အပိုင်း ၇၀
Viewers 24k

Chapter 70




သူ့လူများထွက်သွားသည့်အခါ ဝမ်ရမ်ချင်က ကျောက်စိမ်းပန်းကန်ပြားပေါ်မှ စပျစ်သီးများကိုစားပြီးနောက် အခန်းထဲပြန်ဝင်သွားသည်။


ရှောင်းချီက သူ့နောက်မှ ထပ်ကြပ်မခွာ လိုက်လာသည်။

" အဲဒီအစ်ကိုကြီးက ကျွန်တော့်ကို ရိုက်လည်းမရိုက်ဘူး မုန်းလည်းမမုန်းဘူး... ကျွန်တော် သူ့ကိုတကယ်သဘောကျတယ်..."


တံခါးပိတ်ပြီးသွားသည့်အခါ ဝမ်ရမ်ချင်က ပိုးလက်ကိုင်ပဝါတစ်ထည်ထုတ်ပြီး သူ့လက်ပေါ်ဖြန့်ကာ လက်ဖျားမှ စပျစ်ရည်များကို တဖြည်းဖြည်းချင်း သုတ်နေလိုက်သည်။


သန့်ရှင်းအောင် သုတ်ပြီးသွားသည့်အခါမှ မျက်ဆံလှန်ပြလိုက်ပြီး ပြောလာသည်။

" ဒီကိုလာခဲ့..."


ရှောင်းချီက သူ့နားသို့လာပြီး ရေရွတ်လိုက်သည်။

" ကျွန်တော့်ကို အစ်ကိုကြီး ကျစ်ပေးလိုက်တဲ့ ကျစ်ဆံမြီးလေးက ကြည့်ကောင်းလား... အမေက ကျွန်တော့်ကို ကျစ်ဆံမြီးမကျစ်ပေးတာကြာတော့ ရှုပ်ပွနေပြီထင်တယ်..."


ဆန့်ထုတ်ပေးထားသည့်လက်ကို သူ လှမ်းကိုင်လိုက်ပြီး နောက်အခိုက်အတန့်တွင် အရိပ်အသွင်ပြောင်းသွားကာ ဝမ်ရမ်ချင်၏ ခန္ဓာကိုယ်ထဲ ဝင်ရောက်သွားသည်။


ဝမ်ရမ်ချင်၏ အုံ့မှိုင်းမှိုင်းမျက်ဝန်းများက အရောင်အနည်းငယ်လက်လာပြီး သူ၏ စိတ်ဝိညာဉ်ပင်လယ်တွင် မှတ်ဉာဏ်အပိုင်းအစအချို့ ရောက်ရှိလာသည်။


ထိုမှတ်ဉာဏ်၏ ပထမတစ်ဝက်က အမှန်ပင် စိတ်ဝင်စားစရာ မကောင်းလှပေ။ သူက ပုံမှန်အတိုင်း ကြိမ်းမောင်းရိုက်နှက်ခံရသည်မှာ ခွင့်မလွှတ်ပေးနိုင်သည့်အရာတစ်ခုခုကို ပြုလုပ်ထားသကဲ့သို့ဖြစ်ပြီး အားလုံးက သူ့ကို ဓားပေါင်းထောင်ချီနှင့် ထိုးသတ်လိုကြသည်။


ဇို့လင်နှင့် ယိုရှဲ့ကိုလည်း သူမြင်ခဲ့သည်။ တစ်ယောက်က သူ့ကို ကြာပွတ်ဖြင့် ပြင်းပြင်းထန်ထန် ရိုက်နှက်ပြီး အခြားတစ်ယောက်က သူ့လည်ပင်းနှင့် မျက်လုံးများကို အပ်ဖြင့်ထိုးဖောက်ရန် ကြိုစားကာ " မြို့အရှင်က သွေးနှောတွေကို အမုန်းဆုံးပဲ " ဟု ပြောနေသည်။


ဘယ်လိုတောင် အားတက်သရော ဖြစ်နေကြတာလဲ...


