Chapter 69
သူက လမ်းမှ ခေါက်ယပ်တောင် တစ်ချောင်းဝယ်ကာ ယပ်ခပ်နေလျက်ပင် ထျန်းရှန်းမျှော်စင်သို့ ဝင်လိုက်သည်။ စားပွဲထိုး က အလျင်အမြန်ပင် ရောက်လာသည်။ရှန်းလျိုရှန့်က အရသာရှိသော ဟင်းပွဲအတွဲလိုက်မှာလိုက်ဒ ဒုတိယထပ်သို့ ဖိတ်ခေါ်ခံလိုက်ရသည်။
မကြာသောအချိန်တွင် စားပွဲထိုးက အသီးပန်းကန်များကို ယူဆောင်လာခဲ့သည်။
ရှန်းလျိုရှန့်က ခုံတွင် မှီထိုင်လျက် ရေခဲစိမ်ထားသော ဖရဲသီးကို ကိုင်ထားသည်။ အလျှံငြီးငြီး ပူလောင်နေသော အပြင်ဘက်သို့ ပြတင်းပေါက်မှတစ်ဆင့် ကြည့်နေသည်။
ချွေးအလွန်အမင်းထွက်လျက် အနက်ရောင်ဆံနွယ်ကို လက်တွင်ကိုင်ကာ စာလိပ်၏ နေရာကို ရှာဖွေနေမည့် ရှုရှင်းချန်ကို တွေးမိသောအခါ သူ မသက်မသာခံစားလိုက်ရသည်။
အင်းးး...
တုံးအတဲ့ညီလေး...မြန်မြန်ရင့်ကျက်စမ်းပါ...
ရှန်လျိုရှန့်က နှလုံးသားထဲတွင် သက်ပြင်းချလိုက်သော်ငြား ချိုမြအေးစက်သည့် ဖရဲသီးကို ဇွန်းအပြည့် စားပြီးနောက် ညစ်ကျယ်ကျယ်အပြုံးလေး ပေါ်လာသည်။
နေ့မွန်းတည့်ချိန်သို့ ရောက်သောအခါ စားသောက်ဆိုင်အတွင်း၌ လူများစည်ကားလာပြီး ပုံပြင်ပြောသူကလည်း အောက်ဆုံးထပ်ရှိ စင်မြင့်ပေါ်သို့ တက်လာသည်။လူအများက အကျင့်ဖြစ်စွာပင် မေးလိုက်သည်။
"ဒီနေ့ ဘာအကြောင်းပြောမှာလဲ..."
"ဒီနေ့ကတော့ နတ်ဆိုးဘုရင်ကြီးနဲ့ နတ်ဆိုးဘုရင်မ အကြောင်း ပြောမှာပါ..."
ဤအကြောင်းကို ကြားသောအခါ လူတိုင်းက စိတ်ဝင်စားစွာဖြင့် လက်ခုပ်တီးလိုက်သည်။
"နတ်ဆိုးဘုရင်မအန်း က အလွန်လှပတဲ့ ရုပ်ရည်ရှိတယ်... အဲ့ဒါကြောင့် နတ်ဆိုးဘုရင်အိုကြီးက မြင်မြင်ချင်းချစ်မိသွားပြီး မိဖုရားအဖြစ်လက်ထပ်ယူချင်ခဲ့တာပေါ့...ဒါပေမဲ့ နတ်ဆိုးဘုရင်မကျန်းက ဖြစ်နိုင်သမျှနည်းတွေသုံးပြီး သူမကို တားဖို့ကြိုးစားခဲ့တယ်...ဘုရင်ကြီးက မတတ်နိုင်တဲ့အဆုံးမှာတော့ ဘုရင်မအန်းကို မြို့သေးသေးလေးမှာ နေခိုင်းခဲ့ရတယ်...အဲ့ဒီနေရာက နောက်ပိုင်းမှာတော့ သတ္တမနတ်ဆိုးဘုရင် အုပ်ချုပ်တဲ့ ချီလင်မြို့ ဖြစ်လာခဲ့တယ်..."
