အခန်း - ၁၂ ပူးကပ်ခြင်း ( အပိုင်း - ၁ )
Viewers 3k

.အခန်း - ၁၂


ပူးကပ်ခြင်း ( အပိုင်း - ၁ )



လင်ပန့်ရှက စုန့်ချင်းလော်၏ အလုပ်အသေးစိတ်အကြောင်းအရာကို ရှုပ်ထွေးနေခဲ့သော်လည်း သေချာသည့်အချက်တစ်ချက်မှာ ဤအလုပ်သည်မမျှော်လင့်ဘဲ ပေါ်ပေါက်ခဲ့ရခြင်းဖြစ်သည် ။  ထိုသို့ဖြစ်နေသောကြောင့်သာ စုန့်ချင်းလော်၏ အမှုအယာကအလွန်ခါးသီးနေရခြင်းဖြစ်၍ ရွေးချယ်စရာမရှိဘဲ လင်ပန့်ရှ၏ တိုက်ခန်းဘေးသို့ ပြောင်းရွေ့နေထိုင်နေရခြင်းပင် ။


စုန့်ချင်းလော်က လစာကောင်းသည်ဟုပြောသော့်ကား လင်ပန့်ရှအနေဖြင့် များများစားစားမျှော်လင့်မထားပါချေ ။ 


MLM လုပ်ငန်းတွေဆိုရင်လဲ သူတို့ရဲ့အလုပ်သမားတွေကို သုံးနှစ်အတွင်း မီလီယံငါးဆယ်လောက် ချမ်းသာသွားနိုင်တယ်ဆိုပြီးတော့ မက်လုံးပေးထားကြတာပဲလေ !


ယုံချင်စရာမရှိပါဘူး !


စုန့်ချင်းလော်၏ ပြောစကားအရ လင်ပန့်ရှအိမ်ထဲရှိတစ်စုံတစ်ခုမှာ ကျိလဲရွှေ၏ စိတ်အားငယ်မှုကိုအခွင့်ကောင်းယူ၍ ကျန်းမာရေးချူချာစေရန် ပြုစားထားခြင်းဖြစ်သောကြောင့် သူ၏စိတ်အခြေအနေတိုးတက်လာသည့်နှင့်အမျှ ကျန်းမာရေးလည်းပိုမိုကောင်းမွန်ကောင်းမွန်လာပြီဖြစ်သည် ။ ပုံရိပ်ယောင်များမှရုန်းထွက်၍ သာမန်ကဲ့သို့ပြန်လည်နေထိုင်နိုင်တော့မည်ပင် ။


ကျိလဲ့ရွှေက ထိုသတင်းအားကြားသည့်အခါ အလွန်၀မ်းသာသွားသောကြောင့် လင်ပန့်ရှနှင့် စုန့်ချင်းလော်တို့အား ထမင်းလိုက်ကြွေးရန် တက်ကြွနေတော့၏ ။ စုန့်ချင်းလော်က လုပ်စရာအလုပ်ရှိနေသေးသည်ဟုဆိုကာ ငြင်းဆန်လာသည် ။


အလကားစားရမည်ဆို၍ အင်မတန့်အင်မတန်တက်ကြွနေသော လင်ပန့်ရှမှာ အ၀တ်လဲ၍ ချိန်းထားသည့်နေရာသို့သွားလေသည် ။


တစ်ပတ်လုံးလုံးအုံ့မှိုင်းနေသည့် ရာသီဥတုမှာကံကောင်းစွာနှင့်ပင် ယနေ့၌ ကြည်သာနေလေ၏ ။ နေ၀င်ချိန်ကိုခံစားရင်း လင်ပန့်ရှမှာ သီချင်းတအေးအေးနှင့် လမ်းလျှောက်နေလေသည် ။


ကျိလဲရွှေ ချိန်းဆိုသည့် ဘာဘီကျုဆိုင်မှာ လင်ပန့်ရှ၏ အလုပ်နှင့်သိပ်မဝေးပါချေ ။ အရသာကောင်းမွန်သည့်အပြင် စျေးနှုန်းလည်းသက်သာ​သောကြောင့် မကြာခဏဆိုသလို ထိုဆိုင်၌ ညစာသွားစားလေ့ရှိကြသည် ။


