Chapter 71
သတ္တမနတ်ဆိုးဘုရင်၏ စံအိမ်တွင် ဝမ်ရမ်ချင်က ရှည်လျားသော ပန်းချီကားတစ်ခု၏ရှေ့တွင် ရပ်နေပြီး ပန်းချီကားထက်မှ ကြယ်များနှင့် အတွင်းတွင် လမ်းလျှောက်နေကြသည့် သေးငယ်သွားသောလူပုံရိပ်များကို ကြည့်နေသည်။
၎င်းက သူ့အစီအရင်ကို ပုံဖော်ပြသနေခြင်းဖြစ်သည်။
လက်ဖျောက်တစ်ချက်တီးလိုက်ရုံဖြင့် အတွင်းမှ လူအများစုက မီးတောက်ဘဝပြောင်းပြီး တစ်ခဏတွင်းချင်းမှာပင် ပြာမှုန်ဘဝ ရောက်သွားနိုင်ပေသည်။
ထိုအခိုက်အတန့်တွင် သူ့နောက်မှ လှုပ်ရှားသံအချို့ ကြားလိုက်ရသည်။
ဝမ်ရမ်ချင် လှည့်ကြည့်လိုက်သောအခါ ရှောင်းချီက အနက်ရောင်မျက်လုံးစည်းတစ်ခုကို ဝတ်ဆင်ထားသည်အား မြင်လိုက်ရသည်။ သူ၏ ညာဘက်မျက်လုံးကို ဖုံးကွယ်ထားသော်လည်း ဘယ်ဘက်မျက်လုံးက တောက်ပနေပြီး အလင်းရောင်အချို့ပင် ရှိနေသည်။
သူ ထွက်သွားစဉ်အချိန်ကနှင့် အလွန်ကွာခြားနေပေသည်။
ဝမ်ရမ်ချင်က မေးလိုက်သည်။
" အဲဒီနတ်ဆိုးပဲလား..."
ရှောင်းချီခေါင်းညိတ်ပြလိုက်ပြီး ရှေ့တိုးလာကာ သူ့လက်ကိုကိုင်လိုက်သည်။
" ကျွန်တော် ထွက်သွားတော့မယ်..."
ဝမ်ရမ်ချင် အံ့အားသင့်သွားပြီး သူ့အမူအရာက အံ့ဩမှင်သက်နေရာမှ မယုံကြည်နိုင်ခြင်းအဖြစ် ပြောင်းလဲသွားကာ နောက်ဆုံးတွင် သူ့နှုတ်ခမ်းများလည်း တုန်ယင်လာသည်။
" မင်းပြောချင်တာက မင်း ပျောက်ကွယ်သွားချင်တယ်ဆိုတဲ့ သဘောလား... မင်း လက်လွှတ်နိုင်သွားပြီလား..."
ရှောင်းချီက ခေါင်းညိတ်ပြလိုက်ပြီးနောက် ခေါင်းပြန်ခါလိုက်ကာ နှုတ်ခမ်းထောင့်များကို တွန့်ကွေးလိုက်သည်။
" ကျွန်တော်က ခင်ဗျားပဲလေ လက်လွှတ်နိုင်သွားတာ ခင်ဗျားပါ..."
ထိုစကားကိုကြားသည့်အခါ ဝမ်ရမ်ချင်၏မျက်နှာက ပြာနှမ်းသွားပြီး သူ့လက်ကိုခါချလိုက်သည်။
" မင်းက ငါမဟုတ်ပါဘူး... ငါ့ရဲ့ အားနည်းပြီး ရှက်စရာကောင်းတဲ့ ကိုယ်တွင်းနတ်ဆိုးဖြစ်နေရုံပဲ... ငါနဲ့ ဝေးဝေးနေစမ်း..."
ရှောင်းချီက ကြမ်းပြင်ပေါ်သို့ တွန်းချခံလိုက်ရသော်လည်း သူ့အမူအရာက တည်ငြိမ်နေသည်။
သူက လက်သေးသေးလေးများကို ကြမ်းပြင်တွင်ထောက်ထားပြီး တဖြည်းဖြည်းချင်း မတ်တပ်ရပ်လာသည်။
" ဒါပေမဲ့ ကျွန်တော်က ခင်ဗျားပဲလေ... ဒီလောကကြီးထဲမှာ ခင်ဗျားရဲ့ လူတစ်ဝက် နတ်ဆိုးတစ်ဝက်ဖြစ်တည်မှုကို သဘောကျပေးနိုင်တဲ့သူ၊ ခင်ဗျားအတွက် တရားမျှတမှုယူပေးနိုင်ပြီး ခင်ဗျားဘက်က ရပ်တည်ပေးနိုင်တဲ့သူ၊ ဝမ်းနည်းစိတ်ပျက်နေတဲ့အချိန်မှာ ကယ်တင်ပေးနိုင်တဲ့သူ ရှိလားဆိုတာ အမြဲသိချင်နေခဲ့တာမလား... အခုက အရမ်းနောက်ကျသွားပြီး နှစ်ပေါင်းများစွာ ကြာသွားခဲ့ပေမယ့် ကျွန်တော် ရှာပေးနိုင်ခဲ့တယ်လေ..."
