အခန်း ၁၁၇၂
အဲ့ဒီအိုးကို ငါကဖောက်ခွဲနိုင်မယ်ထင်လား
ပုဖန် အတွေးတစ်ချက်ဖြင့် ကောင်းကင်ကမ္ဘာမြေလယ်ယာမြေသို့ ဝင်လာခဲ့သည်။
လယ်ယာမြေက ယခုအခါတွင် ပုဖန် မည်သည့်အချိန်မဆို ဝင်ရောက်နိုင်သည့် ကိုယ်ပိုင်ကမ္ဘာငယ်လေးတစ်ခု ဖြစ်လာခဲ့သည်။
သို့ရာတွင် မည်သည့်နေရာမှဝင်ရောက်ပါစေ တစ်နေရာတည်းကသာ ပြန်ထွက်၍ရသည်။
လယ်ယာမြေက အလွန်ငြိမ်းချမ်းနေပြီး ယခုအချိန်တွင် လေပြည်လေအေးလေးများ တိုက်ခတ်နေသည်။
ပုဖန် မြက်ခင်းပြင်ပေါ်တွင် ဆင်းသက်လိုက်သည်။
လေထုထဲတွင် မသေမျိုးပါဝင်ပစ္စည်း သို့မဟုတ် အပင်များ၏ ငြိမ်သက်အေးချမ်းသော ရနံ့နှင့်ပြည့်နေသည်။
သူ ပတ်ဝန်းကျင်ကို လှည့်ပတ်ကြည့်လိုက်သည်။ အဝေးမှ သစ်သားအိမ်ငယ်လေး၏ရှေ့တွင် သူယူလာသောသစ်စေ့မှကြီးထွားလာသည့် သစ်ပင်ကြီးတစ်ပင်ရှိနေသည်။ ၎င်းက မသေမျိုးချက်ပြုတ်ခြင်းနယ်ပယ်မှ မသေမျိုးသစ်ပင်နှင့် ဆင်တူနေသညိ။
သို့ရာတွင် မသေမျိုးချင်ပြုတ်ခြင်းနယ်ပယ်မှ ဧရာမသစ်ပင်ကြီးနှင့်ယှဉ်ပါက ဤသစ်ပင်မှာ အပင်ငယ်လေးသာသာဖြစ်ပြီး မိခင်အပင်ကြီးကဲ့သို့ မသေမျိုးစွမ်းအင်များဖြင့် ရစ်ဝဲမနေသေးပေ။
မသေမျိုးသစ်ပင်ကို စိုက်လိုက်သည့်အချိန်မှစ၍ လယ်ယာမြေ၏လေထုက ကျောရိုးတစ်ခုရှိလာသကဲ့သို့ပြောင်းလဲသွားသည်ကို ပုဖန် ခံစားမိသည်။
၎င်းက သန်စွမ်းသော ခံစားချက်တစ်မျိုးပင်။
ယခင်က လယ်ယာမြေမှာ အံ့အားသင့်ဖွယ်ကောင်းသော်လည်း အစီအစဉ်တကျမရှိပေ။
ပုဖန်နှင့် နျိုဟန်စန်းတို့ နှစ်ယောက်တူတူကြိုးစား၍ လယ်ယာမြေကို အကွက်ချကာ မသေမျိုးပါဝင်ပစ္စည်းနှင့် ဆေးဖက်ဝင်အပင်များကို တစ်တန်းစီစိုက်ပျိုးခဲ့သော်လည်း တစ်စုံတစ်ခုက လိုအပ်နေသည်ဟု ခံစားနေရသည်။
မသေမျိုးသစ်ပင်ကို စိုက်ပျိုးလိုက်မှုက လ်ိုအပ်နေသည့် တစ်စိတ်တစ်ပိုင်းကို ဖြည့်ဆည်းပေးလိုက်သကဲ့သို့ပင်။
မြစ်၏အသွင်ပြောင်းလဲမှုကလည်း အထောက်အကူဖြစ်စေခဲ့သည်။
အသက်စမ်းရေ၏ မူလရင်းမြစ်ကို မြစ်ထဲတွင် ထည့်သွင်းလိုက်ချိန်မှစ၍ ရေများကို ကြွယ်ဝသောအသက်စွမ်းအင်များဖြင့် ပြည့်နှက်သွားစေသည့်အတွက် လယ်ယာမြေမှ သတ္တဝါအားလုံးကို ယခင်ထက်ပို၍ သန်မာသွားစေခဲ့သည်။
ပုဖန် အလွန်ကျေနပ်အားရစွာဖြင့် လက်နောက်ပစ်ကာ ရှေ့သို့လျှောက်လာသည်။
ခဏအကြာတွင် သစ်သားအခန်းငယ်လေး၏ရှေ့ကို ရောက်လာသည်။
နျိုဟန်စန်းက သစ်သားအခန်းငယ်လေး၏ရှေ့မှခုံပေါ်တွင် ပျင်းရိပျင်းတွဲဖြင့် လှဲလျောင်းနေသည်။ မသေမျိုးသစ်ပင်က နေရောင်ခြည်ကို ကွယ်ထားပေးပြီး လန်းဆန်းသော အော်ရာကို ဖြန့်ကျက်ထားသည်။
ကျယ်လောင်စွာဟောက်နေသာ နျိုဟန်စန်းကို ပုဖန်ကြည့်လိုက်သည်။ ပုဖန် သူ့ကို မနှိုးတော့ပဲ မြစ်ဘက်သို့သွားပြီး ရေကိုလက်ချောင်းဖြင့်တောက်လိုက်သည်။
ဂျိန်း ...
