အပိုင်း ၁၁၇၁
Viewers 62k

အခန်း ၁၁၇၁

ခွေးဘုရင်နှင့် သူ၏ပြောင်မြောက်သောလက်ဖဝါး၏ ရောက်ရှိလာမှု


အေးစက်သောအသံတစ်ခုက လှောင်ပြောင်စော်ကားနေသည့် အရိပ်အမြွက်များနှင့်အတူ လေထဲတွင် ပဲ့တင်ထပ်လာသည်။


ကြေးတံခါးဝမှပုံရိပ်၏ အော်ရာက အလွန်သန်မာလှသည့်အပြင် ဧရာမနတ်ဆိုးကြီးထက်ပို၍ သန်မာမည့်ပုံပင်။ ဤလူက သူတော်စင်ငယ်ဖြစ်သော်လည်း ဘုံတစ်ပါးအဆင့်သူတော်စင်ငယ်ဖြစ်သော ဧရာမနတ်ဆိုးကြီးထက် ပို၍သန်မာမည့်ပုံပင်။


တောက် တောက် တောက် ...


အခြားတစ်ယောက်၏ခြေသံလည်း ထွက်ပေါ်လာသည်။


ခြိမ်းခြောက်နိုင်သည့်အော်ရာဖြင့် အခြားတည်ရှိမှုတစ်ခုက ပထမပုံရိပ်၏နောက်မှ ထွက်လာသည်။ သူသည်လည်း စားဖိုမှူးဝတ်ရုံ ဝတ်ဆင်ထားပြီး သူ၏မီစခိုးရောင်ဆံပင်များက လေထဲတွင် ဖယိုဖရဲဖြင့် လွင့်နေသည်။


သူတို့နှစ်ယောက်လုံးက ကံကြမ္မာအပြောင်းအလဲကို ကျော်ဖြတ်ခဲ့ရသည့် သက်လတ်ပိုင်းအရွယ်ယောက်ျားနှစ်ယောက်၏ ပုံပန်းသွင်ပြင်ဖြစ်သည်။ သို့ရာတွင် သူတို့၏အော်ရာများက အလွန်အမင်း ထိတ်လန့်တုန်လှုပ်ဖွယ်ရာပင်။


နယ်ပယ်သခင်တိထိုက်က မျက်လုံးများ မှေးကျဉ်းလိုက်သည်။

" ဘုံကိုးပါးနယ်သာစားဖိုမှူးမျိုးနွယ်က အထွတ်အမြဆင့်ကျင့်ကြံသူတွေလား ... သူတို့ .. သူတို့ ..."


သူ အံ့ဩလွန်း၍ ဘာပြောရမည်မသိတော့ပေ။ 

ဘုံကိုးပါးနယ်သာစားဖိုမှူးမျိုးနွယ်က ဒီအချိန်မှ ဘာလို့ပေါ်လာတာလဲ ...


" သူတို့က ဒီနေရာကို အမြတ်ထုတ်ချင်လို့ လာတာများလား ..."


နယ်ပယ်သခင်တိထိုက် အနည်းငယ်စိတ်ရှုပ်ထွေးသွားရခြင်းမှာ ဘုံကိုးပါးနယ်သာစားဖိုမှူးမျိုးနွယ်စုက မသေမျိုးသစ်စေ့များကို ရယူလိုသည်ဟု ထင်ခဲ့၍ဖြစ်သည်။ သို့ရာတွင် ကြေးဂိတ်တံခါးဝပွင့်သွားစဉ်က ကျူးကျော်လာသူများက ဧရာမနတ်ဆိုးမျိုးနွယ်ကလူများသာဖြစ်သည်။


" အံ့ဩသွားတာလား ..."

သူတော်စင်ငယ်နယ်သာစားဖိုမှူးက ပြုံးပြလိုက်သည်။


" မင်းတို့က ငရဲအကျဉ်းထောင်ထက် အားမနည်းတဲ့ မသေမျိုးချက်ပြုတ်ခြင်းနယ်ပယ်လေ ... ပိန်လှီနေတဲ့ ကုလားအုတ်တစ်ကောင်က မြင်းတစ်ကောင်ထက်တော့ ကြီးနေသေးတာပဲလေ ... ငါတို့ ဂရုတစိုက်မလုပ်ဘူးဆိုရင် မင်းတို့က ငါတို့ရင်ဆိုင်ဖို့အရမ်းသန်မာလွန်းတဲ့ အရန်အစီအစဉ်တွေကို ပြင်ဆင်ထားကြလိမ့်မယ် ... ငါတို့ ဒီလိုအဆင့်ထိရောက်လာအောင် လွယ်လွယ် ကျင့်ကြံခဲ့ရတာမဟုတ်ဘူး ... အဲ့တာကြောင့် အကြောင်းမဲ့ မသေချင်ဘူးလေ ..."