မည်သည့်အရာမျိုးကို မြင်တွေ့သည်ဖြစ်စေ ဝမ်ရမ်ချင်၏ မျက်နှာထက်၌ အပြုံးတစ်ဝက်ကို ဆင်မြန်းထားသည်။ ခေါက်ယပ်တောင်တစ်ချောင်းက နီးကပ်လာသောအပ်များကို တားဆီးလိုက်သည့်အချိန်မှသာ သူ့မျက်နှာထက်မှ အပြုံးက ပျောက်ကွယ်သွားသည်။


သူ့စိတ်ထဲ‌ တွေးလိုက်မိသည်။

ဒီနတ်ဆိုးက တော်တော်လေး ကျင့်ကြံဆင့်မြင့်တာပဲ...


သူ့မျက်လုံးများ ပြန်ဖွင့်လိုက်ချိန်တွင် ဝက်မျက်နှာဖုံးနှင့်လူက မျက်နှာဖုံးကိုချွတ်လိုက်၍ ကျောက်စိမ်းပုတီးစေ့များကို ‌လှည့်နေသည့် သူ့လက်ချောင်းများ အလိုလိုရပ်တန့်သွားသည်။


နတ်ဆိုးဆန်လှသည့် မျက်ခုံးများက ပုံတူပန်းချီကားချပ်တစ်ခုနှင့်တူပြီး ဇာမဏီမျက်ဝန်းများက နူးညံ့ကြော့ရှင်းကာ လှပပေသည်။ ဝမ်ရမ်ချင် နိုးလာသည်ကို မြင်သောအခါ သူ၏ မျက်တောင်များ တုန်ယင်သွားပြီး ဖြူဖြူဖွေးဖွေးလက်တစ်ဖက်ဖြင့် ဆေးတစ်လုံးကို ကမ်းပေးလာသည်။ 


ထိုဆေးက အလွန်အဖိုးတန်လှခြင်း မဟုတ်သော်လည်း သူ့မျက်နှာပေါ်မှ အမာရွတ်များကို အလွယ်တကူပျောက်ကင်းစေနိုင်ပေသည်။ သို့ရာတွင် မည်သူတစ်ဦးတစ်ယောက်ကမှ သူ့ကို ထိုဆေးမျိုး မပေးခဲ့ဖူးပေ။ 


နတ်ဆိုးက သူ့ကိုချီပြီး ရေချိုးကန်ထဲချပေးလိုက်သည်။ ထိုအခိုက်အတန့်တွင် သူတို့နှစ်ယောက်လုံး၏ကိုယ်က အနီးကပ်ဆုံးဖြစ်သွား၍ ဝမ်ရမ်ချင်က ရှောင်းချီ၏ ခန္ဓာကိုယ်မှတစ်ဆင့် တစ်ဖက်လူ၏ကိုယ်သင်းနံ့ကို ရရှိသွားပေသည်။ အံ့အားသင့်စရာကောင်းသည်မှာ ထိုအနံ့က အလွန်သန့်စင်လှသည်။ 


တစ်ဖက်လူက မည်သည့်နတ်ဆိုးဖြစ်ကြောင်း သူ မပြောနိုင်ဖြစ်သွားရသည်။ 


သူ့ကိုယ်တွင်းမှ ရှောင်းချီက ဂနာမငြိမ်ဖြစ်လာပြီး မကြာမီအချိန်၌ အခန်းထဲတွင် နောက်တစ်ကြိမ် ထပ်ပေါ်လာသည်။


သူ့ခေါင်းပေါ်မှ အနီရောင်ခေါင်းစည်းကြိုးလေးကိုထိကြည့်လိုက်ပြီးနောက် သူ့မျက်နှာထက်တွင် အချိန်အတန်ကြာအောင် ပျောက်ဆုံးနေခဲ့သည့် ဖြူစင်သောအပြုံးတစ်ပွင့် ပေါ်လာသည်။


" ကျွန်တော် အစ်ကိုကြီးကို ထပ်သွားရှာချင်တယ်..."