လင်ပန့်ရှမှာ အလုပ်သွားရန်မလိုသောကြောင့် အစားအသောက်များကိုအရင်မှာယူလိုက်ကာ ကျိလဲရွှေကို ထိုင်စောင့်နေလေ၏ ။


ခြောက်နာရီထိုးသည့်အချိန်တွင် ကျိလဲ့ရွှေရောက်ရှိလာပြီး သူ၏ပုံစံမှာယခင်ကထက်ပိုမိုတက်ကြွနေပြီး ထင်ယောင်မှုများကိုမြင်တွေ့နေရသည့်အရိပ်အယောင်ကိုမတွေ့ရပေ ။ သူ၏မျက်နှာမှာ သွေးရောင်လွှမ်းနေပြီး ကျန်းမာရေးလည်းကောင်းမွန်နေပုံရသည် ။


ကျိလဲ့ရွှေကထိုင်လိုက်ပြီးနောက်မေးလာ၏ ။


" ပန့်ရှ ဘာလို့ အစ်ကိုကြီးစုန့်က ပါမလာတာလဲ ?" 


" သူလုပ်စရာရှိလို့တဲ့ " 


လင်ပန့်ရှကထပ်ပြောလိုက်သည် ။


 " မင်း ဒီနေ့ အလုပ်ဆင်းတာစောသားပဲ ?"


" မင်းတို့နဲ့အတူတူစားနိုင်ဖို့ တမင်စောဆင်းလာတာကွ "


လင်ပန့်ရှက ခေါင်းညိမ့်လိုက်ပြီးနောက် ၀က်ဗိုက်သားအပိုင်းကြီးကြီးကိုယူ၍ကင်လိုက်သည် ။ ဤကာလ၌ ၀က်သားစျေးမှာအနည်းငယ်စျေးကြီးပြီး ၀က်ဗိုက်သားမှာ တစ်ကီလိုလျှင်ယွမ်သုံးဆယ်မျှရှိသောကြောင့် ၀က်သားစားခြင်းမှာဇိမ်ခံခြင်းတစ်မျိုးပင်ဖြစ်သည် ။ အကင်ဗန်းပေါ်မှ တရှဲရှဲမြည်နေသည့် အသားကင်မှာ အနံ့အရသာနှင့်အလွန်ပြည့်စုံလှသည် ။


ဆိုင်မှ ဆော့စ့်ကလည်းအလွန်ကောင်းမွန်၍ လတ်ဆတ်လှသည့်အသီးအရွက်များနှင့်ပေါင်းစပ်လိုက်သည့်အခါ ကျိလဲ့ရွှေမှာ ငိုချမိလုနီးနီးပင်ဖြစ်လာရ၏ ။


" ဘုရားရေ ... ငါတို့ဒီလို အသားကိုကောင်းကောင်းကန်းကန်းမစားရတာဘယ်လောက်ကြာပြီလဲ "


လင်ပန့်ရှက ကျိလဲ့ရွှေအား မျက်စောင်းသာထိုးမိလိုက်သည် ။ 


" မင်းဘာလို့ ဟိုအိမ်ကိုပဲ၀ယ်သွားပြီးမစားလိုက်တာလဲ ဟမ် ?"


ကျိလဲ့ရွှေ : " သေတောင်မစားဘူး "


" မင်းကလဲကွာ "


" မင်းနဲ့အတူတူတိုက်ခန်းကိုပြောင်းသွားပြီးတာနဲ့ ငါပျော်ပျော်ရွှင်ရွှင်နေရလိမ့်မယ်လို့ထင်ခဲ့တာ ... ဒါပေမဲ့ အဲ့ဒီမကောင်းတဲ့မြေပေါ်မှာဆောက်ထားတဲ့တိုက်ခန်းမှာ မင်းနဲ့ငါ ဒ်ိီလိုဒုက္ခရောက်နေကြရလိမ့်မယ်လို့ ဘယ်သူထင်မိမှာလဲကွ ..."


