.အခန်း - ၁၁
အခန်းနံပါတ် - ၁၃၀၃ [ အပိုင်း - ၁၁ ]
လင်ပန့်ရှက ကြောက်ကြောက်လန့်လန့်ဖြင့်
" ဦးလေးရဲကြီး မဟုတ်သေးပါဘူး ... ရဲသားအစ်ကိုကြီး ကျွန်တော်က ဘာလို့ ရဲစခန်းကိုလိုက်ခဲ့ရမှာလဲ "
ရဲသားက လက်ထိပ်ခတ်လိုက်ပြီးနောက်
" မင်းဘာလို့ သူကမျက်နှာကျက်ပေါ်မှာတွဲလောင်းကျနေတယ်လို့ပြောသေးလဲ "
လင်ပန့်ရှ " သရဲကားတွေထဲမှာ ပုံမှန်ဆိုရင် အဲ့လိုပြောနေကျမဟုတ်ဘူးလား "
ရဲသားက စပ်စပ်စုစုနှင့်မေးလိုက်သည် ။
" ဘယ်လိုသရဲကားမျိုးလဲ "
လင်ပန့်ရှက သရဲကားအမည်များစွာနှင့် ကြောက်မက်ဖွယ်ရုပ်သံဇာတ်သံဇာတ်လမ်းတွဲအပုံလိုက်ကြီးအား လက်တန်းရွတ်ပြလိုက်သောအခါတွင် ရဲသားလေးပင် ကြောင်အသွားရသည် ။ အချိန်အနည်းငယ်ငေးငိုင်နေပြီးနောက်မှ အသိ၀င်လာလေ၏ ။
" မင်းကအရမ်းကို ဗဟုသုတကြွယ်၀တာပဲကွ "
လင်ပန့်ရှ " မြှောက်ပင့်လွန်းနေပါပြီဗျာ "
ကောလိပ်တက်စဥ်က သူ၏အခန်းဖော်မှာ ကြောက်မက်ဖွယ်သရဲကားများကိုကြည့်ရူရသည်အားအလွန်နှစ်သက်သည် ။ ၀ုန်းခနဲဒိုင်းခနဲ သရဲထွက်လာသည့်အကြိမ်တိုင်းတွင်အရပ်် ၁.၈ မီတာရှိသည့်ယောက်ျားသားကြီးမှာ ဂန္ဓာမာပန်းလေးကြွေလွင့်လောက်သည်အထိမျက်လုံးစုံမှိတ်ကာအော်ဟစ်နေတတ်သည် ။ ဇာတ်ရှိန်အမြင့်ဆုံးအပိုင်းများတွင် သူ၏နောက်၌ကြောက်ကြောက်လန့်လန့်ဖြင့်အော်ငို၍ပြေးပုန်းတတ်သောကြောင့် လင်ပန့်ရှမှာ အမြဲတမ်းအစာအိမ်အောင့်သည်အထိရီမောနေခဲ့ရသည် ။
ရဲသားက လင်ပန့်ရှ၏ ရိုးရိုးသားသားပြောဆိုပုံလေးကြောင့် စိတ်ငြိမ်သွားပြီး မနေ့ညက သူဘယ်မှာရှိနေသလဲနှင့် ၀မ်ကျင်းချောင်နှင့်ဆက်ဆံရေးအခြေအနေစသည့် မေးခွန်းများကိုသာမေးမြန်းတော့သည် ။ လင်ပန့်ရှ စိတ်ရှည်လက်ရှည်နှင့် မေးခွန်းအကုန်လုံးကိုဖြေကြားပေးပြီးနောက် သွားနိုင်ပြီဖြစ်ကြောင်းပြောလာ၏ ။ အကယ်၍ သံသယဖြစ်ဖွယ်အကြောင်းတစ်ခုခုရှိလာပါက ရဲစခန်းမှဆက်သွယ်လာမည်ဖြစ်သောကြောင့် လင်ပန့်ရှလည်းခြေထောက်၌ စက်တပ်ထားသကဲ့သို့ အိမ်သို့အမြန်ပြန်ပြေးတော့သည် ။
အခြားအရာများကိုအသာထား ရဲတစ်ယောက်ထံမှလက်ထိတ်ခတ်ခြင်းခံရသည်ကပင် ကြောက်ဖို့ကောင်းနေပြီပင် ။
တကယ်ပဲ ရန်သွားစလို့ကောင်းတဲ့လူတွေမဟုတ်ဘူး ...
ထို့ကြောင့် အိမ်ပြန်ရန်သာစိတ်စောနေတော့၏ ။ ညနေစောင်းနေ၀င်ခါစကာလဖြစ်သောကြောင့် လမ်းမကြီးထက်၌ သွားသွားလာလာလုပ်နေကြသည့် လူများရှိသေးသည် ။
လင်ပန့်ရှက ဘက်စ်စကားစီးရန်ကြံစည်လိုက်ပြီးနောက် ဘက်စ်ကားမှတ်တိုင်အနီးမှမနက်စာ၀ယ်စားပြီးဗိုက်ဖြည့်လိုက်သည် ။ နွေရာသီအစောပိုင်း၌ အအေးဓာတ်ကျန်ရှိနေသေးသောကြောင့်အ၀တ်ပါးပါးလေးသာ၀တ်လာသည့်သူ့အတွက် ချမ်းစိမ့်စိမ့်ဖြစ်နေလေ၏ ။ သို့သော်လည်းယခုလေးတင်မှကြော်ထားသည့်ကော်ပြန့်ကြော်များမှာ ပူပူလောလောဖြစ်နေသည့်အတွက်သူ၏ လက်အတွင်းတွင်နွေးထွေးနေလေသည် ။ ကော်ပြန့်များအား ကောက်ညှင်းဆန်အချို့နှင့် ၀က်ပေါင်ခြောက်များဖြင့် အစာသွပ်ထားပြီး ကြွပ်ရွသည့်မုန့်သားနှင့်တွဲဖက်ထားပုံမှာ အရသာလည်းကောင်းမွန်သောကြောင့် စိတ်ကျေနပ်ဖွယ်ကောင်းလှသည် ။
လင်ပန့်ရှက အစားအသောက်ကြေးများသူမဟုတ်သောကြောင့် ဤအရသာကပင်သူ့အတွက်လုံလောက်နေပြီဖြစ်သည် ။ လမ်းလျှောက်ရင်းအချိန်ကြည့်လိုက်သောအခါ၌ ငါးနာရီထိုးသာရှိသေးသောကြောင့် ကျိလဲ့ရွှေတစ်ယောက် နိုးဦးမည်မဟုတ်ပေ ။
နွေရာသီအစောပိုင်း၌ မနက်နေထွက်ချိန်မှာ အနည်းငယ်နောက်ကျသောကြောင့် မနက်ငါးနာရီအချိန်တွင် လမ်းမီးတိုင်များမှအလင်းရောင်နှင့် အချို့သောတိုက်ခန်းများမှ နီယွန်မီးဆိုင်းဘုတ်များကိုသာမြင်ရသည် ။ အကယ်၍ ဤအချိန်၌ တိုက်ခန်းတစ်ခုခုအတွင်းမှ မီးဖွင့်ထားမည်ဆိုပါက သေချာပေါက် ထင်ထင်ရှားရှားကြီးဖြစ်နေလိမ့်မည်ပင် ။
လင်ပန့်ရှက ကော်ပြန့်ကြော်များအားအပြီးသတ်စားလိုက်ပြီးနောက် ဘေးဘက်ရှိတိုက်ခန်းတစ်ခု၏ ပြတင်းပေါက်တံခါးဖွင့်တင်ထားသည်ကိုသတိပြုမိသွား၏ ။
ဟမ် ... ဒီတိုက်ခန်းမှာ အခြားနေတဲ့သူတွေရှိသေးတာလား ?