ဝမ်ရမ်ချင်က မျက်လွှာချလိုက်ပြီး သူ့ကိုတိတ်ဆိတ်စွာကြည့်နေလိုက်သည်။


သူ့အမူအရာက နက်မှောင်၍ မရှင်းမလင်းဖြစ်နေကာ သူ့စိတ်ထဲတွင် အေးစက်စက်ဖြင့် စက်ဆုပ်နေခြင်း သို့မဟုတ် ဝမ်းနည်းကာ သနားကြင်နာနေခြင်း စသည့် ခံစားချက်များ ဖြစ်နေသည်ကို ‌မပြောနိုင်ပေ။


ခဏအကြာတွင် လက်ဆန့်ထုတ်ပြီး ရှောင်းချီ၏ခေါင်းကိုဖိကာ သူ့ကို အနက်ရောင်မီးဘောလုံးအသွင်ပြောင်းပြီး လေထဲပျောက်ကွယ်သွားစေသည်။


" သနားကြင်နာမှုကို တောင်းဆိုမနေနဲ့ ငါ့အတွက် မလိုအပ်ဘူး..." 


.........


ရှုရှင်းချန်က ချိုမြနေသည့် လိမ္မော်သီးကိုစားလိုက်ပြီး သူ့မျက်လုံးက မျက်နှာချင်းဆိုင်မှ ဝက်မျက်နှာဖုံးပေါ် ကျရောက်နေသည်။ ခဏအကြာတွင် မျက်နှာဖုံးကို ဆွဲမချွတ်ဘဲ မနေနိုင်တော့ပေ။ 


" ခင်ဗျား ဘာလို့ ဒီရောက်လာတာလဲ..."


ရှန်းလျိုရှန့်က ခေါက်ယပ်တောင်ကို ဖြန့်လိုက်ပြီး ရှုရှင်းချန်၏ မျက်နှာထက်မှ ချွေးစေးများကိုတွေ့သည့်အခါ ယပ်တောင်ဖြင့် တဖျတ်ဖျတ် ခတ်ပေးလိုက်သည်။


" ငါသာ မလာဘူးဆိုရင် မင်း အကင်ခံနေရပြီ..."


" ဒီလောက်လေးနဲ့ စိုးရိမ်စရာမလိုပါဘူး..."


ရှုရှင်းချန်က နှာမှုတ်လိုက်ပြီးနောက် မျက်ခုံးပင့်ကာ သူ စုံစမ်းစစ်ဆေးထားသည့်ရလဒ်ကို ဂုဏ်ယူဝံ့ကြွားစွာ ပြောပြနေသည်။


" စာလိပ်က ဘယ်နေရာမှရှိတယ်ဆိုတာကို ကျွန်တော်ရှာမတွေ့သေးပေမယ့် မြို့ရဲ့တောင်ပိုင်းတစ်ခုလုံးကို ရှာပြီးသွားပြီ နောက်ကျမှ မြောက်ပိုင်းကို ရှာရမယ်..."


ရှန်းလျိုရှန့် ကူကယ်ရာမဲ့စွာဖြင့် သက်ပြင်းချလိုက်ပြီး သစ်ကိုင်းခြောက်တစ်ခုကိုကိုင်ကာ မြေကြီးပေါ်တွင် အဝိုင်းဝိုင်းပြလိုက်သည်။


" ဒါက ချီလင်မြို့..."


" အဲဒါဘာဖြစ်လဲ..."


ရှန်းလျိုရှန့်က သူ့လက်ချောင်းများကို အသာလှုပ်ရှားလိုက်ပြီး သစ်ကိုင်းဖျားဖြင့် စက်ဝိုင်း၏ အလယ်ဗဟိုကို ထိလိုက်သည်။


" ခမည်းတော်ကိုတောင် နိုးနိုးကြားကြားဖြစ်အောင် လုပ်နိုင်တဲ့သူက သေချာပေါက် သာမန်တော့မဟုတ်ဘူး... ချီလင်မြို့မှာ စွမ်းအားအကြီးဆုံးလူက သတ္တမနတ်ဆိုးဘုရင်ပဲ... တကယ်လို့ မင်း သူ့ကိုစုံစမ်းချင်တယ်ဆိုရင် သူ့စံအိမ်ကနေ စရမယ်လို့ ခမည်းတော်ပြောတယ်လေ..."