အဆောက်အအုံအတွင်းရှိ လူများက သတ္တမနတ်ဆိုးဘုရင် အကြောင်းကို ကြားသောအခါ မချီးကျူးပဲ မနေနိုင်ကြပေ။
" တစ်ခြား နတ်ဆိုးဘုရင်တွေက နတ်ဆိုးဘုရင်အိုကြီးကို သတ်ပြီး ချီလင်မြို့ကို သိမ်းဖို့ ကြိုးစားခဲ့ကြတုန်းက မြို့အရှင်ရဲ့ ကျေးဇူးကြောင့် သူတို့ကို တားနိုင်ခဲ့တာ...ဒါ့ကြောင့်ပဲ ငါတို့ ပျော်ရွှင်တဲ့ဘဝ နဲ့နေနိုင်တာ..."
"ဟုတ်တယ်...မြို့အရှင်က တကယ်မွန်မြတ်တယ်...တစ်ခြားနတ်ဆိုးဘုရင်တွေက နတ်ဆိုးငယ်လေးတွေက မှီခိုဖို့လိုအပ်တာကို အထင်သေးကြတယ်...မြို့အရှင်တစ်ယောက်ပဲ ကြင်ကြင်နာနာဆက်ဆံတာ..."
ပုံပြင်ပြောသူက ချောင်းတစ်ချက်ဟမ့်ကာ ဆက်ပြောသည်။
"နတ်ဆိုးဘုရင်အိုကြီးက မြို့အရှင်နဲ့ပတ်သတ်ပြီးတော့ ဘုရင်မကျန်း အန္တရာယ်ပြုမှာစိုးရိမ်နေခဲ့တယ်...အဲ့ဒါကြောင့် ဘုရင်မကျန်းရဲ့လိုက်လံဖမ်းဆီးတာကို တားနိုင်ဖို့ နေ့တိုင်း ရှောင်တိမ်းစေခဲ့တာပေါ့...အဲ့ဒီအချိန်မှာ မြို့အရှင်က အတွေးတစ်ခု ဝင်ပြီး ထွက်ပြေးဖို့ ငြင်းဆန်လိုက်တယ်...သူတို့ အေးအေးချမ်းချမ်းနဲ့ နှစ်ပေါင်းများစွာ နေနိုင်ခဲ့ကြပါတယ်...ဒါပေမဲ့ အဲ့ဒီနေ့ရက်တွေက ကြာကြာမခံပါဘူး...မြို့အရှင်ကို လူယုတ်မာတစ်ယောက်က သတ်သွားပြီး ပျောက်ကွယ်သွားတယ်..."
ပရိသတ်များက ချက်ချင်းပင် ပြောလိုက်သည်။
"အဲ့ဒါ ဘုရင်မကျန်း ပဲဖြစ်မယ်...ရက်စက်တဲ့မိန်းမ...နတ်ဘုရားတွေတောင် သိတယ်...သူ့ရဲ့ အသုံးမကျတဲ့ သားလေးယောက်က မမျှော်လင့်ပဲသေသွားပြီး သမီးတစ်ယောက်ပဲ အဖတ်တင်တယ်လေ...မြို့အရှင်ကသာ မကြင်နာတတ်ဘူးဆိုရင် သူ အပိုင်းပိုင်းဖြတ်ခံရတာ ကြာပြီ...အခုလို ကောင်းမွန်တဲ့ဘဝ မှာ နေရမှာ မဟုတ်ဘူး..."
ပုံပြင်ပြောသူက ခေါင်းညိတ်ကာပြောလိုက်သည်။
"ကံကောင်းစွာနဲ့ပဲ မြို့အရှင်ရဲ့ ကံကြမ္မာက မဆုံးသေးဘူး...ဆယ်နှစ်ကျော် ကြာပြီးနောက်မှာတော့ သူက ပြန်ရောက်လာပြီး ချီလင်မြို့ကို ကယ်တင်ခဲ့တယ်...နတ်ဆိုးဘုရင်ကြီးနဲ့ ဘုရင်မကို အိမ်ကြီးအိမ်ကောင်းမှာ ထားတယ်...သူတို့လည်း ပျော်ရွှင်ဝမ်းမြောက်နေကြမှာပါ..."