ဝမ်ရမ်ချင်က မျက်လွှာချထားပြီး တဖြည်းဖြည်းပျောက်ကွယ်လာသည့် ရှောင်းချီ၏ပုံရိပ်ကို ကြည့်နေသည်။ သူ ခဏတာ ငြိမ်သက်သွားပြီးနောက် သူ၏မထီမဲ့မြင်အမူအရာက ရုတ်ချည်းပြိုလဲသွားသည်။
သူ ထိုင်ချလိုက်ပြီး ရှောင်းချီ၏ပခုံးကိုကိုင်၍ လှုပ်ခါကာ ရန်လိုနေသည့် အမူအရာမျိုး ဖြစ်လာသည်။
" မင်းက ငါ့ရဲ့ကိုယ်တွင်းနတ်ဆိုးဖြစ်နေပြီ ဘာလို့စွမ်းရည်ဒီလောက်ပဲ ရှိရတာလဲ... မင်း နှစ်ပေါင်းများစွာ စွဲလန်းနေခဲ့တဲ့အရာက ဒါပဲလား... ဘာလို့ လက်စားချေတာ မဖြစ်ရတာလဲ... ငါ အခုချိန်ထိ အရာအားလုံးကို လုပ်ခဲ့ပြီးပြီလေ... ငါ့ကိုနာကျင်စေခဲ့တဲ့သူတွေ သေတာထက်ဆိုးတာကို ခံစားရသင့်တာလေ ပြီးတော့ သူတို့ ငါနဲ့မင်းကိုလုပ်ခဲ့တာတွေထက် ပိုဆိုးတဲ့အရာကို ဖန်တီးပြီးတော့ လောကသုံးခုလုံးကို အုပ်ချုပ်ကြမယ်လေ..."
" ငါအစကတော့ နတ်ဆိုးတွေအားလုံး ငါ့ကိုသည်းမခံနိုင်အောင် လုပ်ခဲ့ပေမယ့် အခုတော့ ငါကိုယ်တိုင်က သူတို့ကို သည်းမခံနိုင်တော့ဘူး..."
သို့ရာတွင် ဝမ်ရမ်ချင် မည်မျှပင် အော်ဟစ်ဟိန်းဟောက်နေစေကာမူ ရှောင်းချီ၏ အမူအရာက တည်ငြိမ်နေဆဲဖြစ်သည်။ အဆုံးတွင် သူ့နှုတ်ခမ်းထောင့်များ တွန့်ကွေးသွားပြီး မျက်လုံးတစ်လုံးတည်းသာ ရှိတော့သည့် မျက်နှာလေးက တောက်ပစွာပြုံးလ်ိုက်သည်။
" ရှောင်းချီ သွားတော့မယ်... အစ်ကိုကြီးကို အနိုင်မကျင့်ပါနဲ့နော် ကျွန်တော် သူ့ကိုအရမ်းသဘောကျတယ်..."