လင်ပန့်ရှက ထပ်မံမျက်စောင်းထိုးလိုက်ပြန်သည် ။



" အာ ... တကယ်ကြီးကိုဆန်းကြယ်တာနော် အစ်ကိုစုန့်ရဲ့အိမ်မှာသွားအိပ်တဲ့နေ့ကနေစပြီးတော့ ငါထူးထူးဆန်းဆန်းတွေကိုမမြင်ရတော့ဘူး ... ဘာဖြစ်လို့လဲဆိုတာမင်းသိလား ... အစ်ကိုစုန့်က မိစ္ဆာဘုရင်ကြီးလား ဒါမှမဟုတ်မိစ္ဆာနှိမ်နင်းတဲ့သူလား ... ဟေ့ ... ပန့်ရှပြန်ဖြေဦးလေဟ  "


လင်ပန့်ရှက ၀က်သားကိုဆလတ်ရွက်ဖြင့်ပတ်ကာစားလိုက်ပြီးနောက် 


" အေး... နားထောင်နေတယ်ဆက်ပြောလေ "


ကျိလဲရွှေက သုံးစက္ကန့်မျှစိုက်ကြည့်နေပြီးနောက် စားပွဲခုံကိုရိုက်၍ မကျေမနပ်ပြောတော့သည် ။ 


" မင်း လူရောဟုတ်သေးရဲ့လား ဟမ်? ငါစကားပြောနေတဲ့တစ်ချိန်လုံး စားဖို့ပဲမင်းခေါင်းထဲရှိနေတာ ငါဘာမှမပြောတော့ဘူး ပြောချင်စိတ်လည်းမရှိတော့ဘူး "


အမှန်တကယ်တွင်လည်း လင်ပန့်ရှ၏ အာရုံမှာစားသောက်ရန်တစ်ခုတည်းသာပင် ။ ကျိရွှေက ဆောင့်ဆောင့်အောင့်အောင့်ဖြင့် ဆေးလိပ်၀ယ်ရန်ထွက်သွားသောကြောင့် လင်ပန့်ရှက ပြန်လာမှချော့လိုက်မည်ဟုတွေးကာ အားပါးတရဆက်လက်စားသောက်နေတော့၏ ။


သို့သော်လည်း ထင်မထားမိသည်မှာ ကျိလဲရွှေက အပြင်ထွက်သွားပြီးမကြာခင်မှာပင် အလွန်ထိတ်ဟန့်နေဟန်ဖြင်ပြန်ရောက်လာ၏ ။ လင်ပန့်ရှက ကျိလဲ့ရွှေ၏ အခြေအနေကိုတွေ့သောအခါ အလွန်စိတ်ပူပန်လာရသည် ။


" ဘာဖြစ်လာတာလဲ ? "


ကျိလဲ့ရွှေက လင်ပန့်ရှ၏ စကားများကိုကြားပါသော်လည်း သူ၏မျက်နှာမှာအလွန်ဖြူဖျော့နေသည့်အပြင် ပါးစပ်ဟလိုက်သော်လည်း အသံထွက်မလာပေ ။


လင်ပန့်ရှက သူ၏အသံကိုပိုမိုညင်သာလိုက်ကာ


" မင်းဘာမြင်ခဲ့တာလဲလို့ ?"


" ငါ မင်းကောလိပ်တုန်းက အတန်းဖော်ကိုတွေ့ခဲ့တယ်" 


" ကောလိပ်တုန်းက ? ဘယ်သူလဲ ?"


" အဲ... အဲဒီ လျှိုရှီ ဆိုတဲ့တစ်ယောက် "


" သူလား ... သူဘာဖြစ်လို့လဲ ?"


" သူအမျိုးသမီးတစ်ယောက်ကိုစကားပြောနေတာ " 

ကျိလဲ့ရွှေမှာ သူ၏စကားများကိုအခြားသူများကြားသွားမည်စိုးနေဟန်ဖြင့် အသံလေးမှာတဖြည်းဖြည်းပိုမိုတိမ်၀င်သွားလေသည် ။


" ဒါ ... ဒပေမဲ့ သူနဲ့စကားပြောနေတဲ့ အမျိုးသမီးရဲ့ကျောပေါ်မှာ ထူးဆန်းတာကြီးတစ်ခုကပ်နေတယ်  ..."


လင်ပန့်ရှလည်း ကြောင်အသွားရ၏ ။ သူအမှန်ပင် ကျောပေါ်တွင် ထူးဆန်းသည့်အရာကြီးကပ်နေသည့်အမျိုးသမီးနှင့်တွေ့ဖူးပါလေ၏ ။ သို့သော်စဥ်းစားမရသည်မှာ လျှိုရှီနဲ့ ထိုအမျိုးသမီးမှာ မည်ကဲ့သို့ သိကျွမ်းသွားကြသနည်း ။


သူတို့နှစ်ယောက်က အရင်ကတည်းကသိနေကြတာလား ?


