အပိုင်း ၁၁၇၃
Viewers 53k

အခန်း ၁၁၇၃

‌မသေမျိုးသစ်ပင် ပြန်လည်ရှင်သန်ထမြောက်လာခြင်း


အကယ်၍ပုဖန်ကသာ သူတို့ကို " ခင်ဗျားတို့ စိတ်ဆိုးသွားတာလား " ဟု မေးခဲ့ပါက သူတော်စင်ငယ်နှစ်ယောက်က သူတို့အသတ်ခံရမည်ဆိုလျှင်ပင် သူ့ကိုတိုက်ခိုက်ကြဦးမည်ဖြစ်သည်။


မည်သူကမျှ သူတို့ကို အရူးမလုပ်ခဲ့ဖူးသည့်အတွက် ယခုအချိန်တွင် သူတို့အလွန်ဒေါသထွက်နေကြသည်။


ဘာလို့ဆွေးမြေ့အိုးနှစ်လုံးနဲ့ အရူးလုပ်ရတာလဲ ... ဒါအရမ်းကြောက်ဖို့ကောင်းလွန်းတယ် ...


အဲ့အိုးတွေသာ မတော်တဆပေါက်ကွဲသွားရင် အကုန်သေကုန်ကြမှာ ...


ပုဖန်က သူတော်စင်ငယ်နှစ်ယောက်၏အတွေးကို ဂရုမစိုက်ပေ။ သူလုပ်ရန် လိုအပ်သည်မှာ နယ်ပယ်သခင်တိထိုက် အစေ့များကိုစိုက်ပြီး အညှောင့်ထွက်ရန်အထိ အချိန်ဆွဲပေးရန်သာဖြစ်သည်။


ထို့နောက် မည်သို့လုပ်ရမည်ကိုလည်း သူ မတွေးထားပေ။ 


နယ်ပယ်သခင်တိထိုက်က မြေပြင်ပေါ်သို့ထွက်လာသည့် အစိမ်းရောင်အဖူးလေးများကို စိတ်လှုပ်ရှားစွာဖြင့်ကြည့်ပြီး လက်ဖြင့် အုပ်မိုးလိုက်သည်။


သူ၏လက်ဖဝါးပေါ်တွင် သွေးများစီးကျနေသည့် ဒဏ်ရာတစ်ခုရှိနေပြီး ထိုသွေးများကို လတ်ဆတ်သည့်အဖူးလေးက စုပ်ယူနေသည်။


ထိုမြင်ကွင်းက အားလုံးကို ဆံပင်များထောင်သွားစေနိုင်သည်။


သို့ရာတွင် ဤအချိန်တွင်း၌ မသေမျိုးချက်ပြုတ်ခြင်းနယ်ပယ်၏အော်ရာက သိသိသာသာပြောင်းလဲလာသည်။


ကောင်းကင်နှင့်မြေကြီးမှ ကြွယ်ဝသောဝိညာဉ်စွမ်းအင်များက လေထုထဲကို ဖြည့်တင်းပေးနေသဖြင့် ဆုတ်ယုတ်နေသော နယ်ပယ်က ပြန်လည်ရှင်သန်လာသည်။


ဂျိန်း ...


‌ပြင်းထန်သည့်ငလျင်တစ်ခုဖြစ်ပေါ်လာပြီး မသေမျိုးချက်ပြုတ်ခြင်းနယ်ပယ်တစ်ခုလုံးကို တုန်ခါသွားစေသည်။


ထို့နောက် ပဉ္စမအလွှာမှ မသေမျိုးသစ်ပင်၏ အကြွင်းအကျန်များက သေးငယ်သည့် အမှုန်အမွှားလေးများအဖြစ်ပြောင်းလဲပျောက်ကွယ်သွားသည်။


အမှန်တွင် ပဉ္စမအလွှာ၌သာမက စတုတ္ထ တတိယ ဒုတိယ ပထမအလွှာများတွင်လည်း အလားတူဖြစ်ရပ်များ ဖြစ်သွားခဲ့သည်။


မသေမျိုးသစ်ပင်၏ ခြောက်သွေ့နေသော အကြွင်းအကျန်များက အပိုင်းပိုင်းအစစဖြစ်၍ သေးငယ်သောအမှုန်လေးများအဖြစ်ပြောင်းသွားပြီး လေနှင့်အတူ ပြန့်ကျဲသွားသဖြင့် မြေပြင်ပေါ်တွင် ဧရာမတွင်းကြီးတစ်ခုသာ ကျန်ခဲ့တော့သည်။


မသေမျိုးချက်ပြုတ်ခြင်းနယ်ပယ်တစ်ခုလုံး လုံးလုံးလျားလျားတိတ်ဆိတ်နေသည်။


တစ်ချိန်က မသေမျိုးသစ်ပင်ကြီး ရှင်သန်ရပ်တည်ခဲ့သည့်နေရာကို အားလုံးကကြည့်ပြီး တသိမ့်သိမ့်တုန်ကာ ကြောက်ရွံ့မှုကြောင့် အေးခဲကုန်ကြသည်။