လင်ပန့်ရှ စပ်စုချင်မိသွား၏ ။ သူ၏အလုပ်ဆင်းသည့်အချိန်မှာ ပုံမှန်မရှိတတ်ဘဲထူးခြားသောကြောင့် ဤအဆောက်အအုံတွင်နေထိုင်သည့်အခြားသူများကိုတွေ့ရန်မဆိုနှင့် အခြားသောတိုက်ခန်းများတွင် မီးလင်းနေသည်အားမြင်ရသည်ကပင် တိုက်ဆိုင်မူကြီးတစ်ခုဖြစ်နေလေသည် ။
ထို့ကြောင့် မီးလင်းနေသည့်တိုက်ခန်း၏ ပြတင်းပေါက်အား မျက်လုံးအပြူးသားဖြင့်စိုက်ကြည့်နေမိတော့သည် ။
မီးလင်းနေသည့်တိုက်ခန်းပြတင်းပေါက်သည် လမ်းမကြီးမှမော့ကြည့်လိုက်လျှင် အနည်းငယ်သာမြင့်သောကြောင့် အမျိုးသမီးတစ်ဦးမတ်တပ်ရပ်နေသည့်ပုံရိပ်အား ရှင်းရှင်းလင်းလင်းမြင်ရလေသည် ။ သူမက ပြတင်းပေါက်နားတွင်ရပ်၍ အပြင်ဘက်အား ကြည့်ရူနေပုံရ၏ ။
အဲ့ဒီအမျိုးသမီးက ဘာကိုကြည့်နေတာလဲ ?
လင်ပန့်ရှ ထိုအတွေးအားတွေးမိသည့်တစ်ပြိုင်နက်ပင် အမျိုးသမီး၏နောက်၌ ပုံရိပ်တစ်ခုထပ်မံထွက်ပေါ်လာသည် ။ ထိုပုံရိပ်က မတ်တပ်ရပ်နေသည့်အမျိုးသမီးထက် အရပ်ရှည်ပြီး လက်ထဲ၌ ပုဆိန်ကဲ့သို့အရာတစ်ခုခုအားကိုင်ဆောင်ထားပြီးအမျိုးသမီး၏နောက်၌ရုတ်တရက်ပေါ်ထွက်လာခြင်းဖြစ်၏ ။
အမျိုးသမီးက သတိပြုမိပုံမရဘဲ ပြတင်းပေါက်အပြင်ဘက်သို့သာ ဆက်လက်ကြည့်ရူနေသည် ။ သူမ၏ နောက်မှလူက ပုဆိန်အားတဖြည်းဖြည်းမြှောက်လိုက်ပြီးနောက် ...
လင်ပန့်ရှ မည်သည့်တုန့်ပြန်မူမျိုးကိုမှ မလုပ်နိုင်သေးသည့်အချိန်မှာပင် ထိုအမျိုးသားက ပုဆိန်ဖြင့် အမျိုးသမီးအားခုတ်ချလိုက်ပြီဖြစ်သည် ။ မှန်ပြတင်းထက်၌သွေးစက်များစွာအပြင် နီရဲစေးပျစ်နေသည့်သွေးစီးကြောင်းကြီးတစ်ခုဖြစ်ပေါ်လာ၏ ။
ထိုမြင်ကွင်းအား မြင်လိုက်ရသည့် လင်ပန့်ရှ၏ ပထမဆုံးတုန့်ပြန်မှုမှာ ရဲခေါ်ရန်ဖြစ်သောကြောင့် 110 ကိုနှိပ်၍ခေါ်ဆိုတော့မည့်ဆဲဆဲတွင် ရုတ်တရက်တိုက်ခန်းမီးပိတ်သွားကြောင်းမြင်လိုက်ရသည် ။ မှုန်ရီရီမနက်ခင်းအလင်းရောင်ကြောင့် တိုက်ခန်းပြတင်းပေါက်အား သွေးများရွှဲရွှဲစိုနေသည့် လက်တစ်ဖက်ကဖွင့်နေကြောင်းမြင်လိုက်ရ၍ နောက်သို့ခြေလှမ်းအနည်းငယ်ဆုတ်မိသွားသည် ။
သူ၏ လုပ်ရပ်မှာအလွန်မှန်ကန်သွားလေသည် ။ ခဏကြာသောအခါ၌ ပြတင်းပေါက်မှတစ်စုံတစ်ခုလွှင့်ပစ်လိုက်သည်ကိုမြင်လိုက်ရ၏ ။ ထိုအရာမှာ အရှိန်ပြင်းပြင်းဖြင့်ပြုတ်ကျလာပြီးနောက် လမ်းမပေါ်တွင် တလှိမ့်လှိမ့်ဖြင့် လင်ပန့်ရှ၏ ခြေထောက်နားသို့ရောက်လာ၏ ။
လင်ပန့်ရှက ခေါင်းငုံ့၍ ထိုမဲမဲလုံးလုံးအရာကြီးအားကြည့်လိုက်သောအခါ အမှန်ပင် အမျိုးသမီးတစ်ဦး၏ ဦးခေါင်းပြတ်ကြီးတစ်ခုဖြစ်နေသည်ပင် ။ လည်ပင်းအလည်လောက်မှတိတိရိရိဖြတ်ခြင်းခံထားရသော်လည်း ထိုအမျိုးသမီးဦးခေါင်းမှာ မျက်လုံးပြူး မျက်ဆံပြူးဖြင့် လင်ပန့်ရှအားစိုက်ကြည့်၍ အကူအညီပေးရန် ငိုယိုအော်ဟစ်နေတော့သည် ။
မူလက ရဲခေါ်ရန် ပြင်ဆင်နေသည့် လင်ပန့်ရှမှာ အူကြောင်ကြောင်ဖြစ်သွားရပြီး 120 ကိုသာဖုန်းခေါ်ရန်ဆုံးဖြတ်လိုက်လေသည် ။ ထိုအမျိုးသမီးဦးခေါင်းပြတ်ကြီး အော်ဟစ်နေသည့်အသံအနေအထားအရ ကယ်တင်၍ရနိုင်လောက်သေးသည် ။
ထိုအမျိုးသမီးခေါင်းပြတ်က ရုတ်တရက်ပင် စူးစူး၀ါး၀ါးအော်ဟစ်လာပြီး သူမအားကြည့်ရသည်မှာလည်း အလွန်ကြောက်လန့်နေပုံရသည် ။ သူမ၏ အော်သံမှာ ဂျပန်အန်နမီတစ်ခုထဲမှာ ဆုန ၏ အသံထက်ပင်စူးရှကျယ်လောင်လှသည် ။
