အပိုင်း ၇၂
Viewers 24k

Chapter 72



သူ့ဦးနှောက်ထဲ အပြေးအလွှားတွေးတောနေစဉ် ကျိုးရွှမ်လန်၏ "ရှစ်စွမ်း" ဟု ခေါ်သံကို ကြားလိုက်ရပြီး ရှန်းလျိုရှန့်က သူ့လက်မောင်းကို အသာပုတ်ကာ အောက်ချခိုင်းနေသည်ကို တွေ့လိုက်ရသည်။


" မင်း အထင်လွဲနေပြီ သူက ငါ့တပည့်..."


ရှန်းလျိုရှန့်က သူ့နားသို့လျှောက်လာပြီး ရှုရှင်းချန်၏လက်ထဲမှ ရွှမ်ဟွမ်ဓားကိုယူ၍ ဓားအိမ်ထဲပြန်ထည့်ပေးလိုက်ပြီး နှစ်သိမ့်ဟန်ဖြင့် ပခုံးကို ပုတ်ပေးလိုက်သည်။


ထို့နောက် သူ့တပည့်ဘက်သို့လှည့်ကာ မေးလိုက်သည်။

" မင်းကရော ဘာလို့မရှင်းပြတာလဲ..."


ကျိုးရွှမ်လန်က သူ ရှုရှင်းချန်ကို ကာကွယ်ပေးနေခြင်းကို အဓိပ္ပါယ်မဖော်နိုင်သည့် အကြည့်တစ်မျိုးဖြင့် ကြည့်နေသည်။

" သူက ကျွန်တော့်ကို ရှင်းပြဖို့ အခွင့်အရေးတောင် မပေးဘူး..."


သူ့ကို အပြစ်ပုံချနေကြောင်း ရှုရှင်းချန် သဘောပေါက်လိုက်သည်။


သူ ခွန်းတုံ့ပြန်တော့မည့်အချိန်တွင် ကျိုးရွှမ်လန်က မြေပြင်ကို လက်ညှိုးထိုးပြီး ပြောလိုက်သည်။


" မှားနေတယ်..."


မြေပြင်ပေါ်တွင် မညီမညာစီထားသည့် ရာနှင့်ချီသော ဝိညာဉ်ကျောက်တုံးများက မှော်စက်ဝန်းတစ်ခုကဲ့သို့ ဆက်သွယ်နေသည်ကို ရှန်းလျိုရှန့် မြင်လိုက်သည်။


ရှုရှင်းချန်က နန်းတွင်းတွင် အစီအရင်များအကြောင်း သင်ကြားဖူးခဲ့၍ ဤနယ်ပယ်တွင် ကျွမ်းကျင်သူဖြစ်သည်။ သူ အစီအရင်ထဲ ကျရောက်သွားပြီးသည့်နောက်တွင် အစီအရင်ကို ချိုးဖျက်ရန် တွေးတောနေခဲ့သော်လည်း အားပျော့စေရန် ဝိညာဉ်ကျောက်တုံးများဖြင့် အချိန်အတော်ကြာအောင် ထိန်းထားပြီးချိန်အထိ အစီအရင်၏ မျက်လုံးနေရာကို ရှာမတွေ့နိုင် ဖြစ်နေသည်။


" မင်းက အစီအရင်တွေ ဘယ်လိုသုံးရမယ်ဆိုတာကို သိတာလား..."

သူ အနည်းငယ် လန့်သွားသည်။


ကျိုးရွှမ်လန် ‌ထိုင်ချလိုက်ပြီး မြေပြင်ပေါ်တွင် ရှုပ်ပွနေသည့် ကျောက်တုံးများကို ပြန်စီလိုက်သည်။

" နေရာက မှားနေလို့ အစီအရင်ရဲ့ မျက်လုံးနေရာကို ရှာမတွေ့တာ အခုပြန်လုပ်ကြည့်..."


ရှုရှင်းချန် တွန့်ဆုတ်သွားပြီးနောက် မန္တန်တစ်ပုဒ်ကို ရွတ်လိုက်သည့်အခါ လှိုဏ်ဂူတစ်ခုလုံး လင်းထိန်လာသည်။


မြင်ကွင်းအားလုံး ပြောင်းလဲသွားပြီး သူတို့အားလုံး သတ္တမနတ်ဆိုးဘုရင်၏စံအိမ်ထဲ ပြန်ရောက်လာကြသည်။