ဒါဆို သူတို့ စောစောမပေါ်လာတာ မသေမျိုးချက်ပြုတ်ခြင်းနယ်ပယ်က အရန်အစီအစဉ်တွေ ပြင်ဆင်ထားမှာစိုးလို့ပေါ့လေ ...


ဒါဆိုရင် ဧရာမနတ်ဆိုးမျိုးနွယ်က သူတော်စင်ငယ်က ရှေ့ပြေးတပ် သဘောမျိုးပေါ့ ...


" ဧရာမနတ်ဆိုးတွေအားလုံးက အရူးလုပ်ရလွယ်တဲ့ ငတုံးတွေလေ ... သူ့ကို အကျိုးအမြတ်ရစေရမယ်လို့ ကတိပေးလိုက်တာနဲ့ ရှေ့ကနေ ငတုံးလိုမျိုး ပြေးထွက်သွားတော့တာပဲ ... ခုတော့ သူက မင်းတို့ရဲ့ အကြီးဆုံးဖဲချပ်အားလုံးကို ဆွဲထုတ်သွားပြီလေ ... အခု ငါတို့ကို ဘယ်သူမှတားလို့မရတော့ဘူး ..."


သူတော်စင်ငယ်၏ပုံရိပ်က ရှေ့သို့တစ်လှမ်းချင်းတိုးလာပြီး ကောင်းကင်ငရဲတံတားကိုပါဖြတ်သန်းလာသည်။


တံတားပေါ်မှ အရေမတွက်နိုင်အောင်များပြားသော ငရဲအကျဉ်းထောင်ကျင့်ကြံသူများက ခေါင်းမော့လိုက်ကြသည်။ ဧရာမနတ်ဆိုးကြီးသေဆုံးမှုကြောင့် စိတ်ဓာတ်ပျော့ညံ့သွားသော်လည်း ယခုအချိန်တွင် ဒေါသထွက်လာကြပြီဖြစ်သည်။


သူတို့လက်နက်များကိုမြှောက်ပြီး အော်ဟစ်ကြွေးကြော်ကာ စိတ်လှုပ်ရှားသည့် အမူအယာများကို ပြသကုန်သည်။


ပုဖန်က ချိုင့်ခွက်ကြီး၏အစွန်းတွင်ရပ်နေလျက် သူ၏အနီရောင်ဝတ်ရုံက လေထဲတွင် တဖျပ်ဖျပ်လွင့်နေသည်။ ဆွေးမြေ့အိုးကို အသုံးပြုလိုက်ခြင်း၏ ဘေးထွက်ဆိုးကျိုးများကြောင့် သူ၏မျက်နှာက ဖြူဖျော့နေသည်။


ဤကဲ့သို့လက်နက်မျိုးက ပုဖန်၏ ကျင့်ကြံရေးအခြေခံနှင့် မကိုက်ညီသည့်ပေ။ ထို့ကြောင့် စွမ်းအားကြီးသည့် သတ်ဖြတ်ရေးကိရိယာကို အသုံးပြုလိုက်ခြင်းအတွက် ပြန်လည်ပေးဆပ်ရသည်မှာ သဘာဝပင်ဖြစ်သည်။ 


ဘုံကိုးပါးနယ်သာစားဖိုမှူးမျိုးနွယ်မှ ကျင့်ကြံသူများက ရက်စက်လိမ့်နည်ဟု ပုဖန်မထင်ထားခဲ့ပေ။


သူတော်စင်ငယ်နှစ်ယောက်က လက်နောက်ပစ်လျက် ကောင်းကင်ငရဲတံတားကိုဖြတ်ပြီး မသေမျိုးချက်ပြုတ်ခြင်းနယ်ပယ်ထဲသို့ ဝင်လာကြသည်။


" ကျွတ် ကျွတ် ကျွတ် ..."


ကောင်းကင်ငရဲတံတားမှ ဖရိုဖရဲဖြစ်နေသော ဝိညာဉ်စွမ်းအင်များနှင့် ပဉ္စမအလွှာ၏ ပါးလွှာသော မသေမျိုးစွမ်းအင်များကြောင့် သူတို့နှစ်ယောက်က လှောင်ပြောင်နေပြီး မျက်လုံးထဲတွင် အထင်အမြင်သေးမှုများ ပေါ်ပေါက်လာသည်။


" တစ်ခါက ခမ်းနားထည်ဝါခဲ့တဲ့ မသေမျိုးချက်ပြုတ်ခြင်းနယ်ပယ်ကလည်း ဆုတ်ယုတ်လာခဲ့ပြီပဲ ..."