ရှုရှင်းချန်၏ အမူအရာက အေးခဲတောင့်တင်းသွားသည်။


သူက ထိုသို့ဖြစ်နိုင်သည်ဟု မတွေးထားခဲ့ပဲ ထောင့်နေရာပါမကျန် နေရာအားလုံးတွင် စာလိပ်ကိုရှာဖွေနေခဲ့ခြင်းဖြစ်သည်။


ရှန်းလျိုရှန့်က မျက်နှာဖုံးကို ပြန်ဝတ်လိုက်ပြီးနောက် သူ့ကိုဆွဲခေါ်လိုက်သည်။

" သတ္တမနတ်ဆိုးဘုရင်ရဲ့စံအိမ်ကို သွားကြည့်ကြမယ်..."


သူတို့နှစ်ယောက် သတ္တမနတ်ဆိုးဘုရင်၏ စံအိမ်နားသို့ ချဉ်းကပ်လာစဉ်တွင် တိယွင်ယွီ၏ဆံပင်က အမှန်တကယ်ပင် လှုပ်ရှားလာသည်ကို မြင်လိုက်ရသည်။ 


ရှုရှင်းချန်၏ အမူအရာကပြောင်းလဲသွားပြီး ချက်ချင်းအထဲဝင်ချင်လာသည်။ 


ရှန်းလျိုရှန့်က သူ့ကိုလှမ်းဆွဲထားပြီး ပြောလိုက်သည်။ 

" အလောတကြီး မလုပ်နဲ့..."


ဤစံအိမ်နှင့်ပတ်သက်ပြီး တစ်စုံတစ်ရာ မှားယွင်းနေပေသည်။ စံအိမ်ဘေးပတ်ပတ်လည်တွင် စိမ်းစိုနေသည့် အပင်ပေါင်းများစွာရှိသော်လည်း အင်းဆက်ပိုးမွှားများ၏ အသံတစ်သံမှ မကြားရဘဲ တိတ်ဆိတ်လွန်းနေသည်။


ရှုရှင်းချန် မျက်မှောင်ကြုတ်လိုက်သည်။

" စာလိပ်က အထဲမှာလေ ဘာတွေစောင့်နေဦးမလို့လဲ..."


" မြောင်မြောင်ကို သွားရှာခဲ့... သူက သတ္တမနတ်ဆိုးဘုရင်ရဲ့စံအိမ်ကို အရင်က ရောက်ဖူးတဲ့အပြင် အပုန်းတော်တော့ လျို့ဝှက်စုံစမ်းဖို့ ပိုအဆင်ပြေတယ်... လောလောဆယ်တော့ သူက ငါတို့နှစ်ယောက်ထက် ပိုသင့်တော်လိမ့်မယ်..."


ရှုရှင်းချန် ခဏစဉ်းစားလိုက်ပြီးနောက် ခေါင်းညိတ်ပြလိုက်သည်။


သူတို့နှစ်ယောက်သား ကျွမ့်ယွင်တည်းခိုဆောင်သို့ ပြန်ရောက်သည့်အခါ ကျန်းမြောင်မြောင်က ထိုနေရာ၌ မရှိနေပေ။ လတစ်လ၏ ဤအချိန်မျိုးတွင် ဧကရာဇ်နန်းတော်က နတ်ဆိုးနယ်မြေတွင် စေလွှတ်ထားသော အထောက်တော်များကို တစ်နေရာတွင်စုစည်း၍ သတင်းများဖလှယ်ကာ နန်းတွင်းသို့ သတင်းပို့ရသည်ဟု ကျင်းရှောင်ကျို့ကပြောသည်။


ညအချိန်ရောက်သည်အထိ ကျန်းမြောင်မြောင် ပြန်မလာသေးပေ။ 


ရှုရှင်းချန်က သည်းမခံနိုင်တော့၍ တစ်စုံတစ်ယောက်ကို သွားရှာမည်ဟုပြောကာ ထွက်သွားသည်။ ရှုရှင်းချန် စံအိမ်‌သို့ဝင်ရောက်သွားခြင်းမှ ကာကွယ်ရန် ရှန်းလျိုရှန့်က ကျင်းရှောင်ကျို့ကို သူ့နောက် လိုက်ခိုင်းလိုက်သည်။ ထို့နောက် သူကိုယ်တိုင်က ကျန်းမြောင်မြောင်ကိုရှာရန်ထွက်သွားသည်။


