက်က ခွေးဘုရင်ကမူ အခြေအနေကောင်းနေဆဲပင်ဖြစ်သည်ယ သူ၏ သိမ်မွေ့သော ကြောင်ခြေလှမ်းများဖြင့်လျှောက်နေပြီး ပုဖန်က သိုးခြေထောက်ချက်မည့်အချိန်ကို တွေးတောနေကာ ပါးစပ်ထောင့်မှ သွားရည်များ ကျဆင်းလာသည်။
မုန့်ချီသည်လည်း တတိယအလွှာတွင် မနေတော့ပေ။ သူမလည်း အနားယူရန် လိုအပ်နေသဖြင့် ပုဖန်နှင့် အခြားလူများနှင့်အတူ ပထမအလွှာမှ အင်မော်တယ်စားဖိုမှူးဆိုင်ငယ်လေးသို့ လိုက်လာခဲ့သည်။
စားသောက်ဆိုင်တံခါးကို တကျွီကျွိအသံဖြင့် တွန်းဖွင့်လိုက်သည်။ ခဏအကြာတွင် စားသောက်ဆိုင်အတွင်းမှ ဟင်းလျာများ၏ ရနံ့သင်းသင်းက လေနှင့်အတူ ဝေ့ဝဲလာသည်။
ထိုရနံ့ကြောင့် အားလုံးက ကမ္ဘာသစ်တစ်ခုကို ရောက်သွားသကဲ့သို့ ခံစားလိုက်ရသည်။ တိုက်ပွဲဖြစ်သည်ဖြစ်စေ မဖြစ်ခဲ့သည်ဖြစ်စေ အင်မော်တယ်စားဖိုမှူးဆိုင်ငယ်လေးက အမြဲတစေ နွေးထွေး၍ သက်တောင့်သက်သာရှိကာ ငြိမ်သက်နေသည်။
ဒင် ...
မီးဖိုချောင်ကို ကာထားသည့် လိုက်ကာစကို မလိုက်သည်။
ရှီးရှီးက သူမလက်ထဲတွင် ဟင်းလျာတစ်ပန်းကန်ကိုင်လာပြီး စားပွဲပေါ်တင်လိုက်သည်။ ပုဖန်နှင့်အခြားလူများ တံခါးကိုတွန်းဖွင့်၍ ဝင်လာသည်ကို မြင်လိုက်ရသောအခါ သူမမျက်နှာတွင် အပြုံးတစ်ခု ဖြတ်ပြေးသွားသည်။
" ဆရာပု ပြန်လာပြီကွ ..."
သူမက ပျော်ရွှင်စွာဖြင့် အော်လိုက်သည်။
မဟူရာနဂါးဘုရင်နှင့် အခြားလူများလည်း ထွက်လာကြသည်။
ယခုအခါတွင် ဆယ်ကျော်သက်ကောင်မလေးဖြစ်နေသည့် ပန်းပွင့်လေးနောက်မှ နယ်သာရီလိုက်ပါလာပြီး သူမ၏မျက်နှာက အေးစက်နေသည်။
ပုဖန်နှင့် အခြားလူများ အဆင်ပြေသည်ကို မြင်လိုက်ရသည့်အခါမျ သူတို့အားလုံးစိတ်အေးလက်အေး သက်ပြင်းချလိုက်ကြသည်။
သူတို့အားလုံးက ပုဖန်တို့ကို စိတ်ပူနေကြခြင်းဖြစ်သည်။
ရုတ်တရက် ပုဖန်၏ ပခုံးပေါ်တွင် လှဲလျောင်းနေသည့် မြေခွေးဖြူလေးက စားပွဲပေါ်ခုန်ချသွားပြီး ရှီးရှီးချက်ထားသည့်ဟင်းပွဲကို ဆာလောင်မွတ်သပ်နေဟန်ဖြင့် စိုက်ကြည့်နေသည်။
ထို့နောကိ ပုဖန်ပေါ်ခုန်တက်ပြီး အားရပါးရစားတော့သည်။
ရှီးရှီးက မြေခွေးဖြူလေးကို စိတ်ဝင်တစားကြည့်နေသည်။
" မြေခွေးလေးက ချစ်စရာလေး ..."
