Chapter 73
နတ်ဆိုးငယ်လေးများမှာ သူတို့ထက် စွမ်းအားကြီးသောနတ်ဆိုးများနှင့်တွေ့ပါက အလိုလို ကြောက်ရွံ့တတ်သည်ကိုသိသော်လည်း ဤမျှပြင်းထန်မည်ဟု မထင်ထားခဲ့၍ ကိုယ်ကိုကိုင်းညွတ်ပြီး ကျင်းရှောင်ကျို့ကို ထူပေးလိုက်သည်။
" မကြောက်ပါနဲ့ သူက င့ါတပည့်ပါ... အခန်းတစ်ခန်း သွားရှင်းထားပြီး ထွက်လာလိုက်..."
ရှုရှင်းချန်က အေးစက်စက်နှာမှုတ်လိုက်သည်။
" ကျွမ့်ယွင်အဆောင်မှာ အခန်းလွတ်မရှိတော့ဘူး... လမ်းပေါ်မှာ တည်းခိုဆောင်တစ်ခု ရှိနေတာပဲကို..."
ဒီလောက် ကြောက်စရာကောင်းတဲ့ နတ်ဆိုးဘုရင်ကို ကျွမ့်ယွင်နန်းဆောင်မှာ နေခွင့်ပြုရမယ်တဲ့လား... တကယ်လို့ သူ့မှာသာ မကောင်းတဲ့ရည်ရွယ်ချက်တွေ ရှိနေမယ်ဆိုရင် ငါတို့ ဘာမှလုပ်ချိန်တောင် ရလိုက်မှာမဟုတ်ဘူး... အန္တရာယ်များလွန်းတယ်...
သဘောတူလို့မဖြစ်ဘူး...
ကျိုးရွှမ်လန်က သူ့အတွေးများကို ထိုးထွင်းသိမြင်လိုက်ပြီး ထိုသို့တွေးခြင်းက ပုံမှန်ဟုသာ ထင်လိုက်သည်။ သူက ချီလင်မြို့တွင် နေထိုင်ရန် နေရာရှိသော်လည်း သူ့ရှစ်စွမ်းကို မထားခဲ့နိုင် ဖြစ်နေသည်။
" ရှစ်စွမ်း ဒါဆိုစောစောအနားယူပါ ကျွန်တော် မနက်ဖြန်မှ ပြန်လာခဲ့မယ်..."
ရှုရှင်းချန်ဆိုလိုချင်သည်ကို သဘောပေါက်သွား၍ ရှန်းလျိုရှန့်၏မျက်လုံးများ အနည်းငယ်မှေးကျဉ်းသွားပြီး ထွက်သွားရန် ပြင်နေသူကို ဆွဲထားလိုက်သည်။
" ကိစ္စမရှိပါဘူး မင်းဒီည ငါနဲ့တူတူအိပ်လို့ရတာပဲ..."
သူ နတ်ဆိုးဘုရင်ကို စိုးရိမ်နေတယ်ဆိုရင် သူ့မျက်စိအောက်မှာထားပြီးပဲ စောင့်ကြည့်သင့်တာပေါ့...
ကျိုးရွှမ်လန် ရပ်တန့်သွားပြီး နောက်ပြန်လှည့်လာသည်
ရှုရှင်းချန်၏မျက်နှာထက်တွင် အဓိပ္ပါယ်ဖော်မရသည့် အမူအရာမျိုး ရှိနေသည်။ သူ လက်မြှောက်လိုက်ပြီး ရှန်းလျိုရှန့်ကို လက်ညှိုးထိုးထားသော်လည်း ဒေါသထွက်လွန်း၍ စကားမပြောနိုင် ဖြစ်နေသောကြောင့် လက်ညှိုးက လေထဲတွင်သာ ရပ်တန့်နေသည်။
ယောကျာ်းနှစ်ယောက် ညဘက်ကြီး အခန်းတစ်ခန်းတည်း တူတူနေမယ်ဆိုတာ ဘယ်လိုတောင် မသင့်တော်တာကြီးလဲ...
ပြီးတော့ ကျိုးရွှမ်လန်မှာ ကောင်းတဲ့ရည်ရွယ်ချက်မရှိဘူးဆိုတာ သူ ကြိုမြင်မှာပဲလေ... ခမည်းတော်က ဒီကိုမလာခင် လေးနက်တဲ့စကားတွေအများကြီး ပြောထားခဲ့တာတောင် မေ့သွားတာလား...
ငါတော့ ရှန်းလျိုရှန့်ရဲ့ခေါင်းကို ရိုက်ခွဲပစ်ချင်နေပြီ...