မသေမျိုးသစ်ပင်က မသေမျိုးချက်ပြုတ်ခြင်းနယ်ပယ်မှ ကျင့်ကြံသူတိုင်း၏ ဝိညာဉ်အထောက်အပံ့ပစ္စည်းကဲ့သို့ပင်ဖြစ်သော်ဘည်း ယခုအခါ ပျောက်ကွယ်သွားခဲ့ပြီဖြစ်သည်။


မုန့်ချီက မြို့ရိုးပေါ်တွင်ရပ်လျက် မသေမျိုးသစ်ပင်ကြီး ပျောက်ကွယ်သွားသည်ကို ကြည့်နေသည်။ သူမ ခဏတာ မှင်သက်သွားသည်။


ကျရှုံးသွားတာများလား ...


မသေမျိုးချက်ပြုတ်ခြင်းနယ်ပယ်တစ်ခုလုံး ကပ်ဆိုက်ပြီး သေရတော့မှာလား ...


အိုး ...


ရုတ်တရက် သူမ အေးခဲသွားသည်။


လက်ဖြန့်၍ စိတ်စွမ်းအင်ကို ထုတ်လွှတ်လိုက်ချိန်တွင် ကောင်းကင်နှင့် ကမ္ဘာမြေကြီးမှ ဝိညာဉ်စွမ်းအင် အပြောင်းအလဲများကို အာရုံခံမိသွားသည်။


ယခင်တစ်ကြိမ်နှင့် မတူညီသည်မှာ မသေမျိုးသစ်ပင်၏ ပျက်စီးမှုက မသေမျိုးချက်ပြုတ်ခြင်းနယ်ပယ်တစ်ခုလုံးကို ပြိုလဲမသွားစေပေ။ ထို့အပြင်ကောင်းကင်နှင့် ကမ္ဘာမြေကြီးမှ ဝိညာဉ်စွမ်းအင်များက ပြန်လည်ကောင်းမွန်လာသည့် အရိပ်အမြွက်များကို ပြသနေသည်။


သူမ မျက်လုံးများ တလက်လက်တောက်သွားပြီး ဖြူဖွေးသော လက်ဖဝါးလေးကိုမြှောက်လိုက်သည်။


သူမလက်ပေါ်တွင် စွမ်းအင်များက အဆက်မပြတ်စုဝေးနေပြီး မသေမျိုးစွမ်းအင်များ ဝေ့ဝဲနေသည့် စွမ်းအင်ဘောလုံးတစ်လုံးဖြစ်လာသည်။


မသေမျိုးစွမ်းအင်များကိုကြည့်ရသည်မှာ ရင်းနှီးနေ၍ သူမအံ့ဩပြီး စကားမပြောနိုင်ဖြစ်သွားသည်။


ခဏအကြာတွင် မုန့်ချီ၏နှုတ်ခမ်းများကွေးညွတ်ကာ ပျော်ရွှင်သည့်အပြုံးတစ်ခု ဖြစ်သွားသည်။


မသေမျိုးသစ်ပင် ရှိခဲ့သောနေရာတွင် အပင်ပေါက်လေးတစ်ခု ထွက်ပေါ်လာသည်။


အားလုံးက ကျယ်လောင်သည့်အသံတစ်ခု ကြားလိုက်ရသည်။


အပင်ပေါက်လေးက တစ်ခဏတွင်းချင်း အဆက်မပြတ် ကြီးထွားလာပြီး ကောင်းကင်ယံကိုပါ ဖောက်ထွင်းတော့မည်ဟု ထင်ရသည်။


ယခင် မသေမျိုးသစ်ပင်ခန့် ခမ်းနားထည်ဝါမှု မရှိသော်လည်း ၎င်းတွင်လျှို့ဝှက်ဆန်းကြယ်မှုများ ရှိနေသည်။ ထို့အပင် မသေမျိုးသစ်ပင်အသစ်က ယခင်သစ်ပင်ထက် များပြား‌သော အသက်စွမ်းအင်များ ပါရှိသည်။


" ဒါ မသေမျိုးသစ်ပင်ကြီးပဲ ..."


" မသေမျိုးသစ်ပင်ကြီး ပြန်ရှင်လာတာလား ... လေထဲမှာတောင် ကြွယ်ဝတဲ့ အသက်စွမ်းအင်တွေကို ခံစားလို့ရတယ် ..."


" ကောင်းကင်နဲ့ ကမ္ဘာမြေကြီးက ဝိညာဉ်စွမ်းအင်တွေပြန်ရောက်လာပြီပဲ ... တော်သေးတယ်ဟေ့ ..."