အခန်းတစ်ခုလုံး တိတ်ဆိတ်ငြိမ်သက်နေပြီး ဝမ်ရမ်ချင်က နွမ်းနယ်နေသည့် အမူအရာဖြင့် ကြမ်းပြင်တွင်ထိုင်နေသည်။ အချိန်အတော်အတန်ကြာပြီးမှ ရှောင်းချီ၏ နောက်ဆုံးလက်ကျန်မှတ်ဉာဏ်ကိုကြည့်ပြီး အဓိပ္ပါယ်မပေါ်လွင်စွာ ပြုံးလိုက်သည်။
ဝမ်ရမ်ချင်၏ အပြုအမူများက ခဏအကြာတွင် ပုံမှန်ပြန်ဖြစ်သွားပြီး နံရံမှပန်းချီကားနားသို့ လျှောက်လာကာ အားလုံးကို ကိုင်တွယ်ရန် ပြင်လိုက်သည်။
ထိုအချိန်တွင် ပိန်ပိန်သွယ်သွယ်ပုံရိပ်တစ်ခုက သူ့မြင်ကွင်းထဲ ဝင်ရောက်လာသည်။
သူ စိတ်ငြိမ်ငြိမ်ထားလိုက်ပြီး ပန်းချီကားချပ်ထဲမှ မီးတောက်များနှင့် ကျောက်နံရံကို ကျော်လွန်ကာ ဆံပင်က ခါးအထိရှည်သော ချောမောလှပသည့်အမျိုးသားငယ်လေးက ကျောက်တုံးနံရံကို အဆက်မပြတ်ထုရိုက်နေသည်ကို ကြည့်နေမိသည်။
ဝမ်ရမ်ချင်က ခဏအကြာတွင် အကြည့်လွှဲလိုက်ပြီး သူ့ရှေ့တည့်တည့်မှ လမ်းပိတ်ကြီးကိုကြည့်လိုက်သည်။
သူ့လက်ဖျားများကို ပန်းချီကားချပ်ပေါ် လှုပ်ရှားလိုက်ချိန်တွင် လူငယ်လေးက ချက်ချင်းနေရာပြောင်းသွားပြီး တိတ်ဆိတ်လုံခြုံသည့်နေရာတစ်ခုသို့ ချက်ချင်းရောက်ရှိသွားသည်။
ဝမ်ရမ်ချင် သူ့ကို ခဏကြာသည်အထိ စိုက်ကြည့်နေပြီးနောက် သူ့မျက်ဝန်းများက အရောင်မှိန်ကာ မကြည်မလင် ဖြစ်လာသည်။သူ မှော်စက်ဝန်းထဲသို့ ဝင်ရောက်တော့မည့်အချိန်တွင် မည်သည့်အချိန်ကမှန်းမသိ အစီအရင်ထဲရောက်နေသည့် ပုံရိပ်တစ်ခုကို ဖျတ်ခနဲမြင်လိုက်မိသည်။ ထိုလူ၏ အေးစက်စက်မျက်ဝန်းများက ပန်းချီကားချပ်ကို ထိုးဖောက်ကျော်လွန်ကာ ဝမ်ရမ်ချင်ကို ကြည့်နေ၏။
ထို့နောက် ရှန်းလျိုရှန့်၏ တည်နေရာအပါအဝင် ပန်းချီကားချပ်ပေါ်မှ အလင်းရောင်အများစုက ပျောက်ကွယ်သွားလေ၏။
ဝမ်ရမ်ချင်၏မျက်နှာက ချက်ချင်းမဲမှောင်သွားသည်။
.....
ရှန်းလျိုရှန့်က ရုတ်တရက် နေရာပြောင်းခံလိုက်ရ၍ အံ့ဩမှင်သက်သွားပြီး စဉ်းစားတွေးတောနေလျက် မုန်လာဥကိုထုတ်ဝါးနေသည်။
အကယ်၍ ဤအစီအရင်ကို ချိုးဖျက်လိုပါက နတ်ဘုရားအသွင်ပြောင်းအဆင့် ကျင့်ကြံဆင့်သို့ရောက်နေသည့် သူ့အတွက် မခက်ခဲလှသော်လည်း သူ အင်အားသုံး၍ ချိုးဖျက်လိုက်ပါက သူ မည်သူမည်ဝါဖြစ်ကြောင်း ပေါ်သွားမည်သာမက ရှုရှင်းချန်ကိုပါ ဒဏ်ရာရစေမည်ကို စိုးရိမ်နေမိသည်။ သို့ဖြစ်၍ တစ်ယောက်ယောက်ကို ပထမဦးစွာရှာဖွေရန်ကိစ္စကို ဦးစားပေးလိုက်သည်။
ရှန်းလျိုရှန့်က မုန်လာဥနီ၏ နောက်ဆုံးလက်ကျန်ကို မျိုချလိုက်ပြီးနောက် လမ်းရှာရန် မတ်တပ်ရပ်လိုက်သည်။
ဤနေရာက ကြီးမားကျယ်ပြန့်သော်လည်း လမ်းမရှိနေပေ။ မျက်စိရှေ့တည့်တည့်မှ အဆုံးမဲ့ရေကန်ကြီးတစ်ခုကသာ တစ်ခုတည်းသောလမ်းဖြစ်ပုံပေါ်သည်။
သူ ရေကန်အစွန်းကို လျှောက်သွားပြီး ရေထဲဆင်းတော့မည့်အချိန်တွင် ရေကန်ဘေးမှ မြေကြီးပေါ်တွင် တစ်စုံတစ်ရာက လှုပ်ရှားသွားသည်ကို ရုတ်တရက် မြင်လိုက်မိသည်။
ရှန်းလျိုရှန့်၏ခေါင်းထဲ၌ အော်ဟစ်ဟိန်းဟောက်သံကြီး ထွက်ပေါ်လာပြီး သူ့မျက်နှာတစ်ခုလုံး ဖြူဖျော့သွားရသည်။
ပိုးကောင်ကြီးပါလား...