ကျယ်လောင်သည့်ဆူညံသံကြီး ထွက်ပေါ်လာပြီး ငွေရောင်နဂါးလေးက ရေထဲမှပျံထွက်လာပြီး ပုဖန်၏ရှေ့တွင် အမြီးကိုလှုပ်ရမ်းနေသည်။
ပုဖန်ရောက်လာသည်ကို ပျော်နေသည့်ဟန်ဖြင့် ငွေရောင်နဂါးလေးက အနားတွင် လူးလိမ့်နေသည်။
ပုဖန်က လက်များဖြင့် ပွတ်သပ်ပြီး သူနှင့်ကစားပေးနေလိုက်သည်။ ထို့နောက် လက်ဖဝါးနှစ်ဖက် ဖြန့်လိုက်သည့်အခါ အနက်ရောင်အစေ့နှစ်ခု ပေါ်လာသည်။
" ကောင်လေး ငါမင်းကို ဒုက္ခပေးမိပြန်ပြီ ..."
ပုဖန်က နဂါးလေးကို လက်ချောင်းဖြင့်ပုတ်ကာ ပြောလိုက်သည်။
ငွေရောင်နဂါးလေးက ပုဖန်၏လက်ပေါ်ရောက်လာပြီး ယောင်ချာချာဖြစ်နေပုံပင်။ သို့ရာတွင် သစ်စေ့များကိုမြင်သည့်အခါ တစ်ခုကို ပါးစပ်ထဲကောက်ထည့်လိုက်သည်။
ဂလုခနဲအသံဖြင့် သစ်စေ့က ဗိုက်ထဲရောက်သွားပြီး ပို၍ကြီးမားလာသည်။ ထို့နောက် နောက်ထပ်သစ်စေ့တစ်ခုကို မျိုချလိုက်ပြန်သည်။
၎င်း၏ခန္ဓာကိုယ်က များစွာမျိုချထားသည့်အတွက် အချိန်မရွေးပေါက်ထွက်လာတော့မည်ဟုပင် ထင်ရသည်။
ပုဖန် နှုတ်ခမ်းထောင့်ကို တွန့်ချိုးလိုက်သည်။ ဤချစ်စရာနဂါးလေးကို ကြည့်ရသည်မှာ စိတ်ဝင်စားစရာကောင်းသည်ဟု ထင်လာသည်။
ငွေနဂါးလေးမှာ အသက်စမ်းချောင်း၏ ရင်းမြစ်ဖြစ်သည့်အတွက် ကြွယ်ဝသောအသက်စွမ်းအင်များစွာပါဝင်နေသည်။
မကြာမီ ငွေနဂါးလေးက အစေ့နှစ်ခုကို ထွေးထုတ်လိုက်သည်။ ယခုအခါ ၎င်းတို့ကို လွယ်ကူစွာရွေ့လျားနိုင်သည့် ငွေရောင်အလွှာတစ်ခုဖြင့် ဖုံးလွှမ်းထားသည်ကို တွေ့နိုင်သည်။
ထိုငွေရောင်အလွှာက တလက်လက်တောက်ပနေပြီး အသက်စွမ်းအင်များက အစေ့များထဲကို စိမ့်ဝင်နေသည်။
" အိုး ပိုင်ရှင်ပုပဲ ... ဘယ်ကနေ အစေ့နှစ်ခု ထပ်ရလာတာလဲ ..."
နျိုဟန်စန်းက ပုဖန်၏နောက်မှ ရုတ်တရက်ရောက်လာပြီး ပြောလိုက်သဖြင့် ပုဖန်လန့်သွားသည်။
ပုဖန် တစ်ဖက်သို့လှည့်ကာ နျိုဟန်စန်းကို မျက်နှာသေဖြင့်ကြည့်လိုက်သည်။ သူ၏အကြည့်များက နျိုဟန်စန်းကို စိတ်ရှုပ်ထွေးသွားစေသည်။
" ဒီအစေ့တွေကလည်း တစ်နေရာတည်းက ရောက်လာတာပဲ ... ဒါပေမဲ့ လယ်ယာမြေထဲမှာ စိုက်လို့မရဘူး ... ဘာလို့လည်းဆိုတော့ လယ်ယာမြေက မသေမျိုးသစ်ပင်သုံးပင်အတွက် မသင့်လျော်ဘူးလေ ..."