" ရှောင်ကျို့ ဧည့်သည်အတွက် အခန်းတစ်ခန်းသွားပြင်ထားလိုက်..."
ရှုရှင်းချန် စိတ်တည်ငြိမ်သွားသည့်အခါ ပုပ်သိုးနေသောမျက်နှာကြီးဖြင့် ရှေ့တိုးလာပြီး ရှန်းလျိုရှန့်နှင့် နတ်ဆိုးဘုရင်၏လက်ကို ဖယ်ခွာလိုက်သည်။
" လွှတ်လိုက် လွှတ်လိုက်... ကြည့်ရတာ ဘယ်လိုကြီးမှန်းမသိဘူး..."
ငါတော့ ညကျရင် ဒီငတုံးအစ်ကိုကိုကယ်ဖို့ ပိုအာရုံစိုက်ရတော့မယ်...
ကျိုးရွှမ်လန်က နှုတ်ခမ်းများတင်းတင်းစေ့ထားပြီး စကားတစ်ခွန်းမှ မပြောဘဲနေကာ ရှုရှင်းချန်ကို စိုက်ကြည့်နေသည်။
" မင်း အရင်ဆုံး ရှောင်ကျို့နဲ့ အခန်းထဲလိုက်သွားလိုက်..."
နေရာစီစဉ်ပေးပြီးသည့်အခါ ရှန်းလျိုရှန့်က သူ့လည်ပင်းကို ပွတ်နေသည်။
" ငါ ရေချိုးပြီးတော့မှ လာကြည့်တော့မယ်..."
ကျိုးရွှမ်လန်က ခေါင်းညိတ်ပြလိုက်သည်။ ကျင်းရှောင်ကျို့က တုန်တုန်ယင်ယင်ဖြင့် သူ့ကို အခန်းထဲခေါ်သွားပြီးသည့်နောက်တွင် ချက်ချင်းထွက်ပြေးသွားတော့သည်။ ကျိုးရွှမ်လန်က သူ့အတွက်သူ လက်ဖက်ရည်ကြမ်းတစ်ခွက်ငှဲ့လိုက်ပြီး သောက်နေစဉ်တွင် ရှန်းလျိုရှန့် ယခင်ကပြောထားသည့်စကားများကို စဉ်းစားနေမိသည်။
သူ့ထံတွင် မှန်းဆချက်တစ်ခုရှိနေပြီး ၎င်းက မှန်ကန်နေပါက ချီလင်တစ်မြို့လုံး အပျက်အစီးပုံဘဝ ရောက်တော့မည်ဖြစ်သည်။
ခဏအကြာတွင် တံခါးဝ၌ ပိန်ပိန်ပါးပါးပုံရိပ်တစ်ခု ပေါ်လာ၍ ကျိုးရွှမ်လန် သူ့ကိုမော့ကြည့်လိုက်သည်။
ယခုမှ ရေချိုးပြီးလာသူက ပါးလွှာသည့် အတွင်းဝတ်ရုံတစ်ထည်သာဝတ်ထားပြီး ခါးအထိရှည်သည့်ဆံပင်တွင်လည်း မြူငွေ့များ ဝေ့နေသည်။
မီးအိမ်၏အောက်တွင် လည်တိုင်ပေါ်၌ ရှိနေသော ရေစက်များက အရောင်တောက်ပလင်းလက်နေပြီး ကြော့ရှင်းသောလည်တိုင်မှ တစ်ဆင့် ဝတ်ရုံပါးပေါ်သို့ တစ်စက်ချင်းကျလာ၍ ဖြူဖွေးသောအထည်စက စိုစွတ်နေသည်။
ရှန်းလျိုရှန့်၏ မျက်တောင်ရှည်များက စိုစွတ်နေလျက် အခန်းထဲ လမ်းလျှောက်ဝင်လာပြီး ပတ်ပတ်လည်ကို ကြည့်နေသည်။
" အခန်းက မဆိုးပါဘူး... မင်းလည်း ရေချိုးပြီး စောစောအနားယူတော့လေ..."
ကျိုးရွှမ်လန်က လက်ဖက်ရည်ခွက်၏အဝကို လက်ဖျားဖြင့် တို့နေသည်။
" ကျွန်တော် သိပါပြီ..."