ရှန်းလျိုရှန့်က တူကို ဖြေးညှင်းစွာကိုင်၍ တွေးနေမိသည်။
သတ္တမနတ်ဆိုးဘုရင်က လူတွေတွေးသလိုမျိုး မကောင်းမှုကို ကြင်နာမှုနဲ့ ပြန်ပေးဆပ်တဲ့ သူမျိုးလား...ဘယ်လိုပဲဖြစ်ဖြစ် ဘုရင်မကျန်းရဲ့ သားလေးယောက် သေသွားတာက မတိုက်ဆိုင်နေဘူးလား...လူတွေ ဒီလိုမတွေးမိပဲ ယုံကြည်နေကြတာက ထူးဆန်းနေတယ်...
သံသယက သံသယ ပဲလေ...
ရှန်းလျိုရှန့်က ပြတင်းပေါက်အပြင်ဘက်သို့ ကြည့်လိုက်သည်။ လမ်းမတွင် အေးချမ်းနေ၍ နတ်ဆိုးကျင့်ကြံသူ အမြောက်အများကို တွေ့ရလေသည်။သူ တွေးလိုက်မိသည်။
သတ္တမနတ်ဆိုးဘုရင်ရဲ့ ဦးဆောင်မှုအောက်မှာတော့ ချီလင်မြို့က တကယ့်ကို နေရာကောင်း တစ်ခုပဲ...
အဝေးသို့ ကြည့်လိုက်သောအခါတွင် လမ်းထောင့်ရှိ အော်ဟစ်ကျိန်ဆဲသံများကြောင့် လမ်းတစ်ခုလုံး ဆူကြွလာသည်။
"ကြည့်စမ်း...အဲ့တာ သွေးနှောကောင်ပဲ..."
"သူရောက်လာပြန်ပြီ...သူ့ကို သေအောင်ရိုက်သတ်လိုက်...နတ်ဆိုးဂိုဏ်းက လူသားတစ်ဝက်ကောင်တွေ မလိုဘူး..."
"မသန့်စင်တဲ့ နတ်ဆိုးအော်ရာက အရမ်းရွံဖို့ကောင်းတာပဲ...မြန်မြန်သတ်ပစ်လိုက်..."
ရှန်းလျိုရှန့် လှည့်ကြည့်သောအခါ လူတစ်စုက ဆံပင်အနီရောင်နှင့် ကလေးတစ်ယောက်ကို ဝိုင်းထားကြကြောင်း တွေ့လိုက်ရသည်။ သူတို့က တုတ်များကောက်ယူကာ ကလေးငယ်အား ရိုက်နှက်ကြသည်။ ဖြတ်သွားသည့် နတ်ဆိုးကျင့်ကြံသူများကလည်း ကလေး၏ ခေါင်းကို ကျောက်တုံးဖြင့် ပစ်ပေါက်သွားကြသည်။
"ဘုန်း..."
ရိုက်ချက်တစ်ခုက ကလေး၏ ဒူးကို ထိသွားသည်။ငယ်ရွယ်သော ပုံရိပ်ကလေးက ခေါင်းကို ကာလျက် ထွက်ပြေးစဉ် မြေပေါ်သို့ လဲကျသွားသည်။ပိန်ပါးသော လက်လေးများက ခြေထောက်ကို ဖက်ထားကာ သနားစဖွယ် ငိုကြွေးနေသည်။
ထိုအချိန်တွင် သူ့ခေါင်းကိုတုတ်ဖြင့် ရိုက်ခံလိုက်ရသည်။ကလေးငယ်က တုန်ယင်နေကာ ငိုရှုက်သံမှာ အားနည်းလာသည်။ ကလေး၏ ပါးစပ်နှင့် နှာခေါင်းမှ သွေးများထွက်လာသည်။
ထိုကလေးသေသည်အထိ ရိုက်ခံရမည်ကို တွေ့သောအခါ တစ်စုံတစ်ယောက်က အော်လိုက်သည်။
"ခဏလေး နေပါဦး..."