သူ ထိုနေရာကိုစိုက်ကြည့်နေပြီး တဖြည်းဖြည်းနောက်ပြန်ဆုတ်လိုက်သည်။ မမျှော်လင့်ထားသည်မှာ ဘေးဘက်ကျောက်နံရံများပေါ်မှ မီးတောက်များက ရုတ်ချည်းငြှိမ်းသတ်ခံလိုက်ရ၍ ထိုနေရာတစ်ခုလုံး မှောင်မည်းသွားသည်။
ပိုးကောင်က မည်သည့်နေရာတွင်ရှိနေကြောင်း မသိရသည့်အခါ ရှန်းလျိုရှန့်၏တစ်ကိုယ်လုံး အေးခဲတောင့်တင်းသွားသည်။ ရုတ်တရက် ထိုပိုးကောင်က သူ့ဖိနပ်ပေါ် တဖြည်းဖြည်းတက်လာသည်ဟု ခံစားလိုက်ရပေသည်။
သူ့စိတ်ထဲမှ တင်းအားက ပြိုပျက်မတတ်ဖြစ်သွားကာ ကတိုက်ကရိုက်ဖြင့် နောက်ပြန်ဆုတ်လိုက်သည်။
ထိုအခိုက်အတန့်တွင် သူ့ကျောပြင်က ယောကျာ်းသားတစ်ယောက်၏ နွေးထွေးတောင့်တင်းသော ရင်အုပ်နှင့်ထိသွားပြီး သွယ်လျသောလက်တစ်စုံက သူ့ခါးကိုရစ်ပတ်ကာ အနောက်မှ တင်းကြပ်စွာပွေ့ဖက်ထားသည်ကို ခံစားလိုက်ရသည်။
ရှန်းလျိုရှန့် လန့်သွားသောကြောင့် ရုန်းကန်လိုက်မိသည်။
သူ့နောက်ဘက်မှလူက ခေါင်းအနည်းငယ်ငုံ့လိုက်ပြီး သူ့နားနားကပ်ကာ တီးတိုးပြောလာပြီး သူ့လေသံကလည်း ပြုံးယောင်သန်းနေကြောင်း သိသာပေသည်။
" ရှစ်စွမ်း ကျွန်တော်ပါ..."
ရှန်းလျိုရှန့် ရုတ်ချည်း မျက်လုံးများပြူးကျယ်သွားသော်လည်း ဤအခိုက်အတန့်တွင် သူတို့နှစ်ယောက် ပြန်လည်ဆုံတွေ့ခြင်းကြောင့် ဝမ်းမြောက်ဝမ်းသာဖြစ်ရန် မတွေးတောနိုင်သေးပေ။
" အဲဒီမှာ အဲဒီမှာပိုးကောင်တွေရှိတယ်..."
အချိန်မရွေး ငိုချတော့မည်ဟုထင်ရသော အသံတိုးတိုးလေးက လှိုဏ်ဂူထဲတွင် ပဲ့တင်ထပ်လာသည်။
" ဖိနပ်ပေါ် တက်လာတယ်ထင်တယ်..."
၎င်းက အမှန်တကယ် သို့မဟုတ် သူ အလွန်ကြောက်လန့်သောကြောင့် အထက်မှားနေခြင်းလား မသိသော်လည်း ရှန်းလျိုရှန့်က သူ့ဖိနပ်ထိပ်ဖျားတွင် ပိုးကောင်များတက်လာသကဲ့သို့ ယားကျိကျိခံစားလိုက်ရသည်။
သူ့ ဦးရေပြားများ စပ်ဖျဉ်းဖျဉ်းဖြစ်လာပြီး ဘာလုပ်ရမည်မသိ ဖြစ်နေကာ ခန္ဓာကိုယ်တစ်ခုလုံး မသိမသာတုန်ယင်လာသည်။
သူ့ရင်ခွင်ထဲမှလူက တုန်ယင်နေသည်ကို ကျိုးရွှမ်လန် သတိထားမိ၍ မျက်မှောင်ကြုတ်လိုက်မိပြီး သိုလှောင်အိတ်ထဲမှ ဝိညာဉ်ကျောက်တုံးတစ်တုံးကိုထုတ်ကာ အလင်းရောင်ဖျော့ဖျော့ဖြင့် ကြည့်ကြည့်လိုက်သည်။ အနားတွင် ကျောက်တုံးတစ်တုံးကို မြင်သည့်အခါ ထိုနေရာသို့ ရှန်းလျိုရှန့်နှင့်အတူ လျှောက်သွားလိုက်သည်။
" ရှစ်စွမ်း ထိုင်လိုက်ပါလား ကျွန်တော်သေချာကြည့်ပေးမယ်လေ..."