လင်ပန့်ရှက သုံးစက္ကန့်မျှကြောင်အနေပြီးနောက် ပြာပြာသလဲဖြင့်ပြောလာ၏ ။
" ကျွန်တော် 120 ကိုဖုန်းဆက်ထားတယ် အဆင်ပြေသွားမှာပါ ... ခင်ဗျားမှာနောက်ဆုံးအနေနဲ့ပြောချင်တဲ့စကားများရှိလား အစ်မကြီး စကားပြောရအောင်လေ တစ်ခုခုပြောပါဦး "
သို့သော်လည်း 120 ဆက်သွယ်ရေးလိုင်းမှ ၀န်ထမ်းများမှာ လင်ပန့်ရှကဲ့သို့ စိတ်မရှည်ကြပေ ။ လင်ပန့်ရှပြောသည်အား ကြားပြီးနောက်ချက်ချင်းပင် ဆဲဆို၍ ဖုန်းချသွားကြသည် ။
လင်ပန့်ရှ " ... "
' အစ်မကြီး ကျွန်တော် ခင်ဗျားကိုမကယ်နိုင်တော့ဘူးထင်တယ် '
အမျိုးသမီးခေါင်းပြတ်ကြီးက အော်ဟစ်နေဆဲဖြစ်သော်လည်း ယခုအခါတွင်မူ လင်ပန့်ရှ၏ နောက်တည့်တည့်သို့စိုက်ကြည့်ကာ အော်နေခြင်းဖြစ်၏ ။ သူလှည့်မကြည့်နိုင်သေးသည့်အချိန်မှာပင် သူအားအုပ်မိုးထားသည့် အရိပ်မည်းကြီးအားတွေ့လိုက်ရသည် ။
ဤတစ်ကြိမ်၌ ထိုသူကပုဆိန်ဖြင့် သူ့အားခုတ်ရန် လက်မြှောက်နေလေသည် ။ လင်ပန့်ရှက ထိုသူအားတံတောင်ဖြင့်တွတ်၍ ခြေလှမ်းအနည်းငယ်မျှထွက်ပြေးပြီး ပြန်လှည့်ကြည့်အခါတွင် အမျိုးသမီးဦးခေါင်းပြတ်ရော ထိုလူပါမရှိကြတော့ပေ ။
ရှင်းလင်းခြောက်ကပ်နေသည့် လမ်းမကြီးသာရှိပြီး တိုက်ခန်းပြတင်းပေါက်အားမော့ကြည့်လိုက်သောအခါတွင်လည်း တံခါးပိတ်ထားမြဲပိတ်ထားဆဲဖြစ်သည် ။ မဟူရာကဲ့သို့အဆုံးမရှိနက်မှောင်နေသည့် အမှောင်ထုသာ တိုက်ခန်းထဲ၌ကြီးစိုးနေလေ၏ ။
လင်ပန့်ရှက သူ၏ဘောင်းဘီပေါ်မှ ဖုန်မှုန့်များကိုအေးအေးဆေးဆေးခါပြီးနောက် အိမ်သို့ပြန်သွားလေသည် ။ အိမ်ပြန်ရောက်သောအခါ၌ စုန့်ချင်းလော် အိပ်ရာနိုးသေးမည်မဟုတ်သောကြောင့် ဘေးအခန်း၏တံခါးကိုသာသွားခေါက်လိုက်သည် ။ ကျိလဲ့ရွှေက အိပ်ချင်မူးတူးကြက်သိုက်ကေဖြင့် တံခါးဖွင့်ပေးလာ၏ ။
လင်ပန့်ရှက နူတ်ဆက်လိုက်သည် ။
" ကောင်းကောင်းအိပ်ပျော်ခဲ့ရဲ့လား "
ကျိလဲ့ရွှေက သမ်းဝေရင်းဖြင့်
" အင်း "
လင်ပန့်ရှက ကျိလဲ့ရွှေအားကြည့်၍
" မင်း မနက်စာအတူတူသွားစားချင်လား "
" မစားတော့ဘူး ...လင်ကော မင်းမနေ့က တစ်ညလုံးအလုပ်လုပ်ထားရတာမလား အနားယူသင့်တယ်နော် "
လင်ပန့်ရှက အလွန်ပေါ့ပါးသည့်လေသံဖြင့်မေးလာ၏ ။
" မင်းမှတ်မိသေးလား ... ဒီအဆောက်အဦရဲ့ ပြတင်းပေါက်တစ်ခုကနေ အမျိုးသမီးတစ်ယောက်ခုန်ချသွားတာတွေ့လိုက်တယ်လို့ အရင်တစ်ခေါက်ကပြောဖူးတယ်လေ မင်းသေသေချာချာမှတ်မိလား "
ကျိလဲ့ရွှေ ထိုနေ့မှမြင်ကွင်းအားပြန်လည်မြင်ယောင်မိသွားပြီး အလွန်ကြောက်လန့်သောကြောင့် အရိုးများပင်ပျော့ခွေသွားမတတ်ဖြစ်နေလေ၏ ။
" ငါ ရုတ်တရက်ကြီး သတိရမိသွားလို့ "
ကျိလဲ့ရွှေက ခေါင်းကုတ်ရင်းဖြင့် သူမြင်ခဲ့သမျှအားလုံးကိုသေသေချာချာပြန်ပြောပြရှာ၏ ။ လင်ပန့်ရှက မည်သည့်ပြတင်းပေါက်ဖြစ်ကြောင်းအလွန်သိချင်နေသောကြောင့် နေရာအတိအကျကိုမေးလေသည် ။
" ငါတို့တိုက်ခန်းရဲ့ မျက်နှာချင်းဆိုင်ဘက်ကလို့တော့ ထင်တာပဲ ဘယ်အထပ်ကလဲတော့ငါမခန့်မှန်းတတ်ပေမဲ့ သိပ်မမြင့်ဘူး အရမ်းအမြင့်ကြီးဆိုရင် ငါမြင်ရမှာမဟုတ်ဘူးလေအဲ့တော့ သိပ်မမြင့်တာသေချာတယ် "
လင်ပန့်ရှက နားလည်းကြောင်းပြော၍ ကျိလဲ့ရွှေအား အလုပ်သွားရန်တိုက်တွန်းလိုက်သည် ။ ကျိလဲ့ရွှေလည်း များများစားစားစဥ်းစားမနေတော့ပဲ တိုက်ခန်းအတွင်းသို့ပြန်၀င်သွားလေ၏ ။