သူမ လက်ဆန့်ထုတ်ပြီး မြေခွေးလေး၏ခေါင်းကို ပွတ်လိုက်သည်။ အမွေးတဖွားဖွားကို ကိုင်ရသည့်ခံစားချက်ကြောင့် သူမသဘောကျပြီး တခစ်ခစ်ရယ်နေသည်။
" သူမက မြေခွေးဖြူလေးလေ ... ငါတို့စားသောက်ဆိုင်ရဲ့ အဖွဲ့ဝင်အသစ်ပေါ့ ..."
ပုဖန် ပြောလိုက်သည်။ ထို့နောက် မြေခွေးဖြူလေးနှင့် ရှီးရှီး၏ခေါင်းကို ပွတ်ပေးလိုက်သည်။
မြေခွေးဖြူလေးနှင့် ရှီးရှီးနှစ်ယောက်စလုံးက ကလေးငယ်လေးများသာ ရှိသေးသည်။
နွေးထွေးသောမြင်ကွင်းကြောင့် နယ်ပယ်သခင်တိထိုက်နှင့် အခြားသူများ ပြုံးလိုက်ကြသည်။
သူတို့အားလုံး အလွန်မောပန်းနေကြသောကြောင့် အနီးဆုံးထိုင်ခုံများတွင် ဝင်ထိုင်ပြီး သက်ပြင်းချလိုက်ကြသည်။
ပုဖန်က လူအုပ်ကြီးကိုကြည့်ကာ ပြောလိုက်သည်။
" ဒီမှာစောင့်နေကြပါဦး ... ဝိုင်နဲ့လိုက်ဖက်မယ့် ဟင်းပွဲတချို့သွားပြင်ပေးပါ့မယ် ... မဟာသူတော်စင်ခြေထောက်ကိုတော့ နေဝင်ခါနီးမှ ချက်တော့မယ် ..."
နယ်ပယ်သခင်တိထိုက် မြို့တော်သခင်ကျိုးနှင့် အခြားလူများ ခေါင်းငြိမ့်လိုက်ကြသည်။
ပုဖန် ပြုံးပြလိုက်သည်။
ရုတ်တရက် နယ်ပယ်သခင်တိထိုက်က တစ်စုံတစ်ခုကို သတိရသွားပုံနှင့် ပုဖန်ကိုကြည့်ကာ ပြောလိုက်သည်။
" မိတ်ဆွေလေးပုဖန် ... မသေမျိုးသစ်ပင်က မင်းကို ဘာပေးလိုက်လဲဆိုတာမသိချင်ဘူးလား ... သစ်သီးကို ဖွင့်ကြည့်လိုက်ပါလား ...*
ထိုအကြောင်းကြားသည့်အခါ အားလုံး၏မျက်နှာများတွင် သိချင်သည့် အမူအယာများပေါ်လာသည်။
ခွေးဘုရင်သည်လည်း စိတ်ဝင်တစားဖြင့် မျက်လုံးကို မှေးကျဉ်းလိုက်သည်။
ပုဖန် ခဏရပ်သွားပြီးနောက် ခေါင်းငြိမ့်ပြလိုက်သည်။ အတွေးတစ်ချက်ဖြင့် သူ၏လက်ထဲတွင် အရောင်တောက်ပနေသည့် ခုနစ်ရောင်ခြယ်သစ်သီးတစ်လုံးပေါ်လာသည်။
ရွှေနဂါးအရိုးမီးဖိုချောင်သုံးဓားက ကြယ်ပျံတစ်ခုကဲ့သို့ လှည်ပတ်နေသည်။
ပုဖန်၏ ဓားချက်အောက်တွင် ခုနစ်ရောင်ခြယ်သစ်သီးကို အခွံခွာလိုက်ပြီးသားဖြစ်ကာ လက်ဆောင်က ထွက်ပေါ်လာသည်။