ယခုအချိန်တွင် ရှန်းလျိုရှန့်၏စိတ်က ဗလာကျင်းနေပြီး သူ့အာရုံများက ဖိနပ်ပေါ်တွင်သာ ရှိနေသည်။ သူ ကြောင်အအဖြင့် ခေါင်းညိတ်ပြီးထိုင်ချလိုက်သည်။
ကျိုးရွှမ်လန်က ဝိညာဉ်ကျောက်တုံးကို မြေပြင်ပေါ် ချထားလိုက်ပြီး သူ့ဖိနပ်နှင့် ခြေအိတ်များကို ချွတ်လိုက်သည်။
နှင်းတမျှဖြူဖွေးသော ခြေချောင်းများက ချက်ချင်းထွက်ပေါ်လာသည်။ တစ်ဖက်မှ ဝိညာဉ်ကျောက်တုံး၏ အလင်းရောင်ကြောင့် ခြေထောက်က အရောင်တောက်ပနေပြီး ခြေချောင်းလေးများက လုံးဝန်း၍ ပန်းရောင်သန်းနေသည်။ ရှန်းလျိုရှန့် ကြောက်လန့်နေသောကြောင့် ခြေချောင်းလေးများကို ကွေးထားမိသည်။
ကျိုးရွှမ်လန်၏အကြည့်များက တစ်နေရာတည်းတွင်သာရှိနေပြီး သွယ်လျသောခြေချင်းဝတ်ကို ကိုင်ထားသောလက်က အနည်းငယ်တင်းကြပ်သွားသည်။
" ပိုးကောင်တွေ ရှိနေတာလား..."
" မရှိပါဘူး..."
ရှန်းလျိုရှန့် စိတ်အေးစွာဖြင့် သက်ပြင်းချလိုက်ပြီးနောက်တွင် သူ့ခြေချင်းဝတ်က ကျိုးရွှမ်လန်၏လက်ထဲတွင်သာ ရှိနေသေးကြောင်း သတိပြုမိလိုက်သည်။ အလင်းရောင်မှိန်ပျပျအောက်တွင် ခြေချင်းဝတ်ကို လက်ချောင်းများဖြင့် တင်းကြပ်စွာဆုပ်ကိုင်ထား၍ တစ်စုံတစ်ရာကို မနည်းထိန်းချုပ်ထားရကြောင်း သိသာနေပေသည်။
သူ မနေနိုင်တော့ဘဲ လှုပ်ရှားလိုက်မိသည်။
" လွှတ်လို့ရပြီနော်..."
ထိုအခါမှသာ ကျိုးရွှမ်လန်က လွှတ်ပေးလိုက်သည်။
သူက လက်ဖြင့်အသာဖိညှစ်ထားလိုက်ခြင်းဖြစ်သော်လည်း သူ့မြင်ကွင်းထဲတွင်မူ ရှစ်စွမ်း၏ အဖြူရောင်ခြေချင်းဝတ်လေးပေါ်တွင် အနီရောင်အရာအချို့ ပေါ်လာသည်။
ကျိုးရွှမ်လန်၏ လည်စေ့က အနည်းငယ်လှုပ်ရှားသွားပြီး သူ့အမူအရာက တောင့်တင်းသွားသည်။
ရှန်းလျိုရှန့်က ဖိနပ်၏ အတွင်းအပြင်ကို စေ့စေ့စပ်စပ် စစ်ဆေးပြီးမှ ပြန်ဝတ်လိုက်သည်။ ခြေအိတ်ကိုမူ သူ ပြန်မဝတ်တော့ပေ။
စိတ်တည်ငြိမ်သွားသည့်အခါမှသာ အတွေးများက တဖြည်းဖြည်း ပြန်လည်ရောက်ရှိလာပြီး မေးလိုက်သည်။
" မင်း ဒီနေရာကို ဘယ်လိုရှာတွေ့တာလဲ..."
" ကျောက်စိမ်းပြားကနေ တွေ့တာ..."