သူတော်စင်ငယ်တစ်ယောက်က စိတ်မပါလက်မပါဖြင့် ပြောလိုက်သည်။


မသေမျိုးချက်ပြုတ်ခြင်းနယ်ပယ်၏ အထွတ်အထိပ်အချိန်က နတ်ဘုရားစားဖိုမှူးတစ်ယောက်နှင့် ချီလင်စားဖိုမှူးဒါဇင်ချီ ရှိခဲ့သည်။ ၎င်းတို့က ငရဲအကျဉ်းထောင်ထက် အားမနည်းခဲ့ပေ။


သို့ရာတွင် ယခုလက်ရှိ မသေမျိုးချက်ပြုတ်ခြင်းနယ်ပယ်မှာ အပျက်အစီးများဖြင့် ပြည့်နေသည်။ နတ်ဘုရားစားဖိုမှူး မရှိတော့သည့်အပြင် သူတော်စင်ငယ်အဆင့်ကို ခက်ခက်ခဲခဲဖြတ်ကျော်ထားရသည့် အဆင့်မြင့်ချီလင်စားဖိုမှူးတစ်ယောက်သာ ရှိတော့သည်။


ဆုတ်ယုတ်နေသော မသေမျိုးချက်ပြုတ်ခြင်းနယ်ပယ်က ကျင့်ကြံသူများကို မမွေးထုတ်ပေးနိုင်တော့သည်မှာ ဝမ်းနည်းစရာ ကိစ္စရပ်တစ်ခုဖြစ်သည်။


" မင်းတို့ဘာဖြစ်လို့ အရမ်းစက်ဆုပ်စရာကောင်းရတာလဲ ...

နယ်ပယ်သခင်တိထိုက်က အသိပြန်ကပ်လာပြီး ဒေါသကြောင့် အံကြိတ်ထားမိသည်။


မဟာနိယာမလမ်းကြောင်းစိတ်ဆန္ဒကို ငှားရမ်း၍ သူတော်စင်ငယ်အဆင့်ကိုဖြတ်ကျော်၍ သို့မဟုတ် ပုဖန်၏ ဆွေးမြေ့အိုးအကူအညီဖြင့် သူတော်စင်ငယ်ယောက်ကို သတ်နိုင်သည်။


သို့ရာတွင် နောက်ထပ် သူတော်စင်ငယ်နှစ်ယောက်က သူတို့ကို အမြတ်ထုတ်ရန်စောင့်နေသဖြင့် စွမ်းအားမဲ့သွားသကဲ့သို့ ခံစားရကာ စိတ်တိုလာသည်။


မြို့တော်သခင်ကျိုးသည်လည်း ဒေါသကြောင့် တသိမ့်သိမ့်တုန်နေသည်။ 

ငရဲအကျဉ်းထောင်က လူအားလုံးက စက်ဆုပ်ဖွယ်ရာတွေဆိုတာ သိပေမယ့် သူတို့က သိသိသာသာပိုပြီးသန်မာနေတာတောင်မှ ဘာလို့ ညစ်ပတ်တဲ့နည်းလမ်းတွေ သုံးနေတာလဲ နားမလည်နိုင်ဘူး ...


သူ့ရဲ့ သွေးတွေတောင် ဆူပွက်လာပြီ ...


" မင်းတို့ ဒေါသထွက်နေတာလား ..."

သူတော်စင်ငယ်ကပြုံး၍ နယ်ပယ်သခင်တိထိုက်နှင့် မြို့တော်သခင်ကျိုးကို ကြည့်နေသည်။ ထို့နောက် သူ၏အကြည့်က ပုဖန်ဆီသို့ ရောက်သွားသည်။


ကြောက်မက်ဖွယ်သတ်ဖြတ်ရေး ကိရိယာကို အသက်သွင်းလိုက်သည့်ပုဖန်ကိုကြည့်ပြီး သူ၏မျက်လုံးများက မှေးကျင်းလာသည်။


' ဒီကောင်လေးက ဝှက်ဖဲများလား '

သူတွေးလိုက်သည်။


အပေါ်ယံအရေပြားနှင့် အသားထူသည့် ဧရာမနတ်ဆိုးသည်ပင် ဆွေးမြေ့အိုး၏ဒဏ်မခံနိုင်ခဲ့ပေ။ ပုဖန်က ၎င်းကိုထပ်မံ အသက်သွင်းလိုက်ပါက သူတို့အားလုံး အမြီးကုပ်၍ ထွက်ပြေးရမည်သာ။


ဘုံသုံးပါး သူတော်စင်ငယ်တစ်ယောက်ကသာ ထိုအိုး၏ဒဏ်ကို ခံနိုင်လိမ့်မည်ဟု မှန်း‌ဆနေကြသည်။


သို့ရာတွင် ပုဖန်၏ ဖြူဖျော့နေသောမျက်နှာကို မြင်ရသည့်အခါ သူတော်စင်ငယ်တစ်ယောက်က ပြုံးလိုက်သည်။


" ကြယ်ကိုးပွင့်စစ်မှန်မသေမျိုးအဆင့် စွမ်းအားလောက်ကြီးကို ထုတ်ထားတဲ့ သတ်ဖြတ်ရေးကိရိယာက ဘေးထွက်ဆိုးကျိုး မရှိပဲနေပါ့မလား ... ဒီကောင်လေးက အားနည်းလွန်းလို့ လက်တစ်ချောင်းတောင် မ မနိုင်တော့ဘူး ... ငါတို့ကို မခြိမ်းခြောက်နိုင်တော့ဘူးလေ ..."