တတ်ိယအလွှာ မသေမျိုးမြို့တော်ထဲတွင် ပုန်းနေကြသော် အင်မော်တယ်စားဖိုမှူးများက အံ့အားသင့်လျက် စိတ်လှုပ်ရှားနေပြီး ကခုန်မြူးထူးနေကြသည်။


သူတို့အားလုံး အလွန်ပျော်ရွှင်နေသည့်အတွက် သူတို့၏လက်ရှိခံစားချက်များကို ဖော်ညွှန်းရန် မည်သည့်စကားများ ပြောရမည်ကိုပင် မသိတော့ပေ။


အချို့က အလွန်ဝမ်းသာ၍ ငိုနေကြသည်။


မသေမျိုးသစ်ပင်ပျက်စီးခြင်း၏ အဓိပ္ပါယ်ကို သေချာမသိကြသော်လည်း ထိုသစ်ပင်ကြီး ပျက်စီးခဲ့သော နေ့ရက်များက မသေမျိုးချက်ပြုတ်ခြင်းနယ်ပယ်တွင် အမှောင်ဖုံးသော ရက်များပင်ဖြစ်သည်။



မသေမျိုးချက်ပြုတ်ခြင်းနယ်ပယ်၏ ပဉ္စမအလွှာတွင် ...


ပြင်းထန်သောတိုက်ပွဲကြောင့် ပဉ္စမအလွှာနှင့် သတုတ္ထအလွှာက အပြည့်အဝပေါင်းစည်းသွားသည်။


မသေမျိုးသစ်ပင်က ကောင်းကင်ပေါ်တက်လာပြီး အလွှာ‌နှစ်ခုလုံးကို ဖြတ်ကျော်သွားသည်။


ပဉ္စမအလွှာ၏ မြေပြင်မှာ ပျက်စီးနေသည့်အခြေအနေဖြစ်နေသည်။ ကျောက်တုံးများ နေရာအနံ့လှိမ့်နေပြီး မြေပြင်ကလည်း တူးဆွခံထားရသကဲ့သို့ဖြစ်နေသည်။ တိုက်ပွဲမည်မျှပြင်းထန်ခဲ့ကြောင်း ယခုပုံစံက ပြသနေသကဲ့သို့ပင်။


နယ်ပယ်သခင်တိထိုက်၏ရှေ့တွင် အစိမ်းရောင်အပင်တစ်ပင် ထွက်ပေါ်လာသည်။ သွေးများစွာပေးခဲ့သဖြင့် အပင်ပေါက်လေးက ကောင်းကင်အထိရောက်နေသည့် ဧရာမသစ်ပင်ကြီးတစ်ပင် ဖြစ်လာခဲ့သည်။ ၎င်း၏သစ်ရွက်များကလည်း ဧရာမမျက်နှာကြက်ကြီးတစ်ခုကဲ့သို့ဖြစ်နေကာ တရှဲရှဲအသံများမြည်လျက် လှုပ်ခါနေသည်။


ပဉ္စမအလွှာတစ်ခုလုံးကို မသေမျိုးသစ်ပင်ဖြင့် လွှမ်းခြုံထားလိုက်သည့်ပုံပေါ်သည်။


ရုတ်တရက် သန်နာသောစွမ်းအင်များ ပျံ့နှံ့လာသည်။


မသေမျိုးချက်ပြုတ်ခြင်းနယ်ပယ်က ပြန်လည်အသက်ဝင်လာခဲ့ပြီ ..


မသေမျိုးသစ်ပင်ကြီးကလည်း ပြန်ရှင်သန်လာပြီ ...


ဘုံကိုးပါးနယ်သာစားဖိုမှူးမျိုးနွယ်မှ သူတော်စင်ကယ်များက အကြည့်ချင်းဖလှယ်လိုက်ကြချိန်တွင် သူတို့၏မျက်လုံးများထဲတွင် ထိတ်လန့်မှုများ ရှိနေကြသည်။


သူတို့က တုံ့ဆိုင်းမှုမရှိပဲ မသေမျိုးသစ်ပင်ဆီသို့ ထွက်သွားကြသည်။ သစ်ပင်ကြီး အပြည့်အဝ ပြန်လည်မရှင်သန်လာမီ ခုတ်ပစ်ရမည်ဖြစ်သည်။ ဤနည်းဖြင့်သာ မသေမျိုးချက်ပြုတ်ခြင်းနယ်ပာ်၏ အုတ်မြစ်က ပျက်စီးသွားပြီး သစ်စေ့များရရန် အခွင့်အရေးရှိလာမည်ဖြစ်သည်။


ဤကဲ့သို့ အထွတ်အမြတ်အဆင့် မသေမျိုးပါဝင်ပစ္စည်းကို ဘုံကိုးပါးနယ်သာစားဖိုမှူးမျိုးနွယ်၏ ‌ဥယျာဉ်ကြီးများတွင် စိုက်ထားမှသာလျှင် ၎င်း၏သက်ရောက်မှုများကို အပြည့်အဝ အသုံးချနိုင်မည်ဖြစ်သည်။