ပုဖန် ပြောလိုက်သည်။
နျိုဟန်စန်း ခေါင်းငြိမ့်လိုက်သည်။ လယ်ယာမြေထဲတွင် အချိန်ကြာမြှင့်စွာ နေလာခဲ့သည့်အတွက် ၎င်း၏ကန့်သတ်ချက်ကို သိသည်မှာ သဘာဝပင်။
မသေမျိုးသစ်ပင်၏ အစေ့များက လျှို့ဝှက်ဆန်းကြယ်လွန်းလှသည်။ အကယ်၍ သုံးစေ့လုံးကို ဤနေရာတွင်စိုက်လိုက်ပါက လယ်ယာမြေ၏ မဟာနိယာမလမ်းကြောင်း စိတ်ဆန္ဒကို ချုပ်ကိုင်သွားမည်ဖြစ်သည်။
၎င်းက လယ်ယာမြေအတွက် မကောင်းပေ။
အစေ့နှစ်ခုလုံး ပြန်လည်ကောင်းမွန်လာသည့်အခါ ပုဖန် ၎င်းတို့ကို လက်ထဲတွင် ကိုင်ထားသည်။
ငွေရောင်နဂါစလေး၏ခေါင်းကို လက်ဖြင့်ပွတ်နေသည်။ ၎င်းက သူစလက်ဖဝါးထဲတွင် ပျော်ရွှင်စွာခုတ်ပေါက်နေပြီးနောက် မြစ်ထဲသို့ ပြန်ခုန်ဆင်းသွားသည်။ ၎င်းက ရေကိုထိလိုက်သည်နှင့် ဧရာမနဂါးကြီးအဖြစ်ပြောင်းသွားပြီး အမြီးရှည်ကြီးကို လှုပ်ရမ်းလျက် မြစ်အနက်ပိုင်းထိ ငုပ်သွားသဖြင့် ရေမျက်နှာပြင်ပေါ်တွင် လှိုင်းဂယက်များ ဖြစ်ပေါ်လာစေသည်။
ပုဖန် အစေ့များကိုကိုင်ကာ စိတ်သက်သာရသွားပုံဖြင့် သက်ပြင်းချလိုက်သည်။
" နျိုဟန်စန်း မရဏစားဖွယ်တွေကို လေ့လာထားပါ ... အချိန်တန်ရင် ကျုပ် လျှာကဝေအစီအရင်တွေအားလုံးကို ဆွဲထုတ်လိုက်မယ် ... ခင်ဗျားရဲ့အဓိကအလုပ်က ကျုပ်အတွက်သင့်လျော်တဲ့ ပါဝင်ပစ္စည်းတွေ ရှာထားဖို့ပဲ ..."
ပုဖန်၏ လေသံက အလျင်စလိုဖြစ်နေသဖြင့် နျိုဟန်စန်းပဟေဠိဖြစ်သွားသည်။ သို့သော် ခေါင်းသာငြိမ့်၍ ဘာမှမပြောလိုက်ပေ။ ယခုနောက်ပိုင်း သူ့ထံတွင်လည်း လုပ်စရာအလုပ် များများစားစားမရှိပေ။
နျိုဟန်စန်းကို ညွှန်ကြားပြီးနောက် ပုဖန် လယ်ယာမြေမှ ထွက်လာခဲ့သည်။
…
ဂျုန်း ...
ခွေးဘုရင်က မျက်လုံးများမှေးကျဉ်းလျက် ငရဲအကျဉ်းထောင်မြို့ရိုးနောက်ကို ကြည့်လိုက်သည်။
ထိုနေရာတွင် စွမ်းအားကြီးသည့်အော်ရာများ ရှိနေပုံပင်။
" ဟားဟားဟား ဝဲစားခွေး ... ခုတော့ လှုပ်ရှားရမှာကို ကြောက်နေပြီလား ..."
ကောင်းကင်မှ နယ်သာစားဖိုမှူးသူတော်စင်ငယ်က နောက်ဆုံးတွင် ခွေးဘုရင်၏ စွမ်းအားကို သတိရပြီး သူ့ကိုပါ အမှတ်ရသွားသည်။
ဒီခွေးက အတိတ်တုန်းက ငရဲအကျဉ်းထောင်ကို ပြောင်းပြန်လှန်ပစ်ခဲ့တဲ့ခွေးပဲ ...
ဒီခွေးက အရမ်းကြောက်စရာကောင်းလွန်းတယ် ...
သူက မဟာသူတော်စင်တွေကြားထဲမှာတောင်ခြိမ်းခြောက်နိုင်စွမ်းရှိတယ် ...