ရှန်းလျိုရှန့် ရှေ့သို့နှစ်လှမ်းခန့် ထပ်မံလျှောက်လာစဉ်တွင် အောက်သိုးသိုးအနံ့တစ်ခုကို ရလိုက်၍ အိပ်ရာနားသို့လျှောက်လာပြီး စောင်ကို မ'ကြည့်လိုက်သည်။ အောက်ဘက်မှ အိပ်ရာခင်းများက ကြာမြင့်စွာ အသုံးမပြုထားခြင်းများကြောင့် စိုထိုင်းပြီး မှိုနံ့အချို့ ထွက်ပေါ်နေသည်။
သူ ချက်ချင်း မျက်မှောင်ကြုတ်လိုက်သည်။
" မင်း ဒီည ငါ့အခန်းထဲ လာအိပ်တာ ပိုကောင်းမယ်ထင်တယ်..."
" ကျွန်တော့်အတွက် အထူးတလည် ပြင်ဆင်မနေပါနဲ့တော့ ကျွန်တော် ဒီမှာပဲ တစ်ညလုံးအိပ်..."
ကျိုးရွှမ်လန်က စကားမဆုံးမီမှာပင် ချက်ချင်းဆွဲခေါ်သွားခံလိုက်ရသည်။
ရှုရှင်းချန်ရှန်းလျိုရှန့်က သူ့ကိုအိပ်ခန်းထဲခေါ်သွားပြီးနောက် ကြီးမားသော ဖဲမွေ့ရာကြီးကို လက်ညှိုးထိုးပြလိုက်သည်။
" အိပ်ရာက ငါတို့နှစ်ယောက် တူတူအိပ်လို့ရတဲ့အထိ ကြီးပါတယ်... မင်း အရင်ဆုံး ရေသွားချိုးလိုက်လေ ငါ အခန်းထဲမှာ စောင့်နေလိုက်မယ်..."
ကျိုးရွှမ်လန်၏ ခန္ဓာကိုယ်တစ်ခုလုံး အနည်းငယ်တောင့်တင်းသွားသည်။
အိပ်ခန်းထဲတွင် ခုံရှည်တစ်ခုရှိသော်လည်း ရှစ်စွမ်းက သူ့ကို ထိုနေရာတွင် မအိပ်ခိုင်းခဲ့ပဲ ထိုအစား အိပ်ရာတစ်ခုကို မျှသုံးရန်သာ ပြောသည်။
အဲဒါ ငါ့ကို ကလေးတစ်ယောက်လိုပဲ ဆက်ဆံနေတာများလား၊ ဂရုမစိုက်လို့များလား... ဒါမှမဟုတ်...
ကျိုးရွှမ်လန်က ရေချိုးပြီးသည့်နောက် စင်္ကြန်လမ်းပေါ်မှ ဖြတ်လျှောက်လာပြီး တံခါးရှေ့တွင် ရပ်လိုက်သည်။ တံခါးကိုတွန်းဖွင့်ပြီး ဝင်သွားမည့်အချိန်တွင် သူ့မျက်နှာထက်၌ တွန့်ဆုတ်နေသည့် အရိပ်အယောင်အချို့ကို မြင်နေရသည်။
သူက ရှစ်စွမ်းကို ခုနစ်နှစ်တိုင်အောင် မတွေ့ခဲ့ရ၍ သူ့အနားကပ်ချင်နေခြင်း ဖြစ်သည်။
သို့ရာတွင် ရှန်းလျိုရှန့်၏ ဖြူဖွေးလှသော မျက်နှာထက်မှ ရေစက်များက သူ့လည်တိုင်၏ဘေးနားကို တလှိမ့်လှမ့်ကျဆင်းနေသည့် မြင်ကွင်းကို ပြန်အမှတ်ရသွားချိန်၌ သူ့နှလုံးသားကို မီးမြှိုက်လိုက်သည်ဟု ခံစားလိုက်ရသည်။ သူ့တစ်ကိုယ်လုံး ပူလောင်လာသောကြောင့် ရေချိုးနေစဉ်တွင် ရေအေးများကိုသာ သုံးခဲ့ရသည်။
ခုလိုအနေအထားနဲ့ ရှစ်စွမ်းနားကို ကပ်မိမယ်ဆိုရင်...
ကျိုးရွှမ်လန်၏ မျက်လုံးများ မည်းမှောင်သွားပြီး လက်တစ်ဖက်ဖြင့် တံခါးကို တွန်းဖွင့်ကာ ဆုံးဖြတ်ချက် ပြတ်သားသည့်လေသံဖြင့် ပြောလိုက်သည်။
" ဒီတပည့် ဒီနေ့ညတော့..."