တိုက်ခိုက်တော့မည့် သူတော်စင်ငယ်နှစ်ယောက်ကို ပုဖန်ကြည့်လိုက်ပြီးနောက် ကြီးထွားနေဆဲဖြစ်သာ့် မသေမျိုးသစ်ပင်ကိုကြည့်လိုက်ပြီး သူ၏နှုတ်ခမ်းထောင့်များ တွန့်ချိုးသွားသည်။


" ကြည့်ရတာ မင်းတို့ထပ်ပြီး ခန့်မှန်းရတော့မယ်ထင်တယ် ... ငါက ဒီအိုးကို မဖောက်ခွဲနိုင်ဘူးများထင်နေလား ..."

ပုဖန်က သူတော်စင်ငယ်နှစ်ယောက်၏လမ်းတွင်ရပ်လိုက်ပြီး လက်ထဲတွင် အိုးတစ်လုံးကို ကိုင်ထားသည်။


ထိုကျင့်ကြံသူနှစ်ယောက်၏ မျက်လုံးများမှာ ဒေါသကြောင့် မည်းနက်လာသည်။


ဒီကောင် တမင်လုပ်နေတာလား ...


" ငါတို့လမ်းကနေ ဖယ်စမ်း ..."

သူတို့ထဲမှတစ်ယောက်က အော်ပြောလိုက်သည်။ သို့သော် ခဏအကြာ သူ၏မျက်လုံးများ မှေးကျဉ်းသွားရသည်။


အဘယ့်ကြောင့်ဆိုသော် ပုဖန်က အသက်သလင်းကျောက်သစ်သီးတစ်လုံးကိုထုတ်၍ စားနေသောကြောင့်ပင်။ အသက်စွမ်းအင်က ချက်ချင်း မြင့်တက်လာပြန်သည်။


" ထပ်ပြီး ခန့်မှန်းကြည့်ပါဦး ..."

ပုဖန် ပြောလိုက်သည်။


" မင်းမေလင်ကိုခန့်မှန်းလေ ... မင်း ဒီနေ့ သေကို‌သေရမယ် ..."


သူတော်စင်ငယ်က ဒေါသကြောင့် တစ်ဟုန်ထိုးပျံလာသည်။ တစ်လှမ်းလှမ်းလိုက်ချိန်တွင် အလင်းတန်းတစ်ခုအဖြစ်ပြောင်းပြီး ပုဖန်ရှေ့တွင် ပေါ်လာသည်။ သူ့ထံမှ စွမ်းအားပြင်းသောပေါက်ကွဲမှုနှင့် ဖိအားကြောင့်ပုဖန်ပင် မြေကြီးပေါ်ပြုတ်ကျမတတ်ဖြစ်သွားသည်။


ပုဖန်၏မျက်လုံးများ မှေးကျဉ်းသွားသည်။


ရုတ်တရက် သူ၏နောက်ဘက်မှ မသေမျိုးသစ်ပင်က မျက်စိကျိန်းလောက်သည့် အလင်းတန်းများ ထွက်ပေါ်လာသည်။


သစ်ရွက်များ၏ တရှပ်ရှပ်အသံများက ကြောက်မက်ဖွယ်ရာ တည်ရှိမှုတစ်ခု၏ တီးတိုးအသံနှင့်ပင် တူလာသည်။


ပုဖန်၏ရှေ့မှ သူတော်စင်ငယ်က ဒေါသတကြီးဖြင့် လက်ဖဝါးဖြင့်နှင့် ရိုက်ရန်ပြင်နေသည်။ ၎င်း၏စွမ်းအားက ကြီးမားသဖြင့် အနီရောင်စားဖိုမှူးဝတ်ရုံ၏ အစွမ်းမရှိပါက အကြီးအကျယ်ဒဏ်ရာရသွားနိုင်သည်။


သို့သော်လည်း ဤတစ်ကြိမ်တွင် စားဖိုမှူးဝတ်ရုံ၏အစွမ်းကို အသုံးပြုရန် မလိုပေ။


မြေပြင်ပေါ်မှ သစ်ကိုင်းများထွက်လာပြီး ချွန်ထက်သည့်လှံတံကဲ့သို့ သူတော်စင်ငယ်ဆီ ထွက်သွားသည်။


ထိတ်လန့်သွားသော သူတော်စင်ငယ်၏ လှုပ်ရှားမှုများက ရပ်တန့်သွားသည်။ ထို့နောက် သူ၏ပုံရိပ်က မှုန်ဝါးပြီး မမေတွက်နိုင်သော အရိပ်များဖြစ်ကာ ပျောက်ကွယ်သွားသည်။


မြေပြင်မှထွက်လာသည့် သစ်ကိုင်းက သက်တံ့တစ်ခုကဲ့သို့ အရောင်တောက်နေသညိ။


" ဒါက ..."