သူ တည်းခိုဆောင်မှထွက်လာပြီး မကြာမီအချိန်တွင် မြေပြင်ပေါ်၌ သွေးအိုင်တစ်အိုင်ကို တွေ့လိုက်ရသည်။ အနီရောင်မီးအိမ်များ၏ ထွန်းလင်းမှုကြောင့် လမ်းဘေးတစ်နေရာတွင် တောင်းစုတ်တစ်လုံး ကျနေသည်ကိုလည်း တွေ့လိုက်ရပေသည်။


ရှန်းလျိုရှန့်က တစ်စုံတစ်ရာကို ခံစားမိသောကြောင့် တဖြည်းဖြည်းလျှောက်သွားပြီး တောင်းကိုဖွင့်ကြည့်လိုက်သည်။ သူ့နှာသီးဖျားတွင် သွေးနံ့ပြင်းပြင်းကို ရလိုက်ပြီးနောက် မှိန်ပျပျမီးရောင်အောက်မှ ပိတ်လုဆဲဆဲဖြစ်နေသော အနက်ရောင် မျက်ဝန်းတစ်စုံကို မြင်လိုက်ရသည်။


" ရှောင်းချီလား..."


ရှန်းလျိုရှန့် တောင်းကိုဖယ်ထုတ်လိုက်သည့်အခါ အောက်ဘက်မှ တုန်ယင်နေသည့် ပုံရိပ်လေးတစ်ခု ပေါ်လာသည်။


ရှောင်းချီ၏ကိုယ်ပေါ်မှ ဒဏ်ရာများက နေ့ခင်းပိုင်းကထက် ပိုမိုပြင်းထန်ကာ ကြောက်မက်ဖွယ်ရာ အခြေအနေတစ်ခုအထိ ဖြစ်လာသည်။


သူ့ခေါင်းပေါ်မှ ကျစ်ဆံမြီးလေးနှစ်ဖက်က ဖရိုဖရဲဖြစ်နေပြီး အနီရောင်ဆံပင်များက သွေးနှင့်ရွှံ့များ စွန်းပေနေသည်။


သူ့ထံတွင် ယခင်က နက်စွေးစွေးမျက်ဝန်းတစ်စုံ ရှိခဲ့သော်လည်း ယခုအခါတွင်မူ ညဘက်မျက်စိတစ်ဖက်က ကန်းသွားပြီး မျက်ခွံအောက်တွင် ဗလာကျင်းနေသည်။ တစ်စုံတစ်ယောက်က သူ့မျက်လုံးအိမ်ကို ဖောက်ထုတ်ပစ်လိုက်၍ ဘယ်ဘက်မျက်လုံးဖြင့် ခက်ခက်ခဲခဲပင် မျက်တောင်ခတ်နေရသည်မှာ သူ့အားအကူအညီပေးရန် အချက်ပြနေသကဲ့သို့ပင်။


သူ့ပါးစပ်ကိုလည်း သံမဏိနှုတ်သီးစွပ်တစ်ခုဖြင့် တင်းကြပ်စွာပိတ်ထားသည်။


ရှန်းလျိုရှန့်၏မျက်နှာက ရုတ်ချည်းမဲမှောင်သွားပြီး ရှောင်းချီ၏ခါးထက်ကို လက်တစ်ဖက်ဖြင့်ပွေ့ကာ သူ့ကိုချီရန် ကြိုးစားလိုက်သည်။ သို့ရာတွင် ရှောင်းချီ၏ခါးမှ အဝတ်စက သူထိလိုက်သည်နှင့် ဆုတ်ပြဲသွားရသည်။


သူ ထိုကလေး၏ စုတ်ပြဲနေသည့် အဝတ်အစာတစ်ဝက်ကို ချွတ်ကြည့်လိုက်ချိန်တွင် အမာရွတ်များဖြင့်ပြည့်နေသည့် အရေပြားထက်တွင် အသားတစ်ပိုင်းတစ်စက ပျောက်ဆုံးနေကြောင်း တွေ့လိုက်ရသည်။


ရှန်းလျိုရှန့်၏နှလုံးသားက အောက်ခြေအထိ နစ်မြုပ်သွားပြီးနောက် ဘေးပတ်ပတ်လည်ကို တစ်ချက်ကြည့်လိုက်သည့်အခါ အချို့သော နတ်ဆိုးကျင့်ကြံသူများက သူတို့ကို အာရုံစိုက်လာသည်အား တွေ့လိုက်ရသည်။