လင်ပန့်ရှကတည်နေရာအားမေးလိုက်သည့်အခါ ကျိလဲ့ရွှေက မဝေးဘူးဟုဆို၍ ပြေးသွားကြည့်သော်လည်း ထိုနေရာတွင်မည်သူမျှမရှိတော့ပေ ။

 

ဘာဘီကျူဆိုင်သို့ပြန်ရောက်သောအခါ နှစ်ယောက်စလုံးမှာ စားချင်စိတ်ပျောက်ဆုံးသွား၍ အိမ်ကိုသာပြန်လာလိုက်ကြသည် ။


ကျိလဲ့ရွှေက ထိုမကောင်းသည့်အရာများထံမှ လွတ်မြောက်သွားခဲ့ပြီဟုတွေးနေခဲ့သော်လည်း ယခုနကမြင်တွေ့လိုက်ရသည့်အရာကြောင့် သူခံစားခဲ့ရသည့်ကြောက်မက်ဖွယ်အတွေ့အကြုံဆိုးများကိုပြန်လည်တွေးတောမိသွားရ၏ ။ ဤကဲ့သို့သော ကံကြမ္မာကျီဆယ်မှုများကို သူအမှန်ပင်ခံနိုင်ရည်မရှိပါပေ ။


အိမ်ပြန်သည့် လမ်း၌ လင်ပန့်ရှက လျှိုရှီအား မည်သည့်နေရာတွင်ရှိနေသနည်းဟုမေးသောအခါ လျှိုရှီက သူ့ကောင်မလေး၏ အိမ်၌ဖြစ်သည်ဟုစာပြန်ပို့လေ၏ ။


လင်ပန့်ရှက စာဆက်ပို့လိုက်သည် ။


' ငါကအခုလေးတင် အပြင်မှာ သူငယ်ချင်းတစ်ယောက်နဲ့ ညစာအတူတူစားရင်းမင်းကိုတွေ့လို့ မင်းအပြင်ရောက်နေတယ်လို့ထင်လိုက်တာ '


ခဏကြာသောအခါ လျှိုရှိက စာပြန်လာ၏ ။


' ဟားဟားဟား ... ငါအိမ်မှာပဲရှိနေတာပါကွ '


ထိုရယ်မောနေသည့် ဟားဟားဟား အသံမှာ ' ငါအရသာရှိတဲ့ တစ်ခုခုကိုစားရတော့မည် ' ဟုသောလေယူလေသိမ်းမျိုးပေါက်နေသော်လည်း ကျိလဲ့ရွှေကို ပိုစိတ်ပူနေရသောကြောင့် အရေးတယူမလုပ်မိတော့ချေ ။


ကျိလဲ့ရွှေက လင်ပန့်ရှ၏ နားသို့ကပ်၍ တိုးတိုးလေးပြောလာ၏ ။


 " ပန့်ရှ ... မင်းပြောကြည့်စမ်း ဒီကမ္ဘာပေါ်မှာတစ်ကယ်ကြီး သရဲတစ္ဆေတွေရှိတာလား ?"


" ရှိလည်းရှိနိုင်သလို မရှိလည်းမရှိနိုင်ဘူး "


" ဘေးအိမ်က အစ်ကိုစုန့်ကတော့ သရဲမရှိဘူးလို့ပြောတယ်မလား ... ဒါပေမဲ့ အစ်ကိုစုန့်ကိုကြည့်ရတာ နည်းနည်းလေးတော့ထူးဆန်းနေတယ်နော် ... တကယ်ပဲဘာတွေလဲကွာ ..."


ကျိလဲ့ရွှေက သူ၏အတွေးများကိုတတွတ်တွတ်ပြောနေသည့်အချိန်တွင် ရှေ့မှလမ်းလျှောက်သွားသည့် လင်ပန့်ရှ ရုတ်တရက် ရပ်လိုက်သဖြင့် နဖူးနှင့်ပခုံးဆောင့်မိသွားရ၏ ။


" ပန့်ရှ ... ဘာလို့ရပ်လိုက်တာလဲ ?"