လင်ပန့်ရှက ယခင်အတိုင်းပင် အိမ်ပြန်၍ အိပ်ရာမ၀င်မှီရေနွေးနွေးလေးဖြင့်ရေချိုးလိုက်သေးသည် ။ ပုံမှန်ဆိုရင် သူ၏ အိပ်စက်ချိန်မှာညဘက်၌သာဖြစ်သော်လည်း မနေ့ညကအဖြစ်အပျက်ကြောင့်အပြင် လျှို့ရှီးကိုလည်း စိတ်ပူနေရသောကြောင့် တော်တော်နှင့်အိပ်မပျော်ပေ ။ အချိန်အတော်ကြာသောအခါမှ ဖြည်းဖြည်းချင်းစိတ်တည်ငြိမ်သွားပြီး အိပ်မက်ကမ္ဘာထဲသို့ နက်နက်ရှိုင်းရှိုင်း၀င်ရောက်သွားတော့၏ ။
အချိန်ဘယ်လောက်ကြာကြာအိပ်ပျော်သွားမှန်းမသိလိုက်ပဲ အိမ်ခန်းတံခါးဖွင့်သံတိုးတိုးကြားသောအခါမှနိုးလာလေ၏ ။ နာရီကြည့်လိုက်သောအခါတွင် နေ့လည်ခင်းအချိန်သို့ပင်ရောက်နေပြီဖြစ်၏ ။အိပ်မှုန်စုံဖွားဖြင့် ကုတင်ပေါ်မှ အလူးအလဲထ၍ကြည့်လိုက်သည့်အခါတွင် ဧည့်ခန်းထဲအတွင်းသို့ စုန့်ချင်းလော်၀င်လာသည်ကိုတွေ့လိုက်ရသည် ။ စုန့်ချင်းလော်၏ နောက်၌လူတစ်ယောက်ကပ်လိုက်လာပြီး ထိုမှာအလွန်ထူးဆန်းသည့်လူတစ်မျိုးဖြစ်ပြီး နေကာမျက်မှန်တပ်၍ ဦးထုပ်ဆောင်းထားသည့်အပြင် နှာခေါင်းစည်တစ်ခုကိုပါ၀တ်ဆင်ထားသေးသည် ။ သူ၏ ခန္ဓာကိုယ်တစ်ခုလုံးအား အ၀တ်များဖြင့်နေရာမလပ်ဖုံးအုပ်ထားပင် လက်၌ပင် လက်အိတ်၀တ်ထားလေ၏ ။ အရေပြားတစ်လက်မစာပင် မြင်ကွင်းအတွင်း၌ ပေါ်မနေပေ ။
ဧည့်ခန်းသို့သွားနေသည့် လင်ပန့်ရှ၏ ခြေလှမ်းများရပ်တန့်သွားရပြီး စုန့်ချင်းလော်က သူ့အားတွေ့သောအခါ လက်ထဲရှိ ချက်ပြုတ်စရာများထည့်ထားသည့်အိတ်ကိုမြှောက်ပြ၍ မေးလာ၏ ။
" နေ့လည်စာအတူတူစားကြမလား "
လင်ပန့်ရှက သတိထား၍မေးလိုက်သည် ။
" ခင်ဗျားဘယ်တွေသွားလာတာလဲ "
" လုပ်စရာကိစ္စရှိလို့ "
" တစ်ယောက်တည်းသွားတာလား "
စုန့်ချင်းလော်က လင်ပန့်ရှအား သံသယအပြည့်ဖြင့်ကြည့်လာ၏ ။ လင်ပန့်ရှက အထင်လွဲသွားမည်စိုးသောကြောင့် အမြန်ရှင်းပြလိုက်သည် ။
" ခင်ဗျား ... ရဲ့နောက်မှာ အမ် ခင်ဗျားနောက်ကိုလူတစ်ယောက်လိုက်လာပုံရတယ် "
လင်ပန့်ရှက ထိုကဲ့သို့အနောက်မှလိုက်ကပ်နေသည့်အရာအား ကားမတော်တဆမှုမှအသက်ရှင်ကျန်ရစ်သည့်အမျိုးသမီး၏နောက်တွင်တွေ့ဖူးသည် ။ ထိုအရာက နောက်မှတောက်လျှောက်ကပ်တွယ်နေသော်လည်း မည်သူမှမမြင်ရပေ ။ လင်ပန့်ရှအနေဖြင့် ထိုအရာကြီးကဘာမှန်းမသိသော်လည်း လူမဟုတ်သည်မှာတော့သေချာ၏ ။
" အိုး ငါသိတယ် အဲ့တာငါ့သူငယ်ချင်း "
လင်ပန့်ရှက စိတ်သက်သာရာရစွာသက်ပြင်းတစ် ချက်ချလိုက်ပြီးနောက် မျက်လုံးထောင့်မှတစ်ချက်ချောင်းကြည့်လိုက်ပြီး ' အခုတစ်လော အလုပ်အရမ်းပင်ပန်းလို့ အမြင်မှားတာနေမှာပါ ' ဟုရေရွတ်၍မသိမသာအကြည့်ပြန်လွှဲလိုက်လေသည် ။
စုန့်ချင်းလော် " ဒါနဲ့ ငါ့သူငယ်ချင်းက နေရောင်ထိလို့မရဘူး လိုက်ကာစတွေဆွဲချလိုက်ပါလား "
လင်ပန့်ရှ၏ စပ်စုလိုစိတ်လေးမှာ ချက်ချင်းတက်ကြွနိုးကြားလာပြီး စုန့်ချင်းလော်အားကြည့်ကာ
" နေရောင်ထိလို့မရဘူး ... ဒါဆိုရင် ကြက်သွန်ဖြူရောစားလို့ရရဲ့လား "
စုန့်ချင်းလော် " ... "
ထိုလူထူးဆန်းမှာ အားရပါးရရီနေတော့၏ ။ စုန့်ချင်းလော်က လိုက်ကာစများကိုဆွဲချ၍ နေရောင်မ၀င်စေရန်ကာဆီးလိုက်ပြီးနောက် လင်ပန့်ရှအား စကားပြောလာသည် ။ သူ၏ အသံမှာလည်း အနည်းငယ်ကူကယ်ရာမဲ့သည့်ပုံပေါ်နေလေ၏ ။
မင်းဘယ်လိုထင်လဲ ?
သွေးစုတ်ဖုတ်ကောင်တွေ တစ်ကယ်ရှိတယ်လို့ထင်လား ?
ဒီကမ္ဘာပေါ်မှာ သရဲတစ်ကယ်မရှိဘူးလို့ ငါမင်းကိုပြောခဲ့သားပဲ ...