" ငါတို့ကို မသေမျိုးသစ်ပင်အစေ့တွေ ပေးမယ်ဆိုရင် မသေမျိုးချက်ပြုတ်ခြင်းနယ်ပယ်ကို ဒီအတိုင်းထားလိုက်မယ် ... ငါတို့နဲ့ မပူးပေါင်းရင်တော့ မသနားတဲ့အတွက် နောက်မှ အပြစ်မတင်နဲ့နော် ..."


နယ်သာစားဖိုမှူးသူတော်စင်ငယ်နှစ်ယောက်က ကောင်းကင်ငရဲတံတားကို ဖြတ်ပြီး မြစ်ကမ်းပါးပေါ် ရပ်နေကြသည်။ သူတို့အကြည့်များက နယ်ပယ်သခင်တိထိုက်ဆီသို့ ရောက်လာသည်။


" မင်းတို့က မသေမျိုးသစ်ပင်အစေ့တွေ လိုချင်နေတာလား ... အိမ်မက် ဆက်မက်နေလိုက်လေ ..."

နယ်ပယ်သခင်တိထိုက်၏မျက်နှာက နီရဲလာပြီး ဒေါသတကြီးအော်ဟစ်လိုက်သည်။


မသေမျိုးသစ်ပင်၏ အစေ့များက နယ်ပယ်တစ်ခုလုံး၏ မျှော်လင့်ချက်ဖြစ်သည်။ ထိုနယ်သာစားဖိုမှူးများကို မပေးလိုက်နိုင်ပေ။


" ဒါဆိုလည်း သေလိုက်တော့ပေါ့ ..."

သူတော်စင်ငယ်က မျက်လုံးကို မှေးကျဉ်းလိုက်သည်။ နယ်ပယ်သခင်တိထိုက်၏လည်ပင်းကို ဖမ်းဆုပ်လိုက်ပြီး မြေပြင်ပေါ် ရိုက်ချလိုက်သည်။


" မင်း ..."

မြို့တော်သခင်ကျိုး၏ မျက်နှာပေါ်တွင် ဒေါသထွက်သည့်အမူအရာတစ်ခုပေါ်လာသည်။


သို့ရာတွင် နယ်သာစားဖိုမှူးက လက်ဝှေ့ယမ်းလိုက်ရုံဖြင့် ပျံထွက်သွားပြီး အဝေးမှမြေပြင်ပေါ်ပြုတ်ကျကာ သွေးများအန်ထွက်လာသည်။


အခြားတစ်ယောက်က ပုဖန်၏ရှေ့တွင် ဖျတ်ခနဲ ပေါ်လာသည်။


" အဲ့ဒီသတ်ဖြတ်နိုင်တဲ့ ကိရိယာကြီးကို ထပ်ထုတ်နိုင်သေးလား ..."

သူတော်စင်ငယ်က ပုဖန်ကို မျက်နှာသေဖြင့်ကြည့်ကာ မေးလိုက်သည်။


ပုဖန် မျက်ခုံးပင့်လိုက်သည်။


" မထုတ်နိုင်တော့ဘူးဆိုရင် ဒီမှာပဲ တိတ်တိတ်ဆိတ်ဆိတ်နေပါ ... မင်းရဲ့လျှို့ဝှက်ချက်တွေကို ငါတို့အရမ်းစိတ်ဝင်စားတယ် ..."


သူတော်စင်ငယ်က မပီမပြင်ပြုံးပြလိုက်သည်။


ဆွေးမြေ့အိုးက စားသောက်ဖွယ်ရာတစ်ခုဖြစ်သော်လည်း ကြောက်မက်ဖွယ်ဖျက်ဆီးနိုင်သည့် စွမ်းအားအတက်အကျများကို ထုတ်လုပ်နိုင်သည်။ ၎င်းက နယ်သာစားဖိုမှူးမျိုးနွယ်မှ ချီလင်စားဖိုမှူးဖြစ်သည့် ဤသူတော်စင်ငယ်ကို အနည်းငယ်သိချင်စိတ်ဖြစ်လာစေသည်။


ထို့ကြောင့် သစ်စေ့များရပြီးပါက ဤစားဖိုမှူးလေးကို လေ့လာရန်ခေါ်သွားမည်ဟု ဆုံးဖြတ်ထားသည်။


ဆွေးမြေ့အိုး၏ အခြေခံသဘောတရားများကိုနားလည်ပြီး ပြုလုပ်နည်းကို သိရှိလာပါက ငရဲအကျဉ်းထောင်၏ မျိုးနွယ်ကိုးခုအကြားတွင် တဖြည်းဖြည်း ဆုတ်ယုတ်လာနေသော ဘုံကိုပါးနယ်သာစားဖိုမှူးမျိုးနွယ်ကို အဆင့်တက်လာစေမည်ဖြစ်သည်။


ဝုန်း ...