သူ့စကားမဆုံးမီအချိန်မှာပင် အစောပိုင်းက ရှန်းလျိုရှန့်ဝတ်ထားသည့် အဖြူရောင်အတွင်းဝတ်ရုံက ကြမ်းပေါ်ကျနေသည်ကို တွေ့လိုက်ရသည်။
ကျိုးရွှမ်လန် ခဏတာ အံ့အားသင့်သွားပြီးနောက် မျက်လုံးအပြူးသားဖြစ်သွားမိပြီး အခန်းထဲမှ အသေးအမွှားအရာဝတ္ထုလေးကို သတိပြုမိသွားသည်။
စားပွဲပေါ်တွင် လက်ဖဝါးအရွယ်ခန့်သာရှိသည့် ယုန်ဖြူလေးတစ်ကောင် ရှိနေ၏။
သူ့ခန္ဓာကိုယ်တစ်ခုလုံး ဖြူဖွေးနေပြီး ခေါင်းပေါ်တွင်လည်း ကျစ်ဆံမြီးလေးတစ်ချောင်း ရှိနေသည်။ ထိုယုန်ပေါက်စလေးက မုန်လာဥနီများစားနေခြင်းဖြစ်သည်။ ဆူဆူညံညံအသံအချို့ကိုကြားသည့်အခါ ခေါင်းလုံးလုံးလေးကိုမော့ပြီး သူ့ကို သလင်းကျောက်သဖွယ် နီရဲနေသည့်မျက်လုံးများဖြင့် ကြည့်နေသည်။
" မင်း ရေချိုးပြီးပြီလား ငါလည်း အိပ်ဖို့အဆင်သင့်ဖြစ်နေပြီ..."
ရှန်းလျိုရှန့်က တံခါးဝနားတွင်ရပ်နေသည့် အမျိုးသားကို လှမ်းကြည့်လိုက်သည်။ သူက အင်္ကျီလက်ဖျားတွင် ရွှေချည်ထိုးထားသော အနက်ရောင်အတွင်းဝတ်ရုံတစ်ထည်ကို ဝတ်ထားသည်။ သူ့ထံတွင် ပခုံးကျယ်ကျယ်၊ ခါးသိမ်သိမ်နှင့် အချိုးအစားကျနသည့် ခန္ဓာကိုယ်အပြင် နက်ရှိုင်းမည်းနက်နေသည့် မျက်ဝန်းတစ်စုံရှိနေ၏။
ထိုမျက်ဝန်းများဖြင့် ရှန်းလျိုရှန့်ကို ကြည့်လိုက်ချိန်တွင် အမျိုးအမည်မဖော်ပြနိုင်သည့် ဖိနှိပ်မှုတစ်မျိုးကို ခံစားလိုက်ရသည်။
ရှန်းလျိုရှန့်က ပါးစပ်ထဲမှ မုန်လာဥနီကို မျိုချလိုက်ပြီးသည့်နောက်တွင် ယုန်အသွင်ပြောင်းရန် ရွေးချယ်လိုက်ခြင်းက တဖြည်းဖြည်း ပိုမှန်ကန်လာသည်ဟု ခံစားလိုက်ရသည်။
သူ ယုန်အသွင်ပြောင်းနေလိုက်ခြင်းက နှစ်ယောက်လုံးအတွက် ကောင်းမွန်သည့်အရာဖြစ်သည်ဟု ရှန်းလျိုရှန့် တွေးလိုက်မိသည်။
ရှန်းလျိုရှန့်က သူ့အကြံကိုသူ အထင်ကြီးသဘောကျနေမိသည်။ သူ့မျက်လုံးများကို အနည်းငယ်မှေးကျဉ်းလိုက်ပြီး အမွေးဖွားဖွား ခြေဖဝါးလေးကိုထောက်ပြီး သူ့တပည့် အခန်းထဲမြန်မြန်ဝင်လာရန် လက်ယပ်ပြလိုက်သည်။
ထိုအချိန်တွင် သူ့လက်ထဲမှ မုန်လာဥနီက စားပွဲပေါ်မှ ပြုတ်ကျသွားသည်။ သူ့ယုန်ခြေထောက်နှစ်ဖက်ဖြင့် အမြန်လှမ်းဖမ်းလိုက်ချိန်တွင် ပြောင်လက်နေသည့်စားပွဲကြောင့် ခြေထောက်နှစ်ဖက်လုံး ချော်သွားတော့သည်။
ဝုန်း...