လှပသော တေးသံက အဝေးမှ ပဲ့တင်ထပ်လာသည်။


တောက်ပနေသည့် လမင်းကြီးက ကောင်းကင်ယံထက်တွင် တည်ရှိနေကာ လရောင်က စင်မြင့်တစ်ခုပေါ် ဖြာကျနေသည်။ အကမယ်လေးများ၏ ဆွဲဆောင်မှုရှိသောပုံရိပ်လေးများကို မြူးကြွသည့်တေးသံဖြင့် ပေါင်းစပ်လိုက်သည့်အခါ ပွဲတော်ကြီးတစ်ခု ကျင်းပနေသည့်အလား ခံစားရစေသည်။


ထိုမြင်ကွင်းကို ကြည့်ရှု့နေသည့်အမျိုးသားက ကျောက်စိမ်းလှေကားထစ်များပေါ်တွင် တစ်ယောက်တည်းထိုင်နေသည်။ သူက မြေခွေးနက်အမွေးကို ဝတ်ဆင်ထားပြီး နှာတံမြင့်မြင့် နှုတ်ခမ်းပါးပါးဖြစ်ကာ မီးတောက်သဖွယ် အနီရောင်ဆံပင်များက သူ့နောက်တွင် ပြန့်ကျဲနေသည်။


သူ့လက်ထဲတွင် ဝိုင်ကရားတစ်လုံးကိုကိုင်ထားပြီး မော့သောက်နေသည်။


ဝိုင်တစ်ဝက်ခန့်က ပါးစပ်ထဲရောက်သွားသော်လည်း အခြားတစ်ဝက်က မေးစေ့မှတစ်ဆင့် ညှို့ငင်နိုင်စွမ်းရှိသော လည်စလုတ်အပေါ် စီးကျနေပြီး ဟနေသည့် အဝတ်အစားများကြားထဲ ပျောက်ကွယ်သွားရသည်။


ဝိုင်တစ်ကရားသောက်ပြီးသောအခါ ဝမ်ရမ်ချင်က မျက်လုံးလှန်လိုက်ပြီး မဖိတ်ခေါ်ထားသော ဧည့်သည်အချို့ကို တစ်ချက်ကြည့်လိုက်သည်။


သူတို့ထဲမှတစ်ယောက်ကို မြင်သည့်အခါ နှုတ်ခမ်းများတွန့်ကွေးသွားပြီး ချောမောခံ့ညားသော မျက်နှာထက်တွင် အရိုင်းဆန်သော အကြည့်တစ်ခု ဖြစ်တည်လာသည်။


သူ လက်ခုပ်တီးလိုက်သည့်အခါ တေးသံက ရပ်တန့်သွားပြီး အကမယ်လေးများအားလုံး ထွက်သွားသည်။


ဝမ်ရမ်ချင်က ဗလာကျင်းနေသည့် ဝိုင်ကရားကို စားပွဲပေါ်တင်လိုက်ပြီး နောက်ထပ်ဝိုင်တစ်ကရား ထပ်ယူလိုက်သည်။ သူ ပါးစပ်ဟ၍ ဝိုင်ကို ထပ်မော့သောက်လိုက်သည့်အခါ လည်ချောင်းထဲတွင် ပူလောင်သွားပြီး အသံကလည်း အနည်းငယ် အက်ရှသွားသည်။


" ငါ့ရဲ့ စံအိမ်ကိုလာတယ်ဆိုတော့ ဘာကိစ္စများ ရှိလို့လဲ..."


ရှန်းလျိုရှန့်က ကျိုးရွှမ်လန် မည်သူဖြစ်ကြောင်း မသိစေရန် ဝက်မျက်နှာဖုံးကို စွပ်ပေးလိုက်ပြီး သတ္တမနတ်ဆိုးဘုရင်ကို ကျယ်လောင်စွာပြောလိုက်သည်။


" တစ်ခုခုကို ပြန်လာယူတာပါ..."


ဝမ်ရမ်ချင်က ၎င်းကို မည်သည့်အရာဖြစ်ကြောင်း မမေးမြန်းဘဲ ပြုံး၍မေးလိုက်သည်။

" ငါက မပေးဘူးဆိုရင်ရော..."


ဘေးနားမှ ရှုရှင်းချန်က နှာမှုတ်လိုက်သည်။

" ဒီလိုဆိုလည်း ရတယ်လေ..."


ဝမ်ရမ်ချင်က ဟာသတစ်ခုကို ကြားလိုက်ရသည့်သဖွယ် နှုတ်ခမ်းများ ကော့ညွတ်သွားပြီး သူ့ရယ်သံက စင်မြင့်ထက်တွင် ပဲ့တင်လာသည်။


" လူသတ်ပြီ ရတနာတွေယူတယ်ဆိုတာ ပုံမှန်မဟုတ်တဲ့ကိစ္စတော့ မဟုတ်ပါဘူး... ဒါပေမဲ့ မင်းတို့က ငါ့ရှေ့မှာ ဗြောင်ကျကျလုပ်ရဲတဲ့ ပထမဆုံးလူတွေပဲ..."