လင်ပန့်ရှက ပြန်မဖြေပါချေ ။ ကျိလဲ့ရွှေက မေးလာပြန်သည် ။


 " ပန့်ရှ ?" 


လင်ပန့်ရှက သူ၏ခေါင်းအပေါ်ဘက်သို့မော့ကြည့်နေကြောင်း သတိထားမိသွားသည် ။ သို့သော်လည်း လင်ပန့်ရှ၏ အကြည့်များမှာ အဆင်ပြေနေပုံမရသောကြောင့် လိုက်ကြည့်မိလိုက်သည့်အခါ၌ လိပ်ပြာလွင့်မတတ်ကြောက်လန့်သွားရ၏ ။ လွန်ခဲ့သည့်ရက်များအတွင်းက သူတွေ့ခဲ့ရသည့်အမျိုးသမီးအားတွေ့လိုက်ရသည်ပင် ။


" အဲ ... အဲဒီမိန်းမ "


ကျိလဲ့ရွှေက နောက်သို့တဖြည်းဖြည်းဆုတ်သွားသောကြောင့် လင်ပန့်ရှကမေးလိုက်သည် ။


 " မင်းလည်း ဒီပြတင်းပေါက်ကိုသတိထားမိတယ်လား ?" 


ကျိလဲ့ရွှေမှာ အမှန်ပင်ကြောက်လန့်နေပါသော်ငြား ပြတင်းပေါက်၏ တည်နေရာအတိအကျကိုမူမမှတ်မိပါပေ ။ ဟိုဟိုဒီဒီကြည့်ကာကြောင်အနေပြီးမှသာ အကျယ်ကြီးထအော်လာ၏ ။


" ဟုတ်တယ် ... ဟုတ်တယ် ...ဘာလို့မေးတာလဲ "


လင်ပန့်ရှက တိုးတိုးလေးကပ်ပြောလိုက်သည် ။


" ဘာလို့လဲဆိုတော့ ငါလည်းတွေ့ဖူးတယ်ကွ "


ကျိလဲ့ရွှေမှာ မယုံကြည်နိုင်စွာမျက်လုံးပြူးသွားရ၏ ။ 


ပြတင်းပေါက်မှ ဖျော့ဖျော့အလင်းတစ်မျိုးထွက်ပေါ်နေပြီး အမှောင်ထဲတွင်ထွန်းညှိထားသည့် ၀ါကျင့်ကျင့်ဖယောင်းတိုင်တစ်ချောင်း၏အရောင်ကဲ့သို့ပင် အချို့သောဦးနှောက်မရှိသည့် ပိုးဖလံများကိုဆွဲဆောင်နေလေ၏ ။ ကျိလဲ့ရွှေက သူမြင်ခဲ့ရသည့်မြင်ကွင်းအကြောင်း ပြန်တွေးမိသွားပြီး ခြေလှမ်းများကိုကျောက်ချထားသကဲ့သို့ မလှုပ်၀ံ့တော့ပေ ။


လင်ပန့်ရှသည်လည်း တစ်ခုခုကိုတွေးတောမိနေပုံရကာ ရှေ့ဆက်မတိုးပါချေ ။


နှစ်သားကြားထဲ၌ တိတ်ဆိတ်မှုသာကြီးစိုးနေခဲ့ပြီး ရုတ်တရက်ပင် ကျိလဲရွှေ၏ နဖူးထက်သို့အေးစက်သည့်အရည်တစ်စက်ကျလာလေ၏ ။ ထိုအရာမှာ မိုးရေစက်တစ်စက်ဖြစ်လေသည် ။ နေ့လည်ခင်းတစ်ခုလုံးနေသာနေခဲ့သော်လည်း ရုတ်တရက်ရွာချလာသည့်မိုးမှာ ထူးဆန်းနေ၏


ကျိလဲ့ရွှေ ကြောင်အနေသည့်အချိန်မှာပင် အနက်ရောင်ပုံရိပ်တစ်ခုက ပြတင်းပေါက်နားတွင်ရပ်နေတော့သည် ။ အပြင်ဘက်မှမြင်ကွင်းအရ ထိုပုံရိပ်မှာ ဆံပင်အရှည်ကြီးအပြင် ရှည်လျားသည့် ဂါ၀န်ကို၀တ်ဆင်ထားသည့် ကျိလဲ့ရွှေတွေ့ခဲ့သော ထိုနေ့ကအမျိုးသမီး အတိအကျပင် ။