လူတိုင်းက အမျိုးသားတစ်ယောက်နှင့် အမျိုးသမီး တစ်ယောက်ကို မြင်လိုက်ရ၍ သူတို့ အလျင်အမြန် နှုတ်ဆက်လိုက်သည်။
"မင်္ဂလာပါ...လူကြီးမင်းတို့..."
ကြာပွတ် ကိုင်ဆောင်ထားသော အမျိုးသမီးက သေလုဆဲဆဲ ကလေးငယ်အား စိတ်မရှည်စွာ ကြည့်ကာ မျက်မှောင်ကြုတ်လိုက်သည်။
"ဘာလို့ ဒီမှာ သွေးနှော တစ်ကောင် ရှိနေပြန်တာလဲ...ချီလင်မြို့က တစ်ယောက်ယောက်ကို ရန်စထားတာလား...ရွံစရာကောင်းတာတွေ နေရာတိုင်းမှာ တွေ့နေရတာပဲ..."
ဘေးမှ အမာရွတ်နှင့် အမျိုးသားက ဝတ်ရုံလက်ကို ခေါက်လိုက်ရာ သူ၏ လက်ချောင်းများကြားတွင် အနက်ရောင် အပ်ရှည် သုံးချောင်း ပေါ်လာသည်။
"မြန်မြန် ဖြေရှင်းရအောင်...မြို့အရှင်ကို မမြင်စေနဲ့...သူက ဒီလို လူမဟုတ် နတ်ဆိုးမဟုတ်တွေကို မုန်းတယ်..."
"ကောင်းပြီ..."
အမျိုးသမီးက ကြာပွတ်ကို မြောက်ကာ ကလေးငယ်အား ရိုက်လိုက်သည်။
လူစုက ချီးကျူး ပြောဆိုနေကြသည်။
"သခင်ဇို့လင်က ကြာပွတ်သုံးတဲ့ နေရာမှာ အရမ်းတော်တာပဲ... အဲ့ ခွေးသားလေးကို မသေမချင်း ရိုက်သတ်လိုက်ပါ..."
ကလေး၏ တုန်ယင်နေသော ခန္ဓာကိုယ်မှာ ကြာပွတ်ရာများ ပြည့်နှက်လာသည်။ ထို့နောက် ကြာပွတ်နှင့် ရစ်ပတ်ခံရကာ တောင့်တောင့်ကလေးဖြစ်နေသည်။
"နင့်အလှည့် ရောက်ပြီ...ယိုရှဲ့..."
အမျိုးသားက ချွန်ထက်နေသော အနက်ရောင် အပ်သုံးချောင်း နှင့် ကလေးငယ်ဆီသို့ ပစ်လွှတ်လိုက်သည်။ ဤသည်ကို တွေ့သောသူများက ကျယ်လောင်စွာ အားပေးကြသည်။
"သတ်လိုက်...သတ်လိုက်... အဲ့ဒီ့ ခွေးသားလေးကို သတ်လိုက်..."
အပ်ချောင်းများက သွေးနှောကောင်လေး၏ခေါင်းကို ဖောက်သွားမည်ဟု ထင်ခဲ့သော်လည်း ခေါက်ယပ်တောင်တစ်ချောင်းက ပေါ်လာသည်။ အပ်ချောင်းများက ခေါက်ယပ်တောင်၏ အရိုးများနှင့် ထိမိကာ 'ကလန်...ကလန်' ဟူသော အသံများထွက်ပေါ်လာသည်။
လူတိုင်းက ကြက်သေသေသွားသည်။ ဆံပင်ရှည်များကို ချည်နှောင်ထားကာ အရုပ်ဆိုးသော ဝက်မျက်နှာဖုံးကို တပ်ထားသည့် အရပ်ရှည်ရှည် လူတစ်ယောက်ပေါ်လာသည်။
"မင်းက အရမ်းသတ္တိရှိတာပဲ...အဲ့ သွေးနှောကောင်ကို ကယ်ချင်နေတာလား..."