ရှုရှင်းချန် မျက်မှောင်ကြုတ်လိုက်သည်။


" လူ‌သတ်ပြီး ရတနာယူတယ်ဆိုတာ ဘာကိုပြောတာလဲ... အဲဒါ အစတည်းက ငါတို့ဟာတွေပဲလေ... မင်း အန္တရာယ်ပြုမခံရချင်ရင် ကောင်းကောင်းမွန်မွန်ပြောနေတုန်း ငါတို့ဆီပေးလိုက်..."


ဝမ်ရမ်ချင်က ပြုံးလိုက်ပြီး စကားတစ်ခွန်းမှ မပြောဘဲ လက်တစ်ဖက်ထဲတွင် ဝိုင်ခွက်ကိုကိုင်ကာ အခြားတစ်ဖက်က ဝိုင်ကရားကိုကိုင်ပြီး လှေကားထစ်များထက်မှ ဖြည်းဖြည်းချင်း ဆင်းလာသည်။


သူ အနားကပ်လာပြီးနောက် လက်ထဲကိုင်ထားသော ဝိုင်ခွက်ကို ကျိုးရွှမ်လန်အား ပေးလိုက်သည်မှာ မိတ်ဆွေဟောင်းတစ်ယောက်ကို နှုတ်ဆက်နေသည်နှင့်တူသော်လည်း သူ့အကြည့်များက ရှန်းလျိုရှန့်ပေါ်တွင်သာ ရှိနေသည်။


" ကောင်းပြီလေ ကစားပွဲတစ်ခု ကစားရအောင်... မင်းတို့ ငါသိချင်တာ ပြောပြမယ်ဆိုရင် ငါကလည်း မင်းတို့သိချင်တာပြောပြမယ်..."


ရှန်းလျိုရှန့်က သူ့ကိုပြောနေကြောင်း သဘောပေါက်သွားသည့်အခါ မျက်ခုံးပင့်လိုက်ပြီး မဝံ့မရဲဖြင့် မေးလိုက်သည်။

" ‘ဧကရာဇ်’ဆိုတဲ့စာလုံးထွင်းထားတဲ့ စာလိပ်က ဘယ်မှာလဲ..."


ဝမ်ရမ်ချင် : " ငါ့ဆီမှာရှိတယ်..."


ရှန်းလျိုရှန့်၏ရင်ထဲ ထိတ်ခနဲဖြစ်သွားမိသော်လည်း အမှန်အမှားကို အတိအကျမပြောနိုင် ဖြစ်နေသည်။


သတ္တမနတ်ဆိုးဘုရင်က စာလိပ်ကို ဖွက်ထားပြီးတော့ ရှာမရအောင် လုပ်ထားမယ်ထင်နေတာ ဒါပေမဲ့ သူက ဘယ်နေရာမှာရှိတယ်ဆိုတာကိုပါ ပြောပြမယ် မထင်ထားဘူး...


ရှန်းလျိုရှန့် သင်္ကာမကင်းဖြစ်သွားသော်လည်း တစ်ဖက်လူက သူ့မေးခွန်းကို ဖြေထားပြီးပြီဖြစ်၍ သူပြန် အမေးခံရမည့်အလှည့် ရောက်သွားသည်။


" မင်းကရော ဘာသိချင်တာလဲ..."


ဝမ်ရမ်ချင် : " မင်းနာမည်..."


ရှန်းလျိုရှန့် အံ့အားသင့်သွားပြီး မတုံ့ပြန်နိုင် ဖြစ်သွားရသည်။


ဝမ်ရမ်ချင်က သူ့ကိုစိုက်ကြည့်နေပြီး ထပ်ပြောလိုက်သည်။


" မင်းနာမည်ကဘာလဲ..."


ရှန်းလျိုရှန့်က သူ့ရှေ့မှလူ၏ အတွေးများကို မမှန်းဆနိုင်သော်‌လည်း ခဏတာ တုံ့ဆိုင်းနေပြီးသည့်နောက် သူ့နာမည်ကို တည်ငြိမ်စွာဖြင့် ပြောလိုက်သည်။


" ရှန်းလျိုရှန့်ပါ..."


ဝမ်ရမ်ချင်က ထိုစကားလုံးများကို ထပ်မံရေရွတ်လိုက်ပြီးနောက် ပြုံးလိုက်သည်။

" ငါ မှတ်ထားလိုက်ပါ့မယ်..."