သူတော်စင်ငယ်က လေအေးကို ရှုရှိုက်လိုက်ရသည်။


ကျယ်လောင်သော ပေါက်ကွဲသံကြီးဖြင့် မြေပြင်အက်ကွဲသွားသည်။


လှံတံကဲ့သို့ သစ်ကိုင်းများက မြေပြင်မှ အဆက်မပြတ်ထွက်လာပြီး လေကိုဆုတ်ဖြဲလိုက်သကဲ့သို့ အသံများ ထွက်ပေါ်နေသဖြင့် သူတော်စင်ငယ်နှစ်ယောက်က လေထဲတွင်အဆက်မပြတ် ရှောင်နေရသည်။


သို့သော်လည်း သူတို့မရပ်တန့်ရဲပေ။ လေထဲတွင် အရှိန်အပြည့်နှင့်တိမ်းဖယ်နေရပြီး သစ်ကိုင်းများကို ရှောင်ရန် ကြိုးစားနေရသည်။


မသေမျိုးသစ်ပင်ကို ဝိညာဉ်တစ်ခုခုက ပူးကပ်ထားသည်နှင့်ပင် တူနေသည်။


မြေပြင်မှ သစ်ကိုင်းများ ထုတ်လွှတ်နေရုံသာမက သစ်ပင်ထိပ်မှလည်း သစ်ကိုင်းများဖြာထွက်လာသည်။


သစ်ပင်ထိပ်မှ အကိုင်းများက ပို၍သန်မာသည်။ သူတို့က ကြာပွတ်များကဲ့သို့ လေထုကို ဖောက်ထွင်းလာသည်။ ရိုက်ချက်တစ်ခုစီတိုင်းက အထွတ်အမြတ်အဆင့်ကျင့်ကြံသူတစ်ယောက်၏ တိုက်ခိုက်မှုနီးပါး အားပြင်းလှသည်။


မသေမျိုးသစ်ပင်ကြီက ကြီးမြတ်သောတည်ရှိမှုတစ်ခုနှင့်ပင် တူလာသည်။


နယ်ပယ်သခင်တိထိုက်က ကြည့်နေလျက် ပျော်ရွှင်မှုများ ပြည့်နေသောအသံဖြင့် အားရပါးရရယ်မောနေသည်။ သူ ရက်ပေါင်းများစွာခံစားခဲ့ရသည့်ပူဆွေးမှုများက ယခုအချိန်တွင် လုံးဝပျောက်ကွယ်သွားသည်။


" မင်းတို့ ကိုယ်ဖြစ်ကိုယ်ခံပဲနော် ... ဒါက မသေမျိုးချက်ပြုတ်ခြင်းနယ်ပယ်ကို အနိုင်ကျင့်တဲ့အတွက် တန်ရာတန်ကြေးပဲ ဟားဟားဟား ..."


နယ်ပယ်သခင်တိထိုက်က အလွန်အမင်း အားနည်းနေပြီဖြစ်သည်။ ဒဏ်ရာများနှင့် သွေးထွက်လွန်ခြင်းကြောင့် သူ၏မျက်နှာကဖြူဖျော့နေသော်လည်း စိတ်ဓာတ်က တက်ကြွနေဆဲပင်။


တစ်ချိန်တစ်ခါက ဘယ်သူမှ မလွှမ်းမိုးနိုင်ခဲ့တဲ့ မသေမျိုးချက်ပြုတ်ခြင်းနယ်ပယ် ပြန်ဖြစ်လာခဲ့ပြီ ...


မသေမျိုးချက်ပြုတ်ခြင်းနယ်ပယ်၏ အုပ်ချုပ်သူအနေဖြင့် မသေမျိုးသစ်ပင်အသစ်က ယခင်သစ်ပင်ထက် စွမ်းအားကြီးနေသည်ကို နယ်ပယ်သခင်တိထိုက် ခံစားမိနေသည်။


မသေမျိုးချက်ပြုတ်ခြင်းနယ်ပယ်ရဲ့ မျှော်လင့်ချက်က နောက်ဆုံးမှာ ပြန်ရောက်လာခဲ့ပြီ ...


" မင်းလို အရှုံးသမားကများ ဘဝင်လာမြင့်နေတယ် ... မင်းအခုထွက်လာရင် ငါသေအောင်သတ်မယ် ..."