သို့ရာတွင် ထိုခွေးက ယခုအချိန်တွင် မလှုပ်ရှားရဲသေးပေ။ မသေမျိုးချက်ပြုတ်ခြင်းနယ်ပယ်က ကမ္ဘာမြေအကျဉ်းထောင်မဟုတ်ပေ။ အကယ်၍ လှုပ်ရှားလိုကါမိပါက ဘုံကိုးပါးနယ်သာစားဖိုမှူးမျိုးနွယ်မှ ကြီးမြတ်သော တည်ရှိမှုများက တိုက်ပွဲတွင် ပါဝင်လာကြမည်ဖြစ်သည်။
ထိုသို့ဖြစ်လာလျှင် မသေမျိုးချက်ပြုတ်ခြင်းနယ်ပယ်က မဟာသူတော်စင်နှစ်ယောက်အကြားမှ စစ်မြေပြင်ဖြစ်သွားနိုင်ပြီး အပိုင်းပိုင်းအစသပင် ဖြစ်သွားနိုင်ချေရှိသည်။
မဟာသူတော်စင်များက သူတော်စင်ငယ်များထက်ပို၍ သန်မာသည်။
မဟာသူတော်စင်တစ်ယောက်က နယ်ပယ်အပြင်သို့ခြေချပြီး ကြယ်ပင်လယ်တွင်လည်း လျှောက်လှမ်းနိုင်သည်။
သူတော်စင်ငယ်မှာမူ မဟာနိယာမလမ်းကြောင်းကြီး၏ စိတ်ဆန္ဒကိုသာငှားရမ်း၍ ကြယ်ပင်လယ်တွင် အချိန်တိုခန့်သာ နေထိုင်နိုင်သည်။
အကယ်၍ မြို့ရိုးနောက်ကွယ်မှ မဟာသူတော်စင်ကို လှုံ့ဆော်လိုက်မိပါက မသေမျိုးချက်ပြုတ်ခြင်းနယ်ပယ်တစ်ခုလုံး ဖျက်ဆီးခံရနိုင်ချေရှိသည်ကို ခွေးဘုရင်လည်းသိသည်။
ဒါပေမဲ့လည်း ...
" မင်းရဲ့အကြည့်ကို ငါသဘောမကျဘူး ..."
ခွေးဘုရင်၏ အသံဩဩက လေထဲတွင် ပဲ့တင်နေသည်။
ခဏအကြာတွင် ပြောင်မြောက်သော လက်ဖဝါးကြီးက ဆန့်ထုတ်လာပြန်သည်။
ဤတစ်ကြိမ်တွင် လက်ဖဝါးက အနည်းငယ်ပြောင်းလဲသွားသည်။ ၎င်းတွင် ကမ္ဘာမြေအကျဉ်းထောင်မှ မဟာနိယာမလမ်းကြောင်း၏ ကြောက်မက်ဖွယ်စိတ်ဆန္ဒ ပါဝင်နေသည်။
၎င်းက ခွေးလက်ဖဝါးတွင် ရစ်ဝဲနေသဖြင့် ပို၍သန်မာလာသကဲ့သို့ပင်။
လေထဲမှ သူတော်စင်ငယ်က အံ့အားသင့်သွားသည်။ သူ မတုံ့ပြန်နိုင်မီမှာပင် ခွေးဘုရင်၏လက်ဖဝါးက သူ့ကို ရိုက်မိသွားပြီး လေထဲမှပြုတ်ကျကာ မြေပြင်နှင့် ထိမှန်သွားသည်။
ဤလက်ဖဝါးက သူတော်စင်ငယ်ကို မသတ်နိုင်သော်လည်း အရှက်ရသွားစေသည်။
" မင်း ..."
သူတော်စင်ငယ်က ဒေါသထွက်သွားပြီး မျက်လုံးထဲတွင် မီးဝင်းဝင်းတောက်လျက် ခွေးဘုရင်ကို လက်ညိုးထိုးလိုက်သည်။
သူ၏နောက်တွင် ဘုံကိုးပါးနယ်သာစားဖိုမှူးမျိုးနွယ်မှ မဟာသူတော်စင်ရှိ၍ ခွေးဘုရင်ကို မကြောက်ရွံ့ပေ။
" ဘာလဲ ... မင်းအကြည့်ကို သဘောမကျတာနဲ့ပဲ မင်သကိုရိုက်လို့ မရဘူးလား ... မင်းနောက်ကွယ်ကလူကို ငါနဲ့တစ်ယောက်ချင်းချဖို့ခေါ်လိုက် ..."
ခွေးဘုရင်က အထင်အမြင်သေးစွာဖြင့် နှုတ်ခမ်းကိုမဲ့လိုက်သည်။
သူတော်စင်ငယ်က ဒေါသထွက်သွားသည်။
ခွေးဘုရင်၏နောက်မှ နယ်ပယ်သခင်တိထိုက်က ဝါးလုံးကွဲရယ်မောလျက် သူ၏ရွှေရောင်ဆံပင်မျာူကို လှန်တင်လိုက်သည်။
" မင်းက ဘာလို့ရယ်နေတာလဲ ... မင်းလို အရှုံးသမားက ရယ်ခွင့်မရှိဘူးလေ ..."