တစ်ချိန်တည်းမှာပင် ကျိုးရွှမ်လန်ကို သူကမ်းပေးလိုက်သည့် ဝိုင်ခွက်ကို တစ်ဖက်လူက ပုတ်ထုတ်လိုက်သည်အား သူတွေ့လိုက်ရသည်။


ဝမ်ရမ်ချင်၏ အမူအရာက အနည်းငယ်ပြောင်းလဲသွားသော်လည်း သူအတင်းတွန်းအားမပေးလိုက်ပေ။ ဝိုင်များဖြင့်ပြည့်နေသည့်ခွက်ကို မဖိတ်စင်အောင် ပြန်ထိန်းထားလိုက်ပြီးနောက် တစ်ကျိုက်တည်းမော့ချလိုက်သည်။


" မင်း မေးခွန်း၂ခု မေးနိုင်သေးတယ်..."


ရှန်းလျိုရှန့်က သူ့မျက်လုံးများကို မှေးကျဉ်းလိုက်သည်။

" ငါတို့ စာလိပ်ကို လုယူသွားမှာ မစိုးရိမ်ဘူးလား..."


ဝမ်ရမ်ချင်က နှုတ်ခမ်းကိုကွေးညွတ်လိုက်ပြီး လက်ညှိုးတစ်ချောင်း ထောင်ပြလိုက်သည်။


" ပထမဆုံးအနေနဲ့ စာလိပ်က ဧကရာဇ်ရဲ့ ပိုင်ဆိုင်မှုပဲ... တကယ်လို့ မင်းက ဒီနေရာကို ဧကရာဇ်နန်းတော်ကိုယ်စား ရောက်လာတယ်ဆိုရင်တောင် ဒီစာလိပ်ကို လုယူမှာ မဟုတ်ဘူး... ဧကရာဇ်နန်းတော်က လောကသုံးခုလုံးမှာ အလျော်ကန်ဆုံးနဲ့ အမြင့်မြတ်ဆုံးနေရာဆိုတာ အားလုံးသိကြတယ်... တကယ်လို့ မင်း ငါ့ကိုသတ်ပြီး စာလိပ်ကို လုယူသွားတယ်ဆိုတဲ့သတင်း ပျံ့သွားမယ်ဆိုရင် နှစ်ထောင်ပေါင်းများစွာ ထိန်းသိမ်းထားခဲ့တဲ့ နန်းတွင်းရဲ့ဂုဏ်သတင်းက ဖျက်ဆီးခံလိုက်ရပြီး ဧကရာဇ်အရှင်မင်းကြီးလည်း သိက္ခာကျလိမ့်မယ်..."


" ဒုတိယအနေနဲ့..."

ဝမ်ရမ်ချင်က သူ့ကို အပြုံးတစ်ဝက်ဖြင့် ပြောလိုက်သည်။


" ငါ့ပိုင်နက်ထဲမှာ ငါ့ပစ္စည်းတွေကို လွယ်လွယ်နဲ့ ခိုးလို့မရဘူး..."


ရှုရှင်းချန်၏မျက်နှာထားက အနည်းငယ်ပြောင်းလဲသွားပြီး တိတ်တဆိတ် အံကြိတ်ထားလိုက်သည်။


ခမည်းတော်ကို အားလုံးက လေးစားကြတာဆိုတော့ သူ့ရဲ့ဂုဏ်သိက္ခာကို အစွန်းထင်းခံလို့မဖြစ်ဘူး... မင်းသားတွေဖြစ်တဲ့ ငါနဲ့ ရှန်းလျိုရှန့်က အပြင်လောကရဲ့အမြင်မှာတော့ ခမည်းတော်ကို ကိုယ်စားပြုနေတဲ့သူတွေဖြစ်လို့ ငါတို့ဘာလုပ်လုပ် ခမည်းတော်ကို သက်ရောက်နေမှာပဲ... တကယ်လို့ မသင့်တော်တာ တစ်ခုခုလုပ်မိရင် တခြားလူတွေက ခမည်းတော်ကိုပဲ အပြစ်တင်ကြလိမ့်မယ်...


ဝမ်ရမ်ချင် ဒီလိုပြောလာတာ ယုတ္တိမရှိတာတော့ မဟုတ်ဘူး...