နယ်သာစားဖိုမှူးသူတော်စင်ငယ်၏ မျက်လုံးများမှာ သတ်ဖြတ်လိုစိတ်များဖြင့် ပြည့်နေသည်။ သို့သော် မြေပြင်မှ ထွက်လာသည့်သစ်ကိုင်းများကို ရှောင်ဖယ်နေရသည်။


အချိန်ကုန်ဆုံးလာသည်နှင့်အမျှ သစ်ကိုင်းများထဲမှစွမ်းအားက ပို၍ပို၍ ကြောက်မက်ဖွယ်ကောင်းလာသည်။


လေထဲတွင် လှုပ်ရှားနေသည့် သူတော်စင်ငယ်နှစ်ယောက်ကိုကြည့်ပြီး ပုဖန်လက်ထဲမှ ဆွေးမြေ့အိုးကို မြှောက်လိုက်သည်။


" မေးခွန်းတစ်ခုမေးမယ် ... ဒီဆွေးမြေ့အိုးကို ကျုပ် ဖောက်ခွဲပစ်နိုင်တယ်လို့ ထင်ကြလား ..."

ပုဖန် မျက်နှာသေဖြင့်မေးလိုက်သည်။


ထိုစကားများကြားသည့်အခါ ကျင့်ကြံသူနှစ်ယောက်၏ မျက်နှာများ မဲမှောင်သွားကြသည်။


" ဒီကောင် ရူးနေတာလား ... ဘာလို့ မေးခွန်းတစ်ခုတည်းကို အထပ်ထပ်အခါခါ မေးနေတာလဲ ... ငါတို့ကို ငတုံးတွေလို့များ ထင်နေလား ... ငါအခုပဲ သူ့မျက်နှာကို ဖြတ်ရိုက်ချင်လာပြီ ..."


သူတော်စင်ငယ်က အလွန်စိတ်ဆိုးနေသည်။


ထို့နောက် ဆုတ်ဖြဲလိုက်သည့်အသံတစ်ခု ထွက်ပေါ်လာသည်။ သူ စိတ်ပြန့်လွင့်သွားစဉ် မသေမျိုးသစ်ပင်၏ အကိုင်းတစ်ခုက သူ့ခန္ဓာကိုယ်ကို ဖောက်ဝင်သွားသည်။


သစ်ကိုင်းကြီးက သူတော်စင်ငယ်၏ကိုယ်ကို အားပြင်းပြင်းဖြင့် ဖောက်ဝင်သွားသည်။ ၎င်းက သူ့ကိုခါထုတ်လိုက်ချိန်တွင် သွေးများစီးကျလာပြီး သစ်ကိုင်းမှ မဟာနိယာမလမ်းကြောင်းစိတ်ဆန္ဒက သူ၏ခန္ဓာကိုယ်ကို ဖျက်ဆီးနေသည်။


ယခုအချိန်တွင် မသေမျိုးချက်ပြုတ်ခြင်းနယ်ပယ်၏ မဟာနိယာမလမ်းကြောင်းစိတ်ဆန္ဒကို ပြန်လည်ရရှိထားပြီး အကောင်းဆုံးအခြေအနေတွင် ရှိနေပြီဖြစ်သည်။


" အား ..."

သူတော်စင်ငယ်က မသက်မသာဖြင့် အော်ဟစ်လိုက်သည်။ မြေပြင်ပေါ်ကျလာသည့် သွေးစက်များကို မသေမျိုးသစ်ပင်က စုပ်ယူလိုက်ပြီး ပို၍သန်မာလာသည်။


သူ၏အဖော်၏ ကံဆိုးမှုကြောင့် အခြားသူတော်စင်ငယ်တစ်ယောက်က ကြောက်လန့်သွားပြီး အဝေးသို့ ထွက်ပြေးရန်ပြင်နေသည်။


ပိုပြီးသန်မာလာနေတဲ့ မသေမျိုးသစ်ပင်ကို ထိတ်ထိတ်ပြာပြာဖြစ်နေတဲ့ သူတော်စင်ငယ်တစ်ယောက်က ရင်ဆိုင်နိုင်မယ်တဲ့လား ...


နောက်ထပ်သစ်ကိုင်းတစ်ခုက ခန္ဓာကိုယ်ကို ဖောက်ထွင်းသွားသဖြင့် သွေးများက လေဟာနယ်ထဲတွင် ဖြန်းခနဲထွက်လာသည်။


အောက်ဘက်မှ ငရဲအကျဉ်းထောင်ကျင့်ကြံသူများလည်း ကြောက်လန့်ကာ ပင့်သက်ရှိုက်နေကြသည်။


ဒါက သူတော်စင်ငယ်နော် ... ပြန်တိုက်ခိုက်ဖို့ အစွမ်းတောင်မရှိခဲ့တဲ့ သစ်ပင်က သူတော်စင်ငယ်တစ်ယောက်ကို ထိုးသတ်ပစ်လိုက်တာ ယုံတောင်မယုံနိုင်ဘူး ...