သူတော်စင်ငယ်က နယ်ပယ်သခင်တိထိုက်ကိုပြောပြီး အေးစက်စွာကြည့်လိုက်သည်။
ထိုစကားကိုကြားသည့်အခါ တိထိုက် မကျေမနပ်ဖြစ်သွားသည်။ သူတော်စင်ငယ်ကို တစ်ချက်စောင်းငဲ့ကြည့်ပြီး အေးစက်စက်အသံဖြင့် ပြောလိုက်သည်။
" မင်း သတ္တိရှိရင် ငါ့ခန္ဓာကိုယ် အကောင်းအတိုင်းရှိနေချိန်မှယ ထပ်လာတိုက်လို့ရတယ် ... မင်းအဖေက မင်းက်ို မမှတ်မိတော့တဲ့အထိ သေအောင်ရိုက်ပစ်မယ် ... တခြားလူတွေရဲ့ ကြိုးစားမှုကနေ အကျိုးအမြတ်ကိုဖြတ်ယူတဲ့ စက်ဆုပ်စရာကောင်ကများ ငါ့ကို ရန်စရတယ်လို့ ..."
တခြား သူတော်စင်ငယ်တစ်ယောက်က လေထဲမှ သူတော်စင်ငယ်ထံသို့ ရောက်လာသည်။
" ဟိုစားဖိုမှူးလေး ဘယ်မှာလဲ ... မင်းသူ့ကို မဖမ်းခဲ့ဘူးလား ..."
သူ၏အဖော်က တစ်ယောက်တည်းရောက်လာသည်ကို မြင်၍ မေးလိုက်သည်။
သူတော်စင်ငယ်တစ်ယောက်ဖြစ်ပြီး ကြယ်ကိုးပွင့် စစ်မှန်မသေမျိုးကျင့်ကြံသူတစ်ယောက်ကိုတောင် ထွက်ပြေးသွားအောင် လုပ်လိုက်တယ်ပေါ့ ...
ထို သူတော်စင်ငယ်မှာ ဘာမှ မရှင်းပြနိုင်တော့ပေ။
သူ့အဖော်က ခွေးဘုရင်ဆီက ဖြတ်ရိုက်ခံလိုက်ရတာကိုကြည့်ပြီး အံ့အားသင့်နေလို့ ဟိုစားဖိုမှူးလေး ထွက်ပြေးသွားတယ်လို့ ဘယ်လိုလုပ်ပြောရဲမှာလဲ ... အဲ့လိုသာပြောလိုက်ရင် သူတို့ရဲ့ သူငယ်ချင်းဆက်ဆံရေးက အချိန်မရွေး အဆုံးသတ်သွားနိုင်တယ် ...
ရုတ်တရက် လျှို့ဝှက်ဆန်းကြယ်သော အတက်အကျများက လေဟာနယ်ထဲတွင် ပျံ့နှံ့လာသည်။
သူတော်စင်ငယ်နှစ်ယောက် မျက်လုံးများမှေးကျဉ်းကာ ကြည့်လိုက်မိကြသည်။
ထိုနေရာတွင် ပုဖန်၏ပုံရိပ်က လေထုထဲမှ ထွက်ပေါ်လာပြီး များပြားသော အသက်စွမ်းအင်နှင့် ကြွယ်ဝသော မသေမျိုးစွမ်းအင်များ ထုတ်လွှတ်နေသည့် အစေ့နှစ်စေ့ကို ကိုင်ထားသည်။
" အထွတ်အမြတ်အဆင့် မသေမျိုးပါဝင်ပစ္စည်းတွေပဲ ... မသေမျိုးသစ်ပင်ရဲ့ အစေ့တွေဟ ..."
သူတော်စင်ငယ်နှစ်ယောက်လုံး တစ်ချိန်တည်းတွင် ပင့်သက်ရှိုက်လိုက်ကြသည်။
နယ်ပယ်သခင်တိထိုက်၏ မျက်လုံးများလည်း လှုပ်ရှားလာသည်။ ပုဖန်၏လက်ထဲမျ အစေ့နှစ်စေ့ကိုကြည့်ကာ သူ၏တစ်ကိုယ်လုံး တသိမ့်သိမ့်တုန်လာသည်။
မသေမျိုးသစ်ပင်ရဲ့ အစေ့တွေက အသက်စွမ်းအင်တွေနဲ့ ကြွယ်ဝနေတာပဲ ... သူတို့က မသေမျိုးချက်ပြုတ်ခြင်းနယ်ပယ်ရဲ့ မျှော်လင့်ချက်ပဲ ...
" သစ်စေ့လေးတွေ ပြန်ရှင်လာတာလား ..."