စာလိပ်က ဝမ်ရမ်ချင်၏ကိုယ်ပေါ်တွင်ရှိသည်ဟု ရှန်းလျိုရှန့်က အမှန်တကယ်ပင် ယုံကြည်နေသည်။ သူ နောက်ထပ် မေးခွန်းတစ်ခု မေးတော့မည့်အချိန်တွင် တစ်ဖက်လူက မေးလာသည်ကို ကြားလိုက်ရသည်။


" မင်းက နဝမနတ်ဆိုးဘုရင်နဲ့ ဘယ်လိုပတ်သက်နေတာလဲ..."


ရှန်းလျိုရှန့် အနည်းငယ်လန့်သွားပြီး ဝက်မျက်နှာဖုံးစွပ်ထားသူကို လှည့်ကြည့်လိုက်သည်။


ဒီလောက်မြန်မြန်ကြီး သိသွားပြီလား...


သူက ကျိုးရွှမ်လန် မည်သူဖြစ်ကြောင်း ဖော်ထုတ်ခံရမည်ကို မဖြစ်စေချင်ပေ။ အကယ်၍ နတ်ဆိုးဘုရင်တစ်ယောက်က အခြားနတ်ဆိုးဘုရင်တစ်ယောက်၏ ပိုင်နက်တွင် ခွင့်ပြုချက်မရှိဘဲ ပေါ်လာပါက များသောအားဖြင့် ရန်စသည့် အပြုအမူဟု သတ်မှတ်နိုင်၍ သက်သက်ညာညာတွေးပေးရန်က ခက်ခဲလှသည်။


ယခုအခါ တစ်ဖက်လူက သိသွားပြီဖြစ်၍ သူ မတတ်နိုင်တော့ပေ။


" သူက ငါ့တပည့်ပါ..."


သူ့စကားဆုံးသည်နှင့် ကျိုးရွှမ်လန်၏ ဘေးပတ်ပတ်လည်မှ လေဖိအားက နိမ့်ဆင်းသွားပြီး အေးစက်စက်ခံစားချက်တစ်မျိုး သူ့နောက်တွင်ရောက်လာသည်။


ရှန်းလျိုရှန့် ခဏတာရပ်တန့်သွားပြီးနောက် ကတုန်ကယင်ဖြင့် ထပ်ပြောလိုက်သည်။

" သူက ငါ့ရဲ့ တစ်ဦးတည်းသောတပည့်ပါ..."


ကျိုးရွှမ်လန်၏ခန္ဓာကိုယ်မှ ထုတ်လွှတ်နေသည့် လေအေးများက အနည်းငယ်လျော့ပါးသွားသည်။


ထိုအခါမှသာ ရှန်းလျိုရှန့် စိတ်အေးလက်အေးဖြင့် သက်ပြင်းချနိုင်သွားသော်လည်း သူ့စိတ်ထဲတွင် တစ်စုံတစ်ရာ မှားယွင်းနေသည်ဟု ခံစားလိုက်ရသည်။


အစက ဖြေထားတာကလည်း အဆင်ပြေပါတယ် ကျိုးရွှမ်လန်က ဘာလို့ မကျေမနပ်ဖြစ်သွားရတာလဲ...


ဝမ်ရမ်ချင် ထိုအဖြေကိုကြားသည့်အခါ သူ့မျက်နှာထက်မှ အမူအရာက သိသိသာသာရွှင်ပြသွားဟန် ပေါ်သည်။ ရှန်းလျိုရှန့်က နောက်ထပ်စကားအချို့ထပ်ထည့်ပြောလိုက်သော်လည်း သူ စိတ်ကြည်လင်နေသည်ကို မပျက်စီးသွားစေပေ။


" နောက်ဆုံးမေးခွန်းတစ်ခုပဲ ကျန်တော့တာဆိုတော့ မင်းသေချာစဉ်းစားမှဖြစ်မယ်..."


ရှန်းလျိုရှန့် မျက်တောင်တစ်ချက်ခတ်လိုက်သည်။

အကုန်လုံးကို မေးနိုင်တယ်ဆိုမှတော့...


" ငါ မင်းဆီကစာလိပ်ကို ဘယ်လိုယူရမလဲ..."


ရှုရှင်းချန် ပါးစပ်အဟောင်းသား ဖြစ်သွားရသည်။

ကာယကံရှင်ကို သူ့ပစ္စည်းဘယ်လိုခိုးရမလဲ သွားမေးနေတာလား အရူးကပဲ ပြန်ဖြေမှာပေါ့...


ဝမ်ရမ်ချင်က ခဏတာ အံ့ဩသွားမိသော်လည်း ပြုံးလိုက်သည်။


" ငါကိုယ်တိုင်လည်း သေချာမသိတာမို့ အဲ့မေးခွန်းကို မဖြေနိုင်သေးဘူး... ဒါပေမဲ့တော့..."