ရှန်းလျိုရှန့် သဘောပေါက်သွားပြီး မတ်တပ်ထရပ်ကာ ရှုရှင်းချန်ကိုရှာရန် တွေးလိုက်သော်လည်း သူ ခြေတစ်လှမ်းလှမ်းပြီးသည်နှင့် ရပ်တန့်သွားရသည်။
ဤနေရာမှထွက်သွားရန် ရေကန်ကိုကျော်ဖြတ်ရမည်ဖြစ်သော်လည်း ရေကန်တစ်ခုလုံး မဲမှောင်နေ၍ ပိုးကောင်များဖြင့် ပြည့်နေနိုင်ပေသည်။
ထိုအကြောင်း တွေးလိုက်ရုံဖြင့်ပင် ရှန်းလျိုရှန့်၏ဆံပင်မွေးများ ထောင်တက်လာသည်။
သူ တွန့်ဆုတ်စွာဖြင့် ကျိုးရွှမ်လန်ကိုလှမ်းကြည့်လိုက်ပြီး သူ့နှာဖျားကိုပွတ်၍ အရှက်မဲ့စွာဖြင့် ပြောလိုက်သည်။
" မင်းငါ့ကို ချီသွားလို့ရ..."
သူ့စကားပင် မဆုံးလိုက်ချေ။
ကျိုးရွှမ်လန်က သူ့နားကပ်လာပြီး လက်တစ်ဖက်ကို ဒခေါက်ကွေးထဲ လျှိုသွင်းကာ ပွေ့ချီလိုက်သည်။
လေထဲသို့ ရုတ်တရက်ရောက်သွားသည့် ခံစားချက်ကြောင့် ရှန်းလျိုရှန့် လန့်သွားမိ၍ သူ့လက်များကို ကျိုးရွှမ်လန်၏လည်တိုင်တွင် ရစ်ပတ်လိုက်ကာ ရင်ခုန်သံများ မြန်ဆန်လာတော့သည်။
ခဏအကြာတွင် သူ့ပါးပြင်တစ်ခုလုံး ပူနွေးပြီး နီရဲတွတ်လာသည်။
သူ တွန့်ဆုတ်တွန့်ဆုတ်ဖြင့် ပြောလိုက်သည်။
" ဒီလိုကျတော့ သိပ်မဟုတ်သေးဘူးထင်တယ်..."
ကျိုးရွှမ်လန်က ရေကန်ထဲသို့ ခြေချလိုက်ပြီဖြစ်သည်။ ထိုစကားကိုကြားသည့်အခါ ခေါင်းငုံ့ပြီး ရှန်းလျိုရှန့်ကိုတစ်ချက်ကြည့်ကာ လက်ချောင်းများမှအားကို လျှော့လိုက်သည်။
" ဒါဆိုရင်တော့ ဒီတပည့်..."
" ငါ နောက်လိုက်တာပါ..."
ရှန်းလျိုရှန့်က သူ့ကို အမှန်တကယ် လွှတ်ချတော့မည်ဖြစ်ကြောင်း ရှန်းလျိုရှန့် သိသွားသည်။ ရေကန်အောက်မှ ပိုးကောင်များအကြောင်း တွေးမိသည့်အခါ သူ့စိတ်ထဲပျာယာခတ်သွားပြီး သူ့တပည့်၏လည်ပင်းကိုမှီ၍ တင်းကြပ်စွာ ဖက်ထားလိုက်သည်။
" ငါ့ကို မလွှတ်ချလိုက်ပါနဲ့..."
ကျိုးရွှမ်လန်၏ နှုတ်ခမ်းများ အနည်းငယ် တွန့်ကွေးသွားသည်။
" ကျွန်တော် ရှစ်စွမ်းရဲ့အမိန့်ကို နာခံပါ့မယ်..."