ရှန်းလျိုရှန့်က ပြန်မဖြေဘဲ မြေပြင်ပေါ်မှ ကလေးကို ချီမ'ကာ မျက်တောင်တစ်ခတ်အတွင်းပျောက်ကွယ်သွားသည်။ ဇို့လင်နှင့်ယိုရှဲ့က ဒေါသထွက်ကာ နောက်မှ ချက်ချင်းလိုက်သွားသည်။ နတ်ဘုရား အသွင်ပြောင်းအဆင့်နှင့် မယှဉ်ပြိုင်နိုင်သဖြင့် ရှန်းလျိုရှန့်က သက်သက်သာသာပင် လွတ်သွားလေသည်။
ရှန်းလျိုရှန့်က နားနေဆောင်သို့ပြန်သွားကာ ခေါ်လာသည့် ကလေးအား ခုတင်ပေါ်သို့ တင်ပေးလိုက်သည်။
ကလေးငယ်၏ မျက်နှာတစ်ဝက်မှာ မီးလောင်ထားသော အမာရွတ်များနှင့် ပြည့်နေလေသည်။ အခြားတစ်ဖက်တွင် ရိုက်ခံထားရသဖြင့် နီရဲနေလေသည်။ မေးစေ့နှင့် လည်ပင်းတစ်လျှောက်တွင် အတွင်းဒဏ်ရာများက ပြာတစ်လှည့် ခရမ်းတစ်လှည့် ဖြစ်နေသည်။
ကလေးမှာ မျက်မှောင်ကြုတ်ထားကာ အလွန် နာကျင်နေပုံရသည်။
ရှန်းလျိုရှန့်က ဆေးတစ်လုံးထုတ်ကာ ကလေးငယ်ပါးစပ်ထဲသို့ ထည့်လိုက်သည်။ ထို့နောက် ကျင်းရှောင်ကျို့အားခေါ်ကာ ဝိညာဉ်ဆေးပင် အနည်းငယ်ခန့် သွားဝယ်ခိုင်းလိုက်သည်။
နန်းတွင်းတွင်ရှိနေစဉ်တွင် တိယွင်ယွီထံမှ သင်ယူခဲ့သည်များထဲမှ တစ်ခုမှာ ဝိညာဉ်ဆေးပင်ဖြင့် ကုသခြင်းဖြစ်သည်။
ကျင်းရှောင်ကျို့က မျက်မှောင်ကြုတ်လိုက်မိသည်။ သူက နတ်ဆိုးဖြစ်၍ ခုတင်ပေါ်ရှိ ကောင်လေး၏ ရှုပ်ထွေးနေသော အော်ရာကို ခံစားမိသည်။ ထိုကလေးက နတ်ဆိုးဖြစ်သော်ငြား နတ်ဆိုးမဟုတ်ပေ။ လူနှင့် နတ်ဆိုးပေါင်းစည်းထားသော ရလဒ်ဖြစ်သည်။
သူက အပြင်ဘက်မှလူများကဲ့သို့ စိတ်မတိုသော်ငြား အနည်းငယ် မသက်မသာခံစားရဆဲပင်။ သွေးနှောများထံမှ ထုတ်လွှတ်သော အော်ရာမှာ ထူးဆန်းလွန်း၍ သူ့နှာခေါင်းကို ပိတ်ထားရသည်။ရှန်းလျိုရှန့်၏ မှာကြားမှု ပြီးဆုံးသွားသောအခါ သူ၏ ထူးဆန်းသော အတွေးများကို ခဏဘေးဖယ်၍ ဆေးပင်ဝယ်ရန် ထွက်သွားလိုက်သည်။
ခဏကြာပြီးနောက် ဆေးက အလုပ်လုပ်လာလေသည်။ ခုတင်ပေါ်ရှိ ပုံရိပ်လေး လှုပ်ရှားလာကာ မျက်လုံးများ ဖြည်းညှင်းစွာ ပွင့်လာသည်။ သူ ရှန်လျိုရှန့်ကို မြင်သောအခါ ကြက်သေသေသွားသည်။
"မင်းနာမည် ဘယ်လိုခေါ်လဲ..."