သူ့လေသံက ပြောင်းလဲသွားပြီးရှန်းလျိုရှန့်ကို မရှင်းလင်းသောအဓိပ္ပါယ်များပါဝင်နေသည့် အကြည့်ဖြင့် ကြည့်လိုက်သည်။


" မင်း ငါ့ကို တောင်းဆိုမယ်ဆိုရင်တော့ ငါမင်းကို ပေးလိုက်လို့ရမယ်ထင်တယ်..."


ရှန်းလျိုရှန့် အနည်းငယ်စိတ်ရှုပ်ထွေးသွားပြီး သတ္တမနတ်ဆိုးဘုရင်က သူ့ကိုစိတ်ဝင်စားနေသည်ဟုပင် ထင်မိသွားသည်။ သူ့စကားထဲတွင် သဲလွန်စများဖြင့် ပြည့်နေသော်လည်း တစ်ဖက်လူကို ပထမဆုံးတွေ့သည့်အခါတွင် သူ၏ မြင်မြင်ချင်းအချစ်ဟူသောအရာက အတုအယောင်ဖြစ်နေကြောင်း သဘောပေါက်လိုက်သည်။


" ငါ မေးရမယ့်အလှည့်ဆိုပေမယ့် ည‌နက်နေပြီဆိုတော့ နောက်မှပဲ မေးပါတော့မယ်..."


ဝမ်ရမ်ချင်က ဝိုင်ခွက်ကို ခုနစ်ဆယ်ရာခိုင်နှုန်းခန့်ပြည့်အောင်ဖြည့်လိုက်ပြီး ရှန်းလျိုရှန့်ကို ကမ်းပေးကာ ပြုံးပြလိုက်သည်။

" ကျွန်တော် ဒီနေ့ည တော်တော်လေး ပူးပေါင်းပေးထားတာ‌ဆိုတော့ အင်မော်တယ်အရှင်က ကျွန်တော့်ကို ကြင်နာမှုလေးတချို့နဲ့တော့ ဆုချသင့်တယ်လို့ မထင်ဘူးလား..."


ရှန်းလျိုရှန့် အံ့ဩတကြီးဖြစ်သွားရ၏။


ငါ့ကို အင်မော်တယ်(ရှန့်ကျွင်း)လို့ ခေါ်လိုက်တယ်ဆိုတော့ ဘယ်သူဆိုတာ သိသွားတာများလား...


ငါ့ကို နောက်နေတာများလား...


ခွက်ထဲမှ ဝိုင်ရနံ့က ပျံ့လွင့်လာသည်။


ရှန်းလျိုရှန့် ခဏတာ တုံ့ဆိုင်းသွားမိသော်လည်း သူ မလှုပ်ရှားနိုင်မီမှာပင် သူ့မြင်ကွင်းထဲ ဝတ်ရုံလက်တစ်ခုကို မြင်လိုက်ရသည်။


လက်ချောင်းသွယ်သွယ်တစ်ဖက်က ခွက်ကို ဖမ်းကိုင်လိုက်သည်။


သူ့လက်‌ဆစ်များကို တစ်ချက်လှည့်လိုက်ရုံဖြင့် ‌ခွက်ထဲမှဝိုင်အားလုံး မြေကြီးပေါ် ကျသွားသည်။


" သောက်စရာ မလိုဘူး..."


လေထုအနေအထားက ရုတ်ချည်း အေးခဲတောင့်တင်းသွားသည်။


ရှုရှင်းချန်က နတ်ဆိုးဘုရင်နှစ်ယောက်ကို အပြန်ပြန်အလှန်လှန် ကြည့်နေမိသည်။ 


နတ်ဆိုးမျိုးနွယ်တွေက စည်းလုံးမှုအနည်ဆုံးပဲလို့ပြောကြတာ အံ့ဩစရာမဟုတ်တော့ပါဘူး... နတ်ဆိုးဘုရင်နှစ်ယောက် ဆုံတာနဲ့တင် ချက်ချင်း တိုက်ခိုက်တော့မယ့်ပုံစံဖြစ်နေပြီ... ဒါပေမဲ့ အပြင်က ကောလဟာလတွေအတိုင်းဆို သူတို့နှစ်ယောက်ကြားမှာ ရန်ညှိုးမရှိပါဘူး...