ထိုအရပ်၏ လမ်းလျှောက်နေသည့်ပုံစံမှာမတည်ငြိမ်ဘဲ ယိုင်တိယိုင်တိုင်ဖြင့် ပြတင်းပေါက်နားသို့တဖြည်းဖြည်းနီးကပ်လာလေ၏ ။ လင်ပန့်ရှမှာ ထိုအမျိုးသမီးကြိုးတစ်ချောင်းကိုင်၍ သူမ၏လည်ပင်းကိုကိုယ်တိုင် ပြန်စွပ်လိုက်သည့်အချိန်အထိ သူမ၏ ရည်ရွယ်ချက်ကိုနားမလည်သေးပေ ။


အမျိုးသမီး၏ အရိပ်မှာလှုပ်ရမ်းနေရသည့်အကြောင်းအရင်းမှာ အတွင်းထဲမှမတည်ငြိမ်သည့်အလင်းရောင်ကြောင့်ဖြစ်ကောင်းဖြစ်နိုင်သည် ။ သို့သော်လည်း သူမ၏ လှုပ်ရှားမူများကိုအနှောင့်အယှက်မဖြစ်စေပေ ။


တခဏအတွင်းမှာပင် အမျိုးသမီး၏ လှုပ်ရှားမှုမှာရပ်တန့်သွားပြီး သူမ၏ခန္ဓာကိုယ်ကြီးမှာမူတွဲလောင်းဖြစ်၍လှုပ်ယမ်းနေမည်ဖြစ်ကြောင်း ခန့်မှန်းစရာပင်မလိုတော့ချေ ။


ဖြစ်ရပ်တစ်ခုလုံးကိုအတိုင်းသားမြင်နေရသည့် ကျိလဲ့ရွှေက တုန်တုန်ရီရီဖြင့်အော်ဟစ်လာလေ၏ ။


" ​ပန့်ရှ ပြေး...ပြေး " 


ကျိလဲ့ရွှေက ငိုယိုရင်း လင်ပန့်ရှကိုဆွဲပြေးရန် ကြိုးစားပါသော်လည်း ခြေလှမ်းအနည်းငယ်မှလှမ်းပြီး၌ ကိုယ့်ခြေထောက်ကိုယ်ပြန်ခလုတ်တိုက်မိ၍ လင်ပန့်ရှနှင့်နှစ်ယောက်သား လမ်းမပေါ်သို့လုံးထွေးလဲကျသွားလေတော့သည် ။


" အား !!" 

 

ကျိလဲ့ရွှေကအော်ငိုနေဆဲဖြစ်သောကြောင့် လင်ပန့်ရှက ကိုင်လှုပ်ကာမေးလိုက်သည် ။


" လဲ့ရွှေ ... အဆင်ပြေရဲ့လား ?"


" ငါ့ကိုမေးမနေနဲ့ ... ပြတင်းပေါက် ပြတင်းပေါက်ကြီးပွင့်လာပြီဟ  !!!" 


ကျိလဲ့ရွှေ၏ အသံမှာတုန်ရီကွဲအက်နေလေ၏ ။


" အဲဒီဟာကြီး ပြတင်းပေါက်ကနေခုန်ချလာတော့မယ် ... ပန့်ရှ ငါ့ကိုဂရုမစိုက်နဲ့ မင်းမြန်မြန်ပြေးတော့ !"


လင်ပန့်ရှ ပြတင်းပေါက်ကိုမော့ကြည့်လိုက်သည့်အခါ၌ အစောကတင်းတင်းစေ့ထားဆဲဖြစ်သည် ပြတင်းပေါက်မှာ ပွင့်ဟနေပြီး အထဲမှ နှင်းကဲ့သို့ဖြူဆွတ်နေသည့် မျက်နှာကြီးတစ်ခုထိုးထွက်လာလေသည် ။


ကျိလဲ့ရွှေက မျက်စိစုံမှိတ်၍ အာခေါင်ခြစ်အော်တော့သည် ။


" အားးးးးးးး... သောက်ကျိုးနည်းကြီး ထွက်လာနေပြီ  !!!"


လင်ပန့်ရှ : "?!"

 

" အားးးးးးးးးးးးး... အားးးးးးးးးးးး... အားးးးးးးးးးး!!"