ရှန်းလျိုရှန့် စားပွဲပေါ်မှ ပြုတ်ကျလာချိန်တွင် မြေပြင်ကို မျက်နှာအပ်လျက်အနေအထားဖြစ်နေသောကြောင့် မူးဝေသွားပြီး မျက်လုံးထဲတွင် ကြယ်နှင့်လများ မြင်လာသည်။
ကျိုးရွှမ်လန်က အိပ်ခန်းထဲ အမြန်ပြေးဝင်လာပြီး အောက်ပြုတ်ကျပြီးနောက် မူးဝေနေသည့်ယုန်လေးကို ကူညီပေးလိုက်သည်။ သူ ငိုရမလို ရယ်ရမလို ဖြစ်သွားမိသည်။
ကြည့်ရတာ ရှစ်စွမ်းက စောစောတည်းက အကြံရှိနေပြီးသားပဲ...
ရှန်းလျိုရှန့် ခဏတာ သတိလစ်သွားပြီးသည့်နောက် ကျိုးရွှမ်လန်၏ ဆန့်ထုတ်ထားသော လက်ဖဝါးပေါ်ခေါင်းမှီပြီး ဆန်မုန့်လုံးတစ်လုံးသဖွယ် ဆောင့်ကြောင့်ထိုင်ချလိုက်သည်။
သူ့အသိစိတ်များ တဖြည်းဖြည်းကြည်လင်ပြတ်သားလာသည့်အခါမှသာ မျက်တောင်တစ်ချက်ခတ်ပြီး ပျင်းရိပျင်းတွဲဖြင့် ပြောလိုက်သည်။
" ငါ့ကို အိပ်ရာပေါ်တင်ပေး..."
ဒီလိုပုံစံနဲ့ အိပ်ရာပေါ်ကိုတက်ရမှာ နည်းနည်းခက်တယ်လေ...
ကျိုးရွှမ်လန်က ယုန်မွေးဖြူလုံးလေးကို မ'ပြီး အိပ်ရာပေါ် ချထားပေးလိုက်သည်။
သူ ကြည့်နေစဉ်တွင် ရှန်းလျိုရှန့်က ခြေလက်များကိုဆန့်ထုတ်ပြီး မွှေ့ရာပေါ် ပျင်းရိပျင်းတွဲဖြင့် လှိမ့်နေ၍ နူးညံ့သောယုန်မွေးလေးများက ဖရိုဖရဲဖြစ်ကုန်သည်။
" အိပ်ရာပေါ် မြန်မြန်တက်လာလေ... စကားမစပ် အဲ့မှာ ပုံပြင်စာအုပ်တစ်အုပ်ရှိတယ်... ပြီးရင် ငါ့ကို မုန်လာဥနီလည်းပေးပါဦး..."
ကျိုးရွှမ်လန် တစ်ဖက်သို့လှည့်လိုက်ပြီး အသီးပန်းကန်ထဲမှ အနီရောင်တောက်တောက် မုန်လာဥနီကိုယူပြီးနောက် စာအုပ်စင်ပေါ်မှ ပုံပြင်စာအုပ်တစ်အုပ်ကိုယူပြီး အိပ်ရာပေါ် တက်လာသည်။
ရှန်းလျိုရှန့်က သူ့ကိုကယ်တင်ခဲ့သည့် ကောင်းကင်ဘုံခွေးအကြောင်းတွေးမိသွား၍ သူ့ခေါင်းကိုပွတ်ကာမေးလိုက်သည်။
" အောင်းယွဲ့က ဘယ်ရောက်သွားတာလဲ..."
" စွန့်ပစ်မြေရှစ်ပါးမှာပဲ ဝိုင်သောက်လိုက် ကြက်ပေါင်စားလိုက်နဲ့ နေနေတယ်..."
ကျိုးရွှမ်လန်က ပုံပြင်စာအုပ်ကိုဖွင့်ကာ ခဏစဉ်းစားပြီး ထပ်ပြောလိုက်သည်။
" သူလည်း လာချင်ပေမယ့် သူ့ခန္ဓာကိုယ်က ပျံဖို့အတွက် တော်တော်ဝနေပြီလေ..."