မ‌ကောင်းသည့်ကိစ္စတစ်ခုခုဖြစ်လာတော့မည်ကို သိသော ရှန်းလျိုရှန့်က ကျိုးရွှမ်လန်ကို အမြန်ဆွဲခေါ်ထားလိုက်သည်။


ဤနေရာက ဝမ်ရမ်ချင်၏ပိုင်နက်ဖြစ်၍ သူ ရှုံးသွားခဲ့မည်ဆိုပါက စွန့်ပစ်မြေရှစ်ပါးကို ကိုယ်စားပြုသည့် ကျိုးရွှမ်လန်လည်း သိက္ခာကျသွားမည်ဖြစ်ကာ နောက်ပိုင်းတွင် အခြားနတ်ဆိုးဘုရင်များကို စိတ်တိုင်းကျ တိုက်ခိုက်နိုင်တော့မည် မဟုတ်ပေ။ 


ဝမ်ရမ်ချင်က သူတို့ထွက်သွားသည်ကို မဟန့်တားဘဲကြည့်နေသော်လည်း သူ့အကြည့်များက ပိုမိုရက်စက်ကြမ်းကြုတ်လာသည်။


ကျိုးရွှမ်လန် ပေါ်လာသည်နှင့် အစီအရင်က ပျက်စီးတော့မည်ကို သိနေခဲ့သော်လည်း သူ အဘယ့်ကြောင့် လာရောက်ရသည်ကို သိချင်နေခဲ့မိသည်။ ထိုအချိန်မှာပင် သူ စုံစမ်းရန်စေလွှတ်ထားသူက ရှန်းလျိုရှန့်အကြောင်းကို စုံစမ်းသိရှိလာခဲ့ပြီး သဲလွန်စများနောက်လိုက်၍ သူတို့နှစ်ယောက်အကြားမှ အတိတ်ကို တူးဆွနိုင်ခဲ့သည်။


ကျိုးရွှမ်လန်ရဲ့ အပြုအမူတွေက ဆရာတစ်ယောက်ကို ပြုမူပြောဆိုသလိုမျိုး ရိုးရှင်းမနေဘူးပဲ...


ဒါပေမဲ့...


ဝမ်ရမ်ချင်က နှုတ်ခမ်းထောင့်စွန်းများ ကော့တက်သွားပြီး ညစ်ကျယ်ကျယ်ပြုံးလိုက်သည်။ 


ရှန်းလျိုရှန့်ကတော့ သူ့ကိုတပည့်လိုမျိုးပဲ သဘောထားနေတာဆိုတော့ ခြိမ်းခြောက်နိုင်စရာအကြောင်းတော့ မရှိလာလောက်သေးပါဘူး...


.....


ညနက်ပိုင်းတွင် လမ်းမထက်၌ လူအနည်းငယ်သာ ရှိပေသည်။ လမ်းမဘေးတစ်ဖက်တစ်ချက်တွင် ရောင်စုံမီးအိမ်များ ချိတ်ဆွဲထားသောကြောင့် လေအဝှေ့တွင် မီးအိမ်များက တိတ်တဆိတ် ယိမ်းနွဲ့နေသည်။


မျက်နှာဖုံးက ကျိုးရွှမ်လန်၏ အမူအရာတို့ကို ဖုံးကွယ်ထားသဖြင့် သူ့စိတ်အခြေအနေကို ရှင်းရှင်းလင်းလင်း မသိရချေ။ 

" ရှစ်စွမ်းက ဝမ်ရမ်ချင်ကို ဘယ်တုန်းကသိတာလဲ..."


" ငါ သူ့ကို ဒီနေ့မှ ပထမဆုံးတွေ့ဖူးတာ... မင်း ငါပြောတာကို ယုံမယ်တော့မထင်ဘူး ဒါပေမဲ့ ငါသူ့ကို နည်းနည်းရင်းနှီးနေသလိုပဲ..."


ရှန်းလျိုရှန့်က မုန်လာဥနီကိုထုတ်ပြီး သရေစာသဖွယ် ကိုက်ဝါးလိုက်သည်။

" ငါ အရင်က တွေ့ခဲ့ဖူးတဲ့ ကလေးလေးလိုပဲ သူ့ဆံပင်တွေကလည်း နီရဲနေတာ..."


သူ ဝမ်ရမ်ချင်ကို ပထမဆုံးမြင်လိုက်စဉ်က သူ၏ နီစွေးစွေးဆံနွယ်များကြောင့် မှင်သက်သွားခဲရပြီး ရှောင်းချီက ဝမ်ရမ်ချင်၏ကလေး ဖြစ်နိုင်သည်ဟု မတွေးဘဲ မနေနိုင်အောင် ဖြစ်သွားခဲ့ရသည်။


ကျိုးရွှမ်လန် ရပ်တန့်သွားသည်။

" ဘယ်က ကလေးလဲ..."