တယ်ပယ်သခင်တိထိုက်က ကတုန်ကယင်ဖြင့် မေးလိုက်သည်။
" ဟုတ်ပါတယ် ..."
ပုဖန် ခေါင်းငြိမ့်ပြလိုက်သည်။ ထို့နောက် လက်ထဲမှ သစ်စေ့နှစ်စေ့ကို လက်ဖြင့်တောက်ပြီး နယ်ပယ်သခင်တိထိုက်၏လက်ထဲကို ပို့လိုက်သည်။
ဝုန်း ...
လေထုထဲမှ သူတော်စင်ငယ်နှစ်ယောက်က တစ်ဟုန်ထိုး ပြေးထွက်လာသည်။
" မင်းတို့ လာရဲသေးတယ်ပေါ့ ..."
ခွေးဘုရင်ကာသူတို့ကိုစိုက်ကြည့်နေပြီး ပြောင်မြောက်သော ခွေးလက်ဖဝါးကိုမြှောက်၍ ထိုသူတော်စင်ငယ်နှစ်ယောက်ကို ရိုက်ထုတ်ရန်ပြင်နေသည်။
သို့ရာတွင် သူ၏လက်ဖဝါးကိုမြှောက်လိုက်သည်နှင့် ငရဲအကျဉ်းထောင်မြို့ရိုးနောက်မှ ကြောက်မက်ဖွယ်အော်ရာက ပေါက်ကွဲထွက်လာသည်။
ခွေးဘုရင်၏ လက်ဖဝါးက ရပ်တန့်သွားသည်။
ထို့နောက် ...
" အတင်းတွန်းအားမပေးပါနဲ့ ... ငါ့ကို လွယ်လွယ်နဲ့ အနိုင်ကျင့်လို့ရမယ် ထင်နေလား ..."
ခွေးဘုရင်က ဟစ်ကြွေးလိုက်သည်။
ကျယ်ပြန့်လှသော ငရဲစွမ်းအင်ပမာဏများ ချက်ချင်းစုဝေးလာသည်။။ ခဏအကြာတွင် ၎င်းက တစ်ကိုယ်လုံးတွင် ငရဲမီးများလွှမ်းခြုံထားသည့် ဧရာမ ကမ္ဘာမြေအကျဉ်းထောင်မြေခွေးအဖြစ် ပုံစံပြောင်းသွားသည်။
ထို့နောက် လျှပ်စီးကြောင်းကဲ့သို့ အရှိန်တင်လိုက်သည်။
သုံးလှမ်းမျှလှမ်းလိုက်ရုံဖြင့် ကောင်းကင်ငရဲတံတားကို ဖြတ်သန်းပြီး ကြေးတံခါးဆီသို့ ရောက်လာသည်။
ထိုအချိန်တွင် တံခါးနောက်ကွယ်မှ အော်ဟစ်သံများ ထွက်ပေါ်လာသည်။
ခွေးနက်ကြီးက သူတို့ကိုဖြတ်ပြီး ပျံသန်းသွားမည်ဟု သူတော်စင်ငယ်နှစ်ယောက် မထင်ခဲ့ကြပေ။ သူတို့နှစ်ယောက်ကို သူက ခေါင်းထဲပင်မရှိဟူသည့် သဘောပင်။ သို့ရာတွင် သူတို့စိတ်ဆိုးရမည့်အစား ပျော်ရွှင်နေကြသည်။
" သွားကြမယ် ... ငါတို့ မသေမျိုးသစ်ပင်ရဲ့အစေ့တွေယူပြီးရင် တာဝန်ပြီးမြောက်ပြီ ..."
သူတို့ တစ်ကြိမ်တည်းတွင် အော်လိုက်ကြပြီး အရှိန်အဟုန်ပြင်းစွာဖြင့် နယ်ပယ်သခင်တိထိုက်ထံသို့ ပြေးဝင်လာကြသည်။
ရှေ့သို့တက်လာသော သူတော်စင်ငယ်နှစ်ယောက်ကို ကြည့်ပြီးနောက် နယ်ပယ်သခင်တိထိုက်ကို ပုဖန်ကြည့်လိုက်သည်။ သူ ညှင်သာစွာ သက်ပြင်းချလိုက်သည်။
" အခု အစေ့တွေက ပြန်ရှင်သန်လာပြီဆိုတော့ ခင်ဗျားပြောခဲ့တဲ့ မျှော်လင့်ချက်ဆိုတာက အစေ့ကနေ အပင်ပေါက်လာနိုင်ပြီလား ..."
ပုဖန် မေးလိုက်သည်။
နယ်ပယ်သခင်တိထိုက်က နှုတ်ခမ်းထောင့်ကို တွန့်ချိုးလျက် စိတ်လှုပ်ရှားစွာဖြင့်ကြည့်ကာ ပြောလိုက်သည်။
" ငါ့ကို လက်ဖက်ရည်တစ်အိုးငှဲ့စာလောက်အချိန်ပေးပါဦး ..."