နောက်တစ်ဖန် တင်းကြပ်စွာပွေ့ဖက်ခံလိုက်ရသည့်အခါမှသာ ရှန်းလျိုရှန့် စိတ်အေးလက်အေးဖြင့် သက်ပြင်းချလိုက်ပြီး မျက်ခုံးတစ်ချက်ပင့်ကာ မှိန်ပျပျ အလင်းရောင်အောက်မှ ကျိုးရွှမ်လန်၏ သန်မာတောင့်တင်းသော မေးရိုးကို စိုက်ကြည့်နေမိသည်။
လူငယ်လေး၏ ငယ်ရွယ်နုပျိုမှုများက လွင့်ပြယ်သွားပြီး မျက်နှာအစိတ်အပိုင်းများက ပို၍ရင့်ကျက်လာကာ နှုတ်ခမ်းပါးပါး၊ နှာတံမြင့်မြင့်နှင့် မျက်လုံးများလည်း ပိုမိုကြည်လင်နက်ရှိုင်းလာသည်။
ကျိုးရွှမ်လန်က သူ့အကြည့်ကို သတိပြုမိဟန်ဖြင့် မျက်လွှာချလိုက်သည့်အခါ သူ ငယ်ရွယ်စဉ်က ရှိခဲ့သော မျက်ခုံးချွန်ချွန်တစ်စုံ ပေါ်လွင်လာသည်။
သူ့ကို မျက်တောင်မခတ်စတန်း ငေးကြည့်နေသည့် ဇာမဏီမျက်ဝန်းများကြောင့် ကျိုးရွှမ်လန်၏ မျက်ခုံးများ ပြေလျော့သွားပြီး မျက်လုံးထဲတွင် ပြုံးရိပ်သန်းလာသည်။
" ရှစ်စွမ်း သေချာမြင်ရရဲ့လား... ဒီတပည့်က ဝိညာဉ်ကျောက်တုံးတစ်တုံး ယူလာတယ်ဆိုတော့ တစ်ယောက်မျက်နှာတစ်ယောက် သေချာတော့ မြင်ရပါတယ်..."
ရှန်းလျိုရှန့်က လူမိသွားသောကြောင့် အမြန်အကြည့်လွှဲလိုက်ပြီး ဘေးပတ်ဝန်းကျင်ကိုသာ စူးစမ်းနေလိုက်သည်။ သူ့အနောက်တည့်တည့်မှ ကျောက်နံရံကြီးကိုမြင်သည့်အခါ ရုတ်ချည်းအံ့အားသင့်သွားရသည်။
" ဟိုဘက်မှာ လမ်းလည်းမရှိဘဲနဲ့ မင်း ဘယ်နားက ရောက်လာတာလဲ..."
" ဒီအစီအရင်က မြေပြင်အနေအထားကို ပြောင်းနိုင်တယ်လေ... ကျွန်တော်က ဒီအစီအရင်ကို ကျွမ်းနေပြီဆိုတော့ အစီအရင်အတွင်းထဲက နေရာတွေကို ပြောင်းပစ်ဖို့ အရမ်းမခက်ပါဘူး..."
ရှန်းလျိုရှန့် ခဏစဉ်းစားလိုက်ပြီးသည့်နောက် မျက်လုံးအပြူးသား ဖြစ်သွားသည်။
" ဒါဆိုရင် မင်းငါ့ကို ဒီနေရာက ခေါ်ထုတ်သွားလို့ရတာပဲ ရေကန်ကို ဖြတ်နေစရာ မလိုတော့ဘူးလေ..."
ကျိုးရွှမ်လန်၏ ခြေလှမ်းများက မသိမသာ ရပ်တန့်သွားသည်။
" ကျွန်တော် မေ့သွားတာ..."
ရှန်းလျိုရှန့် : "..."
အကယ်၍ ကျိုးရွှမ်လန် မမေ့သွားခဲ့ပါက ရေကန်အောက်မှ ပိုးကောင်များအကြောင်း စိတ်ပူနေရန်လည်း မလိုအပ်တော့သည်ဟု သူ တွေးလိုက်မိသည်။ သို့ရာတွင် ဤအခိုက်အတန့်၌ အလောတကြီး မပြုမူရဲသောကြောင့် ကျိုးရွှမ်လန်က သူ့ကိုပွေ့ချီထားသည်ကိုသာ ခွင့်ပြုထားလိုက်ပြီး သူ့ရင်ခွင်ထဲတွင် ငြိမ်နေလိုက်သည်။
အချိန်မည်မျှကြာသွားသည်ကို မသိသော်လည်း လှိုဏ်ဂူထဲမှ လေထုအခြေအနေက အလွန်တိတ်ဆိတ်ငြိမ်သက်လွန်းနေ၍ ရှန်းလျိုရှန့် ပင်ပန်းလာပြီး မျက်တောင်များ မှေးစင်းလာသည်။
သူ ယမ်းဝေလျက်ဖြင့် မေးလိုက်သည်။
" မင်း ရေကန်ထဲက မထွက်ရသေးဘူးလား..."
" ဟုတ်..."
ကျိုးရွှမ်လန်၏ ဩရှရှအသံက အမှောင်ထုထဲတွင် ပဲ့တင်ထပ်နေသည်။
" ရှစ်စွမ်း အိပ်ငိုက်နေတယ်ဆိုရင် တစ်ရေးလောက်အိပ်ပါလား..."