ရှန်းလျိုရှန့်က ဖြစ်ကြောင်းကုန်စဉ်ကို အစအဆုံးပြောပြလိုက်ပြီး အဆုံးတွင် ထပ်လောင်းထည့်ပြောလိုက်သည်။

" ချီလင်မြို့က နတ်ဆိုးကျင့်ကြံသူတွေက သွေးနှောတွေကို တော်တော်မုန်းကြတယ်... အဲဒါ ဝမ်ရမ်ချင်ရဲ့ လွှမ်းမိုးမှုကြောင့်လည်း ဖြစ်လိမ့်မယ်ထင်တယ်... မြို့အရှင်က သွေးနှောတွေကိုမုန်းတော့ မြို့ထဲက နတ်ဆိုးတွေကလည်း လိုက်မုန်းကြတာပေါ့... ရှောင်းချီက သူမုန်းတဲ့ အမျိုးသမီးကျင့်ကြံသူတစ်ယောက်ရဲ့ ကလေးဆိုတော့ သူ့ကိုသဘောမကျလို့ တခြားလူတွေ အနိုင်ကျင့်တာကို ခွင့်ပြုထားတာဖြစ်မယ်..."


ကျင်းရှောင်ကျို့က ရှောင်းချီကို သဘောမကျသော်လည်း သူက ထိုမျှမရက်စက်သည်ကို ရှန်းလျိုရှန့်သိသည်။ ကျိုးရွှမ်လန်က သွေးနှောဟူသည့်စကားကို ကြားသောအခါ အနည်းငယ်အံ့ဩသွားသော်လည်း အညှိုးတကြီးဖြစ်နေသည့် အမူအရာမျိုး မပြသပေ။ သူ့ပုံစံက ချီလင်မြို့သားများနှင့် လုံးဝကွဲပြားနေသည်။


နတ်ဆိုးအများစုက သွေးနှောများကို သတ်ဖြတ်လိုချင်စိတ်မရှိဘဲ ချီလင်မြို့ကသာ အလွန်အကြူးဖြစ်နေသည်ဟု သူ တွေးလိုက်မိသည်။


သူ ပြောနေသည်များကို နားထောင်ပြီးသည့်နောက် ကျိုးရွှမ်လန်က အချိန်အတန်ကြာသည်အထိ တိတ်ဆိတ်သွားသည်။ ကျွမ့်ယွင်တည်းခိုဆောင်သို့ ရောက်ချိန်မှသာ အသိစိတ်ပြန်ကပ်လာခဲ့သည်။


မင်းသားလေးနှစ်ယောက် ပြန်လာသည်ကို ကျင်းရှောင်ကျို့တွေ့သောအခါ ကျင်းရှောင်ကျို့၏ စိုးရိမ်တကြီးဖြစ်နေသော စိတ်အခြေအနေက နောက်ဆုံးတွင် တည်ငြိမ်သွားခဲ့သည်။ သူတို့ကို နှုတ်ဆက်ရန် ဝမ်းပမ်းတသာဖြင့် ပြေးလာပြီး လှမ်းကြည့်လိုက်ချိန်တွင်မှ နောက်ထပ်လူတစ်ယောက်ပါလာကြောင်း သတိပြုမိသွားသည်။


အနက်ရောင်ဝတ်ရုံဝတ်ထားသူက သူ့သွေးထဲမှ ဖိနှိပ်ချုပ်ခြယ်နိုင်သည့်စွမ်းအားများ ထွက်နေသကဲ့သို့ မွန်းကြပ်သည့်ဖိအားတစ်မျိုး ထုတ်လွှတ်နေသည်။


မ မကောင်းဆိုးဝါးကြီးလား...


ကျင်းရှောင်ကျို့၏ခြေထောက်များ ခွေလဲကျမတတ်ဖြစ်လာသည်။ တစ်ဖက်လူက မျက်နှာဖုံးကိုလုံးဝချွတ်လိုက်

ချိန်တွင်မူ သူ‌ကြမ်းပေါ်လဲကျသွားတော့သည်။


" နဝမနတ်ဆိုးဘုရင်ပါလား..."


ဘာလို့ စွန့်ပစ်မြေရှစ်ပါးရဲ့ နဝမနတ်ဆိုးဘုရင်က ချီလင်မြို့ကိုရောက်ပြီး မင်းသားလေးတို့နဲ့ လိုက်လာတာလဲ...

ကျင်းရှောင်ကျို့၏ခေါင်းထဲ အတွေးများ အစီအစဉ်မကျဖြစ်လာပြီး မူးနောက်လာတော့သည်။