ပုဖန် ခေါင်းငြိမ့်ကာ တစ်ဖက်သို့လှည့်လိုက်သည်။ ထို့နောက် လက်နောက်ပစ်၍လျှောက်သွားကာ နယ်ပယ်သခင်တိထိုက်၏ရှေ့တွင် ရပ်နေလိုက်သည်။
အဝေးမှ သူတော်စင်ငယ်နှစ်ယောက်က အမြင့်ဆုံးအရှိန်ဖြင့် လာနေကြသည်။
" ငါတို့ကို တားချင်တာလား ... ခုနကလို သတ်ဖြတ်ရေးကိရိယာကြီးမရှိပဲ ငါတို့ကို ဘယ်လိုရင်ဆိုင်မှာလဲ ..."
ဆွေးမြေ့အိုးကို မသုံးနိုင်တော့သည့်ပုဖန်က နှုတ်ခမ်းကို တွန့်ကွေးလိုက်သည်။
" ကျုပ်က ဆွေးမြေ့အိုးကို မသုံးနိုင်တော့ဘူးဆိုတာ ဘာလို့သေချာနေကြတာလဲ ..."
သူက မတုန်မလှုပ်ဖြင့် ပြောလိုက်သည်။ သူ၏အသံက မကျယ်သော်လည်း ထိုလူနှစ်ယောက်ကြားရန် လုံလောက်နေသည်။
ထိုစကားကြောင့် သူတို့နှစ်ယောက် ရပ်တန့်သွားပြီး မျက်လုံးများမှေးကျဉ်းလာသည်။
ပုဖန် ခေါင်းခါ၍ ငွေရောင်အိုးတစ်အိုးကို ထုတ်လိုက်သည်ကို မြင်လိုက်ကြသည်။ ၎င်းက လှည့်ပတ်နေပြီး ရေနွေးငွေ့များထွက်ကာ အဖြူရောင်မီးတောက်က အောက်တွင် တောက်လောင်နေသည်။
၎င်းက ဆွေးမြေ့အိုးပင်ဖြစ်သည်။
" အဲ့စာဖိုမှူးလေးက ဒါကို သုံးနိုင်သေးတာလား ... "
သူတော်စင်ငယ်နှစ်ယောက်က ပင့်သက်ရှိုက်မိသွားသည်။ ဧရာမနတ်ဆိုးကြီးက ဆွေးမြေ့အိုးကြောင့် အရိုးစုအဖြစ်ပြောင်းသွားသည့် မြင်ကွင်းကို အမှတ်ရလိုက်ကြပြီး တသိမ့်သိမ့်တုန်လာသည်။
တွန့်ဆုတ်မှုမရှိပဲ သူတို့လေထဲတွင် ရပ်တန့်သွားသည်။
ပုဖန်က ရှေ့တိုးနောက်ဆုတ်ဖြင့် ဆွေးမြေ့အိုးနှင့် ကစားနေသည်။
ယခုအချိန်တွင် ပတ်ဝန်းကျင် အခြေအနေက ကမောက်ကမဖြစ်နေသည်။
အားလုံးက ဆွေးမြေ့အိုးပေါ်လာသောကြောင့် ကြောက်လန့်နေကြပြီး အသက်ပင်ကျယ်ကျယ်မရှုရဲပေ။
ထို့နောက် ဆွေးမြေ့အိုးကို ပြန်သိမ်းလိုက်သည်။
အိုး ...
သူတော်စင်ငယ်နှစ်ယောက် အကြည့်ချင်းဖလှယ်လိုက်သည်။ ထိုကောင်လေးက ဆွေးမြေ့အိုးကို နောက်တစ်ကြိမ်ထပ်မသုံးနိုင်တော့ကြောင်း သဘောပေါက်သွားကြသည်။
သူက အယောင်ပြနေတာပဲ ...
" သေစမ်း ... သွားကြမယ် ..."
သူတို့အော်ဟစ်လိုက်ပြီး ပုဖန်ဆီသို့ ဦးတည်လာကြသည်။
သို့ရာတွင် သူတို့လှုပ်ရှားလိုက်သည်နှင့် မျက်လုံးများမှေးကျဉ်းသွားသည်။
အဘယ့်ကြောင့်ဆိုသော် ပုဖန်က ဆွေးမြေ့အိုးကို နောက်တစ်ကြိမ် ထုတ်ယူလိုက်သောကြောင့်ပင်။
ယခုအခါတွင် သူတော်စင်ငယ်နှစ်ယောက်က စိတ်ထဲတွင်သာ ဆဲရေးနိုင်တော့သည်။
ပုဖန်က အိုးတစ်လုံးတည်းကိုသာထုတ်လိုက်ပါက သူတို့စိတ်မဆိုးပေ။ သို့သော် ယခုတစ်ကြိမ်တွင် အသက်စွမ်းအင်များဖြင့်ပြည့်နေသော သစ်သီးကိုပါထုတ်ပြီး ပါးစပ်ထဲထည့်လိုက်သဖြင့် သူတို့ မလှုပ်ရဲတော့ပေ။
" ဘာ ..."