ရှန်းလျိုရှန့် မရယ်ဘဲ မနေနိုင်တော့ပေ။
ထို့နောက် မုန်လာဥရနံ့မွှေးမွှေးကြောင့် သူ တစ်ကိုက်ကိုက်စားလိုက်သည်။
ခဏအကြာတွင် ကျိုးရွှမ်လန်၏ ဆွဲဆောင်မှုရှိသော လေသံဩဩနှင့်အတူ မုန်လာဥနီကို တဂျွတ်ဂျွတ်ဝါးနေသံက အခန်းထဲ ပဲ့တင်ထပ်လာသည်။
❗ ဒီအောက်မှာ ကွင်းစကွင်းပိတ်နဲ့ ရေးထားတာတွေက ပုံပြင်ပြောပြနေတာပါ ❗
( တစ်နေ့မှာတော့ လှပတဲ့ ကိုယ်လုပ်တော်က မေးလိုက်တယ် - အရှင်မင်းကြီး တိုင်းပြည်နဲ့ ဒီကိုယ်လုပ်တော်နဲ့ဆိုရင် ဘယ်အရာကို အလိုရှိပါသလဲ )
( မင်းကြီးက ပြန်ဖြေလိုက်တယ် - ငါ ဘယ်ဟာကိုမှ အလိုမရှိဘူး... ဘုန်းကြီးပဲဝတ်ချင်တာ )
ထိုစကားများကို ကြားသည့်အခါ ရှန်းလျိုရှန့်က စားလက်စာ မုန်လာဥနီပင် နင်မတတ်ဖြစ်သွားသည်။ အားလုံးမျိုချပြီးသည့်အခါမှသာ ဟားတိုက်ရယ်မောလိုက်မိသည်။
" ကိုယ်လုပ်တော်ကတော့ အရမ်းဒေါသထွက်သွားမှာပဲ..."
ကျိုးရွှမ်လန်က အိပ်ရာကိုမှီနေပြီး နှုတ်ခမ်းများတွန့်ကွေးလျက်ဖြင့် ရှန်းလျိုရှန့်ကိုကြည့်ကာ ပုံပြင်ဆက်ဖတ်ပြနေသည်။
( ကိုယ်လုပ်တော်က ခဏလောက်တအံ့တဩဖြစ်သွားမိပြီးတော့ အမြန်မေးလိုက်တယ် - ဒါဆိုရင် အရှင့်ရဲ့ ကိုယ်ရံတော်ကိုရော ခေါ်သွားမှာလား )
ဝိုးးးး
ရှန်းလျိုရှန့်က ထိတ်လန့်ရာမှာ စိတ်တည်ငြိမ်သွားစေရန် မုန်လာဥနီကို တစ်ကိုက်ကိုက်လိုက်ရသည်။ ထိုစာအုပ်ကို " အရှင်မင်းကြီး၏ ဗုဒ္ဓနှလုံးသားနှင့် ကိုယ်လုပ်တော်၏ ပျော်ရွှင်မှု" ဟု နာမည်ပေးထားသည်မှာ အံ့ဩစရာ မဟုတ်တော့ပေ။
အရမ်း စိတ်လှုပ်ရှားစရာကောင်းတာပဲ...
မုန်လာဥနီများစားနေလျက် ပုံပြင်နားထောင်နေပြီး ခဏအကြာတွင် ရှန်းလျိုရှန့် အိပ်ငိုက်လာသည်။ သူ့နားရွက်ရှည်လေးများကလည်း အောက်သို့ငိုက်စိုက်ကျလာပြီး ခေါင်းကလည်း အိပ်ရာခင်းစနှင့် ပွတ်တိုက်မိနေသည်။
" ငါ့ကျစ်ဆံမြီးလေး ဖြည်ပေးပါဦး အိပ်ချင်နေပြီ..."
ကျိုးရွှမ်လန်၏အကြည့်က လက်တစ်ဆုပ်စာခန့်သာရှိသော ဆံပင်မွေးလေးများအပေါ် ကျရောက်လာသည်။ သူ ကြိုးကိုဖြည်လိုက်ချိန်တွင် ကျစ်ဆံမြီးက ဖရိုဖရဲဖြစ်သွားပြီး နူးညံ့ချောမွတ်သည့်အမွေးများ ဖြာကျလာသည်။
ရှန်းလျိုရှန့်က နတ်ဆိုးခန္ဓာကိုယ်နှင့် အသားမကျသေးပေ။ သို့ဖြစ်၍ သူ အလွန်အမင်းအိပ်ငိုက်နေသော်လည်း အချိန်ကြာမြင့်သည်အထိ အိပ်မပျော်နိုင် ဖြစ်နေ၍ စောင်အောက်တွင် ဟိုဘက်သည်ဘက် လူးလှိမ့်နေရသည်။
" ရှစ်စွမ်း တကယ်လို့ နေရတာ သက်တောင့်သက်သာမဖြစ်ရင် ပုံစံပြန်ပြောင်းထားလေ..."
ရှန်းလျိုရှန့်က ငိုက်မျဉ်းနေသည့် နီရဲရဲမျက်လုံးများကိုဖွင့်လိုက်ပြီး အတွေးပင်လယ်ထဲ မျောသွားသည်။ သို့ရာတွင် အဝတ်စင်ပေါ် တွဲလောင်းချိတ်ထားသည့် အတွင်းဝတ်ရုံကို မြင်လိုက်ရသည့်အခါ ထိုအကြံကို ချက်ချင်း လက်လျှော့လိုက်တော့သည်။
အဝတ်တွေမပါဘဲ ငါဘယ်လိုလုပ် ပုံစံပြန်ပြောင်းရမလဲ...