လိုက်ကာစများဖြင့် နေရောင်မ၀င်အောင်ကာဆီးလိုက်ပြီးနောက် ထိုသူက မိမိကိုယ်ကို တင်းကျပ်စွာထုတ်ပိုးထားသည့်အ၀တ်များကို တစ်လွှာချင်းချွတ်ချနေတော့ ၏ ။ ထိုသူ့၏ အသားအရေမှာ အလွန်ဖြူဖွေးနေသည့်အပြင် ပုံမှန်မဟုတ်သည့် မျက်လုံးအရောင်များနှင့်ဆံပင်ဖြူဖြူများအပြင် သွေးနှောတစ်ယောက်၏ ရုပ်ရည်သွင်ပြင်ကိုပိုင်ဆိုင်လေသည် ။
" တောင်းပန်ပါတယ် ငါ့မှာ ablinism ရောဂါရှိလို့ပါ "
( TN / Albinism က ပုံမှန် melanin ရောင်ခြယ်ပစ္စည်းတွေနဲ့မမွေးဖွားလာသော ရှားပါးမျိုးရိုးဗီဇရောဂါတစ်ခုပြီး Melaninဆဲလ်က ခန္ဓာကိုယ်ရှိ ဓာတုပစ္စည်းတစ်မျိုးဖြစ်ပြီး အရေပြား၊ ဆံပင်နှင့် မျက်လုံးများအရောင်ကို ဆုံးဖြတ်ပေးတာဖြစ်ပါတယ် ။ Albinism ရှိသူအများစုရဲ့ အရေပြား၊ ဆံပင်နှင့် မျက်လုံးများ အလွန်အရောင်ဖျော့ပြီးတော့ အဲ့ဒီရောဂါရှိတဲ့လူတွေက နေလောင်ခြင်းလွယ်ပြီး နေရောင်နဲ့ထိတာနဲ့အရေပြားကင်ဆာ ဖြစ်နိုင်ခြေအရမ်းများပါတယ် )
ထိုသူက ပြုံးရင်းဖြင့်
" ငါ နေရောင်မထိနိုင်တာကို မင်းစိတ်ထဲမထားဘူးမို့လား "
လင်ပန့်ရှ သဘောပေါက်သွားပြီး အမြန်တောင်းပန်လိုက်သည် ။
" တောင်းပန်ပါတယ် ... တောင်းပန်ပါတယ် "
စုန့်ချင်းလော်က စိတ်မရှည်တော့သောကြောင့် အော်ပြောလာ၏ ။
" မြန်မြန် လုပ်စမ်းပါ ငါမင်းကိုညစာကျွေးဖို့စိတ်ကူးမရှိဘူးနော် "
စုန့်ချင်းလော်၏ စိတ်ချက်စားချက်မှာ ယနေ့တွင် စိတ်ကောင်း၀င်နေပုံရသောကြောင့်နူးညံ့နေပြီး ထိုစကားကို ပြောသည့်အချိန်၌ ဒေါသထွက်မနေပေ ။ သူ့နောက်မှကျောပိုးအိတ်ကိုချ၍ သေသေချာချာ နေရာချကာ သူ၏လက်တံရှည်ကြီးများဖြင့် ကျောပိုးအိတ်ထဲသို့ နှိုက်၍ သေတ္တာတစ်လုံးကို ထုတ်ယူလိုက်သည်။ လျှိုမိသားစု၌ မြင်တွေ့ရသောသေတ္တာ၏ အရောင်အသွင်အပြင်နှင့်အတိအကျတူညီသော်လည်း အရွယ်အစားမှာ အနည်းငယ်ကွဲပြားသည်။
"ဘယ်တော့ စမ်းသပ်မှာလဲ" ထိုလူက ဖြည်းညှင်းစွာမေးသည်။
"အခုပဲ " စုန့်ချင်လော် က ပြန်ပြောသည်။
"ဒီမှာလား " ထိုလူက အံ့သြသွားပုံရကာ လင်ပန့်ရှအား ထူးဆန်းနေသည့် အကြည့်များဖြင့်ကြည့်၍
"သူကဒီမှာ အသစ်လား?"
"မဟုတ်ဘူး"
စုန့်ချင်းလော်၏ အဖြေစကားကြောင့်ထိုလူက ပို၍ပင် အံ့သြသွားရ၏ ။
"မင်းက သဘာဝရဲ့နိယာမအတိုင်း ဆွေးမြေ့အိုမင်းသွားစေ၂ချင်နေတာမဟုတ်ဘူးလား ...မင်းရဲ့ပတ်ဝန်းကျင်မှာ ဘာလို့ မသက်ဆိုင်တဲ့သူတွေရှိနေရတာလဲ"
စုန့်ချင်းလော် က သူ့လက်ကို ဖြန့်ပြီး
"မင်းသူတို့ကို ဒီမေးခွန်းအရင်မေးသင့်တယ်လို့ငါထင်တယ် လီဆူ ... မင်းအရင်အပြင်မှာစောင့်နေလိုက် ငါမင်းကိုမပေးခင် ပစ္စည်းတွေကိုသေသေချာချာ စစ်ဆေးပေးမယ် "
ထိုသူ၏ အမည်မှာ လီစု ဖြစ်ကြောင်းသိလိုက်ရပြီး သာမန်အတွေ့များသည့်အမည်တစ်ခုပင် ။ လီစုက အ၀တ်များကို၀တ်ဆင်၍ သူ့ကိုယ်သူ ကောက်ညှင်းထုပ်တစ်ထုပ်ကဲ့သို့ပြန်လည်ရစ်ပတ်လိုက်ပြီးနောက် ထွက်မသွားခင်မှာပင် လင်ပန့်ရှအား အဓိပ္ပာယ်ပြည့်၀နေသည့်အကြည့်များဖြင့်ကြည့်သွားလေ၏ ။
လင်ပန့်ရှလည်း အနည်းငယ်ဂနာမငြိမ်ဖြစ်သွားကာ
" ကျွန်တော်ရော အပြင်ထွက်သွားရမလား "
စုန့်ချင်းလော်က လက်ခါပြ၍ လင်ပန့်ရှကိုပြန်ထိုင်ခိုင်းလာ၏ ။
လင်ပန့်ရှအနေဖြင့် စုန်ချင်းလော်၏ ဘေးတွင်၀င်ထိုင်ရန် သတ္တိရော အသက်အပိုပါမရှိပါချေ ။ ယခုလေးတင် တရားမ၀င်သည့် အရောင်းအ၀ယ်တစ်ခုခုကိုမျက်မြင်တွေ့လိုက်ရသောကြောင့် နှုတ်ပိတ်ခံရမည့် မျက်မြင်သက်သေတစ်ယောက်ကဲ့သို့ခံစားနေရ၏ ။
စုန့်ချင်းလော်က လင်ပန့်ရှ ကို အာရုံစိုက်မနေဘဲ သူ၏ မျက်တောင်ရှည်ကြီးများကိုအောက်စိုက်ထား၍ သေတ္တာပေါ်တွင် သော့သေးလေး ချိတ်ထားသည် သူ့ရှေ့က လက်မောင်းအရွယ် သေတ္တာကို ငုံ့ကြည့်နေ၏ ။ ထိုသေတ္တာအား လေးလေးနက်နက် မျက်နှာထားဖြင့် စစ်ဆေးကြည့်ရှု၍ မပျက်စီးကြောင်း အတည်ပြုပြီးနောက်သော့ကို ထုတ်ကာ သော့အိမ်ထဲသို့ ထိုးထည့်လိုက်သည်။