အဝေးတွင် ကြောက်မက်ဖွယ်ရာ ရွှေရောင်အလင်းတန်းများက တစ်ကြိမ်ဆင်းသက်လာပြန်သည်။


နယ်ပယ်သခင်တိထိုက်၏ ပါးစပ်မှ သွေးများစီးကျလာသည်။ သူ၏ ရွှေရောင်ဆံပင်များက လေထဲတွင် တဖျတ်ဖျတ်လွင့်နေကာ အဆုံးမဲ့သော ဒေါသရိပ်များက မျက်ဝန်းထဲတွင် တွဲခိုနေသည်။


နယ်ပယ်သခင်တစ်ယောက်ဖြစ်သည့်အတွက် တစ်စုံတစ်ယောက်က သူ့ကိုမြေပြင်နှင့်ဖိကပ်ပြီး အရှက်ခွဲခြင်းကြောင့် ဒေါသထွက်နေသည်။


ဝုန်း ...


တစ်ခဏအတွင်း သူတော်စင်ငယ်ကို လက်သီးတစ်ချက်ဖြင့် လွင့်ထွက်သွားစေလိုက်သည်။


တိထိုက်၏ကိုယ်ပေါ်တွင် ရွှေရောင်သံချပ်ဝတ်က နောက်တစ်ကြိမ်ရောက်လာသော်လည်း ကျိုးပဲ့ပျက်စီးနေပြီဖြစ်သည်။


" မင်း ရူးနေတာလား ... သူတော်စင်ငယ်ရဲ့ ခဏတာတိုက်ခိုက်ရေးခွန်အားအတွက် သွေးအဆီအနှစ်ကို လောင်ကျွမ်းပစ်တယ်ပေါ့ ..."

နယ်ပယ်သခင်တိထိုက်ကြောင့် ပျံသန်းသွားသည့် သူတော်စင်ငယ်က ကြောက်လန့်တကြားအော်ပြောလိုက်သည်။


နယ်ပယ်သခင်တိထိုက်၏ မျက်လုံးထဲမှအကြည့်က ပြောင်းလဲသွားပြီး သူ၏အသားအရည်သည်လည်း ကတ္တီပါနီရောင် ပြောင်းသွားသည်။


သွေးအဆီအနှစ်ကို လောင်ကျွမ်းပစ်ခြင်းက လူတစ်ယောက်၏ အဆီအနှစ်ကို ထိခိုက်စေနိုင်သည့် အပြုအမူမျိုးဖြစ်သည်။


ဂျိန်း ...


နယ်ပယ်သခင်တိထိုက် ခုန်လိုက်သည်။ မြေပြင်က အက်ကွဲသွားပြီး သူတော်စင်ငယ်ထံသို့ ပြေးဝင်လာသည်။ ထို့နောက်တွင် သူတော်စင်ငယ်ကို အပြင်းအထန်တိုက်ခိုက်တော့သည်။ 


သူတို့နှစ်ဦးကြားမှ တိုက်ပွဲက ပြင်းထန်လှသည်။


သူတို့နှစ်ယောက်က အနက်ရောင်အလင်းတန်းများအဖြစ် ပြောင်းလဲသွားပြီး လေဟာနယ်ထဲတွင် တစ်ယောက်နှင့်တစ်ယောက် တိုက်ခိုက်နေကြသည်။ ပွတ်တိုက်မှုတိုင်းမှ မြည်ချုန်းသံများဖြစ်ပေါ်လာပြီး ပေါက်ကွဲမှုတိုင်းက အရပ်မျက်နှာအနှံ့ ပျံ့နှံ့လာသည်။


ငရဲစွမ်းအင်နှင့် မသေမျိုးစွမ်းအင်များ ပွတ်တိုက်လိုက်ချိန်တိုင်း တစ်ခုနှင့်တစ်ခု တိုက်စားနေပြီး လေထဲတွင် တရှဲရှဲအသံများဖြင့် ပြည့်နေသည်။


ရုတ်တရက် ဓားအ‌လင်းရောင်တစ်ခုက ကောင်းကင်မှ ထွက်ပေါ်လာသည်။ ၎င်းက မည်းနက်နေပြီး မဟာနိယာမလမ်းကြောင်းကြီးစိတ်ဆန္ဒက မှုန်ဝါးဝါး ပါဝင်နေသည်။