သွယ်လျလှပသော လက်ချောင်းများက ဆေးလုံးကို ယူ၍ ကောင်လေး၏ ပါးစပ်ထဲသို့ ထည့်လိုက်သည်။
ကောင်လေးက မျိုချရန် ပါးစပ်ဖွင့်ကာ မျက်တောင်ခတ်လိုက်သည်။
"ရှောင်းချီ..."
ရှန်းလျိုရှန့်က ကလေး၏ အနီရောင်ဆံပင်များကို ထိလိုက်ပြီး မေးခွန်းများ ထပ်မမေးတော့ချေ။ ကျင်းရှောင်ကျို့ဆေးပင်များယူလာသည့်အခါ ရှန်းလျိုရှန့်က ရေချိုးကန်အတွင်းသို့ ရေဖြည့်၍ ဆေးပင်များကို ထည့်လိုက်သည်။ထို့နောက် ခုတင်ပေါ်မှ ကလေးကို ချီလာကာ ရေချိုးကန် အတွင်းသို့ ထည့်လိုက်သည်။
ထိုသို့ပြုလုပ်နေသည့် အချိန်တွင် ကောင်လေးက ခုခံမှု မရှိပေ။ ရှန်းလျိုရှန့်ကိုသာ တိတ်တဆိတ် ကြည့်နေသည်။ကောင်လေးက သူ၏ခန္ဓာကိုယ်မှ ဒဏ်ရာများက မြင်နိုင်သော အရှိန်ဖြင့် ပျောက်ကင်းနေသည်ကို သတိထားမိသွားသည်။
သူက မှင်သက်စွာပြောလိုက်သည်။
"ကျွန်တော့် ဒဏ်ရာတွေ ပျောက်အောင် ကူညီပေးနေတာလား..."
ရှန်းလျိုရှန့်က ခေါင်းညိတ်လိုက်သည်။ အနီရောင်ဆံပင်များ ရှုပ်ပွနေသည်ကို မြင်သောအခါ ခေါင်းစည်းကြိုး တစ်ကြိုးယူ၍ ချည်ပေးလိုက်သည်။
ချည်ပြီးနောက် အနီးကပ်ကြည့်လိုက်သောအခါ အလွန်မလှသည်ကို တွေ့လိုက်ရ၍ ပြန်ဖြည်ပြီး နှစ်ဖက်ညီတူကျစ်ပေးလိုက်ပြန်သည်။
အတန်ငယ် ရေစိမ်ပြီးနောက် ရှန်းလျိုရှန့်က ကောင်လေးအား ရေချိုးကန်မှထုတ်၍ အပြင်ထွက်ကာ တစ်ယောက်ယောက်ကို ခေါ်ရန်ပြင်လိုက်သည်။
ဤတစ်ကြိမ်တွင် အားနည်းသော ခုခံမှုလေးတစ်ခု ပြသလာသည်။
"ကျွန်တော်က မကောင်းဆိုးဝါးလေ...မကြောက်ဘူးလား..."
ရှောင်းချီက သူ၏ဝတ်ရုံလက်ကို ဆွဲကာ မျက်နှာမော့လျက် မဝံ့မရဲမေးလေသည်။
ရှန်းလျိုရှန့်က မျက်ခုံးများကို ပင့်ကာ အနည်းငယ်တွေးဆလိုက်သည်။ ထို့နောက် ဒူးထောက်ကာ သူ၏ မျက်နှာကို ရှောင်းချီအား လက်ညှိုးထိုးပြလိုက်သည်။
"ကြည့်ကောင်းလား..."
ရှောင်းချီက နာခံစွာခေါင်းညိတ်ပြသည်။
"အစ်ကိုကြီးက ကျွန်တော်တွေးဖူး သမျှလူတွေထဲမှာ ရုပ်အချောဆုံးပဲ..."