လင်ပန့်ရှ : "..."


" အာခေါင်ကွဲအောင် အော်မနေစမ်းပါနဲ့ " 


ဖြူစုပ်စုပ်မျက်နှာပိုင်ရှင်မှာ အော်သံကြောင့် စိတ်အနှောင့်အယှက်ဖြစ်သွားသဖြင့် စက္ကူလုံးလေးဖြင့် ကျိလဲ့ရွှေ၏ ခေါင်းကိုပစ်ပေါက်လိုက်သော်ငြားထိမသွားဘဲ လင်ပန့်ရှ၏ ခြေထောက်နားသို့ကျသွားလေ၏ ။


ကျိလဲ့ရွှေကြောင့် လင်ပန့်ရှသည်လည်း အနည်းငယ်အားနာသွားပုံရကာ ကျိလဲ့ရွှေကို ကိုင်လှုပ်လိုက်သည် ။


" မျက်လုံးဖွင့်လိုက်စမ်း ... ဖွင့်ပြီးသေသေချာချာကြည့်ဦးလို့ "


သို့သော်လည်း ကျိလဲ့ရွှေက မျက်စိစုံမှတ်၍ အော်ဟစ်နေဆဲပါပင် ။ လင်ပန့်ရှက စိတ်မရှည်တော့သောကြောင့် စက္ကူလုံးအား ကျိလဲ့ရွှေ၏ ပါးစပ်ထဲသို့ထိုးထည့်လိုက်လေ၏ ။ နားကွဲလောက်သည်အထိ စူးစူး၀ါး၀ါးအော်ဟစ်နေသည့်ငိုယိုသံမှာတိတ်ဆိတ်သွားလေပြီ ။


လင်ပန့်ရှ၏ လုပ်ရပ်အားမြင်သောအခါ ပြတင်ပေါက်မှခေါင်းထွက်နေသူက အားရပါးရလက်မထောင်ပြလာလေသည် ။


ကျိလဲ့ရွှေက မျက်ရည်အပြည့်ဖြင့် မျက်လုံးဖွင့်ကြည့်လိုက်သည့်အခါ၌ လင်ပန့်ရှ၏ စူပုပ်နေသည့်မျက်နှာကြီးကိုတွေ့လိုက်ရ၏ ။ ပြတင်းပေါက်မှခေါင်းထွက်နေသူ၏ ရီသံကိုကြားသောအခါမှသာမည်သူမှန်းမှတ်မိသွားရှာသည် ။


ကျိလဲ့ရွှေ : "?????" 


အစ်ကိုကြီး အိပ်မပျော်ဘူးဆိုတာနဲ့ပဲ မှောင်ကြီးမဲကြီးထဲ သရဲဖမ်းထွက်စရာမလိုဘူးလေဗျာ ?


လင်ပန့်ရှ : " မင်းငိုလို့၀ပြီလား ?"


ကျိလဲ့ရွှေက မျက်ရည်အပြည့်ဖြင့်ခေါင်းညိမ့်ပြရှာ၏ ။



လင်ပန့်ရှ : " ပြီးပြီဆိုရင်လဲထတော့ လမ်းပေါ်မှာအကြာကြီးထိုင်နေတာ အအေးမိနေဦးမယ် "


ကျိလဲ့ရွှေက ဖြည်းဖြည်းချင်းမတ်တပ်ရပ်လိုက်ပြီးနောက် တအီအီလုပ်ကာ ရှိုက်ငိုလာပြန်သည် ။ လင်ပန့်ရှမှာ အမှန်ပင်စိတ်မရှည်တော့ပါချေ ။


 " မင်းမပြီးနိုင်တော့ဘူးလားကွာ "


ကျိလဲ့ရွှေက ပေါင်တစ်ရာနီးပါရှိသည့်ကလေးကြီးတစ်ယောက်ကဲ့သို့ ဂျီကျလာတော့သည် ။


" ငါလမ်းလျှောက်ဖို့အားမရှိတော့ဘူး "


လင်ပန့်ရှ : "..."


မင်းလုပ်တာဆိုလို့ အော်တာနဲ့ငိုတာပဲလေကွာ ဘယ့်နှယ့်လုပ်ပြီး အားမရှိရတော့တာတုန်း !



Translater - Mori  

                     @morikudaikodama