လွန်ခဲ့သော သုံးနှစ်အတောအတွင်းတွင် ရှန်းလျိုရှန့်က ဤအသံကို နေ့တိုင်းနားထောင်ပြီး အိပ်စက်ခဲ့ရခြင်းဖြစ်သည်။ ယခုအခါ သူတို့အကြား ဝေးကွာနေခြင်းမရှိ၍ နားဝင်ချိုလှသောအသံက သူ့နားထဲ ရှင်းရှင်းလင်းလင်းဝင်ရောက်လာသောကြောင့် အိပ်ချင်စိတ်က ပိုမိုပြင်းထန်လာရသည်။
သူ မပီမသပြောလိုက်သည်။
" ဒါဆိုရင် မင်း လမ်းရှာနေရင်း ရှုရှင်းချန်ကိုလည်း ရှာပေးပါလား... သူက ခရမ်းရောင်ဝတ်ရုံဝတ်ထားပြီး နည်းနည်း မျိုးရိုးမြင့်တဲ့ပုံပေါ်တယ် ပြီးတော့ နည်းနည်းလည်း မာနကြီးတယ်..."
ကျိုးရွှမ်လန်က "အင်း" ဟုသာ အသံပြုလိုက်သည်။
စိုးရိမ်မှုများကို ထုတ်ပြောပြီးသည့်နောက်တွင် ရှန်းလျိုရှန့်က သူ့ခေါင်းကို အနည်းငယ်နေရာရွှေ့လိုက်ပြီး ကျိုးရွှမ်လန်၏ ပခုံးနှင့် လည်ပင်းအကြားတွင် သက်တောင့်သက်သာဖြစ်စေမည့် နေရာတစ်ခု ရှာတွေ့သွားသည်။
ခဏအကြာတွင် သူ၏ အသက်ရှုသံမှန်မှန် ထွက်ပေါ်လာပြီးနောက် ခဏအကြာတွင် ဆူဆူညံညံအသံအချို့ကြောင့် ပြန်နိုးလာခဲ့သည်။
" မင်းက ဘယ်သူလဲ ဘာကိစ္စ ရှန်းလျိုရှန့်ကို ချီထားတာလဲ... လွှတ်လိုက်စမ်း..."
" သူ လှုပ်တောင် မလှုပ်တော့ပါလား မင်း သူ့ကို ဆေးခပ်ထားတာလား... မင်း ဘာလုပ်လိုက်တာလဲ သူ့ကိုလုံးဝမထိနဲ့... ဘာလိုချင်တယ်ဆိုတာပဲပြောလိုက် ငါ့မှာ ဝိညာဉ်ကျောက်တုံးတွေရှိတယ်..."
" မင်း သူ့ကိုအခုထိ မလွှတ်သေးဘူးလား... ငါ့ကိုဆန့်ကျင်ရဲရင်တော့ နောက်မှ အကျိုးဆက်တွေကို သိစေရမယ်... ငါ့ရဲ့ ရွှမ်ဟွမ်ဓားက မျက်လုံးမပါဘူးနော်..."
ရှန်းလျိုရှန့် အိပ်ချင်မူးတူးဖြစ်နေသည့် မျက်လုံးများပွင့်လာမှ ထိုအော်သံက ရုတ်ချည်း ရပ်တန့်သွားသည်။
သူ တစ်ဖက်ကို ကြည့်လိုက်သည့်အခါ ရှုရှင်းချန်က အရောင်တလက်လက်တောက်နေသည့်ဓားကို ကိုင်ဆောင်ထားလျက် မျက်မှောင်ကြုတ်နေကာ ကျိုးရွှမ်လန်ကို သတိကြီးကြီးဖြင့်ကြည့်နေပြီး သူ့ခန္ဓာကိုယ် အနေအထားက အချိန်မရွေး တိုက်ခိုက်တော့မည့်ပုံစံ ဖြစ်နေသည်။
သူ ကျိုးရွှမ်လန်ထံမှ ခြိမ်းခြောက်မှုတစ်မျိုးကို ခံစားနေရသည့်အပြင် ရှန်းလျိုရှန့်ကလည်း ရန်
သူ၏လက်ထဲရောက်နေ၍ ဒဏ်ရာရသွားမည်ကို စိုးရိမ်နေဟန်ရသည်။ သို့ဖြစ်၍ ဤအခိုက်အတန့်တွင် အရဲစွန့်မလှုပ်ရှားသေးပေ။
ရှန်းလျိုရှန့် နိုးလာသည်ကို မြင်သောအခါ ရှုရှင်းချန်က ပို၍ သတိကြီးကြီးထားနေပြီး သူ့ကိုကယ်တင်ရမည့်နည်းလမ်းကို တွေးတောနေဟန်ရသည်။