သူတို့ အလွန်စိတ်ညစ်လာသဖြင့် သွေးချောင်းဆိုးလုနီး ဖြစ်လာသည်။
ပုဖန် သူတော်စင်ငယ်နှစ်ယောက်ကို ကြည့်လိုက်ပြီး နှုတ်ခမ်းထောင့်များ တွန့်ချိုးသွားသည်။
အတွေးတစ်ခုဖြင့် နောက်ထပ်ဆွေးမြေ့အိုးတစ်လုံးကို ထုတ်လိုက်သည်။ ယခုအခါ ပုဖန်၏ လက်တစ်ဖက်စီတွင် အိုးနှစ်လုံးက ပေါလောပေါ်နေပြီး ငွေရောင် အလင်းတန်းများနှင့် အဖြူရောင်အငွေ့များထုတ်လွှတ်နေကာ ကြွာ်ဝသောရနံ့ကလည်း လေနှင့်အတူ ပါလာသည်။
အိုးနှစ်လုံးကို ကိုင်ဆောင်ထားပြီး လေထဲမှသူတော်စင်ငယ်နှစ်ယောက်ကိုကြည့်ကာ ပြောလိုက်သည်။
ခဏအကြာတွင် လေထဲမှလူနှစ်ယောက်က ဆွံ့အသွားပြီး မခန့်မှန်းတတ်တော့ပေ။
အသက်စွမ်းအင်ပါတဲ့ သစ်သီးကို စားထားတဲ့ပုဖန်က ဆွေးမြေ့အိုးကို သုံးမလား မသုံးဘူးလားဆိုတာ ဘယ်သူသိမှာလဲ ...
ထိုအချိန်တွင် ပုဖန်၏နောက်မှ နယ်ပယ်သခင်တိထိုက်က မြေကြီးပေါ်တွင် ကျင်းနက်နက်တူး၍ အရောင်တောက်နေသော အစေ့နှစ်ခုကို ဂရုတစိုက်ဖြင့် စိုက်နေသည်။
သူတို့ကို မြေနှင့်ပြန်ဖုံးပြီးသည့်အခါ သူ့ရင်ဘတ်ကိုသူ ထိုးလိုက်သည်။ ချက်ချင်းပင် မျက်နှာက ဖြူဖျော့သွားပြီး ပါးစပ်ထဲမှ သွေးများအန်ထွက်လာပြီး လတ်လတ်ဆတ်ဆတ်စိုက်ထားသည့် အစေ့နှစ်ခုပေါ်သို့ ဖြန်းမိသွားသည်။
အစိမ်းရောင် အငွေ့အသက်ကြောင့် ကြောက်ခမန်းလိလိအသက်စွမ်းအင်များက မြေပြင်ပေါ်သို့ နဂါးများကဲ့သို့ မြင့်တက်လာသည်။
အစိမ်းရောင် အငွေ့အသက်ပေါ်လာသည်နှင့် မသေမျိုးချက်ပြုတ်ခြင်းနယ်ပယ်တစ်ခုလုံး မဟာအသွင်ပြောင်းမှုကြီး ဖြစ်ပေါ်လာသည်။
အစေ့က အညှောင့်ပေါက်လာသည်ကို ခံစားမိသောအခါ ပုဖန်၏ နှုတ်ခမ်းထောင့်များတွန့်ချိုးသွားသည်။ ဆွေးမြေ့အိုးနှစ်လုံးကို သူ ပြန်သိမ်းလိုက်သည်။
ဆွေးမြေ့အိုးတွေနဲ့ ဆော့ကစားပြနေရတာက သူ့အတွက် ဖိအားတော်တော်လေးဖြစ်စေတယ် ...
အိုးနှစ်လုံးကို သိမ်းပြီးသည့်အခါ ပုဖန်က သူတော်စင်ငယ်နှစ်ယောက်ကိုကြည့်၍ပြုံးပြီး လေးနက်စွာပြောလိုက်သည်။
" ကျုပ်က ဆွေးမြေ့အိုးကို မသုံးနိုင်သေးပါဘူး ... ခင်ဗျားတို့ခန့်မှန်းတာမှန်တယ် ဂုဏ်ပြုပါတယ် ..."
သူတော်စင်ငယ်နှစ်ယောက် အကြည့်ချင်းဖလှယ်လိုက်ကြသည်။ သူတို့ အလွန်ဒေါသထွက်သဖြင့် သွေးချောင်းပင်ဆိုးမိတော့သည်။
သူတို့ အရူးလုပ်ခံလိုက်ရတာပေါ့ ...