၎င်းက ပြင်းထန်စွာ ခုတ်ပိုင်းချလိုက်သည်။


နယ်ပယ်သခင်တိထိုက်၏ လက်ထဲတွင် ဧရာမရွှေရောင်အိုးတစ်လုံး ပေါ်လာသည်။ ၎င်းကို ခေါင်းအထက်သို့ မြှောက်တင်လိုက်ပြီး ဓားကိုကာဆီးလိုက်သည်။


အဝေးမှ နယ်သာစားဖိုမှူးသူတော်စင်ငယ်က အနက်ရောင်မီးဖိုချောင်သုံးဓားတစ်ချောင်းကို ကိုင်ထားပြီး တည်ကြည်စွာကြည့်နေသည်။


ကျယ်လောင်သော မြည်ချုန်းသံကြီးဖြင့် ထိုဓားက ခုတ်ပိုင်းချလိုက်ချိန်တွင် နယ်ပယ်သခင်တိထိုက်လည်း မြေပြင်ပေါ် ပြုတ်ကျသွားပြီး အရိုးများအားလုံး ကျိုးလုနီးပါးဖြစ်သွားသည်။


" မင်း ငါနဲ့ တိုက်ခိုက်ပြီးဘာလုပ်မှာလဲ ... မင်းက ခုမှ သူတော်စင်ငယ်အဆင့်ကို ခြေချလိုက်တာလေ ... မဟာနိယာမလမ်းကြောင်းကိုတောင် သေချာမထိန်းချုပ်နိုင်သေးပဲနဲ့ ... ငါ့ကို အမျက်ဒေါသတစ်ခုတည်းနဲ့ တိုက်မှာလား ..."

သူတော်စင်ငယ်က လှောင်ပြောင်လိုက်သည်။


ခဏအကြာတွင် သူ၏တစ်ကိုယ်လုံး လေထဲမျောလွင့်သွားသည်။


နှလုံးခုန်သံများ ထွက်ပေါ်လာသည်။


တစ် နှစ် သုံး ...


သူတော်စင်ငယ်၏နောက်တွက် အသည်းနှလုံးကိုးခု၏ ဝိုးတဝါးပုံရိပ်များ ထွက်ပေါ်လာသည်။


ကြောက်မက်ဖွယ်အော်ကာက ဆက်လက် ပျံ့နှံ့နေသည်။


သွေးများဖြင့် နစ်မြုပ်နေသော နယ်ပယ်သခင်တိထိုက်က အပျက်အစီးများကြားမှ တွားသွားထွက်လာပြီး လေထဲမှ သူတော်စင်ငယ်ကိုကြည့်နေသည်။


ပုဖန်၏ဘေးမှ သူတော်စင်ငယ်က ခပ်ဖျော့ဖျော့ပြုံးကာ ပြောလိုက်သည်။

" ပြီးဆုံးသွားပြီပဲ ..."


ပုဖန် သူ့ကို တစ်ချက်ကြည့်ကာ မျက်နှာသေဖြင့် ပြန်ဖြေလိုက်သည်။

" မဟုတ်ဘူး ... မပြီးသေးပါဘူး ..."


နယ်ပယ်သခင်တိထိုက်က သွေးများဖြင့် နစ်မြုပ်နေသော်လည်း ဆက်လက်တိုက်ခိုက်လိုစိတ်ရှိနေသည်ကို မြင်ရသောအခါ ပုဖန်၏နှလုံးသားထဲတွင် စိတ်ခံစားချက်ပေါင်းစုံ ရောထွေးသွားသည်။


ဒါက နယ်ပယ်သခင်တစ်ယောက်ရဲ့ အနစ်နာခံမှုမျာူလား ...


" အိုး ... မင်းတို့မှာ ဝှက်ဖဲတွေရှိသေးတာလား ..."

သူတော်စင်ငယ်က ပုဖန်ကို သင်္ကာမကင်းဖြင့်ကြည့်ကာ မေးလိုက်သည်။


ပုဖန်၏ နှုတ်ခမ်းထောင့်များ တွန့်ချိုးသွားသည်။


" ကျုပ်တို့မှာ နောက်ထပ်ဝှက်ဖဲတစ်ခုရှိသေးတယ် ... ခုထိမပေါ်လာသေးတဲ့ ခွေးတစ်ကောင်လေ ..."


အိုး ...


ခွေးတစ်ကောင်တဲ့လား ...