လင်ပန့်ရှက သေတ္တာအတွင်းရှိအရာကို စပ်စုလိုသော်လည်း စုန့်ချင်းလော်၏ အလေးအနက်ဖြစ်နေသည့် အမူအရာကြောင့် ကြောက်ရွံ့ သွားပြီး သူ့အနားသို့ မကပ်ဝံ့ပေ။
စုန့်ချင်းလော်က သော့ကိုလှည့်လိုက်ပြီးနောက် သေတ္တာကိုအလျင်စလိုဖွင့်မည့်အစား အိပ်ကပ်ထဲမှ အနက်ရောက်လက်အိတ်တစ်စုံကိုထုတ်ကာ မီးပူအရင်တိုက်ပြီးမှ ၀တ်လိုက်သည် ။ ထို့နောက်မှသာ သေတ္တာကိုဖွင့်လိုက်၏ ။ တစ်ချိန်တည်းမှာပင် အလွန်ထူးခြားသည့်မွှေးရနံ့တစ်မျိုးပျံ့လွင့်လာလေသည် ။
ထိုအနံ့မှာ လင်ပန့်ရှ တစ်ခါမှ မရခဲ့ဖူးသည့်ရနံ့တစ်ခုပင် ။ အစပိုင်း၌ နှင်းတောထဲတွင် ပေါက်နေသော မြက်ပင်များနှင့် သစ်ပင်များကဲ့သို့ အနံ့အသက်က စိတ်ကို လန်းဆန်းစေသော်လည်း အရသာက လျင်မြန်စွာ ပြောင်းလဲသွားကာ လတ်ဆတ်သော ရနံ့သည် ပို၍ပြင်းရှလာ၏ ။ ထိုအထဲ၌ ဖျော့တော့တော့ငါးညှီနံ့ပင် ပါ၀င်နေလေသည် ။
လင်ပန့်ရှမှာ မေ့ပျောက်နေသော အမှတ်တရအချို့ကို ရုတ်တရက်ပြန်မြင်လိုက်ရသည်။ ကြောက်မက် ရွံရှာဖွယ်ကောင်းသော ဗီဒို ကို မြင်လိုက်ရပြီး ကြီးမားသောလက်ကြီးသည် ဗီဒိုတံခါးကို အဆက်မပြတ်ခေါက်နေခဲ့၏ ။ ထိုဗီဒိုထဲ၌ ကလေးတစ်ယောက်ရှိနေပြီး ထိုကလေးလေးမှာ ငိုရန်ပင်မ၀ံ့ရဲဘဲ ဒူးပိုက်၍ ကွေးကွေးလေးသာနေရလေသည် ။
အပြင်ဘက်မှ အဆက်မပြတ်ထုရိုက်နေသံများက ကလေးငယ်လေးကို ကြောက်ရွံ့စေ၍ သူ့ကိုယ်သူ ကမ္ဘာပေါ်မှပျောက်ကွယ်သွားစေရန်သာဆုတောင်းနေမိသည် ။ သို့သော်လည်း ထိုငရဲမှ လွတ်မြောက်နိုင်မည့် လမ်းမရှိပါချေ ။
ရုတ်တရက်ထွက်ပေါ်လာသည့် မြင်ကွင်းများအပြီး လင်ပန့်ရှ အသိပြန်၀င်လာသောအချိန်၌ စုန့်ကျင်းလော်က လက်ပိုက်၍ သူ၏မျက်နှာချင်းဆိုင်တွင် ထိုင်ကြည့်နေကြောင်းတွေ့လိုက်ရသည် ။
စုန့်ချင်းလော်က လင်ပန့်ရှအား စိုက်ကြည့်နေရင်းဖြင့်ပင် နူးညံ့စွာမေးလာ၏ ။
" ပျော်ဖို့ကောင်းခဲ့ရဲ့လား "
" ဟင့်အင်း "
လင်ပန့်ရှက အားပြတ်နေသည့်လေသံဖြင့် ပြန်ဖြေလာခဲ့ပြီး ပြုံးရန်ကြိုးစားပါသော်လည်း မပြုံးနိုင်ချေ ။ စုန့်ချင်းလော်က အကြံပေးသည့်အနေဖြင်
" မင်း မပြုံးနိုင်ရင်လဲ ပြုံးဖို့ကြိုးစားမနေပါနဲ့ကွာ "
လင်ပန့်ရှက နူတ်ခမ်းတင်းတင်းစေ့ထားလေ၏ ။
" တောင်းပန်ပါတယ် "
စုန့်ချင်းလော်ပြောလိုက်သည် ။
" ငါက မင်းပျော်စရာကောင်းတဲ့တစ်ခုခုကိုတွေ့ခဲ့ရတယ်ထင်တာ "
စုန့်ချင်းလော်၏ ညာဘက်ရှိသေတ္တာမှာ သော့ပြန်ပိတ်သွားပြီဖြစ်သော်လည်း သော့ခလောက်မှာမူလအရောင်ကဲ့သို့မဟုတ်တော့ဘဲ အဖြူရောင်သို့ပြောင်းလဲသွားပြီး သေတ္တာမှာအမဲရောင်ဖြစ်သွားလေသည် ။ စုန့်ချင်းလော်က လက်အိတ်များကိုချွတ်လိုက်ပြီးနောက် လိုက်ကာစများကိုဆွဲဖွင့်၍ အခန်းအတွင်းလေကောင်းလေသန့်ရအောင် ခဏထားလိုက်ပြီးနောက် ပြန်ပိတ်လိုက်ကာ အပြင်၌စောင့်နေသော လီစုကို ပြန်ခေါ်လိုက်၏ ။
" ၀င်လာလို့ရပြီ "
လီစုက စုန့်ချင်းလော်အားကြည့်ကာ အံ့သြတကြီးဖြင့်
" မင်း သူ့ရှေ့မှာဖွင့်လိုက်တာလား "
" အင်း "
" ဘယ်လောက်ကြာခဲ့လဲ "
စုန့်ချင်းလော်က သူ၏ အိတ်ကပ်အတွင်းမှ ခေတ်ဟောင်းအိတ်ဆောင်နာရီတစ်လုံးအားထုတ်ယူလိုက်သည် ။
" ဆယ့်ခုနှစ် စက္ကန့် "
" တကယ်ကြီး "
လီစု၏ ပန်းရောင်ဖျော့ဖျော့ မျက်၀န်းထဲ၌ လင်ပန့်ရှအား မယုံကြည်နိုင်မှုများပြည့်နှက်နေ၏ ။
" မင်းဒီကလေးကို ဘယ်ကများသွားရှာလာခဲ့တာလဲဟမ် ! အရမ်းစွမ်းအားကြီးတာပဲ ! သူမင်းရဲ့အကြောင်းကိုရော သိရဲ့လား "
" အခုထိတော့မသိသေးဘူး "
" သူ့ကို ငါနူတ်ဆက်ခဲ့တယ်လို့ ပြောပေးပါဦး ငါသွားတော့မယ် "
စုန့်ချင်းလော်က ခေါင်းညိမ့်လိုက်သည် ။
" အင်း "
လီစု ထွက်သွားသောအခါ အခန်းတစ်ခုလုံးတိတ်ဆိတ်စွာကျန်ရစ်ခဲ့လေသည် ။
လင်ပန့်ရှက အနည်းငယ်နေရခက်သလိုခံစားရသောကြောင့် သက်၀င်လှုပ်ရှားမှုရှိစေရန် TV ဖွင့်ချင်ပါသော်လည်း စုန့်ချင်းလော်က သူ၏လက်များဖြင့် ယှက်နွယ်ဆုပ်ကိုင်လာ၏ ။ စုန့်ချင်းလော်၏ လက်များက သူ၏အမည်ကဲ့သို့ပင် ပိုးသားကဲ့သို့နူးညံ့အိစက်နေ၏ ။