သူ ရှောင်းချီကို ပွေ့ချီလိုက်ပြီးနောက် ထိုနေရာမှ မျက်စိတစ်မှိတ်အတွင်း ပျောက်ကွယ်သွားသည်။


ကျွမ့်ယွင်တည်းခိုဆောင်သို့ရောင်သည့်အခါ ရှန်းလျိုရှန့်က ရှောင်းချီ၏ပါးစပ်နားမှ သံနှုတ်သီးစွပ်ကိုကိုင်၍ အစိတ်စိတ်အမြွှာမြွှာဖြစ်အောင်လုပ်လိုက်ပြီးနောက် ဆေးဘူးယူ၍ သူ့ပါးပြင်ပေါ်မှ နီရဲနေသည့် ဒဏ်ရာများကို လိမ်းပေးလိုက်သည်။


" မင်းကို ဒါ ဘယ်သူတပ်ပေးလိုက်တာလဲ..."


ရှောင်းချီက သူ၏ညာဘက်မျက်လုံးမှ မျက်လုံးင

ယငို ထိလိုက်ပြီးနောက် နာခံစွာဖြင့် ပြန်ဖြေသည်။

" လူသားဦးလေးတစ်ယောက်ပဲ..."


ရှန်းလျိုရှန့် မျက်မှောင်ကြုတ်လိုက်ပြီးနောက် သူ့စိတ်ထဲတွင် ပို၍ရှုပ်ထွေးလာသည်။


သူ ရှောင်းချီ၏ခန္ဓာကိုယ်ကို စစ်ဆေးကြည့်သောအခါ ဒဏ်ရာအများစုက ယခင်မှ ဒဏ်ရာဟောင်းများဖြစ်နေသည်။ ၎င်းတို့က တစ်ညနေခင်းတည်းတွင် ဖြစ်လာသည့် ဒဏ်ရာမျိုးများ မဟုတ်ပေ။ နေ့ခင်းအချိန်က သူ့ထံတွင် ထိုဒဏ်ရာများမရှိနေခဲ့သည်မှာ သိသာထင်ရှားလှသည်။


ရှန်းလျိုရှန့် သံသယများဖြင့်ပြည့်လာပြီး ထပ်မေးတော့မည့်အချိန်တွင် ရှောင်းချီက ရုတ်တရက် သွေးအန်ထုတ်လိုက်ကြီး ထိုသွေးထဲတွင် ကိုယ်တွင်းအင်္ဂါအစိတ်အပိုင်းအချို့လည်း ပါဝင်လာသည်။


မျက်ရည်များပြည့်နေသည့် ဘယ်ဘက်မျက်လုံးကိုအုပ်၍ အစာအိမ်ကိုဖိထားပြီး နာကျင်စွာ ငိုရှိုက်တော့သည်။


" နာတယ် အရမ်းနာတယ်..."


ရှန်းလျိုရှန့်က သူ့ဗိုက်ပေါ်လက်တင်ပြီး ဝိညာဉ်စွမ်းအားများဖြင့် စမ်းသပ်ကြည့်လိုက်ချိန်တွင်မှ သူ့အမူအရာက ခဏတာပြောင်းလဲသွားသည်။


ရှောင်းချီ၏ သားရဲအမြုတေက အပိုင်းပိုင်းအစစ ဖြစ်သွားခဲ့သည်။


သားရဲအမြုတေက နတ်ဆိုးများအပေါ် လွှမ်းမိုးမှု အလွန်ကြီးမားပေသည်။ တစ်ကြိမ်ပျက်စီးသွားသည်နှင့် ပြန်ကောင်းလာနိုင်မည့်နည်းလမ်း မရှိတော့ပေ။ 


ရှောင်းချီက နာကျင်ကြောင့်တုန်ယင်နေပြီး ရှန်းလျိုရှန့်၏ဝတ်ရုံလက်ကိုဆွဲကာ ရှေ့သို့တဖြည်းဖြည်းတိုးလာပြီး သူ့ရင်ခွင်ထဲ ဝင်လာသည်။


" ရှောင်းချီ နည်းနည်းအေးနေလို့ ဖက်ထားပေးပါလား အစ်ကိုကြီး..."