နယ်သာစားဖိုမှူးသူတော်စင်ငယ်က ရပ်တန့်သွားပြီး ခဏအကြာတွင် မျက်လုံးများ မှေးကျဉ်းသွားသည်။


အဝေးမှ သူတော်စင်ငယ်က အချက်အပြုတ်နှလုံးသားလမ်းစဉ်ကိုးခု၏ စွမ်းအားများကို စုစည်းကာ ဓားဖြင့်ခုတ်ပိုင်းချရန် ပြင်နေသည်။


ဓားအလင်းရောင်က ကောင်းကင်တစ်ခုလုံးကို လွှမ်းမိုးထားပြီး ပဉ္စမအလွှာတစ်ခုလုံးကို နှစ်ခြမ်းကွဲအောင် ပိုင်းဖြတ်တော့မည်ဟု ထင်ရသည်။


နယ်ပယ်သခင်တိထိုက်က ဒယိမ်းဒယိုင်ဖြင့် ရပ်လိုက်သည်။ ဤတိုက်ခိုက်မှုကို တောင့်ခံထားရန် သူ့တွင် အင်အားမရှိတော့ပေ။


လေထုထဲတွင် စိတ်ပျက်ဝမ်းနည်းမှုများသာ ပျံ့နှံ့နေသည်။


သို့ရာတွင် ထိုဓားက ခုတ်ပိုင်းချတော့မည်အချိန်မှာပင် နယ်ပယ်သခင်တိထိုက်၏ရှေ့မှ လေဟာနယ်က တွန့်ချိုးသွားပြီး စက်ဝိုင်းပုံဝင်ပေါက်တစ်ခုဖြစ်လာကာ အတွင်းမှ လေအေးများနှင့် နှင်းများ တိုက်ခတ်လာသည်။


ခွေးဝကြီးတစ်ကောင်က ဝင်ပေါက်ထဲမှ ကြောင်ကဲ့သို့ခြေလှမ်းများဖြင့် လမ်းလျှောက်ထွက်လာသည်။


ထိုခွေး ထွက်ပေါ်လာသည်နှင့် အားလုံး၏မျက်လုံးများက သူ့ထံသို့ရောက်သွားသည်။ 


" ခွေးတစ်ကောင်တဲ့ ... တကယ်ကြီးလား ..."


ပုဖန်နှင့် မနီးမဝေးတွင်ရပ်နေသည့် နယ်သာစားဖိုမှူးသူတော်စင်ငယ်က အံ့ဩလွန်း၍ ဘာပြောရမည်မသိတော့ပေ။ ခဏအကြာတွင် တစ်စုံတစ်ခုကို အမှတ်ရသွားပုံဖြင့် ပင့်သက်ရှိုက်လိုက်သည်။


အဲ့ခွေးက ...


" ဒီခွေးကလည်း သေချင်နေတာပဲလား ..."

အခြား နယ်သာစားဖိုမှူးက အေးစက်စွာပြောလိုက်သည်။ ဝင်ပေါက်ထဲမှထွက်လာသည့် ထိုခွေးကို စူမကြောက်ရွံ့သည်မှာ သဘာဝပင်။


ဓားအလင်းရောင်က ထိုခွေးကို နှစ်ပိုင်းပိုင်းရန် ကြိုးစားနေသည်။


ခွေးဘုရင်က လေဟာနယ်ထဲမှ ထွက်လာပြီး ညစ်ပတ်ပေရေနေသော နယ်ပယ်သခင်ကိုကြည့်ကာ ခွေးနှုတ်ခမ်းကိုမဲ့လိုက်သည်။


" မင်းကိုကြည့်ရတာ တော်တော်သနားဖို့ကောင်းနေတာပဲ ..."


ခွေးဘုရင်၏ အသံဩဩက ‌ဟင်းလင်းပြင်ထဲတွင် ပဲ့တင်ထပ်နေသည်။


ခွေးဘုရင်ကိုစိုက်ကြည့်လျက် နယ်ပယ်သခင်တိထိုက် ရုတ်တရက် ပြုံးလိုက်သည်။


" ဝဲစားခွေး ငါ့ကိုကူညီပါဦး ... ဒီကောင့်ကိုသတ်ပေး ..."

သူက ထိတ်လန့်စရာ အမူအယာဖြင့် ပြောလိုက်သည်။


လေဟာနယ်ထဲမှ သူတော်စင်ငယ်က မျက်လုံးများမှေးကျဉ်းကာ ဓားဖြင့် ခုတ်ပိုင်းချလိုက်သည်။


ဆုတ်ပြဲသည့်အသံတစ်ခုထွက်လာပြီး လေဟာနယ်က ဆက်တိုက် ပျက်စီးလာသည်။


ခွေးဘုရင်လှည့်ကြည့်လိုက်ချိန်တွင် အားပြင်းသည့်လေပွေတစ်ခု တိုက်ခတ်လာပြီး အမွေးများကို လန်သွားစေသည်။


သူ၏နှုတ်ခမ်းကို မဲ့လိုက်ပြီး ပြောင်မြောက်သည့်လက်ဖဝါးကြီးကို ဆန့်ထုတ်လိုက်သည်။


ထိုနေရာတစ်ဝိုက်မှ ငရဲစွမ်းအင်များက လျင်မြန်စွာစုဝေးလာပြီး ‌ကောင်းကင်ကို အုပ်မိုးထားသည့်ခွေးလက်ဖဝါးကြီးဖြစ်သွားကာ ဓားအလင်းရောင်ကို ရိုက်ချလိုက်သည့်အခါ ချက်ချင်းပင် အပိုင်းပိုင်းအစစ ဖြစ်သွားသည်။


လေထဲမှ သူတော်စင်ငယ်က ပင့်သက်ရှိုက်လိုက်ပြီး မျက်လုံးများမှေးကျဉ်းလိုက်သည်။


" ပုစွန်ပိစိ သွားကြမယ် ..."