သူတို့အတွက် ပို၍ကြောက်စရာကောင်းသည်မှာ သူတော်စင်ငယ်နှစ်ယောက်၏ ခန္ဓာကိုယ်များက တဖြည်းဖြည်း နစ်မြုပ်လာပြီး သူတို့၏အဆီအနှစ်များကို မသေမျိုးသစ်ပင်က စုပ်ယူနေသဖြင့် ခန္ဓာကိုယ်များက ခြောက်သွေ့လာသည်။ နောက်ဆုံးတွင် ဖုန်မှုန့်များအဖြစ်ပြောင်းပြီး လေထဲတွင် ပျောက်ကွယ်သွားသည်။


သူတော်စင်ငယ်နှစ်ယောက်က တစ်ချိန်တည်းတွင် သေဆုံးခဲ့ခြင်းပင်။


ပုဖန်သည်ပင် မသေမျိုးသစ်ပင်၏ ကြောက်မက်ဖွယ်စွမ်းအားကြောင့် မနေနိုင်ပဲ မျက်လုံးများ မှေးစင်းလိုက်မိသည်။


မသေမျိုးသစ်ပင်ကြီးက ဒီလိုမျိုးဆက်တိုက် လူတွေသတ်နေရင် ဘယ်သူက တားနိုင်တော့မှာလဲ ...


ကံကောင်းစွာဖြင့် မသေမျိုးသစ်ပင်တွင် ဝိညာဉ်တစ်ခုခုပူးကပ်နေပုံရသည်။ ၎င်းက တွေ့သမျှလူတိုင်းကို မသတ်ဖြတ်နေပဲ သူတော်စင်ငယ်နှစ်ယောက်ကိုသာ သတ်ပြီး အကိုင်းများက သူ့နေရာနှင့်သူ ပြန်ဖြစ်သွားသည်။


မဟုတ်ဘူး ... အကိုင်းတွေအားလုံး မဟုတ်သေးဘူး ...


လေထဲတွင် ရွှေရောင်သစ်ကိုင်းတစ်ခု ဝေ့ဝဲနေဆဲရှိပြီး လေဟာနက်ကို အက်ကွဲလာစေသည်။


ခဏအကြာတွင် ထိုသစ်ကိုင်းက လေထဲကို အရှိန်မြင့်မြင့်ဖြင့် ဖြတ်သွားကာ ပဉ္စမအလွှာတစ်ခုလုံးနှင့် ငရဲအကျဉ်းထောင်တစ်ခုကိုကျော်လွန်ပြီး ငရဲအကျဉ်းထောင်မြို့ရိုးကို ရိုက်ခတ်လိုက်သည်။


သစ်ကိုင်းကြီးက မြို့ရိုးကိုထိသွားချိန်တွင် ကျယ်လောင်သည့်ပေါက်ကွဲသံကြီးထွက်လာပြီး အဆက်မပြတ် တုန်ခါသွားသည်။


မြို့ရိုး၏အနောက်တွင် ကြောက်မက်ဖွယ်ပြိုင်ပွဲတစ်ခု ဖြစ်ပေါ်နေသည်။


သစ်ကိုင်းက ကြေးတံခါးဝကိုကျော်လွန်လာပြီး တိုက်ပွဲထဲကို ဝင်ရောက်သွားသည်။


ခဏအကြာတွင် မြို့ရိုးနောက်မှ ဒေါသတကြီးဟိန်းဟောက်သံကြီးထွက်လာပြီး ကမ္ဘာတစ်ခုလုံးကို တုန်ခါသွားစေသည်။


မသေမျိုးချက်ပြုတ်ခြင်းနယ်ပယ်၏ ပဉ္စမအလွှာတစ်ခုလုံး တုန်ခါသွားသည်။


" ခွေးတစ်ကောင်ပြီးတော့ သစ်ပင်တစ်ပင်တဲ့လား ... မင်းတို့ ငါ့ကို အဲ့လိုအနိုင်ကျင့်ရလား ..."

နယ်သာစားဖိုမှူးမျိုးနွယ်မှ ကျင့်ကြံသူက ဒေါသတကြီးဖြင့် အော်ဟစ်နေသည်။


မသေမျိုးသစ်ပင်မှ သစ်ကိုင်းကြီး ရောက်ရှိလာခြင်းက အခြေအနေကို ချက်ချင်းပင် ပြောင်းပြန်ဖြစ်သွားစေခဲ့သည်။


ဂျုန်း ...


မိုးခြိမ်းသံတစ်ခု ထွက်ပေါ်လာသည်။ ခဏအကြာတွင် ခြေလက်များခုတ်ပိုင်းခံရသံကြီးက ရင်ထဲတုန်ခါသွားစေနိုင်သည့် ဟိန်းဟောက်သံကြီးနှင့်အတူ ကမ္ဘာကို ထိတ်လန့်သွားစေခဲ့သည်။


အသံကြီးပျောက်ကွယ်သွားရန် အချိန်အတော်ကြာခဲ့သည်။


" ဒါ အဆုံးသတ်မဟုတ်သေးဘူး ... နောက်တစ်ခါဆိုရင် ငါသစ်ပင်ကို အရင်းကခုတ်ပစ်ပြီး ခွေးကိုလည်း ရိုက်သတ်ပစ်မယ် ..."