" ငါ ခေါင်းအုံးတစ်လုံးလောက် လိုနေတာဖြစ်မယ်..."
သူ စောင်အောက်မှထွက်လာပြီး သူ့ခေါင်းအောက် တစ်ခုခု ခုထားရန် ဘေးပတ်ဝန်းကျင်၌ ရှာဖွေကြည့်လိုက်သော်လည်း သူ့ခေါင်းသေးသေးဖြင့် အနေတော်ဖြစ်မည့်အရာကို ရှာမတွေ့ပေ။
" ရှစ်စွမ်း ကျွန်တော့်လက်ပေါ်မှာ အိပ်လို့ရတယ်လေ..."
ကျိုးရွှမ်လန်က သူ့ရှေ့ကို လက်တစ်ဖက် ဆန့်ထုတ်ပေးလိုက်သည်။ ရှန်းလျိုရှန့် ကြောင်အသွားပြီးနောက် မဝံ့မရဲဖြင့် သူ့ခေါင်းကို ကျိုးရွှမ်လန်၏လက်ပေါ် တင်ကြည့်လိုက်သည်။ ဂုတ်ပိုးကို နူးညံ့ညင်သာစွာ ထိတွေ့ထားခြင်းကြောင့် အလွန်အမင်းသက်တောင့်သက်သာ ရှိလှသည်။
သူ စိတ်ကျေနပ်စွာဖြင့် မျက်လုံးများ မှေးစင်းလိုက်သည်။
" ဒါဆိုရင် ငါဒီတိုင်းပဲ ခဏအိပ်လိုက်မယ် မင်းလက်တွေ ထုံလာရင် နှိုးလိုက်လေ..."
ကျိုးရွှမ်လန် : " ကောင်းပါပြီ..."
ထိုစကားကိုကြားသည့်အခါ ယုန်ဖြူလေးက အိပ်ရာပေါ်တွင် အကျအနနေရာယူပြီး လက်ကို ခေါင်းအုံး၍အိပ်လိုက်သည်။ သူ နောက်ဆုံးတွင် အိပ်စက်အနားယူနိုင်ပြီဟု ထင်နေစဉ်တွင် မသက်မသာဖြစ်မှုကြောင့် အော်ညည်းလိုက်ပြီး မျက်လုံးများပွင့်လာသည်။
သူ့ဦးခေါင်းပေါ်မှ အဖုလေးက အနည်းငယ်နာကျင်လာ၍ ရှန်းလျိုရှန့်က ခေါင်းကိုငုံ့ထားပြီး သူ့ခြေဖဝါးလေးများဖြင့် အသာကုတ်လိုက်သည်။
ကျိုးရွှမ်လန် ထိုမြင်ကွင်းကိုတွေ့သည့်အခါ ယုန်ဖြူလေး၏ခေါင်းပေါ်လက်တင်ပြီး အသာပွတ်သပ်ပေးလိုက်သည်။ သူ့ဝိညာဉ်စွမ်းအားကို အနည်းငယ်အသုံးပြုထား၍ လက်ဖျားများမှ နွေးထွေးမှုများ ထုတ်လွှတ်ပေးနေသည်။
သူ့ခေါင်းကို ပွတ်ပေးနေရုံဖြင့်ပင် ရှန်းလျိုရှန့်၏ခန္ဓာကိုယ်တစ်ခုလုံးကို နှိပ်နယ်ပေးနေသည်ဟု ခံစားလိုက်ရသည်။ အပူစီးကြောင်းတစ်ခုက သူ့ခန္ဓာကိုယ်အတွင်း ဖြည်းညင်းစွာစီးဆင်းနေ၍ တစ်ကိုယ်လုံးသက်တောင့်သက်သာဖြစ်နေသည်။
သူ့ခြေထောက်များဆန့်၍ အိပ်ရာပေါ်လှဲချလိုက်ပြီး အသံတိုးတိုးလေးဖြင့် ပြောလိုက်သည်။
" ငါ့ကုတ်ပိုးကိုရော အဲ့လိုလေးပွတ်ပေးလို့ရလား... ခါးနေရာနဲ့ ခြေထောက်ကိုရော ထိပေးပါလား..."