ပုဖန်က ခပ်ဖျော့ဖျော့လေသံဖြင့် ပြောလိုက်သည်။


ပုစွန်ပိစိက ပုဖန်၏ပခုံးပေါ်မှခုန်ဆင်းလိုက်ချိန်တွင် ရွှေရောသ်အလင်းတန်းများ လင်းလက်လာပြီး ဧရာမပုစွန်ကြီးဖြစ်သွားကာ ပုဖန်ကို နယ်ပယ်သခင်၏ဘေးကို ခေါ်သွားသည်။


ပုဖန်၏ဘေးမှ သူတော်စင်ငယ်မှာ ခွေးဘုရင်၏ ပေါ်ထွက်လာမှုတွင် စိတ်နစ်နေသဖြင့် ပုဖန်ကို မတားလိုက်ပေ။ သူ စိတ်နှင့်လူနှင့် ကပ်သွားချိန်တွင် ပုဖန်က နယ်ပယ်သခင်တိထိုက်၏ဘေးကို ရောက်နေပြီဖြစ်သည်။


တိထိုက်က ပုဖန်ကိုကြည့်လျက် အသက်ပြင်းပြင်းရှုနေရသည်။ သူ၏ကိုယ်မှ ရွှေရောင်အလင်းတန်းလည်း အရောင်ဖျော့သွားပြီး အော်ရာကလည်း ပို၍ ယုတ်လျော့လာသည်။


ပုဖန်၏လက်ထဲသို့ အနက်ရောင်သစ်စေ့နှစ်ခုကို ထည့်လိုက်ပြီး မျှော်လင့်တကြီးဖြင့် ကြည့်နေသည်။


ပုဖန် စကားတစ်ခွန်းမှ မပြောပေ။ သစ်စေ့များကို ယူလိုက်ပြီး အတွေးတစ်ချက်ဖြင့် အသက်သလင်းကျောက်သစ်သီးကိုထုတ်ကာ နယ်ပယ်သခင်တိထိုက်ကို ပေးလိုက်သည်။


ထိုသစ်သီးကို စားပြီးသည့်အခါ တိထိုက်၏ နွမ်းလျနေသောခန္ဓာကိုယ်က ချက်ချင်းပင်စွမ်းအင်များဖြင့် ပြည့်လာသည်။ စွမ်းအင်စီးကြောင်းတစ်ခုက လှည့်ပတ်နေပြီး တစ်ကိုယ်လုံးကို အားအင်ဖြည့်တင်းပေးနေသည်။


မသေမျိုးသစ်ပင်၏ အစေ့နှစ်ခုကို ကိုင်ထားလျက် ပုဖန်က ခွေးဘုရင်ကို ကြည့်လိုက်သည်။


"ခွေးဝကြီး ... နတ်ဘုရားပျောက်ကွယ်တောင်မှာ ဘာလို့ အကြာကြီးအချိန်ဖြုန်းနေတာလဲ ..."


" အဲ့အရူးမနဲ့ ကိစ္စတစ်ချို့ဆွေးနွေးနေတာလေ ... မင်း ဘာလို့ စိတ်မရှည်ဖြစ်နေတာလဲ ... ငါအခုရောက်နေပြီပဲ ..."

ခွေးဘုရင်က ပြုံးလျက်ပြောလိုက်သည်။ ခဏအကြာတွင် သူ၏ပြောင်မြောင်သော လက်ဖဝါးကြီးကိုမြှောက်ကာ လေထဲမှ သူတော်စင်ငယ်ကို ရိုက်လိုက်ပြန်သည်။


" ဒါဆိုရင် ခင်ဗျားနဲ့ ထားခဲ့မယ်နော် ... ကျုပ်ခဏနေရင် ပြန်လာမယ် .."

ပုဖန်က ပြောပြီးသည့်နောက် ကောင်းကင်ကမ္ဘာမြေလယ်ယာမြေသို့ ဝင်သွားသည်။


ဂျုန်း ...


ခွေးဘုရင် တိုက်ပွဲထဲသို့ ဝင်ရောက်လာသည်နှင့် ငရဲအကျဉ်းထောင်မြို့ရိုးများ ရုတ်တရက် တုန်ခါသွားသည်။


သူရောက်ရှိလာမှုက မြို့ရိုးရဲ့နောက်ကွယ်က ကြီးမြတ်တဲ့တည်ရှိမှုကို နှိုးဆွလိုက်တဲ့ပုံပဲ ...