ရှန်းလျိုရှန့်က လက်တစ်ဖက်ဆန့်ထုတ်ပြီး သူ့ခေါင်းကို ပခုံးပေါ်မှေးတင်စေကာ ခေါင်းကိုပွတ်သပ်လိုက်ချိန်တွင် သူ့ကိုအမြဲကပ်တွယ်နေတတ်သည့် ရှန်းပုပုကို ရုတ်ချည်းသတိရသွားသည်။


သူ တိုးညှင်းစွာဖြင့် ပြောလိုက်သည်။

" အဆင်ပြေသွားမှာပါ..."


ရှောင်းချီက သူ့လည်တိုင်တွင် မျက်နှာအပ်ထားချိန်၌ အသက်ရှုသံက အလွန်တိုးလျနေသောကြောင့် အချိန်မရွေးပျောက်ကွယ်သွားတော့မည်ဟုပင် ထင်ရသည်။ 


ခဏအကြာတွင် သူ ပင့်သက်ရှိုက်ပြီး အသံတိုးတိုးလေးဖြင့် ပြောလိုက်သည်။


" အစ်ကိုကြီးက အရမ်းကြင်နာတတ်တာပဲ... ရှောင်းချီရဲ့အသားကိုလည်းမစားဘူး မျက်လုံးကိုလည်း မဖောက်ထုတ်ဘူး... ရှောင်းချီကို မရိုက်တဲ့အပြင် ဆူပူကြိမ်းမောင်းမနေဘူး မုန်းလည်းမမုန်းဘူး... အားလုံးကလည်း အစ်ကိုကြီးလိုမျိုးဆိုရင်ကောင်းမယ်..."


သူ ထိုသို့ပြောလိုက်ပြီးနောက် ခေါင်းမော့ကာ ပြုံးပြလိုက်သည်။


"ဒါပေမဲ့ အစ်ကိုကြီး လောကကြီးမှာ ရှိနေတယ်ဆိုတာ သိရုံနဲ့တင် ရှောင်းချီကျေနပ်‌သွားပါပြီ..."


သူ့စကားဆုံးသည်နှင့် သူ့မျက်နှာကို ရှန်းလျိုရှန့်၏လည်တိုင်တွင်အပ်လိုက်ပြီး မျက်ခွံများမှေးစင်းသွားကာ သူ့ဘယ်ဘက်မျက်လုံးမှ မျက်ရည်တစ်စက် တိတ်ဆိတ်စွာကျဆင်းလာပြီး လူတစ်ယောက်လုံး ပျောက်ကွယ်သွားသည်။


ရှန်းလျိုရှန့် ခဏတာ အံ့ဩမှင်သက်သွားပြီးနောက် ဘေးပတ်ပတ်လည်တွင် သူ့ကိုရှာဖွေနေလိုက်သည်။


အိပ်ရာပေါ်မှ သွေးစက်များကြောင့်သာ မဟုတ်ပါက ယခုအဖြစ်အပျက်ကို အိမ်မက်ဟုသာ တွေးနေမိမည်ဖြစ်သည်။


သူ မျက်မှောင်ကြုတ်လိုက်ပြီး ရှောင်းချီထံတွင် မည်သည့်အရာများ ဖြစ်ပျက်နေကြောင်း စဉ်းစားနေမိသည်။ ထိုအချိန်တွင် တံခါးက ဘန်းခနဲပွင့်သွားပြီး မျက်နှာတစ်ခုလုံး ဖြူဖျော့နေသည့် ကျင်းရှောင်ကျို့က ဝင်လာသည်။


" မကောင်းတော့ဘူး မင်းသားလေးရှင်းချန် တစ်ခုခုဖြစ်နေပြီ..."