သူ့ကိုနှိပ်နယ်ခိုင်းနေသည်နှင့်ပင် တူနေသည်။
ကျိုးရွှမ်လန် မျက်ခုံးပင့်လိုက်ပြီး သူ့လက်ချောင်းသွယ်သွယ်များကို နူးညံ့သောယုန်လေး၏ကိုယ်ပေါ် စတင်လှုပ်ရှားလိုက်သည်။ ရံဖန်ရံခါတွင် အနည်းငယ်အားပြင်းပြီး ခဏအကြာတွင် ပြန်အားပျော့သွားသောကြောင့် ရှန်းလျိုရှန့်၏ ယုန်ခန္ဓာကိုယ်လေးက သက်တောင့်သက်သာဖြစ်နေသည်။
ညအချိန်တွင် ကျွမ့်ယွင်အဆောင်ကို လရောင်ဖြင့် လွှမ်းခြုံထားသောကြောင့် အလွန်တိတ်ဆိတ်ငြိမ်းချမ်းနေသည်။
ရုတ်တရက် ပုံရိပ်တစ်ခုက တံခါးမှထွက်လာသည်။
ရှုရှင်းချန်၏မျက်နှာက အေးစက်နေပြီး သပ်သပ်ရပ်ရပ်ဝတ်စားထားသော်လည်း သူ့ပုံစံက အနားမယူရသေးသည့်ဟန် ဖြစ်နေသည်။ သူ တံခါးမှထွက်လာပြီး ကျိုးရွှမ်လန်အတွက် ပြင်ဆင်ပေးထားသည့်အခန်းနားသို့ တိတ်တဆိတ်လျှောက်လာကာ အခန်းထဲမှလူ၏ လှုပ်ရှားမှုများကို စောင့်ကြည့်ရန် ပြင်လိုက်သည်။
မမျှော်လင့်ထားသည်မှာ သူ အခန်းဝသို့ရောက်ချိန်၌ တံခါးကပွင့်နေပြီး အတွင်းတွင် မည်သူမှ မရှိပေ။
သူ မျက်မှောင်ကြုတ်လိုက်ပြီးနောက် ချက်ချင်းသဘောပေါက်သွား၍ ရှန်းလျိုရှန့်၏အခန်းကို အပြေးသွားလိုက်သည်။
လမ်းတစ်လျှောက်လုံးတွင် ရှုရှင်းချန်၏မျက်နှာက ပြာနှမ်းနေပြီး အခန်းနားရောက်လာချိန်တွင် အတွင်းမှ နာကျင်မှုကြောင့် အော်ညည်းသံအချို့ကို ကြားလိုက်ရသည်။
" ဖြည်းဖြည်းလုပ် ခါးနားက နည်းနည်းနာနေလို့ အဲ့နေရာကို မထိနဲ့တော့ အာ့..."
" အရမ်းပြင်းသွားလို့လား... အဲဒါဆို ကျွန်တော်ဖြည်းဖြည်းလုပ်ပါ့မယ်..."
ရှုချင်းချန် အံ့ဩမှင်သက်သွားပြီး ရုတ်တရက် မတုံ့ပြန်နိုင်ဖြစ်သွားသော်လည်း အခန်းထဲ၌ ဖြစ်ပျက်နေသည့်အရာကို ရုတ်တရက် တွေးမိသွားသည်။ သူမျက်လုံးအပြူးသားဖြစ်သွားပြီး သူ့နှလုံးသားအောက်ခြေမှ နှဖူးအထိ ဒေါသကဆောင့်တက်လာ၍ တစ်ကိုယ်လုံးတုန်ယင်လာသည်။
ဒီနတ်ဆိုးဘုရင်က တကယ်ကို ယုတ်မာတဲ့အကြံ ရှိနေတာပဲ... အဲဒီငတုံး ရှန်းလျိုရှန့်ကတော့ အရိုးပါမကျန် မျိုချခံနေရပြီလားမသိဘူး...
သူ လက်တစ်ချက်ယမ်းပြီး ရွှမ်ဟွမ်ဓားကို ဆင့်ခေါ်လိုက်သည်။
ဓားကို ဓားအိမ်ထဲမှ ထုတ်လိုက်သည်နှင့် ညအမှေ
ာင်ယံတွင် စူးရှတောက်ပသော အလင်းတန်းတစ်ခု လင်းလက်လာသည်။
ရှုရှင်းချန်၏ မျက်ဝန်းများက မီးတောက်နေသကဲ့သို့ဖြစ်နေပြီး ဓားကိုလက်တစ်ဖက်ထဲတွင်ကိုင်၍ တံခါးကို ဆောင့်ကန်လိုက်သည်။
" ဗုန်း..."
" ခွေးမသား ငါ့အစ်ကိုတော်ကို လွှတ်လိုက်စမ်း..."