အနည်းငယ် ဒေါသထွက်နေသော အသံက အဝေးသို့ တဖြည်းဖြည်း လွင့်ထွက်သွားသည်။


မသေမျိုးသစ်ပင်က သူ၏သစ်ကိုင်းကို ပြန်ဆွဲယူလိုက်သည်။


သစ်ကိုင်းကြီးက သွေးအများအပြားသောက်လ်ုက်ရသဖြင့် အထွတ်အမြတ်သွေးများဖြင့် အရောင်တောက်နေသည်။


ခွေးဘုရင်က သူ၏ကြောင်ခြေလှမ်းများဖြင့် သိမ်မွေ့စွာလျှောက်ပြီး ပါးစပ်ထဲတွင် သိုးခြေထောက်တစ်ချောင်းကိုကိုက်ပြီး ပျော်ရွှင်မြူးထူးစွာဖြင့် ပြန်လာသည်။ သိုးခြေထောက်က အင်အားကြီးသည့်စွမ်းအင်များထုတ်လွှတ်နေပြီး အရောင်တလက်လက်တောက်နေသည်။


မကြာမီသး သူကဆင်းသက်လာပြီး ပုဖန်၏ရှေ့ကိုရောက်လာသည်။


‌သိုးခြေထောက်ကို မြေပြင်ပေါ် ပစ်ချလိုက်ပြီးနောက် ခွေးဘုရင်က ပုဖန်ကို ပြုံးပြလိုက်သည်။


" ကောင်လေးပုဖန် ငါ ပါဝင်ပစ္စည်းကောင်းတစ်ခု ရလာတယ် ... အဲ့ဒါ မဟာသူတော်စင်ရဲ့ခြေထောက်ပဲ ..."

ခွေးဘုရင်ကပြောပြီး လျှာသပ်လိုက်သည်။


ထို့ကြောင့် ပုဖန်၏မျက်လုံးများ အရောင်လက်လာသည်။


ဒါက ဒဏ္ဍာရီလာ မဟာသူတော်စင်ပါဝင်ပစ္စည်းပေါ့ ...


မသေမျိုးသစ်ပင်၏ သစ်ကိုင်းက ပြန်ဝင်သွားသည်။


မသေမျိုးချက်ပြုတ်ခြင်းနယ်ပယ်မှ ငရဲအကျဉ်းထောင် ကျင့်ကြံသူများအားလုံး ဆံပင်မွေးများ ထောင်လာသည်။


ခဏအကြာတွင် သစ်ကိုင်းများ ပြန်ထွက်လာသည့်အတွက် ကျင့်ကြံသူများအားလုံး ကြေးတံခါးဝဆီသို့ အသည်းအသန် ပြန်ပြေးရတော့သည်။


ကောင်းကင်ငရဲတံတားတွင် လူများဖြင့် ပြည့်လျှံနေသည်။ အလွန်ပြည့်ကျပ်နေသည့်အတွက် အချို့က တံတားပေါ်မှပြုတ်ကျပြီး အဆုံးမဲ့အမှောင်ထု၏ ဝါးမျိုခြင်း ခံကြရသည်။


အချိန်တိုအတွင်း မသေမျိုးချက်ပြုတ်ခြင်းနယ်ပယ်မှ ငရဲအကျဉ်းထောင်ကျင့်ကြံသူများအားလုံး ပြန်ဆုတ်သွားကြသည်။


ကြေးတံခါးဝ၏နောက်ကွယ်မှ စွမ်းအားကြီးသော ကြည့်ရှု့သူများလည်း လှည့်ထွက်သွားကြသည်။


ယခု မသေမျိုးသစ်ပင်ကြီးက ပြန်လည်ရှင်သန်လာပြီဖြစ်၍ မသေမျိုးချက်ပြုတ်ခြင်းနယ်ပယ်ကိုကျူးကျော်ပြီး မသေမျိုးသစ်ပင်အစေ့ကို လုယူရန် အကြံအစည်လည်း ပျက်စီးသွားပြီဖြစ်သည်။


သို့ရာတွင် ကြေးတံခါးမှ ချိပ်ပိတ်ထားခြင်းက ပျက်စီးသွားပြီဖြစ်၍ ငရဲအကျဉ်းထောင်ကျင့်ကြံသူများက အချိန်မရွေးရောက်လာနိုင်သည်။


မသေမျိုးချက်ပြုတ်ခြင်းနယ်ပယ်၏ ဘေးအန္တရာယ် ကပ်ဆိုးကြီးက လူတိုင်း၏ခေါင်းအထက်တွင် ရှိနေဆဲဖြစ်သည်။