ရှန်းလျိုရှန့်က ကလေး၏ ခေါင်းကို လက်မြောက်၍ ထိလိုက်သည်။
"ဒါပေမဲ့ အစ်ကိုကြီး ငယ်ငယ်တုန်းက ပိုးမွှားတွေ ကိုက်လို့ တစ်ကိုယ်လုံးဒဏ်ရာတွေ ဖုံးနေတာ...တစ်ခြားကလေးတွေက အစ်ကိုကြီးကို ရုပ်ဆိုးကြီး မကောင်းဆိုးဝါးကြီး လို့ခေါ်ပြီးတော့ ဘယ်သူမှ အတူတူ မကစားချင်ကြဘူး..."
သူက ခဏရပ်လိုက်ကာ မျက်လုံးတစ်ဖက် မှိတ်ပြလိုက်သည်။
"အခုတော့ လုံးဝကွာခြားသွားပြီမှတ်လား..."
ရှန်းလျိုရှန့်က အခန်းအပြင်သို့ ထွက်သွားလိုက်သည့်အခါ ကျင်းရှောင်ကျို့ ကလေးအဝတ်အစားများယူ၍ ပြန်လာသည်နှင့် ဆုံလေသည်။ သူ အဝတ်အစားများကို ယူ၍ အခန်းသို့ ပြန်လာသောအခါ မည်သူမျှ မရှိတော့ချေ။
သူက ရှောင်းချီနှင့် ပတ်သတ်၍ တစ်ခုခု မှားနေသည်ကို သတိထားမိသည်။ သူ၏ ခန္ဓာကိုယ်မှာ လူသေကဲ့သို့ အေးစက်နေသည်
၎င်းက သွေးနှောများ၏ လက္ခဏာဟုတ်မဟုတ် သူ မသိပေ။
.....
ရှန်းလျိုရှန့်က နေရောင်ကို လက်ဖြင့် ကာလိုက်သည်။ လမ်းဘေးမှ ခဲနေသော အသီး အချို့ဝယ်ပြီးသည့်နောက်တွင် အိမ်တစ်အိမ်ရှေ့၌ ရှုရှင်းချန်ကို မြင်လိုက်ရသည်။
ရှုရှင်းချန်က ချွေးစို့နေသော လက်ဖြင့် ဆံပင်ကို ကိုင်ထားကာ မန္တန်ကို ရွတ်လိုက်သည်။ ဆံပင်မှ တုန့်ပြန်မှုမရှိသောအခါ ရှုရှင်းချန်၏ မျက်နှာတွင် စိတ်ဓာတ်ကျနေသော အမူအရာပေါ်လာသည်။
ရှန်းလျိုရှန့်က အကူအညီမဲ့စွာ ခေါင်းခါလိုက်ပြီး သူ့ လက်ထဲမှ လိမ္မော်သီးအား ရှုရှင်းချန်ထံသို့ ပစ်ပေးလိုက်သည်။
.....
ချီလင်မြို့ အတွင်းရှိ အိမ်ကြီးအိမ်ကောင်း တစ်လုံးတွင် ရှောင်းချီက တိတ်ဆိတ်စွာ ပေါ်လာသည်။
ရှောင်းချီက အနောက်ဘက် ဥယျာဉ်အတွင်းသို့ အေးဆေးစွာပင် လမ်းလျှောက်လာကာ အဝေးမှ နားနေဆောင်တစ်ခုကို လှမ်းတွေ့နေရသည်။
နားနေဆောင်ထဲတွင် အနီရောင် ဆံပင်ဖြင့် လူငယ်လေးတစ်ယောက် ပျင်းရိစွာ ထိုင်နေသည်။ ထိုလူငယ်လေး၏ မျက်ခုံးကြားတွင် အရိုင်းဆန်မှု တစ်ခုရှိနေသည်။ သူက အေးစက်သော မျက်လုံးများဖြင့် လက်ကိုမြောက်ကာ ခါးရှိကျောက်စိမ်းပုတီးလုံးများကို လှည့်ကစားနေသည်။
လူငယ်လေးက လှည့်မကြည့်သော်ငြား ရှောင်းချီ၏ ပြန်ရောက်လာမှုကို သတိပြုမိကာ တည်တည်ငြိမ်ငြိမ်ပင် ပြောလိုက်သည်။
"ပြန်လာပြီလား..."