စုန့်ချင်းလော်က မေးလိုက်သည် ။
" မင်းမသိချင်ဘူးလား "
လင်ပန့်ရှက အန္ဒရာယ်ကိုရှောင်ရှားလိုဟန်ဖြင့်
" စပ်စုလိုစိတ်က လူတစ်ယောက်ကိုအသက်ပျောက်သွားနိုင်စေတယ် "
" လစာကတော်တော်များမှာနော် "
လင်ပန့်ရှမှာ ချက်ချင်းပင် တစ်ထောင်ရာခိုင်နှုန်းတက်ကြွသွား၏ ။
" ဘယ်လောက်တောင်မှလဲ "
လင်ပန့်ရှက ဂရုတစိုက်ဖြင့်
" ခင်ဗျား ဘယ်လိုလုပ်ပြီး ဘေးကတိုက်ခန်းမှာနေဖြစ်သွားတာလဲ "
စုန့်ချင်းလော် " ... "
လင်ပန့်ရှ " ခင်ဗျားလဲ အရစ်ကျနဲ့၀ယ်ထားလို့ ငွေသွင်းနေရတုန်းလား "
စုန့်ချင်းလော်က လင်ပန့်ရှ တစ်ယောက်အရမ်းစကားများသည်ဟုပင်တွေးမိသွား၏ ။ စုန့်ချင်းလော်က သက်ပြင်းချလိုက်ကာ ထိုဇာတ်လမ်းရှည်ကြီးကိုပြန်ပြောပြချင်စိတ်မရှိပါပေ ။
နှစ်ယောက်သား အချိန်အတော်ကြာတိတ်ဆိတ်နေကြပြီးနောက် လင်ပန့်ရှက မေးလာ၏ ။
" သဘာ၀ရဲ့နိယာမအတိုင်း ဆွေးမြေ့ခြောက်သွေ့သွားစေခြင်းဆိုတာဘာကိုပြောတာလဲ "
အစောနက လီစုက ထိုစကားကိုအသားပေးပြောသွားခဲ့ပြီး အချို့သောတိကျမှုမြင့်မားသည့်အစိတ်အပိုင်းများတွင်အသုံးပြုသောစကားဖြစ်သည် ။ ဥပမာအားဖြင့်အချို့သော အစိတ်အပိုင်းတစ်ခုကိုပြောင်းလဲပြီးသောအခါ၌ ၎င်း၏ပုံသဏ္ဍာန်မှာ အနည်းနှင့်အများပြောင်းလဲသွားတတ်သည် ။ သာမန်စက်ပစ္စည်များပေါ်၌ သက်ရောက်မှုသိပ်မရှိသော်ငြား အရည်အသွေးမြင့်မား၍တိကျသေချာသည့်စက်များတွင်မူ ချို့ယွင်းမှုများဖြစ်ပေါ်ရန်လွယ်ကူသည် ။
ထို့ကြောင့် အသုံးမပြုမှီတွင် သဘာ၀ပတ်၀န်းကျင်အတွင်း၌ လေထုဖိအားအတိုင်း အတိုင်းအတာတစ်ခုအထိ ခြောက်သွေ့ဆွေးမြေ့စေခြင်းဖြစ်သည် ။
စုန့်ချင်းလော်က သေချာပေါက် သဘာ၀အခြောက်ခံစက်ကြီး မဟုတ်နိုင်လောက်ပေ ။
ဒါဆိုရင် လီစုပြောတာ ဘာအဓိပ္ပာယ်လဲ ?
" အလွယ်နည်းနဲ့ပြောရရင် ဒီကမ္ဘာကြီးပေါ်မှာ သန့်စင်တဲ့အရာနဲ့ မသန့်စင်တဲ့အရာတွေကရောနှောပြီးတည်ရှိနေတာ ... အများစုကတော့ အန္တရာယ်ရှိတာမို့လို့ ပြန်လည်အသုံးမပြုခင်မှာ တတ်နိုင်ဆုံးအန္တရယ်နည်းစေနိုင်ဖို့အတွက် တံဆိပ်မခတ်ခင်မှာ အဲဒီနည်းလမ်းကိုသုံးတာ "
စုန့်ချင်းလော်က ပေါ့ပေါ့ပါးပါးပင်ပြောပြနေလေ၏ ။
" မင်းရဲ့ တိုက်ခန်းက အဲတာတွေထဲကတစ်ခုပဲ "
လင်ပန့်ရှ အေးခဲသွားရသည် ။
" ဒီတိုက်ခန်းမှာ ဇာတ်လမ်းတစ်ခုခုများရှိခဲ့လို့လား ... ဥပမာ တစ်ယောက်ယောက်သေသွားခဲ့တာမျိုး "
" အဆောက်အဦ အသစ်မို့လို့ ဒီအိမ်ကတော့ဘာမှမဖြစ်ထားပါဘူး မင်းတိုက်ခန်း၀ယ်တုန်းက စာချုပ်ကိုမဖတ်ထားဘူးလား "
လင်ပန့်ရှ၏ အတွေးထဲ၌ ' အမ် အဲတာဆိုရင်ဘာကြောင့်ဖြစ်နေတာလဲ '
" ပြဿနာက မင်းရဲ့အိမ်နံပါတ်ပဲ ... မင်းရဲ့တိုက်ခန်းနံပါတ်က ဘာတွေထူးခြားနေလဲဆိုတာကိုမင်းမသိဘူးလား "
စုန့်ချင်းလော် သတိပေးသောအခါမှ ထူးခြားသည့်အချက်ကိုသတိထားမိသွားလေသည် ။ တစ်ခါက သူ၏အိမ်နံပါတ်ပြားကိုကိုင်မိသောအခါ၌ ထိုနံပါတ်ပြားမှာ သာမန်သတ္တုပြားများကဲ့သို့ အေးစက်ခြင်းမရှိဘဲ လူတစ်ယောက်၏ အရေပြားကဲ့သို့ အိစက်နွေးထွေးလေ၏ ။ ပြန်တွေးကြည့်မိသောအခါမှသာ လင်ပန့်ရှ တစ်ယောက်ကြက်သီးတဖြန်းဖြန်းထနေ၏ ။
လင်ပန့်ရှက သက်ပြင်းချ၍
" ကြောက်စရာကြီး "
စုန့်ချင်းလော်၏ အမူအယာက လုံး၀မယုံကြည်ဟန်ပေါက်နေလေသည် ။
" ခင်ဗျားက ဒီလိုအလုပ်လုပ်နေတာတောင်မှ ဘာလို့ အိမ်ရောင်း၀ယ်တာကိုပါလုပ်နေရသေးတာလဲ "
လင်ပန့်ရှ၏ အတွေးများမှာ မှားယွင်းသွားခဲ့သည် ။
" ဒါဆို ကျွန်တော် အိမ်ကို၀ယ်ပြီးကတည်းက ခင်ဗျား အိမ်နံပါတ်ကိုကပ်ထားခဲ့တာလား "
စုန့်ချင်းလော်က သက်ပြင်းချ၍
" တိုက်ဆိုင်သွားတာပါကွာ "