ရှန်းလျိုရှန့်၏ အမူအရာက ပြောင်းလဲသွားပြီး ချက်ချင်း မတ်တပ်ထရပ်လိုက်သည်။


ရှုရှင်းချန်က မှောင်မိုက်ကာ လေပြင်းနေသည့် ညအချိန်တွင် သူ့စိတ်သူ မထိန်းနိုင်ဘဲ မန္တန်တစ်ခုသုံး၍ စံအိမ်ထဲဝင်ရန် ကြိုးပမ်းခဲ့ပုံပေါ်သည်။ သူ လှုပ်ရှားလိုက်သည်နှင့် စံအိမ်၏ ဘေးပတ်ပတ်လည်မှ မြေပြင်အခြေအနေက ပြောင်းလဲသွားပြီး အခြားအရာများလည်း ပျောက်ကွယ်သွားသည်။ ဖြတ်သွားဖြတ်လာများကလည်း လေထဲတွင် ပျောက်ကွယ်သွားပေသည်။


ကျင်းရှောင်ကျို့က ကံကောင်းသွား၍ အလင်းတန်းတစ်ခု သူ့ခြေထောက်နားမှ ဖြတ်သွားချိန်တွင် မထိခိုက်သွားဘဲ အမြန်ပြန်လာပြီး သတင်းပို့နိုင်ခြင်းဖြစ်သည်။


ရှန်းလျိုရှန့်က စကားတစ်ခွန်းမှ မပြောဘဲ တည်းခိုဆောင်ထဲမှ ထွက်သွားခဲ့သည်။


ကျင်းရှောင်ကျို့ပြောပြသည်ကို နားထောင်ပြီးသောအခါ ဤနေရာတွင် အစီအရင်တစ်ခု ရှိနိုင်သည်ဟု သူ သံသယဝင်သွားခဲ့သည်။ လူများကို တိုက်ရိုက်သတ်ဖြတ်ရန် မဖြစ်နိုင်၍ အခြားနေရာတစ်ခုသို့ ရုတ်ချည်းရွှေ့ပြောင်းလိုက်ခြင်း ဖြစ်နိုင်ပေသည်။


ရှန်းလျိုရှန့် တုံ့ဆိုင်းမနေတော့ဘဲ ကျင်းရှောင်ကျို့ကို ရှောင်နေရန်ပြောထားကာ လက်တစ်ဖက်မြှောက်၍ မန္တန်ရွတ်ပြီး အစီအရင်တစ်ခုကို ပုံဖော်ရန် ကြိုးစားလိုက်သည်။ 


ကျင်းရှောင်ကျို့က အမြန်တားလိုက်သည်။

" မင်းသားလေး အဲ့လိုလုပ်လို့မဖြစ်ဘူးနော် မင်းသားလေးရှင်းချန်လိုမျိုး ဖြစ်သွားလိမ့်မယ်..."


ရှန်းလျိုရှန့်က မျက်ခုံးပင့်ပြီး ပြောလိုက်သည်။

" ငါ သူ့ကိုရှာမလို့လေ... မှော်စက်ဝန်းတစ်ခုက ဘာများကြောက်စရာကောင်းမယ်တဲ့လဲ... မင်း ကျွမ့်ယွင်တည်းခိုဆောင်ပြန်သွားပြီးသာ စောင့်နေလိုက်ပါ..."


သူက စကားဆုံးသည်နှင့် မန္တန်တစ်ပုဒ်ရွတ်လိုက်သည်။ သူ ထင်ထားသည့်အတိုင်းပင် ခန္ဓာကိုယ်တစ်ခုလုံးက အောက်ခြေမှ ဆောင့်တက်လာသည့် အားတစ်ခုဖြင့် ထိန်းချုပ်ခံထားလိုက်ရသည်။ ဘေးပတ်ဝန်းကျင်မှ မြင်ကွင်းများ ပြောင်းလဲသွားပြီး အလင်းရောင်က မှိန်ဖျော့ဖျော့ ဖြစ်လာသည်။


လှိုဏ်ဂူကဲ့သို့ စိုစွတ်နေသည့် နေရာတစ်ခုသို့ သူ ရောက်ရှိသွားပြီး မီးတောက်အစုအဝေးများက ဘေးတစ်ဖက်တစ်ချက်စီမှ

မတ်စောက်သောကျောက်တုံးများပေါ်တွင် တောက်လောင်နေသည်။


ရှန်းလျိုရှန့်က သူ မည်သည့်နေရာသို့ရောက်သွားကြောင်း မသိသော်လည်း တည်တည်ငြိမ်ငြိမ်ဖြင့်ပင် ဘေးပတ်ဝန်းကျင်ကို စူးစမ်းနေပြီး ရှေ့သို့ဆက်လျှောက်သွားသည်။


.....