ရှောင်းချီ : " ဟုတ်..."
ရှောင်းချီက သူ၏ ကျစ်ဆံမြီးလေးနှစ်ခုအား ရှက်ရွံ့စွာထိလိုက်ပြီး လူငယ်လေးဆီသို့ လျှောက်လာသည်။
"ငါမင်းကို ဘယ်နှစ်ခါ ပြောရမလဲ...သူတို့က မင်းကို ရိုက်ပြီး သတ်ပဲသတ်မှာ...ဘယ်သူမှ ကယ်မှာ..."
ဝမ်ရမ်ချင်က ခေါင်းလှည့်ကြည့်လိုက်သောအခါ ခဏမျှ ကြက်သေသေသွားသည်။ ကလေး၏ မျက်နှာပေါ်မှ မီးလောင်ဒဏ်ရာက ပျောက်ကွယ်နေကာ ဖြူစင်သန့်ရှင်းသော မျက်နှာလေးက ပေါ်လာသည်။ လည်ပင်းမှ ဒဏ်ရာများကလည်း ပျောက်ကွယ်နေသည်။
ဒါက ပုံမှန် မဟုတ်ဘူး...သူ အမြဲတမ်း ဒဏ်ရာတွေနဲ့ အပြင်ထွက်တယ်...ပြီးတော့ ပိုဆိုးပြီးပဲ ပြန်ရောက်လာတာလေ...
သူ၏ ရှုပ်ပွ ညစ်ပေနေသော ဆံပင်မှာလည်း ပြောင်းလဲနေသည်။ ခေါင်းပေါ်ရှိ ကျစ်ဆံမြီးလေးနှစ်ခုမှာ အမှန်တကယ်ပင် ချစ်စရာကောင်းလေသည်။
"ဘယ်သူလဲ..."
ရှောင်းချီ၏ ပါးများက အနီရောင်သန်းလာကာ ပြောပြရန်ပြင်လိုက်လေသည်။ ထိုအချိန်တွင် ဝိညာဉ်သိမ်းငှက်တစ်ကောင်က အဝေးမှ ပျံသန်းလာကာ မြေပေါ်သို့ ဆင်းသက်၍ လူအသွင်ပြောင်းလိုက်သည်။
"သတ္တမနတ်ဆိုးဘုရင်ကို နှုတ်ခွန်းဆက်ပါတယ်...အရေးကြီးသတင်းပါလာပါတယ်..."
ဝမ်ရမ်ချင်က လက်ကို ဝှေ့ရမ်းလိုက်သောအခါ ရှောင်းချီ ပျောက်ကွယ်သွားလေသည်။ လူငယ်လေးက မျက်လုံးများကို ဖြည်းညင်းစွာ ပိတ်လိုက်ပြီး မျက်ခုံးများကို ပွတ်သပ်လျက် ပျင်းပျင်းရိရိပင် မေးသည်။
"ဘာကိစ္စလဲ..."
"နဝမနတ်ဆိုးဘုရင်က ချီလင်မြို့ကို ညတွင်းချင်းပဲ ခရီးနှင်လာပါတယ်...အခု ရောက်ခါနီးနေပါပြီ..."
ဝမ်ရမ်ချင်က လက်ချောင်းများကို ရပ်တန့်လိုက်ကာ မျက်လုံးများ ရုတ်ချည်း
ဖွင့်၍ မျက်မှောင်ကြုတ်လိုက်သည်။
ချီလင် နှင့် ပါးဟွမ်ကို နတ်ဆိုးနယ်မြေ ထက်ဝက်ကျော်က ပိုင်းခြားထားသည်။ ထို နှစ်ဖက်မှာ မည်သို့သောအခါမျှ ကူးသန်းခြင်း မရှိပေ။
ကျိုးရွှမ်လန်က အခုမှ ဒီဘက်ကို ဘာလို့ လာတာလဲ...