ဤခရိုင်သည်အလွန်သော ခရိုင်ဖြစ်ပြီး ပတ်ဝန်းကျင်တွင် လူမရှိ နေထိုင်သူလည်းမရှိသောကြောင့် သက်ရှိလူများအပေါ် အန္တရာယ်လည်း မကျရောက်နိုင်ပေ။ ထို့ကြောင့် အိမ်ပိုင်ဆိုင်မှုနှင့်ဆက်စပ်သော ကံဆိုးသွားသူသည် သင်္ဘောကျင်းတွင် ရုတ်တရက် မတော်တဆမှုတစ်ခု ဖြစ်ပွားခဲ့သော်လည်း အခြေအနေကို မသိရသေးဘဲ နေအိမ်ရောင်း၀ယ်ရာတွင် နှောင့်နှေးခဲ့ရသည်။ ကံဆိုးတဲ့ကြက်ဥလေး လင်ပန့်ရှတစ်ယောက် ထိုအိမ်ကို ၀ယ်ယူသွားလိမ့်မည်ဟု စုန့်ချင်းလော်လည်း မမျှော်လင့်ထားခဲ့ပေ ။
အခြေအနေကို သိလိုက်ရပြီးနောက် စုန့်ချင်းလော်ကို အမြန်ဖုန်းဆက်ပြီးဤကိစ္စကို ဖြေရှင်းပေးရန် တောင်းဆိုလေသည် ။ စုန့်ချင်းလော် ၏အလုပ်မှာ အလွန်လျှို့၀ှက်၍အန္တရယ်များသောကြောင်ြ ထိုအိမ်၏ဘေးကိုသာတိုက်ရိုက်ပြောင်းလာခဲ့လိုက်၏ ။
သူ လင်ပန့်ရှနှင့် အဆက်အသွယ်ရချင်နေသည့်အချိန်မှာပင် လင်ပန့်ရှ သူ၏အိမ် တံခါးဝရှေ့သို့ တိုက်တိုက်ဆိုင်ဆိုင်ရောက်လာလိမ့်မည်ဟု ဘယ်သူသိမည်နည်း ။
" ဒီအိမ်မှာ သရဲမရှိနိုင်ဘူးဆိုတော့ ကျိလဲ့ရွှေ တွေ့ခဲ့တာကဘာကြီးလဲ "
လင်ပန့်ရှ၏ ခေါင်းထဲ၌ မရေမတွက်နိုင်သော သံသယများရှိနေသေးကြောင်း စုန့်ချင်းလော် ခံစားမိသည်။
" အဲတာက သူကြောက်တဲ့အရာပေါ်မှာမူတည်တယ် ... မင်းတို့နှစ်ယောက်တည်းဒီအခန်းထဲမှာနေတာ ကံကောင်းတယ်လို့မှတ်လိုက် "
" ဘာလို့လဲ "
" ဒီအိမ်မှာ မကောင်းတဲ့အငွေ့အသက်တွေက အမြစ်တွယ်နေပြီဆိုတော့ အဆင့်နိမ့်တာတွေမနေနိုင်ပေမဲ့ မင်းတို့စိတ်ထဲကအကြောက်တရားကိုဖော်ထုတ်ပြီး အဲဒီအတိုင်းလိုက်ခြောက်လှန့်နေလိမ့်မယ် "
လင်ပန့်ရှက တက်တက်ကြွကြွဖြင့်
" ဒါဆို ကျွန်တော် သူ့ကို ပိုက်ဆံကြောက်အောင်လုပ်လိုက်ရင်ကောင်းမလား "
စုန့်ချင်းလော် " ... "
သရဲများကိုဆွဲဆောင်နိုင်သော သူ၏ချစ်သူငယ်ချင်းလေး ကျီလဲ့ရွှေအား ရောင်းစားရန်ကြံစည်နေခြင်းကပင် လင်ပန့်ရှတစ်ယောက် ပိုက်ဆံကိုအလွန်အမင်းချစ်မြတ်နိုးကြောင်းသိသာနေလေ၏ ။
လင်ပန့်ရှက စုန့်ချင်းလော် စကားမပြောတော့သည်ကိုမြင်သောအခါ ချောင်းနှစ်ဟန့်လိုက်ပြီးနောက် ရီမောကာ စနောက်နေသည်ဖြစ်ကြောင်းနှင့် မည်သူမျှပိုက်ဆံကိုမကြောက်ရွံ့နိုင်ကြောင်း ရှင်းပြလိုက်ရသည် ။
" ခင်ဗျားရဲ့စကားအရဆိုရင် ပြောင်းလာပြီးဆိုကတည်းက ဒီတိုက်ခန်းထဲကနေ ပြန်ပြောင်းပြေးလို့မရတော့ဘူးပေါ့နော် ဒါဆိုရင်လေ အပြင်ဘက်မှာရော ပုံမှန်မဟုတ်တဲ့ အရာတွေကိုမြင်နေရတတ်လား "
" သိပ်တော့မသေချာပေမဲ့ မင်းမှာထွက်သွားဖို့စိတ်ကူးရှိနေတယ်ဆိုရင်တော့ မြင်ရလိမ့်မယ် "
လင်ပန့်ရှ၏ အပြုံးများ အေးခဲသွားရ၏ ။
" ဘာဖြစ်ထားလို့လဲ "
လင်ပန့်ရှ " အဲ့တာက "
စုန့်ချင်းလော် "...? "
" ကျွန်တော် မနေ့ကအလုပ်ဆင်းပြီးပြန်လာတော့ အရမ်းကိုပုံမှန်မဟုတ်နိုင်တာကြီးတွေတွေ့ခဲ့ရတယ် "
စုန့်ချင်းလော်က လင်ပန့်ရှက သံသအပြည့်ဖြင့်ကြည့်၍
" မင်းက အိမ်ပြောင်းဖို့စဥ်းစားနေလို့လား "
" မဟုတ်ဘူး မဟုတ်ပါဘူး "
လင်ပန့်ရှက ရိုးရိုးသားသားပြောလာ၏ ။
" တကယ်မပြောင်းပါဘူးဗျာ ... ဒီအိမ်ထဲမှာအခြောက်မခံရခင်က ကျိလဲ့ရွှေက အပြင်ဘက်မှာတစ်ခုခုကိုတွေ့ခဲ့ပုံရလို့ "
" မင်းဘာကိုမြင်ခဲ့တာမို့လို့လဲ ?"
လင်ပန့်ရှက ထိုနေ့ ကျီလဲ့ရွှေတွေ့ခဲ့သည့် ပန်းချီကားအကြောင်းနှင့်မြင်ခဲ့သည်အရာများကိုပြောပြလိုကါသည်။
" မနက်ကရောမင်း ဘာတွေ့ခဲ့လဲ ?"
လင်ပန့်ရှလည်း သူတွေ့မြင်ခဲ့သည်များကို ခရေစေ့တွင်းကျပြောပြလေတော့၏ ။
စုန့်ချင်းလော်က နားထောက်ပြီးနောက် သူ၏အမှုအရာမှာရှုပ်ထွေးနေပုံပင် ။ လင်ပန့်ရှကို တစ်ချက်အကဲခတ်လိုက်ရာ လိမ်နေပုံမပေါ်သောကြောင့် မေးလိုက်သည် ။
" မင်း ... အဲ့ဒီတုန်းက အရမ်းကြောက်ဖို့ကောင်းတာပဲလို့မတွေးမိဘူးလား ?"
လင်ပန့်ရှက ရိုးရိုးသားသားခေါင်းခါပြလိုက်ပြန်သည် ။
စုန့်ချင်းလော် တွေးနိုင်သည့်တစ်ခုတည်းသောအရာမှာ လင်ပန့်ရှ၏ တုံ့ပြန်မှုများသည် ကံကြမ္မာအတိုင်းသာ ဖြစ်လိမ့်မည်ဟူ၍ပင် ။